ဂိမ်းမာ
Vol. 16 Ch. 238
“ဆူမိုက အသက်ရှင်နေပါလိမ့်မယ်၊ ဒီမှာ တိုက်ခိုက်မှု လက္ခဏာ မရှိဘူး ၊ သူနဲ့ အဲ့အမျိုးသမီးက ပြတင်းပေါက်လိုမျိုး တခြား ထွက်ပေါက်ကနေ ထွက်ပြေးသွားနိုင်တာပဲ”
အစ်ကိုရှုံးသည် ၎င်းမှာ မဖြစ်နိုင်မှန်း သိသော်လည်း ဆုမို၏ အလောင်းကို မတွေ့ရသေးသဖြင့် အကောင်းဘက်ကို အာရုံစိုက်ရန် လိုအပ်သည်ဟု ဆိုသည်။
ဆောင်ကြီးက ခေါင်းယမ်းလိုက်သည်။
“ဒီနေရာမှာ စိတ်ကူးမယဉ်နိုင်တဲ့ ဘယ်အရာမဆို ဖြစ်လာနိုင်တယ် ၊အရာအားလုံးက ငါတို့ ဘယ်သူမှ မလိုချင်တဲ့ ရည်ရွယ်ချက်တစ်ခုဆီ ဦးတည်နေတယ်”
ဆောင်ကြီး၏ နှလုံးသည် ပုံမှန်ထက် ပို၍ ပြင်းထန်စွာ ခုန်ပေါက်နေ၏။ သူသည် အန္တရာယ် ပေါ်ပေါက်လာသည်ကို အာရုံခံစားနိုင်သော်လည်း ထိုခံစားချက်က အမြဲတမ်း ဖြစ်နေသည်။ အန္တရာယ်က ဘယ်ကနေ လာမည်ကို သူ မသိပေ။
“လီစန်းဆေးရုံက ပြီးခဲ့တဲ့ညက ငါဝင်ခဲ့တဲ့ အိမ်နဲ့ အရမ်း ကွာခြားတယ်”
ဆောင်ကြီးသည် ချီတုံချတုံ ဖြစ်သွားပြီးမှ လီတင်းနှင့် အစ်ကိုရှုံးဆီသို့ လှည့်လိုက်သည်။
“ဒီလို ဖြစ်လာလိမ့်မယ်လို့ ငါ မထင်ခဲ့ဘူးကွာ ၊ ဒါ ငါ့အမှားပဲ”
“လောလောဆယ်တော့ ဒါကို အာရုံမစိုက်ပါနဲ့ဦး”
အစ်ကိုရှုံးက ဆောင်ကြီး၏ လက်မောင်းကို ဆွဲလိုက်သည်။
“မင်းဖုန်း နိုတီတက်နေတယ်၊ ပြန်မဖြေတော့ဘူးလား”
“တစ်ယောက်ယောက်က ငါ့ရဲ့ အွန်လိုင်းပို့စ်ကို ပြန်ဖြေထားတာပဲ၊ အပြင်က လူတွေက ငါတို့ ဒီမှာ ကြုံတွေ့နေရတဲ့ အရာတွေကို အရမ်း စိတ်ဝင်စားနေကြတယ်”
ဆောင်ကြီးသည် သူ့ ဖုန်းကို ထုတ်ယူလိုက်ပြီး ပို့စ်ကို ဖွင့်ကာ သူ့ သူငယ်ချင်းများကို ပြလိုက်သည်။ အကြောင်းအရာကို မြင်သောအခါ အစ်ကိုရှုံးနှင့် လီတင်းတို့၏ မျက်နှာများ ဖြူဖျော့သွားကြသည်။
“ဒီလူတွေက အရမ်း ထူးဆန်းတယ်!”
