အခန်း (၇၁)
Vol. 8 Ch. 71
သူသည်ခန္ဓာကိုယ်အား အနည်းငယ်ကြွကာ ခေါင်းအုံးတွင်းထည့်ထားသည့် ခေါက်ယပ်တောင်အား ပြန်ဆွဲထုတ်၍ လက်ထဲကိုင်ထားလိုက်သည်။
အခန်းတွင်းတွင် မီးရောင်ရှိမနေသလို လိုက်ကာများမှလည်း အလင်းရောင်အများစုအား ပိတ်ဆို့ထား၍ ပြတင်းပေါက်မှလရောင်သည်သာ အလင်းကျရာတစ်ခုတည်းသော အရင်းအမြစ်ဖြစ်လေ၏။ဤခပ်မှိန်မှိန်အလင်းရောင်မှတစ်ဆင့် နဉ်ကျင်းမှာ အမှောင်ထုထဲရှိလူသည် မည်သူမှန်းမသိရပေ။
လူရိပ်မှာ အတားအဆီးတစ်ခုချင်းစီကို ဂရုတစိုက်ရှောင်ကာ ဖြည်းဖြည်းချင်း ခေါင်းငုံ့လျှောက်လာခဲ့၏။
သူမမှကုတင်ဘေးရောက်လာပြီး လိုက်ကာတို့ကို မ တင်ရန်လုပ်လိုက်ချိန်တွင် နဉ်ကျင်းမှာ တိုက်ခိုက်လိုက်သည်။သူ၏ဘယ်လက်ဖြင့် လိုက်ကာအားဆက်ကနဲ မ တင်ကာ ညာလက်မှာတော့ ယပ်တောင်အား ကျွမ်းကျွမ်းကျင်ကျင် လှည့်လိုက်၏။သူ့မျက်ဝန်းများမှာ အေးစက်မှုတို့ဖြင့် တောက်ပနေပြီး သူ့လှုပ်ရှားမှုတို့မှာ သွက်လက်ပြတ်သားကာ နောက်တစ်စက္ကန့်တွင်းမှာပင် သူမလည်ချောင်းအား လှီးဖြတ်၍ ဤနေရာတွင် သူမသွေးများဖြင့် ဖြန်းပက်ပစ်တော့မည့်အလားပင်။
သို့သော် ထိုအခိုက်အတန့်၌ ပြတင်းအပြင်ဘက်မှလရောင်သည် ယပ်တောင်၏ထက်မြိသောသတ္ထုထိပ်ဖျားထံ ရောင်ပြန်ဟပ်ကာ နဉ်ကျင်းအား ကျူးကျော်သူ၏သဏ္ဍာန်ကို ရှင်းရှင်းလင်းလင်းမြင်စေခဲ့သည်။သူ့မျက်ဝန်းများထဲရှိ အန္တရာယ်ရှိသောအကြည့်မှာ ချက်ချင်းပျောက်ကွယ်သွားပြီး ကြောက်ရွံ့မှု အရိပ်အယောင်မှအစားထိုးဝင်လာတော့၏။
သွက်လက်သောလှုပ်ရှားမှုဖြင့် သူသည်ယပ်တောင်၏လက်ကိုင်မှ ခလုတ်ကိုပိတ်ကာ ဓားသွားအားပြန်သိမ်းလိုက်သည်။
စူးယွင်သည် အမြင်အာရုံအားနည်းပေသိ သူမအကြားအာရုံမှာတော့ အမှောင်ထဲတွင် ထက်ရှနေလေ၏။သူမသည်လေထုအားခွင်း၍ သူမထံချိန်ရွယ်လာသော သတ္ထုသံကြွပ်ဆပ်ဆပ်တစ်သံကိုကြားလိုက်ရသည်။
ကြောင်အမ်းစွာဖြင့် လုံခြုံသောအကွာအဝေးအားထိန်းသ်ိမ်းရန် သူမသည် နောက်တစ်လှမ်းပြန်ဆုတ်လိုက်၏။တစ်ချိန်တည်းတွင်ပင် လရောင်မှအလင်းပြန်လာသည့် သတ္ထုဓားသွားပုံစံကို သူမမြင်လိုက်ရသည်။
