အခန်း (၇၇)
Vol. 8 Ch. 77
ညွှန်ပြလိုက်သည့်အတိုင်း စူးယွင်သည် ချောချောမွေ့မွေ့ရောက်သွားခဲ့၏။သူမသည် တံခါးမခေါက်ခင် နေရာမှန်ရောက်သည်မှာသေချာစေစေရန် တံခါးထက်ရှိနာမည်အား နှစ်ကြိမ်စစ်ဆေးလိုက်သည်။
"ဝင်ခဲ့ပါ"
စူးယွင်သည် တံခါးအားဖွင့်ကာ ဝင်သွားလိုက်၏။
သူမမှာ ရုန်စာအားနှုတ်ဆက်ရန်ပြင်လိုက်စဉ် ဘေးရှိနောက်လူတစ်ယောက်အားမြင်လိုက်၍ အံ့ဩမှုကြောင့် တောင့်တင်းသွားရသည်။
ထိုသူမှာ နဉ်အန်းမင်းသမီးပင်။
အပြင်လူတွေကို ဝင်ခွင့်မပြုဘူးလို့ မပြောခဲ့ဘူးလား။ဘာတွေဖြစ်သွားတာလဲ။
စူးယွင်သည် နဉ်အန်းမင်းသမီး၏ညာဘက်လက်မောင်းထက်ကြည့်ကာ မည်သည့်ဖဲပြားနီမှရှိမနေကြောင်း အတည်ပြုလိုက်၏။
သူမသည် လှောင်ပြုံးမပြုံးမိဘဲ မနေနိုင်ခဲ့ပေ။
စည်းမျဉ်းဥပဒေဆိုသည်မှာ သူမတို့လို သာမန်လူတန်းစားများအတွက်သာရှိနေပုံပင်။
မင်းသမီးတစ်ပါးအနေဖြင့် သူမသည် အစည်းအဝေးများကိုပင် တက်ရောက်နိုင်ပြီး သူမဝင်ခွင့်မရှိသောဤနေရာလေးမှအစဝင်ခွင့်ရှိနေသည်။
သူမသည် တည်ငြိမ်နေဆဲဖြစ်ကာ ယဉ်ကျေးသောအမူအယာဖြင့် နှုတ်ဆက်လိုက်၏။
"မင်းသမီးကို နှုတ်ဆက်ပါတယ်"
စူးယွင်မှ နဉ်အန်းမင်းသမီးအား စူးစမ်းနေစဉ် မင်းသမီးသည်လဲ သူမအားစူးစမ်းနေလေသည်။ဆံထိုးရှိမနေသည်ကိုမြင်လိုက်ရာ သိချင်စိတ်ပေါ်လာပေသိ ဘာမှပြောမလာခဲ့ချေ။
သူမသည်ပြုံး၍ ပြန်ဖြေလိုက်၏။
"စူးမိန်းကလေး ယဉ်ကျေးလွန်းနေပါပြီ။ထိုင်ပါဦး"
စူးယွင်မှာ သူမ၏ဒုတိယအဒေါ်ဖြစ်လာမည်အားတွေးမိ၍ ပိုလို့ပင် လေးစားတော့သည်။
နဉ်အန်းမင်းသမီးသည် သူမဘေးရှိနေရာလွတ်အားပုတ်၍ လှမ်းခေါ်လိုက်၏။
"စူးမိန်းကလေး ဒီမှာထိုင်လေ"
စူးယွင်သည် နှုတ်ခမ်းအားကိုက်လိုက်မိ၏။
ဒါကဘာလဲ။အချစ်ပြိုင်ဘက်တွေတွေ့တာနဲ့ အကြည့်တွေစူးရှလာပြီး အနီးကပ်စောင့်ကြည့်ဖို့လုပ်နေတာလား။
ဒါပေမယ့်....
