ပြန်လည်မွေးဖွားခြင်းဆေးလုံး
Vol. 2 Ch. 22
ရှန်းယွီသည် သူ၏အိပ်ရာပေါ်တွင် ပက်လက်လှန်လဲလျောင်းနေပြီး မျက်နှာကြက်ကိုသာ ငေးစိုက်ကြည့်နေသည်။ မနက်စောစောအချိန်ဖြစ်သော်လည်း လေ့ကျင့်မှုပုံစံအတိုင်း ပြန်လည်စတင်ရန် စိတ်အားထက်သန်မှုကို မစုစည်းနိုင်သေးပေ။ သူ့ဂျူနီယာညီမလေးက ပေးခဲ့သော အံ့ဖွယ်ဆေးလုံးသည် သူ့ခန္ဓာကိုယ်ဒဏ်ရာများကို လုံးဝပျောက်ကင်းစေပြီး ကုန်ခန်းသွားသော စွမ်းအင်များကို ပြန်လည်ပြည့်ဖြိုးစေခဲ့သော်လည်း သူ၏စိတ်သည်မူ ပင်ပန်းနွမ်းနယ်မှုတို့၏ စစ်မြေပြင်အဖြစ် ကျန်ရှိနေဆဲပင်။ ထိုနေ့က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်တို့၏ အလေးချိန်သည် မမြင်ရသော တောင်ကြီးတစ်လုံးကဲ့သို့ သူ့အပေါ် ဖိစီးနေသည်။
ရိုးရိုးလေး အပြင်ထွက်ခြင်းသာ ဖြစ်သင့်သည့်ကိစ္စသည် နာရီအနည်းငယ်အတွင်းမှာပင် သူ့ဘဝအား မုန်တိုင်းထန်သော ပရမ်းပတာအခြေအနေအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။ လီယောင်းနှင့် ချိန်းတွေ့ခြင်း၊ ရုတ်တရက် ချုံခိုတိုက်ခိုက်ခံရခြင်း၊ သေမင်း၏ အေးစက်သောလက်ချောင်းများနှင့် နှစ်ကြိမ်တိုင်တိုင် ထိတွေ့လုနီးပါးဖြစ်ခဲ့ရခြင်း ၎င်းတို့အားလုံးကို တစ်ပြိုင်နက်တည်း အပြောင်းအလဲလုပ်ရန်မှာ အလွန်များပြားလွန်းသည်။ မှတ်ဉာဏ်တစ်ခုစီတိုင်းသည် ရှင်းလင်းပြတ်သားစွာ ပြန်လည်ပေါ်လာသည်။ သံမဏိဓါးသွားက သူ့အသက်ကို သေလုနီးပါးဖြစ်စေခဲ့သည့် အခိုက်အတန့်များကို ပြန်လည်ခံစားမိသောအခါ သူ၏ကိုယ်ခန္ဓာက အလိုအလျောက် တောင့်တင်းလာသည်။
ဤကြောက်မက်ဖွယ်အတွေ့အကြုံများသည် သူ၏ အခြေခံယုံကြည်ချက်ကိုသာ ပိုမိုခိုင်မာစေခဲ့သည်။ ကျင့်ကြံရေးလောကသည် အားနည်းသူများအတွက် နေရာမဟုတ်ပေ။ သူ့လို ပင်ကိုပါရမီ သို့မဟုတ် ဝိညာဉ်အမြစ် မရှိသူတစ်ဦးအနေဖြင့် ဤကြမ်းတမ်းသောလက်တွေ့များကို တိုက်ရိုက်ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။ သူ၏ မဟာဗျူဟာမှာ ပြောင်းလဲခြင်းမရှိသေးပေ။ မထင်မရှားနေထိုင်ပြီး တဖြည်းဖြည်းတိုးတက်အောင်လုပ်ရမည်။ ဤရက်စက်ကြမ်းကြုတ်သောလောကကို မကြောက်မရွံ့ ရင်ဆိုင်နိုင်သည်အထိ ခွန်အားကို စုဆောင်းရမည်ပင်။
