အခန်း (၇၀)
Vol. 7 Ch. 70
ဤအခန်းမှာ သူမယခင်တွေ့ခဲ့သည့်အခန်းနှင့် ကွာခြားလေသည်။အခန်းတွင်းဝယ် ပြတင်းပေါက်များမရှိသလို နံရံများသည်လည်း အနက်ရောင်ကျောက်အုတ်များဖြင့် အပြည့်ဆောက်လုပ်ထားလေ၏။အထဲရှိအမှောင်ထုမှာ မွန်းကြပ်စေပြီး ဖိနှိပ်ခံထားရသကဲ့သို့ လွှမ်းမိုးသောခံစားချက်ကို ဖန်တီးနေလေသည်။
စူးယွင်သည် မျက်မှောင်ကြုံ့ကာ အခန်းတွင်းခြေချလိုက်၏။
ပြင်းထန်သောသွေးနံ့မှာ သူမထံတိုက်ခတ်လာသည်။သူမသည် နှာခေါင်းရှုံ့၍ အနံ့ခံကြည့်လိုက်ရာ တစ်ခန်းလုံးတွင်ပြည့်နှက်နေသည့် အချိန်အတော်ကြာအောင်ပစ်ထားသော အလောင်းတစ်ခုမှာ ပုတ်လာသလို ဆိုးဝါးသည့်ပုတ်အဲ့အဲ့အနံ့မျိုးအား ခပ်ဖျော့ဖျော့ရနေလေ၏။
ရှေ့သို့ဆက်သွားလိုက်ရာ နံရံတွင် ချိတ်ဆွဲထားသည့်သံချိန်းကြိုးနှစ်ချောင်းအား တွေ့လိုက်ရသည်။သူမသည် လက်ဆန့်၍ ချိန်းကြိုးများထဲရှိ တစ်ခုပေါ်မှ အနက်ရောင်အရည်တို့ကို အသာပွတ်ယူလိုက်၏။
ထိုအရည်များသည် ခြောက်သွေ့နေပြီဖြစ်ရာ ဤနေရာ၌အချိန်အတော်ကြာရှိနေခဲ့သည်ဟု ကောက်ချက်ချလိုက်ပေသိ သူမလက်ညှိုးအား နှာခေါင်းနားကပ်၍ ရှူကြည့်လိုက်ရာ သွေးနံ့ကိုရနေဆဲပင်။
စူးယွင်သည် ခြေတစ်လှမ်းနောက်ပြန်ဆုတ်ကာ သုန်းကွေ့ပြောခဲ့သည်တို့အား ပြန်စဉ်းစားလိုက်၏။
"နင်သိလား။သုန်းရှို့နဲ့ငါက အလင်းရောင်လုံးဝမရှိတဲ့ မှောင်မည်းနေတဲ့လျှို့ဝှက်ခန်းတစ်ခုထဲမှာ အကျဉ်းချခံခဲ့ရတာ။ငါတို့တွေအဲ့မှာရှိနေခဲ့တာ ဘယ်လောက်ကြာခဲ့တယ်ဆိုတာတောင် မသိခဲ့ရဘူး"
သုန်းကွေ့လက်မှာသူမမျက်နှာအား ထိလိုက်ပြီး သူမမျက်ဝန်းများထဲရှိ ကြောက်ရွံ့မှုမှာ လှိုင်းတံပိုးများအလား စူးယွင်ထံအုပ်မိုးကာ ထိုးထွက်လာလေ၏။
"ငါ့မျက်နှာက လောင်ကျွမ်းဒဏ်ရာတွေကို သူလုပ်ခဲ့တာ။အဲ့ဒါကိုတောင် သူကမကျေနပ်သေးလို့ ပိုးကောင်တွေကို ကိုက်ခိုင်းလိုက်တယ်လေ"
"ဟားဟားဟားဟားဟား သူကတစ်ကယ်အရူးတစ်ယောက်ပဲ"
သုန်းကွေ့ခံစားချက်များမှာ မတည်ငြိမ်သလို သူမစကားများသည်လဲ ဒီရောက်လိုက် ဟိုရောက်လိုက်ဖြစ်နေလေ၏။သူမသည် ယခုငိုနေပေသိ နောက်တစ်စက္ကန့်တွင် ထရယ်ချင်ရယ်နေတော့သည်။
"မဟုတ်ဘူး နာတယ် အရမ်းပူတယ်"
သုန်းကွေ့သည် သူမကိုယ်သူမပြန်သိုင်းဖက်လိုက်၏။
