အသည်းလေးရေ ... မင်းရဲ့ သားရဲအုပ်က ရောက်လာတော့မယ်ကွ
Vol. 9 Ch. 109
(ပြီးခဲ့တဲ့ စာစဉ်မှာ အစ်ကိုမျောက်ရဲ့ နာမည်ကို ရှောင်းချောင် ဆိုပြီး ရေးလိုက်မိတယ်။ နားထဲမယ် အဲဒီလို ကြားလိုက်မိတာလေ…။ အဲဒါ အခုကစပြီး ‘ရှောင်ချိုး’လို့ ပြောင်းလိုက်ပြီနော် ...)
အန်လင်းနှင့် သူ၏အဖွဲ့သည် သင်အန်းမြို့သို့ ပြန်လည် ရောက်လုနီးနီး ဖြစ်သည်။
သူတို့သည် ခံ့ညား ထည်ဝါကာ ပိန်းပိတ်အောင် နက်မှောင်နေသည့် မြို့ရိုးကိုပင် မြင်နေရလေပြီ။
မြို့ရိုးပေါ်တွင် လူပေါင်းများစွာ စုဝေးရောက်ရှိ နေပြီး မကြာမီတွင် ရင်ဆိုင်ရတော့မည် စစ်ပွဲအတွက် ပြင်ဆင်နေကြခြင်း ဖြစ်သည်။
“ရောက်တော့မယ်ကွ ... မြန်မြန်လေး သွားလိုက်ရအောင် ...” အန်လင်းသည် အားပေးသည့် အနေဖြင့် အော်ပြောလိုက်သည်။
ထိုအချိန်တွင် ကောင်းကင်မှ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။
“ငါမင်းကို ကူမယ် ကျောင်းသားအန်လင်း ...”
အန်လင်း မော့ကြည့်လိုက်သည့် အခါတွင် လုကျန့်နှင့် ကျောင်းသား ဒါဇင်ခန့်သည် ဒယ်ပျံ တစ်ခုပေါ်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
မဟုတ်သေးဘူး ... ခဏလေး။ ယင်းမှာ ဒယ်ပျံနှင့် တူသည့် ကြီးမားလှသော မှော်ပစ္စည်း တစ်မျိုးသာ ဖြစ်ချေသည်။
ထိုအော်သံအား ကြားလိုက်ရသည့် အခါတွင် အန်လင်း၏ နှလုံးသားလေးမှာ မသက်မသာ ဖြစ်လာ ရတော့သည်။
“ရပ်လိုက် ... အဲဒီမျောက်က မိတ်ဆွေ ... မ ...”
“အကျည်းတန်လိုက်တဲ့ မျောက် ... မင်းက ဘယ်ကိုပြေးချင် နေတာလဲ ...” လုကျန့် အော်ဟစ် လိုက်ပြီးနောက်တွင် သူ့လက်ထဲ၌ အလင်းလုံးတစ်ခု ပေါ်လာသည်။
ဘုန်း ...
အလင်းလုံး ပေါက်ကွဲ သွားချေပြီ။
အရှေ့ဆုံးမှ ပြေးနေသည့် ရှောင်ချိုးအား အံ့အားသင့်ဖွယ်များမှ တိုက်စား သွားလေပြီ။ လုကျန့်၏ တိုက်ခိုက်မှုသည် ရှောင်ချိုးအား မြေပေါ်သို့ လှဲသိပ်လိုက်ပြီ ဖြစ်သည်။
“တိုက် ... နဲ့…” အန်လင်း၏ နှုတ်ခမ်းများမှာ တုန်ရီနေလေသည်။
သူပြောလို့ မဆုံးမီမှာပင် ရှောင်ချိုးသည် တိုက်ခိုက် ခံလိုက်ရပြီး မြေပေါ်သို့ လဲကျသွားလေပြီ။
လုကျန့်သည်လည်း အနည်းငယ် ကြောင်အ နေမိသည်။ အန်လင်း၏ သတိပေး အော်ဟစ်ချက်အား သူယခုမှသာလျှင် စဉ်းစားနိုင်ခြင်း ဖြစ်သည်။
ဒီရုပ်ဆိုးလှတဲ့ မျောက်က မိတ်ဆွေတဲ့လား ... ကျောင်းသား အန်လင်းက နည်းနည်းလေး ထူးခြားတဲ့သူ ဆိုတာ အခုမှ စဉ်းစားမိတယ် ... ဒီလောက် အကျည်းတန်တဲ့ မျောက်ကို သူနဲ့အတူတူ ခေါ်ပြီး သွားလာနေတာ မဆန်းပါဘူးလေ ...