စိတ်တွင်းကသောင်းကနင်းဖြစ်နေရာမှသည် သံသယအဖြစ်သို့ရောက်သွားပြီးနောက်ဆုံးတွင်တော့ လက်ခံလိုက်ရတော့၏။
ဟုတ်တယ်
ထိုအချိန်တွင် သူမသည် နဉ်ကျင်း၏ပင်ကိုသဘာဝဖြစ်သည့် သွေးဆာမှု၊ရက်စက်မှုနှင့် စည်းလွတ်ဘောင်လွတ်ဖြစ်မှုတို့ကို တွေ့လိုက်ရလေပြီ။
ထိုခဏချင်းမှာပင် သူမသည်သုန်းကွေ့စကားများအား ယုံလိုက်ရတော့၏။
စူးယွင်သည် ပါးစပ်ဖွင့်၍ တစ်ခုခုပြောလိုက်ချင်သော်ငြား သူမလည်ပင်းကိုတစ်ယောက်ယောက်မှ ညှစ်ထားသလို ခံစားလိုက်ရပြီး သူမအားဆွံ့အနေစေခဲ့သည်။
နဉ်ကျင်းသည် သူမမျက်စိမှုန်သည်ကိုသိနေ၍ သူမမှာ မည်သည်ကိုမှ မတွေ့လိုက်ဘူးဆိုသည့် မျှော်လင့်ချက်အချို့ကို ဆုပ်ကိုင်ထားနေမိ၏။
သူသည်တိတ်တိတ်လေးသက်ပြင်းချကာ သူ့အမူအယာအားပြင်၍ ဘာတစ်ခုမှမဖြစ်ခဲ့သလို ဟန်ဆောင်လိုက်သည်။သူသည်အပြုံးတစ်ခုဖြင့်ပြောလာ၏။
"ဒီလောက်နောက်ကျနေတာကို မင်းဘယ်လိုလုပ်ရောက်လာတာလဲ"
သူသည်ညအိပ်ဝတ်ရုံရှည်အား ဝတ်ထားကာ ဆံနွယ်တို့သည်လည်း အိပ်စက်ထားသောကြောင့် ဖရိုဖရဲဖြစ်နေပြီး ခေါက်ယပ်တောင်အား ဘေးဘက်သို့ ပြီးစလွယ်ပစ်ချလိုက်သည်။ထို့နောက် သူသည်စောင်အားမ ကာအပြင်ထွက်လိုက်ပြီး သူမလက်အားဆွဲလာ၏။
"အေးနေတာပဲ"
သူသည်ထိုသို့ပြောရင်း အခြားလက်တစ်ဖက်အား သူမလက်ပေါ်တင်ကာ နွေးထွေးသွားစေရန် ပွတ်ပေးလာသည်။
"နောက်တစ်ခါ မင်းကိုယ့်ကိုလွမ်းရင် တစ်ယောက်ယောက်ကို ပြောခိုင်းလိုက်။ကိုယ်မင်းဆီလာတွေ့လိုက်မယ်"
သူသည်ပြတင်းပေါက်မှတစ်ဆင့်ကြည့်လိုက်ရာ အပြင်ဘက်တွင် တော်တော်မှောင်နေပြီကို သတိပြုမိလိုက်ပြီး အနားတွင်မည်သူရှိမရှိသိရန် တံခါးဘက်သို့ပြန်ကြည့်လိုက်၏။
"မင်းဒီလိုမျိုးထွက်လာတာ မလုံခြုံဘူးနော်။မင်းနဲ့အတူတစ်ယောက်ယောက်ကို အဖော်ခေါ်လာသင့်တယ်"
သူ့စကားများမှာ ခပ်တင်းတင်းဖြင့်ဆူနေပုံရသော်လည်း သူ့နှလုံးသားထဲတွင်တော့ ကျေနပ်ပျော်ရွှင်နေခဲ့သည်။ပြောရလျှင် ဤသည်မှာ စူးယွင်မှသူ့ထံအစပျိုးကာ ချဉ်းကပ်လာသည့် ပထမဆုံးအကြိမ်ဖြစ်သည်မဟုတ်ပါလော။
နဉ်ကျင်း၏အပြုံးမှာ ပိုပီပြင်လာပြီး သူမအားကုတင်ဆီခေါ်သွားလိုက်သည်။
"မင်းပင်ပန်းနေပြီလား။ကိုယ်နဲ့ခဏလာအိပ်လိုက်လေ"
