ဆေးရုံသို့ အလည်တစ်ခေါက်
Vol. 16 Ch. 231
"ငါကတော့ သရဲတွေ တကယ်ရှိတယ်လို့ မယုံဘူးကွာ"
အစ်ကိုရှုံးက ဆုမိုရဲ့ မျက်နှာအမူအရာကို သတိထားမိပြီး နှစ်သိမ့်ချင်နေသည်။
"အင်တာနက်ပေါ်က ဗီဒီယိုတွေကလည်း ပျောက်မသွားခင် နာရီအနည်းငယ်ပဲ ရှိခဲ့တာပဲ။ ဒါပေမဲ့ အဲ့ဒါက ငါ့ကို ပိုပြီး စပ်စုချင်စိတ်ဖြစ်စေတယ်”
“ဒီလို ကပ်ဆိုးကြီးရောက်လာတာက သိပ်တော့ မဆိုးပါဘူး”
ဆောင်ကြီး၏ ဦးနှောက်မှာ ဖျတ်လတ်သော်လည်း သူ့သဘောထားမှာ အနည်းငယ်အစွန်းရောက်သည်။
"ဟန်ဟိုင်းမှာ လူတွေ မရှားဘူး၊ ဒီနေရာမှာ အလုပ်တစ်ခုရှာရတာ ခက်ခဲတယ်လေ ၊ အမှောင်ထဲမှာ ပုပ်သိုးဆွေးမြေ့နေမယ့်အစား ဒီအခွင့်အရေးကို ဘာလို့ ယူမကြည့်ရမှာလဲ”
ဆောင်ကြီးက ရွှေလက်စွပ်ကို စားပွဲပေါ် တင်လိုက်သည်။ သူက မူမမှန်ဖြစ်ရပ်များမှ ရရှိခဲ့သော အကျိုးအမြတ်များကို ပြလိုက်သည်။
"ငါ ကမ္ဘာပျက်ကပ်ဝတ္ထုတွေ အများကြီး ဖတ်ဖူးတယ်၊ အထက်တန်းတုန်းကဆို ကမ္ဘာကြီးကို ကယ်တင်ဖို့ စိတ်ကူးယဉ်ခဲ့ဖူးတယ် ၊ ဆေးဝါး၊ လက်နက်နဲ့ အစားအသောက်တွေအပြင် ယုံကြည်စိတ်ချရတဲ့ အသင်းဖော်တွေ ရှိဖို့ကလည်း အရမ်းအရေးကြီးတယ်ကွ ၊ ဒါကြောင့် ငါ့ရဲ့ အစီအစဉ်ကို မင်းတို့နဲ့ မျှဝေတာပဲ”
ဆုမို ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဆောင်ကြီးက တစ်ခုခု လုပ်ဖို့ ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ သူ ဆုမိုဆီ လာခဲ့ခြင်း ဆုမိုက သူ့ အချစ်ဆုံး ညီအစ်ကို ဖြစ်နေလို့ပင်။
“မနေ့ညက ဟန်ဟိုင်းရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် ချန်ထားခဲ့တဲ့ နောက်ဆုံး ဗီဒီယိုကို မင်း မြင်ပြီးပြီပဲ ၊ စီတူအန်းက ငါတို့အားလုံးကို အမှန်တရားကိုပြဖို့ သူ့အသက်ကို စွန့်လွှတ်ခဲ့တယ်၊ ဒီအခွင့်အရေးကို ငါတို့ ဖမ်းဆုပ်ထားရမယ်”
လီတင်းသည် အတော်ပင် ရိုးသားနုံအသူ ဖြစ်သည်။ သူ့ကမ္ဘာတွင် ကမ္ဘာကြီးသည် အဖြူနဲ့ အမည်းသာ ဖြစ်သည်။
“ဌာနက ငါတို့ကို ကူညီမှာမဟုတ်ဘူး ၊ သူတို့ရဲ့ အမြောက်စာဖြစ်မယ့်အစား ငါခြောက်ခြားဂိမ်းဂိမ်းကစားသမား ဖြစ်ချင်တယ်”
ဆောင်ကြီးက အနည်းငယ်လေးစားအားကျဟန်ဖြင့် ပြောလိုက်သည်။
"မူမမှန်ဖြစ်ရပ်တွေထဲ ညဘက်မှာ ဝင်ပြီး ခြောက်ခြားဂိမ်းတွေကနေ အကျိုးအမြတ်တွေ ယူတယ်၊ စဉ်းစားရုံနဲ့ကို အရမ်းစိတ်လှုပ်ရှားစရာကောင်းတယ်!”
