← Chapters

ကျွန်တော် အမှုဖြေရှင်းဖို့ ရောက်လာတာပါ

Vol. 4 Ch. 49

ကျွန်တော် အမှုဖြေရှင်းဖို့ ရောက်လာတာပါ

Vol. 4 Ch. 49

သူ့ခွန်အားကို ပြသပြီးနောက် ယဲ့ချန်းလည်း ထိုဧည့်ခံပွဲတွင် ဟိတ်ကြီးဟန်ကျယ်ထုတ်မနေတော့ပါဘဲ ခပ်လျှိုလျှိုသာ နေလိုက်တော့သည်။

အတန်းဖော်များမှာ ယဲ့ချန်းအပေါ် ပိုဖော်ရွေလာပြီးနောက် သူ့ကို မကြာခဏဂုဏ်ပြုနေကြသည်။

သို့သော် ဖန်းပေါ်နှင့် ယွီလိလိတို့ကိုတော့ လူတိုင်းက လျစ်လျူရှုထားကြသဖြင့် သူတို့နှစ်ယောက်အတွက် အလွန်ကိုးရိုးကားရားနိုင်နေသည်။

ယဲ့ချန်းနှင့် သုန်းရှောင်ယာတို့ ခန်းမထဲမှ ထွက်လာခဲ့ချိန်ဝယ် လူအုပ်ကြီးက သူတို့ကို ဝိုင်းအုံနေကြလေသည်။

"ဒီနေ့ ငါ့လုပ်ဆောင်ရည်က ဘယ်လိုရှိလဲ"

ယဲ့ချန်း ပြုံးပြုံးလေးမေးလိုက်သည်။

"အရမ်းကောင်းတယ်။ ရှင်က ဟွားယွင်အုပ်စုရဲ့ ဒုတိယရှယ်ယာအများဆုံးလူမှန်း ကျွန်မ မသိခဲ့ဘူး"

ယဲ့ချန်းကတော့ ရယ်လျက် ပြောလိုက်သည်.

"တကယ်တော့ ငါ့ရဲ့အဓိကအလုပ်က တက္ကစီဒရိုင်ဘာအလုပ်ပါ"

"ကောင်းပါပြီ။ ရှင်က တက္ကစီဒရိုင်ဘာပါ။ အရမ်းလည်းအံ့ဩဖို့ကောင်းပါတယ်"

ထိုအချိန်မှာပင် ထုတ်ပြန်ကြေညာချက်အသစ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

"မနေ့က သက်ကြီးစုံတွဲနှစ်ယောက် တောင်တက်ရင်း တောင်ပေါ်က ပြုတ်ကျပြီး သေဆုံးခဲ့ပါတယ်။ ရဲတွေကတော့ သူတို့ပြုတ်ကျရခြင်းရဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေပါပြီ…"

သေစမ်း! မဖြစ်နိုင်တာ…

ယဲ့ချန်း အံ့အားသင့်သွားရသည်။ ထိုနေ့တုန်းက သူ ကားမောင်းပို့ပေးခဲ့သော လူငယ်လေးနှင့် သက်ကြီးစုံတွဲကို ရုတ်တရက်အမှတ်ရလိုက်မိသည်။

'လျှို့ဝှက်ထောင့်စွန်းများ'ဇာတ်လမ်းက ဤကမ္ဘာမှာ တကယ်ဖြစ်တာများလား?

သုန်းရှောင်ယာကတော့ သက်ပြင်းတချချလုပ်နေသည်။

"ကျွန်မလည်း အဲဒီသတင်းကို မြင်ပြီးပြီ။ သူတို့သမီးရဲ့ရည်းစားက ဒီအဘိုးကြီးစုံတွဲကို တောင်တက်ဖို့ ခေါ်သွားတာတဲ့။ နောက်တော့ ဓာတ်ပုံရိုက်ရင်း သူတို့လည်း ရုတ်တရက်ကြီးပြုတ်ကျသွားတယ်တဲ့။ အရမ်းအဖြစ်ဆိုးတာပဲ"

ယဲ့ချန်း၏မျက်ဝန်းများမှာ အနည်းငယ်မှေးကျဉ်းသွားလေသည်။

ဒါက တကယ်ပဲ မတော်တဆမှုလား?

