လူနာ
Vol. 16 Ch. 235
ကြောက်ရွံ့ခြင်းသည် ဆောင်ကြီး၏တစ်ကိုယ်လုံး စိမ့်ဝင်နေသည်။ သူ့အကြည့်သည် ဖန်သားပြင်ပေါ်တွင် အေးခဲနေပြီး အသက်ရှူခြင်းကိုပင် အောင့်ထားခဲ့သည်။ ဗီဒီယိုထဲမှလူများက သူ့ကိုကြားသွားမည်ကို သူ ကြောက်နေခြင်းဖြစ်သည်။ လီစန်းဆေးရုံ၏ အရှေ့ဆောင်တွင် ဗီဒီယိုထဲတွင် မပေါ်သောလူများဖြင့် ပြည့်နှက်နေ၏။ အနောက်ဆောင်ကမူ အလွတ်ဖြစ်နေသော်လည်း ဗီဒီယိုထဲတွင် လူများ ပြည့်နှက်နေသည်။
“ဒါမျိုးတွေက ဘာကြောင့်ဖြစ်နေရတာလဲ”
ဤသည်မှာ ဆောင်ကြီး၏ သူ့ဦးနှောက်ကို ဤမျှ ပြင်းပြင်းထန်ထန် အသုံးပြုရသည့် ပထမဆုံးအကြိမ်ပင်။ သူ့ဦးနှောက်သည် မီးခိုးများ ထွက်တော့မတတ် ဖြစ်နေသော်လည်း အဖြေတစ်ခု မထုတ်နိုင်ခဲ့ချေ။
“မင်း ဘာတွေ မြင်လိုက်လို့လဲ”
ဆုမိုက စပြောလိုက်စဉ် ဆောင်ကြီးက သူ့ကို တိတ်တိတ်နေရန် တားမြစ်လိုက်ပြီး သူတို့ ဖြည်းညှင်းစွာ ပြန်ဆုတ်လိုက်ကြသည်။ သူတို့သည် အခန်းနှင့် ခပ်ဝေးဝေးရောက်သွားသောအခါ သူက ဗီဒီယိုကို အခြားသူများနှင့် မျှဝေပြသလိုက်သည်။
“အနောက်ဆောင်က ငါတို့ ထင်ထားတာထက် လူတွေ ပိုပြည့်ကျပ်နေတယ်၊ အရှေ့ဆောင်က လူတွေက သရဲတွေ မဟုတ်ရင်တောင် အနောက်ဆောင်က လူတွေကတော့ လူသားတွေ မဟုတ်တာ သေချာတယ်”
ဆောင်ကြီးက ဝမ်းနည်းစွာ ပြောလိုက်သည်။
“သတင်းတစ်ခုကို ပိတ်ဆို့ဖို့ဆိုင် အထိရောက်ဆုံးနည်းလမ်းက ပါဝင်တဲ့သူအားလုံးကို နှုတ်ပိတ်လိုက်ဖို့ပဲ”
ကောင်လေးများက ဆွေးနွေးရင်း အလုပ်များနေကြစဉ် လေဝင်ပေါက်ဘေးတွင် ရပ်နေသော ရွှမ်ဝမ်က ပြောလိုက်သည်။
“အရှေ့ဆောင်နဲ့ အနောက်ဆောင်မှာ စည်းကမ်းတွေ မတူဘူးဆိုတော့ ဒီကနေ ဖိနပ်တစ်ရံ၊ နှစ်ရံလောက် ယူပြီး အရှေ့ဆောင်က သရဲတွေကို ပစ်လိုက်လို့ရမလား”
သူမ၏စကားကို ကြားသောအခါ ဆောင်ကြီး၊ ဆူမိုနှင့် ကျန်သူများ ထိတ်လန့်သွားကြသည်။
“ အာ ”
ဖိနပ်တစ်ရံချင်းစီသည် မမြင်ရသောလူတစ်ဦးချင်းစီက ဝတ်ဆင်ထားထားခြင်းဖြစ်သည်။ သူမက အဲ့ဒီ 'လူတွေ' ကို လက်နက်အဖြစ် အသုံးပြုဖို့ အကြံပေးနေတာလား။
ဗီဒီယိုထဲတွင် လူတိုင်းက စီတုအန်းကို တိတ်ဆိတ်စွာ ကိုးကွယ်နေကြသည်။ ရွှမ်ဝမ်သည် အခန်းအနီးသို့ တိတ်တဆိတ် ချဉ်းကပ်သွားပြီး ချစ်စရာကောင်းသော ဖဲကြိုးများပါသည့် ဒေါက်ဖိနပ်တစ်ရံကို ကောက်ယူလိုက်သည်။ ရွှမ်ဝမ်သည် ဖိနပ်ပိုင်ရှင်အမျိုးသမီးကို မြင်နိုင်ပုံရသည်။ သူမသည် ဒေါက်ဖိနပ်များကို မယူမီ လေထဲသို့ လက်ပြလိုက်လေသည်။ သူမသည် အလွန်မြန်ဆန်စွာ လှုပ်ရှားလိုက်သဖြင့် အခန်းထဲရှိ ‘လူများ’နှင့် ကျောင်းသားများပါ ဆွံ့အသွားကြသည်။
“မြန်မြန်! ပြေးတော့!”
