မမြင်ရသော လူများ
Vol. 16 Ch. 234
ထိုအမျိုးသမီးအား လှပသည်ဟူသော စကားလုံးနှင့် ဖော်ပြရန် မလုံလောက်ပေ။ သူမ၏ ရုပ်ပိုင်းဆိုင်ရာ အလှထက်ပင် သူမ၏ တည်ရှိမှုက ပိုမိုဆွဲဆောင်မှုရှိနေခြင်းဖြစ်သည်။
ဆောင်ကြီး၏ မျက်လုံးများမှာ ပြုတ်ကျလုနီးပါး ဖြစ်နေသည်။ နောက်ကွယ်တွင် ပုန်းအောင်းနေသော ဆုမိုက သူ့မျက်လုံးများကို ဖြည်းညှင်းစွာ လွှဲဖယ်လိုက်သည်။ သူ ရှက်ရွံ့ခြင်းကြောင့် မဟုတ်ဘဲ ခေါင်းကိုက်လာသည်ဟု ခံစားရသောကြောင့် ဖြစ်သည်။အရင်က ထိုအမျိုးသမီးနှင့် တစ်နေရာရာတွင် တွေ့ဖူးသည်ဟု ခံစားမိပြီး ထိုတွေ့ဆုံမှုမှာလည်း ပျော်စရာကောင်းသည့် အတွေ့အကြုံမဟုတ်ခဲ့ပေ။
ထိုအမျိုးသမီးသည် တံခါးဝတွင် တက္ကသိုလ်ကျောင်းသား လေးဦးနှင့် တွေ့မိလိမ့်မည်ဟု မျှော်လင့်မထားခဲ့သည်မှာ ထင်ရှားသည်။ သူမက ညင်သာစွာ ပြုံးလိုက်ပြီး
“ကျွန်မရဲ့ မောင်လေးကို မတွေ့မိဘူးလားရှင် ၊ သူ့ရဲ့ ပုံပန်းသဏ္ဌာန်ကြောင့် သူက အတော်လေး ဒေါသထွက်တတ်ပါတယ်…”
“တွေ့တယ်! ကျွန်တော်တို့ မြင်လိုက်တယ်! သူ ဘယ်ဘက်က ကော်ရစ်ဒါအတိုင်း ဆင်းသွားတာပဲ!”
ဆောင်ကြီးက အလျင်စလို ဖြေလိုက်သည်။
“ကျွန်တော်တို့ လမ်းပြပေးဖို့ လိုအပ်သလားခင်ဗျာ ၊ ဒါပေမယ့် သတိပေးမယ်နော် ၊ ဒီဆေးရုံက သိပ်လုံခြုံတာ မဟုတ်ဘူး”
“သိပ်မလုံခြုံဘူးလား”
ထိုအမျိုးသမီးက စိတ်ရှုပ်ထွေးသောအသွင်ဖြင့် ကြည့်လိုက်သည်။ သူမသည် မည်သို့လုပ်ရမှန်းမသိဖြစ်နေပုံရသောကြောင့် လူအများက သူမကို ကရုဏာသက်မိစေနိုင်သည်။
“ညတုန်းက အင်တာနက်ပေါ်က ဟန်ဟိုင်းအကြောင်း ကောလဟာလတွေအားလုံးက အမှန်ပဲဗျ ၊ ဒီအဆောက်အဦးကို ခြောက်ခြားဇာတ်လမ်းတွေက သိမ်းပိုက်လိုက်ပြီ ၊ အခု ကျွန်တော်တို့ ဆေးရုံကနေ ထွက်လို့မရတော့ဘူး၊ လူသေအလောင်းတွေကလည်း နေရာအနှံ့ပြည့်နေတယ် ၊ အရမ်း အန္တရာယ်များတယ်ဗျ!”