၎င်းမှာ ထိုနေ့တုန်းက တက္ကစီငှားခဲ့သည့် စုံတွဲနှင့် သားမက်ဖြစ်သူသာ မှန်ပါက အလွန်သံသယဖြစ်ဖွယ်ကောင်းလှသည်။

အမလေး.. ငါ သူတို့ကို တောင်မတက်ဖို့ အကြံပေးလိုက်ရဲ့သားနဲ့.. သားမက်နဲ့အတူ တောင်တက်တာက အန္တရာယ်များတယ်ဆိုတာ သူတို့ မသိဘူးလား?

ယဲ့ချန်းလည်း သုန်းရှောင်ယာကို ဟိုတယ်သို့ လိုက်ပို့ပေးလိုက်ပြီးနောက် နောက်ထပ်အော်ဒါတစ်ခု ထပ်ရလိုက်သဖြင့် ထွက်ခွာရန် ပြင်လိုက်သည်။

သွားခေါ်ပေးရမည့် တည်နေရာကား ဟိုတယ်ရှေ့မှာပင် ဖြစ်နေ၏။

မကြာခင်မှာပင် ရဲအရာရှိမိန်းမလှလေးတစ်ယောက်က ယူနီဖောင်းဝတ်ဆင်ထားပြီး အနားသို့ လျှောက်လာလေသည်။ ထိုမိန်းမလှလေး၏ ရုပ်ရည်အမှတ်မှာ ၉၆မှတ်ရှိပြီး တင်းကျပ်နေသော သူ(မ)၏ရဲဝတ်စုံမှာ သူ(မ)၏အသွင်အပြင်နှင့် ပနံသင့်လှပေသည်။

ထိုရဲမေမှာ ယဲ့ချန်း၏ Paganiပြိုင်ကားကို မြင်လိုက်ရသောအခါ အနည်းငယ်မျှ တုံ့ဆိုင်းသွားသည်။ ထို့နောက် သူ(မ)က လိုင်စင်နံပါတ်ပြားကို ကြည့်ပြီးနောက် ယဲ့ချန်းအား အလေးပြုလိုက်သည်။

"ရှင့်ရဲ့ယာဉ်မောင်းလိုင်စင်နဲ့ မှတ်ပုံတင်ကို ထုတ်ပြပေးပါ"

ထိုရဲမေက အေးတိအေးစက်ဆိုလာလေသည်။

ယဲ့ချန်းလည်း အနည်းငယ်အံ့ဩမှင်တက်သွားရသည်။ ထို့နောက် သူ့ယာဉ်မောင်းလိုင်စင်နှင့် မှတ်ပုံတင်ကို ထိုရဲမေကို ပေးလိုက်၏။

"ပြဿနာတစ်ခုခုရှိလို့လား"

စစ်ဆေးပြီးနောက် ထိုရဲမေက ကားတံခါးကိုဖွင့်၍ အထဲသို့ ဝင်လာခဲ့သည်။

"ဘာမှမဖြစ်ပါဘူး။ Paganiပြိုင်ကားနဲ့ တက္ကစီမောင်းနေလို့ သိချင်စိတ်ဖြစ်သွားလို့"

ယဲ့ချန်းလည်း ကိုးရိုးကားရားဖြင့် တဟားဟားရယ်လိုက်လေသည်။

"ဪ ကျွန်တော့်ကို သံသယဝင်နေတာကိုး"

"တက္ကစီမောင်းရတာ တော်တော်ကောင်းပါတယ်။ လူပေါင်းစုံနဲ့တွေ့နိုင်တယ်လေ။ ဒီနေ့ ရဲမေချောချောလေးတစ်ယောက်နဲ့ တွေ့ရသလိုမျိုးပေါ့"

