အခန်း (၇၄)
Vol. 8 Ch. 74
သူသည်မည်သည့်ကြောက်ရွံ့မှုကိုမျှပြမလာဘဲ မျက်တောင်ပင်မခတ်ခဲ့ပေ။သူမလက်တွင်းသေဆုံးရသည်မှာလဲ အရှုံးမရှိဟု သူထင်လေသည်။
သို့သော်ခဏကြာသည်ထိ နာကျင်မှုမှာ ရောက်မလာခဲ့ပေ။
သူမျက်လုံးအားပင့်ကြည့်လိုက်ချိန်တွင်တော့ မျက်ဝန်းများထဲရှိတည်ငြိမ်မှုမှာ ပြိုကွဲသွားတော့၏။
သူသည်တုန်ယင်နေသော နှုတ်ခမ်းအစုံဖြင့်
"မင်း......ရပ်လိုက်"
သံကြိုးအားဆုပ်ကိုင်ထားသည့် နဉ်ကျင်း၏လက်မှာ တောင့်တင်းသွားရ၏။သူသည်ကိုင်ထားသည့်အားကို လျှော့လိုက်ကာ စူးယွင်၏လည်တိုင်ထက်မှ ခေါက်ယပ်တောင်အား လုယူဖို့လုပ်လိုက်သည်။
ယပ်တောင်ပေါ်ရှိ သတ္ထုထိပ်ဖျားမှာ မည်မျှအစွမ်းထက်သည်ကို နဉ်ကျင်းမှတစ်ပါး မည်သူမှမသိနိုင်ပေ။ထိုလက်နက်ထိပ်တွင် လက်နက်ပုန်းတစ်ခုရှိသေး၏။စူးယွင်သာ ထိုလက်နက်ကို အသက်သွင်းမိသွားပါက ရလဒ်သည်ဒဏ်ရာရရုံမျှဖြင့် ပြီးသွားမည်မဟုတ်ပေ။
သူ့လက်ချဉ်းကပ်လာသည်ကိုတွေ့သော် စူးယွင်သည် လက်ထဲရှိယပ်တောင်အား ပိုတင်းတင်းကိုင်ကာ သူမလည်တိုင်ပေါ် ပြင်းပြင်းဖိထားလိုက်၏။
သူမသည်နဉ်ကျင်းထံ စူးရှစွာကြည့်၍ ပြတ်ပြတ်သားသားပြောလိုက်သည်။
"ကျွန်မကို သွားခွင့်ပေးရင်ပေး မဟုတ်ရင် ဒီနေ့ကျွန်မဘဝကို အဆုံးသတ်ပစ်မယ်"
ယပ်တောင်လက်ကိုင်အားဆုပ်ကိုင်ထားသည့် လက်မှာချွေးတို့ဖြင့် စိုရွှဲနေလေပြီ။သူမလောင်းကြေးထပ်နေခြင်းပင်။နဉ်ကျင်းနှလုံးသားထဲရှိ သူမနေရာအပေါ်လောင်းကြေးထပ်ကာ သူမှနေသူမအသက်အား အဆုံးသတ်ခွင့်ပြုမည်မဟုတ်ဟု မျှော်လင့်နေခြင်းဖြစ်၏။
နဉ်ကျင်း၏အမူအယာမှာ ခဏတာမျှ တောင့်တင်းသွားခဲ့ပေသိ တစ်ကယ်တော့ သူသည်သူမအားလက်မလွှတ်နိုင်ဖြစ်နေဆဲပင်။သူသည် သူမအားနားချရန်လုပ်လိုက်၏။
"ကိုယ့်ကိုဘာလို့ တွန်းအားပေးနေရတာလဲ။ကိုယ်နဲ့အတူရှိနေတာက မကောင်းဘူးလား"
သူ့ဆံနွယ်များမှာ ဖရိုဖရဲဖြစ်နေပြီး ဆံနွယ်စအချို့မှာ သူ့ပါးစပ်ထောင့်တွင် ငြိတွယ်နေလေသည်။သူ၏ဘယ်ဘက်ပုခုံးထက်ရှိ သွေးစွန်းကွက်မှာလည်း လရောင်ဝတ်ရုံဖြူအား ရွှဲနစ်သွားစေ၏။သူ၏ပင်ကိုဖြူဖတ်ဖတ်အသားအရည်မှာ လက်ရှိ၌ အမှောင်ထုတွင်း ပိတ်လှောင်ခံထားရကာ နှစ်ပေါင်းများစွာ နေရောင်မထိခဲ့ရသည့်အလား အသက်မရှိတော့သလို ဖြူဖျော့နေလေသည်။