“ငါ ပိုပြီး ကြိုးစားလေ့ကျင့်ဖို့ လိုတယ်”
ထိုသို့သူတွေးလိုက်ပြီး ထိုအသိသည် သူ့ရင်ထဲတွင် သတ္တုခဲကဲ့သို့ အသေအချာ ခိုအောင်းနေသည်။ သို့သော် ဦးစွာ သူ၏စိတ်က အနားယူရန် တောင်းဆိုနေသည်။ ပင်ပန်းနွမ်းနယ်မှု လွှမ်းမိုးသွားသည်နှင့်အမျှ သူ၏မျက်ခွံများ တဖြည်းဖြည်းလေးလာသည်။ အတွေးများက ပို၍ ပြန့်ကျဲလာသည်။ မိနစ်ပိုင်းအတွင်းမှာပင် သူသည် အိပ်စက်ခြင်းသို့ လက်နက်ချလိုက်ကာ ရိုးရှင်းသောအိပ်ရာထဲသို့ ခန္ဓာကိုယ်နစ်မြုပ်သွားသောအခါမှသာ သူ၏မျက်နှာသွင်ပြင်များ နောက်ဆုံးတွင် ပြေလျော့သွားတော့သည်။
တစ်ချိန်တည်းတွင် တောင်နှလုံးသားခန်းမ၏ စားဖိုဆောင်၌ အကြီးအကဲကောင်းနှင့် လီယောင်းတို့သည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်ထိုင်လျက် ထူးဆန်းသော တိတ်ဆိတ်မှုဖြင့် သူတို့၏အစားအစာများကို စားနေကြသည်။ အကြီးအကဲ၏ ရာသီဥတုဒဏ်ခံထားရသော မျက်နှာသည် ရှန်းယွီရှိသင့်သည့် လွတ်နေသောထိုင်ခုံကို ကြည့်ရင်း အံ့သြမှုဖြင့် ရှုံ့တွသွားသည်။
"မင်းရဲ့ စီနီယာအစ်ကို ဘယ်သွားတာလဲ။ အဲ့လို အပျင်းထူတတ်တဲ့သူ မဟုတ်ပါဘူး"
အကြီးအကဲကောင်းက စစ်မှန်သော အံ့အားသင့်မှုနှင့်အတူ မှတ်ချက်ချသည်။ သူသည် ရှန်းယွီ၏ မဆုတ်မနစ်သော လေ့ကျင့်မှုအပေါ် စွဲမြဲစွာ လုပ်ဆောင်မှုကို အသားကျနေပြီ ဖြစ်ပြီး ထိုကောင်လေး၏ အမြဲတစေ လေ့ကျင့်မှုအသံများ မရှိခြင်းက တောင်နှလုံးသားခန်းမ၏ ပတ်ဝန်းကျင်တွင် စိတ်မအေးစရာ ကွက်လပ်တစ်ခုကို ဖန်တီးနေသည်။ ဂိုဏ်းနယ်နိမိတ်ကျော်လွန်၍ သူတို့ခရီးထွက်ခဲ့သည်ကို သိသော်လည်း ရှန်းယွီသည် သူ၏ လေ့ကျင့်မှုပုံစံသို့ ချက်ချင်းပြန်လည်ရောက်ရှိလိမ့်မည်ဟု သူမျှော်လင့်ခဲ့သည်။ ထိုသို့ ပြုလုပ်ခြင်းက သူ့၏ ခန့်မှန်းရလွယ်ကူသော အကျင့် ဖြစ်နေသောကြောင့်ဖြစ်သည်။ သို့သော် ပို၍ အရေးကြီးသည်မှာ ထိုကောင်မလေးသည် ရှန်းယွီမရှိသည့်အချိန်တွင် ပြင်ဆင်ထားသည့် ဟင်းချက်စရာနှင့် ပုံစံမတူသော အရာမှန်သမျှကို ရှောင်ရှားလိုသည့် အကြီးအကဲ၏ ပြင်းပြသောဆန္ဒ ပင်။