သို့သော်ငြား စူးယွင်သည် သူမလက်အား အဆွဲခံမည့်အစား သူ့လက်ထဲမှရုန်းထွက်လိုက်သည်။
"ဘာဖြစ်လို့လဲ"
နဉ်ကျင်းသည် မရေမရာဟန်ဖြင့်မေးလိုက်၏။
စူးယွင်သည် ပြန်မဖြေခဲ့ပေ။သူမ၏ရှိနေကျ ကျီစယ်လိုရိပ်တို့မှာလည်း ယခုအချိန်၌ တောင့်ခဲနေလေကာ သူမမျက်ဝန်းအစုံသည် အိပ်ရာထက်ရှိ ခေါက်ယပ်တောင်ကိုသာ မလှုပ်မယှက်စိုက်ကြည့်နေလေ၏။
"မင်းကိုယ့်အိပ်ရာပေါ်မှာ မအိပ်ချင်ရင် မင်းအခန်းဆီခေါ်သွားပေးမယ်လေ"
နဉ်ကျင်းသည် သူမမှာ ပြီးခဲ့သည့်မတော်တဆမှုအပေါ်စိတ်ဆိုးနေဆဲဖြစ်သည်ဟု ယူဆကာပြောလိုက်၏။သူသည် နှစ်သိမ့်အာမခံသည့်အနေဖြင့် လက်အားမြှောက်ကာ
"မင်းအတွက်တစ်ခန်း ကိုယ့်အတွက်တစ်ခန်းပဲ။ကိုယ်မင်းအခန်းထဲ ဝင်မလာပါဘူးလို့ ကတိပေးတယ်"
စူးယွင်သည် ပြန်မဖြေဘဲ နှာခေါင်းရှုံ့လိုက်သည်။
ထိုအစား သူမသည် စကားစပြောလာ၏။
"ရှင်ကဘာလို့ ကျွန်မကိစ္စတွေထဲဝင်ပါရတာလဲ"
နဉ်ကျင်းသည် တုံးအသူမဟုတ်ရာ သူမဘာကိုရည်ညွှန်းသည်ဆိုသည်အား သဘောပေါက်ရန် အချိန်သိပ်မယူလိုက်ရပေ။သူ့အကြည့်မှာ လွှဲသွားပြီး ခပ်တိုးတိုးပြောလာ၏။
"ကိုယ်...."
စူးယွင် : "အဲ့ဒါက ကျွန်မကောင်းဖို့အတွက်ပါလို့ ရှင်ပြောမလို့လား။ဒါမှမဟုတ် အခြားအကြောင်းအရင်းများရှိသေးလား"
"မဟုတ်ဘူး ကိုယ်က...."
"ဒါဆိုဘာလဲ ရှင်ကကျွန်မအတွက် အရေးကြီးတယ်လို့များထင်နေလား။အဲ့ဒါကြောင့် ကျွန်မစိတ်ဆန္ဒမပါဘဲ ကျွန်မအစားရှင်ကဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိသွားတယ်ပေါ့"
နဉ်ကျင်းမှာ သူမစကားများကြောင့် နင့်ကနဲခံစားလိုက်ရကာ သူ့နှလုံးသားသည်လည်း နာကျင်မှုကြောင့် စူးအောင့်သွားတော့သည်။
သူသည် မျက်ဝန်းများထဲရှိ ဝမ်းနည်းမှုကို ကြိုးစားဖိနှိပ်ကာ
"ကိုယ်ကမင်းကို ကိုယ်နဲ့အတူရှိပြီး အချိန်ပိုဖြုန်းစေချင်ရုံလေးပါ"
စူးယွင်သည် နားထောင်ရင်း သူ့ထံခုလေးတင်ပြောမိလိုက်သည့် အေးစက်စက်စကားတို့အား ပြန်သတိရကာ ခါးသီးသောအောင့်သက်သက်ဖြစ်မှုမှာ သူမနှလုံးသားမှတစ်ဆင့် ဆန်တက်လာလေ၏။သို့သော် အပြစ်မဲ့သည့်လူများ၏ နာကျင်မှုကို တွေးတောမိချိန်တွင်တော့ သူမမှာ ထိုခံစားချက်အား ဖိနှိပ်ထားလိုက်တော့သည်။
