မစ်ရှင်အသစ်
Vol. 16 Ch. 229
စားပွဲထိုးယန်ယွဲ့သည် သူ့နှလုံးသားထဲက လျှို့ဝှက်ချက်အားလုံးကို ဖွင့်ထုတ်လိုက်သည်။ သူ ဘာတစ်ခုမှ မဖုံးကွယ်ထားခဲ့ပေ ။ သူသည် ကြွက်ထဲစိုက်ထားသော ဓားကို ဆွဲမွှေ့လိုက်သည်။မညီညာသော သူ့မျက်လုံးပြူးများက ပြူးကျယ်လျက် ရဲရဲနီနေ၏။သူသည် ခွေးရူးတစ်ကောင်ပမာ လောဘတကြီး အသက်ရှူနေရသည်။
“အခု စိတ်ထဲက ထွက်သွားတော့မှ ပိုသက်သာမသွားဘူးလား”
ရွှမ်ဝမ်သည် ယန်ယွဲ့၏ ပုံပန်းသဏ္ဌာန်ကို ဂရုမစိုက်ပေ။ သူမသည် သူ့အနားသို့ ပေါ့ပေါ့ပါးပါး လျှောက်သွား၏။ နတ်မိမယ်တစ်ပါးကဲ့သို့ အပြစ်အနာအဆာကင်းသောမိန်းမလှလေးသည် အနံ့ဆိုးများနှင့် ရွှံ့နွံများကြားထဲ လျှောက်လှမ်းနေ၏ ။ သူမသည် ယန်ယွဲ့နှင့် နှစ်လှမ်းအကွာတွင် ခေတ္တရပ်ကာ သန့်ရှင်းသော လက်ကိုင်ပုဝါတစ်ထည်ကို လှမ်းပေးလိုက်သည် ။
“လက်ပေါ်က သွေးတွေကို သုတ်လိုက်ပါ”
“ခင်-ခင်ဗျား ကျုပ်ကို မကြောက်ဘူးလား”
ယန်ယွဲ့သည် သွေးစွန်းနေသောဓားကို ကိုင်ထားရင်း မထိန်းနိုင်အောင် ဖြစ်နေလေသည်။
“နင့်ကို ဘာလို့ကြောက်ရမှာလဲ။ နင်ပြောတာ မှန်တယ်လို့ ငါထင်တယ်။ ဒီရူးသွပ်နေတဲ့ကမ္ဘာမှာ နင်ဟာ အပုံမှန်ဆုံးလူပဲ” ရွှမ်ဝမ်က ပြုံးလိုက်သည်။
“ဘုရားသခင်က နင့်ကို တကယ်ချစ်လို့ ငါ့နဲ့ တွေ့ဆုံစေတာဖြစ်ရမယ်”
ယန်ယွဲ့သည် သူကြားလိုက်ရသည်ကို မယုံနိုင်ခဲ့ပေ ။ သူ့ရှေ့မှ ပြီးပြည့်စုံသည့် အမျိုးသမီးက သူ့စကားကို သဘောတူနေ၏။ သူမ၏ မျက်လုံးများတွင် စက်ဆုပ်ရွံရှာမှု အရိပ်အယောင်မျှ မရှိပေ။ သူမသည် အခြားသူများနှင့် ကွဲပြားသည် ။
“အခု နင်က ဓားတစ်ချောင်းကို ကိုင်ထားတယ်ဆိုတော့ နင်ဘယ်သူ့ကို အသေသတ်ချင်ဆုံးလဲ” ရွှမ်ဝမ်က စိတ်ဝင်တစား မေးလိုက်သည်။
ယန်ယွဲ့သည် ရွှမ်ဝမ်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့လက်များ တုန်ရီသွားသည်။
“နင့်ကို အကာအကွယ်ပေးပြီး အလုပ်ပေးထားတဲ့ နင့်ဦးလေးလား။ ဆေးရုံထဲမှာ ရူးသွပ်နေတဲ့ နင့်အမေလား။ ဒါမှမဟုတ် နင့်ကို ဖျက်ဆီးပြီး စော်ကားတဲ့ ဆရာဝန်လား”
ရွှမ်ဝမ်က နောက်တစ်လှမ်း တိုးလိုက်သည်။
“ဒါမှမဟုတ် ငါလား”
ယန်ယွဲ့၏ ပုံပျက်နေသောမျက်နှာသည် ပို၍ပင် ရုပ်ဆိုးလာကာ သွားများကြိတ်၍ နောက်သို့ နှစ်လှမ်းသုံးလှမ်း ဆုတ်သွားသည်။
“ငါ ဘယ်သူ့ကိုမှ မသတ်ချင်ဘူး”
“ငါ နားလည်သွားပြီ။ နင် သတ်ချင်တဲ့သူက ဘုရားသခင်ပဲ”
