ကျန်းဟန်ရွှေ
Vol. 1 Ch. 15
"သခင်လေး ... ဘယ်မှာလဲ"
စိတ်ပူနေသော အော်သံတစ်ခုက ကျန်းရီကို လေ့ကျင့်နေရာမှ သတိဝင် သွားစေသည်။ သူခေါင်းကိုမော့ပြီး ကြည့်လိုက်တော့ ပတ်ဝန်းကျင်သည် မည်းမှောင်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူသည် အချိန်ကို မေ့လျော့၍ လေ့ကျင့်ခြင်းတွင်သာ လုံးဝ အာရုံစိုက်ထား မိသောကြောင့် ကိုယ့်ကိုယ်ကိုယ် တိတ်တဆိတ် အပြစ်တင်ရင်း ကိုယ့်ခေါင်းကို ပြန်ရိုက်လိုက်သည်။ သူသည် အဂ္ဂိရတ်ဌာန၏ တံခါးပေါက်များကို အလျင်အမြန် ပိတ်လိုက်ပြီး အော်သံ ထွက်ပေါ်လာရာ နေရာသို့ အလျင်အမြန် လျှောက်သွား ခဲ့လိုက်သည်။
"ရှောင်နူ ... ငါဒီမှာ"
ည၏ အမှောက်ထဲတွင် ကျန်းရီသည် သူ့ရှေ့ရှိ အော်ဟစ်ရင်း သူ့ကိုရှာနေသော ပိန်ပါး ဖျော့တော့သော ပုံရိပ်လေးကို မြင်လိုက်ရသည်။ သူ၏ နှလုံးသားသည် အပြစ်ရှိမှုနှင့် နာကျင်မှုတို့နှင့် ချက်ချင်း ပြည့်နှက်သွားခဲ့သည်။ အတွင်းအား အချို့ကို သူ့ခြေထောက်ဆီ ပို့ဆောင်လိုက်ရင်း ရှောင်နူဆီသို့ ပြေးသွား ခဲ့လိုက်သည်။ အဖြူရောင် အစေခံ ဝတ်ရုံကြီးသည် ရှောင်နူ၏ ပုံရိပ်ကို ပိုမို ဖျော့တော့ပုံ ပေါ်စေသည်။ ကျန်းရီအသံကို ကြားလိုက်ပြီး သူမဆီ ပြေးလာနေသော အရိပ်ကို မြင်လိုက်သည်နှင့် သူမသည် ချက်ချင်းပြုံးလိုက်ကာ ပြောလာခဲ့သည် ...
"သခင်လေး ... ငါနောက်ဆုံးတော့ နင့်ကိုတွေ့ပြီ ... ငါစိတ်ပူနေခဲ့တာ ..."
"ဒီမှာ ဘာများစိုးရိမ်စရာ ရှိလို့လဲ ... ငတုံးမလေး မင်းသခင်လေးက အတွင်းအား လေ့ကျင့်ရင်း အလုပ်ရှုပ်လွန်းလို့ အချိန်ကိုတောက် မေ့နေတာ"
ကျန်းရီသည် အပြေးသွားလိုက်ပြီး ကျန်းရှောင်နူ၏ လက်ကို ဆွဲလိုက်သည်။ သူ့မျက်နှာသည် အပြစ်ရှိမှုများ၊ နောင်တများနှင့် ပြည့်နေခဲ့သည်။ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး သူအားပါးတရ ပြုံးလျက် ပြောလာခဲ့သည် ...
"ရှောင်နူ ... အိမ်ပြန်ကြစို့ ... ငါနင့်ကို ကောင်းတဲ့အရာ တစ်ခုခု ပြစရာရှိတယ် ... ပြီးတော့ ငါ့မှာ နင့်ကို အရမ်းကောင်းတဲ့ သတင်းလေး တစ်ခုပြောစရာ ရှိတယ်"
"ကောင်းတာပေါ့"
ကျန်းရှောင်နူသည် ကျန်းရီ၏ စကားများကို ဘယ်သောအခါမှ မေးခွန်းထုတ်ခြင်း မရှိခဲ့ချေ။ သူမသည် ရိုးသားစွာ ပြုံးလိုက်ပြီး သူတို့အိမ်ခြံဝင်းလေးဆီ ခပ်မြန်မြန် ခြေလှမ်းများနှင့် သွားနေသော ကျန်းရီနောက်ကို လိုက်သွားခဲ့သည်။
***
"သခင်လေး ... ဒါက တကယ်ပဲ ခရမ်းရောင် ရွှေလား… ကျွန်မအိပ်မက် မက်မနေပါဘူးနော် ... ဟုတ်တယ်မလား ... ပြီးတော့ ... သခင်လေး ... နင့်ရဲ့ချိတ်ပိတ်ထားတဲ့ သင်္ကေတကို တကယ်ပဲ ချိုးဖျက် နိုင်မှာလား"
အနောက်ဘက် ခြံဝင်း၏ စုတ်ပြတ်နေသော ခြံဝန်းငယ်လေးထဲတွင် ကျန်းရီသည် ထမင်းလုတ်ကြီးကို မျိုချခဲ့လိုက်သည်။ ကျန်းရှောင်နူသည် အရူးတစ်ယောက်လိုမျိုး ပြုံးရင်းနှင့် သူ့ဘေးတွင် ငုတ်တုတ်လေး ထိုင်နေခဲ့သည်။ သူမသည် တောက်ပ ပြောင်လက်နေသော ခရမ်းရွှေ အပိုင်းအစလေးကို ကိုင်ထားရင်း အိပ်မက် မက်နေသလိုမျိုး ခံစားနေခဲ့ရသည်။
ကျန်းရီသည် နောက်ဆုံး ထမင်းလုတ်ကို ကျေနပ်မှု အပြည့်နှင့် မြိုချခဲ့လိုက်သည်။ သူသည် ကျန်းရှောင်နူ၏ နှာခေါင်းလေးကို ဆွဲညှစ်ရန် နောက်လှည့်လာခဲ့ပြီး အပြုံးတစ်ခုနှင့် ဆိုလာခဲ့သည် ...
