အခန်း (၇၃)
Vol. 8 Ch. 73
စူးယွင်သည် လက်တစ်ဖက်အားလည်ပင်းပေါ်တင်ကာ ကျန်တစ်ဖက်မှာ စောင်အားဆွဲ၍ စိတ်အေးလက်အေးအိပ်နေလေ၏။သူမ၏နက်မှောင်သောဆံနွယ်တို့မှာ အိပ်ရာထက်တစ်ဝက်လောက်ပျံ့ကျဲနေပြီး ကျန်သည်တို့မှာ သူမမျက်နှာဘေးဘက်ခြမ်းကို ဖုံးအုပ်ကာ အလင်းရောင်အား ကာပေးထားလေသည်။
နဉ်ကျင်းသည်လက်ဆန့်၍ သူမခေါင်းထိပ်အားအသာပုတ်လိုက်၏။
သူသည်ထိုနေရာတွင်ပင် တစ်နာရီလုံးထိုင်နေပြီး သူမနိုးလာတော့မည့်အရိပ်အယောင်ကိုပြသည့်အလား မျက်တောင်ရှည်တို့ တဖြတ်ဖြတ်ခတ်လာသည်ကို ကြည့်နေလိုက်သည်။
သူသည်သူ့လက်အားပြန်ဖယ်ကာ ဘေးသို့ချထားလိုက်ပြီး နေရာတွင်ပင်တောင့်တင်းသွားပုံမှာ စည်းကမ်းကြီးသောဆရာတစ်ယောက်ထံမှ စစ်မေးခံရတော့မည့်အလားပင်။
စူးယွင်သည် အသာလူးလိမ့်ကာ သူမခေါင်းအားယမ်းရင်း မျက်လုံးတို့အားပွတ်၍ မျက်နှာထက်တွင် အိပ်ငိုက်နေသေးသည့်အရိပ်အယောင်တို့အား သယ်ဆောင်ထားလေသည်။
သူမမျက်ဝန်းတို့အားဖွင့်လိုက်ချိန်၌ သူမရှေ့ရှိနဉ်ကျင်းအား တွေ့လိုက်ရသည်မှာ အလွန်အံ့ဩစရာကောင်းမနေပေ။သူမသည် ခြောက်သွေ့နေသောနှုတ်ခမ်းတို့အားလျက်ကာပြောလိုက်သည်။
"ရှင်ကဒီမှာပဲ"
စူးယွင်၏လေသံသည် အချိန်အတော်ကြာရေမသောက်ရသေးသောကြောင့် အက်ရှရှဖြစ်နေကာအာခေါင်ခြောက်၍ နိုးလာရ၏။
နဉ်ကျင်းသည် သူမအတွက်ရေတစ်ချို့ငှဲ့ပေးရာ စူးယွင်သည်လည်း သောက်သုံးရန်ကို တုံ့ဆိုင်းမနေပါပေ။
ခွက်တစ်ဝက်လောက်သောက်ပြီးသည်နှင့် သူမမှပြောလိုက်သည်။
"ရှင်ကကျွန်မကိုအချိန်အကြာကြီး ပိတ်ထားမယ်ထင်နေတာ"
နဉ်ကျင်းသည် ရေနွေးခွက်အား လှမ်းယူကာ ကျန်နေသည်တို့အား တစ်ငုံတည်းဖြင့် သောက်ချလိုက်ပြီး ခွက်ကိုတင်းတင်းဆုပ်ထားလိုက်သည်။သူ့လေသံမှာတိုးလျပေသိ စူးယွင်ကြားနိုင်ရန်ကြည်လင်ပြတ်သားလှ၏။
"ကိုယ်မင်းကိုပိတ်လှောင်မထားချင်ပါဘူး.....ကိုယ်က......ဒီအတိုင်း.....ဒီအတိုင်း....."
