အခန်း (၄)
Vol. 1 Ch. 4
သူမကို အင်တာနက်ပေါ်တွင် ဆဲကြသူအများစုမှာ သေနာကောင်၏ ပရိတ်သတ်များ၊ လွီချန်းချန်း၏ပရိတ်သတ်များနှင့် သူတို့နှစ်ယောက်ကို တွဲစေချင်သူများသာဖြစ်သည်။ ပုံမှန်ဆိုလျင်တော့ ထိုပရိတ်သတ် သုံးဖွဲ့မှာ အမြဲကိုက်နေကြသူများဖြစ်သည်။ သို့သော် ဝမ်ယွီထုံနှင့်ပတ်သတ်ရင်တော့ မိသားစုတွေလို စည်းလုံးညီညွတ်မှု ရသွားကြ၏။ စုဟန်သည် နာမည်ကြီး အနုပညာရှင်တစ်ယောက်ဖြစ်သလို သူ့ပရိတ်သတ်တွေကလည်း စွာလွန်းလှသည်။
မူလကိုယ်က သူမသည် စုဟန်နှင့် သက်ဆိုင်ကြောင်း၊ စေ့စပ်ထားသူဖြစ်ကြောင်း သွယ်ဝိုက် ၍ သော်လည်းကောင်း ပေါ်တင်သော်လည်းကောင်း လူအများသိအောင် သတင်းဖြန့်လေ့ရှိသည်။ ထို့ကြောင့် စုဟန်၏ ပရိတ်သတ်တွေက သူမကို အသားထဲစိုက်ဝင်နေသော ဆူးတစ်ချောင်းအဖြစ် အမြဲအမှတ်ရနေကြ၏။
ဝမ်ယွီထုံပင်လျင် အင်တာနက်ပေါ်မှ ဆဲဆိုမှုများကို မြင်လျင် သွေးအန်သလိုခံစားမိရာ မူလကိုယ်လည်း ထိုအင်တာနက်ပေါ်မှ တိုက်ခိုက်မှုများကို မခံနိုင်၍ နောက်ဆုံး ဖျော်ဖြေရေးလောကမှ အနားယူခဲ့ပုံရသည်။
ဝမ်ယွီထုံလည်း မနက်ဖြန် ငါးနာရီ ထရဦးမည်ကို သတိရလိုက်ကာ သူမလက်ထဲမှ ဖုန်းကို ဘေးချလိုက်ပြီး မျက်နှာပေါင်းတင်ကပ်ခွာကပ်ရင်း အိပ်ပျော်သွားသည်။
နောက်တစ်နေ့ မိုးလင်းတော့ ကျိုးရှောင်ယွီကို မနက်စာပြင်ဆင်ကျွေးရန် ဝမ်ယွီထုံသည် စောစောထရလေတော့၏။
တစ်ဝါးဝါးသန်းရင်း ကလေးနို့ဘူးပြင်ပေးနေစဉ် ပြတင်းပေါက်ကနေ ဆောင်းဦးအငွေ့အသက်ပါသည့် မနက်ခင်းရဲ့ လေပြေအေးလေး တွေက ဝင်ရောက်လာသည်။
သူမလက်ထဲက အသေးလေးကတော့ အိပ်ချင်မူးတူးလေးနှင့် နို့ဘူးထဲက နို့ ၁၅မီလီကို မျက်လုံးလေးမှေးကာ တဂွတ်ဂွတ်နှင့် စုပ်သောက်နေရင်း တန်းလန်းနှင့် ပြန်အိပ်သွားပြန်သည်။
ဝမ်ယွီထုံ ကလေး၏ပါးစပ်ထဲက နို့ဘူးကိုဖြုတ်ရန်လုပ်သော် ကလေးက မလွတ်သေးပဲ အိပ်ချင်မူးတူးနှင့် အလိုအလျှောက် နို့ဘူးကို စို့နေသေး၏။ နောက်တော့ လုံးဝမထိန်းနိုင်တော့ပဲ အိပ်ပျော်သွားသည်မှာ မည်မျှ လှုပ်နှိုးနှိုး နိုးမည့်ပုံပင် မပေါ်တော့ပါ။