ရွှမ်ဝမ်သည် သူ့အနားသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လိုက်သည်။
“ဘာလို့လဲဆိုတော့ ဘုရားသခင်ရဲ့ အချစ်က နင့်ကို ဒီလိုပုံဖြစ်သွားစေတာ။ နင်မွေးဖွားလာချိန်မှာ နင့်ဆီက အရာများစွာကို ယူသွားခဲ့တယ်။ နင် စွန့်လွှတ်လို့မရတဲ့ ဒီခန္ဓာကိုယ်ကို နင်မုန်းတယ်”
ရွှမ်ဝမ်သည် သူတို့နှစ်ယောက်ကြားထဲတွင် မျက်နှာဖုံးတစ်ခုကို ချလိုက်သည်။ သူမ၏မျက်နှာတွင် ရူးသွပ်မှုများ ရှိနေ၏။
“ဒီမျက်နှာဖုံးက ငါရွေးချယ်ထားတဲ့ ကစားသမားတွေအတွက်ပဲ ရနိုင်တယ်။ ဆေးရုံအကြောင်း အကုန်ပြောပြရင် နင့်ကံကြမ္မာကို ငါပြောင်းလဲပေးနိုင်တယ်” ။
ယန်ယွဲ့တွင် မိမိကိုယ်ကို ယုံကြည်မှု အလွန်နည်းပါးသည်။ သူ့ဘဝသည် နာကျင်မှုများဖြင့် ပြည့်နှက်နေ၏။ သူသည် မျက်နှာဖုံးကို ကောက်ယူကာ လက်နှစ်ဖက်ဖြင့် ထွေးပိုက်ထားလိုက်သည်။
“လီစန်းဆေးရုံဟာ မြို့ဟောင်းမှာ တစ်ချိန်က အကြီးဆုံးဆေးရုံကြီး ဖြစ်ခဲ့တယ် ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က ဓာတ်ခွဲခန်းအများစုကို အရှေ့ပိုင်းမြို့တော်ကိုကို ပြောင်းရွှေ့သွားခဲ့တယ် ။ အနည်းငယ်ပဲ ကျန်ခဲ့တယ်။ အဲဒီအချိန်ကစပြီး လီစန်းဆေးရုံအကြောင်း ကောလဟာလတွေ ထွက်ပေါ်လာတာပဲ။ အကျော်ကြားဆုံးကတော့ ရေခဲတိုက်က အလောင်းတွေ ပျောက်ဆုံးသွားတဲ့ ကောလဟာလပဲ ။ မိသားစုတချို့က ရဲကို တိုင်ကြားခဲ့ပေမယ့် မကြာခင်မှာပဲ မေ့သွားခဲ့ကြတယ်”
“အလောင်းတွေကို ယူသွားတာ နင့်အမေလား”
“မဟုတ်ပါဘူး။ ငါ့အမေက တံခါးကိုပဲ စောင့်ကြည့်တာ။ သူက အရမ်းအားနည်းတယ်”
ယန်ယွဲ့၏အသံသည် အပြစ်ရှိသလို နူးညံ့သွားသည်။
“နင်က မူမမှန်ဖြစ်ရပ်တွေနဲ့ ဘယ်အချိန်က တရားဝင် စတင် ထိတွေ့ခဲ့တာလဲ”
“ဆာလောင်တစ္ဆေ ပွဲတော်ညကပါ။ ငါ အမေ့အတွက် အစားအသောက်ပို့ဖို့ သွားခဲ့တယ်။ အနောက်ဘက်တံခါးကနေ ဆေးရုံထဲ ဝင်သွားတော့ လူနာတချို့က စင်္ကြံထဲမှာ တစ်ယောက်ယောက်ကို စောင့်နေတာ မြင်ခဲ့တယ် ။ အစတုန်းကတော့ ငါ ဂရုမစိုက်ခဲ့ဘူး။ ရေခဲတိုက်မှာ အမေ့ကို တွေ့ပြီးတဲ့နောက် အဲဒီလူနာတွေဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက သေနေပြီဆိုတာ သိလိုက်ရတယ်” ယန်ယွဲ့သည် ထိုအကြောင်းများ ပြောပြနေချိန်တွင် သူ့စိတ်ခံစားချက်များက တက်လိုက်ကျလိုက်ဖြင့် ပြောင်းလဲနေ၏။