“ဟင်”
ဆောင်ကြီးက သူ့ ဖန်သားပြင်ကို ကြည့်လိုက်သည်။ ပထမဆုံး အဖြေပြန်သည်မှာ စနောက်သည့် မက်ဆေ့ချ် ဖြစ်သည်။
“မင်း လေးယောက်လုံး ဆေးရုံမှာ သေလိမ့်မယ် ၊ မင်းတို့ကို အပိုင်းပိုင်း ခုတ်ဖြတ်ပြီး ငါ့ရဲ့ စည်သွပ်ဘူးအသစ်တွေထဲမှာ ထည့်ထားလိုက်မယ်”
“ဒီလို အဖြေတွေ အများကြီးပဲ ၊ ဂရုမစိုက်ပါနဲ့”
ဆောင်ကြီးသည် ထိုကဲ့သို့ မှတ်ချက်များအား မဖြုံတော့ပေ။
“ဒါပေမယ့် ငါတို့ လေးယောက် ရှိတယ်ဆိုတာကို သူ သိတယ် ၊ မင်း အဲဒီ အချက်အလက်ကို အရင်က ထုတ်မပြောခဲ့ဘူးလေ!”
လီတင်းသည် ဆောင်ကြီး၏ ပရိုဖိုင်ထဲသို့ ဝင်ရောက်လိုက်သည်။ ထိုမှတ်ချက်ကို ပို့စ်တင်ခဲ့သူသည် ဆောင်ကြီးအား သီးသန့် မက်ဆေ့ချ်ပို့နေသောကြောင့် သူ့ဖုန်းမှာ တဒီးဒီးတုန်ခါနေခဲ့သည်။ လီတင်းက မက်ဆေ့ချ်များကို ခွင့်ပြုလိုက်ရာ ဝါးနေသည့် အချို့ပုံရိပ်များနှင့် စကားလုံးများကို မြင်လိုက်ရသည်။
“မင်း လေးယောက်လုံး မတူညီတဲ့ အခန်းတွေမှာ သေကြလိမ့်မယ် ၊ ငါ မင်းတို့ကို ဆွံ့အ နားမကြားတွေ ဖြစ်အောင် လုပ်ပစ်မယ် ၊ မင်းတို့ကို ငါ့ရဲ့ ထူးဆန်းတဲ့ ဖောက်သည်တွေရဲ့ စူးစမ်းလိုစိတ်ကို ဖြည့်ဆည်းပေးရအောင်လို့ အရုပ်တွေဖြစ်အောင် ပြောင်းပစ်မယ်ကွ”
သီးသန့်မက်ဆေ့ချ်များ ဆက်လက် ရောက်ရှိလာသည်။ ၎င်းတို့တွင် ဆေးရုံ၏ သတ္တမထပ်၊ ရှုပ်ထွေးသော ကော်ရစ်ဒါလမ်းနှင့် နောက်ဆုံးတွင် သူတို့ စောစောက ဖြတ်သန်းခဲ့သော ကော်ရစ်ဒါ၏ ပုံရိပ်များ ပါဝင်သည်။ ဆောင်ကြီးသည် ထိုသူကို ဆဲဆိုလိုက်ပြီး ဘလော့လိုက်သည်။ သို့သော် မက်ဆေ့ချ်များ ဆက်လက် ရောက်ရှိနေ၏။ မက်ဆေ့ချ်များသည် သင်္ချိုင်းဂူထဲမှ ခေါ်ဆိုမှုများကဲ့သို့ ဖြစ်နေသည်။ ဆောင်ကြီးသည် မူလက အပြင်ဘက်မှ အကူအညီ ရယူရန် အင်တာနက်ကို အသုံးပြုလိုခဲ့သော်လည်း ဆေးရုံအတွင်းမှ လူများသာ သူ၏ ပို့စ်ကို မြင်နိုင်ပုံရသည်။