"သုန်းရှို့ကအရမ်းနာကျင်နေပါပြီ"
"အဲ့ဒါသူပဲ သူကသုန်းရှို့ကို အပူနဲ့ကပ်ဖို့ သံပြားသုံးခဲ့တာ"
"သုန်းရှို့ကတအားနာကျင်နေခဲရပြီးပြီကို ဘာလို့ ဘာလို့သူကဒီလိုလုပ်လိုက်ရတာလဲ"
သုန်းကွေ့မျက်လုံးများမှာ နီရဲနေပြီး စူးယွင်ထံလက်ညှိုးထိုးကာ
"အဲ့ဒါနင်ပဲ။နင်ကြောင့် ငါတို့ကဒီလိုတွေ ခံစားခဲ့ရတာ"
စူးယွင်မှပြန်ဖြေလိုက်၏။
"ရှင့်ဘက်ကအရင်လူတွေကိုအန္တရာယ်ပေးခဲ့တာလေ။ဒါကြောင့်သူလုပ်ခဲ့တာနေမှာပေါ့"
မည်သည့်စကားလုံးမှာ သုန်းကွေ့အား အစပျိုးပေးလိုက်သည်ကို တိတိကျကျမသိရပေမယ့် သုန်းကွေ့မှာရုတ်ချည်းရှေ့တက်လာပြီး စူးယွင်၏လက်မောင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။
"ငါနင်ကိုဒုက္ခပေးခဲ့ပေမယ့် ငါ့အမေကဘာမှားခဲ့လို့လဲ"
"သူမကအသက်ကြီးနေပြီပဲကို အခုတော့ သူတို့ကသူမကို မြက်ဖျာနဲ့ပက်ပြီးမြို့စွန်မှာ ပစ်ခဲ့တယ်တဲ့လေ။ပြီးတော့....ပြီးတော့ ခန္ဓာကိုယ်အပြည့်အစုံတောင်ရှိမနေခဲ့ဘူး။သူမက....သူမက ဒီအတိုင်း...."
စူးယွင်သည် သုန်းကွေ့၏ အမေအိုကြီးကိုမြင်ဖူးလေသည်။သူမမှာ ကြင်နာရိုးရှင်းပုံပေါ်ပေသိ ဆေးကိုနှစ်ချီသောက်သုံးခဲ့ရ၍ ချူချာပြီး နုံးခွေနေခဲ့၏။
"သူတို့အသက်တွေအတွက် ငါ့အသက်နဲ့လဲဖို့ သဘောတူပေးခဲ့တာကိုတောင် သူကဘာထပ်လိုချင်သေးတာလဲ"
ထိုနေ့၌ သုန်းကွေ့မှာ သူတို့မိသားစုအဖို့ စုံစုံညီညီစုဝေးကာ အေးအေးချမ်းချမ်းဖြတ်သန်းရမည့် နောက်ဆုံးဖြစ်သည်ဟုတွေးပြီး မိခင်ဖြစ်သူ၏ဆေးနှင့် သုန်းရှို့အကြိုက်ဆုံးဟင်းတို့ကို ပြင်ဆင်ထားခဲ့သည်။
သို့သော် သူမတံခါးဖွင့်လိုက်ချိန်တွင် မိခင်နှင့် သုန်းရှို့မှာ မရှိတော့ပေ။သူမသည်အပြင်ဘက်ထွက်ရှာရင်း ဝေးသထက်ဝေးလာကာ သူမခြေထောက်တို့၌ သွေးထွက်လာသည်ထိ သူတို့အားမတွေ့သေးပေ။
လူတစ်ယောက်ကသာ ရုတ်ချည်းပေါ်လာပြီး ထိုနှစ်ယောက်မည်သည့်နေရာတွင်ရှိနေကြောင်း မပြောခဲ့ပါလျှင် သုန်းကွေ့မှာ မြို့စွန်၌ သားရိုင်းတိရစ္ဆာန်များ၏ စားသောက်ခြင်းခံရကာ ခန္ဓာကိုယ်အကောင်းအတိုင်းကျန်ခဲ့မည်မဟုတ်ချေ။
"နင်သိလား။သူတို့ခြေတွေလက်တွေက တစ်ခြားစီဖြစ်နေပြီး အရိုးတွေကလည်း ဆွဲထုတ်ခံထားရတယ်။အဲ့မြင်ကွင်းကို နင်မြင်ကြည့်စမ်းပါ"