စူးယွင်သည် သူ့ထံအေးစက်စက်အကြည့်ဖြင့်ကြည့်ကာ ပြောလိုက်၏။
"ရှင်ကကျွန်မနဲ့အတူရှိချင်ရုံလေးနဲ့ပဲ သုန်းမိသားစုခေါင်းဆောင်နဲ့ သုန်းရှို့ရဲ့အသက်တွေကို ယူလိုက်တာက အဆင်ပြေသွားမယ်လို့ ထင်နေတာလား"
"သုန်းရှို့က လူကောင်းတစ်ယောက်မဟုတ်ပေမယ့် ဒီလိုလုပ်တာကတော့ ပြင်းထန်လွန်းတယ်။ကျွန်မမှာ အဲ့အကြောင်းကို သက်သေပြဖို့တို့ ဆွေးနွေးဖို့တို့ကို လုပ်မှာမဟုတ်ဘူး"
"ဒါပေမယ့် သုန်းမိသားစုခေါင်းဆောင်မှာ အမှားမရှိဘူးလေ။အဲ့ဒါကိုတောင် ရှင်ကဘာလို့ ဒီလိုလုပ်ရက်ရတာလဲ"
စူးယွင်သည် သူ့ရင်ဘတ်အား လက်ညှိုးဖြင့်ထိုးကာ
"အဲ့လိုလုပ်လိုက်မိတဲ့အပေါ် ဘာအပြစ်ရှိစိတ်မှ ရှင်မခံစားရဘူးလား"
သူမသည် ပင့်သက်ရှိုက်ကာ နဉ်ကျင်းတစ်ယောက် အပြစ်မဲ့သည့်လူများကို ဤကဲ့သို့ ညှင်းပန်းနှိပ်စက်မှုမျိုးဖြစ်စေခဲ့သည်အား မယုံကြည်နိုင်သေးပါပေ။
သူမစကားများမှနေ နောင်တတရားတစ်ခုတစ်လေအား သူရလေမလားဟု သိချင်၍ သူ့ထံမော့ကြည့်လိုက်သည်။
နဉ်ကျင်းသည် စူးယွင်အားကြည့်ကာ သူ့မျက်ဝန်းအိမ်တို့မှာတော့ ထိတ်လန့်မှုကြောင့် မှေးကျဉ်းနေလေ၏။
သူမှပြောလာသည်။
"ကိုယ်သူတို့ကို မသတ်ခဲ့ဘူး"
သူသည်သုန်းကွေ့နှင့် သဘောတူညီမှုယူပြီးဖြစ်ကာ သူ့စကားအား ပြန်ရုတ်သိမ်းမည်မဟုတ်ပေ။သူသည် သူ့ကိုယ်သူ လူကောင်းတစ်ယောက်ဟု မယူဆပေသိ သူ၏သတ်ဖြတ်လိုစိတ်တို့ကို သိုဝှက်မထားပါဟု မပြောနိုင်ပေသိ သူသာကတိတစ်ခုပေးပြီးပါက ထိုကတိကိုလိုက်နာမည်ဖြစ်ကာ သူ့စကားတို့ကို ပြန်ရုတ်သိမ်းမည်မဟုတ်ချေ။
နဉ်ကျင်းသည် စူးယွင်ပုခုံးထက်လက်တင်ကာ
"ကိုယ့်ကိုယုံပေးပါ ကိုယ်မလုပ်ခဲ့ပါဘူး"
သူသည်စူးယွင်ထံကြည့်ရင်း အပေါ်ယံတွင် တည်ငြိမ်သည့်အမူအယာအား ထိန်းထားပေသိ စိတ်ထဲတွင်တော့ သူကြောက်ရွံ့ထိတ်လန့်နေပြီဖြစ်သည်။
သူကြောက်သည် အမှန်ပင် ကြောက်ရွံ့မိပါ၏။
စူးယွင်သည် ရုန်းထွက်ကာ ပြောလိုက်သည်။
"ကျွန်မရှင့်ကိုယုံပါတယ်"
နဉ်ကျင်းသည် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းတစ်ချက်ချကာ ရှေ့ကိုတိုး၍သူမအားဖက်ရန်ပြင်လိုက်စဉ် သူမဆက်ပြောလာသည်ကို ကြားလိုက်ရ၏။