"ငတုံးမလေး ... နောင်ဆိုရင် ငါတို့ ခရမ်းရွှေတွေ အများကြီး ရလာတော့မှာ ... မင်းသခင်လေးရဲ့ အစွမ်းတွေ ပိုပြီး အားကောင်းလာရင် ဘယ်သူမှ ငါတို့ကို ထပ်ပြီး အနိုင်ကျင့်ရဲမှာ မဟုတ်တော့ဘူး ..."
"ရေး ... သခင်လေးက အတော်ဆုံးပဲ ... သခင်လေး ... နင်လုပ်နိုင်တယ်"
ကျန်းရှောင်နူသည် သတိဝင်လာခဲ့သည်။ သူမ မျက်နှာလေးသည် ချိုသာစွာ ပြုံးနေခဲ့ပြီး ချစ်စဖွယ်လေး ဖြစ်နေခဲ့သည်။
သူမသည် ခရမ်းရောင်ရွှေကို ကျန်းရီဆီ ချက်ချင်း ပြန်ပေးလိုက်ပြီး ပြောလာခဲ့သည် ...
"သခင်လေး ... ခရမ်းရောင်ရွှေကို နင်သိမ်းထားသင့်တယ်လို့ ထင်တယ် ... ငါအဲဒါကို ယူထားရမယ်ဆိုရင် အိပ်လို့ပျော်မှာ မဟုတ်တော့ဘူး … အိုး … ဟုတ်သားပဲ ... သခင်လေး ... နင်ဟိုသင်္ကေတကို ဘယ်လို ဖျက်ခဲ့တာလဲ"
"ဒီအကြောင်းကို စိုးရိမ်မနေပါနဲ့ ... ပြီးတော့ ဒီအကြောင်းတွေကို တခြား ဘယ်သူ့ကိုမှ မပြောနဲ့ ... အချိန်ကောင်းတွေကိုသာ စောင့်နေလိုက်ပါ …"
ကျန်းရီသည် နောက်ထပ် ရှင်းပြမနေတော့ဘဲ ခရမ်းရောင်ရွှေကို သိမ်းထားခဲ့လိုက်သည်။ ကျန်းရှောင်နူသည် အတွင်းအား ကျင့်နည်းကို တကယ်တမ်းတွင် မသိပေ။ သူရှင်းပြ ခဲ့လျင်လည်း သူမနားလည်မည် မဟုတ်။ သူသည် အရူးတစ်ယောက်လိုပြုံးရင်း ကျန်းရှောင်နူ၏ ခေါင်းလေးကို ပုတ်ပေးလိုက်ပြီး မတ်တတ်ရပ်ကာ သူ့အခန်းဆီ ပြန်လာခဲ့လိုက်သည်။ ထို့နောက်တွင်တော့ ချက်ချင်း တင်ပျဉ်ချိတ်ကာ တရားထိုင်နေခဲ့သည်။ သူသည် ရသမျှ အချိန်တိုင်းကို အတွင်းအား ကျင့်ခြင်းဖြင့်သာ ကုန်ဆုံးလိုစိတ်များ ဖြစ်နေခဲ့သည်။ တစ်နေ့တွင် သူချိတ်ပိတ် သင်္ကေတကို ချိုးဖျက်နိုင်မည်ဟု ရင်ထဲတွင် လှိုက်လှိုက်လှဲလှဲ ယုံကြည်နေခဲ့သည်။ အကြီးအကဲချုပ် ခန့်မှန်းထားသလိုမျိုး သူ့ကျင့်ကြံနှုန်းသည် ကြီးမြတ်လှသော သခင်လေး ကျန်းဟန်ရွှေထက် တကယ်မြန်လာမည်လား ဆိုသည်ကို သိချင်နေခဲ့သည်။
"ဟမ့် ... သုံးလ … ငါ့ကို သုံးလပဲ အချိန်ပေးစမ်းပါ … ကျန်းဂိုဏ်းတစ်ခုလုံး ငါ့ကို သတိပြုမိလာအောင် လုပ်ပြမယ် … ဒီလိုအချိန်မှာ အဘိုးက ငါ့ကို မမြင်နိုင်တာ ဆိုးတာပဲ ..."