သုန်းကွေ့သည် သူမအားဆွဲကာ မျက်ရည်များမှာ အထိန်းအကွပ်မရှိကျဆင်းလာတော့၏။
"မျက်နှာတွေသာအကောင်းအတိုင်းရှိနေသေးလို့မဟုတ်ရင် သူတို့က ငါ့အမေနဲ့မောင်ဆိုတာ မမှတ်မိမှာစိုးတယ်"
စူးယွင်သည် ခံစားချက်များကို အလွယ်တကူပြောင်းနိုင်သူမဟုတ်ပေသိ သူမရှေ့ရှိ မှောင်မည်းမည်းအခန်းကိုကြည့်ကာ ထိုနှစ်ယောက် ဤနေရာ၌အကျဉ်းချခံရပြီး နေ့စဉ်နှိပ်စက်ခံနေရသည့်ပုံမှာ သူမစိတ်ထဲပေါ်လာလေ၏။
သူမကိုယ်မှာ တုန်ယင်သွားကာ မထိန်းချုပ်နိုင်တော့ဘဲ နောက်တစ်လှမ်းဆုတ်လိုက်သည်။
*ဂလွမ်*
စူးယွင်၏ညာလက်တံတောင်ဆစ်မှာ သံအိုးအားတိုက်မိသွားပြီး သံပြားမှာမြေကြီးပေါ်ပြုတ်ကျလာကာ သူမခြေထောက်ဘေး လှိမ့်လာလေ၏။
သူမသည်ခါးကိုင်းကာ သံပြားအား ကောက်၍ ပြန်ပြူးသောသံပြားပိုင်းထံ စိုက်ကြည့်နေလိုက်သည်။ထို့နောက်သူမသည် လက်ညှိုးအားဆန့်ကာ ထိုပေါ် တင်ကြည့်လိုက်၏။
အေးစက်တယ် အနွေးဓာတ်ကမရှိနေဘူး။
သို့သော် သူမသည် အိုးထဲမှထုတ်ယူကာစအချိန်မှ အပူချိန်ကိုခံစားနိုင်သေးသည်ပင်။
အပူရှိန်မြင့်မြင့်နဲ့ မီးပူကပ်ခံရသော နာကျင်မှု၊အရိုးများအားထုတ်ပစ်ချိန်မှ ပြင်းထန်သော နာကျင်မှု - ထိုသို့အရာမျိုးလုပ်ရန် နဉ်ကျင်းထံ၌ မည်သည့်စိတ်ထားမျိုးရှိနေသည်ကို သူမဘယ်လိုမှတွေးမရပါပေ။
သူမသည် သံပြားအားကြမ်းပြင်ထက်ပစ်ချလိုက်ရာ စူးရှသောအသံထွက်လာပြီး သူမမှာတော့ နောက်လှည့်မကြည့်ဘဲ ပြေးထွက်လာတော့သည်။
နဉ်ကျင်းအခန်း၏ငါးမီတာအကွာတွင် အိမ်တော်ထိန်းမှာ သူမလမ်းအားပိတ်လာပြီး အခန်းထဲဝင်မည်ကိုတားလာ၏။
"သခင်မလေးစူး နောက်ကျနေပြီမလို့ အခုဆိုသခင်လေးအနားယူနေတာ အချိန်အတော်ကြာနေပါပြီ။သခင်လေးက သခင်မလေးကို စိတ်ပျက်သွားပါလိမ့်မယ်။သခင်မလေးက ဘာလို့ဒီမှာညမအိပ်ရတာလဲ။မနက်ဖြန်သခင်လေးနိုးလာရင် သခင်လေးနဲ့တွေ့ဖို့ ကျွန်တော်စီစဉ်ပေးပါ့မယ်"
အိမ်တော်ထိန်းမှာ ည၌နဉ်ကျင်းအား စောင့်ကြပ်ပေးရလေ၏။သူသည်တာဝန်ချိန်အပြောင်းအရွှေ့အတွက် ပြင်ဆင်နေစဉ် စာကြည့်ခန်းဘက်မှနေ စူးယွင်လျှောက်လာသည်ကို တွေ့လိုက်ရသည်။သူမမျက်နှာမှာ မည်းမှောင်နေပြီး ခြေလှမ်းတို့သည်လည်း အလောတကြီးဖြစ်နေကာ မျက်ဝန်းတို့ထဲတွင်လဲ ဒေါသတို့ဖြင့် ပြည့်နေလေ၏။ညစောင့်အစေခံများသည် အနားမကပ်ရဲကြတော့ပေ။
