ယွင်ကျောက်ကျွင်း
Vol. 13 Ch. 181
အခန်း(၁၈၁) : ယွင်ကျောက်ကျွင်း
ဝမ်ဝေ့က သီးသန့်လေ့ကျင့်မှုအပြီးတွင် အပြင်ထွက်ကာ အပန်းဖြေလိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက မည်မျှကြာကြာ အခန်းအောင်းနေမိကြောင်း သိချင်မိ၏။ သူက ခဏလေးမျှသာ ကုန်ဆုံးသွားသည်ဟု ထင်ထားသော်လည်း သူ့အဆင့်တက်လှမ်းနေစဉ်အတွင်း နှစ်ချီ၍ ကုန်ဆုံးသွားလောက်မှန်း သိထားသည်။
သို့သော်လည်း သူ့အခန်းထဲမှ ထွက်လာပြီး သိပ်မကြာခင် သူ့အမေဆီမှ သူမကို လာတွေ့ဖို့ အံ့ဖွယ်အသိစိတ် အကြောင်းကြားချက်ကို လက်ခံရလိုက်သည်။ ထို့ကြောင့် သူက သူမအခန်းဆီ ဦးတည်လိုက်သည်။
အခန်းထဲတွင် ရိုးရိုးရှင်းရှင်း ရှေးဟောင်းအဝတ်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးကြီး ရှိနေသည်။ ထိုအမျိုးသမီးတွင် ဆံပင်ဖြူဖြူရှိပြီး အကြည့်များက ဉာဏ်ပညာပြည့်ဝနေ၏။ သူမဆီမှ ညင်သာနူးညံ့သည့် စိတ်ရင်းကို တွေ့မြင်နိုင်သည်။
သူမက အသက်အရွယ်ရနေသော်လည်း အားနည်းဟန် မပေါ်ပေ။ အချုပ်အားဖြင့် သူမက လန်းဆန်းတက်ကြွနေဆဲ ဖြစ်၏။ သို့သော်လည်း သူမ မျက်ဝန်းထဲ သေချာကြည့်ကြည့်ပါက ပင်ပန်းနွမ်းလျမှုကို မြင်တွေ့နိုင်လေသည်။
“အဘွား” ဝမ်ဝေ့က အားပါးတရ ခေါ်လိုက်သည်။
ထိုအမျိုးသမီး၏ သုံးဖက်မြင် ပုံရိပ်က အသံကြားသည့်အလား အပြုံးလေးဖြင့် လှည့်ကြည့်လာသည်။
“ချစ်စရာမြေးလေး … မတွေ့ရတာ နှစ်တွေအတော်ကြာနေပြီ။ ဒီအဘွားအိုကြီးကို မေ့သွားပြီလားကွဲ့ … မင်းတို့ လူငယ်လေးတွေက ကိုယ့်ဘဝနဲ့ကို ရှိတာသိပေမဲ့ လူအိုကြီးတွေကို မြန်မြန်မေ့မပစ်သင့်ဘူးနော် ”
“အဘွားကလည်း ကျွန်တော် သိပါတယ်။ အရင်နှစ်ပိုင်းတုန်းက စစ်ဆေးမှုတစ်ခုနဲ့ နည်းနည်းအလုပ်ရှုပ်သွားလို့ မဆက်သွယ်ဖြစ်တာပါ” ဝမ်ဝေ့က သူ့အမေနားရပ်ကာ အပြုံးလေးဖြင့် ပြောလိုက်သည်။
ထို့နောက် သုံးဖက်မြင် အမျိုးသမီး ပုံရိပ်က ပြုံးလိုက်ပြီး “ အဘွား သိတာပေါ့ … မြေးလေးရဲ့ အောင်မြင်မှုတွေအားလုံးကို အဘွား ဂုဏ်ယူမိတယ်”