ဆောင်ကြီးက ခြောက်ခြားဂိမ်းကစားသမားများအကြောင်း ပြောလိုက်ရာ ဆုမို စိတ်သက်သာရာရသွားသည်။ ယမန်နေ့ညက သူ့အတွေ့အကြုံသည် ကြောက်စရာကောင်းသော်လည်း သူ့ခန္ဓာကိုယ်က တိုးတက်လာခဲ့ပြီး အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။သူ့စိတ်ထဲတွင် 'သားသတ်သမားများ၏ အိမ်' ထဲမှ မျက်နှာဖုံးစွပ် ကစားသမား၏ ပုံရိပ်က ပေါ်ပေါက်လာ၏။ ဆုမိုက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ဘယ်သူကမှ ထာဝရ မှောင်မိုက်မှုထဲတွင် ခံစားနေရခြင်းကို အလိုမရှိပေ။
“ငါ့အစီအစဉ်ကို ပြောပြမယ်၊ ပြီးမှ မင်းတို့ ဆုံးဖြတ်ပေါ့”
ဆောင်ကြီးသည် အင်တာနက်ပေါ်မှ ဒေါင်းလုဒ်လုပ်ထားသော လီစန်းဆေးရုံ၏ မြေပုံကို ချဲ့ပြလိုက်သည်။
“လီဆန်းဆေးရုံကို အရှေ့ဆောင်နဲ့ အနောက်ဆောင်ဆိုပြီး ခွဲထားတယ်။ခြောက်ခြားဇာတ်လမ်းတွေ အားလုံးက အနောက်ဆောင်တဝိုက်မှာ စုပြုံဖြစ်နေတာပဲ ။ လီတင်းရဲ့ အမေလိုအပ်တဲ့ ဆေးဝါးက အရှေ့ဆောင်ရဲ့ ပထမထပ်မှာ ရှိတယ်။ အခြေအနေအရ အစီအစဉ်ကို ပြောင်းလဲနိုင်ပေမဲ့ အဖိုးတန်ဆေးဝါးတွေကို ယူဖို့ကိုတော့ အဓိကထားရမယ်”
“မင်း ရူးသွားပြီလား ၊ ဒါက ခိုးတာနဲ့ ဘာကွာလို့လဲ”
ဆုမိုသည် အန္တရာယ်အလွန်များသည်ဟု ဆက်တွေးနေဆဲပင်။ သူက သူ့ အချစ်ဆုံးသူငယ်ချင်းများ သေဆုံးမည်ကို အလိုမရှိပေ။
“ဘေးကပ်ဆိုးကြီး ရောက်လာရင် မင်း ခိုးဖို့ အခွင့်အရေးတောင်ရမှာ မဟုတ်ဘူး! ဆေးဝါးတွေက အရမ်းအရေးကြီးတယ်ကွ!”
