← Chapters

အခန်း (၆၄)

Vol. 7 Ch. 64

အခန်း (၆၄)

Vol. 7 Ch. 64

အစာသွပ်မုန့်များလုပ်နေသည့် သုန်းကွေ့မှာ စူးယွင်ရောက်စကတည်းမှ သတိပြုမိသော်လည်း မမြင်ချင်ယောင်ဆောင်ကာ ဘာတစ်ခုမှဖြစ်ပျက်မနေသည့်အလား ပြုမူနေလိုက်၏။

စူးယွင်သည် သူမသဘောထားကို စိတ်မရှိပါဘဲ ထိုင်ရန်နေရာလွတ်တစ်ခုရှာကာ ရေနွေးကြမ်းသောက်နေလိုက်သည်။

ဆိုင်မှာဗလာကျင်းနေသည်အား သူမမြင်သော် သုန်းကွေ့ထံချဉ်းကပ်လိုက်၏။

"ဆိုင်ရှင်သုန်း ရှင်ကတော့အရမ်းအလုပ်ကြိုးစားတာပဲနော်"

စူးယွင်မှသူမအား ရည်ညွှန်းလာ၍ သုန်းကွေ့သည်လည်း ဆက်လက်ဟန်ဆောင်မနေတော့ပေ။သူမမှပြန်ဖြေလိုက်သည်။

"မိန်းကလေးစူးကမှ အလုပ်များနေတဲ့သူပါ။နင်ဒီမှာ အကြာကြီးထိုင်နေတာလေ။ဒီကို နင်ကဘာလာလုပ်တာလဲ"

"ဆိုင်ရှင်သုန်းကတော့ စိုးရိမ်လွန်းနေပါပြီ။အရေးကြီးကိစ္စမဟုတ်ပါဘူး ကိစ္စလေးတစ်ခုပါပဲ"

စူးယွင်သည်ပြောရင်း မတ်တပ်ရပ်လိုက်ကာ သူမနှင့်အကြည့်ချင်းဆုံစေလိုက်သည်။

"ရှင်ကဆိုင်ကို တစ်ဆင့်ခံပြန်ရောင်းဖို့လုပ်နေတယ်လို့ ကျွန်မကြားတယ်။အဲ့တော့ ဆိုင်ကို ရှင်ကျွန်မဆီလွှဲပေးဖို့ စဉ်းစားကြည့်မလားဆိုတာ သိချင်လို့ပါ"

စူးယွင်သည် အကြောင်းပြချက်မရှိဘဲ ဤနေရာတွင် ထိုင်ရုံထိုင်နေခဲ့သည်မဟုတ်ပေ။သူမသည်ဆိုင်၏အပြင်အဆင်ကို ဂရုတစိုက်စူးစမ်းနေခဲ့ခြင်းပင်။

ယီယန်းကျူ၏ ဆိုင်မျက်နှာဖွင့်သည် ဝမ်ကောထက်နှစ်ဆနီးပါးကျယ်လေသည်။ဆိုင်ကို အဓိကအားဖြင့် သန့်စင်သောသစ်သားရောင်ဖြင့်သာ အလှဆင်ထားပြီး လိမ်ယှက်စွာ ထွင်းထုထားသည့် စင်များနှင့် နီညိုရောင် နံရံအားဖောက်ထားသည့် ပြတင်းများမှာ ရှေးကျသောအရှိန်အဝါလေထုကို ပေးစွမ်းနေ၏။

"ဆိုင်ကို နင့်ဆီလွှဲပေးရမယ်ပေါ့လေ"

သုန်းကွေ့သည် မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

"အင်း"

စူးယွင်မှ ပြန်ဖြေလိုက်၏။

"ရှင်က ဆိုင်ကိုတစ်ဆင့်ပြန်ရောင်းချင်တယ် ပြီးတော့ ကျွန်မကကျ လုပ်ငန်းကိုတိုးချဲ့ချင်တယ်"

သူမမှဆက်ပြောလိုက်သည်။

"ကျွန်မတို့နှစ်ယောက်လုံးလိုချင်တာရကြမှာလေ။အဲ့တော့ ဘာလို့မဖြစ်နိုင်ရမှာလဲ"

သုန်းကွေ့သည် အေးစက်စက်ဖြင့်ရယ်သံတစ်ချက်ပေးကာ ပြောလိုက်၏။

"*ငါတို့လိုချင်တာအသီးသီးရကြတယ်*ဆိုတဲ့စကားကို သုံးဖို့ဘယ်လောက်ကောင်းလိုက်တဲ့ နည်းလမ်းလဲ။နင်ကဒီကိုလာတာ ငါ့ကိုယ်ငါအရူးလုပ်နေတာကိုကြည့်ဖို့မဟုတ်လား။အဲ့ဒါကိုများ ကြီးမြတ်နေသလိုလာပြောမနေနဲ့"

