← Chapters

အခန်း (၆၈)

Vol. 7 Ch. 68

အခန်း (၆၈)

Vol. 7 Ch. 68

စူးယွင်သည် ပြတင်းပေါက်‌နားထိုင်နေကာ သူမခေါင်းထက်ပန်ထားနေကျ ဆံထိုးမှာတော့ ယခုသူမဘေးတွင်ချထားလေသည်။သူမအကြည့်မှာ အပြင်ဘက်ရှိသည်းသည်းမည်းမည်းရွာနေသောမိုးအား ဗလာသပ်သပ်ကြည့်နေကာ လက်တွေ့ဘဝဆီသတိပြန်လည်အောင် မလုပ်နိုင်ခဲ့ပေ။

"သခင်မလေး ကျွန်မရေနည်းနည်းဆွဲလာခဲ့ပြီ။အခုရေသွားချိုးလိုက်ပါလား"

ရှောင်ဟယ်သည် စူးယွင်၏စိုထိုင်းနေသောဆံပင်တို့အား ခြောက်အောင်သုတ်ရန် ပုဝါတစ်ထည်ကမ်းပေးရင်းပြောလိုက်၏။

စူးယွင်မှ နဉ်ကျင်း၏အိမ်တော်အပြင်ဘက်ခြေချလိုက်ချိန်တွင် မိုးစရွာခြင်းဖြစ်သည်။မိုးမှာမသည်းသေးသော်ငြား ‌မိုးရေစက်တို့၏အေးစိမ့်မှုမှာ သူမအရေပြားအားကြက်သီးထသွားစေခဲ့၏။

စူးယွင်သည် ပြန်မဖြေပဲ ပြတင်းတံခါးအပြင်ဆီသာ ဗလာသပ်သပ်ဆက်ကြည့်နေခဲ့သည်။

စူးယွင်၏ပေါ်နေသော အရေပြားထက်တွင်ကြက်သီးများထလာသည်ကို မြင်လိုက်ရရာ ရှောင်ဟယ်သည် အမြန်ရေသုတ်ပေးလိုက်၏။သူမသည် လက်ဆန့်၍ စူးယွင်၏ဆံပင်စိုတို့ကို အသာခြောက်သွေ့စေခဲ့သည်။

သူမခေါင်းထိပ်မှစကာ ရှောင်ဟယ်သည်ဖြည်းဖြည်းချင်းဂရုတစိုက်သုတ်ပေးရင်း စူးယွင်၏ဆံပင်အဖျားဆီရောက်ချိန်တွင် ဆံနွယ်အချို့မှာ ကော်လံထဲဝင်နေသည်ကိုတွေ့လိုက်ရ၏။သူမသည် ထိုဆံနွယ်တို့အားဆွဲလိုက်ရာ စူးယွင်လည်တိုင်ထက်ရှိ အနီရောင်အမှတ်လေးများကို သတိပြုမိလိုက်သည်။

အမှတ်များမှာ များပြားလွန်း၍ ထပ်နေလေရာ မျက်စိကြည်လင်သူမည်သူမဆို ဘာဖြစ်ခဲ့သည်အားချက်ချင်းပြောနိုင်ပေမည်။

ရှောင်ဟယ့်မျက်ဝန်းများမှာ ပြူးကျယ်သွားပြီး သူမအသံမှာလဲ စိုးထိတ်မှုကြောင့်တုန်ယင်နေလေသည်။

"သခင်မလေး ......အနိုင်ကျင့်ခံခဲ့ရတာလား"

သူမသည် စကားအားသတိထား၍ပြောလိုက်ပေသိ ဆိုလိုရင်းမှာရှင်းလင်းပေသည်။

ရှောင်ဟယ်သည် ဤသည်အားမည်သို့အဓိပ္ပာယ်ကောက်ရမည်ကိုပင်မသိတော့ပေ။သူမသည် စူးယွင်နှင့်နဉ်ကျင်းကြားရှိ ချည်နှောင်မှုကို သိထားသူဖြစ်ပြီး နဉ်ကျင်း၏အကျင့်စရိုက်အရ သူသည်စူးယွင်အား အနိုင်ကျင့်သည်မျိုးလုပ်မည်ဟု သူမ,မထင်ပေ။

စူးယွင်မှာ ပြန်မဖြေခဲ့ချေ။ရှောင်ဟယ်၏အတွေးများမှာ ပိုဝေးအောင်လှည့်ပတ်နေပြီး စူးယွင်မှတစ်ညလုံးပြန်မလာခဲ့သည်ကို အမှတ်ရကာ ဆိုးဆိုးဝါးဝါး ‌မကြောက်ရွံ့မိဘဲ မနေနိုင်တော့ပေ။

လမ်းမှာတစ်ခုခုဖြစ်လာတာများလား။သူမကို တစ်ယောက်ယောက်ကတားပြီးတော့.....