ထိုအမျိုးသမီးက ဘာမှမပြောရသေးသော်လည်း ဆောင်ကြီးက သူမအား အရာအားလုံး ပေးဆပ်ရန် အသင့်ဖြစ်နေချေသည်။ သူ အဘယ်ကြောင့် ဤမျှ ရက်ရောစွာ ပြုမူနေသည်ကို မသိပေ။
ထိုအမျိုးသမီးသည် ခြောက်ခြားဇာတ်လမ်းများကို ပထမဆုံးအကြိမ် ကြားရသည့်အလား ထိတ်လန့်တုန်လှုပ်ပြီး ကြောက်ရွံ့နေပုံရသည်။
“ခင်ဗျား တစ်ယောက်တည်း လျှောက်သွားတာ မကောင်းဘူးလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ ခင်ဗျားရဲ့ မောင်လေးကို ကူရှာညီပေးလို့ရပါတယ်”
ဆောင်ကြီးတို့အဖွဲ့သည် ထိုအမျိုးသမီးက ဆေးရုံထဲသို့ အပြင်မှ လမ်းလျှောက်ဝင်လာသည်ကို မြင်ခဲ့ရသည်။ထို့ကြောင့် သူမသည် ဆေးရုံနှင့် လုံးဝပတ်သက်မှုမရှိသည့် ဘေးကင်းသော 'လူသား' တစ်ဦးဖြစ်သည်ဟု ဆိုလိုနေခြင်းဖြစ်သည်။ ဆောင်ကြီး၏ စိတ်အားထက်သန်သော ဖိတ်ခေါ်မှုကြောင့် ထိုအမျိုးသမီးသည် သူမ၏သတိအနေအထားကို ဖြည်းဖြည်းချင်း လျှော့ချလိုက်သည်။
“ဒီသရဲခြောက်တဲ့ဆေးရုံမှာ သူ့စည်းမျဉ်းတွေနဲ့သူ ရှိတယ်၊ ကျွန်တော်တို့ ခင်ဗျားကို အကောင်းဆုံး ကာကွယ်ပေးဖို့ ကြိုးစားပါ့မယ်၊ ဒါပေမယ့် ခင်ဗျား ကျွန်တော်တို့ စကားကို နားထောင်ရမယ်နော်”
အစ်ကိုရှုံးက ရိုးသားပြီး မျှတသောအသံဖြင့်ပြောလိုက်သည်။
“ကျွန်တော်တို့ ခင်ဗျားကို ဘယ်လို ခေါ်ရမလဲ”
“ကျွန်မ နာမည်က ရွှမ်ဝမ်ပါ။ ကျွန်မမောင်လေးက ယန်ယွီလေးပါ”
ရွှမ်ဝမ်သည် ယန်ယွီနောက်သို့ အပြေးလိုက်ရန် အလျင်မလိုပေ။
“အချိန်ဖြုန်းတာ ရပ်လိုက်တော့ ၊ငါတို့ ရှေ့တံခါးနဲ့ ဘေးတံခါးတွေကနေ ထွက်လို့မရဘူး ၊ လာတော့မယ့် ညအတွက် ပြင်ဆင်ဖို့ ပစ္စည်းတွေကို အမြန် စုဆောင်းဖို့လိုတယ်”
ဆုမိုသည် ရွှမ်ဝမ်နှင့် နီးကပ်ရန်ပင် မဝံ့ရဲပေ။ သူသည် သူမ၏ ရေမွှေးနံ့ကို အနံ့ခံမိရုံနှင့်ပင် တုန်လှုပ်နေသည်။ သူတို့သည် အန္တရာယ်ရှိသော ဆေးရုံတွင် ရှိနေသော်လည်း ဆောင်ကြီးက ရွှမ်ဝမ်အား အခြေအနေအရပ်ရပ်ကို စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။ လူနာဆောင်တိုင်းတွင် သူ့လုပ်ဆောင်ချက်များနှင့်သူ ရှိနေ၏။ ဤဆေးရုံသည် အနာဂတ်တွင် လူသားနှင့် သရဲတို့ အတူယှဉ်တွဲနေထိုင်နိုင်မည့် ပုံစံငယ်တစ်ခုနှင့် တူပေသည်။