သူမသည် ယခင်ကစူးယွင်ပြောခဲ့ဖူးသည်တို့ကို မှတ်မိနေပါသေး၏။

စူးယွင်သည် သူမအားနင်းခြေပြီး ယီယန်းကျူကို ဆွဲချကာ ဘယ်တော့မှပြန်နလန်မထူအောင်လုပ်ပစ်မည်ဟု ပြောခဲ့သည်။

သုန်းကွေ့သည် မျက်ခုံးပင့်ကာ စူးယွင်နောက်ရှိတံခါးဆီကြည့်လိုက်၏။

ယခင်မှရှိခဲ့သောဂုဏ်အသရေမှာ လုံးဝပျောက်ကွယ်သွားကာ ယခုတော့ ပြန့်ကျဲနေသည့် လူအချို့သာရှိ‌တော့ပြီး ထိုလူတို့မှာလဲ နှစ်ရှည်ဖောက်သည်များသာဖြစ်လေသည်။

သုန်းကွေ့သည်မလိုလားသည့်ဆန္ဒတို့နက်နက်ရှိုင်းရှိုင်းရှိပါသော်လည်း သူမသည်ထိုတောင်းဆိုချက်အားမငြင်းပယ်နိုင်ပါပေ။

စူးယွင်၏လက်ရှိတိုးတက်မှုနှင့်ဆိုလျှင် သူမအားကျော်တက်သွားမည်မှာ အချိန်တစ်ခုသာကြာပေလိမ့်မည်။သို့သော် ထိုသည်မှာမဖြစ်နိုင်သေးပေ။စူးယွင်မည်မျှသန်မာသည်ဖြစ်စေ သူမ၏ကာလရှည်ကြာ လုပ်ငန်းနှင့်ယှဉ်လိုက်လျှင် ဤအနေအထားဆီရောက်‌အောင် ဆွဲချသွားရန် တစ်နှစ်နီးပါးအတွင်းမဖြစ်နိုင်ပါချေ။

အဆုံးမှာတော့ ဖြစ်နေသေးသည်မှာ....

သုန်းကွေ့သည်သူမအား တစ်ချက်ခိုးကြည့်လိုက်၏။ယနေ့တွင် စူးယွင်မှာ မိုးပြာရောင်ချုံဆမ်းအားဝတ်ဆင်ထားပြီး ဆံနွယ်တို့ကိုတချွင်ချွင်မြည်နေသည့်ဆံထိုးတစ်ခုဖြင့် ထုံးဖွဲ့ထားသည်။ထိုသည်မှာ သူမကိုယ်ထက်ရှိ တစ်ခုတည်းသောအဆင်တန်ဆာဖြစ်ပေသိ ထိုနေရာတွင် သူမရပ်နေရုံဖြင့်ပင် ယုံနိုင်ဖွယ်မရှိအောင် လှပနေပြီဖြစ်ကာ အကြည့်များအားသိမ်းယူသွားလေ၏။

လှပမှုမှာကောင်းချီးတစ်ခုဖြစ်ပေသိ ကောင်းမွန်သောအနာဂတ်ကို ဆက်ထိန်းထားနိုင်မည်လားဆိုသည်ကိုတော့ မည်သူသိနိုင်ပါမည်နည်း။

သုန်းကွေ့နှုတ်ခမ်းတို့မှာ အပြုံးတစ်ခုအသွင်ကွေးတက်သွားကာ ထိုအပြုံးသည် သူမကိုယ်သူမလှောင်ပြောင်သည့်ပုံ‌ပေါ်နေသလို စူးယွင်ကိုရယ်စားသည်လည်းဖြစ်နိုင်၏။

"နင်အခုသွားလို့ရပြီ။ငါကဒီဆိုင်ကိုအလကားပေးပစ်ရမယ်ဆိုရင်တောင် နင့်ဆီကိုတော့ပေးမှာမဟုတ်ဘူး"

သုန်းကွေ့သည် ကျောမတ်မတ်ထားကာ ပြန်ဖြေလိုက်ပြီး စူးယွင်ထံတိုက်ရိုက်ကြည့်လိုက်သည်။သူမ၏လက်ရှိကျဆင်းမှုကို စူးယွင်အားမမြင်စေချင်ပေ။