ကျန်းရီသည် သက်ပြင်းရှည်ကြီး တစ်ချက်ချခဲ့သည်။ ဘာကိုမှ ထပ်မတွေး ချင်တော့ပဲ အမည်မဲ့ ကျင့်စဉ်ကို လေ့ကျင့်ရာတွင်သာ သူအာရုံစိုက်ထား ခဲ့လိုက်သည်။
ညလယ်ခန့်တွင် အနက်ရောင် အတွင်းအား ဆယ်မျှင်ကို ရလာသည်နှင့် သူ့ဒန်တျန်း အပြင်ဘက်သို့ ချက်ချင်း ပို့ဆောင်လိုက်ပြီး နဂါးပုံသင်္ကေတ၏ အက္ခရာ ဆယ်လုံးကို အသာမယာ ဖယ်ရှားလိုက်သည်။ သူ့ကို စိတ်ကျေနပ် စေသော အရာသည်ကား အက္ခရာများ ပျောက်ကွယ်သွားသည်နှင့် သူကျန်းရေအသွင် ပညာကို သုံး၍ အတွင်းအား ထုတ်ယူနှုန်းသည် ထပ်မံတိုးတက် လာခဲ့သည်။ မူလ ကျင့်ကြံနှုန်းထက် သုံးဆခန့်ပင် မြန်ဆန်လာခဲ့သည်။
သူတစ်ညလုံး မအိပ်ခဲ့ပေ။ ရောင်နီလာသည်နှင့် သူသည် အဂ္ဂိရတ်ဌာနသို့ အပြေးမသွားခင် ပြောင်းဖူးမုန့် နှစ်ခုကို အလျင်အမြန် စားခဲ့သည်။ သူသည်" ဆေးဖက်ဝင် အပင်မှတ်တမ်းများ " ကို ပြီးခဲ့သည့်နေ့က ဖတ်ရန်မေ့လျော့ နေခဲ့သည်။ အကြီးအကဲလျှိုသည် ဆေးဖော်စပ်ဖို့ ဆေးပင်များ လိုအပ်လာလျင်သူ ဆေးပင်များ ယူသောနှုန်းသည် အလွန်နှေးကွေး နေသေးပါက သူဆူပူကြိမ်းမောင်း ခံရတော့မည်။
တစ်ညလုံး အိပ်မထားသော်လည်း ကျန်းရီသည် အင်အားအပြည့် နေခဲ့သည်။
" ဆေးဖက်ဝင် အပင်များ မှတ်တမ်း "
စာအုပ်ရှိ အချက်အလက်များ အားလုံးကို မှတ်မိရန် တစ်နာရီကြာ သွားခဲ့သည်။ ထိုမနက်က နောက်ကျသည်အထိ အကြီးအကဲလျှို ပေါ်မလာခဲ့ပေ။ ကျန်းရီကလည်း ဂရုမစိုက်ခဲ့ပေ။
သူသည် သူ၏ သင်္ကေတပေါ်ရှိ အက္ခရာပုံစံများကို ဆက်လက်ဖယ်ရှားဖို့ အမည်မဲ့ ကျင့်စဉ်ကို ဆက်ကျင့်ရန် ဆုံးဖြတ်ခဲ့သည်။
အကြီးအကဲလျှိုသည် တစ်နေ့လုံး ပေါ်မလာခဲ့ပေ။ ကျန်းရီသည် စိတ်ရှူပ်နေခဲ့သည်။ သဘောတရားအရ အကြီးအကဲလျှိုသည် သူ့၏ လက်တွေ့ စမ်းသပ်မှုများကို ဆက်လုပ်ရန် စိတ်အား ထက်သန်နေရပေမည်။ အဘယ်ကြောင့် သူတစ်နေ့လုံး ပေါ်မလာရသနည်း ... သို့သော်လည်း အကြီးအကဲလျှိုသာ အနားမှာမရှိရင် ကျန်းရီသည် သူ့၏ အားယားနေသော အချိန်များကို အသုံးချနိုင်လေသည်။ သူသည် တစ်နေ့လုံး အမည်မဲ့ ကျင့်စဉ်ကို ကျင့်ကြံနေခဲ့ပြီး သူ၏သင်္ကေတရှိ အက္ခရာအလုံး နှစ်ဆယ်ကို ဖယ်ရှားနိုင်ခဲ့လေသည်။ သူ၏ ကျန်းရေအသွင် ပညာကို ကျင့်ကြံနှုန်းသည်လည်း ဆက်လက်တိုးတက် လာခဲ့သည်။
နောက်တစ်နေ့တွင်လည်း အကြီးအကဲလျှိုသည် ပျောက်ဆုံးနေဆဲပင် ဖြစ်သည့်အတွက် ကျန်းရီသည် တစ်နေ့လုံးကို ကိုယ့်ဟာကိုယ် လေ့ကျင့်နေခဲ့ လိုက်သည်။ ကျန်းရီသည် စိတ်ထဲတွင် နိမိတ်မကောင်းသော ခံစားချက်များ ရနေခဲ့သော်လည်း သူသည် အကြီးအကဲလျှို နေသော ခြံဝန်းထဲသို့ အကြီးအကဲကို ရှာရန် မသွားရဲခဲ့ပေ။ သူ့တွင် ရွေးချယ်စရာ မရှိသောကြောင့် စိတ်ဓာတ်ကျစွာပင် အိမ်ပြန်လာခဲ့သည်။
အကြီးအကဲလျှိုသာ ဆေးဖော်စပ်ခြင်းကို ရပ်လိုက်ပါရင် အသုံးမဝင်သော ဆေးများ မရနိုင်တော့ပေ။ ထိုအရာသည် သူ့တွင် ရောင်းရန် ဆေးများ ထပ်မရလာနိုင်တော့ဟု ဆိုလိုပေသည်။ ဆေးထုတ်လုပ်ရန်အတွက် သူ့ကိုယ်သူ အားကိုးဖို့ရန်လည်း မဖြစ်နိုင်ပေ။
အကြီးအကဲလျှို ပေါ်မလာခဲ့သော တတိယနေ့တွင် အထူးဧည့်သည် နှစ်ယောက်သည် အဂ္ဂိရတ်ဌာနသို့ ရောက်ရှိလာခဲ့သည်။
