← Chapters

အခန်း (၈၀)

Vol. 8 Ch. 80

အခန်း (၈၀)

Vol. 8 Ch. 80

ဝူရုန်ဟော်အိမ်တော်ဝင်ပေါက်တွင် မီးအိမ်များဖြင့် တောက်တောက်ပပဖြစ်အောင် အလှဆင်ထားပြီး ဝင်ရောက်လာသည့်လူများ၏အသံများအပြင် ယှဉ်တွဲပါဝင်သော သဘင်သည်အဖွဲ့၏အသံများဖြင့် လေထုအားပြည့်နှက်သွားစေသည်။ဂီတသံတို့မှာ ခြံဝင်းထဲမှနေ အပြင်ဘက်ထိ ပဲ့တင်ထပ်နေလေ၏။

စူးယွင်သည် လက်ဆောင်အားကိုင်ကာ ဝင်ပေါက်ဆီရောက်လာသော် ဖိတ်စာအားတံခါးစောင့်ထံ ကမ်းပေးလိုက်သည်။

ဝူရုန်ဟော်အိမ်တော်သည် တင်းကြပ်သောစည်းမျဉ်းတို့ရှိသည့် အိမ်တော်ကြီးဖြစ်၏။လူလိမ်လူကောက်များပွဲအတွင်းဝင်လာမည်ကို တားဆီးရန် အစောင့်အရေအတွက်ကို ပုံမှန်ထက်နှစ်ဆတိုးထားလေသည်။

တံခါးစောင့်သည်ဖိတ်စာအား အတွင်းအပြင်သေသေချာချာစစ်ဆေးလိုက်၏။အားလုံးအဆင်ပြေပြီး ပြဿနာမရှိသည်မှာသေချာပါမှ သူတို့အားဝင်ခွင့်ပြုလေသည်။

အိမ်‌တော်ထဲတွင်တော့ ဝတ်ကောင်းစားလှများဝတ်ဆင်ထားကြသည့် ပွဲလာဧည့်ပရိသတ်တို့ဖြင့် ပြည့်နေ၏။စူးယွင်မှ လူအုပ်အားစစ်ဆေးကြည့်လိုက်ရာ သူမဆိုင်မှအမှာတင်ဖူးသော ဝယ်သူအချို့မှလွဲ၍ ကျန်သူတို့မှာ လူစိမ်းများသာဖြစ်သည်။

ဤပွဲမှာ သူမတက်ရောက်ဖူးသော ပထမဆုံးပွဲအခမ်းအနားဖြစ်ရာ ထုံးတမ်းစဉ်လာတို့ဖြင့် မရင်းနှီးပါချေ။အမှားတစ်ခုခု လုပ်မိမည်စိုး၍ သူမသည်နှိမ့်နှိမ့်ချချနေလိုက်ရန်သာ ဆုံးဖြတ်ထားသည်။လက်ဆောင်အားကိုင်ထားရင်း သူမနှင့်ရှောင်ဟယ်သည် ပွဲအစွန်းနားထိလျှောက်သွားလိုက်၏။

သူတို့ရပ်နေသည့်နေရာသည် လူစုလူဝေးနှင့်ကင်းကွာလှသည်။

"သခင်မလေး လူတွေကအများကြီးပဲ"

ပထမဦးဆုံးပွဲတက်ဖူးသည့်ရှောင်ဟယ်မှာ သိချင်စိတ်ပြင်းပြနေတော့၏။သူမမျက်လုံးများအား ကျယ်ကျယ်ဖွင့်ကာ ဧည့်သည်များကိုအဆက်မပြတ်စူးစမ်းနေလေသည်။