လုကျန့်သည် ချက်ချင်း ဆိုသလိုပင် ဒယ်ပျံအား ရှောင်ချိုးဆီသို့ ဦးတည်လိုက်သည်။
"ကျွန်တော် တောင်းပန်ပါတယ် ခင်ဗျာ ... အရေးပေါ် ဖြစ်နေတယ်လို့ ထင်လိုက်မိပြီး အခုလို မြန်မြန်ဆန်ဆန် တိုက်ခိုက် လိုက်မိတာပါ ... အားလုံးက နားလည်မှုလွဲတာ ဖြစ်သွားတယ် ... ကံဆိုးပါ့ဗျာ ..."
ရှောင်ချိုးသည် မြေပြင်မှ ထလိုက်သည်။ သူ၏ တောက်ပကာ ကြီးမားလှသည့် မျက်လုံးများတွင် မျက်ရည်စများ အိုင်ထွန်း နေလေပြီ။
ဝသဖ ... နောက်ထပ် နားလည်မှု လွဲတာတဲ့လား ...
ကမ္ဘာကြီးက ဘာတွေများ ဖြစ်နေတာလဲဗျာ ... အရုပ်ဆိုး နေတာက အပြစ် တစ်ခုလားဗျ ...
သားရဲခြေသံများ နီးကပ် လာလေပြီ။ အန်လင်းနှင့် သူ၏အဖွဲ့သည် လုကျန့်၏ ဒယ်ပျံတွင် လိုက်ပါ စီးနင်းရန် ဖိတ်ခေါ်မှုအား လက်ခံ လိုက်ကြသည်။
သူတို့နောက်မှ လိုက်ပါကြသည့် တပ်သားများမှာမူ ၉၀ ဒီဂရီ လှည့်ကာဖြင့် သားရဲအုပ်အား ခေတ္တမျှ ရှောင်ရှားရန် အတွက် ဆုံးဖြတ် လိုက်ကြသည်။
ယင်းမှော် ပစ္စည်းပေါ်တွင် ကျောင်းသား ၁၀ ယောက်ကျော် ရှိနေပြီး ဖြစ်သည်။
လုကျန့်၏ ဒယ်ပျံသည် လျင်မြန်စွာ မပျံသန်း နိုင်သော်ငြား လူပေါင်းများစွာကို သယ်ဆောင်နိုင်စွမ်း ရှိပေသည်။
ပူးပူးကပ်ကပ် နေကြမည်ဆိုလျှင် ၁၀ ပေ ပတ်လည်ရှိသည့် ယင်းဒယ်ပျံသည် လူ ၁၀ယောက်ကျော်အား အသာလေး တင်ဆောင်နိုင်ပေသည်။
ဤမှော် ပစ္စည်းသည် လူတင်ဆောင်မည် ဆိုပါက စိတ်ဝိညာဉ် ကျောက်တုံးများစွာ ကုန်ကျသည့် အချက်ကြောင့်သာ မဟုတ်လျှင် လုကျန့်သည် လွန်ခဲ့သည့် ရက်များစွာက သင်အန်းမြို့သို့ ရောက်ရှိရန် ကျင်းပခဲ့သည့် မာရသွန် ပြေးပွဲတွင် ကျောင်းသား အနည်းငယ်အား သေချာပေါက် တင်ဆောင်သွားမည် ဖြစ်သည်။
ဒယ်ပျံ၏ အနောက်ဘက် ကျသည့် နေရာတွင် ချန်းကျိစီ ဟူသော ကျောင်းသူတစ်ဦး ရှိနေလေသည်။
သူမလက်ထဲတွင် ခရမ်းရောင် ပန်းတစ်ပွင့် ကိုင်ထားပြီး ပန်းဝတ်မှုန်များ လေထဲသို့ လွင့်လျက် ရှိနေသည်။ အဆိုပါ ဝတ်မှုန်များသည် သူတို့နောက်မှ မရပ်မနား လိုက်ပါလျက် ရှိသည့် သားရဲအုပ်ဆီသို့ လွင့်မျော သွားကြသည်။
လုကျန့်သည် အန်လင်းထံသို့ လှည့်ကာဖြင့် ရှင်းပြလာသည်။ "အဲဒီ ပန်းကို တောင့်တမှု ပန်းပွင့်လို့ ခေါ်တယ်လေ ... အဆင့် ၃ စိတ်ဝိညာဉ်ပန်းပေါ့ ... သူ့ရဲ့ ဝတ်မှုန်တွေက သန္ဓေပြောင်း သားရဲတွေကို အတော်လေး ဖြားယောင်းနိုင်စွမ်း ရှိတယ် ... ဆိုလိုတာ ကတော့ကွာ တောင့်တမှု ပန်းပွင့်က သားရဲအုပ် ဖြစ်လာအောင် လွယ်လွယ်ကူကူပဲ ပြုလုပ်နိုင်စွမ်း ရှိတယ် ... တောင့်တမှု ပန်းပွင့်ရဲ့ အနှစ်သာရက သူ့ရဲ့ ပန်းဝတ်မှုန်တွေထဲမှာ ရှိနေတာ ... ငါတို့အတန်းရဲ့ သတ်မှတ်ချက်ကို ပြည့်မီအောင်လို့ ဆိုပြီး ချန်းကျိစီက သူမရဲ့ ပိုင်ဆိုင်မှုကို ပေးလာတာပဲ ..."