လီယောင်းသည် သူဆရာ၏ အမြင်အာရုံတွင် သိမ်မွေ့သောပြောင်းလဲမှုကို သတိပြုမိသည်။ မကြာသေးမီကပင် သူမ၏ စီနီယာအစ်ကိုသည် တောင်နှလုံးသားခန်းမတစ်လျှောက် အပျင်းထူမှု၏ ပုံစံအဖြစ် ကျယ်ပြန့်စွာ သတ်မှတ်ခံခဲ့ရသည်။ သို့သော် အခုတော့ အကြီးအကဲက လုံ့လဝီရိယသည် ရှန်းယွီ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်သည့်အလား ပြောနေသည်။ ဂုဏ်သတင်းတွင် ဤသို့ပြောင်းလဲလာခြင်းက သူမအား စစ်မှန်သောပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးသည်။ သူမစီနီယာအစ်ကို၏ မမောမပန်းသော ကြိုးပမ်းအားထုတ်မှုများသည် နောက်ဆုံးတွင် အသိအမှတ်ပြုခြင်းခံနေရပြီ ဖြစ်သည်။ သို့တိုင် သူအား သတ္တိ အနည်းငယ် ပိုရှိစေချင်မိသည်။
“အပြန်လမ်းမှာ ကျွန်မတို့ကို တိုက်ခိုက်ခံရတယ်”
သူမသည် ရာသီဥတုကဲ့သို့သော သာမန်ကိစ္စကို ဆွေးနွေးနေသည့်အလား ပေါ့ပေါ့ပါးပါး ရှင်းပြသည်။
“စီနီယာအစ်ကိုတော့ တော်တော်လန့်သွားမှာပဲ”
ဤဖော်ထုတ်မှုတွင် အကြီးအကဲကောင်း၏ မျက်ခုံးများ ထိုးတက်သွားသော်လည်း တပည့်နှစ်ဦးစလုံး အတော်အတန် အထိအခိုက်မရှိသည်ကို မြင်သောကြောင့် တိုက်ခိုက်သူများကို သေချာစွာ နှိမ်နင်းပြီးပြီဟု သူချက်ချင်း နိဂုံးချုပ်လိုက်သည်။ ဤမိုက်မဲသော ရန်လိုသူများ၏ မည်သူမည်ဝါဖြစ်မှုနှင့် ပတ်သက်၍ သိချင်စိတ်ဖြစ်လာသောလည်း ဆန္ဒကို သိက္ခာဖြင့် ထိန်းလိုက်သည်။ သူထံတွင် ခန့်မှန်းချက်အချို့ရှိသော်လည်း မေးမြန်းရန် ဆုံးဖြတ်ခဲ့ခြင်းမရှိပေ။ အချို့သော မေးခွန်းများသည် အဖြေများက မလိုလားအပ်သော ရှုပ်ထွေးမှုများကို ဖန်တီးနိုင်သည့်အခါ မမေးဘဲထားခြင်းက ပိုကောင်းသည်။
လီယောင်း၏ အစားအစာများကို ခက်ခက်ခဲခဲ စားပြီးနောက် အကြီးအကဲသည် သူ၏ သည်းခံနိုင်စွမ်း အဆုံးကို ရောက်ခဲ့သည်။ သူ၏ ပါးစပ်အရသာကို တိုက်ခိုက်နေသော အရသာများကို ရက်ရက်ရောရော ဖော်ပြရလျှင်... အကယ်၍ သာမန်ဆန်ဆန်ပြောရလျှင် မစင်များကို စားနေရသလိုပင်။ သူသည် သူ၏ စားသောက်ရန်အသုံးပြုသော ပစ္စည်းကိရိယာများကို အဆုံးသတ်သဘောဖြင့် ချထားပြီး ထိုင်နေရာမှ ထလိုက်သည်။
"ငါ ကျင့်ကြံတော့မယ်"