ဆောင်ကြီးက သူ့ကျောပိုးအိတ်ကို ထုတ်လိုက်သည်။
"ငါတို့ တစ်ယောက်ချင်းစီမှာ အိတ်တစ်လုံးစီ ရှိမယ်။ အိတ်ပြည့်တာနဲ့ ထွက်သွားမယ်။ လီတင်းရဲ့ အမေကို ဆေးတွေပို့ပေးပြီးရင် ပိုက်ဆံ နည်းနည်းရှာပြီး လုံခြုံတဲ့ အိမ်တစ်လုံး ငှားကြမယ်”
လီတင်းနဲ့ အစ်ကိုရှုံးက အစီအစဉ်ကို သဘောတူလိုက်ကြသည်။ သူတို့မိသားစုများ၏ အခြေအနေသည် ရှင်းပြထားတာထက် ပိုဆိုးပေသည်။ ဆောင်ကြီးပုံစံကို ကြည့်ခြင်းအားဖြင့် သူသည် အွန်လိုင်းကြွေးမြီများထက် ပိုပြီး အကြွေးတင်နေသည်မှာ ထင်ရှားသည်။
“မင်း ဘေးကင်းတယ်ဆိုတာ သိရလို့ ငါဝမ်းသာပါတယ်”
လီတင်းက ဘီယာကို ကောက်ယူပြီး ဆုမိုကို ကြည့်လိုက်သည်။
"မင်း ငါတို့နဲ့ မပါချင်ရင်လည်း ရပါတယ်ကွာ”
ထိုအချိန်တွင် ဆုမို၏ စိတ်ထဲ၌ ရှုပ်ထွေးနေခဲ့သည်။ သူသည် အစစ်အမှန်ခြောက်ခြားဂိမ်း ကစားသမားတစ်ယောက်ဖြစ်သည်။သို့သော်ယင်းကို သူ ထုတ်ပြော၍မရပေ။ သူတို့ ဘာမှ မပြောဘဲ အစားအသောက်များကို အပြီးသတ် စားလိုက်ကြသည်။ ဆုမိုက သူ့ပစ္စည်းများကို စတင်ထုပ်ပိုးလိုက်သည်။ သူ့သူငယ်ချင်းတွေကို သေတွင်းလွတ်လို့ မဖြစ်ပေ။ ညနေ ၂ နာရီတွင် သူတို့ လေးယောက်သား ကားတစ်စီးငှား၍ မြို့ဟောင်းသို့ ထွက်လာကြသည်။ လီတင်း၏အမေကို သွားရောက်ကြည့်ရှုမည်ဟူသော အကြောင်းပြချက်ကို သုံး၍ သူတို့ လီစန်းကို ရောက်လာခဲ့ကြသည်။
“မနက်ပိုင်းမှာ ဘာမှ မလုပ်ကြနဲ့ဦး ၊ ငါတို့ လီတင်းနဲ့အတူ ဆေးသွားယူတာကို တစ်ခေါက် လိုက်ကြည့်ကြမယ်။ ဆေးရုံရဲ့ အပြင်အဆင်ကို မှတ်မိအောင် ကြိုးစားထားကြ”
ဆောင်ကြီးသည် သူ့တွင်ရှိသော ပိုက်ဆံ အားလုံးကို လီတင်းဆီ လွှဲပေးလိုက်လေသည်။
“ကျေးဇူးတင်ပါတယ်ကွာ”
“ကျေးဇူးတင်စရာ မလိုပါဘူးကွာ ငါတို့က ညီအစ်ကိုတွေပဲမလား”
ဆောင်ကြီးက သစ်သီးဝလံများကို ချထားပြီးနောက် လီစန်းဆေးရုံဆီ ဦးတည်လိုက်ကြသည်။ မြို့သည် ကြီးမားလှပြီး နေရာတိုင်းတွင် လူစုလူဝေးများ အဆောက်အဦးများ ပြည့်နှက်နေလေသည်။ ကိုယ်ပိုင်လျှပ်စစ်ကြိုးလိုင်းများသည်လည်း များသောအားဖြင့်ရှိက်သည်။ များစွာသော အဆောက်အအုံများသည် တရားမဝင် ဆောက်လုပ်ထားခြင်းဖြစ်သည်။ဆောင်ကြီးနှင့် အစ်ကိုရှုံးတို့သည် ထိုကဲ့သို့ မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ပင်။ ဟန်ဟိုင်းတွင် ထိုမျှလောက် ဆင်းရဲမွဲတေမှုများ ရှိမည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