တစ်ယောက်သည် ဆီးနှင်းထက်ဖြူသော ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။ သူ၏မျက်နှာသည် ဓားတစ်ချောင်းလိုမျိုး ထက်ရှနေခဲ့ပြီး သူ၏ကျောသည်လည်း ဓားရှည် တစ်ချောင်းကဲ့သို့ ဖြောင့်မတ်နေခဲ့သည်။ သူ၏ နှုတ်ခမ်းထောင့်များသည် အပြုံးပါးပါး တစ်ခုကို ပုံဖော်နေခဲ့သည်။ မိန်းကလေးတိုင်း၏ နှုတ်ခမ်းကို ပွင့်ဟသွားစေ လောက်အောင် ယောက်ျားပီသသော လူငယ်တစ်ယောက်ဖြစ်သည် …
"ကျန်းဟန်ရွှေ …"
ကျန်းရီသည် မျက်လုံးအိမ်များတွင် ဝမ်းနည်းသည့် အကြည့် ထင်ဟပ်နေရင်း သူ့ရှေ့ကို လျှောက်လာသော ကောင်းကောင်းမွန်မွန် ဝတ်စားထားသည့် လူငယ်ကိုသာ စူးစိုက်ကြည့်နေခဲ့သည်။ ဒီလူငယ်သည် အတိတ်ရှိကျန်းရီ ကဲ့သို့ပင် ဖြစ်သည်။ ကောင်းကင်က အရေးပေးသော လူငယ်တစ်ယောက်၊ ကျန်းဂိုဏ်း၏ လူငယ်မျိုးဆက်တွင် ထူးချွန်သော စွမ်းရည်များနှင့် လူတစ်ယောက်ဖြစ်သည်။
ဒီလူငယ်သည် ကျန်းဂိုဏ်း၏ လူငယ်မျိုးဆက်တွင် ထူးချွန်သော စွမ်းရည်များနှင့် လူတစ်ယောက်ဟူသည့် သူ၏ အဆင့်အတန်းကို ထိန်းသိမ်းထားနိုင်ခဲ့ ရုံသာမက သူသည် ပါရမီရှင် လူငယ်တစ်ယောက်ပင် ဖြစ်လာခဲ့သည်။ သူ၏နာမည် ကျော်ကြားခြင်းသည် ကောင်းကင်တောင်ပံမြို့ တစ်ခုလုံးကို တုန်လှုပ်သွားစေ လောက်အောင် ကြီးကျယ်ခဲ့ပြီး သူသည် လူတိုင်း၏ လေးစားခြင်းကို ရရှိခဲ့သည်။ နှိုင်းယှဉ်ကြည့်ရင် ကျန်းရီသည် အဂ္ဂိရတ်ဌာနတွင် နိမ့်ကျသော အလုပ်များကို လုပ်ရသည်အထိ နိမ့်ကျသွားခဲ့သည်။
ငယ်ရွယ်သော လူရည်ချွန်လေးသည် ကျန်းရီ၏ ရှုပ်ထွေးသော အကြည့်များကို ခံစားမိခဲ့သည်။ ကျန်းရီ၏မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး သူမေးလာခဲ့သည် ...
"မင်းက … ကျန်းရီ"
ကျန်းရီသည် ခါးသက်စွာ ပြုံးရင်း သူငယ်ရွယ်စဉ် အချိန်များနှင့် သူတို့နှစ်ယောက် သိုင်းပညာကို အတူတူ လေ့ကျင့်ခဲ့ကြသော မြင်ကွင်းများကို တွေးတောနေခဲ့သည်။ ထိုအခှန်က ကျန်းဟန်ရွှေသည် သူတို့၏ စွမ်းဆောင်ရည် ကွာခြားချက်များကို ဘယ်သောအခါမှ မကျေနပ်ခဲ့ပေ။ ထို့ကြောင့် သူတို့သည် ပုံမှန်အားဖြင့် တစ်ယောက်ကို တစ်ယောက် ပြိုင်ဆိုင်နေရသည်ကို ကျေနပ်နေခဲ့ကြသည်။
အဲဒီလိုမျိုး ကောင်လေးနှစ်ယောက်၏ ဆက်ဆံရေးသည် လှပကောင်းမွန် ခဲ့သည်ဟု ယူဆနိုင်ပေသည်။ သို့သော်လည်း ကျန်းရီ၏ ဒန်တျန်း ပိတ်ဆို့ခံရသည်နှင့် တွဲလျက် အကြီးအကဲချုပ်၏ ပျောက်ဆုံးမှု အကြောင်းအရာတို့ကြောင့် သူတို့နှစ်ယောက်၏ ဆက်ဆံရေးသည် ပို၍သာ ခပ်စိမ်းစိမ်း ဖြစ်သွားခဲ့ကြသည်။ ဤသို့ဤပုံ ဖြစ်ခဲ့ခြင်းကြောင့် ကျန်းဟန်ရွှေ သူ့ကို ချက်ချင်း မမှတ်မိ ခဲ့ခြင်းကိုလည်း အပြစ်မဆိုသာပေ။
ကျန်းရီသည် ကျန်းဟန်ရွှေကို တွေ့သော အခါတိုင်းတွင် သူတို့နှစ်ယောက်အကြား နေရထိုင်ရခက်မည် စိုး၍ သူ့ကို ဝေးဝေးမှပင် ရှောင်နေ ပုန်းနေလေ့ရှိခဲ့သည်။ ဒီအချိန်တွင်တော့ သူတို့သည် မျက်နှာချင်းဆိုင် တွေ့ဆုံကြသောကြောင့် ကျန်းရီသည် ရွေးချယ်စရာ မရှိတော့ဘဲ ပြုံးပြကာ နှုတ်ဆက်စကား ဆိုရသည် …
"ဟန်ရွှေ … မတွေ့တာကြာပြီ …"
"ဟမ့်"
နှာမှုတ်သံ တစ်သံသည် လေထုကို ခွင်းလျက် ပေါ်ထွက်လာခဲ့သည်။ ထိုနောက်မှ ကပ်ပါလာသော အသံသည်ကား ကျန်းရီကို စိတ်တိုစေခဲ့သည်။