အကြောင်းအရင်းတချို့ကြောင့် ဝမ်ဝေ့က ထိုစကားကြားသည့်အခါ နည်းနည်း မျက်နှာပူသွားလေသည်။ သူ ငယ်စဉ်ကတည်းက သူ့မိခင်ဘက်မှ အဘွားက အမြဲတမ်း သူ့ကို အလိုလိုက်ခဲ့ပြီး ရင်းနှီးခဲ့သည်။ တစ်ခါတစ်လေ သူ့အမေထက်ပင် ပိုအလိုလိုက်သေး၏။
ဤဘဝ၌ ဝမ်ဝေ့က အဘိုးအဘွားသုံးယောက် ရှိလေသည်။ သူ့အဘိုးဖြစ်သူ ဝမ်ချန်က အများအားဖြင့် သူ့အား ကျင့်ကြံရေးအကြောင်း၊ သူ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများနှင့် ဗဟုသုတများအား ပြောပြလေ့ရှိသည်။ သူက ဝမ်ဝေ့ ဘဝ၏ ကာကွယ်သူလိုမျိုး ဖြစ်သည်။
သူ့အဘိုးဖြစ်သူ ယုကျွမ်းကား ဒဏ်ရာအပြင်းအထန် ရရှိထားပြီး ပြန်လည်ကုသနေရဆဲ ဖြစ်၏။ ထို့ကြောင့် သူက ရံဖန်ရံခါမှ ကိုယ်ပွားလွှတ်၍သာ ပေါ်လာတတ်သည်။
ထို့ကြောင့် ဝမ်ဝေ့က ပြန်လည်ဝင်စားလာပြီးနောက် အစောပိုင်းအချိန်များ၌ သူ့စိတ်ခံစားချက်ဆိုင်ရာ အထောက်အပံ့များစွာ ဖြစ်ခဲ့သူက သူ့အဘွားသာ ဖြစ်သည်။
လူအများစုက ဝမ်ဝေ့သည် အစောပိုင်းနေ့ရက်များ၌ မည်မျှခံစားခဲ့ရကြောင်း မသိကြပေ။ အပြင်လူအမြင်အနေနှင့် သူက ဂိုဏ်းထောက်ပံ့မှုအပြည့်အဝနှင့်အတူ ရောင်ဝါမျိုးစုံ သရဖူဆောင်းထားသည့် ပါရမီရှင်တစ်ဦးသာ ဖြစ်သောကြောင့် သူ့ဘဝကြီးက စိုးရိမ်စရာမရှိ ပျော်ရွင်သင့်သည်ဟု ထင်မြင်ကြလိမ့်မည်။
သို့သော်လည်း ထိုရောင်ဝါများက သူ့ပြဿနာ အရင်းအမြစ်များ ဖြစ်၏။ သူ့ပါရမီထူးကဲမှုဖြင့် လူများစွာက သူ့အပေါ် မျှော်လင့်ချက်ကြီးကြီးထားထားကြပြီး ဂိုဏ်းအား အမြင့်ဆုံးသို့ ဆွဲခေါ်သွားနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။
ထိုအရာအားလုံးက သူ့အတွက် ဝန်ထုပ်ကြီး ဖြစ်လာစေသည်။ သူ့ကိုယ်သူ စံနှုန်းကိုက်ညီရဲ့လား အကြိမ်များစွာ သံသယဖြစ်ခဲ့ဖူးသည်။ သူ့အပေါ် လူတွေ ဆက်မမျှော်လင့်တော့အောင် အတုအယောင် မတော်တဆဖြစ်မှု ဆင်ကာ သူ့ကိုယ်သူ မသန်စွမ်းပုံစံ ဟန်ဆောင်လိုက်ရမလားဟုပင် တွေးမိခဲ့သည်။
သို့သော် သူ့တွင် ရွှေရောင်လက်ချောင်း မရှိသည့်အချက်ကြောင့် မတတ်နိုင်ပေ။ အနည်းဆုံးတော့ တစ်ခုတော့ အလွယ်တကူ မှတ်ယူနိုင်သည်။ သူက သူ့အားကောင်းလှသည့် ဝိညာဉ်သည် သူ့ရွှေရောင်လက်ချောင်း ဖြစ်လိမ့်မည်ဟု ထင်ခဲ့သော်လည်း ကံဆိုးစွာဖြင့် ထိုအရာက သတိထားမိဖို့ မလွယ်ကူပေ။
