အခန်း (၇၂)
Vol. 8 Ch. 72
အပြင်ဘက်တွင်တော့ တိမ်များမှာဖြည်းဖြည်းချင်းစုဝေးလာပြီး လဝန်း၏တစ်ဝက်လောက်ကို ဖုံးအုပ်သွားကာ ညကောင်းကင်ယံအား ပျောက်ကွယ်သွားအောင် လုပ်နေတော့သည်။
အိမ်တော်အား လွှမ်းခြုံထားသည့် အပြင်ဘက်ရှိအမှောင်ထုမှာ ဖြည်းညှင်းစွာ လွှင့်ပါးသွားပြီး စိုစွတ်စွတ်လေထုမှာ အစားထိုးဝင်ရောက်လာ၏။မိုးရေစက်များမှာ ပြတင်းတံခါးအားရိုက်ခတ်၍ မြင်ကွင်းအားဝေဝါးနေစေသည်။
စူးယွင်သည် မတ်တပ်ရပ်ရန် ကြမ်းပြင်ပေါ်လက်ထောက်လိုက်၏။နောက်ခဏတွင်ပင် သူမလက်မှာချော်သွားပြီး သူမထိုင်နေသည့်နေရာပေါ်ပြန်ပြုတ်ကျသွားတော့သည်။
သူမလက်မောင်းမှာ ထုံကျဉ်နေလေ၏။သူမသည် ခံစားချက်ပြန်ရလာသည်ထိ အကြိမ်ရေအချို့လှုပ်ယမ်းလိုက်သည်။
ခဏအကြာတွင် စူးယွင်မတ်တပ်ရပ်နိုင်ခဲ့၏။သူမသည်တံခါးအားကန်ကာ ကျယ်ကျယ်လောင်လောင်ကျိန်ဆဲပါတော့သည်။
"သေစမ်း တစ်ကယ်သောက်ရူးကောင်ပဲ။ငါဒီထဲကမထွက်နိုင်သေးခင်ထိသာ စောင့်နေလိုက် ဒီလုပ်ရပ်အတွက် နင်နောင်တရအောင် ငါလုပ်ပြမယ်"
ရုတ်ချည်းဘန်းကနဲထွက်လာသည့် အသံကျယ်ကြီးမှာ အပြင်ဘက်ရှိလူများအား ကြောင်အမ်းသွားစေ၏။သူတို့သည် အလိုလိုနားများအုပ်လိုက်မိကာ တံခါးဘက်လှည့်ကြည့်၍ ဆက်ဖြစ်လာမည့်အရာများအတွက် သူတို့ကိုယ်သူတို့ အသင့်ပြင်ထားလိုက်ကြသည်။
သို့သော် ဘာမှဖြစ်မလာခဲ့ပေ။ထူးထူးဆန်းဆန်းကို တိတ်ဆိတ်နေလေ၏။အခန်းထဲရှိနေသော စူးယွင်မှာ အပြင်ဘက်ရှိလူများဘာတွေတွေးနေသည်ကို မသိပါဘဲ တံခါးအားဆက်ကန်နေလိုက်သည်။သူမမှာ ဤနေရာသည် နဉ်ကျင်း၏အိမ်တော်ဖြစ်ကာ သူ့စကားသည်သာ အမိန့်ဖြစ်သည်ကို သဘောပေါက်လိုက်၏။မည်သူမှ သူ့အားဆန့်ကျင်ဝံ့မည်မဟုတ်ပေ။ဤနေရာ၌အားကုန်ခံမည့်အစား အိပ်၍သူမခွန်အားများကို ထိန်းထားသည်မှာ ပိုကောင်းပေလိမ့်မည်။
အချိန်လုံလုံလောက်လောက်ကြာပြီးချိန် သို့မဟုတ် နဉ်ကျင်းစ်ိတ်ငြိမ်သွားချိန်တွင်တော့ သူမအားပြန်လွှတ်ပေးလောက်မည်ပင်။