သို့တိုင်သူ့မျက်ဝန်းတို့သည် စူးယွင်ထံလေပြင်းတစ်သုတ်လို ပိုင်ဆိုင်လိုမှုပြင်းပြင်းထန်ထန်ဖြင့် အရိုင်းဆန်ဆန် စူးစူးစိုက်စိုက် ကြည့်နေဆဲပင်။
စူးယွင်သည် သူ၏သနားစဖွယ်အခြေအနေအပေါ် စာနာမနေချေ။သူမမှ ပြောလိုက်၏။
"နဉ်ကျင်း ရှင့်ခေါင်းကရှုပ်ထွေးနေတယ်ဆိုရင်တောင် ကျွန်မကိုတော့ ဆွဲမထည့်ပါနဲ့။ကျွန်မမှာ ခြေကောင်းလက်ကောင်းတွေရှိနေတာကို စိတ်မမှန်တဲ့လူကသာ တစ်ဘဝလုံးအကျဉ်းချခံချင်နေလိမ့်မယ်"
နဉ်ကျင်း၏နှလုံးသားမှာ ကြောက်ရွံ့စိတ်ကြောင့် တင်းကြပ်နေပြီး အသနားခံလာ၏။
"ကိုယ်မင်းကို ဖမ်းချုပ်မထားချင်ပေမယ့် မင်းကိုထွက်သွားခွင့်မပေးနိုင်ဘူး။ကျေးဇူးပြုပြီး ကိုယ်နဲ့ရှိနေပေးလို့မရဘူးလား"
သူသည်ထိုသို့ပြောရင်း ခေါက်ယပ်တောင်အားကိုင်ထားသည့် စူးယွင်၏လက်ကို လှမ်းဆွဲလိုက်၏။
စူးယွင်အနေဖြင့် ဤသည်မှာ သူ၏လှည့်ကွက်တစ်ခုဟုတ်မဟုတ် မသေချာ၍ သူမခေါင်းအား ဆတ်ကနဲလှည့်ကာ သူ့အထိအတွေ့အားရှောင်လိုက်သည်။
"ကျွန်မကိုမထိနဲ့ ဝေးဝေးမှာနေ"
သူမမှာ ကျယ်ကျယ်အော်လွှတ်လိုက်၏။
နဉ်ကျင်းမှာ စူးယွင်အား မတော်တဆထိခိုက်မိသွားစေမည်စိုး၍ ထပ်မံမချဉ်းကပ်ရဲတော့ပေ။
သူသည်ဒူးထောက်ချ၍ ခေါင်းအားညွှတ်ကာ နူးနူးညံ့ညံ့လေးချော့မြူလိုက်၏။
"မင်းကိုယ့်ကို ဓားနဲ့ထိုးချင်ရင် ထိုးလိုက်ပါ မင်းကိုယ်မင်းတော့ မလုပ်ပါနဲ့"
သူသည် သူ့ရင်ဘတ်အား လက်ညှိုးဖြင့်ထောက်ကာ
"ဒီနေရာကို ထိုးလိုက်။တစ်ခုခုဖြစ်ခဲ့ရင်တောင် ကိုယ်တာဝန်ယူပါ့မယ်"
စူးယွင်၏လက်မှာတန့်သွားရပြီး သူ့အားကြည့်လိုက်သည်။
သူ့ဘယ်ဘက်ပုခုံးထက်ရှိဒဏ်ရာမှာ သွေးများစီးကျနေဆဲဖြစ်ကာ သူ့နှုတ်ခမ်းတို့မှာလည်း သွေးများယိုစီးသွား၍ သွေးမရှိတော့သလို ဖြူဖျော့ကွဲအက်နေလေ၏။
သို့တိုင် သူမှထိုအရာများကို ဂရုစိုက်ပုံမရသည်မှာ ဒဏ်ရာရသည့်လူသည် သူမဟုတ်သည့်အလားပင်။
