အခန်း (၇၆)
Vol. 8 Ch. 76
မြို့တော်၏လမ်းမနှင့် လမ်းသွယ်တို့မှာ မရေတွက်နိုင်အောင် များပြားလှပြီး ယှက်နွှယ်နေရာ မင်းသာဂရုမစိုက်မိပါက လမ်းပျောက်သွားနိုင်ပေသည်။စူးယွင်မှာ ဤနေရာတွင် နေထိုင်နေသည်မှာကြာပြီဖြစ်သော်ငြား မှတ်ဉာဏ်ကောင်းသည့်ထဲမပါ၍ အနီးရှိလမ်းအနည်းငယ်ကိုသာ မှတ်မိလေ၏။
သူမသည် ရှောင်ဟယ်အား ချန်းရှီလမ်းနှင့် ကွဲပြားသောနောက်လမ်းမဝင်ပေါက်ဆီ ခေါ်သွားလေသည်။ချန်းရှီလမ်းမှာ စီးပွားရေးအချက်အချာကို အာရုံစိုက်ထားပြီး ဤနေရာမှာတော့ အစားအသောက်နှင့် ဖျော်ဖြေရေးကို အားပြုထားလေ၏။ချန်းရှီလမ်းတွင်လဲ စားသောက်ဆိုင်များရှိပေသိ ဤနေရာရှိဆိုင်များနှင့် မနှိုင်းယှဉ်နိုင်ပေ။
နှစ်ဦးသားမှာ ဆိုင်လွတ်တစ်ဆိုင်ရှေ့တွင် ရပ်လိုက်ကြသည်။
ရှောင်ဟယ်သည် မရေမရာဟန်ဖြင့် ခေါင်းအားစောင်းကာ ဆိုင်အားစစ်ဆေးနေသည့် စူးယွင်ထံကြည့်၍မေးလိုက်၏။
"သခင်မလေး ဒီမှာဆိုင်ခွဲတစ်ခုဖွင့်ဖို့ လုပ်နေတာလား"
သူမပါးစပ်မှ ပြောထွက်ပြီးပြီးချင်း ဆိုင်နေရာအမှန်မဟုတ်ကြောင်းသဘောလိုက်သည်။
ဆိုင်လွတ်၏တစ်ဖက်စီတွင် စားသောက်ဆိုင်များရှိနေ၏။အနားရှိ မုန့်ပေါင်းဆိုင်၏ မီးခိုးခေါင်းတိုင်မှာ မီးခိုးငွေ့တို့ တလူလူထွက်နေပြီး မုန့်ရနံ့တို့မှာ စူးယွင်နှင့်ရှောင်ဟယ်ထံ လေနှင့်လွှင့်ပါလာလေသည်။
ရနံ့မှာ မွှေးကြိုင်လှပြီး အရသာရှိမည့်ထိုရနံ့မှာ သူတို့အား သွားရည်ယိုစေ၏။
မုန့်ရနံ့မှာ အမှန်သင်းပျံ့လွန်းလှပေသိ အစာသွပ်မုန့်၏ ရနံ့တို့ဝေ့သီနေသည့် အဝတ်အစားများမှာတော့ ဝယ်သူကြီးများကို စိတ်မချမ်းမြေ့စေမည်ဖြစ်ရာ အကြံကောင်းမဟုတ်ပေ။
မုန့်ရနံ့မှာ သိပ်သည်းလွန်းလာ၍ ရှောင်ဟယ်မှာ မတတ်နိုင်တော့ဘဲ လှည့်ကြည့်လိုက်မိသည်။နူးနူးညံ့ညံ့အစာသွပ်မုန့်တို့မှာ ပေါင်းဖိုမှဆွဲထုတ်ခံလာရပြီး ရုတ်ချည်းဆိုသလို သူမထံတွင် အကြံတစ်ခုပေါ်လာလေ၏။