ရွှမ်ဝမ်က သူမသည် ပြဿနာကို ဆွဲဆောင်မိပြီဟု သိလိုက်သည်။ သူမသည် သူမ၏ ‘မောင်ငယ်လေး’ ကို စွန့်ပစ်လိုက်ပြီး ဒေါက်ဖိနပ်များကို ဆွဲယူကာ ထွက်ပြေးလေတော့သည်။ လူသေပုံတူပန်းချီကားထဲတွင် စီတုအန်း၏ မျက်လုံးများ လှုပ်ရှားသွားသည်။အခန်းငယ်ထဲတွင် ခြေသံများက ပဲ့တင်ထပ်လာလေသည်။
ဆောင်ကြီးသည် ဖိနပ်များက သူတို့နောက် ပြေးလိုက်လာမည်ကို ကြောက်ရွံ့နေခဲ့သည်။ သူက ကျန်သူများကို လှမ်းခေါ်လိုက်ပြီး အမြန်ထွက်ခွာ၏။ ရွှမ်ဝမ်၏ အလှအပကို စွဲမက်နေသော ဆောင်ကြီးသည်လည်း စိတ်တည်ငြိမ်သွားခဲ့သည်။ ရွှမ်ဝမ်သည် လှပကြောင်း သူဝန်ခံသော်လည်း ဆေးရုံတွင် အလှအပသည် မည်သို့အသုံးဝင်မည်နည်း။
အနောက်ဆောင်မှ ထွက်ခွာပြီးနောက် ဆောင်ကြီးသည် သူ့ ရီကော်ဒါကို ထုတ်ယူပြီး ရွှမ်ဝမ်ကို ချိန်ရွယ်လိုက်သည်။ ဗီဒီယိုထဲတွင် ရွှမ်ဝမ်သည် ဒေါက်ဖိနပ်များနှင့်အတူ ရပ်နေပြီး သူမနောက်တွင် အပြာရောင်ဝတ်စုံနှင့် ဆံပင်ရှည် အမျိုးသမီးတစ်ဦး ရစ်ဝဲနေလေသည်။ ထိုအမျိုးသမီးက သူမ၏ ဦးခေါင်းကို ငုံ့ထားပြီး သူမ၏ကိုယ်ခန္ဓာသည် ရွှမ်ဝမ်၏ ကျောဘက်တွင် ကပ်နေလုနီးပါး ဖြစ်နေသည်။ ရွှမ်ဝမ်က ၎င်းကိုသတိမထားမိပေ။
“ဖိနပ်တွေကို လွှင့်ပစ်သင့်တယ်လို့ ကျွန်တော်ထင်တယ်နော်”
ဆောင်ကြီးက ကြင်နာစွာ သတိပေးလိုက်သည်။
ရွှမ်ဝမ်သည် ဒေါက်ဖိနပ်များကို ပစ်ချရန် ကြိုးစားလိုက်သော်လည်း အပြာရောင်ဝတ်စုံနှင့် အမျိုးသမီးက မထွက်ခွာသွားခဲ့ပါပေ။
“ဒါ မကောင်းတော့ဘူး…”
ဆောင်ကြီးသည် ရွှမ်ဝမ်ကို လက်လျှော့ရန် အဆင်သင့်ဖြစ်နေချေပြီ။ သူက ရွှမ်ဝမ်ကို အပြစ်မတင်ခဲ့ပေ။ သူသည် သူမနှင့် ဝေးရာသို့သာ ရွေ့သွားခဲ့သည်။ သူ့လို ကျွမ်းကျင်သော မိန်းမပွေသူတစ်ယောက်သည် လူတစ်ယောက်အား စကားလုံးများဖြင့် ဘယ်တော့မှ နာကျင်အောင် လုပ်မည်မဟုတ်ပေ။
“ကျွန်မနောက်မှာ တစ်ခုခု ရှိနေတာလား”