စူးယွင်သည် သူမဝတ်စုံအားကြည့်၍ မျက်မှောင်ကြုတ်လိုက်၏။
ထွက်မလာခင်၌ သူမသည်ချုံဆမ်းအား လဲဝတ်လာခဲ့ခြင်းပင်။အထည်သားမှာ အတော်လေးတင်းကြပ်နေကာ သူမခါးတစ်ဝိုက်၌ကွက်တိကျနေ၍ မလှုပ်သာမလူးသာဖြစ်စေပြီး ဝတ်စုံဖြင့် အိပ်စက်ရန်မှာပို၍ပင် အဆင်မပြေဖြစ်စေလေသည်။
သူမမျက်ဝန်းတို့မှာ နေရာတစ်နေရာဆီအကြည့်မရောက်ခင်ထိ အခန်းအားလှည့်ပတ်ကြည့်နေလိုက်၏။သူမသည်နံရံတစ်ခုရှေ့သို့ လျှောက်သွားကာရပ်လိုက်သည်။
စူးယွင်သည် အဝတ်အစားများ၏ပုံကြမ်းတို့ကို ဆွဲခဲ့ဖူးသောနံရံနေရာတစ်ခုဆီ ကြည့်လိုက်၏။ထိုနေရာပေါ် အသာလေးဖိချလိုက်သည်။
နဉ်ကျင်းသည် အဝတ်များအားဤနေရာ၌သိမ်းထားသည်ကို ယခင်ကမြင်ဖူးသဖြင့် သူမမှတ်မိနေလေ၏။
စူးယွင်မှာ တစ်နည်းတစ်ဖုံဖြင့် မရေမရာဖြစ်ကာ နွမ်းလျ၍တုံ့ဆိုင်းနေပေသိ ဘာမှမမှားဘူးဟုသာယူဆလိုက်သည်။
နံရံသည် တံခါးတစ်ချပ်အရွယ်လောက်ရှိကာ ညာဘက်သို့လျှောပွင့်သွားပြီး ဖုံးကွယ်ထားသည့်နေရာတစ်ခုကို ဖော်ထုတ်လာလေ၏။
စူးယွင်သည် ထိုနေရာအားကြည့်ကာ ခဏတာမျှကြောင်အမ်းသွားရသည်။
နောက်ဆုံးအကြိမ်တုန်း၌ သူမသည်သူအဝတ်များအား ပြန်သိမ်းနေသည်ကိုသာကြည့်နေမိခဲ့ပြီး အတွင်းပိုင်းထံ အကြည့်တစ်ချက်မပို့မိခဲ့ပေ။
ဖော်ထုတ်ခံလိုက်ရသောနေရာသည် သူမရှိနေသည့်အခန်းထက်သေးငယ်မနေပေ။အခန်းတွင်းဝယ် အဝတ်များ အများအားဖြင့်ဖြူဖျော့ဖျော့အရောင်ဖြင့် အဝတ်များအပြည့်ပင်။
စူးယွင်သည် ခပ်ဖွဖွရယ်လိုက်မိ၏။သူသည်ထိုအရောင်အားတစ်ကယ်မျက်နှာလိုက်ပုံပင်။
သူမသည်အထဲဝင်သွားကာ ညဝတ်အထည်များသိမ်းသည့်နေရာဆီဦးတည်လိုက်၏။သူမသည်ပေါ့ပေါ့ပါးပါးရှိမည့်ကြုံရာတစ်ထည်ကို ယူလိုက်သည်။သူမချုံဆမ်းအားချွတ်ကာ ထိုနေရာတွင်ပင် ညအိပ်ဝတ်ရုံအားလဲဝတ်လိုက်၏။
နဉ်ကျင်းသည်အရပ်ရှည်သူဖြစ်ရာ သူ့အဝတ်များသည်လည်း စူးယွင်ထက် ပိုကြီးနေလေသည်။သူမကိုယ်ထက်တွင် အင်္ကျီလက်နှင့် ဘောင်းဘီအနားများမှာ သူမခြေလက်တို့ထက် ပိုထွက်နေလေ၏။သူမစိတ်မရှိပါပေ။အင်္ကျီလက်အားလိပ်တင်ကာ ဘောင်းဘီအနားစတို့ကိုတော့ ဂရုမစိုက်ဘဲ တရွတ်တိုက်သာရှိနေစေသည်။