“အမေ့ကို ပြောပြတော့ သူက အစကတည်းက သိနေပုံရတယ်။ သူ လုံးဝ အံ့သြမသွားဘူး။ သူက အလောင်းတွေ ခိုးဖို့ ငါ့ကိုပါ ခေါ်သေးတယ်။ အလောင်းတွေက မကြာခင်မှာ ရွှေထက် ပိုတန်ဖိုးရှိလာမယ်လို့ သူပြောခဲ့တယ်”
“ရွှေထက် တန်ဖိုးရှိတဲ့ အလောင်းတွေ! နင့်အမေက စိတ်ပုံမှန်ရှိရဲ့လား”
“ကျွန်တော် မသိဘူး အဲဒီည ၃ နာရီမှာ သူ ကျွန်တော့်ကို အံဆွဲထဲ ဝင်ပုန်းခိုင်းခဲ့တယ်။ မနက်ရောက်မှ ကျွန်တော့်ကို ထွက်ခွင့်ပေးတယ်။ အဲဒီအခါကျမှ ကျွန်တော်နဲ့အတူ အံဆွဲထဲမှာ အလောင်းတစ်လောင်း ရှိနေတာကို တွေ့လိုက်ရတယ်”
ယန်ယွဲ့သည် ကြောက်စရာကောင်းပုံ ပေါက်နေသော်လည်း စိတ်ပိုင်းဆိုင်ရာအရ ပုံမှန်လူတစ်ယောက်နှင့် သိပ်မကွာလှပေ။
“နင် ငါ့ကို နင့်အမေနဲ့ သွားတွေ့ဖို့ ခေါ်သွားပေးနိုင်မလား”
ရွှမ်ဝမ်က လီစန်းဆေးရုံအကြောင်း ပိုသိချင်နေသည်။
“အဲဒါကြောင့် ကျွန်တော် ခင်ဗျားကို ဆက်သွယ်ခဲ့တာပဲ။ ကျွန်တော် အမေနဲ့ အဆက်အသွယ်ပြတ်သွားပြီ။ သူ ဆေးရုံထဲမှာ ရှိနေသေးတယ်ဆိုတာပဲ ကျွန်တော်သိတော့တယ်။ ကျွန်တော် ခင်ဗျားကို လီစန်းဆေးရုံထဲကို ခြောက်ခြားဂိမ်းကစားသမားတွေ များများပို့ဖို့ မစ်ရှင်တစ်ခု ထုတ်ပြန်စေချင်တယ်”
ယန်ယွဲ့သည် လိမ်ညာမှုပေါ်သွားမည်ကို ကြောက်ရွံ့ပုံရသဖြင့် ခေါင်းကို ငုံ့ထားခဲ့သည်။
………………………………………………………….
အရှေ့မြို့ စုံစမ်းစစ်ဆေးရေးစင်တာထဲတွင် ကျင်းထောင်ရှန်းသည် နံရံပေါ်ရှိ ရေးခြစ်ထားသောပုံများနှင့် အသက်ဝင်နေသည့် ပုံတူပန်းချီများကို ကြည့်လိုက်သည်။ ၎င်းတို့က ဓားများကဲ့သို့ သူ့နှလုံးသားထဲသို့ ထိုးစိုက်နေခြင်းဖြစ်သည်။
စီတုအန်း၏ နောက်ဆုံးဗီဒီယိုနှင့် ခြောက်ခြားဂိမ်းကစားသမားများ ရုတ်တရက် ပေါ်လာခြင်းက သူ့ကို စိတ်ရှုပ်ထွေးစေသည်။ ဌာန၏ ဂုဏ်သတင်းသည် လှုပ်ခါနေပြီဖြစ်ပြီး ယင်းက သူ့ကိုအကြီးအကျယ် ခေါင်းကိုက်စေလေသည်။
“အခုက တွေဝေနေရမယ့် အချိန်မဟုတ်ဘူး။ ဒါကြီးထွားဖို့ အခွင့်အရေးမရခင် ငါ ရပ်တန့်ရမယ်”
ကျင်းထောင်ရှန်းသည် သူ့လက်ကောက်ဝတ်ပေါ်ရှိ ကိရိယာကို ပွတ်သပ်လိုက်သည်။ သူသည် မနေ့ညကတည်းက အကြောင်းပြန်ကြားချက်ကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။
“ကျုပ်တို့ ခြောက်ခြားဂိမ်းကစားသမားတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားလို့ ရမယ်လို့ ထင်တယ်။ ပန်းတိုင်ချင်း တူရင် ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အရေးရှိတယ်”