"ဒါ့အပြင် ငါဆိုတဲ့သုန်းကွေ့က ယီယန်းကျူရဲ့ပိုင်ရှင်ပဲ။ချန်းရှီလမ်းမပေါ်မှာ နှစ်ပေါင်းများစွာကြာအောင် ငါရှိခဲ့တယ်။အဲ့ဒါက နှိမ့်ချပစ်ချင်တိုင်း နှိမ့်ချပစ်လိုက်နိုင်တဲ့အရာမဟုတ်ဘူး"

စူးယွင်သည် ပြုံးကာပြောလိုက်၏။

"ချန်းရှီလမ်းမပေါ်မှာ ဆိုင်ရှင်သုန်းဖန်တီးခဲ့တဲ့ အောင်မြင်မှုတွေကို လူတိုင်းက သိကြပေမယ့် ကျွန်မဒီနေ့ဒီနေရာဆီလာရတာက ပြင်ဆင်မှုမရှိဘဲလာခဲ့တာမဟုတ်ပါဘူး"

"လူကြီးတွေကပြောကြတယ်လေ *မင်းကိုယ်မင်းသိပါ မင်းရန်သူအကြောင်းသိပါ ဒါဆိုတိုက်ပွဲပေါင်းရာချီမှာ မင်းဘယ်တော့မှ ရှုံးနိမ့်ရမှာမဟုတ်ဘူး* တဲ့"

သူမမှာပြောလိုက်၏။

"သုန်းအိမ်တော်က အထည်အချို့မီးထဲပါသွားတာ ပြဿနာလေးတစ်ခုသာသာဆိုပေမယ့် ရှင့်ကုန်လှောင်ရုံက ခိုးယူမှုကတော့ - အခုအဲ့တာက ကိစ္စကြီးတစ်ခုနော်"

သုန်းကွေ့မှာနှာမှုတ်ကာ

"အဲ့ဒါကုန်တစ်သုတ်ပျောက်လို့ ငွေတစ်ချို့ဆုံးရှုံးရုံပဲလေ။ဘယ်လိုလုပ်ကိစ္စကြီးဖြစ်ရမှာလဲ"

စူးယွင်သည် သုန်းကွေ့တုံ့ပြန်ချက်အတိုင်းလိုက်ပါကာ ဆက်ပြောလိုက်၏။

"ခိုးယူမှုက ကိစ္စကြီးတစ်ခုလို့ ယူဆလို့မရပေမယ့် ခိုးယူမှုကိုသက်ဆိုင်ရာဆီ မတိုင်ကြားတာကတော့ လျှို့ဝှက်ချက်တစ်ခုခုရှိနေတယ်လို့ ရည်ညွှန်းနေတာမဟုတ်ဘူးလား"

"ဒီကိစ္စကို ကျွန်မတစ်ယောက်ယောက်ဆီ စုံစမ်းကြည့်ခိုင်းလိုက်တယ်လေ။ရှင့်ကုန်လောင်ရုံထဲက ပစ္စည်းတွေကြားမှာ နဉ်အန်းမင်းသမီးနဲ့ သက်ဆိုင်တဲ့ကုန်တစ်သုတ်ရှိနေတယ်တဲ့။မင်းသမီးရဲ့ပစ္စည်းတွေ ပျောက်ရှတာက လေးနက်တဲ့ရာဇဝတ်မှုတစ်ခုဖြစ်ပြီး ရိုသေလေးစားမှုမရှိဘူးလို့ ယူဆလို့ရတယ်"

သုန်းကွေ့အမူအယာမှာ တည်ငြိမ်နေဆဲဖြစ်ကာ အခြေအနေအကြောင်း စူးယွင်သိနေသည်မှတစ်ပါး မည်သည့်ထိတ်လန့်မှု အရိပ်အယောင်ကိုမှ ပြသမလာခဲ့ပေ။

"ငါပြောခဲ့တဲ့အတိုင်း ရပ်တည်မယ် - ဆိုင်ကိုနင့်ဆီလွှဲပေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး"

"ကြိုက်သလိုလုပ်ပါ"

စူးယွင်သည် ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေလိုက်၏။

"နောက်ဆုံးမှာ ကျွန်မကသာ ဆိုင်အတွက်သင့်တော်တဲ့သူဆိုတာ ရှင်နားလည်လာပါလိမ့်မယ်"

စူးယွင်သည် မတ်တပ်ရပ်ကာ သုန်းကွေ့ဘေးလျှောက်သွားလိုက်၏။သူမသည် လက်ချောင်းအား‌ကွေးကာ စားပွဲထက်အသာတောက်လိုက်သည်။