ရှောင်ဟယ်မှာ ပုဝါအားတင်းတင်းကိုင်ကာ မလှုပ်မယှက်ဖြစ်နေသည့် စူးယွင်ထံကြည့်လိုက်သည်။သူမမှ တုံ့ပြန်မှုမရှိဘဲ ဤကဲ့သို့ဖြစ်နေသေးသည်ကိုတွေ့လိုက်ရရာ ရှောင်ဟယ်၏နှလုံးသားကို စိုးရိမ်မှုမှ ချက်ချင်းဆွဲညှစ်လာလေ၏။

"ကိစ္စမရှိပါဘူး သခင်မလေး အဲ့ဒါဘယ်သူလဲဆိုတာပြောလိုက်။ကျွန်မသူ့ကိုသွားခုတ်သတ်ပစ်မယ်"

ရှောင်ဟယ်သည် စူးယွင်၏ပုခုံးထက်လက်တင်ကာပြောလိုက်သည်။သူမသည် စူးယွင်မှ ဝမ်းမနည်းစေရန် လေသံအားတတ်နိုင်သလောက်ထိန်းကာပြောလိုက်၏။

"ငါအဆင်ပြေပါတယ်"

စူးယွင်မှပြန်ဖြေလိုက်ရာ သူမအသံသည် အချိန်အတော်ကြာစကားမပြောခဲ့ရသည့်အလား ဩရှနေလေသည်။သူမသည် မနေ့ည၌တော်တော်အော်ဟစ်ခဲ့မိရာ ယခုသူမအသံသည် အလွန်အကျူးအားပြတ်နေသလို အက်ရှရှသံထွက်နေလေ၏။

သို့သော်ရှောင်ဟယ်၏နားထဲတွင်တော့ ထိုအသံမှာ စူးယွင်မှမတရားမှုကြီးခံစားခဲ့ရ၍ ငိုကြွေးနေသလိုအသံမျိုးဟု ကြားနေလေသည်။

ရှောင်ဟယ်သည် ပုဝါအားကြမ်းပြင်ထက် ချက်ချင်းပစ်ချကာ ဒေါသတကြီးအော်ပြောလိုက်၏။

"ဒါကိုဘယ်သူလုပ်ခဲ့တာလဲလို့။ကျွန်မသူ့ကို ဒီနေ့မှာပဲသွားသတ်ပြီး ခွေးစာအဖြစ်ကျွေးပစ်မယ်"

စူးယွင်သည် သူမလုပ်ရပ်ကြောင့်ကြောင်အမ်းသွားရပြီး သူမအတွေးမှာချက်ချင်းပြတ်တောက်သွားလေသည်။

သူမခေါင်းအားလှည့်လိုက်ရာ ရှောင်ဟယ်၏ဒေါသတကြီးအမူအယာကိုတွေ့လိုက်ရ၍ သူမအထင်လွဲနေသည်ဟု တန်းနားလည်လိုက်၏။သူမသည်ရှောင်ဟယ်၏လက်မောင်းအားဆွဲကာ အလောတကြီးပြောလိုက်သည်။

"အဲ့ဒါနဉ်ကျင်း"

"ငါလဲဆန္ဒရှိခဲ့ပါတယ်"

စူးယွင်မှာ တိတ်တဆိတ်ထပ်ဖြည့်ပြောလိုက်သည်။

ရှောင်ဟယ်မှာ မျက်မှောင်ကြုံ့ကာ စူးယွင်မှဆန္ဒရှိသည်ဟု ပြောသော်လည်း အဘယ်ကြောင့်ဤကဲ့သို့ ပြုမူနေရသည်ကို နားမလည်နိုင်တော့ပေ။

သူမသည် ပါးစပ်ဖွင့်လိုက်ပေသိ စူးယွင်၏ချောင်ကျနေသော‌မျက်နှာအားတွေ့လိုက်ရရာ အဆုံးတွင်မည်သည်ကိုမှ ပြောမထွက်ခဲ့တော့ပါချေ။

စူးယွင်သည် ပြုံးကာ သူမလက်အားပြန်ချ၍ တိုးလျလျပြောလိုက်၏။

"ငါကိုယ်လုပ်တော်တစ်ယောက်မဖြစ်ချင်ဘူး"

သူမသည်ခေတ်သစ်ကာလမှလာသူဖြစ်ပြီး ရှေးခေတ်ဆီရောက်လာလျှင်တောင် သူမ၏အဓိကယုံကြည်မှုကို ပြောင်းလဲမပစ်ခဲ့ပါပေ။