စူးယွင်လမ်းလျှောက်ချိန်တွင် ဘောင်းဘီအနားများမှာ သူမအားခလုတ်တိုက်လဲစေလုနီးနီးပင်။သူမသည် ခန္ဓာကိုယ်အားဟန်ချက်ပြန်ထိန်းရန် မသိစိတ်အရ နံရံဆီလက်ထောက်လိုက်မိပေသိ မထင်မှတ်ဘဲ နောက်ထပ်လျှို့ဝှက်အခန်းတစ်ခု၏ ယန္တရားတစ်ခုကိုအသက်ဝင်စေမိခဲ့သည်။
သူမထိုနေရာအားကြည့်လိုက်မိ၏။အခန်းမှာ မည်သည့်မီးမှထွန်းမထား၍ အမှောင်အတိဖြစ်နေရာ အခန်းထဲရှိအရာများအား သတိပြုမိရန်ခက်ခဲစေသည်။
သိချင်စိတ်ဖြင့် သူမသည်နံရံအားစစ်ဆေးကာ ခလုတ်တစ်ခုအားတွေ့လေမလားဟု သေချာကြည့်လိုက်၏။သို့သော် နံရံအားသူမလက်ထိရန်ပြင်လိုက်စဉ် တုံ့ဆိုင်းသွားရပြီး လက်ပြန်ဆုတ်လိုက်သည်။တိတ်တဆိတ်ပင် လျှို့ဝှက်ခန်းတံခါးအားပိတ်ကာ အဓိကအခန်းဆီပြန်သွားလိုက်၏။
အချို့အရာများမှာ မဖော်ထုတ်ဘဲထားလိုက်သည်က ပိုကောင်းသည်ဟု သူမဘာသာသတိပေးနေလိုက်သည်။အဆုံးထိတူးဖော်ခြင်းသည် ထိုလူလက်ခံနိုင်မည့်အဖြေကို အမြဲပေးနိုင်မည်မဟုတ်ရာ တစ်ခါတစ်ရံ၌လျစ်လျူရှုလိုက်ခြင်းသည် အမှန်ပင်ကောင်းချီးသာဖြစ်လေ၏။ယခုကဲ့သို့ပင် ရင်မဆိုင်ဝံ့သောအမှန်တရားနှင့် တွေ့ဆုံလိုက်ရချိန်တွင် ပို၍ပြင်းထန်သော တင်းအားတို့ကိုသာဖြစ်စေပြီး နှစ်ဖက်သားအား အဆက်အသွယ်မလုပ်ကြတော့သည်ထိ တင်းမာစေခဲ့သည်။
သူမဖိနပ်တို့အား ကန်ချွတ်ကာ စူးယွင်သည် နဉ်ကျင်းကုတင်ထက်တက်သွားလိုက်၏။
သူ့ကိုယ်မှစွဲကျန်ရစ်သောအနွေးဓာတ်မှာ အတော်ကြာကတည်းမှ လွှင့်ပြယ်သွားပြီဖြစ်ပြီး သူမကိုယ်ထက်တွင် အေးစက်စက်စောင်များအဖြစ်သာရှိနေတော့သည်။သို့သော်ငြား သူ့ရနံ့တို့သည် ကုတင်ထက်ငြိတွယ်နေသေးရာ သူမဘေး၌ သူရှိနေသလို နီးကပ်နေသည့်ထူးထူးဆန်းဆန်းခံစားချက်တစ်ခုမှာ သူမအားရစ်နှောင်နေတော့၏။
စူးယွင်သည် မျက်ဝန်းများအားမှိတ်ကာ မြန်မြန်ပင်အိပ်ပျော်သွားတော့သည်။