ရွှမ်ဝမ်သည် မသက်မသာ မခံစားရပေ။ထို့ကြောင့် ဒေါက်ဖိနပ်များကို ပြန်ကောက်ယူလိုက်သည်။ သူမသည် ထိုဖိနပ်တစ်ရံအား အကြောင်းတစ်ခုခုကြောင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
“ဖုန်တွေရှိနေတာပါ”
ဆောင်ကြီးက ချောင်းဆိုးလိုက်သည်။ သူက ပုံမှန်အတိုင်း ပြုမူလိုက်ပြီး သူ့သူငယ်ချင်းများကို သတိပေးရန် သူ၏ချတ်ဂရုတွင် တိတ်တဆိတ် မက်ဆေ့ချ်ပို့လိုက်သည်။
“ခင်ဗျားရဲ့ မောင်လေးက ပုန်းနေတာ ဖြစ်မယ်၊ကျုပ်တို့ ခင်ဗျားမောင်လေးကို လိုက်မရှာခင် သရဲတွေကို ကိုင်တွယ်ဖို့ လက်နက်တွေ ရှာပြီး အရင်းအမြစ်တွေ စုဆောင်းတာကို အာရုံစိုက်သင့်တယ်” ဆောင်ကြီးက ရှေ့သို့ တိုးလိုက်သည်။ သူသည် သူမကို ကာကွယ်ပေးသည့်ဟန်ဖြင့် ရွှမ်ဝမ်ကို အဖွဲ့၏ နောက်ဆုံးမှ လိုက်ပါရန် စီစဉ်ပေးလိုက်သည်။
သူတို့ အရှေ့ဆောင်သို့ ပြန်သွားခဲ့ကြသည်။ လူနာများသည် စတင် အသွင်ပြောင်းလဲလာချေပြီ။ အဖွဲ့သည် အချိန်ဖြုန်းရန် မဝံ့ရဲခဲ့ကြပေ။ သူတို့သည် ဒုတိယထပ်သို့ ပြေးတက်၍ အခန်းများကို စတင် ရှာဖွေကြတော့သည်။ လူနာဆောင် အများစုသည် ဗလာနတ္တိ ဖြစ်နေသည်။ သူတို့ ရှာဖွေလေလေ ဆောင်ကြီးသည် ပို၍ မတည်မငြိမ် ခံစားရလေလေ ဖြစ်သည်။ရှောင်ရှ၏ ‘ဖခင်’ က ပြောခဲ့သော ‘ပစ္စည်းများ’ ကို သူတို့ ရှာမတွေ့ချေ။ ညသည် သူတို့ကို လိုက်ဖမ်းနေသော ဓားတစ်ချောင်းနှယ်။၎င်းက သူတို့၏ လည်ချောင်းများကို ခုတ်ထစ်တော့မည့်အချိန်တွင် အဆောက်အအုံထဲရှိ လူနာများက ဆူညံလာကြသည်။ အငြင်းပွားမှုများနှင့် ခိုက်ရန်ဖြစ်ပွားမှုများ ပေါ်ပေါက်လာသည်။ လူတိုင်း အလျင်စလို ဖြစ်နေကြသည်။
“လူနာဆောင်တိုင်းမှာ ကိုယ်ပိုင် လုပ်ဆောင်ချက်ရှိတယ်၊ မျိုးရိုးဗီဇဆိုင်ရာ အကြံပေးလူနာဆောင်ထဲမှာ ငါစာရင်းတစ်ခု မြင်ခဲ့တယ်”
ဆောင်ကြီးက ချက်ဂရုတွင် မက်ဆေ့ချ်ပို့လိုက်သည်။ သူသည် အခြားလူနာဆောင်များကို ပစ်ထားလိုက်ပြီး တတိယထပ် ကော်ရစ်ဒါတစ်လျှောက် အပြေးသွားလိုက်သည်။