အခြားလူနှင့် ခင်ပွန်းတစ်ဦးကို ဝေမျှနေထိုင်ပြီး တရားဝင်ဇနီး၏စိတ်ကူးဆန္ဒတို့အတိုင်း လိုက်လျောနေထိုင်ရသော ကိုယ်လုပ်တော်တစ်ယောက်ဖြစ်ရခြင်းမျိုးမှာ သူမအဖို့ လုပ်လဲမလုပ်ချင်သလို လက်သင့်လဲမခံနိုင်ပါပေ။

ရှောင်ဟယ်သည် အကြည့်အားအောက်ပို့ကာ ဘာပြောရမည်မှန်းမသိတော့ပေ။

သူမကိုယ်တိုင်သည်လည်း တစ်ချိန်ကတစ်စုံတစ်ဦး၏ ကိုယ်လုပ်တော်ဖြစ်ခဲ့ဖူးလေရာ ထိုသည်နှင့်ဆက်စပ်၍အခက်အခဲပြဿနာတို့ကို နားလည်လေသည်။သို့သော် သူမ၏နောက်ခံအရ ကိုယ်လုပ်တော်တစ်ဦး ဖြစ်လာရခြင်းအပေါ် စောဒကတက်စရာအကြောင်းမရှိပေ။

သို့သော် စူးယွင်မှာတော့ ကွာခြားလေ၏။သူမသည် လှပကာလုပ်နိုင်စွမ်းရှိ၍ သူမကိုယ်သူမ မှားယွင်းခံခွင့်ပြုမည်မဟုတ်ပေ။

အသက်ပြင်းပြင်းရှူကာ စူးယွင်သည် မတ်တပ်ရပ်လိုက်၏။

"ငါရေသွားချိုးလိုက်ဦးမယ်။ဒီကိစ္စနဲ့ပက်သက်တာကတော့ ထားလိုက်ပါတော့။အလုပ်မဖြစ်ရင်လဲ ငါတို့တွေလမ်းခွဲလိုက်ရုံပေါ့။ကိစ္စကြီးမှမဟုတ်တာ"

သူမသည်ဤနေရာ၌ထိုင်ရင်း အချိန်အတော်ကြာသည်ထိ စဉ်းစားခဲ့ပြီးဖြစ်သည်။ကိစ္စများသာ အဆင်မပြေပါက လမ်းခွဲလိုက်မည်ပင်။စူးယွင်သည် အခြားတစ်ယောက်အား ရှာမတွေ့နိုင်မည့်လူမဟုတ်ပေ။နောက်လူမှာ အတူရှိရန်ပိုလွယ်ကူသည်လဲ ဖြစ်နိုင်၏။

သူမသည် ဆံထိုးအားကြည့်ကာ သူမမျက်ဝန်းများထဲ နာကျင်မှုအကြည့်တစ်ချက်ဖြတ်သွားလေသည်။

သူမသည် သူ့အားယခုချစ်နေလျှင်တောင် ခေါင်းငုံ့ခံ၍ကိုယ်လုပ်တော်တစ်ယောက်ဖြစ်ခွင့်ပေးမည်မဟုတ်ပေ။

"ရှောင်ဟယ် ဒါကိုဖယ်ပစ်လိုက်"

သူမမှပြောလိုက်၏။

ရှောင်ဟယ်မှာ သက်ပြင်းချလိုက်သည်။

"ကောင်းပါပြီ"

-----------

အခြားဘက်တွင်တော့ နဉ်ကျင်းသည် ခုံပေါ်ထိုင်ကာမကျေမနပ်ဖြင့် မျက်မှောင်ကြုံ့နေလေ၏။သို့တိုင် သူသည်ဒေါသအားထိန်းကာမေးလိုက်သည်။

"မင်းကဘာကို အတိအကျလိုချင်နေတာလဲ"

နဉ်အန်းမင်းသမီးမှာ သူ့လေသံကြောင့်အနည်းငယ် ခြိမ်းခြောက်ခံလိုက်ရလေ၏။သူမသည်နှုတ်ခမ်းစူကာ မျက်တောင်တို့တစ်ဖြတ်ဖြတ်ခတ်ရင်း ပြောလာသည်။

"ချန်းအာက သိချင်ရုံလေးပါ"

"ဦးလေး ကျွန်မကိုပြောပြပါနော်"

သူမသည် သူ့ဘေးဝင်ထိုင်ကာ ပြောလိုက်၏။

"ဦးလေးနဲ့ မိန်းကလေးစူးတို့က ဘယ်အဆင့်မှာလဲ။ကျွန်မကို တိတ်တိတ်လေးပြောပြလေ။ကျွန်မအမေဆီပြန်ပြောမပြပါဘူးလို့ ကတိပေးတယ်"

သူမသည် လက်သုံးချောင်းထောင်ကာ လေးလေးနက်နက်ကြည့်နေ၏။

"ဦးလေးတို့နှစ်ယောက်က...."