လုကျန့်၏ ရှင်းပြချက်အား ကြားသည့်အခါတွင် ချန်းကျိစီ၏ မျက်နှာတွင် ချစ်စဖွယ် အပြုံးလေး ဖြစ်ထွန်းလာသည်။ သူမသည် မည်သည့် စကားကိုမျှ ပြောဆိုခြင်း မရှိဘဲ တောင့်တမှု ပန်းပွင့် ဝတ်မှုန်များကိုသာလျှင် ဆက်လက် ဖြန့်ဖြူးလျက် ရှိနေပေသည်။
"ဒါပေမဲ့လည်း သားရဲအုပ် ဖန်တီးဖို့ စိတ်ကူးက ငါ့ဆီက ရတာပဲ ..." လုကျန့်မှာ ကြွားဝါပြောဆို လေသည်။
အန်လင်းမျက်နှာ ရှုံ့မဲ့သွားပြီးနောက် "ကျောင်းသားလုက အံ့ဩဖို့ ကောင်းလိုက်တာ ..."
အန်လင်းကဲ့သို့သော ဒဏ္ဍာရီဆန်သူ တစ်ဦးထံမှ ချီးကျူးမှုကို ရရှိသဖြင့် လုကျန့်သည် အတော်လေး ပျော်ရွှင် နေလေသည်။ ထို့နောက်တွင် ၎င်းအကြံဉာဏ် ရရှိလာပုံ၊ စုရှောင်လန်၊ ရွှမ်ယွမ်ချန်တို့နှင့် ပူးပေါင်း ဖြစ်ခဲ့ပုံတို့အား ဆက်တိုက် ကြွားဝါတော့သည်။
အန်လင်းသည် သူတို့အနောက်တွင် လိုက်ပါနေသည့် သားရဲအုပ်ကြီးအား ကြည့်လိုက်သည်။ သန္ဓေပြောင်းသားရဲ နှစ်ထောင်ကျော် ရှိပေလိမ့်မည်။
သူတို့ ပိုင်ဆိုင်ထားသည့် ကြီးမားသော စွမ်းအား၊ နံဘေးတွင် မြင့်တက်လျက် ရှိသည့် ဖုန်လုံးကြီးများ ...။ စသည်တို့သည် ထိုသားရဲအုပ် မည်မျှ ကြောက်မက်ဖွယ ်ကောင်းကြောင်း ပြောပြနေ သကဲ့သို့ပင်။
အန်လင်း အမှန်တကယ် မေးကြည့်ချင်မိ ပါသည်။ "ငါတို့အတန်းက အဲဒီ သားရဲအုပ်ကို တကယ်ကော ရင်ဆိုင်နိုင်ပါ့ မလား ..."