အိပ်ပျော်သွားသည့်ကလေးကို ကလေး ပုခက် အိပ်ရာပေါ် အသာအယာတင်လိုက်ပြီး သူမကတော့ နို့ဘူးကို ဆေးကာ ပိုးသတ်လိုက်သည်။ နောက် သန်းဝေရင်း သူမလည်း ပြန်အိပ်ပျော်သွား၏။ မနက်၈နာရီလောက်ရောက်တော့ ဝမ်ယွီထုံသည် ကျိုးရှောင်ယွီလေးကြောင့် ထပ်နိုးလာရပြန်သည်။
ဝမ်ယွီထုံ ပထမဆုံး မျက်လုံးဖွင့်လိုက်တော့ အိပ်မှုံစုံမွှားဖြစ်နေသေး၏။ ကလေး ပုခက် အိပ်ရာပေါ်မှာလှဲနေသည့် ကျိုးရှောင်ယွီလေးက စပျစ်သီးလို မျက်လုံးးနှစ်လုံးနှင့် သူမကို စိုက်ကြည့်နေတာ မြင်လိုက်တော့ ဝမ်ယွိထုံလည်း ပြုံးမိသွားတော့သည်။
"အာာာ...ကူးးး"
ကလေးရဲ့ နှုတ်ကနေတော့ သူကိုယ်တိုင်ပင် နားမလည်နိုင်မည့် အသံတွေထွက်ကာ စကားပြောနေ၏။
"မောနင်းပါ ရှောင်ယွီလေးရေ" ဝမ်ယွီထုံလည်း ပျင်းရိစွာ ကုတင်ပေါ်မှာ လှဲရင်းနဲ့ ကလေးကို နှုတ်ဆက်လိုက်သည်။
သနားစရာကောင်းသည်က ရှောင်ယွီလေးသည် ဝမ်ယွီထုံကို အိပ်ရာထဲ နှပ်နေခွင့်မပေးခဲ့ပါ။ ကလေးက သူမရှိရာဘက်သို့ ကိုယ်ကို လှိမ့်လာရာ ပုခက် တန်းနှင့် ခေါင်း ဘန်းကနဲ တိုက်မိပြီး နဖူးလေးက ချက်ချင်းနီရဲသွားသည်။
"ဝါးးးးဝါးးးး"
ကျိုးရှောင်ယွီလေးသည် နာလည်း နာ စိတ်လည်း တိုနေပြီး သူ့ကို ပုခက်ထဲမှ လာပွေ့ချီရန် ဝမ်ယွီထုံအား မျက်ရည်အဝိုင်းသားနှင့် ကြည့်ရှာ၏။
ဝမ်ယွီထုံလည်း အိပ်ချင်မူးတူးနှင့် ကျိုးရှောင်ယွီလေးကို ပုခက်ထဲမှ ပွေ့ချီလိုက်ကာ သူမအိပ်ရာပေါ် တင်လိုက်ပြီး ကလေး၏ လည်ဂုတ်တိုတိုလေးကို ပွတ်ကာ ကလိထိုးလိုက်၏။ ကျိုးရှောင်ယွီလေးလည်း လည်ပင်းလေး ဟိုဒီစောင်းကာ သူ၏ သွားမပါတဲ့အပြုံးလေးနဲ့ ရင်ဘတ်လေးတစ်သိမ့်သိမ့်ဖြစ်နေကာ တဟီးဟီး ရီနေ၏။
"ကလေးရေ တစ်ယောက်တည်း ခဏဆော့နေနော်။မေမေ မျက်နှာသစ် သွားတိုက် ခဏလုပ်လိုက်ဦးမယ်"
ကျိုးရှောင်ယွီလေးက သူမပြောစကားကို နားမလည်သော်လည်း သူ့ကိုထားခဲ့မည့်အကြောင်းကို ပြောနေမှန်းတော့ အလိုလိုသိနေ၍ နှုတ်ခမ်းက မဲ့လာ၏။
ဝမ်ယွီထုံလည်း ဘယ်လိုလုပ်ရမှန်း မသိတော့ချေ။
"မေမေ မနေ့က သားဖို့ ညီမလေးယူလာတယ်လေ။ ညီမလေးနဲ့ မဆော့ချင်ဘူးလား"
ဝမ်ယွီထုံ အဝါရောင် နားရွက်လေးတွေနဲ့ တွယ်တက် တတ်သည့်အရုပ်လေးကို ထုတ်လာလိုက်၏။ အရုပ်မလေးက အတွင်းခံလေးဝတ်ထားပြီး ချိုလိမ်လည်း စုပ်ထားရာ အတောင်ပံသေးသေးလေးတွေက အရုပ်မလေးကို ပိုပြီး ချစ်စရာကောင်းသွားစေ၏။ ကျိုးရှောင်ယွီ၏ အာရုံတွေက ချက်ချင်း အရုပ်မလေးဆီ ရောက်သွားသည်။