နဉ်ကျင်းနှင့် လမ်းခွဲပြီးဖြစ်လေသည်။
နဉ်ကျင်းကသူမကိုပြောမပြရသေးလို့လား။အဲ့တော့ အခုသူမကငါ့ကို ပြိုင်ဘက်တစ်ယောက်လို့မြင်နေတုန်းပေါ့လေ။
စူးယွင်စိတ်မှာ တစ်မိနစ်တွင်း အတွေးပေါင်းငါးရာဖြင့်ပြေးလွှားနေပေသိ သူမအမူအယာမှာတော့ တည်ငြိမ်နေဆဲပင်။
သူမသည်ခပ်ဖွဖွပြုံးကာ
"မင်းသမီးက ကြင်နာလွန်းနေပါပြီ"
"မဟုတ်တာ စူးမိန်းကလေးကို ကျွန်မစတွေ့ကတည်းက ရင်းနှီးကျွမ်းဝင်သလို ခံစားနေရတာလေ။အစည်းအဝေးပြီးတော့ ကျွန်မရှင်နဲ့ စကားခဏပြောချင်ခဲ့တာ ဒါပေမယ့် ကံမကောင်းတော့ ကျွန်မအခွင့်အရေးမရခဲ့ဘူးလေ"
နဉ်အန်းမင်းသမီးမှာ တစ်စထက်တစ်စစိတ်အားထက်သန်လာပြီး ဆက်ပြောလာ၏။
"ကျွန်မတို့တွေ ဒီနေ့အေးဆေးစကားစမြည်ပြောကြရင် ဘယ်လိုလဲ"
"ကျွန်မထင်တာတော့..."
"မင်းသမီး"
ရုန်စာမှဖြတ်ပြောလာသည်။
"ကျွန်မက စူးမိန်းကလေးနဲ့ အရေးကြီးကိစ္စတစ်ချို့ဆွေးနွေးစရာရှိနေပါတယ်။မင်းသမီးအနေနဲ့ အခုတော့အခြားကိစ္စတွေကို ဘေးဖယ်ထားရပါမယ်"
နဉ်အန်းမင်းသမီးမှာ နှုတ်ခမ်းစူလိုက်၏။
"အဒေါ်က အရမ်းစိတ်ရှုပ်စရာကောင်းတာပဲ"
အဒေါ်!
ထိုစကားများပြောလာသည်နှင့် စူးယွင်သည် ထိုနှစ်ယောက်အား မျက်လုံးပြူးလေးများဖြင့် ကြည့်နေလိုက်၏။
ရုန်စာမှာရယ်မော၍
"တောင်းပန်ပါတယ် ငါ့ရဲ့ဆွေမျိုးအငယ်လေးက နည်းနည်းအတွေးတိမ်သွားတယ်"
"ရပါတယ်"
စူးယွင်သည် ရိုရိုသေသေသာပြန်ဖြေလိုက်၏။
"ဒီနေရာကိုကို ပထမဆုံးအကြိမ်လာရတာဆိုတော့ ရှာရခက်နေမှာပဲ"
ပြိုင်ပွဲနှင့်အစည်းအဝေးမှာ ကုန်သည်အဖွဲ့အစည်းနယ်မြေ၏ အလယ်ဗဟိုတွင်ကျင်းပခဲ့ခြင်းဖြစ်ကာ ဌာနအသီးသီးအတွက် သတ်မှတ်ထားသောနေရာများ၌မဟုတ်ပေ။
"အဆင်ပြေပါတယ်"
စူးယွင်မှပြောလိုက်သည်။
"အကြီးအကဲက ကျွန်မနဲ့ဘာများဆွေးနွေးချင်တာပါလဲ"
ရုန်စာမှပြန်ဖြေလာ၏။
"သုံးလအတွင်းမှာ မိဖုရားကြီးရဲ့သက်တော်၄၀ပြည့်မွေးနေ့ကို တစ်ပြည်လုံးသိုက်သိုက်မြိုက်မြိုက်ကျင်းပလိမ့်မယ်"
စူးယွင်မှာ ခေါင်းငြိမ့်လိုက်၏။
"အစဉ်အလာအရဆို ငါတို့ဌာနက မိဖုရားကြီးရဲ့မွေးနေ့အတွက် ဝတ်စုံတွေဖန်တီးဖို့တာဝန်ယူရတယ်။ဒီတစ်ကြိမ်လဲ အတူတူပဲ"