“စိတ်ရောဂါကုသဆောင်မှာ စိတ်ပညာကုသဆောင်၊ စွဲလမ်းမှုကုသဆောင်၊ တရုတ်ဆေးပညာကုသဆောင်၊ ရာဇဝတ်မှုဆိုင်ရာကုသဆောင် အဲ့တာတွေရှိတယ် ၊ အဲဒီမှာ ကျိန်စာသင့်ပစ္စည်းတွေ ခွဲခြားနိုင်မယ့် ပစ္စည်းတွေနဲ့ သတိပြန်လည်စေမယ့် ဆေးဝါးတွေ ရှိတယ်”
ဆောင်ကြီးသည် ထိုသတင်းကို ရွှမ်ဝမ်နှင့် မမျှဝေခဲ့ပေ။ သူက ချက်ဂရုမှတစ်ဆင့် မျှဝေခဲ့ခြင်းဖြစ်သည်။
“တွန်းထိုးမနေကြနဲ့! သွား တန်းစီကြစမ်း!”
စိတ်ရောဂါကုသဆောင်ရှိ အခန်းအများစုတွင် လူတန်းရှည်ကြီးများရှိနေလေသည်။ ဆောင်ကြီးသည် ဘေးပတ်လည်ကို ကြည့်ရှုလိုက်ရာ တန်းစီစရာမလိုသည့် လူနာဆောင်တစ်ခုကို တွေ့လိုက်ရသည်။ သူတို့ အလျင်အမြန် သွားလိုက်ကြသည်။ သူတို့သည် တံခါးကို တွန်းဖွင့်လိုက်သောအခါ သွေးကန်တစ်ခုနှင့် ကုလားထိုင်ပေါ်တွင် ချိတ်ဆွဲထားသည့် သွေးစွန်းကုတ်အင်္ကျီတစ်ထည်မှလွဲ၍ အခန်းသည် မည်သည့်အရာမှမရှိကြောင်း သဘောပေါက်လိုက်သည်။
“ဆရာဝန်က အသတ်ခံလိုက်ရတာလား”
သူတို့ အခန်းထဲ ဝင်လိုက်ကြသည်။ရုတ်တရက် ဆောင်ကြီး၏ နှလုံးသည် ခုန်ပေါက်လာ၏။ အခန်းအပြင်ဘက်တွင် ပရမ်းပတာများ ပေါ်ပေါက်လာတော့သည်။ အစောပိုင်းက တန်းစီနေခဲ့ကြသော လူနာများသည် သတ်မှတ်ထားသော ဦးတည်ရာတစ်ခုဆီသို့ ရုတ်တရက် ပြေးဆင်းသွားကြသည်။
အကြီးအကျယ်အသွင်ပြောင်းလဲနေသော လူနာတစ်ဦးသည် အခန်းများထဲမှ တစ်ခန်းမှ ထွက်လာ၏။ သူ့ဦးခေါင်းနောက်ဘက်တွင် အသားဘုများ ကြီးထွားနေကြသည်။ သူ့မျက်လုံးများက သူ့မျက်နှာထဲသို့ နစ်ဝင်နေ၏။ သူ့တွင် ဧရာမမျက်စိသူငယ်အိမ်နှစ်ခု ရှိနေလေသည်။ သူသည် အလွန် ပိန်လှီနေပုံရသည်။ သူ့ လက်ချောင်းများသည် သွေးများစွန်းထင်းနေပြီး လူသတ်မှု ကျူးလွန်ထားသကဲ့သို့ ဖြစ်နေသည်။
“ဒေါက်တာရေ ကျွန်တော် အိပ်ငိုက်နေပေမယ့် အိပ်မရဘူးဗျာ…”
