← Chapters

အဖေ

Vol. 16 Ch. 233

အဖေ

Vol. 16 Ch. 233

ထိုသက်လတ်ပိုင်းအရွယ်အမျိုးသားသည် ပုလင်းခွံကို ဆောင်ကြီးထံ ပစ်ပေးလိုက်ရင်း

“ဆေးဝါးတွေအပြင် ညဘက်ရောက်ရင် ဒီလူနာဆောင်တွေက လုပ်ဆောင်ချက်တွေအမျိုးမျိုး ထောက်ပံ့ပေးလာလိမ့်မယ်၊ ဥပမာ-မင်းကို ရန်သူတွေ အလိုက်ခံနေရင် မျက်နှာနဲ့ ပုံပန်းသဏ္ဌာန်ကို ပြောင်းလဲဖို့ ခွဲစိတ်ကုသဆောင်ကို သွားလို့ရတယ်။ ထူးခြားတဲ့ကျိန်စာတွေကို ရှောင်ရှားဖို့အတွက်ဆိုရင် မင်းရဲ့ လိင်အမျိုးအစားကိုတောင် ပြောင်းလို့တယ်”

သူတို့မျက်နှာပေါ်ရှိ ထိတ်လန့်မှုကို မြင်သောအခါ သက်လတ်ပိုင်းအရွယ်အမျိုးသားက ခေါင်းခါလိုက်လိုက်သည်။

“ငါ့သမီးအတွက်ဆိုရင် ငါဘာမဆိုလုပ်မှာပဲ၊ မင်းတို့လည်း အဲဒီလို နားလည်ထားတာ ပိုကောင်းမယ်”

ဆောင်ကြီး၏အဖွဲ့ကို ဦးဆောင်ရင်း ထိုသက်လတ်ပိုင်းအရွယ်အမျိုးသားသည် အပေါ်ဆုံးထပ်သို့ လှေကားအတိုင်း တက်သွားသည်။ ထိုနေရာတွင် ပတ်ဝန်းကျင်က သိသိသာသာကို တိတ်ဆိတ်နေလေသည်။

“ဒီမှာ လူနာဆောင်တွေ အများကြီးရှိတယ်၊ တချို့က ထူးခြားတဲ့ လုပ်ဆောင်ချက်တွေ ရှိပြီး တချို့က အရမ်းအန္တရာယ်များတယ်၊ မင်းတို့အနေနဲ့ မျိုးရိုးဗီဇဆိုင်ရာ အကြံပေးဆောင် (Genetics Consultation Ward) နဲ့ သားဖွားမီးယပ်ဆောင် (OBGYN) ကို သတိထားပါ ၊မင်းတို့တွေ ချောင်ပိတ်ခံရရင် အဲဒီလူနာဆောင်နှစ်ခုမှာ ကံစမ်းကြည့်လို့ရတယ် ၊ ကံမကောင်းမှုတချို့ကနေ ကာကွယ်မှုတချို့ ရကောင်း ရနိုင်တယ်”

သက်လတ်ပိုင်းအရွယ်အမျိုးသားသည် အမှန်တကယ်ပင် ထိုအတိုင်းလုပ်ခဲ့ဖူးပုံရသည်။ သူက လုံခြုံရေးတံခါးပေါ်ရှိ သော့ကို ကျွမ်းကျင်စွာ ဖွင့်လိုက်သည်။

ပိုးသတ်ဆေးနံ့သည် လေထဲတွင် ပျံ့နှံ့နေ၏။ နံရံပေါ်ရှိ ကြွေပြားများသည် ဝါညစ်နေပြီး ကော်ရစ်ဒါပေါ်က မီးလုံများမှာ ကွဲကြေနေကြသည်။

“ဒီမှာ လူသိပ်မရှိပါလား”

“ညဘက်ဆို ဒီနေရာက လူပြည့်နေလိမ့်မယ် ၊ မနက်ဘက်ဆို ငါ ဒီမှာ လာပုန်းရတာ ကြိုက်တယ်”

သက်လတ်ပိုင်းအရွယ်အမျိုးသားက သူ့သမီးလေးကို ချီ၍ တစ်စုံတစ်ခုကို ရှာနေသည့်အလား ရှေ့ကနေ လျှောက်သွားလိုက်သည်။