စူးယွင်ခေါင်းထက်၌ ဆံထိုးအားတွေ့ခဲ့ချိန်မှစ၍ သူမမှာ သိချင်လွန်း၍သေတော့မတတ်ပင်။သူမသည် သူ့ထံခဏခဏလာနှောင့်ယှက်တတ်ပေသိ သူသည်ခွေးတစ်ကောင်လို ရေငုံနှုတ်ပိတ်နေကာ သူ့ထံမှတစ်ခုခုသိရရန် မဖြစ်နိုင်ခဲ့ပေ။

သို့သော် ယနေ့တွင်တော့ တာဝန်တစ်ခုနှင့်သူမရောက်လာချိန်တွင် ထိတ်လန့်စရာလျှို့ဝှက်ချက်တစ်ခုအား ရှာတွေ့ခဲ့ရလေ၏။

ချမှတ်ထားသည့်စည်းမျဉ်းအားထိန်းရန်နှင့် လေ့ကျင့်ရန်စောစောအိပ်ရာထလေ့ရှိသူမှာ အိပ်နေဆဲဖြစ်ပြီး အခန်းထဲတွင်လဲ သူ့အပြင်အခြားတစ်ယောက်ပါ ရှိနေလေသည်။

"မင်းအရမ်းအားနေရင် တော်ဝင်ဆရာ့ဆီသွားရှုပ်ပြီး မင်းခေါင်းထဲ ထပ်ဖြည့်စရာအတွေးအခေါ်တွေရနိုင်မလားဆိုတာ ကြည့်,ကြည့်လိုက်"

နဉ်ကျင်းသည် မျက်မှောင်ကြုံ့ကာ နှာမှုတ်လိုက်၏။

"ငါမင်းရဲ့အဒေါ်ဆီ သေချာပြောထားပေးမယ်"

"ကျွန်မမှားသွားပါတယ် ဦးလေး"

နဉ်အန်းမင်းသမီးမှာ ပြောနေရင်း သူမမျက်နှာ၌လည်း ကျောင်းတော်ကို သဘာဝကျကျကြောက်နေသည်ကို ပြသထားလေသည်။သူမသည် တော်ဝင်ဆရာကဲ့သို့ လူများနှင့်မျက်နှာချင်းမဆိုင်ဝံ့ပါပေ။

သူမသည် အားတင်းပြုံးကာ အမြန်ပြေးထွက်သွားလေ၏။

"ကျွန်မအမေက စောစောပြန်လာဖို့ပြောထားတာ ခုမှသတိရတယ်။အဲ့တော့ ကျွန်မဆက်မနေတော့ဘူးနော်"

သူမသည် တံခါးဆီအလျင်စလိုသွားရင်း ထွက်မသွားခင် သူမလာရင်းကိစ္စကိုအလေးပေးပြောသွားသေး၏။

"ဝူရုန်းမြို့စားအိမ်တော်က မွေးနေ့ပွဲကို မမေ့နဲ့နော်"

နဉ်ကျင်းသည် ထိုကိစ္စအားစိတ်မဝင်စားပဲ သူ့စိတ်မှာ စူးယွင်ကိုသာ သွားကြည့်ချင်နေမိတော့သည်။သို့သော် အခန်းတံခါးအားသူဖွင့်လိုက်သည်နှင့် သူမထွက်သွားပြီဆိုသည်ကို သိလိုက်ရ၏။

သူသည်ပြုံးလိုက်မိကာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းယမ်းလိုက်သည်။

သူမရေချိုးပြီးသည်နှင့် စူးယွင်သည်နေလို့ပိုကောင်းသွားလေ၏။သူမသည် စာရွက်အချို့နှင့် စုတ်တံအားယူကာ ယီယန်းကျူအားလက်လွှဲပြီးသည်နှင့် ဂရုစိုက်ရန်လိုအပ်သည့် လုပ်ငန်းကိစ္စအသေးစိတ်တို့ကို ကြိုတင်အစီအစဉ်ဆွဲလိုက်သည်။