စူးယွင်မှသူ့ထံကြည့်လိုက်ရာ သူ့မျက်နှာထက်ရှိ မိုက်ရူးရဲဆန်မှုသည် သူမအားကျောချမ်းသွားစေ၏။နဥ်ကျင်းမှ သူမအား ဘာလုပ်စေချင်သည်၊အကျိုးဆက်တို့အား သူဘယ်လိုတွေးနေသည်တို့ကို သူမဘာသာစိတ်ကူးကြည့်ရန်ပင်မဝံ့ခဲ့ပေ။
သူမသည် ယခင်က မည်သူ့ကိုမှမသတ်ခဲ့ဖူးသလို သူမလက်တို့မှာလည်း အတိုင်းအဆမမှန်းတတ်ချေ။သူမမှ ပြင်းပြင်းထန်ထန်ထိုးမိမည် သို့မဟုတ် လွှဲချော်ခဲ့မည်ဆိုပါက ရလဒ်မှာမည်သို့ဖြစ်လာမည်နည်း။
နဉ်ကျင်းသည် သူမကြောက်ရွံ့မှုအား သတိပြုမိရာ ပြုံး၍ပြောလိုက်၏။
"ကိစ္စမရှိပါဘူး။မင်းလက်ထဲသေရတာက ကိုယ့်ရဲ့ကံကောင်းမှုပါ"
"ပြောရရင် ကိုယ့်ရဲ့အဖိုးမတန်တဲ့ဒီအသက်ဆိုတာ ဟိုအရင်တည်းက အဆုံးသတ်သင့်နေတာလေ"
သူသာစူးယွင်နှင့် လမ်းမပေါ်မတွေ့ဆုံခဲ့ပါလျှင် သူဆိုသည်မှာ ဟိုအရင်တည်းမှ ဖုန်မှုန့်တစ်သုတ်ဖြစ်သွားလောက်ပြီဟု ထင်လေသည်။
ဤအသက်မှာ သူမကြောင့်တည်ရှိနေသည်ဖြစ်၍ ပြည့်စုံပြီဟု ယူဆနိုင်ပေမည်။
သူသည်မတ်မတ်ထိုင်ကာ စူးယွင်လက်ထဲရှိ ခေါက်ယပ်တောင်အား လုရန်လုပ်လိုက်၏။
စူးယွင်မှာ သူ့စကားများကြောင့် တုန်လှုပ်နေပေသိ သူမလှုပ်ရှားမှုမှာ မြန်လေသည်။သူမသည် သူ့ဗိုက်အား အားဖြင့်ကန်ချလိုက်၏။
သူမကန်ချက်မှာ အလွန်မပြင်းပေသိ နဉ်ကျင်းမှာ ပြင်ဆင်မထားမိသလို ဒဏ်ရာလဲရထားသည်ဖြစ်၍ အိပ်ရာထက်မှနေ ကြမ်းပြင်ပေါ်ပြုတ်ကျသွားစေသည်။
စူးယွင်သည် အသက်ပြင်းပြင်းရှူကာ တည်ငြိမ်အောင်လုပ်လိုက်၏။
နဉ်ကျင်း၏လက်ရှိအခြေအနေအား မြင်လိုက်ရသော် သူမမှာ ကြောက်ရွံ့မှုတစ်စွန်းတစ်စအား ခံစားလိုက်ရသည်။သူ့စိတ်အားမထိန်းနိုင်တော့ဘဲ သူမအားဆွဲချသွားမလားဆိုသည်ကို သူမမသိပေ။
သူမသည် ယပ်တောင်၏ချွန်ထက်သော ထိပ်ဖျားအား လည်တိုင်ထက် ထပ်တင်လိုက်ရာ သွေးစီးကြောင်းမျှင်မျှင်လေးတစ်တန်းမှာ သတ္ထုဖျားတစ်လျှောက် ဖြည်းဖြည်းချင်းစီးကျလာ၍ သူမလက်ဖဝါးတွင် စုဝင်လာ၏။
စူးယွင်မှာ ခေါင်းစောင်းကြည့်လိုက်သည်။နီရဲနေတာပဲ။
သူမသည် ယပ်တောင်လက်ကိုင်ထက် အားလျှော့မကိုင်လိုက်ဘဲ လည်တိုင်၌တင်ထားဆဲပင်။
"ရှင်ကဘဝကို ကစားနည်းတစ်ခုလို လုပ်နေတာမလား။လူတစ်ယောက်ရဲ့ ဘဝဆိုတာ ရှင့်ရဲ့စိတ်အပြောင်းအလဲပေါ်ပဲ မူတည်နေတာလေ"