ဆုမိုက ဆောင်ကြီးကိုအသာပုတ်လိုက်ပြီး တီးတိုးပြောလိုက်သည်။

“ဒါက ဒီကို ဘယ်သူမှ မလာချင်ကြဘူးဆိုတဲ့ သဘော မဟုတ်ဘူးလား၊ ဒီအထပ်က လုံခြုံမှုမရှိဘူးနော် ၊ တံခါးပေါ်က သော့က အသစ်ဖြစ်နေတာကို ငါ သတိထားမိတယ် ၊ဒါက အပြင်ကနေ ယူလာတာပဲ”

“လောလောဆယ်တော့ ဘာအန္တရာယ်မှ ငါ မခံစားရဘူး”

ဆောင်ကြီးမှာ ချီတုံချီချ ဖြစ်နေ၏။

“ဒါက မျိုးရိုးဗီဇဆိုင်ရာ အကြံပေးဆောင်ပဲ”

သက်လတ်ပိုင်းအရွယ်အမျိုးသားက ရုတ်တရက်ပြောလိုက်ပြီး တစ်ဝက်တစ်ပျက်ပွင့်နေသည့် တံခါးကို လက်ညှိုးထိုးပြလိုက်သည်။ ထိုအခန်းသည် တခြားအခန်းများကဲ့သို့ ဖြစ်ပြီး လူနာဆောင်ငယ်လေး နှစ်ခန်းစာလောက် ကျယ်ဝန်းသည်။

ဆောင်ကြီးက အနားကပ်သွားပြီး စူးစမ်းလိုစိတ်ဖြင့် ချောင်းကြည့်လိုက်သည်။ နံရံတွင် ကိုယ်ဝန်ဆောင်ပရိုမိုးရှင်း ပိုစတာများ ကပ်ထား၏။ စားပွဲပေါ်တွင်တော့ ဖိုင်တွဲ အများအပြားရှိပြီး ဖိုင်အများစုသည် လူနာများခံစားခဲ့ရသည့် ရောဂါများကို မှတ်တမ်းတင်ထားသည်။ ဓာတ်ပုံများသည် သူတို့အတွက် မသက်မသာ ခံစားရစေသည်။

“ကိုယ်ခန္ဓာပုံပျက်ယွင်းတာက အရေးမကြီးဘူး ၊ ပိုပြီး ပြဿနာရှိတာကတော့ ဦးနှောက်စွမ်းရည် ချို့ယွင်းချက်ပဲ”

ထိုသက်လတ်ပိုင်းအရွယ်အမျိုးသားသည် အကြံပေးဆောင်ထဲရှိ ဘာကိုမှ မထိဘဲ အတွင်းခန်းများဘက် လျှောက်သွားလိုက်သည်။ မျိုးရိုးဗီဇဆိုင်ရာ အကြံပေးဆောင်တွင် အကြံပေးခန်းနှင့် စစ်ဆေးခန်း နှစ်ခန်း စုစုပေါင်း သုံးခန်းရှိသည်။ ၎င်းတို့ကို အဖြူရောင်လိုက်ကာအထူများဖြင့် ခြားထားလေသည်။

“ ညဘက်ရောက်ရင် ဒီအခန်းတွေထဲက တစ်ခန်းမှာ ဆရာဝန်ကျပန်းပေါ်လာလိမ့်မယ် ၊ ကံကောင်းလို့ အဲ့တံခါးနဲ့ တိုက်ဆိုင်သွားရင် မင်းမေးခွန်းတချို့ကို သူကဖြေပေးပြီး ဘယ်လို အသက်ရှင်ရမလဲဆိုတာ ပြောပြလိမ့်မယ်”

ထိုအမျိုးသားသည် လိုက်ကာအပြင်တွင် ရပ်နေ၏။ သူသည် ဆရာဝန်ရှိမရှိကို အနံ့ခံကြည့်နေသယောင် လိုက်ကာကို အနံ့ခံကြည့်နေလေသည်။

“ကျုပ်တို့ ကံမကောင်းရင်ရော၊ ဆရာဝန်နဲ့ မတွေ့ရင်ရော ဘယ်လိုလုပ်မလဲ”

ဆောင်ကြီးနှင့် သူ့သူငယ်ချင်းများက အနားရောက်လာသည်။ဆုမိုကတော့ အနောက်ဘက်ဆုံးတွင် ခပ်ဝေးဝေးရပ်နေလိုက်သည်။