သူတို့ အရှေ့ဆောင်သို့ ပြန်ရောက်လာသောအခါ ဧည့်ခန်းမသည် လူများပြည့်နေ၏။ ရွှမ်ဝမ်သည် ရိုးရှင်းစွာပင် အံ့အားသင့်နေသည်။
“ဒါကတော့ ကျွန်မအတွက် လုံးဝ ပုံမှန်အတိုင်းပါပဲ”
“သူတို့က လူတွေ မဟုတ်ဘူး၊ ဒီဟာကို ကြည့်လိုက်ပါ”
ဆောင်ကြီးသည် ဘာကိုမှ မဖုံးကွယ်ဘဲ သူ၏ ရီကော်ဒါကို ရွှမ်ဝမ်အား ပြသလိုက်သည်။ ထိုအချိန်အတွင်း ဆုမိုက ဆောင်ကြီးကို 'မတော်တဆ' တိုက်မိလိုက်ရာ သူ့ရီကော်ဒါသည် ရွှမ်ဝမ်ကို ဗီဒီယိုရိုက်ကူးမိသွားသည်။ လူနာများနှင့်မတူဘဲ ရွှမ်ဝမ်သည် ဗီဒီယိုထဲတွင် လုံးဝလှပနေသည်။ သူမသည် လူသားတစ်ဦး ဖြစ်သည်။
“မင်း ဘာလုပ်နေတာလဲ”
ဆုမို၏ အကြံကို ဆောင်ကြီး သဘောပေါက်သောအခါ မျက်မှောင်ကြုံ့လိုက်သည်။
“ဒါ အရမ်းရိုင်းတယ်ကွ”
“ရှင်သတိမထားမိလို့ ဖြစ်တာပဲ ၊ ရှင်မမှားပါဘူး”
ရွှမ်ဝမ်က သူမ၏ ပါးစပ်ကို အုပ်လိုက်သည်။ သူမသည် သရဲများ ဝိုင်းရံထားကြောင်း သဘောပေါက်သောအခါ မအော်ဟစ်မိစေရန် သူမပါးစပ်ကို အမြန်အုပ်လိုက်သည်။ သို့သော် သူမ ကြောက်ရွံ့နေသည်မှာ ထင်ရှားနေသည်။
“ခင်ဗျားရဲ့ မောင်လေးက ဒီလမ်းအတိုင်း သွားတာပဲ၊ ကျွန်တော်နဲ့ လိုက်ခဲ့ပါ”
လီဒင်းက လက်ဝှေ့ယမ်းလိုက်သည်။ သူတို့ ကော်ရစ်ဒါအတိုင်း ဆင်းလာပြီး လီစန်းဆေးရုံ၏ အရှေ့ဆောင်နှင့် အနောက်ဆောင်ကြားရှိ ဥယျာဉ်သို့ ရောက်လာသည်။ ဥယျာဉ်သည် ကြက်သီးထလောက်အောင် ခြောက်ခြားဖွယ် ကောင်းနေသည်။ စွန့်ပစ်ထားသော ရေပန်းတစ်ခုရှိသည်။ ဒန်းများသည်လူမရှိသော်လည်း ထိုင်ခုံများက ယိမ်းထိုးနေသည်။ ဥပမာပြထားသော ဓာတ်ပုံများတွင် ဥယျာဉ်သည် လှပနေသော်လည်း တကယ်တမ်းတွင် ဥယျာဉ်သည် ချုံနွယ်ပိတ်ပေါင်းများနှင့် ပြည့်နေပြီး