သူမမှာ ထုတ်ပြောလိုက်သည်။
"သခင်မလေးက လုပ်ငန်းပြောင်းပြီး စီးပွားရေးအသစ် စတင်ဖို့စီစဉ်နေတာများလား"
သူမလေသံမှာ သံသယတို့ဖြင့်ပြည့်နေပြီး စကားသံတို့ကပင် ယုံကြည်မှုလစ်ဟင်းနေလေသည်။
"အဲ့လိုမျိုးပါပဲ"
ရှောင်ဟယ်သည် သူမတွေးတာမှန်သည်ကို သိလိုက်၍ သူမဘာသာကျေနပ်နေစဉ် စူးယွင်ပြောလာသည်အားကြားလိုက်ရ၏။
"ဒါပေမယ့် ငါတော့မဟုတ်ဘူး"
စူးယွင်သည် ဖွဖွပြုံးကာ သူမထံကြည့်လာ၏။
"နင့်အတွက်လေ"
"ကျွန်မလား"
ရှောင်ဟယ်သည် ကိုယ့်မျက်နှာကိုယ်လက်ညှိုးထိုးပြရင်း တောင့်တင်းသွားရ၏။
"နင့်ရဲ့အချက်အပြုတ်စွမ်းရည်တွေကို တိုးတက်အောင်လုပ်သင့်တယ်လို့ အရင်ကငါမပြောခဲ့ဘူးလား။နင်က လက်ဦးမှုမယူမှတော့ ငါကပဲ စပြီးနင့်အတွက်လုပ်ပေးရတော့မှာပေါ့"
စူးယွင်သည် ဆိုင်ထဲလျှောက်သွားလိုက်၏။
"ကံလေးကောင်းလို့သာ ဒီဆိုင်ကိုရှာတွေ့ခဲ့တာ။နင်နဲ့ကိုက်မကိုက်ကြည့်,ကြည့်လေ"
ဆိုင်သည် မီတာနှစ်ဆယ်မျှသာရှိပြီး စားပွဲတစ်ချို့နှင့် အစာသွပ်မုန့်များလုပ်ရန်နေရာတစ်ခုသာရှိလေသည်။
ဆိုင်မှာအလွန်သေးငယ်ပြီး ဝမ်ကောလောက်ပင် မကြီးသော်ငြား ဆိုင်တစ်ဆိုင်ဖွင့်ရန်အတွက်လိုအပ်သော တန်ဆာပလာအစုံရှိထားလေ၏။
ရှောင်ဟယ်မှာ တွန့်ဆုတ်စွာဖြင့်
"သခင်မလေး ဒါက..."
စူးယွင်မှာ သူမပြောမပြီးသေးခင် ပြောလိုက်သည်။
"ဝမ်ကောက တိုးတက်ဆဲကာလမှာရှိနေတုန်းမလို့ အခုချက်ချင်း စားသောက်ဆိုင်ကြီးတစ်ဆိုင်အတွက် နေရာမဝယ်နိုင်သေးဘူး။လတ်တလောတော့ ဒီဆိုင်လေးမှာပဲ အာရုံစိုက်လုပ်ထားလိုက်ဦး။နင့်အရည်အချင်းတွေနဲ့ဆို မကြာခင်မှာပဲ စားသောက်ဆိုင်ကြီးတစ်ဆိုင်ဖွင့်နိုင်မယ်ဆိုတာ ငါယုံကြည်တယ်"
"ဒါပေမယ့်..."
စူးယွင်မှာ စကားဖြတ်ပြောလိုက်ပြန်၏။
"အလုပ်အရမ်းများတယ်ဆို ဈေးကနေအကူနှစ်ယောက်လောက်ဝယ်တာတို့ ဝမ်ကောကလူတစ်ချို့ကို ကူခိုင်းဖို့ခေါ်တာတို့ လုပ်လို့ရတယ်။ကိစ္စမရှိပါဘူး"
"သခင်မလေး..."