***
မြို့ရိုးမှနေ သားရဲအုပ်ကြီးအား ကြည့်ကာဖြင့် ဓားအင်မော်တယ် လင်းရှောင်နှင့် မြို့အရှင် ကျန်းချင်းချူတို့သည် ဒေါသတကြီးဖြင့် ရှူးရှူးရှဲရှဲ ဖြစ်နေလေသည်။
"ငါ့ကျောင်းသားတွေက အခုလို သောက်အဓိပ္ပာယ် မရှိတဲ့ အရာကို လုပ်ခဲ့တယ်ဆိုတာ ယုံကို မယုံနိုင်ဘူး ... အဆင်မပြေမှုတွေ အတွက် အားနာပါတယ် မြို့အရှင်ရေ ..." ဓားအင်မော်တယ် လင်းရှောင်၏ မျက်နှာတွင် တောင်းပန် တိုးလျှိုးမှုများ ရှိနေလေသည်။
ကျန်းချင်းချူသည် ခေါင်းယမ်း လိုက်ပြီးနောက် "ဒါက ဆိုးဝါးတဲ့ အရာတော့လည်း မဟုတ်ပါဘူး ... သင်အန်းမြို့က ဘယ်လိုပဲဖြစ်ဖြစ် သားရဲအုပ်နဲ့ ရင်ဆိုင် နေကျပဲလေ ... ဒီတစ်ကြိမ်က ပိုပြီး စောသွားတာပဲ ရှိတာပါ ..."
"တစ်ခါတလေကျ ရေစီးကြောင်းအတိုင်း မျောပါသွားတာက ပါကောင်းတယ်လေ ... သူတို့ကို စောစောစီးစီး ရှင်းလင်း လိုက်လို့လည်း အကျိုး မယုတ်ပါဘူး ..."
"အဲဒီအပြင် ဒီတစ်ကြိမ်မှာ မင်းရဲ့ ထူးချွန် ကျောင်းသားတွေရဲ့ အကူအညီကိုလည်း ရဦးမှာလေ ... ငါတို့ရဲ့ ဆုံးရှုံးမှုကိုလည်း လျှော့ချနိုင်ပြီး ထောင်နဲ့ချီတဲ့ သန္ဓေပြောင်း သားရဲတွေရဲ့ အလောင်းကိုလည်း ကောက်ယူနိုင်ဦးမှာ ... အဲတော့ အဆင်မပြေတာထက် အကျိုးကျေးဇူးက ပိုများပါတယ် ..."
ကျန်းချင်ချူ ပြောသွားသည်မှာ အတော်လေး ကျိုးကြောင်း သင့်လှသည်။ ထို့ကြောင့် ဓားအင်မော်တယ် လင်းရှောင်သည် သူ၏ စိတ်ပျက်နေမှုအား စိတ်ထဲတွင်သာ သိမ်းထားလိုက် ရတော့သည်။
တကယ်တမ်းမှာမူ ဓားအင်မော်တယ် လင်းရှောင်သည် အလွန် ဒေါသထွက်နေဆဲ ဖြစ်သည်။ သူ၏ ကျောင်းသားများသည် ယခုကဲ့သို့သော ကြီးမားလှသည့် ပြဿနာကို မဖန်တီးခင် သူ့အား သတိပေး အကြောင်းကြားခြင်း မရှိခဲ့သဖြင့် ဒေါသ ထွက်မိခြင်းပင်။
စုရှောင်လန် ထိုသတင်းအား လာပြောသည့် အချိန်၌ သူ့အနေဖြင့် အတော်လေး တုန်လှုပ်ခဲ့ ရသည်။
ကံကောင်းသည်မှာ သတင်းပေးမှုများ အရ ဝိညာဉ်သားရဲများ ပါရှိမလာဟု ခန့်မှန်းရသည်။ မဟုတ်လျှင် ဒယ်ပျံပေါ်ရှိ ကျောင်းသားများသည် သေဆုံးသည်အထိ ရိုက်ချခံရ ပေလိမ့်မည်။
ဒယ်ပျံသည် မြို့ရိုးပေါ်သို့ ဆင်းသက် လိုက်ပြီးနောက် အန်လင်းနှင့် အခြားသူများ ခုန်ဆင်း လိုက်ကြသည်။
လုကျန့်သည် တက်ကြွစွာဖြင့် ဓားအင်မော်တယ် လင်းရှောင်ထံသို့ လျှောက်လှမ်း သွားလိုက်သည်။ "ကျွန်တော် သင်အန်းမြို့ဆီကို သားရဲအုပ် ဖြားယောင်းပြီး ခေါ်လာခဲ့တယ် ဆရာ ... ကြည့်ပါဦး ..."