"ညီမလေးက အရမ်းတော်တာပဲ။ တင်ပါးလေးတွေကို ဟိုဒီရမ်းနိုင်တယ်။ သီချင်းလည်း ဆိုတတ်တယ်။ ကြမ်းခင်းပေါ်လည်း တွားသွားတတ်သေးတယ်" ဟုပြောရင်း ဝမ်ယွီထုံသည် အရုပ်ရဲ့ ပါဝါခလုပ်ကို နှိပ်လိုက်ရာ အရုပ်မလေးက လေးဖက်ထောက်ကာ ကလေးတွားသွား ကူရှင်ပေါ် တွားသွားနေ၏။ နောက်ခလုတ်တစ်ခုကို နှိပ်လိုက်ရာ အရုပ်မလေးဆီက ကလေး သီချင်းသံ ထွက်လာ၏။
ဝမ်ယွိထုံလည်း ကျိုးရှောင်ယွီကိုပါ တွားသွားသည့်ကူရှင်ပေါ် တင်ပေးလိုက်ကာ အရုပ်နှင့် မျက်နှာချင်းဆိုင် နေရာချပေးလိုက်သည်။
"ညီမလေး နဲ့ ခဏဆော့နေနော် မေမေ မျက်နှာသစ် သွားတိုက်ပြီး ပြန်လာခဲ့မယ်နော်"
သူမ မျက်နှာသစ် သွားတိုက်ရင်း ကျိုးရှောင်ယွီလေးကို လည်း လှမ်းကြည့်လိုက်ရာ မာနခဲလေး ရှောင်ယွီက သူ့ရှေ့က ညီမလေး ဆိုသည့်အရုပ် သူ့နား လျှောက်သွားနေသည်ကို စိုက်ကြည့်နေ၏။
တွားသွားနေသည့်အရုပ်မလေးက ကျိုးရှောင်ယွီနား ရောက်လာရင်း သူ့လက်ကို ရုတ်တရက် ထိလာ၏။ ကျိုးရှောင်ယွီလည်း ရုတ်တရက် လန့်သွားပြီး သူ့လက်ကို ပြန်ယူလိုက်၏။ အရုပ်ကို သူ မထိရဲသေးပေ။
ဝမ်ယွီထုံ - အရုပ်ကို ကြောက်နေတာလားး?
မြန်မြန်မျက်နှာသစ် သန့်စင်ကာ ထွက်လာစဉ် ကျိုးရှောင်ယွီလေးက အရုပ်ကို ကြောက်နေသေး၏။ သို့သော် အရုပ်ကို လက်က ကိုင်ထားပြီး အရုပ်မခေါင်းက နားရွက်လေး နှစ်ဖက်ကို တစ်တိတိ ကိုက်ဝါးနေ၏။
ဝမ်ယွီထုံလည်း ကလေးကို ကောက်ချီလိုက်ကာ ပါးစပ်ထဲက အရုပ်ကို ဖယ်လိုက်၏။ မနေ့က ဝယ်လာတဲ့ အရုပ်တွေက အဆိပ်မရှိလို့ တော်သေးတာပေါ့။
နောက် သူမ ကလေးကို ချီရင်း ပထမထပ်က စားသောက်ခန်းကို ဆင်းသွားလိုက်ရာ ကျေနပ်စရာကောင်းသည့်မနက်စာတွေက စားပွဲပေါ်မှာ အဆင်သင့်ရှိနေ၏။ အမဲသားစတိခ်နှင့် ဆော့စ်၊ လခြမ်းမုန့်အသေးလေးများ၊ဝါဖယ်လ်၊ အသီးအရွက်သုတ်၊ ဒိန်ချဉ်နှင့် သစ်သီးများကို မြင်လိုက်ရရာ ဝမ်ယွီထုံတစ်ယောက် တံတွေးမမြိုချပဲ မနေနိုင်တော့ပါ။
အစားအသောက်တွေ ဆွဲဆောင်နေသော်လည်း ကလေးအတွက် ဖြည့်စွက်စာ ပြင်ဖို့ကိုတော့ မမေ့သေးပါ။
"မဒမ်..."