သူသည်စကားကိုပင်အဆုံးမသတ်နိုင်ဘဲ အချိန်အတော်ကြာသည်ထိ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေလေသည်။စူးယွင်၏စိတ်ရှည်မှုမှာ အလွန်နည်းပါး၍ အချိန်ထပ်မဖြုန်းချင်တော့ပေ။
"ကျွန်မကို ပိတ်လှောင်ထားရတဲ့အကြောင်းအရင်းကဘာလဲ။ကျွန်မအခုအိမ်ပြန်ချင်ပြီ"
သူမသည်အိပ်ရာထ၍ စောင်အားမကာ ပြန်ရန်ပြင်ရင်းပြောလိုက်သည်။
နဉ်ကျင်းသည်လည်း သူ့စိတ်ထဲဘာတွေဖြစ်သွားသည်ကိုမသိလိုက်ပေသိ သူမအိမ်ပြန်တော့မည်ဟုပြောသံကြားသော် သူ့တုံ့ပြန်ပုံမှာ သွက်လက်လှ၏။
သူသည် စောင်အားမ နေသည့်သူမလက်အားဖိကာ မျက်ခုံးတင်းတင်းကြုံ့ထားလိုက်သည်။
"မင်းသွားလို့မရဘူး"
စူးယွင်သည် ဤစကားအားကြားသော် နှာခေါင်းရှုံ့လိုက်၏။
"ရှင်ကကျွန်မကို ဖမ်းခေါ်မထားချင်ဘူးဆိုရင်လည်း သွားခွင့်ပေးလေ။အဲ့တော့ ကျွန်မကဘာလုပ်ရမှာလဲ။ရှင်ကကျွန်မကို ဒီကုတင်ပေါ်မှာပဲ ချုပ်ထားဖို့တွေးနေတာလား"
သူမမှကုတင်အစွန်းအားရိုက်ချလိုက်ရာ ကြွပ်ဆတ်ဆတ်အသံသည် သူတို့နှစ်ဦးကြားပဲ့တင်ထပ်သွားပြီး အတွေးလွှာတို့ကို ရောမွှေသွားစေသည်။
နဉ်ကျင်းသည် သူမထံကြည့်လာပြီး သူ့မျက်ဝန်းထဲရှိ ကြောက်ရွံ့သောခံစားချက်တို့မှာ အခြားတစ်ခုဆီပြောင်းလဲသွားလေ၏။
သူ့အကြည့်များပြောင်းသွားသည်ကို သတိပြုမိလိုက်သော စူးယွင်သည် သူ့လက်မောင်းအားရိုက်ချလိုက်သည်။
"ရှင့်ခေါင်းကဘာဖြစ်နေတာလဲ။ရှင်ဘာတွေတွေးနေတာလဲ"
နဉ်ကျင်းသည်ပြုံးလိုက်ကာ ဆူဆဲခြင်း သို့မဟုတ် ဆူပူခြင်းကြောင့် လုံးဝတုန်လှုပ်မသွားပါပေ။သူသည် စူးယွင်၏မျက်နှာထက်လက်တင်ကာ
"အဲ့လိုဆိုမကောင်းဘူးလား"
"ငါ့ခြေထောက်ကြီးကို ကောင်းပါ့လား"
စူးယွင်သည်ခေါင်းစောင်းကာ သူ့လက်အားရှောင်လိုက်၏။
"ကုတင်ပေါ်ဒီလိုကြီးလှဲနေရတာက အကြောသေနေတဲ့လူတွေမှလေ။ရှင်ကကျွန်မကို ကျိန်ဆဲနေတာလို့တောင် ထင်လာပြီနော်"
နဉ်ကျင်းသည် ဆွံ့အသွားရပြီး အတန်ငယ်ကသိကအောက်ဖြစ်သလို ခံစားလိုက်ရ၏။
သူသည်ဂုတ်ပိုးအားကုတ်ကာ ပြောလိုက်သည်။
"ကိုယ်ကမင်းကို ကုတင်ပေါ်မှာ လှဲနေစေချင်တာမဟုတ်ပါဘူး။ကိုယ်ကဒီအတိုင်း.....မင်းပြန်တော့မယ်လို့ မပြောတော့တဲ့အထိ ကိုယ့်ကိုမင်းမမြင်ချင်တော့ဘူးလို့ မပြောတော့တဲ့အထိဆို လုံလောက်ပါပြီ"