“လီတင်း၊ မင်း လမ်းသိတာလား မသိတာလား”
အစ်ကိုရှုံးက လီတင်းနောက်ကို အကြာကြီး လိုက်လာရသဖြင့် ချွေးဒီးဒီးကျနေပြီဖြစ်သည်။
“ဒီနေရာပဲ ဖြစ်မှာပါ! ဘယ်ရောက်သွားတာပါလိမ့်”
“မင်းက ဆေးရုံက ခြေထောက်ပေါက်ပြီး ထွက်ပြေးသွားတယ်လို့ ပြောချင်တာလား”
ဆုမိုသည် သူတို့ကို ထွက်သွားရန် ပြောချင်နေ၏။သို့သော် သူ့ဖုန်းက တုန်ခါသွားသည်။ မက်ဆေ့ချ်ကို မြင်သောအခါ သူ ရပ်တန့်လိုက်သည်။ သူသည် ‘ရေသေဖိုရမ်’ မှ အဖွဲ့လိုက်မြေပုံမစ်ရှင် အသစ်ကို လက်ခံရရှိခဲ့ခြင်းဖြစ်သည်။ ယခုည၏ အဖွဲ့လိုက် မြေပုံသည် လီစန်းဆေးရုံတွင် ဖြစ်ပေလိမ့်မည်။
“မင်း ဘာတွေကြည့်နေတာလဲ”
ဆောင်ကြီးက စိတ်ဝင်စားစွာဖြင့် သူ့ခေါင်းကို တိုးကြည့်လိုက်သည်။ ဆုမိုက သူ့ဖုန်းကို လျင်မြန်စွာ ဝှက်လိုက်၏။
“ညီကို... မင်း ငါတို့ကို မပြောဘဲ ချစ်သူရနေတာလား။ မင်း ဒီလောက် အားနည်းနေတာ အကြောင်းရင်း ရှိတယ်ဆိုတာ ငါသိပါတယ် ၊ ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံ အလုပ်မပေးနဲ့ဦးကွ ဟဟ “
“ငါက မင်းလို မဟုတ်ဘူး”
ဆုမိုသည် မစ်ရှင်အချက်အလက်ကို မဖတ်ရသေးခင် လီတင်းရဲ့ အော်ဟစ်သံကို သူ ကြားလိုက်ရ၏။
“ငါတို့ ရောက်ပြီဟေ့! ထူးဆန်းလိုက်တာ ၊ ဒီနေရာက အရင်တုန်းက အရမ်း စည်ကားခဲ့တာ ငါ မှတ်မိတယ်”
လီတင်းက သူ့ခေါင်းကို ကုတ်လိုက်သည်။
"ဆေးရုံပတ်ဝန်းကျင်မှာ စားသောက်ဆိုင်တွေနဲ့ ဆိုင်ခန်းတွေ အများကြီး ရှိပါတယ်။ ဒီနေ့ ဘာလို့ လူသူရှင်းလင်းနေရတာလဲ”
ဆေးရုံသည် ဒီနေ့ ပိတ်ထားပုံရသည်။ အနီးနားတွင် ဆိုင်များ ဖွင့်ထားသော်လည်း ဆိုင်ရှင်များပင်မရှိရာ ဖောက်သည်များမှာ သာ၍ပင်မရှိချေ။
“သူတို့ သတင်းကြားပြီး ထွက်ပြေးသွားကြပုံရတယ်။ ငါတို့ အမြန်သွားတာ ပိုကောင်းမယ်”
ဆောင်ကြီးက ပြောလိုက်တယ်။သူ ဆေးရုံထဲ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ဆူညံသံများ၊ ခြေသံများကို ကြားလိုက်ရသည်။ ဆေးရုံထဲတွင် လူနာများနေရာအနှံ့ ပြည့်နေ၏။ သူတို့ကို တစ်စုံတစ်ယောက်က လိုက်ဖမ်းနေသလိုပင်။