သူက ဂိုဏ်းရှိ မျိုးဆက်တူများကြား ပိုမို ဉာဏ်ထက်သည်လား။ လူများစွာက သူ့အား နားလည်နိုင်စွမ်း နက်နဲသည့်အတွက် ချီးကျူးကြသည်လား။
သို့သော်လည်း ဝမ်ဝေ့အတွက် ထိုသို့သော ချီးကျူးမှုမျိုးက လေလုံးအပြင် မပိုပေ။ လူများစွာက သူ့နားလည်နိုင်စွမ်းသည် ကမ္ဘာတွင် ထိပ်တန်းထဲတွင် ပါဝင်လိမ့်မည်ဟု ပြောကြသော်လည်း သက်သေမရှိပေ။
ထိုလူများက သူ့ကို ချီးကျူးဖို့အတွက် အမွမ်းတင်တာလား ဒါမှမဟုတ် သူ့အတ္တကြီးလာအောင်လို့လား …
အစောပိုင်းခက်ခဲသည့်အချိန်များ၌ ကိစ္စနှစ်ခုသာ ဆက်လက်တည်ရှိခဲ့သည်။
တစ်ခုက သူသည် ဖိအားခံနိုင်ရည်ရှိသည့် လူကြီးတစ်ယောက် ဖြစ်၏။ သို့သော်လည်း အရေးကြီးဆုံးက သူ့အဘွား ဖြစ်သည်။ သူမက သူ အမှန်တကယ် ခံစားနေရသည့် အကြောင်းအရာများ၊ အခက်အခဲများအား ထုတ်ပြောနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်ပေသည်။
သူမက ဝမ်ဝေ့အတွက် အကူအညီကြီး ဖြစ်ခဲ့သည်။ သူ စကားပြောဖို့ လိုအပ်လာသည့်အချိန်တိုင်း နားထောင်ပေးခဲ့ပြီး လမ်းညွှန်မှု လိုအပ်နေသည့်အချိန်တိုင်း အကြံအဉာဏ်ပေးခဲ့သည်။ နည်းလမ်းများစွာဖြင့် ဝမ်ဝေ့၏ ယုံကြည်ချက်ကို ဖြည်းဖြည်းချင်း တည်ဆောက်ပေးခဲ့သူမှာ သူ့အဘွား ယွင်ကျောက်ကျွင်း ဖြစ်၏။
ထို့ကြောင့် သူတို့ဆက်ဆံရေးက နီးကပ်လှသည်။ သူ့မိဘများထက်ပင် ပိုမိုနီးကပ်နေသေး၏။
“အဘိုးရော ဘယ်လိုနေသေးလဲ” ဝမ်ဝေ့က ရှက်တာကို ဖုံးကွယ်ဖို့အတွက် ခေါင်းစဉ်ပြောင်းဖို့ ကြိုးစားလိုက်သည်။
သူ့အဘွားက သက်ပြင်းချကာ ဝမ်းနည်းသည့် အရိပ်အယောင်ပေါ်လာပြီး “သူ့ဒဏ်ရာတွေက နဂိုအတိုင်းပဲ ရှိသေးတယ် ”
“ အဲလောက်တောင် ဆိုးနေတာလား။ ယုမျိုးနွယ်မှာ အထွတ်အထိပ်အဆင့် ဆေးလုံး ဒါမှမဟုတ် ဧကရာဇ်တပိုင်းအဆင့် ဆေးလုံးတွေ မရှိဘူးလား ”
“ရှောင်ဝေ့ ကိစ္စတွေက မရိုးရှင်းဘူး”
ဝမ်ဝေ့က ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည် “ ဧကရာဇ်အဆင့် ဆေးလုံးလိုနေတာလား။ ဒီလိုဆိုရင် ကျွန်တော် အဖေကို ဂိုဏ်းမှာ ဝှက်ထားတဲ့ ဆေးလုံးရှိလား မေးကြည့်လိုက်မယ် ”