သူမအားဤကဲ့သို့ပုံစံမျိုးဖြင့်တွေ့လိုက်ရသော် အိမ်တော်ထိန်းသည်မလွယ်ကူတော့သလို မခံစားရဘဲ မနေနိုင်ချေ။သူမသည် တစ်ခုခုအားရှာတွေ့ခဲ့သည်ဆိုသော ခံစားချက်မျိုးကို ရနေလေသည်။
သူသည်အခန်းတံခါးဘက်ကြည့်ကာ သူမအားမြန်မြန်အဝေးပို့၍ နဉ်ကျင်းထံသီးသန့်သတင်းပို့သည်မှာ အကောင်းဆုံးဖြစ်မည်ဟုတွေးလိုက်မိ၏။သူသည် ခံစားချက်လှည့်ကွက်ဖြင့် ဟန်ဆောင်ပြရန်လုပ်လိုက်သည်။
"အချိန်ကြာကြာအနားမယူမိရင် သခင်မလေးရဲ့ ကျန်းမာရေးအတွက် မကောင်းဘူးနော်။သခင်မလေးအနေနဲ့ ကိုယ့်ကိုကိုယ်ဂရုစိုက်သင့်ပါတယ်။ဒီအစေခံအိုကြီးမျက်စိရှေ့မှာတော့ ဘာတစ်ခုမှထိခိုက်မိစေလို့မရဘူးနော် အဲ့လိုမှမဟုတ်ရင် သခင်လေးက ဒီအစေခံအိုကြီးကို ကျိန်းသေအပြစ်ပေးပါလိမ့်မယ်"
အိမ်တော်ထိန်းသည် ခေါင်းအားအသာညွှတ်ကာ မျက်လုံးထောင့်မှတစ်ဆင့် စူးယွင်အားစူးစမ်းလိုက်၏။နဉ်ကျင်းအားမတွေ့ရဘဲပြန်မည်မဟုတ်သည့်လူကဲ့သို့ အမူအယာမျိုးသူမထံရှိနေသေးသည်ကိုတွေ့လိုက်ရ၍ သူ့မျက်လုံးများမှ မျက်ရည်တို့ကို သုတ်ဟန်ဆောင်ကာ ပြောလာသည်။
"ဒီအစေခံအိုကြီးအပြစ်ပေးခံရတာက ကိစ္စမရှိပေမယ့် သခင်မလေးရဲ့ မြင့်မြတ်တဲ့ကိုယ်သာအန္တရာယ်ဖြစ်ခဲ့ရင် အဲ့အပြစ်က ဒီအစေခံအိုကြီးရဲ့ သေစေနိုင်မယ့်အပြစ်ဖြစ်သွားပါလိမ့်မယ်"
အတိတ်တွင်ဆိုလျှင် စူးယွင်မှာ ဤကဲ့သို့စကားများအားကြားသည်နှင့် ထွက်သွားမည်ဖြစ်သော်လည်း ယနေ့တွင်တော့ အိမ်တော်ထိန်းမှာ အတွက်မှားခဲ့လေပြီပင်။သူမသည် မကျေမချမ်းဖြစ်နေကာ အရာရာတိုင်းအား အောက်ခြေထိရှာဖွေရန်ဆုံးဖြတ်ပြီးဖြစ်လေသည်။
သူမသည်နှာမှုတ်ကာ ပြန်ချေပလိုက်၏။
"အထဲမှာကျွန်မမြင်လို့ မသင့်တော်တဲ့အရာတွေရှိနေလို့လား"
နဉ်ကျင်း၏နှလုံးသားထဲမှ စူးယွင်၏အနေအထားကို ကောင်းကောင်းကြီးသိထားသော အိမ်တော်ထိန်းသည် သူ့လက်အားအမြန်ယမ်းကာပြောလာ၏။
"သခင်မလေးရယ် သခင်လေးရော သခင်လေးနဲ့သက်ဆိုင်သမျှအရာတွေအကုန်လုံးရော သခင်မလေးအပိုင်တွေပါပဲ။သခင်မလေး ကြည့်လို့မရတာဘာမှမရှိပါဘူး"
"ဒီလိုဆို ငါအခုဝင်သွားမယ်"
ထိုအခါမှသာ အိမ်တော်ထိန်းသည် စူးယွင်၏ထောင်ချောက်ထဲ ကျသွားခဲ့သည်ကို သဘောပေါက်သွားတော့၏။သူသည်တွန့်ဆုတ် တွန့်ဆုတ်ဖြင့်ပြောလာသည်။
"ဒါက...."