သူ ကြေညာလိုက်ပြီးနောက် လက်ခံနိုင်ဖွယ် ဆင်ခြေတစ်ခုကို တွေ့ရှိခဲ့သည့်အတွက် သူ၏ စိတ်သက်သာရာရမှုကို မဖုံးကွယ်နိုင်ပေ။ မထွက်ခွာမီ စစ်မှန်သော စိုးရိမ်ပူပန်မှုဖြင့် ထပ်မံပြောကြားသည်မှာ "မင်းရဲ့ စီနီယာအစ်ကိုကို ဂရုစိုက်ပါဦး"
ဤညွှန်ကြားချက်သည် အဓိပ္ပာယ်နှစ်မျိုးဆောင်သည်။ ရှန်းယွီ၏ သက်သာချောင်ချိရေးအတွက် စစ်မှန်သော စိုးရိမ်ပူပန်မှု နှင့် ထိုလူငယ်သည် အစားအသောက်ချက်ပြုတ်ခြင်းတာဝန်များကို ပြန်လည်စတင်ရန် လုံလောက်စွာ အမြန်ပြန်ကောင်းလာလိမ့်မည်ဟူသော ပြင်းပြသော မျှော်လင့်ချက် နှစ်မျိုးစလုံးပင်။
လီယောင်းသည် ခေါင်းကို နာခံစွာ ငြိမ်လိုက်သည်။ သူမ၏ ဆရာသည် လျင်မြန်စွာ ဖုံးကွယ်ထားသော အလျင်စလိုမှုဖြင့် ဆုတ်ခွာသွားသည်ကို ကြည့်နေသည်။ သူ၏ တည်ရှိမှုသည် တောင်နှလုံးသားခန်းမမှ လုံးလုံးလျားလျား ပျောက်ကွယ်သွားသောအခါ သူမသည် သူမ၏ အကြည့်ကို အပေါ်သို့ မြှောက်ကာ လွတ်နေသော လေဟာနယ်ကို အလေးအနက်ထား၍ ပြောဆိုလိုက်သည်။
"ဝိညာဉ်အမြစ် မရှိသူတစ်ဦးက ဝိညာဉ်အမြစ် ရဖို့ နည်းလမ်းရှိတယ်ဆိုတာ ရှင်သိလား"
သူမ၏ အသံသည် လူရှင်းနေသော ထမင်းစားခန်း၌ ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်လာသည်။
မည်သူကိုမှ ပြောနေပုံမရသော်လည်း သူမ၏ သိစိတ်အတွင်း၌ အဖြေတစ်ခု ပေါ်ထွက်လာသည်။
“နည်းလမ်းအချို့တော့ ရှိတယ်။ ဘာကြောင့် မေးတာလဲ”
ဧကရီက သူမ၏ စိတ်ပိုင်းဆိုင်ရာ အသံတွင် သိလိုစိတ်ဖြင့် ပြန်ဖြေသည်။
"စီနီယာအစ်ကိုက သူ အင်အားအကြီးဆုံးဖြစ်တဲ့အခါ ကျွန်မကို လက်ထပ်မယ်လို့ ကတိပေးခဲ့တယ်"
လီယောင်းက သူ၏စကားများကို သတိရလိုက်သောအခါ သူမ၏ပါးပြင်တွင် ရှက်သွေးဖြန်းလာသလို ပန်းရောင်ဖျော့ဖျော့သမ်းသွားသည်။
"သူ့မှာ ဝိညာဉ်အမြစ် မရှိတော့ ဒါက ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးလို့ မဆိုလိုဘူးလား"
"ဪ အဲ့ဒီလိုမျိုး တစ်ခါမှ မစဉ်းစားမိဘူး"
ဧကရီက အံ့သြသည့် လေသံဖြင့် ဝန်ခံသည်။
“ဒါကြောင့် သူ ကျင့်ကြံနိုင်ဖို့ နည်းလမ်းရှာချင်တယ်”
လီယောင်းက ဆက်ပြောသည်။ စကားလုံးတစ်လုံးစီတိုင်းတွင် သူမ၏ အသံက ခွန်အားရလာသည်။
“သူ အင်အားအကြီးဆုံး မဖြစ်နိုင်ရင် ကျွန်မက သူ့ကို အင်အားအကြီးဆုံးဖြစ်အောင် လုပ်ပေးနိုင်တယ်”