“ငါတို့က အကြောင်းရင်းမရှိဘဲ စိုးရိမ်ခဲ့ပုံပဲ”
အစ်ကိုရှုံးက သက်ပြင်းချပြီး စိတ်သက်သာရာရသွား၏။
"ဒါက ပုံမှန်ပဲ မဟုတ်ဘူးလား ၊ ဒါမှမဟုတ် ငါတို့က ရှေ့တံခါးက မဝင်ခဲ့လို့လား”
“မစ်ရှင်ကို အာရုံစိုက်ထားကြ”
ဆောင်ကြီးက ဗီဒီယိုရီကော်ဒါ အသေးစားလေးကို ဖွင့်လိုက်သည်။ နောက်မှ လေ့လာနိုင်ရန် အားလုံးကို သူမှတ်တမ်းတင်ထားခြင်းဖြစ်သည်။ လီတင်းသည် ဆေးစာရွက်ကို ကိုင်၍ ပထမထပ်ရှိ ဆေးဆိုင်သို့ ဦးတည်သွားလိုက်သည်။
“ဟဲလို။ ဆေးလာယူတာပါ”
သူက ပြတင်းပေါက်ကို အသာအယာခေါက်လိုက်သည်။ လီတင်းက ဆေးစာရွက်ကို ကောင်တာအသေးလေးကနေ တိုးပေးလိုက်သည်။သို့သော်လည်း ကောင်တာရှိ ဆရာဝန်မသည် စာအုပ်ထဲတွင် ရူးသွပ်စွာ ရေးနေရင်း သူ့ကို လျစ်လျူရှုထား၏။
“ဟဲလို။ ဆေးလာယူတာပါ”
လီတင်းက သူ့အသံကို မြှင့်လိုက်သည်။ သူက ဆရာဝန်မ နောက်ရှိ ဆေးဝါးတွေ အပြည့်ရှိနေသည့် စင်များကို ကြည့်လိုက်သည်။ ဆေးရုံကို လူတွေ ပိုရောက်လာနေသောကြောင့် ညမှ ပြန်လာရမလားဟု သူ တွေးလိုက်သည်။
ဆရာဝန်မသည် အိပ်မက်က နိုးလာသကဲ့သို့ ဖြည်းဖြည်းချင်း ခေါင်းထောင်ကြည့်လိုက်သည်။ သူမသည် လီတင်း၏ မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး သူ့ဆေးစာရွက်ကို ကြည့်လိုက်သည်။ ရုတ်တရက် သူမက မေးလိုက်၏။
"အခု မှောင်နေပြီလား”
“ဘာလား ၊ အခုမှ နေ့လယ်စွန်းရုံလေး ရှိသေးတာလေ”
လီတင်းက စိတ်ရှုပ်ထွေးသွားသည်။
“ဒါဆိုရင် မင်း စောင့်ရလိမ့်မယ်”
ဆရာဝန်မက ဆေးစာရွက်ကို ပြန်ပစ်ပေးလိုက်လေသည်။ လီတင်းသည် ဆရာဝန်မနှင့် စကားများရန် ကြံစည်နေချိန်တွင် ဆောင်ကြီး သူ့ကို နောက်ကနေ ဖမ်းဆွဲလိုက်သည်။ ဆောင်ကြီးက လီတင်းကို ဆွဲခေါ်သွားလိုက်သည်။ သူသည် ပုံမှန်နှင့် လုံးဝမတူတဲ့ ပုံပေါ်နေလေသည်။
“ငါတို့ အခု သွားမှဖြစ်မယ်”
ဆောင်ကြီးက လီတင်းအား အဝေးသို့ ဆွဲခေါ်သွားလိုက်သည်။ လီတင်း မျက်နှာပေါ်ရှိ စိတ်ရှုပ်ထွေးမှုကို မြင်သောအခါ သူက သူမှတ်တမ်းတင်ထားသည့် ဗီဒီယိုအား တိတ်တဆိတ် ထုတ်ပြလိုက်သည်။ ဗီဒီယိုထဲတွင် ဆေးရုံသည် ဗလာနတ္တိဖြစ်နေ၏။ ထိုနေရာတွင် တစ်ဦးတစ်ယောက်မှ မရှိချေ။