“အတွင်းခန်းနှစ်ခန်းရှိတယ် ၊ တစ်ခန်းက ဆရာဝန်အခန်း၊ နောက်တစ်ခန်းက လူနာအခန်းပဲ ၊မင်းရွေးချယ်မှု မှားသွားရင်တော့ ကမ္ဘာပေါ်မှာ အဆိုးဆုံး၊ အနိဋ္ဌာရုံအဖြစ်ဆုံး အရာကို မြင်တွေ့ရမယ့် အခွင့်အရေး ကြုံရလိမ့်မယ်၊ မင်းရဲ့ ဗီဇထဲကနေအဆင့် ခုခံချင်တဲ့အထိဖြစ်လာလိမ့်မယ်”

သက်လတ်ပိုင်းအရွယ်အမျိုးသားက အခန်းတစ်ခန်းကို ရွေးချယ်လိုက်သည်။ သူက ဘယ်ဘက်အခန်းရဲ့ လိုက်ကာကို ဆွဲဖယ်လိုက်ရင်း

“မင်းတို့ကို လိုက်ပြရမလား” ဟု မေးလိုက်သည်။

“ရတာပေါ့”

ဆောင်ကြီးသည် ဘာအန္တရာယ်မှ မခံစားရပေ။ သူနှင့် လီတင်းတို့သည် အခန်းထဲသို့ ခေါင်းပြူကြည့်လိုက်သည်။ သက်လတ်ပိုင်းအရွယ်အမျိုးသားက ကလေးမလေးကို ချလိုက်ပြီး ဘယ်ဘက်အခန်းထဲကို ဦးဆောင်ဝင်သွားသည်။

လိုက်ကာက ပြန်ကျသွားသည်။ သို့သော် အပြင်မှာ ကျန်ခဲ့သော ဆုမိုနှင့် အစ်ကိုရှုံးတို့သည် အကြောင်းတစ်ခုခုကြောင့် သူတို့၏ ခြေသံများကို မကြားရတော့ပေ။ ထိုလူသုံးဦးသည် တခြားကမ္ဘာထဲကို ဝင်ရောက်သွားသလို ဖြစ်နေသည်။

သူတို့ တစ်မိနစ်တိတိ စောင့်ဆိုင်းခဲ့ကြသည်။ အစ်ကိုရှုံးသည် တစ်ခုခု မှားနေသည် ခံစားရပြီး လိုက်ကာကို ဆွဲဖွင့်ရန် လျှောက်သွားလိုက်သည်။ထို့နောက် သူသည် တံခါးဝတွင်ပင် အေးခဲသွားလေသည်။

“အစ်ကိုရှုံး”

စူးမော့ စိုးရိမ်လာသည်။ သူက အစ်ကိုရှုံးကို ပြန်ဆွဲရန် ပြင်နေစဉ်တွင် တိတ်ဆိတ်နေသော ကလေးမလေးက ဆုမို၏ နောက်ကျောကို ရုတ်တရက် လှမ်းကြည့်၍ မျက်လုံးများ ပြူးကျယ်သွားသည်။

“ဘာဖြစ်လို့လဲ”

ကလေးမလေးသည် လေးနှစ်အရွယ်ဝန်းကျင်လောက် ရှိပုံရသည်။သူမသည် ပါးစပ်ကို ဖွင့်လိုက်ပြီး ဆုမို၏ နောက်ကို လက်ညှိုးထိုးကာ တီးတိုးပြောလိုက်သည်။

“သူက သမီးအဖေ မဟုတ်ဘူး”

“ဘယ်သူ့ကိုလဲ”

ဆုမိုမှာ ရင်ခုန်သံ မြန်လာတော့သည်။ သူသည် ကလေးမလေး၏ လက်ညှိုးညွှန်ရာအတိုင်း လှည့်ကြည့်လိုက်သည်။ စုတ်ပြတ်သတ်နေသောမျက်နှာတစ်ခုက လူနာဆောင်တံခါးတွင် မှီနေခြင်းဖြစ်သည်။ ထိုသူ၏ အသားအရေနှင့် မျက်နှာမှာ ပျက်စီးနေသည်။ မီးလောင်ထားသည့် အရေပြားများ ပေါ်နေပြီး သူ့ကိုယ်ပေါ်တွင် ပတ်တီးများ စီးထားသော်လည်း ၎င်းတို့အဓိပ္ပာယ်မရှိသည့်နှယ် ဖြစ်နေပေသည်။

“ဖာ့ခ်!”