သူသည်မနေ့ညမှသူတို့စကားဝိုင်း၏ သက်ရောက်မှုကို နင့်နင့်သီးသီးသက်ရောက်ခံနေရဆဲပင်။သူသည် စူးယွင်၏ဒေါသကိုလက်ခံနိုင်သလို သူမ၏အပြစ်ဒဏ်ကိုလည်းခံယူဝံ့ပေသိ ခွဲခွာမည်ဆိုသည့်အတွေးကိုတော့ လက်မခံနိုင်ပါပေ။
စူးယွင်သည်လည်း နဉ်ကျင်းမှာ မည်သည်ကိုစိုးရိမ်နေသည်အား သိလေ၏။သူမသည် ခုလေးတင်ရိုက်လိုက်သည့်နေရာအား အသာပွတ်ပေးကာပြောလိုက်သည်။
"အချင်းချင်းခဏလောက်မတွေ့ရတာက ကျွန်မတို့တွေ တစ်သက်လုံးမတွေ့ရတော့ဘူးလို့ ဆိုလိုတာမဟုတ်ဘူးလေ။လက်ရှိဖြစ်နေတဲ့ကိစ္စတွေကအရမ်းများလွန်းတော့ ရှုပ်ထွေးတာတွေရှိနေလို့ပါပဲ။ကျွန်မတို့တွေ ဒီကိစ္စအကြောင်း စိတ်အေးအေးထားတွေးကြည့်ဖို့ အချိန်အချို့လိုနေရုံပါ"
နဉ်ကျင်းသည် သူမလက်အားဆွဲ၍ မေးလာသည်။
"စိတ်အေးအေးထားတာကို ကိုယ်နားလည်နိုင်ပေမယ့် ဘာအကြောင်းကို ကိုယ်တို့ကတွေးရမှာလဲ"
သူ့မျက်လုံးတို့သည် စူးယွင်ပေါ်စူးစိုက်နေကာ သူ့အကြည့်ထဲ၌မြူတစ်လွှာပေါ်လာပြီး စိတ်ထဲရှိအဆင်မပြေမှုကို ဖုံးကွယ်ရန်ကြိုးစား၍ သူရင်ဆိုင်ရန်အကြောက်ရွံ့ဆုံးအဖြေတစ်ခုကို ကြားလိုက်ရမည်အား စိုးရိမ်နေခဲ့သည်။
စူးယွင်သည် သူမနှုတ်ခမ်းအားကိုက်ကာမျက်တောင်တို့သည်လည်း အသာအယာတုန်ယင်နေလေ၏။ထို့နောက် သူမသည် နဉ်ကျင်း၏အကြည့်ကို ဖယ်ရှောင်လိုက်သည်။သူမသည်သူ့အားမလိမ်ညာချင်ပေသိ ထိုမျက်ဝန်းများနှင့်ရင်ဆိုင်ရချိန်တွင် အမှန်တရားအား သူမဘာသာထုတ်မပြောနိုင်တော့ပါချေ။
သူမသည်အခြားနေရာကိုသာကြည့်နိုင်သည်ဖြစ်ရာ စောင်ပေါ်ကိုသာ စိုက်ကြည့်ရင်း သူမစိတ်ထဲရှိသမျှတို့အား ပြောလိုက်တော့၏။
"ကျွန်မတို့တွေက အချင်းချင်းအတွက် မှန်ကန်တဲ့လူတွေဖြစ်ရဲ့လားဆိုတာနဲ့ ရှေ့ဆက်သွားနိုင်မသွားနိုင်ဆိုတာကို တွေးတောဖို့လိုတယ်"
သုန်းမိသားစုနှင့်အဖြစ်အပျက်မှာ စူးယွင်အပေါ် နက်နက်ရှိုင်းရှိုင်းသက်ရောက်စေခဲ့၏။သူမသည် နဉ်ကျင်း၏ပင်ကိုယ်စရိုက်ကို လက်ခံနိုင်မည်လားဆိုသည်မှာ မသေချာသလို ဤအရာမှာ သူ၏ဖုံးကွယ်ထားသမျှအရာတိုင်းလား သို့မဟုတ် ရေခဲတောင်၏ထိပ်ဖျားလေးပင်ပဲလားဆိုသည်မှာလည်း မသေချာပေ။