သူ့အဘွားက ခေါင်းခါကာ “မင်း အဘိုးရဲ့ ဒဏ်ရာက ခန္ဓာကိုယ်နဲ့ မဆိုင်ဘူး။ သူ့စိတ်ကို ဖျက်ဆီးခံလိုက်ရတာ … သူ ကြာကြာအသက်ရှင်နိုင်မယ် မထင်ဘူး ”
အခန်းက ချက်ချင်း တိတ်ဆိတ်သွားစဉ် ဝမ်ဝေ့က သူ့အမေနှင့်အတူ မျက်မှောင်ကြုတ်လိုက်မိသည်။ စက္ကန့်ပိုင်းတိတ်ဆိတ်သွားပြီးနောက် သူက သက်ပြင်းချကာ “ကျွန်တော် ကူညီပေးနိုင်တာများ ရှိလား ”
“ရှိရင် အဘွားပြောမှာပေါ့ကွယ် .. တခြားအကြောင်း ပြောရအောင်ပါ။ ဒါနဲ့ မြေးလေးက အဘွားကို မြစ်လေး မမွေးပေးချင်ဘူးဆို … ”
ဝမ်ဝေ့က ခဏကြာ တိတ်ဆိတ်သွားပြီးနောက် သူ့အမေအား ကြည့်လိုက်သည်။ သို့သော်လည်း ယုယန်က သူ့အကြည့်ကို မမြင်သည့်အလား ဟန်ဆောင်နေသည်။
“အဘွား ”
“ရှောင်ဝေ့ … အဘွားက မင်း ဆုံးဖြတ်ချက် မပြောင်းတတ်မှန်း သိပါတယ်။ အဲဒါကြောင့် မင်းကို ဖျောင်းဖျဖို့ မကြိုးစားတော့ဘူး။ ဒါပေမဲ့ ကလေးယူတယ်ဆိုတာက အမွေအနှစ်လက်ဆင့်ကမ်းဖို့ မျိုးဆက်ချန်ခဲ့ရုံတင် မဟုတ်ဘူးဆိုတာ မှတ်ထားနော် ”
ဝမ်ဝေ့က ခေါင်းညိတ်ကာ “ကျွန်တော် နားလည်ပါတယ် ”
“ကောင်းပြီ … အဲဒါဆို အဘွားတို့ အဲဒီအကြောင်း ထပ်မပြောတော့ဘူး ”
“အမေ ..” ယုယန်က ခေါ်လိုက်သည်။
သူမက သူမ အမေကို သူ့သားစိတ်ပြောင်းသွားအောင် ဖျောင်းဖျပေးဖို့ ပြောထားသော်လည်း ….
ဝမ်ဝေ့၏ အဘွားက သူ့သမီးကို လျစ်လျူရှုထားပြီး မြေးဖြစ်သူနှင့်သာ စကားဆက်ပြောနေသည်။
“ အဘွားဆီမှာ မင်း ကြိုက်တဲ့ လုံရွယ်အဖန်ရည်အပါအဝင် ပစ္စည်းအများကြီး စုထားတယ်။ မင်းလက်ထဲမှာ အခု ကုန်သွားပြီမလား”
“ကျေးဇူးပါ အဘွား ”
ထို့နောက် ဝမ်ဝေ့က နာရီအချို့ကြာသည့်အထိ စစ်ဆေးမှုအတွင်း ကြုံတွေ့ရသည့် အကြောင်းအရာများအား စကားဆက်ပြောနေလိုက်သည်။
ယုယန်အတွက်မူ တစ်ချိန်လုံး မှုန်မှိုင်းမှိုင်း ဖြစ်နေ၏။ သူမက ဝမ်ဝေ့၏ စိတ်ပြောင်းလဲမည့် ကိစ္စအား မအောင်မြင်ခဲ့ပေ။
ပို၍ အရေးကြီးသည်က သူ့အမေပင် သူမကို လျစ်လျူရှုသွားလေပြီ။ တကယ်တော့ အမြဲတမ်း ဒီလိုသာ ဖြစ်၏။ ဝမ်ဝေ့နှင့် ပတ်သက်လာလျှင် သူ့အမေက အမြဲတမ်း ဘက်လိုက်တတ်သည်။