ဆုမို အလွန်ထိတ်လန့်သွားသည်။ စုံစမ်းစစ်ဆေးရေးဌာန လေ့ကျင့်မှုတွေသာ မရှိခဲ့ပါက ယခုချိန်တွင် သူ မြေပေါ် ဖင်ထိုင်ကျသွားလောက်ပြီဖြစ်သည်။ ဆုမိုက တံခါးဆီ အမြန်ပြေးသွားသည်။ ထိုမကောင်းဆိုးဝါးက လက်ယမ်းပြနေသည်ကို သူမြင်လိုက်ရသည်။ သို့သော် သူ ဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။ သူက လူနာဆောင်တံခါးကို ပိတ်ပြီး ခန္ဓာကိုယ်ဖြင့် ပိတ်ဆို့ထားလိုက်သည်။

“အစ်ကိုရှုံး ၊ ဆောင်ကြီးတို့ကို သွားခေါ်လိုက်တော့ !”

အစ်ကိုရှုံးသည် မရွေ့နိုင်ဘဲ ဖြစ်နေလေသည်။ကလေးမလေးက မှန်ကွဲစတစ်စကို ကောက်ယူပြီး အစ်ကိုရှင်း၏ ခြေသလုံးကို ထိုးစိုက်လိုက်သည်။ ထိုအခါမှသာ သူ သတိဝင်လာတော့သည်။

တံခါးအပြင်ဘက်ရှိ မကောင်းဆိုးဝါးသည် ပါးစပ် မီးလောင်ကျွမ်းထားသဖြင့် အသံတိုးနေသည်။ သူသည် လူသားဖြစ်ကြောင်းနှင့် ကလေးမလေးရဲ့ အဖေအရင်းဖြစ်ကြောင်း ပြောနေဟန်ဖြင့် တစ်စုံတစ်ခုကို အော်ဟစ်ပြောဆိုနေသည်။

“ဘာဖြစ်နေတာလဲ”

သက်လတ်ပိုင်းအရွယ်အမျိုးသားသည် ဆောင်ကြီး ၊ လီဒင်းတို့နှင့်အတူ ဘယ်ဘက်အခန်းကနေ ပြန်ထွက်လာသည်။ သူတို့က စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်နေကြသည်။

“အပြင်မှာ တစ်ခုခုရှိတယ်! မီးလောင်ထားတဲ့ မကောင်းဆိုးဝါးတစ်ကောင်ပဲ!”

ဆုမို၏ အသံမှာ တုန်ယင်နေ၏။

ဆောင်ကြီးသည် အခန်းထဲရှိ သစ်သားထိုင်ခုံကို ဆွဲယူ၍ တံခါးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သို့သော် အပြင်မှာ ဘာမှမရှိချေ။

“မင်း သေချာလို့လား”

“ဒီကလေးမလေးလည်း မြင်တယ်! သူက အရင်ဆုံး မြင်တာပဲ!”

ဆုမိုသည် ကလေးမလေးကို တစ်ခုခု ပြောစေချင်သော်လည်း ကလေးမလေးက သူမရဲ့ ဖိနပ်ကိုသာ တိတ်ဆိတ်စွာ ကြည့်နေလေသည်။

“အဲ့ဒီမှာ တစ်ခုခုတော့ ရှိနေတယ်”

ဆုမိုက ကလေးမလေးသည် ထူးဆန်းစွာ ပြုမူနေသည်ကို ခံစားမိသည်။ ထိုသက်လတ်ပိုင်းအရွယ်အမျိုးသားသည် သူမ၏အဖေပင် မဟုတ်နိုင်ပေ။ သို့သော်လည်း အခြေအနေကို ငြိမ်သက်စေရန်အတွက် ဆုမိုက စကားလမ်းကြောင်းပြောင်းလိုက်သည်။

“မင်းတို့ အခန်းထဲမှာ ဘာတွေလုပ်နေတာလဲ။ အကြာကြီး ဝင်သွားပြီး ဘာမှလည်း ပြန်မပြောဘူး”

“အဲဒီအခန်းမှာ ဆရာဝန်ရဲ့ အကြံပြုချက်တွေနဲ့ ဆေးညွှန်းတွေ ရှိတယ် ၊ တစ်စုံတစ်ခုနဲ့ ပေးချေလိုက်ရင် မင်းက လူနာဆောင်အသီးသီးက ဆရာဝန်တွေနဲ့ အလဲအလှယ်လုပ်နိုင်တယ် ၊ ဥပမာ- လူသားတစ်ယောက်ကို အမဲလိုက်ဖို့အတွက် မင်းရဲ့ အသက်နဲ့ ပေးချေလို့ရတယ်”