ချန်ယွမ်ထျန်းသည် တစ်ညလုံး အိပ်မပျော်ခဲ့ပေ။ သူ့အိုမင်းနေသော ခန္ဓာကိုယ်သည် ကြာရှည်စွာ မခံနိုင်တော့ချေ။
“အရူးပဲ၊ ခင်ဗျားဦးနှောက်ကို သုံးစမ်း ၊ ကျုပ်တို့က မြို့တစ်မြို့လုံးရဲ့ အရင်းအမြစ်တွေကို ထိန်းချုပ်ပြီး တခြားမြို့တွေက သုတေသီတွေနဲ့ ပူးပေါင်းပြီး သရဲတွေရဲ့ စွမ်းအားကို ဆန်းစစ်ခဲ့ရတာ ၊ ဒီကစားသမားတွေမှာ ဘာမှမရှိဘူး ၊ သူတို့က သရဲတွေကို တိုက်ခိုက်ဖို့ စွမ်းအားကို ဘယ်လိုရခဲ့တာလဲ”
ကျင်းထောင်ရှန်းသည် ချန်ယွမ်ထျန်းကို လှည့်ပင်မကြည့်ပေ။
“ဒီကစားသမားတွေဟာ အရိပ်ကမ္ဘာကနေ ပေးလာတဲ့ ငါးစာတွေပဲ။ သူတို့အများစုဟာ ပူးကပ်ခံထားရပြီးပြီ။ သူတို့ပဲ အရာရာကို လမ်းညွှန်နေတာ”
“သူတို့ ခြောက်ခြားဂိမ်းကစားသမားတချို့ကို ဖမ်းမိထားတာပဲ။ သူတို့ ပူးကပ်ခံထားရတာ မဟုတ်ဘူး”
“အဲဒါဆို ကျုပ်တို့ရဲ့ ရှာဖွေရေးနည်းလမ်းတွေကို မြှင့်တင်ဖို့ လိုတယ်”
ကျင်းထောင်ရှန်းက ချန်ယွမ်ထျန်းကို ဖြတ်ပြောလိုက်သည်။ သူ့လက်ကောက်ဝတ်ရှိ ဆက်သွယ်ရေးကိရိယာ တုန်ခါသွားသည်။
ကျင်းထောင်ရှန်းသည် သုတေသီများနှင့် သက်ဆိုင်သော အဖြူရောင်ဆက်သွယ်ရေးကိရိယာကို စစ်ဆေးလိုက်သည်။ အမည်မသိ ပေးပို့သူထံမှ မက်ဆေ့ချ်တစ်ခုကို သူမြင်လိုက်ရသည်။ “ခြောက်ခြားဂိမ်းကစားသမားတွေ ဒီည လီစန်းဆေးရုံကို ပစ်မှတ်ထားကြလိမ့်မယ်။ ဒါပေမယ့် ဘာလို့ အဲဒီနေရာကိုလဲ”
ကျင်းထောင်ရှန်းသည် တစ်ခုခုကို ပြန်မှတ်မိသွားပုံရသည်။ သူသည် စီတုအန်း၏ ဖိုင်အချို့ကို ဝင်ရောက်ကြည့်ရှုရန် သူ့စွမ်းအားကို အသုံးပြုလိုက်သည်။
“အနှစ်နှစ်ဆယ်က စီတုအန်း ဟန်ဟိုင်းမှာ အခြေမချခင်က အဲဒီဆေးရုံမှာ ညပိုင်း အလုပ်လုပ်ခဲ့တယ်…”
ဖိုင်များကို ဖတ်နေစဉ် ကျင်းထောင်ရှန်း၏ မျက်လုံးများ ကျဥ်းသွားသည်။ “သူ့ဘဝဟာ အဲဒီအချိန်ကစပြီး ပြောင်းလဲစပြုလာခဲ့တာ”
ကျင်းထောင်ရှန်းသည် ဖိုင်များကို ဖျက်ပစ်လိုက်ပြီး သူ၏ အဖြူရောင်ဆက်သွယ်ရေးစက်မှတစ်ဆင့် အမိန့်များ ပေးပို့လိုက်သည်။ မကြာမီတွင် ရွှံ့များပေလူးနေသော ကားအနက်ရောင်အချို့သည် အရှေ့ပိုင်းမြို့တော် စုံစမ်းစစ်ဆေးရေးဌာန၏ ဝင်ပေါက်တွင် ရပ်တန့်သွားသည်။
နံပါတ်ပြားများအရ ကားများအားလုံးသည် ရှင်းလုမှ ရောက်လာခြင်းဖြစ်သည်။ ဟန်ဟိုင်းဌာနချုပ်မှ ရှင်းလုရှိ တားမြစ်စမ်းသပ်မှုထဲသို့ စေလွှတ်ခဲ့သော စုံစမ်းစစ်ဆေးရေးမှူးများနှင့် လုံခြုံရေးအဖွဲ့ဝင်များသည် ပြန်လည်ရောက်ရှိလာကြပြီ ဖြစ်သည်။