သူမက အသားကျနေပြီဟု ထင်ခဲ့သော်လည်း ယခုတွင် အကြောင်းအရင်းတချို့ကြောင့် မပျော်မိပေ။ သူမက မပျော်သည့်အတွက် တစ်ယောက်ယောက်လည်း သူမနည်းတူ ခံစားရမည်။ ယုယန်က သူ့အမေဆီ ပြန်တိုင်ခံရမည်စိုး၍ သူ့သားကို ဘာမှမလုပ်ရက်ပေ။ ထို့အပြင် သူမသားက အရမ်းချစ်ဖို့ကောင်းနေသည် မဟုတ်ပါလော။
ထို့ကြောင့် သူမယောကျ်ားကိုသာ ရွေးချယ်လိုက်သည်။ ဂိုဏ်းချုပ်ဝမ်ထျန်းတစ်ယောက်က နောက်ညအနည်းငယ်အထိ သက်တောင့်သက်သာ အိပ်ရမည် မဟုတ်တော့ပေ။
……………..
ဝမ်ဝေ့က သူ့အဘွားနှင့် စကားပြောပြီးသွားသည့်နောက်တွင် အဖွဲ့ဝင်များကို အစည်းအဝေးခေါ်လိုက်သည်။
ထို့ကြောင့် လီကျွင်း၊ ယန်းလီလင်း၊ ဝမ်ကျူနှင့် ထျဲ့ကန်တို့လည်း ဝမ်မိသားစုတောင်ထိပ်ဆီ ရောက်လာကြသည်။
ထိုအချိန် သူက ပထမဆုံး မေးလိုက်သည်မှာ သူ ဘယ်လောက်ကြာကြာ ကျင့်ကြံနေလဲဟူ၍ ဖြစ်၏။ သူက အစောပိုင်းလေးက အလုပ်ရှုပ်နေသည့်အတွက် အချိန်မေးဖို့ မေ့လျော့သွားခဲ့သည်။
“ရာစုနှစ်ဝက်ရှိပါပြီ” လီကျွင်းက ပြောလိုက်သည်။
“အတိအကျပြောရရင်တော့ ၅၆ နှစ်၊ ၃လ နဲ့ ၁၈ ရက်ပါ”ဝမ်ကျူက ထပ်ပြောလိုက်သည်။
“ကျွန်မတို့ သုံးယောက်လုံးတောင် လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတည်းက အဆင့်တက်တာ ပြီးသွားကြတာ” ယန်းလီလင်းက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
ထိုစဉ် ဝမ်ဝေ့က တအံ့တဩ ဖြစ်နေမိသည်။ သူက ခဏမျှသာ ကြာမြင့်သေးသည်ဟု ထင်လေရာ ဒီလောက်အကြာကြီးဖြစ်နေလိမ့်မည်ဟု မထင်ထားမိပေ။
တကယ်တော့ ထိုလူများက သူ့ထက် ဆယ်နှစ်ကျော်စော၍ အဆင့်တက်လှမ်းသွားနိုင်သည်ကို မအံ့ဩမိပေ။ သူ့နက်ရှိုင်းလှသည့် အုတ်မြစ်ဖြင့် အဆင့်တက်လှမ်းဖို့ ကြာမြင့်သည်မှာ ပုံမှန် ဖြစ်ပေသည်။
ထို့အပြင် သူက သူ့အရိုးများကို လေ့ကျင့်ပေးဖို့အတွက် ငွေမှုန့်သဲ၏ တာအိုစည်းချက်ကို ရှာရသေးသည်။ သူ့ဘာသာ တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် မေးလိုက်သည် “ ငါ မရှိတုန်း ဘာတွေဖြစ်ခဲ့သေးလဲ”