ဝမ်ယွီထုံကို စကားပြောရန်ပြင်နေသည့် အိမ်တော်ထိန်းစန်တစ်ယောက် သူ့လက်မောင်းထဲမှာ နူးညံ့သည့်ကလေးကို ထိုးထည့်ပေးခံလိုက်ရ၏။
"အိမ်တော်ထိန်းစန်ရေ အဆင်သင့်နေတာပဲ။ ရှောင်ယွီလေးကို ကူထိန်းပေးပါဦး။ ကျွန်မ သူ့အတွက် ဖြည့်စွက်စာ ပြင်ပေးချင်လို့ပါ"ဟု ပြုံးကာပြောလိုက်၏။
အသက်ငါးဆယ်နားနီးနေပြီဖြစ်သည့် အိမ်တော်ထိန်းစန်တစ်ယောက် ကလေးမပွေ့ချီရသည်မှာ အတော်ကြာပြီဖြစ်၏။ ယခု ရှောင်ယွီလေးကို ချီလိုက်စဉ် အရင်က ကျိုးကျီယွဲ့တို့ညညီအစ်ကိုကို ချီခဲ့စဉ်က အချိန်ကို ပြန်သတိရလိုက်မိသည်။ ဒါပေမယ့် ကျိုးရှောင်ယွီကတော့ အိမ်တော်ထိန်းစန်ချီတာကို ကြိုက်ဟန်မတူချေ။ချက်ချင်းကို တစ်ခြားဘက်ကို မျက်နှာ လှည့်လိုက်သည်။
အိမ်တော်ထိန်းစန် - ငါက ရွံစရာကောင်းနေလို့လားဟင်?
ဝမ်ယွီထုံကတော့ ရှောင်ယွီလေးအတွက် ခေါက်ဆွဲကို ညွှန်ကြားချက်အတိုင်း ချက်နေသည်။
စနစ် - [ဆန်မှုန့်ကို ကျိုချက်တဲ့အခါမှာ အပူချိန်က ၄၀* နဲ့ ၇၀*ကြားရှိရပါမယ်။ တံဆိပ်အလိုက်ညွှန်ကြားချက်တွေကို လိုက်နာပေးပါ။
၆လအရွယ် ကလေးတွေကိုတော့ နူးအိပြီး အနှစ်ဖြစ်တဲ့အထိ ကြိုချက်ရပါမယ်။ ၇လအရွယ် ကလေးတွေအတွက်တော့ ဆန်ပြုတ်ဖြစ်တဲ့အဆင့်အထိ ကျိုချက်ရပါမယ်။ ၈လအရွယ်ကလေးတွေအတွက်တော့ မကြေ မညှပ်အဆင့် ကျိုချက်ကျွေးလို့ရပြီး တစ်ဖြည်းဖြည်းချင်း လူကြီးတွေစားတဲ့ အစာ တွေကို ကျွေးလာရပါမည်။]
တစ်ခဏအကြာမှာတော့ ခွက်တစ်ဝက်စာ ဆန်မှုန့်မပျစ်မကျဲလေး ကျိုချက်ပြီးပြီဖြစ်သည်။ ဝမ်ယွီထုံလည်း ဆီလီကွန်ဇွန်းလေးနဲ့ခပ်ကာ ဆန်မှုန့်၏ အပူချိန်ကို စမ်းကြည့်လိုက်ရာ မပူမအေး လေးဖြစ်နေသည်။
ရှောင်ယွီလေးကို အိမ်တော်ထိန်းစန်ဆီက ပြန်ပွေ့ချီလိုက်ကာ ကလေးကို သွားရည်ခံ ချည်ပေးလိုက်သည်။
ကျိုးရှောင်ယွီကတော့ သူ့သွားရည်ခံပေါ်က ဒိုင်နိုဆောအရုပ်ကို သူ့လက်ဖောင်းဖောင်းလေးဖြင့် ပွတ်ကာ စိတ်ဝင်တစားငုံ့ကြည့်နေ၏။