ထိုကြေညာချက်က မယိမ်းယိုင်သော ယုံကြည်ချက်ဖြင့် ပဲ့တင်ထပ်သွားသည်။
ခဏတာ တိတ်ဆိတ်သွားသည်။ ဧကရီသည် ထိုလူငယ်မိန်းကလေး၏ စိတ်ပိုင်းဖြတ်မှုကို မြင်ပြီး အံ့အားသင့်သွားပုံရသည်။
“ကောင်းပြီ ငါ သိတဲ့ နည်းလမ်းအချို့တော့ ရှိပေမယ့် အဲ့ဒါတွေအားလုံးက မင်းမှာ ဒီအချိန်မှာ မရှိသေးတဲ့ အဆင့်မြင့် ကျင့်ကြံခြင်းကို လိုအပ်တယ်”
သူမက နောက်ဆုံးတွင် ရှင်းပြသည်။
လီယောင်း၏ မျက်နှာအမူအရာက ထင်ရှားစွာ ကျသွားသည်။ စိတ်ပျက်အားငယ်မှုက သူမ၏ နူးညံ့သော သွင်ပြင်များတစ်လျှောက် ပုံဖော်နေသည်။ ဤအရာကို သတိပြုမိသော ဧကရီက “ဒါပေမယ့် တခြားနည်းလမ်းတွေလည်း ရှိပါသေးတယ်။ အဲ့လောက်ထိတော့ အစွမ်းမထက်ဘူးပေါ့” ဟု အလျင်အမြန် ထပ်ပြောသည်။
ထိုမိန်းကလေး၏ အာရုံစိုက်မှုက ချက်ချင်းပြန်လာသည်။ သူမ၏ မျက်လုံးများသည် အသစ်တဖန် မျှော်လင့်ချက်ဖြင့် တောက်ပလာသည်။
“ဘာ... ဘာလဲ... ပြောပြပါဦး”
သူမက စိတ်အားထက်သန်စွာ တောင်းဆိုလိုက်သည်။
“ပြန်လည်မွေးဖွားခြင်း ဆေးလုံးတစ်လုံး လိုအပ်တယ်”
ဧကရီက ဖော်ထုတ်လိုက်သည်။
“ဒါက ဝိညာဉ်နဲ့ ခန္ဓာ ပေါင်းစပ် ကျင့်ကြံသူတွေ ဘေးဒုက္ခ ကျော်လွန်ခြင်း အဆင့်ကို ဖောက်ထွင်းဝင်ရောက်ချင်တဲ့အခါ အများဆုံး အသုံးပြုတဲ့ ဆေးလုံးပဲ”
ဧကရီ၏ ရှင်းပြချက်ကို ဆက်လက်နားထောင်ရင်း လီယောင်းက နှစ်နှစ်ခြိုက်ခြိုက် အာရုံစိုက် နားထောင်နေခဲ့သည်။
“ဒီဆေးလုံးရဲ့ ရည်ရွယ်ချက်က ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို အားဖြည့်ပေးဖို့ဖြစ်ပြီး စိတ်ဝိညာဉ်နဲ့ ပိုမိုလိုက်ဖက်ညီအောင် ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ဖို့ ကူညီပေးတဲ့ ပြန်လည်မွေးဖွားခြင်း အကျိုးသက်ရောက်မှု ပါဝင်တယ်”
သူမက အသေးစိတ် ရှင်းပြသည်။
“ခန္ဓာကိုယ် ပြန်လည်တည်ဆောက်နေစဉ်မှာ ဝိညာဉ်အမြစ် မရှိသူတစ်ဦးအတွက် ရရှိဖို့ အခွင့်အရေး အနည်းငယ်ရှိတယ်”
ဧကရီ၏ လေသံသည် ပို၍ သတိထားလာပုံရသည်။ ထပ်လောင်းပြောကြားသည်မှာ “ဒါက သီအိုရီသက်သက်ဖြစ်ပြီး တစ်ခါမှ စမ်းသပ်မှု မပြုလုပ်ရသေးဘူး”
“ဒါပေမယ့် အခွင့်အရေးတော့ ရှိသေးတယ် မဟုတ်လား”