"တန်ဖိုးမရှိတဲ့အသက်ပေါ့လေ။သေတယ်ဆိုလည်း သေပါစေပေါ့ ဘာဖြစ်လို့လဲတဲ့"
နဉ်ကျင်းသည် ကြမ်းပြင်ထက်မှထကာ သူ့အဝတ်များမှ ဖုန်တို့ကိုခါလိုက်၏။သူသည် သူမလုပ်ရပ်တို့အပေါ် ဒေါသမထွက်ခဲ့ပေ။ထိုအစားပြုံး၍
"တစ်ယောက်ယောက်ကသာ မင်းကိုမပျော်ရွှင်စေခဲ့ရင် သူတို့အသက်ကိုယူပြီး တောင်းပန်လက်ဆောင်အနေနဲ့ ယူလာပေးမယ်"
နဉ်ကျင်းသည် စူးယွင်ထံလျှောက်လာကာ သူမဘေးဝင်ထိုင်လိုက်၏။သံချိန်းကြိုးဖြင့်ခတ်ခံထားသော သူမလက်ဖမိုးထက် အနမ်းတစ်ပွင့်ခြွေကာ
"ကိုယ်ဖြစ်နေရင်တောင်မှပေါ့"
သူတို့နှစ်ဦးသားမှာ ပြင်းပြင်းရှရှချစ်ကြည်နူးနေကြသည့်အလား သူ့လေသံသည် နူးညံ့ငြင်သာလှ၏။
"ရှင်တော့ရူးနေပြီ"
စူးယွင်သည် သူ့စကားကြောင့် တုန်လှုပ်မသွားဘဲ ပြောလိုက်သည်။သူမစိတ်ထဲရှိ နဉ်ကျင်းစိတ်မှာ ပုံမှန်ဟုတ်မနေဟူသော အတွေးမှာတော့ သေချာနေပြီပင်။
သူမမှမေးလိုက်၏။
"ရှင့်မျက်လုံးထဲမှာ ဘယ်သူ့အသက်ကမှ အဖိုးတန်တာလဲ"
"ကျွန်မအသက်လား"
စူးယွင်လေသံမှာ စူးရှ၍လှောင်ပြောင်ဟန်ပါနေသည်။
"ရယ်စရာကောင်းပုံကတော့ ကျွန်မဆိုတာကလဲ သူတို့လို ကုန်သည်နောက်ခံကနေလာခဲ့တာပဲလေ။ဘာကွာခြားတာရှိလို့လဲ"
"သူတို့ကသာ အဖိုးမတန်ရင် ကျွန်မကလဲ အဖိုးမတန်ဘူးလေ"
နဉ်ကျင်းမှာ ချက်ချင်းပြန်ပြောလာ၏။
"မဟုတ်ဘူး ပေါင်းမြက်လိုသူတို့အသက်တွေက မင်းနဲ့ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ"
"သိပ်ကိုကြီးမြတ်သလိုပြောမနေပါနဲ့။ကျွန်မနဲ့သူတို့ကြား ဘာကွာခြားမှုမှမရှိပါဘူး"
စူးယွင်သည် သူ့ထံစူးစူးစိုက်စိုက်ကြည့်ကာ ခပ်ပြတ်ပြတ်ပြောနေဆဲပင်။
"တစ်ကယ်တော့ ပြောရရင် ရှင်လဲအဲ့လိုတွေးနေတာပဲလေ။အဲ့လိုမှမဟုတ်ရင် ရှင်ကဘာလို့ သူတို့ကိုဆက်ဆံသလို ကျွန်မကိုဆက်ဆံနေရမှာလဲ"
နဉ်ကျင်း၏ နှုတ်ခမ်းတို့မှာ တုန်ယင်နေပြီး ရင်ဘတ်မှာလဲ ခပ်မြန်မြန် နိမ့်ချည် မြင့်ချည်ဖြစ်နေကာ ရှင်းရှင်းလင်းလင်းစကားပြောရန် ခက်ခဲစေလေ၏။
"မဟုတ်ဘူး....မဟုတ်ပါဘူး....အဲ့လိုမထင်ပါနဲ့"
"ယွင်အာ မင်းကမင်းပဲလေ သူတို့နဲ့ မတူဘူး"