ကလေးက သေချာမထိုင်နိုင်သေး၍ သူ့ကို ကလေးထမင်းစားထိုင်ခုံပေါ်တင်မကျွေးပဲ သူမပေါင်ပေါ်တင်ကာ လက်တစ်ဖက်ဖြင့် ထိန်းလိုက်ပြီး ကျန်တစ်ဖက်ဖြင့် ဆန်မှုန့်ကို ခပ်ကျွေးလိုက်သည်။
"ရှောင်ယွီလေးရေ ဒီနေ့ မေမေတို့ စားစရာအသစ်ကို စမ်းစားကြည့်ရအောင်နော်။ နောက်ပိုင်းကျရင် ပိုပြီးစားကောင်းတာတွေ အများကြီး စားရမှာနော်။ အခုလောလောဆယ်တော့ ရိုးရိုးရှင်းရှင်းလေးနဲ့ အရင် စကြမယ်နော်"
ကျိုးရှောင်ယွီကတော့ ပါးစပ်လေးဟကာ နားမလည်သည့်ဟန်ဖြင့် ဝမ်ယွီထုံကို ကြည့်နေသည်။
ဝမ်ယွီထုံလည်း အခွင့်အရေးကို အမိအရယူကာ ဆန်မှုန့်တစ်ဇွန်းကို ခွံ့လိုက်သည်။
ကလေးက ရုတ်တရက်ကြောင်သွားကာ ဆန်မုန့်ကို မြိုချလိုက်မိသည်။
နောက်မှ မရင်းနှီးသည့်အနံ့အသက်နှင့် စားစရာမှန်းသိသွားကာ ဇွန်းကို တွန်းထုတ်ပြီး ဂျီနေတော့သည်။
"တို့ကလေးလေးက အရမ်းတော်တာပဲ။ နောက်ထပ် တစ်ဇွန်းစားဦးမလား" ဟု ဝမ်ယွီထုံက ချော့မော့ကာ နောက် တစ်ဇွန်းကို ပါးစပ်ထဲ ထပ်ခွံ့လိုက်သည်။
ကျိုးရှောင်ယွီလည်း ရုတ်တရက် နောက်တစ်ဇွန်း မြိုချမိသွားပြန်၍ မကြိုက်သည့် မျက်နှာအနေအထားဖြစ်သွားပြန်ကာ အော်ညဉ်းရင်း ခေါင်းကို ရမ်းနေ၏။
"ယုန်ကလေးရေ လိမ္မာတယ် ပါးစပ်လေးဖွင့်ပါကွယ် အာ..." ဟု ဝမ်ယွီထုံက သီချင်းလေးဆိုကာ ထပ်ခွံ့ရန်ပြင်လိုက်သည်။
သူ မကြိုက်သည့်အစာကို နှစ်ခါအခွံ့ခံလိုက်ရသည့် ရှောင်ယွီလေးသည် အလိမ်ခံရသည့်အတွေ့အကြုံကို မေ့သွားပြီး သီချင်းသံနှင့် ဆွဲဆောင်ခံလိုက်ရကာ ခေါင်းပြန်လှည့်လာပြီး ပါးစပ်လေး ဟလာပြန်သည်။
ဝမ်ယွီထုံလည်း အချိန်ကိုက် တစ်ဇွန်းခွံ့လိုက်ပြန်သည်။
ကျိုးရှောင်ယွီက နောက်တော့စိတ်တိုလာကာ ခြေလက်တွေပါ ရုန်းတော့၏။ သူ့ပါးစပ်ကိုလည်း လုံးဝပိတ်ထားကာ သူ့ကို လှည့်ဖျားပြီး ထူးဆန်းတာတွေ ကျွေးသည့်အမျိုးသမီးကို အထူးသတိထားကာ ကြည့်နေ၏။
ဟမ့် ဒင်းလေးက ပါးစပ်ကို လုံးဝ မဖွင့်တော့ဘူးပေါ့!!!