ညလယ်၌အနှိုးခံခဲ့ရကာ နောက်ဆက်တွဲရစ်နွှယ်လာသည့် ဖြစ်ရပ်များအား ရင်ဆိုင်ခဲ့ရ၍ သူမမှာစိတ်ရောကိုယ်ပါ ပင်ပန်းနေပြီဖြစ်၏။
နေ့လယ်တွင် နဉ်ကျင်းမှာ ဝမ်ကောမှနေ အိမ်တော်ဆီပြန်ရောက်လာပြီပင်။
မနေ့ည၌စူးယွင်နှင့်ကတောက်ကဆဖြစ်ခဲ့ရာ သူ့စိတ်အားချုံးချုံးကျစေခဲ့သည်။သူ့အား *အရူး*ဟုခေါ်လိုက်သော သူမစကားတို့သည် ပျောက်ကွယ်သွားရန် ငြင်းဆန်နေပြီး မရပ်မနားကြားယောင်နေစေ၏။ထိုသည်မှာ သူမစိတ်ဆိုးနေ၍ မရည်ရွယ်ဘဲပြောလိုက်သည်ဟု သူ့ဘာသာနားချနေပေသိ သူ၏ကသောင်းကနင်းဖြစ်နေသော စိတ်အစဉ်ကိုအနည်းငယ်သာ သက်သာရာရစေခဲ့သည်။အချိန်အတော်ကြာဖိနှိပ်ထားခဲ့သည့် သူ့ကိုယ်ထဲရှိအရာမှာ အချုပ်အနှောင်တို့အား ချိုးဖျက်၍အပြင်ဘက်သို့သူ့ဘာသာထွက်လာတော့မည့်အလား ခြိမ်းခြောက်နေသလိုခံစားနေရ၏။
သူ့ကိုယ်သူစိတ်ငြိမ်အောင်မထိန်းနိုင်တော့ရာ နဉ်ကျင်းသည် သူ့စိတ်ထဲရှိပရမ်းပတာဖြစ်နေသည်တို့ကို ပြေပျောက်စေရန်ကုသမှုတို့အား ရှာဖွေခဲ့သည်။
လမ်းများတစ်လျှောက် ဦးတည်ရာမရှိလေလွင့်နေပြီးနောက် ဝမ်ကောဆီရောက်သွားခဲ့၏။
အစောမှစူးယွင်ထွက်လာခဲ့သည့် နောက်တံခါးမှာ ဟနေပြီး သော့ခတ်ပိတ်မထားဘဲ အမှုမဲ့အမှတ်မဲ့စေ့ထားခဲ့ခြင်းပင်။
နဉ်ကျင်းသည် တံခါးအားတွန်းဖွင့်ကာ စူးယွင်၏အခန်းဆီတန်းတန်းသွားလိုက်၏။တုံ့ဆိုင်းမနေပါဘဲ သူသည်သူမကုတင်ထက် တက်ကာ ထင်ကျန်ရစ်နေသော သူမရနံ့တို့ဖြင့် သူ့အားသိုင်းဖက်စေလိုက်သည်။
သူသည်စောင်အားတင်းတင်းဆုပ်ကိုင်ကာ စွဲထင်နေသောရနံ့တို့အား ခပ်ပြင်းပြင်းရှူရှိုက်လိုက်၏။ရင်းနှီးနေသော ရနံ့တို့မှာ သူ၏အနားမရသောစိတ်နှလုံးအား တည်ငြိမ်စေကာ နှစ်သိမ့်ပေးနိုင်ပုံပင်။
သူသည်တစ်ညလုံးမအိပ်ခဲ့ဘဲ စောင်ကိုသာကိုင်ထားကာ သူမ၏ရနံ့တို့ကို ရှူရှိုက်နေခဲ့သည်။
------------