လော့ဇီယင်းသည် ဝူရုန်းဟော်စုံတွဲ၏ တစ်ဦးတည်းသောသမီးဖြစ်ကာ ဂုဏ်ရှိန်မြင့်သောသူတစ်ဦးဖြစ်၏။သူမ၏မွေးနေ့အခမ်းအနားမှာ သဘာဝကျကျပင် အရေးကြီးသောအခမ်းအနားတစ်ခုဖြစ်ပြီး ဝူရုန်းဟော်မိသားစုနှင့် အဆက်အသွယ်ရချင်သော လူများသည် လက်ဆောင်အလျှံအပယ်ပြင်ဆင်လာကြပြီး အစောကြီးရောက်ချလာကြကာ အခမ်းအနားစတင်မည်ကို စောင့်မျှော်နေကြလေသည်။

"အင်း"

စူးယွင်သည် ပျင်းတိပျင်းရွဲဖြင့် တိုင်တစ်လုံးအားမှီကာ စိတ်မဝင်စားဟန်နှင့် ကြည့်နေပြီး အားအင်ကုန်ခမ်းနေပုံပေါ်နေလေ၏။

"ပွဲကဘယ်အချိန်စမှာလဲ"

စူးယွင်သည် ဤနေရာ၌အချိန်အတော်ကြာအောင် ရပ်နေခဲ့ရပြီး ပင်ပန်းလာသလိုခံစားနေရ၍မေးလိုက်သည်။

ရှောင်ဟယ်သည် ပတ်ပတ်လည်ရှိယောက်ယက်ခတ်နေသောအစေခံများအားကြည့်ကာ သူတို့အမူအယာများသည် သူမတို့စရောက်ကာစထက် ပိုမိုကျွမ်းကျင်လာကြောင်းသိလိုက်ရ၏။

"မကြာခင်စသင့်နေပြီ"

သူမမှပြန်ဖြေလိုက်သည်။

စူးယွင်သည် မျက်လွှာချကာ တိုးတိုးလေးပြောလိုက်၏။

"လော့သခင်မလေးထွက်လာတာနဲ့ ငါတို့တွေလက်ဆောင်ပေးပြီး ပြန်ကြမယ်"

သူမတို့နှစ်ဦးလုံးသည် ဤအသိုင်းအဝိုင်းနှင့် မသက်ဆိုင်ကြသူများဖြစ်ရာ ဤနေရာ၌ဆက်နေစရာအကြောင်းမရှိပေ။

ရှောင်ဟယ်သည် သိချင်စိတ်ပြင်းပြနေပေသိ သူမတို့အနေဖြင့် အကြာကြီးဆက်နေရန် မသင့်လျော်ကြောင်းကိုတော့ နားလည်လေ၏။

သူမသည်ခေါင်းငြိမ့်ထောက်ခံလာသည်။

"ကောင်းပါပြီ"

ပြန်ဖြေသည်ကိုကြားသော် စူးယွင်သည် မျက်လွှာပြန်ချ၍ သူမကိုယ်ဟန်အားပြင်ကာ ခြေထောက်အားချိတ် တိုင်ကိုမှီပြီး ခဏလောက်နားရန်ပြင်လိုက်သည်။

ဆယ့်ငါးမိနစ်ကြာပြီး ယွီနာရီတွင် ဗုံသံတို့ဖြင့် အခမ်းအနားစတင်ကြောင်း အချက်ပြလာ၏။

ကျက်သရေရှိရှိဝတ်ဆင်ထားကြသော လူအုပ်စုတစ်စုသည် ခြံဝင်းအနောက်ဘက်ခြမ်းမှ ထွက်လာကြသည်။လူအုပ်အား ခရမ်းရင့်ရောင်ဝတ်ရုံရှည်ဝတ်ထားပြီး ဆံနွယ်ဖြူတို့ဖြင့် အဘွားအိုတစ်ဦးမှ ဦးဆောင်လာလေ၏။သူမသည် ညာဘက်လက်တွင် ပုတီးတစ်ကုံးကိုင်ထားပြီး သူမလက်မောင်းကိုတော့ အခြားတစ်ယောက်မှ ထိန်းကိုင်ထားလေသည်။