"ကျန်းရီ ... မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ ... မင်းကိုယ်မင်း ကြီးမြတ်လှတဲ့ သခင်လေးရဲ့ နာမည်ကို ခေါ်ခွင့်ရှိတယ်လို့ ထင်နေတာလား မင်းက သခင်လေးကို အရိုအသေပေးပြီး မနှုတ်ဆက်တာက ထားပါတော့ … မင်းကသူ့နာမည်ကို တိုက်ရိုက်ခေါ်ရဲ တယ်လား … မင်းမှာ ဒီလိုအခွင့်အရေးမျိုး ရှိလို့လား အသုံးမကျတဲ့ စောက်ရူးကောင်ရဲ့"
ကျန်းရီ၏ အာရုံသည် ကျန်းဟန်ရွှေ အပေါ်တွင်သာ အာရုံစိုက်ထား ခဲ့သဖြင့် သူ့နောက်ရှိ လူကို ဂရုမစိုက်မိခဲ့ပေ။ ကျန်းဟန်ရွှေ၏ နောက်မှလိုက်လာသော စကားပြောလာသော လူကို သူမကြည့်ဘဲ သိပါ၏။
ကျန်းရုဟူ …
ဘာဖြစ်ခဲ့သည်ကို သူခန့်မှန်းမိ သောအခါ သူ၏ စိတ်သည် တုန်ယင်လာရသည်။ သူသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အဓိက ခြံဝင်းထဲမှ မထွက်ခဲ့သောကြောင့် ကျန်းရုဟူသည် သူ့ကို အငိုက်ဖမ်း၍ တိုက်ခိုက်ရန် မဖြစ်နိုင်ခဲ့ပေ ... ထို့ကြောင့် သူသည် ရွေးစရာ မရှိတော့ဘဲ ကျန်းဟန်ရွှေကို သူနှင့်အတူ အဂ္ဂိရတ်ဌာနသို့ လာရန် တိုက်တွန်းခဲ့ ပေလိမ့်မည်ဟု ကျန်းရီ ခန့်မှန်းမိခဲ့သည်။
ကျန်းဟန်ရွှေသာ ရှိနေလျှင် သူကျန်းရီကို တိုက်ခိုက်ခဲ့ရင်တောင် စည်းကမ်း ထိန်းသိမ်းရေး ဆောင်သည် ကျန်းဟန်ရွှေကို မျက်နှာလုပ်ကာ ဖြစ်ပျက်ခဲ့သည့် အရာကို မသိချင်ယောင် ဆောင်ပေလိမ့်မည် ....
ကျန်းရီသည် လွန်ခဲ့သော ရက်အတွင်းကပင် သူ၏ အနက်ရောင် အတွင်းအားများကို ချိတ်ပိတ် သင်္ကေတပေါ်ရှိ ရှေးဟောင်း အက္ခရာများကို ဖယ်ရှားပစ်ရန် အသုံးပြုနေခဲ့ပြီး ကျန်းရေအသွင် ပညာကိုသာ လေ့ကျင့်နေခဲ့သည်။
သူ၏ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပထမအဆင့်ရှိ အင်အားဖြင့် ဒီအချိန်တွင် ကျန်းရုဟူနှင့် တိုက်ခိုက်လိုက်ပါက သူသည် အရိုက်ခံရပေလိမ့်မည်။
ကျန်းရီသည် ရင်တွင်းမှ ကြိတ်၍ သက်ပြင်းချခဲ့ လိုက်သည်။ ကျန်းရုဟူကို ရပ်တန့်ရန် ပြစ်တင်ပြောဆိုလာခြင်း မရှိဘဲ ကျန်းဟန်ရွှေ၏ မျက်နှာအနည်းငယ် ပျက်ယွင်းသွားသည်ကို သူမြင်လိုက်ရသောအခါ ကျန်းရီသည် ဝမ်းနည်းမှုကို ခံစားခဲ့ရသည်။
သူတို့ငယ်စဉ်က သူ ကျန်းဟန်ရွှေနှင့် ဖွဲ့စည်းတည်ဆောက် ထားခဲ့သော ဆက်ဆံရေး အမျှင်လေးများသည်ပင် လုံးဝ ပြတ်တောက်သွားခဲ့ပြီဟု ထင်သည်။ ကိုယ့်ကိုယ်ကိုယ် လှောင်ပြုံးပြုံးလိုက်ရင်း ခါးကို ညွှတ်ကာ လက်နှစ်ဖက်ဖြင့် အရိုအသေပေး ပြောခဲ့လိုက်သည်။
"ကျန်းရီက သခင်လေးကို နှုတ်ခွန်းဆက်ပါတယ်"
"အိုး"
ကျန်းဟန်ရွှေသည် ကျန်းရီ၏ သဘောထား မြန်မြန်ဆန်ဆန် ပြောင်းလဲသွားခဲ့မည်ဟု မထင်ထားခဲ့ပေ။ သူသည် ဒီအခြေအနေမျိုးနှင့် လုံးဝ မရင်းနှီးခဲ့ပေ။ သူသည် သူ့နောက်ရှိ ကျန်းရုဟူကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှတော့ ပြောမလာခဲ့ချေ …
သူသည် လက်ကို ဝှေ့ယမ်း၍ တုံ့ပြန်လာခဲ့သည်
"ကျန်းရီ ... မင်းက အခု အဂ္ဂိရတ်ဌာနမှာ အလုပ်လုပ်နေတာလား … ဒါဆို ငါ့ကို ဝိဉာဏ်အားဖြည့်ဆေး အလုံး၁၀၀လောက် ထုတ်ဖို့ကိစ္စ ကူညီပေးပါလား … ငါ သိုင်းခန်းမကို ဝင်ပြီးတော့ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း နဝမအဆင့်ကို ရောက်ဖို့ ကျင့်ကြံတော့မှာမို့ ...."