စူးယွင်သည် သူ့အားအေးစက်စွာကြည့်ပြီး တည်ငြိမ်ပေသိ ငြင်းဆန်မရသောလေသံဖြင့်ပြောလိုက်သည်။
"ကျွန်မကဒီနေ့ညမှာ သူ့အခန်းထဲဝင်ဖို့စိတ်ပြင်ဆင်ပြီးသွားပြီ။ပြီးတော့ ရှင်ကကျွန်မကို တားလို့မရနိုင်ပါဘူး"
သူမသည်အကြည့်လွှဲလိုက်ပေသိ သူမ၏အပြုအမူတစ်ရပ်လုံးမှာ *ငါ့ကိုတားရဲရင် တားကြည့်ကြ။ဘာဖြစ်လာမလဲသိလိမ့်မယ်* ဟူသောသတိပေးစကားကို ဖော်ပြနေလေ၏။
အိမ်တော်ထိန်းမှာ မည်သို့ပြန်ဖြေရမည်ကို မသိတော့ပေ။သက်ပြင်းတစ်ချက်ချကာ ခေါင်းသာယမ်းလိုက်တော့၏။
စူးယွင်သည် နှာခေါင်းရှုံ့ကာ သူ့ဘေးမှဖြတ်ကျော်၍ တံခါးအားတွန်းဖွင့်လိုက်လေသည်။
နဉ်ကျင်းသည် လုံးလုံးအိပ်မောကျနေသည်မဟုတ်ဘဲ အလွန်သတိရှိလေ၏။စူးယွင်မှ အခန်းတွင်းခြေသုံးလှမ်း လှမ်းဝင်လာသည်နှင့် သူနိုးလာခဲ့သည်။
သူသည်မျက်လုံးအားမှိတ်ထားကာ အိမ်တော်အစေခံများ၏ခြေသံမဟုတ်သော်လည်း တစ်နည်းနည်းဖြင့် ရင်းနှီးနေပုံရသည့်ခြေသံတို့ကို အာရုံစိုက်ကာ နားထောင်နေလိုက်၏။သူ၏အာရုံတို့သည် ချက်ချင်းထက်ရှလာသည်။
အိပ်ရာအား စူးယွင်တစ်ကြိမ်အသုံးပြုခဲ့ပြီးရာ နဉ်ကျင်းသည် နောက်တစ်ကြိမ်ရှိလာမည်ဟု ကြိုတင်မှန်းဆထားခဲ့၏။ထို့ကြောင့် သူသည် ကိုယ်ရေးကိုယ်တာကိစ္စတို့အား ဖုံးကွယ်မှုကို တိုးမြှင့်ရန် တစ်ယောက်ယောက်ကို ကုတင်၌လိုက်ကာများတပ်ဆင်စေခဲ့သည်။လိုက်ကာအားကြိုသုံးထားရန်အလို့ငှာ ယခုည၌အိပ်ရာမဝင်ခင် လိုက်ကာများကို တမင်ချထားခဲ့၏။