လူအုပ်ကြီးမှာ မျက်လုံးပင့်ကြည့်လိုက်ကြစဉ် ယနေ့ပွဲ၏ဇာတ်လိုက်ဖြစ်သော လော့ဇီယင်းအားတွေ့လိုက်ကြ၏။

သူမသည် စကပ်အနားများ၌ ပွင့်လန်းနေသော ကမ်မလီယာပန်းများထိုးထားသည့် ပန်းဖျော့နှင့်အဖြူရောင်ရောစပ်ထားသည့် ချုံဆမ်းတစ်ထည်အား ဝတ်ဆင်ထားကာ ရိုးရှင်းမှုနှင့်ကျက်သရေရှိမှုတို့အား ဖော်ထုတ်ထားလေသည်။သူမမိတ်ကပ်မှာ ပါးပါးကြည်ကြည်လေးဖြစ်ပြီး နူးညံ့ညံ့မျက်နှာလေးထက်တွင် ပေါင်ဒါပုတ်ထားသည့် အရိပ်အယောင်တစ်စွန်းတစ်စဖြင့် သူမနဖူးထက်ရှိ ဟင်္သာပြဒါးရိုင်းအနီစက်လေးသာရှိနေ၏။သူမအားကြည့်ရသည်မှာ ငယ်ရွယ်တောက်ပနေပြီး အနားရှိလူများ၏အကြည့်တိုင်းကို ဖမ်းစားထားလေသည်။

သူမဆံပင်ပုံစံမှာ ရိုးရှင်းပေသိ ခေါင်းထိပ်တွင် ဆံထုံးတစ်ခုအဖြစ် ထုံးဖွဲ့ထားပြီး ချုံဆမ်းအရောင်နှင့်လိုက်ဖက်သော ပန်းရောင်နှင့်အဖြူရောင်စပ်ဆံထိုးအား ပန်ဆင်ထားကာ ကျက်သရေရှိနေစေတော့၏။လော့ဇီယင်းမှာ လက်ဝတ်တန်ဆာ အနည်းအကျဉ်းသာ ဝတ်ဆင်ထားပြီး တချွင်ချွင်မြည်‌နေသောနားဆွဲရှည်များလောက်သာဝတ်ဆင်ထားခြင်းပင်။

သူမသည် သခင်မကြီးလော့အား ထိန်းကိုင်ပေးရင်း ရံဖန်ရံခါဆိုသလို အဘွားအိုနှင့်စကားပြောရန် ခေါင်းငုံ့ထားတတ်၏။

သခင်မကြီးလော့နောက်ရှိ လိုက်လာသောအုပ်စုမှာ ဝူရုန်အရှင်နှင့် ဇနီး၊လော့ချန်းယီနှင့်အခြားသူများဖြစ်လေသည်။သူတို့တစ်ဦးချင်းစီမှာ ဝတ်ကောင်းစားလှများဝတ်ဆင်ထားကြပြီး သူတို့ရှိနေသည့်မွေးနေ့ပွဲ၏ အရေးပါမှုကို ပြသနေလေ၏။

လော့ဇီယင်း၏နှုတ်ခမ်းတို့မှာ အပြုံးဖျော့ဖျော့တစ်ခုအသွင်ကွေးတက်သွားကာ ခေါင်းအားစောင်း၍ သူမအဘွားထံပြောလိုက်သည်။

"အဘွား ခုံပေါ်ထိုင်လိုက်ပါဦး"

သခင်မကြီးလော့မှာ ခေါင်းငြိမ့်၍ သူမလက်အားအသာပုတ်ကာ

"အင်း"

လော့ဇီယင်းသည်ပြုံးကာ အဘွားအိုမှကောင်းကောင်းထိုင်ပြီးသည်ကို အတည်ပြုပြီးသည်နှင့် အဘွားအိုဘေးရှိနေရာလွတ်ဆီ လျှောက်သွားလိုက်သည်။