သိုင်းခန်းမ … သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း နဝမအဆင့် …
ကျန်းရီသည် နောက်တစ်ကြိမ် ခါးသီးစွာ ပြုံးလိုက်မိပြန်သည်။ ကျန်းဟန်ရွှေသည် ကောင်းကင်က ကောင်းချီးပေး ခံရသူဖြစ်သည်မှာ သံသယဖြစ်စရာမလိုပေ။ နေရာအားလုံးတွင်မှ သူရွေးချယ်လိုက်သော နေရာသည် မွန်မြတ်သော သိုင်းခန်းမတဲ့လား …
ထို့ပြင် သူသည် ကျန်းရီထက် အသက်သုံးလသာ ကြီးသော်လည်း သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း နဝမအဆင့်ကို တက်လှမ်းဖို့ရန် အဆင်သင့်ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ဒီလိုမျိုး ငယ်ငယ်ရွယ်ရွယ်နဲ့ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း အဋ္ဌမအဆင့်ကို ရောက်နေသော ပါရမီရှင် အရေအတွက်သည်လည်း ကောင်းကင်တောင်ပံ တစ်မြို့လုံးတွင်ပင် ငါးယောက်ထက် မပိုချေ။
သိုင်းခန်းမသည် ကျန်းဂိုဏ်း၏ အဓိက ကျင့်ကြံရာနေရာ မဟုတ်သော်လည်း ကောင်းကင်တောင်ပံ မြို့တွင်းရှိ ဆန်းကြယ်သော နေရာတစ်နေရာ ဖြစ်သည်။
ဒဏ္ဍာရီများ အရဆိုရင် ထိုနေရာတွင် လေ့ကျင့်သော မည်သူမဆို သူတို့၏ အတွင်းအား သန့်စင်ထုတ်လုပ်နှုန်းသည် နှစ်ဆအထိ တိုးသွားစေနိုင်သည်။
ထို့အပြင် သိုင်းခန်းမတွင် ကိုယ်ခန္ဓာကြံ့ခိုင်အောင် လေ့ကျင့်သော အခန်း၊ ကျင့်စဉ်များ လေ့ကျင့်ရာအခန်း၊ ကျင့်ကြံခြင်းကို ညွှန်ကြားပြသ ပေးနိုင်သူတို့ စသည့် ပြင်ပအထောက်အပံ့များစွာ ရှိသည်။
အတိုချုံး ပြောရရင်မူ သိုင်းခန်းမသည် ကျင့်ကြံသူတို့၏ ကောင်းကင်ဘုံ တစ်နည်း သုခဘုံပင် ဖြစ်သည်။ ကျန်းရီသည် သိုင်းခန်းမ အကြောင်းကို များစွာ ကြားဖူးခဲ့သော်လည်း ထိုနေရာကို ဝင်ရောက်ဖို့ ဝင်ကြေးသည် ခရမ်းရောင်ရွှေ တစ်တေးလ် ကုန်ကျမည် ဖြစ်သောကြောင့် အဝေးမှ ကြည့်နေရုံသာ တတ်နိုင်ခဲ့လေသည်။
"မင်းက ဘာကိစ္စ ဒီမှာရပ်နေသေးတာလဲ ... အသုံးမကျတဲ့ကောင် ... မြင့်မြတ်တဲ့ သခင်လေးက သိုင်းခန်းမမှာ လေ့ကျင့်ဖို့ အချိန်တွေ နှောင့်နှေးကုန်ရင် မင်းတာဝန် ယူနိုင်မှာ မို့လား ..."
ကျန်းဟန်ရွှေ၏ အနောက်တွင် ရပ်နေသော ကျန်းရုဟူ၏ ဆူဆူညံညံအသံ ထပ်ထွက်မလာခင်အထိ ကျန်းရီတစ်ယောက် စိတ်ပျံ့လွင့် နေခဲ့သည်။ ယနေ့ ကျန်းဟန်ရွှေ၏ နောက်မှနေ၍ အဂ္ဂိရတ်ဌာနသို့ သူလိုက်လာခဲ့ခြင်းတွင် ကျန်းရီကို သင်ခန်းစာပေးရန် အခွင့်အရေးရဖို့ မူလကပင် ရည်ရွယ်ခဲ့သည်။ ကျန်းရီသည် သူ၏ ရန်စမှုကို အဖက်မလုပ်သောကြောင့် ကျန်းဟန်ရွှေသည် ဒေါသကို ပေါက်ကွဲရန် အခွင့်အရေး မရခဲ့ပေ ...
ကျန်းရီသည် မဲ့ပြုံးပြုံးလိုက်ကာ ကျန်းရုဟူကို အကြည့်တစ်ချက် ပေးလိုက်သည်။ သူ၏ ဖောင်းကားနေသော ပါးပြင်တို့ကို မြင်နေရာတွင် ကျန်းရီသည် နှလုံးအောက်ခြေမှ နေ၍ ရွံရှာမှုနှင့် မုန်းတီးမှုတို့ကို ခံစားနေခဲ့ရသည်။
သူချိုသာစွာ ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည် ...