ဖြောင်း …
ဓားအင်မော်တယ် လင်းရှောင်သည် လုကျန့်အား မြေပြင်ပေါ်သို့ ကိုင်ပေါက် လာပြီးနောက် ခေါင်းတွင် ကြီးမားသည့် ဖုတစ်ခု ပေါ်လာသည်။
"ငါ့ဖင်ကိုပဲ ကြည့်လိုက် ... မင်းဘိုးအေမို့လို့ သေဖို့ လမ်းကြောင်းကို ရှာရတာလား ... မင်းကိုယ်မင်း သိရဲ့လား ..."
ဒေါသချုပ်တည်း ထားရသည့် ဓားအင်မော်တယ် လင်းရှောင်သည် ယခုအခါတွင် ပြဿနာတို့၏ ခေါင်ချုပ်အား တွေ့လိုက် ရလေပြီ။ ယခု မဟုတ်လျှင် သူ၏ ဒေါသအား ပေါက်ကွဲချိန် မရှိတော့ချေ။
လုကျန့်သည် သူ၏ခေါင်းအား ပွတ်ကာဖြင့် မြေပြင်မှ မတ်တတ်ရပ် လိုက်သည်။ သူ့မျက်နှာတွင် မကျေနပ်မှုများ ရှိနေလေသည်။ ထို့နောက်တွင် ဓားအင်မော်တယ် လင်းရှောင်၏ ပြစ်တင် ကြိမ်းမောင်းမှုများအား ခံယူလိုက် ရသည်။
မည်သို့ပင် ဆိုစေကာမူ သူဖြားယောင်းခဲ့သော သားရဲအုပ်သည် ကျောင်းသားများအပေါ် လွန်စွာ အန္တရာယ်ရှိနေခြင်း ဖြစ်သည်။ လုကျန့်သည် လေးနက်စွာဖြင့် ခေါင်းညိတ် လိုက်ပြီးနာက် ယခုလိုမျိုး ထပ်မဖြစ်ရန် ကတိပေး ပြောကြားလိုက်သည်။
သို့သော်လည်း မြို့ရိုးအနီးတွင် ရပ်နေဆဲ ဖြစ်သည့် ချန်းကျိစီသည် လေမန္တန်အား ဆက်တိုက် အသုံးပြုကာဖြင့် တောင့်တမှု ပန်းပွင့် ဝတ်မှုန်များအား ဝီရိယရှိရှိ လွှင့်ထုတ် နေလေသည်။
ဂျိမ်း ဒလိန်း …
သားရဲအုပ်သည် ပိုပို၍ နီးကပ် လာချေပြီ။
"သားရဲ သတ်ဖြတ်ခြင်း မန္တန် ဝင်္ကပါ ပြင်ဆင်မယ် ..."
ချက်ချင်း ဆိုသလိုပင် မြို့ရိုးပေါ်ရှိ တပ်သားထောင်ချီ ပတ်လည်တွင် ချီစွမ်းအင် အများအပြား စုဝေး လာတော့သည်။ မြို့အရှင် ပြောပြီးသည့် နောက်တွင် တပ်သားများသည် ဟိန်းအော် လိုက်ပြီးနောက် ထိုအသံများသည် ကောင်းကင်သို့ပင် ပဲ့တင်ထပ် သွားတော့သည်။
သူတို့၏ အဆင့်များသည် မြင့်မားခြင်း မရှိကြပေ။ အများစုမှာ တာအိုခန္ဓာ အဆင့် ၄/၅ များသာလျှင် ဖြစ်ကြသည်။
သို့သော်လည်း မန္တန်ဝင်္ကပါသည် သူတို့၏ စွမ်းအင်များကို အတူတကွ ပေါင်းစည်း သွားစေနိုင်သည်။
ကြီးမားလှသည့် အဖြူရောင် မန္တန်ဝင်္ကပါကြီးသည် စတင် ရုပ်လုံးပေါ်လာပြီး မြို့ရိုး တစ်ခုလုံးအား လွှမ်းခြုံ သွားတော့သည်။
“မြားသမားတွေ ...”