သော့ခတ်ထားသည့်တံခါးရှေ့၌ရပ်ကာ နဉ်ကျင်းသည်တုံ့ဆိုင်းနေခဲ့၏။သူသည်သော့ခလောက်အားကြည့်ရင်း နေရာတွင်တောင့်တင်းသွားကာ ရှေ့သို့ခြေတစ်လှမ်းတိုးသွားလိုက်မိသည်။
မနေ့ညတွင် မကျေမချမ်းဖြစ်မှုနှင့် ဒေါသတို့ကြောင့် တံခါးအားသော့ခတ်ထားရန် သူအမိန့်ပေးခဲ့မိ၏။
သို့သော်ထိုသည်မှာ သူ၏ရည်ရွယ်ချက်အမှန်မဟုတ်ပေ။သူကြောက်သည်မှာ သူမှထိန်းချုပ်မှုလွတ်သွား၍ သူမကိုနာကျင်စေမည်ကိုပင်ဖြစ်ပြီး သူမသည်လည်း စိတ်ခံစားချက်တို့မတည်မငြိမ်ဖြစ်နေရာ တဇွတ်ထိုးပြေးထွက်သွားခဲ့ပါက မတော်တဆအန္တရာယ်နှင့် ကြုံတွေ့သွားနိုင်မည်ကိုပင်။
သူသည်လက်သီးအားတင်းတင်းဆုပ်ကာ သူ့မျက်ဝန်းတို့သည်လည်း နောင်တတို့အပြည့်ရှိနေသည်။
အဆုံးတွင်တော့ သူသည်သူမအားဆွဲမထားနိုင်သည်ကို သဘောပေါက်လိုက်၏။
ငါသာဒီလိုဆက်လုပ်နေရင်.....သူမကတစ်ကယ်ပဲ......ငါ့ကိုတစ်သက်လုံးထားသွားတော့မှာလား။
နဉ်ကျင်းသည် မတင်မကျဖြစ်မှုတို့အား ချိုးဖြတ်ကာ တံခါးထံစိုက်ကြည့်နေလေ၏။
သူသည်အချိန်အတော်ကြာသည်ထိ ထိုနေရာတွင်ရပ်နေသည်မှာ အစေခံတစ်ဦးမှ နေ့လည်စာလာပို့သည်ထိ အပြင်တွင်ရပ်နေဆဲပင်။
ဗန်းတစ်ချပ်အားကိုင်ထားသော အစေခံတစ်ဦးသည် သူ့အားနှုတ်ဆက်လာ၏။
"သခင်လေး"
နဉ်ကျင်းသည် ဗန်းအားကြည့်ကာမေးလိုက်သည်။
"ဒါကသခင်မလေးစူးအတွက်လား"
"ဟုတ်ပါတယ် သခင်လေး"
အစေခံမှာ ထိုမေးခွန်းနောက်ကွယ်ရှိ ရည်ရွယ်ချက်ကိုမသိရာ စိုးရိမ်တကြီးပြန်ဖြေလိုက်၏။
ချွေးစေးတို့မှာ သူ့နောက်ကျောထက် ဖြည်းဖြည်းချင်းစီးကျလာလေသည်။အိမ်တော်ထဲရှိလူတိုင်းမှာ မနေ့ည၌ သခင်မလေးစူးမှ သခင်လေးနဥ်အခန်းထဲ ဝုန်းဒိုင်းကြဲဝင်ကာ နဉ်ကျင်းအားဒေါသထွက်စေခဲ့၍ သော့ခတ်ပိတ်ခံထားရသောရုတ်ရုတ်သဲသဲကိစ္စကိုသိထားကြလေ၏။သဘာဝကျကျပင် သူတို့သည် သူမမှာယနေ့၌အပြစ်ဒဏ်အားခံယူရတော့မည်ဟု ယူဆခဲ့ကြလေသည်။
ပြောရလျှင် သခင်လေးနဉ်မှာ သူ၏အကြင်နာမဲ့မှုကြောင့် လူသိများလေ၏။