အမှိုက်များဖြင့် ရှုပ်ပွနေခြင်းဖြစ်သည်။ ဓာတ်ခွဲခန်းအား တစ်စိတ်တစ်ပိုင်း ပြောင်းရွှေ့သွားခဲ့ပြီးနောက် အနောက်ဆောင်ကို ပိတ်ပစ်ခဲ့သည်။ ပုံမှန်အားဖြင့် လူများသည် အရှေ့ဆောင်၏ ရှေ့တံခါးနှင့် ဘေးတံခါးများကိုသာ အသုံးပြုကြပြီး နောက်တံခါးကို အသုံးမပြုကြပေ။
“ခင်ဗျားရဲ့ မောင်လေးက အနောက်ဆောင်ဘက်ကို ပြေးသွားပုံရတယ်…”
ဆောင်ကြီးက ကြောက်ကြောက်ရွံ့ရွံ့ ကြည့်လိုက်သည်။
“အနောက်ဆောင်ရဲ့ အန္တရာယ်အဆင့်က အရှေ့ဆောင်ရဲ့ ဆယ်ဆလောက် ရှိတယ်ဗျ ၊ ခြောက်ခြားဇာတ်လမ်းတွေ အများစုက အနောက်ဆောင်တစ်ဝိုက်မှာပဲ ရှိတာ ၊ ကျွန်တော် အကြံပြုချင်တာက မောင်လေးအကြောင်းကို ခဏမေ့ထားပြီး အချက်အလက်နဲ့ ပစ္စည်းတွေ စုဆောင်းတာကိုပဲ အာရုံစိုက်သင့်တယ်”
“မှောင်လာပြီဆိုတော့ ခင်ဗျား အမြန်ဆုံး ဆုံးဖြတ်ချက်ချဖို့ လိုတယ်ဗျ”
အစ်ကိုရှုံးက “ကျွန်တော့်မှာလည်း ညီလေးတစ်ယောက် ရှိတယ်၊ ဒါကြောင့် ခင်ဗျားရဲ့ ခံစားချက်ကို နားလည်နိုင်ပါတယ် ၊ ခင်ဗျား တကယ်သွားဖို့ ဆုံးဖြတ်ထားရင် အခုပဲ အနောက်ဆောင်ထဲ ဝင်ကြမယ် ၊ဒါပေမယ့် သူ့ကို ရှာတွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ ဆယ်မိနစ်အတွင်း ကျွန်တော်တို့ ပြန်ထွက်လာရမယ်” ဟု ပြောလိုက်သည်။
“ကျေးဇူး အများကြီး တင်ပါတယ်ရှင်”
ထိုကျောင်းသားများသည် သူမသရဲဖြစ်နေသည့်တိုင် ပွင့်ပွင့်လင်းလင်း ကူညီပေးခဲ့သောကြောင့် ရွှမ်ဝမ်မှာ အတော်လေး ရှက်ရွံ့မိသည်။
“ကျေးဇူးတင်ဖို့ မလိုပါဘူး! ကျွန်တော်တို့ အတူတူ စုစည်းနေသင့်တာပါပဲ!”
အစ်ကိုရှုံးက ခေါင်းညိတ်သည်။ သူတို့သည် သံချေးတက်နေသော ခြံစည်းရိုးကို ကျော်တက်ပြီး အနောက်ဆောင်သို့ ရောက်လာသည်။ မြက်ရိုင်းများသည် အဆောက်အအုံထဲတွင် ပေါက်ရောက်နေကြသည်။ အုတ်နံရံများပေါ်တွင် အညိုရင့်ရောင် အစွန်းအထင်းများ ကျန်ရှိနေသည်။ နေရာအနှံ့တွင် ပုလင်းခွံများနှင့် ညစ်ပတ်နေသော ဆေးထိုးအပ်များ ရှိနေလေသည်။
“ဒုံး ဒုံး!”