ထို့အပြင် သူတို့၏ဘွဲ့ရာထူး ခြားနားမှုမှာလည်း ရှင်းလင်းနေကာ နောက်ဆုံးအချိန်ထိ ကိုယ်လုပ်တော်တစ်ယောက်လုပ်ရန် မရည်ရွယ်ဖူးချေ။ဤကဲ့သို့ဆက်ရှိနေမည့်အစား သူတို့နှစ်ဦးရှေ့ဆက်သွားသင့် မသွားသင့်ကို အချိန်ယူစဉ်းစားလိုက်သည်မှာ ပိုကောင်းပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် နဉ်ကျင်းမျက်နှာထားမှာ ရေခဲအလားအေးစက်သွားပြီး တစ်ခန်းလုံးကို ချက်ချင်းအေးစိမ့်သွားစေတော့သည်။လေထုသည်တောင် ချမ်းစိမ့်နေ၍ စူးယွင်မှာ သူမကိုယ်တွင်းစိမ့်ဝင်လာသည် အအေးဓာတ်ကိုခံစားမိလေ၏။
သူသည်သူမပုခုံးအား တင်းတင်းဆုပ်ကိုင်ကာ ကုတင်ဘောင်နှင့် သူ့ကြားပိတ်ထားလိုက်သည်။သူ၏အသက်ရှူသံမှာ ပြင်းထန်လာပြီး ပုံမှန်မဟုတ်တော့သလို သူ့အမူအယာသည်လည်း နာကျင်မှုတစ်ဝက်နှင့် ကျန်တစ်ဝက်မှာ လုံးဝအားစိုက်ထိန်းချုပ်နေရသည့်အလားဖြစ်နေ၏။သူသည် အမြဲတပ်ဆင်ထားနေကျ အပြောအဆို အမူအကျင့်တို့အား ဖယ်ခွာကာ ထက်ရှ၍အထိန်းအချုပ်မဲ့နေဟန်ဖြင့်ပြောလာသည်။
"ဒါမျိုးလုံးဝဖြစ်လာနိုင်မှာမဟုတ်ဘူး စူးယွင် မင်းမှာရွေးချယ်စရာမရှိဘူး"
"မင်းသာလိမ္မာရင် အကုန်လုံးအဆင်ပြေသွားလိမ့်မယ်။အဲ့လိုမှမဟုတ်ရင်တော့ မင်းရဲ့လက်ကျန်တစ်ဘဝလုံး ဒီအိပ်ရာပေါ်မှာပဲ ကုန်ဆုံးသွားလိုက်တော့"
စူးယွင်သည် သူ့အားကြည့်ကာ ရင်းနှီးမှုရော စိမ်းသက်မှုကိုပါ တစ်ပြိုင်တည်းခံစားလိုက်ရသည်။
သူ့မျက်ဝန်းများထဲရှိ အလင်းရောင်မှာ ဝါးမျိုတော့မည့်အလား ပိုင်စိုးပိုင်နင်းနိုင်လှ၏။
ထိုသည်ကို စူးယွင်မနှစ်သက်ပေ။သူမသည် ကိုယ့်ဘာသာအပြစ်တင်ဟန်ဖြင့်ပြုံးကာ
"အဲ့တော့ ဒါကမှရှင်အစစ်အမှန်ပေါ့လေ"
"နေ့တိုင်းနေ့တိုင်း ဒီလိုဟန်ဆောင်နေခဲ့ရတာ အရမ်းပင်ပန်းခဲ့မှာပေါ့"
စူးယွင်သည် ခပ်ပြတ်ပြတ်ပြောလိုက်၏။
နဉ်ကျင်းသည် မှီချလာကာ သူ့နှာတံဖြင့် သူမမျက်နှာအားပွတ်သပ်ရင်း ပြုံးလာသည်။
"အဲ့ပုံစံကိုမင်းကြိုက်ရင် တစ်ဘဝလုံးကိုယ်မင်းအတွက်ဟန်ဆောင်ပေးထားပါ့မယ်"
"ရွံ့စရာကောင်းလိုက်တာ"
စူးယွင်သည် သူ့အားကြည့်ရန်ငြင်းဆန်၍ ပြောလိုက်၏။
"ကျွန်မရှင့်လိုလူနဲ့တစ်မိနစ်လေးတောင် အတူရှိမနေနိုင်တော့ဘူး"
နဉ်ကျင်းသည် ဒေါသမထွက်ခဲ့ပေ။ထိုအစား သူမှပြောလာ၏။
"အလျင်မလိုပါနဲ့။မင်းအတွက် သုံးစရာရှိသေးတယ်လေ"
သူ့လက်သည် စူးယွင်၏နောက်ဘက်ရောက်သွားကာ ခလုတ်လေးတစ်ခုအား နှိပ်လိုက်၏။သံကြိုးထူထူနှစ်ချောင်းမှာ ကုတင်စွန်းမှနေပေါ်လာခဲ့သည်။