ဝမ်ယွီထုံလည်း ဆယ်မိနစ်လောက် ကလေးကို ထပ်လှည့်စားပြီး နောက်ထပ် ခြောက်ဇွန်းလောက် ခွံ့လိုက်နိုင်သည်။
နောက်ဆုံးတော့ ကျိုးရှောင်ယွီသည် သူ့သွားရည်ခံကို ဆွဲဖြုတ်ကာ ဒေါသတကြီး အော်ဟစ်ငိုလေတော့၏။ သူ ထပ်မစားချင်တော့ဘူးလေ...ဘာလို့ လူကြီးတွေက ထူးဆန်းတာတွေ သူ့ပါးစပ်ထဲ လာထည့်နေရတာလဲ။
"ဟုတ်ပါပြီ ဟုတ်ပါပြီ ရှောင်ယွီလေး မစားချင်တော့ရင် ထားလိုက်တော့မယ်နော် မနက်ဖြန်မှ ဆက်စားတာပေါ့"
ဝမ်ယွီထုံ ပန်းကန်နှင့်ဇွန်းကို ဘေးချလိုက်ပြီး ရုန်းကန်နေသည့် ကလေးကို ပြန်ပွေ့ချီလိုက်ကာ ထမင်းစားခန်းထဲ လျှောက်သွားလိုက်ပြီး ပြတင်းပေါက်ကနေ မြင်ရသည့် ပန်းခြံရှုခင်းကိုပြရင်း ကလေးကို ချော့လိုက်သည်။
ကျိုးရှောင်ယွီလည်း နောက်တော့ နှာခေါင်းလေးနီနီနှင့် အငိုတိတ်သွားကာ နှုတ်ခမ်းကလည်း မမဲ့တော့ချေ။
စနစ် - [ စိတ်မပျက်ပါနဲ့။ ဒီနေ့တော့ စမ်းကြည့်တယ်ပဲ ထားပါတော့။ နောက်ပိုင်း ရှောင်ယွီလေး အလေ့အကျင့်ရလာရင် အဆင်ပြေသွားပါလိမ့်မယ်။ ဒါနဲ့ ကလေးကို ချီပြီး ကျွေးတာက အကျင့်ကောင်းမဟုတ်ဘူး။ ထိုင်ခုံမှာ မထိုင်တတ်သေးပေမယ့် အနောက်က ထိန်းပြီး ထိုင်ခိုင်းပြီးမှ ကျွေးတဲ့ အကျင့် လုပ်ပါ။]
ဝမ်ယွီထုံက ကျိုးရှောင်ယွီပါးစပ်ကို သုတ်ပေးကာ စနစ်က ပြောသည့်စကားကို နားထောင်နေရင်း ကလေးကို ရေနွေး နှစ်ဇွန်း တိုက်လိုက်သည်။ ထိုခဏမှာပဲ အိမ်တော်ထိန်းစန်က သူမတို့ကို အလေးအနက်ထားကာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ဝမ်ယွီထုံလည်း အိမ်တော်ထိန်းစန်ကို ထူးထူးဆန်းဆန်း ပြန်ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ?"