"ဒီဆိုင်ကို ငါဝယ်ခဲ့တာ လူတွေကိုလဲ ငါကထောက်ပံ့ပေးမယ်။အဲ့တော့ နင်ကငါ့ကိုကူပေးနေတာပါပဲ"
စူးယွင်သည် ရှောင်ဟယ်၏ပုခုံးအား ပုတ်လိုက်၏။
"အဲ့တော့ ဖိအားတွေများတယ်မထင်ပါနဲ့"
ရှောင်ဟယ်သည် အလွန်အမင်းသစ္စာရှိသူမျိုးဖြစ်လေ၏။စူးယွင်မှာ သူမအားကယ်တင်ပြီး နေထိုင်ရန်နေရာတစ်ခုပေးခဲ့သည်။ရှောင်ဟယ်အား ဤကဲ့သို့တာဝန်ကြီးမျိုး ပေးအပ်လာပါလျှင် ကျိန်းသေကသိကအောက်ဖြစ်နေပေလိမ့်မည်ပင်။
ဖြည်းဖြည်းချင်းလုပ်မှဖြစ်ပေမည်။နောင်တွင် ရှောင်ဟယ်အား စိတ်သက်သာရာရစေရန် အကြောင်းပြချက်တစ်ခုရှာ၍ သူမဘက်မှအရင် လုပ်ငန်းတွင်းထည့်ထားရပေမည်။
ခြေစုံမတ်မတ်ရပ်ကာ ဆုံးဖြတ်ချက်ပြတ်သားမှုတို့ဖြင့် ပြည့်နေသော မျက်ဝန်းအစုံဖြင့် ရှောင်ဟယ်မှပြောလာသည်။
"ကောင်းပါပြီ သခင်မလေး ကျွန်မအလုပ်ကြိုးစားပြီး သခင်မလေးကို စိတ်မပျက်စေရပါဘူး"
ထိုသို့ပြောလာသည်နှင့် စူးယွင်လဲ ဆက်မနေတော့ပေ။
"တစ်ခုခုလိုတာရှိမရှိတစ်ချက်ကြည့်လိုက်ဦး။ငါအရင်ပြန်သွားလိုက်တော့မယ်"
"ကောင်းပါပြီ"
ဝမ်ကောဆီပြန်သွားမည့်အစား စူးယွင်သည် ကုန်သည်အဖွဲ့အစည်းထံ ဦးတည်လိုက်၏။
ကုန်သည်အဖွဲ့အစည်းမှာ စံနှုန်းအလွန်မြင့်လှသည်။ဖက်ရှင်ဒီဇိုင်းပြိုင်ပွဲကဲ့သို့ ပွဲတော်ကြီးများမှအပ အခြားအချိန်များတွင် မည်သူမျှဝင်ခွင့်မရှိပေ။
စူးယွင်သည် ဝင်ပေါက်၌ရပ်ကာ ဖဲပြားနီအားထုတ်၍ မလာခင်မှပြင်ဆင်ထားခဲ့သည့် နာမည်ကတ်ပြားကို တပ်လိုက်သည်။
စူးယွင်သည် ဖဲပြားနီအား ညာဘက်လက်မောင်းတွင် ချည်ကာ နာမည်ကတ်ပြားကို ချိန်ညှိလိုက်၏။
သူမမှာ ဤအလုပ်နှစ်ခုထက်တွင်သာ အာရုံစိုက်နေ၍ သူမထံလျှောက်လာသော လူနှစ်ဦးကို သတိမပြုမိလိုက်ပေ။
သူတို့ထဲရှိ တစ်ဦးမှာ ခေါင်းငုံ့၍ သူမနာမည်ကတ်အားကြည့်ကာပြောလာသည်။
"အဝတ်အထည်ဌာန စူးယွင်"
"သူက နင်တို့ဌာနရဲ့လူသစ်လေးလား"
သူသည် သူ့ဘေးရှိလူထံလှည့်မေးလိုက်၏။
အရောင်ရင့်ရင့်ဝတ်စုံအား ဝတ်ဆင်ထားသည့်လူမှ ပြန်ဖြေလိုက်သည်။
"သူမကပြိုင်ပွဲမှာ အနိုင်ရပြီး အထူးဖိတ်ကြားခံထားရတဲ့သူလေ။သူမအရည်အချင်းတွေက တစ်ကယ်အထင်ကြီးစရာကောင်းတယ်"
စူးယွင်မှ နာမည်ကတ်တပ်ပြီးချိန်တွင် သူမအကြောင်း သူတို့ပြောနေသည်အားကြားလိုက်၍ မော့ကြည့်လိုက်သည်။
စကားစပြောလိုက်သူမှာ အစားအသောက်ဌာနမှ မိန်ရှုဖြစ်၏။
သူမဘေးရှိလူမှာ အဝတ်အထည်ဌာနမှ ယုယင်းဖြစ်လေသည်။