သူမလက်အားယမ်းလိုက်ရာ နားထက်ရှိနားကပ်သည် တချွင်ချွင်မြည်လာပြီး စည်းချက်ကျကျ ယိမ်းနွှဲ့သွားလေ၏။

"လူတိုင်း ထိုင်နိုင်ပါပြီ"

သူမစကားဆုံးသည်နှင့် လူတိုင်းသည် သင့်လျော်သောအမူအယာဖြင့် ထိုင်လိုက်ကြသည်။

စူးယွင်သည် မတ်မတ်ရပ်ကာ သူမဖတ်ဖူးခဲ့သော ဝတ္ထုများမှပါနေကျဓလေ့အတိုင်းလိုက်နာကာ ရှောင်ဟယ်နှင့်အတူ နောက်ဆုံးတန်းရှိစားပွဲဆီလျှောက်သွားလိုက်၏။

ရှေးခေတ်လူမှုဘဝ၏ တင်းကြပ်သောရာထူးဂုဏ်သိမ်အရ သူမကဲ့သို့ကုန်သည်တစ်ဦးသည် သဘာဝကျကျပင် အရှေ့တန်း၌ ထိုင်လို့မရပေ။

စူးယွင်နှင့်ရှောင်ဟယ်မှ နောက်ဆုံးစားပွဲတွင် ထိုင်ရန်ပြင်လိုက်စဉ် စကားသံအားကြားလိုက်ရ၏။

"စူးမိန်းကလေး ရှေ့မှာလာထိုင်လှည့်ပါ"

စူးယွင် : "?"

ရှောင်ဟယ် : "?"

ဒါကဘာဇာတ်ကွက်လဲဟ။

သူမတို့နှစ်ဦးသားမှာ ကြောင်အမ်းသွားရပြီး ဘာတွေဖြစ်သွားသည်ကို နားမလည်တော့ချေ။

စူးယွင်မှတုံ့ပြန်မလာ၍ အစေခံမှာထပ်ပြောလိုက်သည်။

"စူးမိန်းကလေး ကျွန်မတို့ရဲ့သခင်မလေးက နေရာအတွက်ပြင်ပေးထားပြီးပါပြီ လိုက်လာပေးပါ"

နှစ်ဦးသားမှာ အူတူတူဖြင့်အကြည့်ချင်းဖလှယ်ကာ ရှေ့သို့လျှောက်သွားလိုက်ကြသည်။

မူလကသူတို့ထင်ခဲ့သည်မှာ လော့ဇီယင်းမှဖိတ်ကြားခဲ့သည်ဟုပင်။သို့သော် အံ့အားသင့်စရာမှာ ဖိတ်ကြားသူသည် လော့ဇီယင်း၏မိခင် မြို့စားဝူရုန်အိမ်တော်၏ သခင်မဖြစ်သူဖြစ်နေပြီး သူမတို့ဘက်ချဉ်းကပ်လာလေ၏။

ရင်းနှီးကျွမ်းဝင်စွာပင် သူမသည်စူးယွင်၏လက်အားဆွဲ၍

"စူးမိန်းကလေးနာမည်ကို အဒေါ်ကြားဖူးတာကြာပြီဆိုပေမယ့် ဒီနေ့မှလူချင်းတွေ့ရတော့တယ်။မင်းက ကောလဟလတွေထဲကအတိုင်း တစ်ကယ်လှတာပဲ"

စူးယွင်၏ဆံပင်မှာ သစ်သားဆံထိုးတစ်ချောင်းဖြင့် အလွယ်ထုံးဖွဲ့ထားကာ မိတ်ကပ်အပြင်အဆင်သည်လည်း မပါသလောက်ဖြစ်ပြီး ရိုးရှင်းသိမ်မွေ့သောချုံဆမ်းအားဝတ်ဆင်ထားလေသည်။နူးညံ့လှပသောလော့ဇီယင်းဘေးတွင် ရပ်နေလျှင်ပင် မည်သည့်အားနည်းချက်မှရှိမနေချေ။