"လွန်ခဲ့တဲ့ နှစ်ရက်အကြာက အကြီးအကဲလျှိုက ဘယ်သူ့ကိုမဆို ဆေးတစ်လုံးတောင် ထုတ်မပေးဖို့ ညွှန်ကြားသွားခဲ့တယ် ... ကျန်းရုဟူ ... မင်းဆေးလိုချင်တယ် ဆိုရင် ဝင်သွားပြီး ကိုယ့်ဟာကိုယ် ယူလိုက်ပါ ... ငါမင်းတို့ နှစ်ယောက် ဆေးယူဖို့ မကူညီပေးရဲဘူး ..."
ကျန်းရီနှင့် အသက်အရွယ်အတူတူ ဖြစ်သော်ငြား ကျန်းရီထက် အဆများစွာဝသည့် ကျန်းရုဟူသည် ချက်ချင်းပင် ကျောက်ရုပ်အလား ဖြစ်သွားခဲ့သည်။ သူ၏ မျက်နှာသည်လည်း ဆွံ့အသွားပုံ ပေါ်နေခဲ့သည်။ သူသည် အကြီးအကဲလျှို၏ စိတ်ကို အလွန့်အလွန်ကို နားလည်သဘောပေါက် ပေသည်။ သူသာ ဆေးကို ကိုယ့်သဘောနှင့်ကိုယ် သွားယူလိုက်ပါက အကြီးအကဲလျှိုသည် သေချာပေါက်ကို ဒေါသအကြီးအကျယ် ထွက်ပေလိမ့်မည်။ သူ့ကို သူ၏ အဖေသည်ပင် အကြီးအကဲလျှို၏ ဒေါသဖြစ်ခြင်းမှ ကာကွယ် ပေးနိုင်လိမ့်မည် မဟုတ်ချေ ...
ကျန်းဟန်ရွှေသည် ကျန်းရုဟူကို တစ်ချက်ကြည့် လိုက်ပြီးနောက် ထူးမခြားနားစွာပင် ထပ်ပြောလာခဲ့သည် ...
"ငါသိပြီ ... ကျန်းရီ ... မင်း အကြီးအကဲလျှိုကို နောက်မှ ငါ့ကိစ္စ အကြောင်းပြောပြလိုက် ... ငါသိုင်းခန်းမကို သွားဖို့ အလျင်လို နေတယ်"
ကျန်းဟန်ရွှေသည် စကားဆုံးသည်နှင့် ဆေးပစ္စည်းများ ထားရာအခန်းသို့ တိုက်ရိုက် လျှောက်သွားလိုက်ကာ ဆေးပုလင်း အမြောက်အမြားကို ယူပြီး အဂ္ဂိရတ်ဌာနမှ ထွက်ခွာသွားခဲ့သည်။ သူထွက်ခွာ သွားစဉ်တွင် ကျန်းရီကို တစ်ချက်မှ ကြည့်မသွားခဲ့သလို နှုတ်ဆက်စကားလည်း ဆိုမသွားခဲ့ပေ ... သူတို့နှစ်ယောက် တကယ့်ကို သူစိမ်းတွေ ဖြစ်သွားခဲ့သလိုပင် ...
ကျန်းရုဟူသည် သူ့နောက်မှ ပြေးလိုက်သွားခဲ့သည်။ သူသည် ရယ်မောရင်း အေးစက်စက် ပြောသွား ခဲ့သေးသည် ...
"ဟမ့် ... ကျန်းရီ ... မင်းမှာ သတ္တိရှိရင် တစ်သက်လုံး အဂ္ဂိရတ်ဌာနထဲမှာ နေမနေနဲ့ ... သူရဲဘော ကြောင်တဲ့ကောင် ... မင်း အိမ်တော်အလယ်ကနေ ထွက်လာရဲရင် မင်းလမ်းမလျှောက် နိုင်အောင် ငါလုပ်ပေးမယ် ..."
ကျန်းရီသည် ခြောက်ကပ်ကပ် ရယ်မောလိုက်သည်
"နောက်ဆယ်ရက်နေရင် မွန်းလွဲပြီး လေးဆယ့် ငါးမိနစ်လောက်မှာ ငါ ကျန်းအိမ်တော် အနောက်တံခါးကနေ ထွက်လာမယ် .... တံခါးနားမှာ လမ်းကြားလေး တစ်ခုရှိတယ် ...ငါမင်းကို အဲ့မှာ စောင့်နေမယ် ... ဒါ့ကြောင့် မင်းနောက်မကျဘူးလို့ ငါမျှော်လင့်တယ် ..."
ကျန်းရီ၏ မျက်နှာတွင် တည်ငြိမ်မှု အပြည့်ဖြင့် အဂ္ဂိရတ် ဌာနထဲသို့ အေးအေးဆေးဆေး ပြန်ဝင်သွားသည်ကို မြင်လိုက်ရသောအခါ ကျန်းရုဟူသည် လုံးဝ တွေဝေသွားခဲ့သည်။
ဒါက အတိတ်တုန်းက ခွေးတစ်ကောင်လိုမျိုး သူတို့ရိုက်ခဲ့တဲ့ အသုံးမကျတဲ့ ကောင်လား … ထိုခဏတွင် ကျန်းရီ၏ တည်ရှိမှုသည် ကျန်းဟန်ရွှေထက်ပင် အရှိန်အဝါကြီးသော ခံစားချက်မျိုး ရလိုက်သည်မှာ ဘယ်လိုများ ဖြစ်နိုင်ပါမည်လဲ …
"အထင်မှားနေတာ ... အထင်မှားနေတာပဲ ဖြစ်မှာ ... အသုံးမကျတဲ့ကောင်က သေချာပေါက်ကို ဟန်ဆောင်နေတာ ..."