“အဲဒါကြောင့် ငါဘလော့ထားပြီးတာတောင်မှ သူတို့ရဲ့ မက်ဆေ့ချ်တွေကို ဝင်နေတာကိုး! သူတို့ အားလုံးက သရဲတွေများလား”
ဆောင်ကြီး၏ လည်ပင်းတွင် ချွေးအေးများ စိုရွှဲနေသည်။ နောက်ကွယ်ရှိ ရုပ်ပုံများသည် ဆက်လက် သစ်လွင်နေလေသည်။ ဓာတ်ပုံများသည် သတ္တမထပ်၊ စတုတ္ထထပ်နှင့် နောက်ဆုံးတွင် သူတို့ ရှိနေသော အထပ်မှ လာနေခြင်းဖြစ်သည်။
“ငါ မင်းတို့ကို ရှာပြီး ဆောက်လုပ်ရေး အုတ်ခဲတုံးတွေဖြစ်အောင် ခုတ်ပိုင်းပစ်မယ် ၊ ပြီးရင် ငါ ကြိုက်တဲ့ ပုံသဏ္ဌာန်တွေအဖြစ် မင်းတို့ကို အပိုင်းပိုင်းလုပ်မယ် “
“ငါ မင်းတို့ရဲ့ ပါးစပ်ကို ဖြည်းဖြည်းချင်း ဆုတ်ဖြဲပစ်မယ် ၊ ဆေးရုံမှာ အကြီးဆုံး ချိတ်ကို ငါ ယူလာခဲ့တယ်ကွ ၊ ငါ မင်းတို့ကို ပြောထားတဲ့အတိုင်း အကုန်လုပ်မယ်!”
ဓာတ်ပုံသည် စိတ်ရောဂါကုသဆောင်၏ ဝင်ပေါက်ကို ပြသခဲ့သည်။ တစ်ချိန်တည်းမှာပင် ကော်ရစ်ဒါတံခါး ပွင့်လာလေသည်။
ဆောင်ကြီးတို့ အဖွဲ့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ နှလုံးသားများ ရှုံ့မဲ့သွားကြသည်။ ဖုန်းက ထပ်မံ တုန်ခါလာပြီး နောက်ထပ် ဓာတ်ပုံတစ်ခု ရောက်လာသည်။ ၎င်းသည် လူနာဆောင် ကော်ရစ်ဒါ၏ ဓာတ်ပုံ ဖြစ်သည်။ အမြန်ဆုံးအရှိန်ကို သုံး၍ ဆောင်ကြီးသည် သူ့ ဖုန်းကို အသံတိတ်မုဒ်သို့ ပြောင်းလိုက်သော်လည်း နောက်ကျသွားခဲ့ပြီဖြစ်သည်။
“ငါ မင်းတို့ကို ရှာတွေ့ပြီလို့ ထင်တယ်!”
ဓာတ်ပုံများ ဆက်လက် ရောက်ရှိလာသည်။ ထိုအရာကြီးက သူတို့၏ အထပ်ထဲသို့ ဝင်ရောက်လာပြီး ကော်ရစ်ဒါတစ်လျှောက် ပြေးဆင်းလာခြင်းဖြစ်သည်။ ထိုဓာတ်ပုံများသည် ဖုန်းမျက်နှာပြင်ကို အဆက်မပြတ် လင်းလက်နေစေသည်။ မှောင်မိုက်နေသော လူနာဆောင်တွင် အလင်းရောင်က သူတို့၏ ဖြူဖျော့နေသော မျက်နှာများကို ထင်းထင်းကြီးဖြစ်နေစေတော့သည်။ ဆောင်ကြီးသည် သူ့ ရင်ဘတ်ကို အုက်ကိုင်လိုက်သည်။
“ပြေးတော့! အခုပဲ!”