စူးယွင်မှာ ပြုံး၍ပြောလိုက်၏။
"အဝတ်အထည်ဌာနက စူးယွင်ပါ တွေ့ရတာဝမ်းသာပါတယ်"
ကုန်သည်အဖွဲ့အစည်းမှာ အဝတ်အထည်၊အစားအသောက်၊ဆောက်လုပ်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း စသဖြင့်အမျိုးအစားပေါင်းစုံရှိရာ အဖွဲ့ဝင်များသည် ဌာနအမည်ကိုသာရိုးရိုးလေးပြောဆိုလိုက်တတ်ကြ၏။
အမျိုးသမီးနှစ်ဦးမှာ ပြုံး၍စူးယွင်အားနှုတ်ဆက်လာသည်။
ယုယင်းမှမေးလိုက်၏။
"အကြီးအကဲရုန်ကို လာတွေ့တာလား"
"ဟုတ်ပါတယ် ကျွန်မကဌာနရဲ့အဖွဲ့ဝင်သစ်ဆိုတော့ နားမလည်သေးတာတွေအများကြီးရှိနေသေးတယ်လေ။အဲ့ဒါကြောင့် အကြီးအကဲရဲ့ လမ်းညွှန်မှုကို လိုနေတာပါ"
စူးယွင်၏အဖြေမှာ သမားရိုးကျပင်ဖြစ်ကာ သူမမေးခွန်းမှတစ်ပါး အပိုဆားဒါးတစ်ခုမှထည့်မဖြေခဲ့ပေ။
ယုယင်းသည် ပြုံးကာ
"ဒါဆိုမြန်မြန်သွားလေ အကြီးအကဲကို စောင့်မနေရစေနဲ့"
ထိုသို့ပြောကာ မိန်ရှုအားဆွဲ၍ စူးယွင်နားမှထွက်သွားတော့သည်။
ထိုအခိုက်အတန့်၌ အေးမြမြဆောင်းဦးလေပြည်တစ်သုတ်မှာ တိုက်ခတ်သွားလေ၏။လန်းဆန်းခြောက်သွေ့သောလေတစ်သုတ်မှာ စူးယွင်၏ပါးပြင်အား အသာအယာပွတ်တိုက်သွားလေသည်။ဆံနွယ်စအချို့မှာ သူမနှုတ်ခမ်းများထံ ကပ်ညှိလာ၍ ငုံ့ကြည့်ကာ လက်ချောင်းများဖြင့်အသာဖယ်၍ သူမနားနောက်သပ်တင်လိုက်လေ၏။
စူးယွင်မှ မျက်လုံးပင့်လိုက်ရာ ယုယင်း၏ဆံနွယ်တို့မှာလဲ လေကြောင့်လွှင့်သွားကာ သူမညာဘက်လက်မောင်းအား အသာပွတ်သပ်သွားပြီး ဖဲပြားနီမှာလဲ သူမမျက်စိရှေ့လွှင့်မြောလာသည်ကို တန်းတွေ့လိုက်ရသည်။
နီရဲရဲဖဲပြားထက်တွင် ပွင့်လန်းနေသောကျူးလစ်ပန်းတစ်ပွင့်နှင့်ဆင်တူသည့် ပုံစံတစ်ခုအား ပန်းထိုးထားလေ၏။ပန်းဝတ်ဆံနေရာတွင် စာလုံးအချို့ထိုးထားသည်အားမြင်လိုက်ရပေသိ မြန်ဆန်လွန်းလှရာ ဘာစာလုံးတို့ဆိုသည်ကိုတော့ စူးယွင်မမြင်လိုက်ရပေ။
သူမသည် အတွင်းပိုင်းသို့ ဆက်လျှောက်လာရင်း လက်ထဲရှိဖဲပြားအားကလိလာလေ၏။
ဖဲပြားမှာ သန့်ရှင့်သပ်ရပ်သော ဖဲပြားနီမျှသာဖြစ်ပြီး ဘာမှထပ်ရှိမနေပေ။
စူးယွင်သည် နှုတ်ခမ်းစူရင်း အများကြီးတွေးမနေသင့်ဟုသာ စိတ်လျှော့လိုက်ရသည်။
သူမသည် ဌာနမျိုးစုံ၏ ဦးတည်ရာဆီ ညွှန်ပြနေသော လမ်းညွှန်များမှနေ မှတ်ဉာဏ်ထဲကအတိုင်း အဖွဲ့အစည်းအလယ်ဗဟိုထံ လျှောက်လာလိုက်၏။