ကျန်းရုဟူသည် ချက်ချင်းပင် အေးစက်စက် ရယ်ချလိုက်ပြီး အော်ဟစ်ကာ ထွက်သွားခဲ့သည် ...
"ကောင်းပြီလေ ...ကတိက ကတိပဲ ... ဆယ်ရက်ပြည့်တဲ့နေ့ အဲ့ကို ရောက်မလာတဲ့လူက တခြားသူကို အဘိုးခေါ်ရမယ် ... "
စကားဆုံးသည်နှင့် အတော်ဝေးဝေးကို ရောက်နေပြီဖြစ်သော ကျန်းဟန်ရွှေကို အမီလိုက်ရန် အဆောက်အဦ အပြင်ကို ကမန်းကတန်း ပြေးထွက်သွားခဲ့သည်။
ဆယ်ရက် …
ကျန်းရုဟူ ထွက်သွားသည်နှင့် ကျန်းရီသည်လည်း အဂ္ဂိရတ်ဌာနမှ ထွက်လာခဲ့သည်။ သူ့မျက်နှာတွင်တော့ မည်သည့် အရိပ်အယောင်မှ ရှိမနေခဲ့ပေ။ သူ့မျက်လုံးများသည် ယုံကြည်ချက်များဖြင့် တောက်ပနေခဲ့သည်။
ဆယ်ရက် အတွင်းတွင် သူသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိယအဆင့် ရောက်အောင် အလွယ်တကူ လေ့ကျင့်နိုင်သည်။ ထိုအချိန်တွင် ကျန်းရုဟူနှင့် ရင်ဆိုင်ရပါရင် ကျန်းအိမ်တော် ခြံဝင်းအလယ်သို့ တွားသွားပြန်ရမည်မှာ မည်သူဖြစ်မည်မှန်း မသေချာပေ ...
ဆေးဝါးပစ္စည်း သိုလှောင်ခန်းရှိ ဆေးလုံးများကို စစ်ဆေးလိုက်ကာ ကျန်းဟန်ရွှေသည် ဝိဉာဏ်အားဖြည့်ဆေး အလုံးတစ်ရာသာ ယူသွားကြောင်း အတည်ပြုပြီးနောက် ကျန်းရီတွင် ဘာမှလုပ်စရာ မရှိတော့သောကြောင့် ဆက်လက်၍သာ ကျင့်ကြံနေလိုက်သည်။
သို့ရာတွင် ...
အချိန်တစ်နာရီမျှ ကြာပြီးနောက် သူ၏ ကျင့်ကြံမှုသည် နှောင့်ယှက် ခံလိုက်ရပြန်သည်။ ကျယ်လောင်လှသော အချက်ပေးသံ တစ်ခုသည် အိမ်တော်အလယ်မှ ထွက်ပေါ်လာခဲ့သည်။ ထိုအချက်ပေးသံသည် ဂိုဏ်းရှိ အရေးကြီးသော လူများ သေဆုံးသွားသော အခါတွင် ဝမ်းနည်းခြင်း အခမ်းအနားအတွက် ဖြစ်သည်။
ဂိုဏ်းရှိ ထိပ်တန်းအကြီးအကဲ ဆယ်ဦးထဲမှ တစ်ဦးဖြစ်သော ကျန်းဂိုဏ်း၏ တစ်ဦးတည်းသော ဆေးဝါးကျွမ်းကျင်သူ အကြီးအကဲလျှိုသည် အကြောင်းအရင်း မသိရဘဲ သေဆုံးနေခဲ့ သည်ဟူသော သတင်းသည် ကျန်းအိမ်တော်တစ်ခုလုံးကို အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။
ထိုသတင်းကို ကြားသည်နှင့် ကျန်းရီသည် လုံးဝအံ့အား သင့်မှုနှင့် ဆုံးရှုံးမှုကို ခံစားလိုက်ရသည်။ အကြီးအကဲလျှို ဘာကြောင့်သေဆုံး သွားရသည်ကို သူသာ သိခဲ့ပေသည်။ ထိုအကြီးအကဲလျှိုသည် မည်သူ့ကိုမှ မယုံကြည်သည့် ဆေးဖော်စပ်ခြင်း၌သာ ရူးသွပ်သည့် လူတစ်ယောက်ပင် ဖြစ်သည်။ သူသည် မြေကမ္ဘာအဆင့် ဆေးလုံးတွင် ပါဝင်သော ဆန်းကြယ်သော အပိုပါဝင်ပစ္စည်းကို အတည်မပြုနိုင် ခဲ့သောကြောင့် ရက်ပေါင်းများစွာကို အနားလုံးဝမယူဘဲ ကုန်ဆုံးခဲ့ပေလိမ့်မည် ... ရလဒ်သည်ကား ပင်ပန်းမှုကြောင့် သေဆုံးရခြင်းပင် ဖြစ်ပေလိမ့်မည်။
အိုး ... မဟုတ်သေးဘူး ...
ကျန်းရီသည် သူ့ကို ဆုံးရှုံးမှုတစ်ခု တိုးလာစေသော အခြားအရာ တစ်ခုကို တွေးမိသွားခဲ့သည်။ အကြီးအကဲလျှို၏ သေဆုံးမှုနှင့်အတူ သူသည်လည်း အသုံးမဝင်သော ဆေးများ ထပ်မရနိုင်တော့ပေ ... ဆေးများ ထပ်ထုတ်ရန် သူဘာကို သုံးရပါမည်နည်း … သူ၏ အကြွေးများ ပြန်ဆပ်ရန် ပိုက်ဆံကို ဘယ်လိုများ ရနိုင်တော့မည်နည်း …
***