တပ်သား ထောင်ချီသည် သူတို့၏ လေးများကို ဆွဲတင် လိုက်ကြသည်။
မန္တန်ဝင်္ကပါ၏ စွမ်းအားသည် မြားများအပေါ်တွင် သက်ရောက်မှု ရှိနေပြီး မန္တန်ဝင်္ကပါထံမှ စုပ်ယူထားသည့် စွမ်းအားများကြောင့် မြားများအပေါ်တွင် အဖြူရောင် အလင်းများ တောက်ပစွာဖြင့် ထုတ်လွှတ်လျက် ရှိနေပေသည်။
အန်လင်း အနေဖြင့် ကျင့်ကြံသူများ ပါဝင်သည့် စစ်တပ် တစ်တပ်၏ တိုက်ပွဲ ဆင်နွှဲမှုအား ပထမဆုံးအကြိမ် မျက်မြင် ကြုံတွေ့ရခြင်း ဖြစ်သည်ကြောင့် စိတ်ဝင်စားမှုများ မြင့်တက် နေလေသည်။
“ပစ် ...”
ဝှစ် …
ထောင်ပေါင်း များစွာသော မြားတို့သည် လေကိုခွင်း သွားကြသည်။ အဖြူရောင် အလင်းများ တောက်ပနေသည့် မြားများသည် မီတာ ထောင်ပေါင်းများစွာ အဝေးတွင် ရှိနေသည့် သားရဲအုပ်ပေါ်သို့ နှင်းမုန်တိုင်း သဖွယ် ပျံသန်းရောက်ရှိ သွားသည်။
မြားဖြူဖြူတို့သည် သန္ဓေပြောင်း သားရဲများအား ထိုးဖောက် သွားကြသည်။
ချက်ချင်း ဆိုသလိုပင် သန္ဓေပြောင်း သားရဲများထံမှ စိတ်မချမ်းသာဖွယ်ရာ အော်ဟစ်သံများသည် လေကိုခွင်း၍ ထွက်ပေါ် လာလေသည်။ ရာနှင့်ချီသည့် သန္ဓေပြောင်း သားရဲများ ထိခိုက်ဒဏ်ရာ ရကြပြီး ဒါဇင်နှင့်ချီကာ ပြိုလဲ ကုန်ကြသည်။ သားရဲအုပ်သည် လဲကျနေသည့် သားရဲများအား အသားစများ အဖြစ် နင်းခြေ ပစ်လေသည်။
“လေး တင် ...”
များပြားလှသည့် ဧရာမ သားရဲအုပ်နှင့် ရင်ဆိုင် နေရသည်ကြောင့် တပ်သားများသည် နောက်တစ်ဖန် လေးများကို ဆွဲတင် လိုက်ပြန်သည်။
မန္တန်ဝင်္ကပါ၏ အစွမ်း သက်ရောက်မှုမှာ အကန့်အသတ် ရှိသည်ကြောင့် တပ်သားများ အနေဖြင့် နောက်တစ်ကြိမ် သာလျှင် အသုံးပြုနိုင်တော့မည် ဖြစ်သည်။
“ပစ် ...”
ထောင်ပေါင်း များစွာသော မြားများသည် လေထုအတွင်းသို့ နောက်တစ်ဖန် ပျံသန်း သွားကြသည်။ နီးကပ်လာသည့် အကွာအဝေးကြောင့် ယခုအခါတွင် သန္ဓေပြောင်းသားရဲ ထောင်ချီ၍ ထိခိုက်ကုန်ကြပြီး မြေပြင်ပေါ်သို့ ရာပေါင်းများစွာ ပြိုလဲကုန်ကြသည်။
"အနီးကပ် လှံသမားတွေနဲ့ မန္တန် အသုံးပြုသူတွေ ... ပြင်ဆင်မယ် ..."
ကျန်းချင်းချူ၏ အော်ဟစ်သံသည် မြို့ရိုး တစ်ခုလုံးအား ပဲ့တင်ထပ် သွားပြီး တပ်သားများသည် လက်နက်များအား လဲလှယ် လိုက်ကြသည်။
ယခုအခါတွင် သားရဲအုပ်သည် မြို့ရိုးမှ မီတာတစ်ရာခန့် အကွာတွင် ရောက်ရှိနေပြီ ဖြစ်သည်ကြောင့် မြေပြင်သည်လည်း ပြင်းထန်စွာ တုန်လှုပ်လျက် ရှိနေလေသည်။
"ငါတို့ ဝင်ပါရတော့မယ့် အချိန်ပဲ ..." ဓားအင်မော်တယ် လင်းရှောင်မှ တပ်လှန့်လိုက်သည်။
သူ၏နံဘေးတွင် ရှိနေသည့် ကျောင်းသား တစ်ရာသည် အားကောင်းသည့် အငွေ့အသက်များအား ထုတ်လွှတ် လိုက်လေတော့သည်။
**