စူးယွင်သည် ထိုကြိုးများအားကြည့်ကာ နှလုံးခုန်နှုန်းတစ်ချက်လွဲသွားရ၏။သူမစကားပြောလိုက်ချိန်တွင် သူမလေသံမှာ အနည်းငယ်တုန်ယင်နေလေသည်။
"ရှင်ကကျွန်မကို ဖမ်းချုပ်ထားမလို့လား"
"ခဏလေးပါပဲ"
နဉ်ကျင်းသည် ထိုသို့ပြောရင်း သူမလက်တစ်ဖက်အားချုပ်ကိုင်ထားလိုက်၏။သူသည် သူမအားချော့ပြောနေလေသည်။
"မင်းလိမ္မာတာနဲ့ ကိုယ်ကလွှတ်ပေးမှာပါ။မင်းမနာကျင်စေရဘူးလို့ ကိုယ်ကတိပေးတယ်"
"သွားစမ်းပါ နဉ်ကျင်း ရှင်ရူးနေပြီ။ဒီအတွက် ကျွန်မရှင့်ကို ခွင့်လွှတ်ပေးမှာမဟုတ်ဘူး"
စူးယွင်သည် သူ့ထံမှရုန်းလိုက်ပေသိ အမျိုးသမီးတစ်ဦးအဖို့ သူကဲ့သို့အားကောင်းမောင်းသန်လူတစ်ယောက်ကို မယှဉ်နိုင်ခဲ့ပေ။
နဉ်ကျင်း၏မျက်ဝန်းတို့မှာ နီရဲနေပြီး သူ့လက်မှာ လုပ်လက်စအားဆက်လုပ်နေပြီး တိုးဖွဖွပြောလိုက်သည်။
"ယွင်အာ ကိုယ့်ကိုယုံပေးပါ။ကိုယ်မင်းကို လွှတ်ပေးမှာပါကွာ"
"သွားစမ်းပါ"
စူးယွင်သည် ငိုကြွေးကာ သူမဘယ်လက်သည် ယက်ကန်ယက်ကန်ဆုတ်နေရင်း ရုတ်ချည်းဆိုသလို အေးစက်စက်ပစ္စည်းတစ်ခုအား ထိလိုက်မိ၏။
ထိုသည်မှာ ခေါက်ယပ်တောင်ပင်။
တုံ့ဆိုင်းမနေဘဲ အရင်ညမှသူမရခဲ့သည့် အသိဉာဏ်ကိုအခြေခံကာ သတ္ထုအစိတ်အပိုင်းအား ဖွင့်စေပြီး နဉ်ကျင်းထံတိုက်ရိုက်ထိုးချလိုက်သည်။
သွေးများမှာ သူ့ရင်ဘတ်မှတစ်ဆင့် အိပ်ရာပေါ်စီးကျသွားလေ၏။နဉ်ကျင်းသည် မျက်မှောင်ကြုံ့နေပေသိ သူမအားကြည့်လာသည့် သူ့အမူအယာမှာ တည်ငြိမ်နေဆဲပင်။
စူးယွင်သည် ထိုလုပ်ရပ်အတွက်နောင်တမရပေ။သူမသည် မနေ့ည၌ခေါက်ယပ်တောင်အား လေ့လာရန်အချိန်ရခဲ့သည်ကိုပင် ဝမ်းသာမိကာစိတ်သက်သာရာရခဲ့လေ၏။
"နဉ်ကျင်း ရှင်ကဒါနဲ့ထိုက်တန်တယ်"
စူးယွင်မှပြောလိုက်သည်။
နဉ်ကျင်းသည် ပြုံးလိုက်ပေသိ ဘာမှပြန်ပြောမလာပါဘဲ သူမလက်တစ်ဖက်ကို အောင်အောင်မြင်မြင် ချိန်းကြိုးဖြင့်သော့ခတ်ချနိုင်ခဲ့သည်။
စူးယွင်သည် ကြောက်ရွံ့မနေသလို ဒေါသလည်းမထွက်ပေ။
"ငါးကမိနေပြီဆိုမှတော့ ကွန်ပျက်ရင်တောင် ဘယ်သူကကြောက်နေမှာလဲ"
သူမမှပြောလိုက်၏။
သွက်လက်သောလှုပ်ရှားမှုနှင့်အတူ သူမသည် ခေါက်ယပ်တောင်အားထုတ်ကာ သူမအားကို အကုန်သုံး၍ ထိုးစိုက်ချလိုက်သည်။