သို့သော်ဤမနက်တွင် သခင်မလေးစူးအား အစွမ်းကုန်ဂရုတစိုက်ဖြင့် ခစားရမည်ဆိုသည့် ထင်မထားသောအမိန့်တစ်ခုမှာ အိမ်တော်တစ်ခုလုံးတွင် ပျံ့နှံ့သွားတော့သည်။သူမအားခစားရာတွင် လျစ်လျူရှုမှုရော အပေးအယူလုပ်မှုရော မရှိစေရ။
အစေခံမှာ အိမ်တော်ထိန်း၏ရည်ရွယ်ချက်များအား နားမလည်ပေသိ စည်းမျဉ်းအရအိမ်တော်ထိန်း၏တင်းကြပ်သော အမိန့်တို့ကို လိုက်နာရန်သာတတ်နိုင်လေသည်။
အစေခံသည် နဉ်ကျင်းအားခိုးကြည့်လိုက်ရာ သူ့မျက်ဝန်းများအောက်တွင် အမည်းကွင်းများရှိနေပြီး အသားအရေမှာလည်း နွမ်းလျနေသည်ကို သတိပြုမိလိုက်၏။
သူကအစားအသောက်အရည်အသွေးကို စိတ်မကျေနပ်လို့များလား။
လေထုမှာတိတ်ဆိတ်မှုတို့ဖြင့် လေးလံလာလေ၏။အစေခံသည်အသက်အောင့်ကာ အမူအယာမပြောင်းသေးသည့် နဉ်ကျင်းထံထပ်ခိုးကြည့်လိုက်သည်။သူ၏တာဝန်ကိုလက်ခံရမည်ဟု စိတ်သွင်းကာ ဒူးထောက်ရန်ပြင်လိုက်စဉ် နဉ်ကျင်းပြောလာသည်ကို ကြားလိုက်ရ၏။
"ငါ့ဆီအဲ့ဒါကိုပေး ငါပဲအထဲယူသွားလိုက်မယ်"
အချိန်အကြာကြီးတုံ့ဆိုင်းနေပြီးနောက် နဉ်ကျင်းသည် စူးယွင်အားတွေ့ချင်သည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
သူမသာဒေါသထွက်နေသေးလျှင် သူမရှေ့ဒူးထောက်ပေးမည်ဖြစ်၏။သူမသာသူ့အား ခွင့်လွှတ်ပေးရန် ငြင်းဆိုပါလျှင် သူ့အသက်အားသူမယူနိုင်ပေသည်။သူမမှ သူ့အားအရေဆုတ်ကာ ခြေလက်များအားချိုးချင်သည် ဒါမှမဟုတ် သူ့နှလုံးအားခွေးများထံကျွေးရန်ထုတ်ပစ်ချင်သည်ဆိုလျှင်ပင် သူသည်အငြင်းပွားမည်မဟုတ်သလို စောဒကတက်မည့်စကားတစ်ခွန်းမှ ဆိုမည်မဟုတ်ပေ။
သူသည်တံခါးအားဖွင့်ရန်တစ်ယောက်ယောက်အားပြောလိုက်ပြီး လက်ထဲဗန်းအားကိုင်ကာ အထဲသို့ခြေဖွလျှောက်ဝင်သွားလိုက်သည်။
စူးယွင်သည် အိပ်ရာထက်လှဲနေကာ မျက်ခုံးတို့သည်လဲ ပြေလျော့၍ အေးချမ်းနေပုံပေါ်လေ၏။သူမသည်တစ်ညလုံး စိတ်အေးလက်အေးအိပ်စက်ခဲ့ရပုံပင်။
နဉ်ကျင်းသည် လက်ထဲရှိပစ္စည်းတို့အား စားပွဲထက်အသာတင်ကာ ကုတင်စွန်းတွင်ဝင်ထိုင်၍ သူမအားတိတ်တိတ်လေးကြည့်နေလိုက်သည်။