အိမ်တော်ထိန်းစိန်က တစ်ခဏတော့ ဆွံ့အနေကာ စကားပြန်ပြောလာသည်။ "မဒမ် M နိုင်ငံက ဖုန်းဆက်လာလို့ပါ။ မစ်စတာကျိုးက အလုပ်အခက်အခဲလေး ပေါ်လာလို့ ပြန်လာမယ့်ရက်ကို နောက်ရွေ့လိုက်တယ် ဆိုတဲ့အကြောင်း ဖုန်း ဆက်လာလို့ပါ"
ဝမ်ယွီထုံလည်း မျက်မှောင်ကြုံ့ကာ နားထောင်နေရင်း အိမ်တော်ထိန်းစန်က သူမ၏ ခင်ပွန်း ကျိုးကျီယွဲ့ အကြောင်း ပြောနေကြောင်း နားလည်လိုက်သည်။
"အို့ ဟုတ်လား ဒါဆိုလည်း အိမ်မှာ အားလုံး အဆင်ပြေတယ် ဆိုတဲ့အကြောင်း Mနိုင်ငံကို ဖုန်းဆက်ပြောပေးပါဦး။ ဒါမှ သူစိုးရိမ်မနေအောင်လို့လေ"
ထိုသို့ယဉ်ကျေးစွာ ပြောပြီးနောက် ဝမ်ယွီထုံသည်ကလေးကို ကလေးလက် တွန်းလှည်းပေါ်တင်လိုက်ပြီး စားပွဲပေါ်က အရသာရှိလှသည့်မနက်စာကို စားရန်ပြင်လိုက်သည်။ ကျိုးမိသားစု၏ စားဖိုမှုးက အရမ်းအဆင့်မြင့်တာပဲ။ ဟင်းပွဲတိုင်းက အရသာရှိလွန်းလှသည့်ပုံ ပေါ်နေ၍ သူမ၏ နှုတ်ခမ်းကိုပင် လျှက်လိုက်မိသည်။
အိမ်တော်ထိန်းစန်သည် မနက်စာကို မြိန်ရည်ရှက်ရည်စားနေသော ဝမ်ယွီထုံကို မြင်ပြီးနောက် မိန်းမောတွေဝေသွားကာ သူ့နဖူးပေါ်က ကျလာသည့် ချွေးကို တိတ်တဆိတ် သုတ်လိုက်မိ၏။
အမှန်တော့ အိမ်တော်ထိန်းစန်သည် ကျိုးကျီယွဲ့ကို အိမ်အရေးကိစ္စများ တင်ပြရန် မနေ့ကတည်းက ဆက်သွယ်ခဲ့တာဖြစ်၏။ အကြိမ်ကြိမ်ဆက်သွယ်ပြီးနောက် ကျိုးကျီယွဲ့သည် M နိုင်ငံတွင် ကားအက်စီးဒန့်ဖြစ်ခဲ့ကြောင်းသိခဲ့ရ၏။ အသက်အန္တရာယ်တော့ မစိုးရိမ်ရသော်လည်း သတိပြန်မလည်လာသေး၍ ကျိုးကျီယွဲ့၏ သစ္စာရှိ လူယုံတွေက အက်စီးဒန့်ကိစ္စကို လျို့ဝှက်ချက်အနေဖြင့် ဖုံးကွယ်ထားကြသည်။
ထို့အပြင် ကျိုးကျီယွဲ့ နှစ်ဝက်လောက် တည်ငြိမ်အောင်ကြိုးပမ်းထားသည့် ကျိုးလုပ်ငန်းစု၏ အခြေအနေကလည်း ရှုပ်ထွေးနေသေးရာ မတည်ငြိမ်သေးပေ။
ထို့ကြောင့် ယခုဖြစ်နေသည့် ကျိုးကျီယွဲ့၏ ကျန်းမာရေးအခြေအနေက အလွန်အရေးအကြီးသည့် အခြေအနေဖြစ်၏။ အသစ်စက်စက် ကျိုးကတော်အသစ် ဝမ်ယွီထုံကိုပင် မပြောပြနိုင်သေးသည့် အခြေအနေဖြစ်သည်။
အိမ်တော်ထိန်းစန်ကတော့ ကျိုးကျီခိုင်းနှင့် ကျိုးကျီယွဲ့ ညီအစ်ကိုနှစ်ယောက်ကို ထိန်းခဲ့ရသည့်သူဖြစ်၍ ကျိုးကျီယွဲ့၏ လူယုံဟုပြောနိုင်သည်။