ဆောင်ကြီးက တစ်ခုခုကို သတိရပြီး ထပ်ပြောလိုက်သည်။

“လူနာဆောင်အသီးသီးက ကုန်ကျစရိတ်တွေက မတူဘူး၊ ဥပမာ- ခွဲစိတ်ကုသဆောင်(ပလတ်စတစ်ဆာဂျရီ )နဲ့ မီးလောင်ဒဏ်ရာလူနာဆောင် နှစ်ခုစလုံးက မျက်နှာပြောင်းလဲခြင်း ဝန်ဆောင်မှု လုပ်ပေးတယ် ၊ ခွဲစိတ်ကုသဆောင်(ပလတ်စတစ်ဆာဂျရီ )မှာဆိုရင် ပေးရမယ့်တန်ဖိုးက လတ်လတ်ဆတ်ဆတ် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပေမဲ့ မီးလောင်ဒဏ်ရာလူနာဆောင်မှာတော့ မင်းက သရဲတွေရဲ့ ကျိန်စာကို ရှောင်ရှားဖို့ မီးလောင်မှုရဲ့ပြင်းထန်တဲ့ ဝေဒနာကို ကျော်လွှားပြီး ရှင်သန်နိုင်ဖို့ပဲ လိုတယ်”

“ဒီနေရာက လုံခြုံမှု မရှိတော့ဘူး၊ ငါတို့ တခြားနေရာ သွားသင့်ပြီ”

သက်လတ်ပိုင်းအရွယ်အမျိုးသားက ကလေးမလေးကို ပွေ့ချီပြီး ဆေးရုံအတွင်းပိုင်းထဲ ပိုတိုးဝင်သွားရန် ကြံရွယ်နေ၏။ဆုမိုက ဆောင်ကြီးကို တားလိုက်သည်။

“ငါတို့ ရူးကြောင်ကြောင်ကိစ္စတွေ ဘာမှမလုပ်သေးခင် ဆေးရုံရဲ့ တခြားထွက်ပေါက်တွေကို စစ်ဆေးထားသင့်တယ်နော်”

ဆုမိုက အသံကို တိုးလိုက်သည်။

“အဲ့ဒီလူနဲ့ ကလေးမလေး နှစ်ယောက်စလုံးက ပုံမှန် မဟုတ်ဘူး”

“ကောင်းပြီ”

သက်လတ်ပိုင်းအရွယ်အမျိုးသား ထွက်သွားပြီးနောက် အဖွဲ့သည် နောက်ပြန်လှည့်၍ လှေကားကနေ ပြေးဆင်းလိုက်ကြသည်။ ဆေးရုံအတွင်းရှိ အခြေအနေသည် အလွန် အန္တရာယ်များလွန်းသည်။ သူတို့သည် အမြန်ဆုံး အရှိန်ဖြင့် ဆေးရုံ၏ ဘေးတံခါးသို့ အလုအယက်ပြေးလွှားလိုက်ကြသည်။

ထိုတံခါးသည် မမြင်ရသော နံရံတစ်ခုက ပိတ်ဆို့ခံထားရလေသည်။ သူတိုသေည် ထွက်ပေါက်ကို မြင်နေရသော်လည်း ဖြတ်ကျော်လို့ မရနိုင်ပေ။

သူတို့ စိတ်ရှုပ်ထွေးနေစဉ် အမြန်စား စားသောက်ဆိုင် ဝန်ထမ်းယူနီဖောင်း ဝတ်ဆင်ထားပြီး ပုံသဏ္ဌာန်ပျက်နေသည့် အမျိုးသားတစ်ဦးသည် အပြင်ဘက်မှ ဆေးရုံထဲ ပြေးဝင်လာလေသည်။ ဆောင်ကြီးသည် သတိပေးချင်သော်လည်း နောက်ကျနေခဲ့ချေပြီ။

စားပွဲထိုး ပြေးထွက်သွားပြီးနောက် အဖြူရောင်ဝတ်စုံဖြင့် ရုံးဝန်ထမ်းအမျိုးသမီးတစ်ဦးသည် သူမ၏ လက်ကိုင်အိတ်ကို ကိုင်ဆောင်လျက် ဆေးရုံထဲကို ဖြည်းညှင်းစွာ လျှောက်ဝင်လာ၏။ သူမ၏ လွန်ကဲလှသော အလှအပနှင့် နူးညံ့သိမ်မွေ့သည့် အသွင်အပြင်တို့က ထိုလူငယ်လေးများရဲ့ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်လေသည်။

All Chapters