"ကျွန်မရဲ့စိတ်ဝင်စားမှုက ဘယ်လောက်ကြာမလဲဆိုတာမသိတဲ့အတွက် နောက်မကျခင်ကျွန်မဆီလာတာ ပိုကောင်းမယ်နော်"

သူမစကားများပြောပြီးသည်နှင့် သုန်းကွေ့သည် ပြန်တုံ့ပြန်ရန် အချိန်အတော်ယူလိုက်ရ၏။သူမ၏တည်ငြိမ်မှုကို သူမပြန်ရသည်နှင့် စူးယွင်မှာ ထွက်သွားပြီဖြစ်ရာ သူမပုံရိပ်ကို မည်သည့်နေရာတွင်မှ ရှာမတွေ့တော့ပေ။

"သူမကဘာလို့ အပိုင်တွက်နေရတာလဲ။ငါကသူမလောက်မတော်လို့ကြောင့်ပဲလား။ကောင်းပြီလေ အဲ့လိုလူတွေနဲ့နေတာက ငါ့အနေအထားထက် ပိုကောင်းနေမှာမဟုတ်ပါဘူး"

သုန်းကွေ့သည် ဒေါသတကြီးရေရွတ်ကာ မကျေမနပ်ဖြင့် စားပွဲပေါ်ရိုက်ချရင်း ဤကာလအတွင်း‌ သူမ၏မကျေမချမ်းမှုတို့ကို လွှတ်ထုတ်နေလေသည်။

----------

ဝမ်ကောဆီပြန်ရောက်သော် စူးယွင်သည် စိတ်အားတက်ကြွနေပြီး ခုံပေါ်ထိုင်ကာ ချုံဆမ်းအသစ်တစ်ထည်ချုပ်ရင်း သီချင်းတစ်ပုဒ်ပင် ညည်းနေမိတော့၏။

ရှောင်ဟယ်သည် အစာသွပ်မုန့်တစ်ပန်းကန်ယူလာကာ စူးယွင်ရှေ့ချပေးလာသည်။

"သခင်မလေးကိုကြည့်ရတာ အရမ်းပျော်နေသလိုပဲ ဆိုင်ရှင်သုန်းနဲ့ညှိနှိုင်းလို့အဆင်ပြေခဲ့တာလား"

"ခုထိအဆင်‌မပြေသေးဘူး"

စူးယွင်သည် ပြန်ဖြေကာ အစာသွပ်မုန့်တစ်ခုအားယူ၍ တစ်ကိုက်,ကိုက်လိုက်၏။

"ဆိုင်ရှင်သုန်းက အတော်လေးမာနကြီးတာလေ အဲ့တော့ သူမကအချိန်ကြာအောင်ဆွဲနေလိမ့်မယ်"

သူမသည် တွေးတောရင်း ဝါးနေလိုက်၏။

"ဒါပေမယ့် သိပ်တော့မကြာပါဘူး။အနည်းဆုံး ဒီတစ်ပတ်နောက်ဆုံးထားလာလိမ့်မယ်။သူမအချိန်အကြာကြီးထိန်းထားနိုင်မှာမဟုတ်ဘူး"

ရှောင်ဟယ်၏မျက်ဝန်းအစုံမှာ ရိုသေလေးစားမှုတို့ဖြင့် တလက်လက်တောက်ပနေကာ ပြုံးလိုက်၏။

"သခင်မလေးကတော့ တစ်ကယ်အထင်ကြီးစရာပါပဲ"

ရှောင်ဟယ်မှာ စူးယွင်အပေါ် အဆုံးမရှိသည့်ရိုသေလေးစားမှုတို့ရှိလေသည်။စူးယွင်ပြောသမျှစကားတိုင်းမှာ အစစ်အမှန်တစ်ခုဖြစ်လာမည့်အလားပင်။

စူးယွင်သည် ခေါင်းငြိမ့်လိုက်ကာ သူမအစာသွပ်မုန့်အားဆက်စားနေလိုက်၏။သူမသည် မုန့်ထဲရှိ အသီးယိုနီရဲရဲကို သတိပြုမိရာမေးလိုက်သည်။

"နင်ဒါကိုလုပ်ခဲ့တာလား"

ရှောင်ဟယ်သည် သူမမိသားစု၏ ချစ်မြတ်နိုးခြင်းမခံရသည့်အပြင် နိမ့်ကျသောနောက်ခံမှလာသူတစ်ဦးဖြစ်၏။သူမငယ်ရွယ်စဉ်တွင် မိသားစု၏ဆင်းရဲနွမ်းပါးမှုကြောင့် အိမ်တွင်အဝတ်လျှော် ချက်ပြုတ်ရာတွင် ကူညီပေးခဲ့ရသည်။