"မင်းလက်ရာက အရမ်းကောင်းပြီး ကြံရည်ဖန်ရည်ကလဲ မှတ်မှတ်ထင်ထင်ရှိတယ်။ဒါကြောင့်ပဲ ဒီတာဝန်ကို ငါမင်းဆီလွှဲပေးချင်တယ်"
ရုန်စာမှပြောပြီးသည်နှင့် စူးယွင်မှာ တွန့်ဆုတ်စွာဖြင့်
"အကြီးအကဲ ရှင်ကကျွန်မကို အထင်ကြီးလွန်းနေပါပြီ။ကျွန်မက အဖွဲ့အစည်းနဲ့ ပူးပေါင်းကာစပဲရှိသေးတဲ့အပြင် အတွေ့အကြုံကလဲ နည်းပါးနေပါသေးတယ်။ကျွန်မကောင်းကောင်းမလုပ်နိုင်မှာစိုးမိတယ်"
"ဒါကကိစ္စကြီးမဟုတ်ပါဘူး"
နဉ်အန်းမင်းသမီးမှာ ကြားဖြတ်ပြောလာ၏။
"ကောင်းကောင်းမလုပ်နိုင်ရင် ခေါင်းပြုတ်သွားနိုင်တယ်လေ"
သူမမှာ နားချလိုက်၏။
"အဒေါ်နဲ့ အမျိုးသမီးဝမ့်တို့က ပြီးခဲ့တဲ့နှစ်တွေမှာတာဝန်ယူခဲ့ကြတာမလား။ဒီနှစ်မှ ဘာလို့ဆက်မလုပ်ရတာလဲ"
ရုန်စာမှာ အမှန်တရားအား ဖုံးကွယ်မထားဘဲ တည့်တိုးပြောလာသည်။
"အမျိုးသမီးဝမ့်က အခုအသက်အရွယ်ရလာပြီဆိုတော့ အိမ်ပြန်ပြီးအနားယူတော့မယ်တဲ့။ပြီးတော့ ငါ့မှာကလဲ မျက်စိပြဿနာရှိနေတယ်။ဒီလိုနူးနူးညံ့ညံ့အလုပ်တွေကို ငါမကိုင်တွယ်နိုင်တော့ဘူး"
"အဒေါ့်မျက်လုံးတွေက..."
ရုန်စာမှာ သူမလက်အားယမ်း၍ ဖြတ်ပြောလိုက်၏။
"ဒီရက်တွေထဲ ဌာနကလူတွေအရမ်းသက်တောင့်သက်တာနဲ့ ရေလိုက်ငါးလိုက်နေ,နေကြတာလေ။သူတို့ဆီဒီတာဝန်ပေးလိုက်ဖို့ ငါ့မှာယုံကြည်ချက်မရှိဘူး"
"စူးယွင် မင်းမျက်လုံးတွေထဲက စိတ်အားထက်သန်မှုတွေကို ငါမြင်နေရတယ်။မင်းကောင်းကောင်းလုပ်နိုင်မယ်လို့လဲ ငါယုံကြည်တယ်"
စူးယွင်မှာ ဝန်လေးမှုတစ်ချိုအား ခံစားနေရဆဲပင်။
"ဒါပေမယ့် ကျွန်မလုပ်သက်က နည်းပါးနေတုန်းပဲ"
သူမလက်ရာများမှာ လူအများနှင့်ယှဉ်လျှင် ကောင်းမွန်လွန်းလှပြီဖြစ်သော်ငြား ဤကဲ့သို့ဝါရင့်သမ္ဘာရင့်နယ်ပယ်ထဲတွင်တော့ သင်ယူစရာများစွာရှိနေဆဲပင်။
"မင်းကအတော်ကောင်းနေပါပြီ။တိုးတက်ဖို့လိုတဲ့နေရာဆိုတာလဲ နည်းနည်းလောက်ပဲရှိတာပါ"
သူမသည် ပြိုင်ပွဲမှချီဖောင်ဖန်တီးမှုကို အကြိမ်ပေါင်းများစွာ လေ့လာပြီးဖြစ်ပြီး ပြည့်စုံကောင်းမွန်သော အဝတ်အစားတစ်ထည်ဖြစ်ကြောင်း ယူဆနိုင်ပေသည်။
ပန်းထိုးပညာနှင့် ဖန်တီးမှုမှာအလွန်ကောင်းမွန်ပေသိ နည်းစနစ်ပိုင်းတွင်တော့ အတန်ငယ်လိုအပ်နေဆဲဖြစ်၏။သို့သော် ကောင်းကောင်းသင်ကြားပေးပါက စူးယွင်၏လုပ်နိုင်စွမ်းအရ အချိန်ကြာကြာမယူထားလောက်ဟု ယုံကြည်လေသည်။