ဌာနလေးခုအား အခြေခံဦးတည်ရာလေးဘက်တွင် တည်ဆောက်ထားလေသည်။အရှေ့တောင်မှ အနောက်မြောက်တွင် ဌာနတစ်ခုချင်းစီမှ နေရာယူထားပြီး အဝတ်အထည်ဌာနမှာ အကောင်းဆုံးနေရာကို ယူထားလေ၏။ဌာနအနေအထားမှာ အတန်ငယ်အားနည်းပေသိ အဆင့်အတန်းမှာတော့ ပြောင်းလဲမသွားခဲ့ပေ။
ရလဒ်အနေဖြင့် အဝတ်အထည်ဌာနကို အရှေ့ခြမ်းရှိအဓိကအပိုင်းတွင် တည်ထောင်ခဲ့လေသည်။
စူးယွင်သည် အရှေ့ခြမ်းသို့ တစ်မိုင်လောက်လျှောက်လာပြီးသော် မကြာခင်မှာပင် ချောမွေ့သည့် လမ်းခင်းကျောက်များ ခင်းထားသောကျောက်ခင်းလမ်းတစ်ခုကို မြင်လိုက်ရ၏။
သူမရှေ့ရှိလမ်းမှာ ရှည်လျားလွန်းလှပြီး အဆုံးမရှိသောငွေချည်မျှင်တစ်မျှင်ဖြင့်ပင် ဆင်တူနေလေသည်။
လမ်းတစ်လျှောက်ရှိ ကျောက်စရစ်ခဲများမှာ အရွယ်စုံရောင်စုံရှိနေပြီး အချို့ဆိုလျှင် အပေါ်ကြောပင် ကွဲအက်နေပြီဖြစ်၍ နှစ်ပေါင်းများစွာကြာပြီဆိုသည့် အထင်အမြင်ကို ပေးစွမ်းနေလေ၏။
လမ်း၏ဘေးတစ်ဖက်တစ်ချက်စီတွင် သစ်ပင်မြင့်ကြီးများရှိနေပြီး သူတို့၏သစ်ရွက်တို့ဖြင့် စိမ်းစိုကာရှည်လျားသော သစ်ကိုင်းများမှာ အမိုးအကာတစ်ခုအသွင် ဖန်တီးပေးနေသည်။လေတိုးချိန်၌ အသာလှုပ်ခတ်သွားသော သစ်ရွက်များမှာ လေထုအား နူးညံ့သာယာသောအသံတို့ဖြင့် ပြည့်နှက်သွားစေ၏။
စူးယွင်မှ လှည့်ပတ်ကြည့်လိုက်ရာ ဤတစ်လမ်းထဲရှိနေသည်ဖြစ်၍ ရှေ့သို့ဆက်သွားလိုက်သည်။
ကျောက်တုံးတို့မှာ ချောမွတ်နေ၍ သူမထင်ထားသလောက် မနာကျင်စေပေ။
သူမလျှောက်လာလေလေ တိတ်ဆိတ်သော လမ်းလေးထက် ပဲ့တင်နေသော ကျေးငှက်သံတို့ကို ကြားလာရလေလေဖြစ်နေသည်မှာ ငှက်လေးများသည် သူမနှင့် စကားစမြည်ပြောနေကြသည့်အလား။
အလိုလိုပင် သူမမှာ အရှိန်လျော့သွားပြီး ငြိမ်းချမ်းသောအခိုက်အတန့်လေး၏ ပွေ့ဖက်မှုကို ခံယူလိုက်လေသည်။
လမ်းလေးထက်မှ သူမထွက်လာသည်နှင့် ခြံဝင်းကျယ်ကြီးတစ်ခုမှာ သူမရှေ့တွင်ပေါ်လာလေ၏။
သူမသည်ဝင်ပေါက်တံခါးအားတွန်းဖွင့်ကာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်အား ရုန်စာ၏ရုံးခန်းနေရာဆီမေးလိုက်သည်။
သို့သော်ငြား လူတိုင်းမှာ အလုပ်ရှုပ်နေပုံရပြီး မျက်လုံးပင် ပင့်မကြည့်ခဲ့ကြပေ။သူတို့ထဲရှိ တစ်ဦးမှာ လမ်းအားရိုးရိုးရှင်းရှင်းသာညွှန်ပြ၍ ပြောလာသည်။
"ရှေ့ကိုတည့်တည့်သွားပြီး ဘယ်ဘက်ကိုကွေ့ ပြီးရင် သုံးထပ်ကိုတက်သွား။ညာဘက်ရဲ့နောက်ဆုံးအခန်းက အကြီးအကဲရဲ့ ရုံးခန်းပဲ"
"ကျေးဇူးပါပဲ"