"ဟုတ်တယ်။ ရှင် ရိုးရိုးသားသားပဲ တက္ကစီဆွဲဖို့ ကျွန်မမျှော်လင့်မိတယ်။ တက္ကစီမောင်းတဲ့အလုပ်ကို တရားမဝင်လုပ်ငန်းတွေကို လုပ်ဖို့ ဟန်ပြအနေနဲ့တော့ မသုံးနဲ့ပေါ့"

ရဲမေအလှလေးက အေးတိအေးစက် ပြောလာသည်။

"အရာရှိကြီး..ခင်ဗျား အတွေးလွန်နေပြီ"

ယဲ့ချန်း နေရခက်ဟန်ဖြင့် ရယ်လိုက်မိသည်။ ထိုရဲမေကလည်း ခပ်ပြတ်ပြတ်ပင် ပြောလိုက်လေသည်။

"မောင်းတော့"

ယဲ့ချန်း ဆွံ့အသွားရသည်။ သူ(မ)က တက္ကစီငှားချင်သူသာ ဖြစ်သော်ငြား သူကတော့ စစ်ဆေးမေးမြန်းခံလိုက်ရသည်။ သူ အမှားတစ်ခုခုလုပ်မိသည်ဟုပင် ထင်မိသည်။

ထို့နောက် သူ မောင်းပို့ပေးရမည့်နေရာကို တစ်ချက်ကြည့်လိုက်လေရာ မိုတုအများပြည်သူလုံခြုံရေးဌာန ဖြစ်နေသည်။

ယဲ့ချန်းလည်း စက်နှိုးလိုက်ချိန်မှာ ထိုမိန်းမလှလေးက စိုးရိမ်ပူပန်နေဟန် အမူအရာတစ်ခုကို ဆင်မြန်းထားသည်။

ထိုအချိန်မှာပင် သူ့ဖုန်းမြည်သံ ထွက်ပေါ်လာသည်။

"အဖွဲ့မှူးချန်း.. ဒီအမှုနဲ့ပတ်သက်ပြီး တစ်ခုခုထူးဆန်းနေသလို ခံစားရတုန်းပဲ။ ကျန်းသုန်းကို တော်တော်သံသယဖြစ်နေတာ။ ကျွန်မတို့ရဲ့စုံစမ်းစစ်ဆေးမှုအရဆိုရင် သူနဲ့သူ့ဇနီးက ဆက်ဆံရေးအဆင်မပြေဘူး။ ဒီတော့ သူ့အတွက် လူသတ်ဖို့ တွန်းအားပေးမှုတစ်ခု ဖြစ်သွားမယ်ထင်တယ်"

"သက်သေမရှိဘူးဆိုပေမဲ့ တရားခံကို လွှတ်ပေးလိုက်လို့လည်းမဖြစ်ဘူး"

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ စွမ်းရည်အသစ်တစ်ခုကို အသက်သွင်းလိုက်ပါပြီ။ လက်ရှိတာဝန်ကို ပြီးမြောက်အောင်လုပ်ပြီး အကောင်းဆုံးဆုလာဘ်များကို ရယူနိုင်ရင် ပိုင်ရှင်လည်း ကမ္ဘာကျော်သူဌေးတစ်ယောက် ဖြစ်လာမှာပါ]

[ခရီးသည်၏အလုပ်အကိုင် : ရဲအရာရှိ]

[‌ရွေးချယ်စရာနံပါတ်၁ : အရည်အချင်းပြည့်မီတဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်လို ရဲမေအလှလေးကို ရဲစခန်းဆီ ဘေးကင်းကင်းပို့ဆောင်ပေးပါ။ စနစ်ရဲ့ဆုလာဘ် : မိန်းမတွေရဲ့စိတ်လုံခြုံမှု +၁၀၊ သုန်းရှန်းခရီးသွားအေဂျင်စီရဲ့ တောင်ထွတ်ခြောက်ခုတောင်တန်းသို့ တစ်ရက်တာအလည်ခရီးထွက်ခွင့်၊ ဓာတ်ပုံအလကားရိုက်ခွင့်]