အသေးစိတ်ပြောရသော် စူးယွင်ကပင် လက်တစ်ဖျားစာသာနေလေသေး၏။

"အာ"

စူးယွင်သည် ရှုပ်ထွေးဟန်ဖြင့်ခေါင်းအားစောင်းလိုက်၏။

သူမနာမည်အား ဝမ်ကောကြောင့်ဖြစ်စေ ယုတ်စွအဆုံး လက်မှုပညာကြောင့်ဖြစ်စေကြားဖူးသည်ကိုထား သူမရုပ်ရည်သွင်ပြင်ကြောင့်ဆိုသည်မှာတော့ ဘာလုပ်ရပါမည်နည်း။

ဝူရုန်းဟော်ဇနီးသည်၏နှုတ်ခမ်းထောင့်ရှိ အပြုံးမှာ ခဏတာမျှတောင့်တင်းသွားခဲ့ပေသိ သူမတည်ငြိမ်မှုအားအမြန်ပြန်ထိန်းကာ ရှင်းပြလိုက်သည်။

"ဝမ်ကောရဲ့တာဝန်ခံက လက်ရာကောင်းရုံတင်မကဘူး အရမ်းလဲလှပတယ်ဆိုပြီး ကောလဟလတွေအပြင်မှာ ပျံ့နေတာလေ"

"မင်းဇီယင်းအတွက် လုပ်ပေးခဲ့တဲ့ဝတ်စုံတွေကို အဒေါ်တွေ့ဖူးပြီးသားဆိုတော့ ရုပ်ရည်ကိုပဲ သိချင်စိတ်ပေါ်နေတော့တာလေ"

ဤစကားအားကြားပါမှ စူးယွင်လဲယုံလိုက်ရတော့သည်။

သူမသည် ဖွဖွလေးပြုံးကာ

"သခင်မကတော့ ကျွန်မကိုမြှောက်ပင့်နေတာပါပဲ"

"မဟုတ်ရပါဘူး"

ဝူရုန်းဟော်သခင်မမှာ အပြုံးလေးဖြင့်ပြန်ဖြေလာ၏။

"မင်းရုပ်ရည်နဲ့ဆို တွေ့တာနဲ့မကျေနပ်တဲ့သူရှိမှာကို မဟုတ်ဘူး"

စူးယွင် : "?"

လော့ဇီယင်းမှာ ရပ်ကြည့်မနေနိုင်တော့ပေ။သူမသည် အမေဖြစ်သူအားဘေးဖယ်ကာပြောလိုက်သည်။

"ငါ့အမေကအလှကြိုက်တယ်လေ အဲ့တော့ ကြည့်ကောင်းတဲ့လူကိုတွေ့တာနဲ့ သူမကရေပက်မဝင်အောင် လျှောက်ပြောနေတော့တာပဲ"

ဝူရုန်း‌ဟော်သခင်မမှာ ခပ်သွက်သွက်ပင် ခေါင်းငြိမ့်ထောက်ခံလာ၏။

"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်"

"ရပ်မနေနဲ့လေ လာထိုင်ကြ"

"ကိစ္စမရှိပါဘူး"

စူးယွင်သည် အသာငြင်းကာ ရှောင်ဟယ်အားခေါ်လိုက်၏။

"လော့သခင်မလေးဆီ လက်ဆောင်ပေးပြီးရင် ငါတို့ပြန်ကြစို့"

ရှောင်ဟယ်သည် လော့ဇီယင်းထံ လက်ဆောင်ပေးရင်း ပြောလိုက်၏။

"ပျော်ရွှင်စရာမွေ့နေ့လေးပါ လော့သခင်မလေး။သခင်မလေးရဲ့ ဆန္ဒတွေအားလုံး ပြည့်ဝပြီး ငယ်ရွယ်မှုကအဓွန့်ရှည်ကာ အမြဲပြုံးပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်"

"အင်း"

All Chapters