သုံးဦးသား အခန်းထဲမှ အလောတကြီး ပြေးထွက်လိုက်ကြသည်။ သူတို့သည် မီတာအနည်းငယ်အကွာရှိ လူနာဆောင်အပြင်ဘက်တွင် ဆယ်နှစ်ခန့်အရွယ် ကလေးတစ်ဦးကို မြင်လိုက်ရသည်။ သူသည် ဧရာမ ဂိမ်း ဦးထုပ်ကို ဝတ်ဆင်ထားသည်။ သူက အလွန် လူကောင် သေးသော်လည်း အလွန် မြန်ဆန်စွာ လှုပ်ရှားနေ၏။ ကလေး၏ ဦးခေါင်းသည် ဦးထုပ်ထဲသို့ အရည်ပျော်ဝင်သွားခဲ့ပြီဖြစ်သည်။ လျှပ်စစ်ဝိုင်ယာကြိုးများသည် သူ၏ သွေးကြောများနှင့် ပေါင်းစပ်သွားခဲ့သည်။ ထိုကလေးသည် လက်တွေ့နှင့် ဂိမ်းအကြား ကွာခြားမှုကိုပင် မခွဲခြားနိုင်တော့ပေ။ ဦးခေါင်းအပြင် သူ၏ လက်များလည်း ပြောင်းလဲသွားခဲ့သည်။ လက်ချောင်းများ မရှိတော့ဘဲ နူးညံ့သော အသားလုံး နှစ်လုံးသာ ရှိသည်။ ၎င်းတို့သည် ကလေး၏ အမိန့်အရ မတူညီသော လက်နက်များအဖြစ်သို့ ပြောင်းလဲနိုင်သည်။
“တွေ့ပြီ! မင်းတို့ကို ငါ တွေ့ပြီ!”
စိတ်လှုပ်ရှားနေသော အော်ဟစ်သံမှာ ဂိမ်း ဦးထုပ်မှ ထွက်ပေါ်လာသည်။ ကလေးက ဦးထုပ်ကို ခေါင်းပေါ်တွင်ခပ်နိမ့်နိမ့် ထားရင်း ပြေးလာတော့သည်။
“ချီးပဲ! ဒီမှာ ဘာလို့ မကောင်းဆိုးဝါးတွေ ဒီလောက် များနေရတာလဲ”
ဆောင်ကြီးသည် နောက်လှည့်မကြည့်ဘဲ ပြေးလွှားလိုက်သည်။ လမ်းကြောင်း ရှိသည့် နေရာတိုင်းကို သူ လှည့်ပြေးသည်။ သူ့ နှလုံးက အန္တရာယ်ကို အာရုံခံစားမိသည်နှင့် သူ ရပ်တန့်တော့မည်မဟုတ်ပေ။
“ငါ့ကို မင်းတို့နဲ့ ကစားခွင့်ပေးပါ! မင်းတို့ရဲ့ ပါးစပ်တွေကို ဆွဲဖြဲခွင့်ပေးပါ! မင်းတို့ရဲ့ ပါးစပ်တွေ ဘယ်လောက် မာကြောလဲဆိုတာ ငါ့ကို ကြည့်ခွင့်ပေးပါ!”
ကလေးသည် သူတို့နောက်ကို ပြေးလိုက်လာ၏။ လီတင်းက နောက်ဆုံးတွင် ရှိနေသည်။ သူသည် တကယ်ပင် စိုးရိမ်နေခြင်းဖြစ်သည်။
“ဆောင်ကြီး! မင်း ဒီကလေးကို မဘလော့ခင်က ဘာမက်ဆေ့ချ် ပို့လိုက်တာလဲ”
“အွန်လိုင်းဂိမ်းဆော့တဲ့အခါ မင်းလူတွေကို ပြောလေ့ရှိတဲ့ စကားမျိုးပဲ!”
“အဲဒါဆိုရင် ငါတို့တော့ အဆုံးသတ်ပြီ!”