သူမ၏အချက်အပြုတ်စွမ်းရည်မှာ အတော်ကောင်းမွန်လှ၏။တစ်ခါတစ်ရံ ဝမ်ကော၌လူရှင်းချိန် သို့မဟုတ် နားချိန်တိုင်း ဘေးအိမ်ရှိ အဒေါ်လီ၏ဆိုင်သို့သွားကာ မီးဖိုချောင်လေးအားငှား၍ လူတိုင်းအားဝေမျှရန် အစာသွပ်မုန့်အချို့လုပ်လေ့ရှိသည်။

"ဟုတ်ပါတယ်"

ရှောင်ဟယ်သည် မေးထောက်ရင်း ပြန်ဖြေကာ မလှုပ်မယှက်ဖြင့် စူးယွင်ထံစိုက်ကြည့်နေလိုက်၏။

"သခင်မလေး မုန့်တွေက ဘယ်လိုနေလဲ"

"မုန့်တွေက အရသာရှိတယ်"

ချက်ပြုတ်သူတို့မည်သည် ချီးကျူးစကားကြားရသည်ကို နှစ်ခြိုက်ကြမှန်းသ်ိ၍ စူးယွင်မှပြန်ဖြေပေးလိုက်၏။‌‌ရှောင်ဟယ်၏ စွမ်းရည်တို့မှာ အမှန်အထင်ကြီးစရာကောင်း၍ သူမသည် အသိအမှတ်ပြုမှုအား သဘောထားကြီးကြီးဖြင့် ဖော်ပြလိုက်သည်။

"နင့်ရဲ့လက်စွမ်းတွေနဲ့ဆို ဝမ်ကောမှာနေတာက အရည်အချင်းကိုဖြုန်းတီးနေတာပဲ။နင်သာစားသောက်ဆိုင်တစ်ဆိုင်ဖွင့်ရင် မိုင်တစ်ရာအတွင်း နင့်လက်ရာကိုခုခံနိုင်တဲ့လူဘယ်သူမှရှိမှာမဟုတ်ဘူးဆိုတာ ငါအာမခံနိုင်တယ်"

ရှောင်ဟယ်သည် ဤစကားများကြားရသော် ပီတိဖြစ်သွားရပေသိ သူမသည် စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ရန် ဝမ်ကောမှထွက်မသွားချင်ပေ။

သူမသည်စိတ်အားတက်ကြွစွာပြောလာ၏။

"သခင်မလေးက ကျွန်မအသက်ကိုကယ်ခဲ့တာလေ။ကျွန်မက သခင်မလေးအတွက်အသက်ရှင်ပြီး သေသွားရင်တောင် သခင်မလေးရဲ့ သရဲတစ်ကောင်ဖြစ်လာမှာပါ။သခင်မလေးက ကျွန်မကိုနှင်မထုတ်သေးသ၍ ကျွန်မတစ်ဘဝလုံးထွက်သွားမှာမဟုတ်ပါဘူး"

စူးယွင်သည်ခဏတာမျှရပ်တန့်သွားရကာ စားလက်စအစာသွပ်မုန့်ကို ပန်းကန်ပြားပေါ်တင်လိုက်၏။

သူမမှပြောလိုက်သည်။

"ငါနင့်ကိုကယ်ခဲ့တာက ငါတို့နှစ်ယောက်လုံးကမိန်းမသားတွေဖြစ်တဲ့အပြင် နင်ခံစားခဲ့ရတာတွေကို တစ်ကယ်စိတ်မကောင်းဖြစ်မိလို့ပါ။ငါနင့်ကိုကယ်လိုက်တဲ့နေ့ကလဲ နင့်အနေနဲ့ငါ့ကိုပြန်ပေးဆပ်ရမယ်ဆိုပြီးတွေးမထားခဲ့သလို နင့်ဘဝကြီးကို အကြွေးသံသရာထဲ ထပ်ပိတ်မိမနေစေချင်ခဲ့ဘူး။အဲ့အချိန်ကစပြီး နင့်ကိုလောကသစ်တစ်ခုကြုံတွေ့ခံစား‌စေပြီး ကောင်းမွန်လှပတဲ့ဘဝလေးပိုင်ဆိုင်ဖို့ရယ် မင်းကမင်းအတွက်ပဲ‌နေထိုင်တတ်ဖို့ရယ်ပဲ ငါဖြစ်စေချင်ခဲ့တာ"

All Chapters