"ဒါပေမယ့် ကျွန်မရှင့်ကိုခွင့်မလွှတ်နိုင်ဘူး။အခုလတ်တလောတော့ ကျွန်မတို့တွေခဏလောက်ခွဲနေကြရအောင်"
သူ့ထံအကြည့်တစ်ချက်ပင်ပေးမလာပါဘဲ သူမသည်လှည့်ထွက်သွားလိုက်၏။
"ဘာလို့လဲ"
နဉ်ကျင်းသည် သူမလက်ကောက်ဝတ်အားကိုင်၍ နောက်သို့ပြန်ဆွဲလိုက်သည်။သူ့မျက်ဝန်းထောင့်တို့မှာ နီရဲနေပြီး သူ့အသံတို့မှာလဲ ဖိနှိပ်ထားရသည့် အမျက်တို့အပြည့်ပင်။
"အဲ့ဒီလူအနည်းစုလေးကြောင့်တင်ပဲလား"
"သူတို့က ဒီအတိုင်းအဖိုးမတန်တဲ့အသက်လေးတွေပဲလေ။သူတို့သေသွားရင်လဲ သေတယ်ပဲပေါ့"
"နဉ်ကျင်း"
စူးယွင်သည် ပြတ်သားသောလေသံဖြင့် သူ့အားဆူငေါက်တော့၏။သူမသည် သူနှင့်ကွာခြားလွန်းလှသည်။သူမသည်တော့ အသက်တိုင်းအား လေးစားလှပါ၏။အထူးသဖြင့် အပြစ်မရှိသော အသက်များကိုပင်။
"သူတို့နဲ့ရှင့်ကြားမှာ ကွာခြားနေတာဘာရှိလို့လဲ"
"အပြင်ပိုင်းမှာတော့ ကောင်းမွန်မြင့်မြတ်သလိုဟန်ဆောင်နေပြီး နောက်ကွယ်မှာကျ သွေးဆာနေတဲ့မကောင်းဆိုးဝါးဖြစ်နေတယ်။လုံးဝအရူးတစ်ယောက်ပဲ"
သူသည်သူမလက်အား တင်းတင်းဆုပ်ကိုင်ကာ ဖြူဖျော့နေသောမျက်နှာ၊မျက်ထောင့်နီများ၊သူ့ကိုယ်မှပေါ်နေသည့် အသားအရေမှာပင် ကြက်သွေးရောင်သန်းနေသည်မှာ သားရဲသိုက်ထဲမှ ထိန်းချုပ်မှုလွတ်နေသည့် သားရဲတစ်ကောင်နှင့်ဆင်တူနေလေသည်။
စူးယွင်သည် အရိုက်ခံရတော့မည်ထင်၍ သူမမျက်လုံးများအားမှိတ်ချလိုက်၏။သို့သော် သူမအားအံ့ဩသွားစေသည်မှာ နဉ်ကျင်းသည် သူမလက်အားလွှတ်၍ လှည့်ထွက်သွားခြင်းဖြစ်သည်။
သူမသတိပြန်ကပ်၍ သူ့နောက်ပြေးလိုက်သွားချိန်တွင်တော့ နောက်ကျလွန်းသွားပြီပင်။သူမသည် သူပြောလိုက်သည့်စကားကိုသာကြားလိုက်ရ၏။
"တံခါးကို သော့ခတ်ပိတ်ထား သူမထွက်ပြေးမသွားစေနဲ့"
ထို့နောက် ချောက်ကနဲအသံထွက်လာလေသည်။
တံခါးထက်တွင် သော့ခလောက်တစ်ခုရှိနေပြီး ထိုသော့ခလောက်မှာ စူးယွင်အပေါ် နင့်နင့်သီးသီးဖိချနေသည့်အလား ခံစားလိုက်ရလေသည်။သူမသည်တံခါးအားမှီထိုင်ကာ မျက်ဝန်းတို့အားမှိတ်၍ ဖြစ်ခဲ့သမျှအရာတိုင်းအား မတွေးမိစေရန်ကြိုးစားနေလိုက်၏။