ထိုလူနာသည် ထင်ယောင်ထင်မှား ဖြစ်နေပုံရသည်။ သူသည် သူ့ပတ်ဝန်းကျင်ရှိ လူများကို ခွဲခြားမှုမရှိဘဲ တိုက်ခိုက်နေ၏။
“ဒေါက်တာ၊ ကျွန်တော့်ကို အိပ်ပျော်အောင် လုပ်ပေးနိုင်မလား”
လူသတ်မှု စတင်လာသဖြင့် ဆောင်ကြီးသည် အစ်ကိုရှုံးကို ဆွဲခေါ်၍ ပြေးတော့သည်။ လီတင်းက သူတို့နောက်မှ လိုက်လာ၏။ ဆုမိုက ပြေးချင်ခဲ့သော်လည်း ထိုလူနာက သူ့ကို ဖမ်းမိနေပြီဖြစ်သည်။ သူတွင် ရွေးချယ်စရာနှစ်ခု ရှိသည်- ရွှမ်ဝမ်ကို ငါးစာအဖြစ် စွန့်ပစ်ခဲ့ခြင်း သို့မဟုတ် ရွှမ်ဝမ်နှင့်အတူ အခန်းထဲတွင် ပုန်းအောင်းခြင်း။
သူ၏ဦးနှောက်က အလုပ်လုပ်နေဆဲပင်ဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်က ရွေးချယ်ပြီးသား ဖြစ်နေသည်။ သူသည် နောက်ဆုတ်လိုက်ပြီး အခန်းတံခါးကို ပိတ်လိုက်သည်။
ဘုန်း! ဘုန်း!
တံခါးခေါက်သံသည် ဆူမို၏ နှလုံးသားပေါ် ထုနှက်နေကဲ့သို့ ဖြစ်နေသည်။ တံခါးသည် အကြာကြီး လော့ခ်ကျနေမည် မဟုတ်ပေ။
“ဒေါက်တာ ! ဒေါက်တာ! ကျွန်တော် အိပ်မပျော်ဘူး ၊ ကျွန်တော့် ဦးနှောက်က ပေါက်ကွဲတော့မလိုဖြစ်နေပြီ !ကျွန်တော့် ခေါင်းထဲမှာ ပြည့်ကျပ်နေတယ် ၊ ကျွန်တော် ဒါကို မခံနိုင်တော့ဘူး!”
တံခါးမှာ လှုပ်ယမ်းနေတော့သည်။ ဆူမိုသည် ကြောင်တောင်တောင်ဖြစ်နေ၏။ သူက နောက်လှည့်ပြီး ရွှမ်ဝမ်ကို အော်ဟစ်လိုက်သည်။
“ကျုပ်ကို လာကူညီပါဦး!”
သို့သော် သူ လှည့်ကြည့်လိုက်သောအခါ ဆူမို မေ့မျောလုနီးပါး ဖြစ်သွားသည်။ သူက ရွှမ်ဝမ်သည် သွေးစွန်းနေသည့် ကုတ်အင်္ကျီကို ကောက်ယူကာ သူမကိုယ်ပေါ် ဝတ်ဆင်လိုက်သည်ကို မြင်လိုက်ရခြင်းဖြစ်သည်။
“ခင်ဗျား ဘာလုပ်နေတာလဲ!”
ဆူမိုသည် ရူးသွပ်တော့မလို ခံစားလိုက်ရသည်။
“ကျွန်မ သူ့ဆရာဝန် လုပ်တော့မယ်လေ”
ရွှမ်ဝမ်သည် ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး သူမ၏ မျက်လုံးများဖြင့် ပြုံးပြလိုက်သည်။
“ရှင်ကော ကျွန်မရဲ့ လူနာ လုပ်ချင်သလား”