လေဝင်လေထွက်ပြွန်များအတွင်း ထူးဆန်းသောအသံများ ပဲ့တင်ထပ်နေသည်။ မြွေတစ်ကောင် တွားသွားနေသကဲ့သို့ အသံမျိုးဖြစ်သည်။ ရွှမ်ဝမ်သည် အသံနောက်ကို လိုက်ကြည့်လိုက်ရာ လေဝင်လေထွက်ပြွန်ပွင့်နေသည့် အပေါက်ကို တွေ့လိုက်သည်။ ပြွန်၏ထောင့်တွင် အဝတ်စတစ်ပိုင်းကို သူမ တွေ့လိုက်သည်။
“လူနာလား”
လေဝင်လေထွက်ပြွန်သည် စင်တီမီတာ အနည်းငယ်သာ ကျယ်ဝန်းသည်။ သက်ရှိလူတစ်ဦး ဝင်ရောက်နိုင်မည် မဟုတ်ပေ။ ရွှမ်ဝမ်သည် စင်တီမီတာအနည်းငယ်သာ ရှည်သော ယန်ယွီ၏ ညီငယ်လေးကို စဉ်းစားမိသည်။
“စိတ်ဝင်စားစရာကောင်းတဲ့ မိသားစုပဲ။”
“ဒီမှာ သက်ရှိလူသားတွေ ရှိတဲ့ လက္ခဏာတွေ ရှိတယ်”
ဆောင်ကြီးက ရေခဲချောင်းထုပ်အခွံတစ်ခုကို ကောက်ယူလိုက်သည်။ အထုပ်ပေါ်ရှိ ခရင်မ်သည် လတ်ဆတ်နေဆဲဖြစ်သည်။
သူ ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။ ဆောင်ကြီးသည် ဆွေးမြေ့လုနီးပါးဖြစ်နေသော လိုက်ကာကို ဆွဲဖယ်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အနံ့တစ်ခုက သူ့ဆီသို့ ရိုက်ခတ်လာ၏။ ထိုအခန်းကျယ်ကြီးထဲတွင် ညစ်ပတ်နေသော အဝတ်အစားများ ပြည့်ကျပ်နေသည်။ စွန့်ပစ်ခံထားရသော အဝတ်အစားများသည် ဆေးရုံရှိ လူနာများကို ကိုယ်စားပြုနေပုံရသည်။
“ဒါက အဝတ်လျှော်ခန်းပဲ၊ ဒါပေမယ့် ဘာလို့ သင်္ချိုင်းမှာ ရောက်နေသလို ခံစားနေရတာလဲ”
ဆောင်ကြီး ရင်ဘတ်အောင့်လာသလို ခံစားလာရသည်။ အန္တရာယ်၏ အာရုံခံစားမှုက ဖြည်းဖြည်းချင်း ပေါ်ပေါက်လာလေသည်။ သူ့ မျက်လုံးများက ပတ်ပတ်လည် လှည့်ပတ်ကြည့်ရှုလိုက်သည်။ ပတ်ဝန်းကျင်က မပြောင်းလဲပေ။ အန္တရာယ်သည် ဘယ်ကနေ လာမည်မှန်း သူ မပြောနိုင်ပေ။
“ချီးပဲ! နောက်တံခါးကို ကြည့်လိုက်စမ်း!”
လီတင်းက အော်လိုက်သည်။
နောက်တံခါးအနီးရှိ အခန်းထဲတွင် ဖိနပ်များစွာ ရှိနေသည်။ ထိုဖိနပ်များမှာ လူကြီးဖိနပ်များ၊ ကလေးဖိနပ်များ၊ ခေတ်ပေါ်ဖိနပ်များနှင့် စုတ်ပြဲနေသော ကလေးငယ် ဖိနပ်များ ပါဝင်သည်။ ဖိနပ်များအားလုံးကို အခန်းထဲတွင် သပ်သပ်ရပ်ရပ် စီစဉ်ထားသည်။ ဖိနပ်များအားလုံးသည် နံရံပေါ်ရှိ ကြီးမားသော အဖြူအမည်းလူသေပုံတူတစ်ခုဆီသို့ ဦးတည်နေလေသည်။
“စီတုအန်းလား”
တက္ကသိုလ်ကျောင်းသားများသည် ထိုပန်းချီကားထဲမှ လူကို မှတ်မိကြသည်။ သူသည် ဟန်ဟိုင်း ပရဟိတအသင်း၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သည်။
“ထူးဆန်းတဲ့ နေရာပဲ ၊ သူ သေမယ့်အကြောင်းကို ကြိုသိခဲ့တာလား ၊ ဒါကြောင့် ဖိနပ်တွေက သူ့ကို ကိုးကွယ်နေကြတာလား”
ဆောင်ကြီးသည် ထိုအခိုက်အတန့်ကို မှတ်တမ်းတင်ချင်သော်လည်း သူ့ ရီကော်ဒါကို မြောက်လိုက်သောအခါ သူဆွံ့အသွားရသည်။ ဗီဒီယိုထဲတွင် ထိုနေရာသည် လူများဖြင့် ပြည့်ကျပ်နေခြင်းဖြစ်သည်။ ဖိနပ်တိုင်းတွင် လူတစ်ဦးစီ ဝင်ရောက်နေရာယူထားပေ၏။