လီယောင်းက ဖြစ်နိုင်ခြေ အနည်းငယ်မျှကို ဖမ်းဆုပ်ရင်း မေးမြန်းလိုက်သည်။
“ဟုတ်တယ်။ ဒါပေမယ့် သိပ်မများဘူး”
ဧကရီက ဝန်ခံသည်။
စိတ်အားမလျှော့ဘဲ လီယောင်းက ဆက်လက်မေးသည်။
“အဲ့ဒီဆေးလုံးကို ဘယ်မှာ ရနိုင်မလဲ။ ရှင့်မှာ ဆေးစာ ရှိလား”
“ငါ့မှာ ဆေးစာတော့ ရှိတယ်။ ဒါပေမယ့် မင်း မဖော်စပ်နိုင်သေးဘူး။ ဒီဆေးလုံးကို ဖော်စပ်ဖို့ဆိုရင် ဘေးဒုက္ခ ကျော်လွန်ခြင်း အဆင့်မှာ အနည်းဆုံး ရှိဖို့လိုတယ်”
ဧကရီက သတိပေးပြောကြားပြီးနောက် ထပ်ပြောလိုက်သည်။
“ဒါပေမယ့် စိတ်ပူစရာ မလိုပါဘူး။ မင်း ဒီဆေးလုံးကို ရနိုင်မယ့် နည်းလမ်းကို ငါ သိတယ်”
“ဘယ်လိုလဲ”
လီယောင်းက စိတ်အားထက်သန်စွာ ရှေ့သို့ ကိုင်းညွှတ်၍ မေးလိုက်သည်။
“ငါ ဘေးဒုက္ခ ကျော်လွန်ခြင်း အဆင့် ကျင့်ကြံသူရဲ့ ဂူသင်္ချိုင်းကို သိတယ်”
ဧကရီက ဖော်ထုတ်လိုက်သည်။
“ဒါပေမယ့် ဒီ ဂူသင်္ချိုင်းကို ဝင်ချင်ရင်တော့ အနည်းဆုံး ရွှေအူတိုင် အဆင့်ရဲ့ ကျင့်ကြံမှု လိုအပ်မယ်”
လီယောင်းသည် ဤအချက်အလက်ကို ပြင်းထန်သော အာရုံစူးစိုက်မှုဖြင့် စုပ်ယူရင်း တိတ်ဆိတ်သွားသည်။ အတန်ကြာမှ သူမ၏လက်များကို စိတ်ပိုင်းဖြတ်မှုဖြင့် ဆုပ်ထားလိုက်သည်။ သူမ၏မျက်နှာထားက ခိုင်မာသွားသည်။
“ဒါက ရွှေအူတိုင် အဆင့်ပဲ”
သူမက လုံးဝ ယုံကြည်မှုဖြင့် ကြေညာလိုက်သည်။
“ငါ အချိန်မရွေး ရောက်အောင်လုပ်နိုင်တယ်”
နောက်ထပ် စကားတစ်ခွန်းမှ မပြောဘဲ သူမသည် ထရပ်လိုက်သည်။ သူမ၏ ကျင့်ကြံမှုကို အရှိန်မြှင့်ရန် ပြင်ဆင်နေစဉ် ခြေလှမ်းတိုင်းတွင် ရည်ရွယ်ချက် ထင်ရှားစွာဖြင့် သူမ၏ အခန်းဆီသို့ ဦးတည်သွားတော့သည်။
လီယောင်း၏ မျက်လုံးများမှတစ်ဆင့် စောင့်ကြည့်နေသော ဧကရီသည် ထို ပြောင်းလဲမှုကို အံ့သြမဆုံးနိုင်အောင် ဖြစ်နေသည်။ ယခင်က သူမ၏ ပင်ကိုပါရမီပေါ်တွင် ကျေနပ်ပြီး အပျင်းထူခြင်းကို နှစ်သက်ခဲ့သော ဤမိန်းကလေးသည် ယခုအခါ မကြုံစဖူးသော စိတ်ပိုင်းဖြတ်မှုဖြင့် တောက်လောင်နေသည်။
“ဒီနှုန်းအတိုင်းဆိုရင် ငါကိုယ်တိုင် ပြန်လည်နိုးထခြင်းက မျှော်လင့်ထားတာထက် ပိုမိုစောစီးစွာ ရောက်ရှိလာနိုင်တယ်”
သူမ သဘောပေါက်လိုက်သည်။
“အဲဒီအခါမှာတော့...”