ဝမ်ကောဆီ နဉ်ကျင်းရောက်လာချိန်တွင် သူသည် စူးယွင်မှ စုတ်တံအားကိုက်လိုက် စာရွက်ထက် တောင်ခြစ်မြောက်ခြစ်လုပ်လိုက် လုပ်နေသည်ကို တွေ့လိုက်ရ၏။

သူသည်လျှောက်လာကာ သူမနားနောက်ရှိ ဆံနွယ်မျှင်တို့ကို အသာဆွဲလိုက်သည်။

"မင်းကဘာလို့အစောကြီးထသွားတာလဲ။မင်းခဏလောက်ထပ်မအိပ်ချင်တော့လို့လား"

စူးယွင်သည် သူ့လက်အားဘေးဖယ်ကာ အေးစက်စက်ဟန်ဖြင့်ပြောလိုက်၏။

"ကျွန်မမှာ လုပ်စရာကိစ္စတွေရှိသေးတော့ မနေချင်တော့လို့"

နဉ်ကျင်းသည် မှီချလိုက်ပြီး သူ့နှုတ်ခမ်းတို့သည် အပြံးဖျော့ဖျော့လေးတစ်ခုအသွင် ကွေးတက်သွားလေ၏။

"မင်းစိတ်ဆိုးနေတာလား"

သူသည် သူမအားမနေ့ကညနက်သည်ထိ အချိန်ဆွဲထားမိ၍ သူမစိတ်ဆိုးနေသည်ဟု ထင်မိခြင်းပင်။

"ကိုယ့်အမှားပါ ကိုယ်ထပ်မလုပ်တော့ဘူးနော်"

သူသည်ချော့မော့လိုက်၏။

"ကျွန်မစိတ်မဆိုးပါဘူး"

စူးယွင်သည် ပြန်ဖြေရင်း မတ်တပ်ထရပ်လိုက်ကာ သူနှင့်အကွာအဝေးထိန်းထားလိုက်၏။

သူမသည် ပစ္စည်းများအား ပြန်သိမ်းကာ ဆက်ပြောလိုက်သည်။

"ကျွန်မနည်းနည်းပင်ပန်းနေတယ် ရှင်အရင်ပြန်လိုက်တော့"

နဉ်ကျင်းမှာ သူသည်ဆက်နေ၍သူမကိုအဖော်ပြုပေးမည်ဟုပြောရန်ပြင်လိုက်ပေသိ သူမမျက်လုံးများအောက်ရှိ အမည်းကွင်းများအားမြင်လိုက်ရလေသည်။

"ဒါဆိုကောင်းကောင်းနားလိုက်နော်။နောက်မှကိုယ်မင်းကို လာရှာလိုက်မယ်"

"မလိုပါဘူး"

စူးယွင်သည် ပြတ်သားသောလေသံဖြင့် ပြန်ဖြေလိုက်၏။

"ဒီရက်ထဲကျွန်အလုပ်ရှုပ်နေတယ် အချိန်မရှိဘူး"

သူမသည်ပြောပြီးသည်နှင့် သူ့ထံအကြည့်တစ်ချက်ပင်ပေးမနေတော့ဘဲ ဖြတ်လျှောက်သွားလေသည်။

နဉ်ကျင်းသည် တစ်ခုခုလွဲနေသည်ဟု ခံစားရပေသိ ထိုသည်ကို မခန့်မှန်းနိုင်ပါပေ။သူသည် ရှေ့စားပွဲ၌ထိုင်နေသော ရှောင်ဟယ်ဘက်လှည့်ကာ မေးလိုက်သည်။

"မင်းရဲ့သခင်မလေးက ဘာဖြစ်နေတာလဲ"

စူးယွင်၏အမိန့်ကို သတိရကာ ရှောင်ဟယ်သည်ခေါင်းယမ်း၍ ပြောလိုက်၏။

"ဆိုင်မှာကိုင်တွယ်စရာကိစ္စတွေအများကြီးရှိနေပါတယ်။သခင်မလေးက ပင်ပန်းနေရုံပါ"

"ဪ"

နဉ်ကျင်းသည် အဖြစ်သာပြန်ဖြေလိုက်၏။

---------

နောက်ရက်များတွင်လည်း နဉ်ကျင်းသည် ဝမ်ကောဆီနေ့တိုင်းလာလည်ခဲ့ပေသိ စူးယွင်၏စိတ်အခြေအနေမှာ ဆိုးဝါးနေဆဲပင်။သူမှသူမအားဘာဖြစ်နေသလဲဟုမေးချိန်တိုင်းတွင် သူမမှာ လုပ်စရာအလုပ်များလွန်း၍ ပင်ပန်းနေသည်ဟုသာ ရိုးရိုးလေးပြန်ဖြေပေးခဲ့၏။

All Chapters