လီတင်း ပို မြန်အောင် ပြေးလိုက်သည်။
သူတို့ ပထမထပ်သို့ ပြေးဆင်းလာခဲ့သည်။ ဆောင်ကြီး ကော်ရစ်ဒါမှ ထွက်လိုက်သောအခါ သူ ခလုပ်တိုက်မိသွားပြီး မြေပြင်ပေါ် လဲကျသွားသည်။ အစ်ကိုရှုံးနှင့် လီတင်းတို့က သူ့ ကိုယ်ပေါ် တိုက်မိသွားဖြင့် လဲကျသွားကြသည်။ နာကျင်မှုက နေရာတိုင်းမှ လာနေသလိုပင်။ဆောင်ကြီး ခေါင်းကို မော့ဖို့ အခွင့်အရေး မရလိုက်မီ သူ၏ လည်ပင်းပေါ်တွင် အေးစက်သော အရာတစ်ခုကို ခံစားလိုက်ရသည်။ သူက ထိတ်လန့်တုန်လှုပ်စွာ ခေါင်းကို မော့လိုက်သည်။ စုံစမ်းစစ်ဆေးရေးဌာနမှ လုံခြုံရေးအဖွဲ့ဝင် နှစ်ဦးကို ခန်းမထဲတွင် ဆောင်ကြီး မြင်လိုက်ရသည်။ ညသည် သူတို့နောက်တွင် ရှိနေသည်။နေဝင်ချိန် အလင်းရောင်က သူတို့အပေါ်တွင် ထွန်းလင်းနေသည်။
အဖွဲ့ဝင် နှစ်ဦးက ဘေးတစ်ဖက်စီတွင် ရပ်နေသည်။ ဦးဆောင်သူမှာ နက်မှောင်သောဆံပင်ရှည်ကြီး ရှိပြီး သူ၏ခန္ဓာကိုယ် တစ်လက်မတိုင်းကို သရဲတက်တူးများဖြင့် ဖုံးအုပ်ထားသည်။
သွေးစွန်းနေသော လက်ပတ်သည် သူ့ လက်ကောက်ဝတ်တွင် ကပ်တွယ်နေလေသည်။ ထိုလူက ဆောင်ကြီး၏ ဦးခေါင်းကို နင်းလိုက်သည်။
“ဘယ်လိုလုပ် အသက်ရှင်ကျန်ရစ်သူတွေ ရှိနေသေးတာလဲ ၊ မင်းတို့က ခြောက်ခြားဂိမ်းကစားသမားတွေလား”
ဆောင်ကြီးက အလျင်အမြန် တုံ့ပြန်လိုက်ပြီး အကူအညီအတွက် တောင်းပန်လိုက်သည်။
“ကျွန်တော်တို့ ဒီကို သူငယ်ချင်းရဲ့ အမေအတွက် ဆေးဝါး တစ်ချို့ကို ယူဖို့ လာခဲ့တာပါဗျာ! ကူညီပါဦး! ကျွန်တော်တို့နောက်ကို လိုက်နေတဲ့ မကောင်းဆိုးဝါးတစ်ကောင် ရှိတယ်!”
ဂိမ်းဦးထုပ်ပါသော ကလေးသည် ကော်ရစ်ဒါတွင် ရောက်ရှိနေပြီ ဖြစ်သည်။ သူ့လက်များက တံစဉ်များအဖြစ် ပြောင်းလဲသွားသည်။
“အဆင့်နိမ့် အရိပ်ထုတ်ကုန်တစ်ကောင်ပဲ၊ သရဲနီတစ်ကောင်တောင် မဟုတ်ဘူး”
ထိုလူက သူ့ ဓားကိုပင် မထုတ်ဘဲ ဆောင်ကြီး၏ ကိုယ်ပေါ်ကနေ ကျော်တက်သွားပြီး ကော်ရစ်ဒါဆီသို့ တစ်ယောက်တည်း လျှောက်သွားလိုက်သည်။
သူ့လည်ပင်းပေါ်ရှိ သရဲတက်တူးများက မျက်တောင်ခတ်လိုက်သည်။ ထိုလူက ပြုံးလိုက်သည်။ ကလေးက ကြောက်မနေပေ။ သူသည် ဂိမ်းဘော့စ်တစ်ကောင်နှင့် တိုက်ခိုက်ရန် ပြင်ဆင်နေသကဲ့သို့ သူ၏ တံစဉ်များကို မြှောက်လိုက်လေသည်။