"ပြီးတော့ ငါကမင်းကို သင်ပေးမှာပါ။စိတ်မပူပါနဲ့ ဒါကမင်းရဲ့တာဝန်ပဲမဟုတ်ပါဘူး ဌာနရဲ့တာဝန်လဲဖြစ်နေတယ်လေ"
စူးယွင်သည် မျက်မှောင်အသာကြုံ့ကာ ရုန်စာအားကြည့်လိုက်၏။အဆုံးတွင်တော့ ရုန်စာ၏တောင်းဆိုဟန်အကြည့်အောက်တွင် ခေါင်းငြိမ့်ပြလိုက်ရတော့သည်။
"ကျွန်မအကောင်းဆုံးလုပ်ပါ့မယ်"
သူမသည် ပန်းထိုးပညာတိုးတက်စေရန် ဌာနနှင့်ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး ရုန်စာသည်လည်း သူမအားသီးသန့်သင်ကြားပေးမည်ဖြစ်ရာ ဤအခွင့်အရေးအား ကျိန်းသေလက်လွှတ်ခံမည်မဟုတ်ပေ။
ရုန်စာသည် သက်ပြင်းမောတစ်ချက်ချကာ ပြောလိုက်၏။
"ဒါဆို ဒီနေ့တော့ မင်းအိမ်ပြန်နားလိုက်သင့်တယ်။မနက်ဖြန်မှ ဌာနကိုပြန်လာခဲ့"
"ကောင်းပါပြီ ဒါဆို ကျွန်မကိုသွားခွင့်ပြုပါဦီး"
"နေပါဦး"
နဉ်အန်းမင်းသမီးမှာ စူးယွင်အားတားလာ၏။
စူးယွင်မှာ မျက်မှောင်ကြုံ့လိုက်သည်။
ရုန်စာသည် စူးယွင်၏တွန့်ဆုတ်မှုအား သတိပြုမိသလို နဉ်အန်းမင်းသမီးဘာမေးချင်နေသည်ကိုလဲ ခန့်မှန်းမိ၏။သူမသည် ကူပြောပေးလိုက်ရတော့သည်။
"မင်းသမီး ကျွန်မမှာ မင်းသမီးနဲ့ဆွေးနွေးစရာရှိပါသေးတယ်။စူးမိန်းကလေး အရင်ပြန်နှင့်လိုက်ပါ"
"ကျေးဇူးတင်ပါတယ်"
နဉ်အန်းမင်းသမီးမှာ စူးယွင်တစ်ယောက် သူမမြင်ကွင်းထဲမှ ပျောက်သွားသည်ကိုသာ ကြည့်ရင်းနှုတ်ခမ်းစူကာ စောဒကတက်လိုက်သည်။
"အဒေါ်"
ရုန်စာမှာ သူမအားလျစ်လျူရှု၍
"လျှောက်ရှုပ်မနေနဲ့ ဒီမှာပဲစောင့်နေလိုက်။အချိန်ဆိုတာ သွားနေတာလေ လိုအပ်တဲ့အချိန်မှ ငါတို့ထွက်သင့်တယ်"
"ကျွန်မတော့မလုပ်ချင်ဘူး"
နဉ်အန်းမင်းသမီးမှာ နားထောင်ရန်ငြင်းဆိုကာ လှစ်ကနဲအပြင်ပြေးထွက်သွားရင်း အော်သွားလေ၏။
"လာ့လာလား လားလာ"
ရုန်စာမှာ ခေါင်းယမ်းရင်းရယ်လိုက်မိသည်။
နဉ်အန်းမင်းသမီးမှာ စူးယွင်နောက်ပြေးလိုက်လာပြီး သူမအားအော်ခေါ်ရန်ပြင်လိုက်စဉ် စူးယွင်အား ညာဘက်လက်မောင်းပေါ်တွင် ခရမ်းရောင်ဖဲပြားချည်ထားသော လူတစ်ယောက်မှတားထားသည်ကို တွေ့လိုက်ရ၏။
နဉ်အန်းမင်းသမီး၏မျက်နှာမှာ အံ့အားသင့်မှုတို့ပေါ်လာပြီး ရုန်စာ၏ရုံးခန်းဆီ ပြန်ပြေးသွားတော့သည်။