အစောပိုင်း နှစ်ဝက်ခန့်က ကျိုးကျီခိုင်း ကားအက်စီးဒန့်နှင့် ဆုံးပါးသွားပြီးနောက် အခုလည်း ကျိုးကျီယွဲ့က ကားအက်စီးဒန့်ဖြစ်လေရာ ဤနှစ်အတွင်း ကျိုးညီအစ်ကိုနှစ်ယောက် အဘယ့်ကြောင့်ကံကြမ္မာငင်နေရသလဲ ဟုတွေးကာ အိမ်တော်ထိန်းစန်ပင် မနေ့ညက အိပ်မပျော်ဖြစ်ခဲ့ရသည်။
Mနိုင်ငံ၏ ပုဂ္ဂလိကဆေးရုံ အထူးခန်းတစ်ခု၏ တံခါးအပြင်ဘက်တွင် တီးတိုးပြောဆိုနေကြသည်။
"အာ့ရှောင်ရဲ့ ဒီနေ့ အခြေအနေက ဘယ်လိုလဲ"
"အခုထိ နိုးမလာသေးဘူး ဆရာဝန်တွေလည်း နိုးမလာသေးတဲ့ အကြောင်းအရင်း မပြောနိုင်ကြဘူး"
ကုမ္ပဏီဘုတ်အဖွဲ့ဒါရိုက်တာကိုလည်း အက်စီးဒန့်ကိစ္စဖုံးထားရ၏။ မဟုတ်လျှင် ဘုတ်အဖွဲ့က အခွင့်အရေးကို လက်လွတ်ခံမှာ မဟုတ်ပေ။
ဆေးရုံအဆောင်အတွင်း ဝင်လာသည့် မနက်ခင်းရဲ့ နေရောင်ခြည်လေးက ကုတင်ပေါ်လှဲနေသည့်အမျိုးသား၏ သွယ်စင်းနေသည့် နှာတံ၊ ပါးလျနူးညံ့သည့်နှုတ်ခမ်း နှင့် ခုံးနေသည့် အာဒမ်ပန်းသီး (လည်ဇလုတ်) ပေါ်ဖြာကျနေသည်။
အမျိုးသား၏ ခန္ဓာကိုယ်မှာ တောင့်တင်းသည့် ကိုယ်ဟန်ရှိသော်လည်း ယခုအချိန်တွင်တော့ မျက်လုံးလည်းမှိတ်နေကာ အသားရောင်လည်း ဖျော့နေ၍ ထိုအမျိုးသား၏ မူရင်း လွှမ်းမိုးနိုင်သည့်အရှိန်အဝါကို အားနည်းနေစေသည်။
ထိုအမျိုးသား၏ မျက်ခုံးများ ရုတ်တရက် ကြုံ့သွားပြီး မျက်ခွံများလည်းအနည်းငယ် လှုပ်ရှားလာကာ လက်သီးတင်းကြပ်စွာ ဆုပ်လာသည်။
မနိုးလာခင် သူနောက်ဆုံး မှတ်မိလိုက်သည်က ငွေရောင် ဆံပင်နှင့် ဆယ့်ငါးနှစ်သားအရွယ် ကောင်လေးတစ်ယောက်ဖြစ်သည်။
ကောင်လေး၏ မျက်နှာက ဒဏ်ရာတွေရှိနေသည်။ သူပန်ထားသည့် စိန်နားကပ်လေးက အရောင်တောက်နေသည်။ ကောင်လေးက အထူးပြုပြင်ထားသည့် စက်ခေါင်းကိုမှီရင်း လက်ချောင်းမှာစီးကရက်ကို ဟန်ပါပါကိုင်ထားရင်း အမူအရာက ပေါ့ပျက်ပျက် ဆိုးသွမ်းသည့် အမူအရာဖြစ်နေသည်။
"အဖေ ဒါက ဒီတိုင်းရန်ပွဲလေးပဲကို ဆရာက အဖေ့ကို ခေါ်လိုက်တာလား?"
လူငယ်လေးက ထိုသို့ပြုံးကာ ပြောလိုက်ပြီး ဆေးလိပ်မီးခိုးငွေ့တွေကို မှုတ်ထုတ်လိုက်သည်။
"နောက်ပြီး အဖေက အလုပ်များတဲ့ သူဆိုတာ လူတိုင်းသိပါတယ်...."