[ရွေးချယ်စရာနံပါတ်၂ : ကျန်းသုန်းကိုကာကွယ်ပေးပြီး သူ့အပေါ်ရှိနေတဲ့ သံသယတွေကို ရှင်းပေးပါ။ စနစ်ဆုလာဘ် : လူသတ်စွမ်းရည် +၁၀၊ ကျန်းသုန်းရဲ့ဆုငွေသုံးသောင်း]

[ရွေးချယ်စရာနံပါတ်၃ : ရဲမေကျိုးစုစုကို အမှုကူဖြေရှင်းပေးပြီး ကျန်းသုန်းကို ဝန်ခံအောင် လုပ်ပါ။ စနစ်ဆုလာဘ် : ဖယ်ရာရီကားကုမ္ပဏီရဲ့ရှယ်ယာ၂၀ရာခိုင်နှုန်း၊ နတ်ဘုရားအဆင့်ကားမောင်းစွမ်းရည်]

ယဲ့ချန်းအနေနှင့် ပထမဆုံးရွေးချယ်စရာကိုတော့ လုံးဝရွေးမည်မဟုတ်။ သုန်းရှန်းခရီးသွားအေဂျင်စီ၏ တောင်ထွတ်ခြောက်ခုတစ်ရက်တာလည်ပတ်ခွင့်တဲ့လား!

တောင်တက်ရမှာလား?

ဓာတ်ပုံအလကားရိုက်ခွင့်ပေးလျှင်ပင် ယဲ့ချန်းကတော့ သွားမည်မဟုတ်ချေ။

ကျန်းသုန်းကို ကာကွယ်ပေးဖို့အတွက်ကတော့ စနစ်က ရွေးချယ်စရာနံပါတ်သုံးတွင် သုန်းကျန်းကို ဝန်ခံလာအောင် လုပ်ခိုင်းထားသည့်အတွက် လူသတ်သမားက သူပင်ဖြစ်ရမည်။

ယဲ့ချန်းက တရားမျှတမှုကို လက်ကိုင်ထားသူတစ်ယောက်ဖြစ်သောကြောင့် ရွေးချယ်စရာနံပါတ်သုံးကိုသာ ရွေးချယ်မည်ဖြစ်၏။

[တင်! ဖယ်ရာရီကားကုမ္ပဏီရဲ့ ရှယ်ယာ၂၀ရာခိုင်နှုန်းကို ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်]

[နတ်ဘုရားအဆင့်ကားမောင်းစွမ်းရည်ကို ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်]

ကျိုးစုစုက ဖုန်းချပြီးနောက် မျက်မှောင်ခပ်တင်းတင်းကြုတ်ထားလိုက်သည်။ ဌာနဘက်က အမှုကိုပိတ်ခိုင်းထားသော်လည်း ကျိုးစုစုကတော့ သံသယဖြစ်စရာအချက်များစွာရှိကြောင်း ခံစားမိသည်။

"အရာရှိကြီး.. အဲဒီသက်ကြီးစုံတွဲက တကယ်ပြုတ်ကျသွားတာရော ဟုတ်ရဲ့လား။ ကျွန်တော်လည်း တောင်ထွတ်ခြောက်ခုဆီကို ရောက်ဖူးပါတယ်။ အဲဒီစုံတွဲ ဓာတ်ပုံရိုက်တဲ့နေရာက နည်းနည်းတော့မတ်တာအမှန်ပဲ။ ဒါပေမဲ့ လူတော်တော်များများလည်း အဲဒီနေရာမှာ ဓာတ်ပုံရိုက်ကြတာပဲလေ။ ဒါဆို တခြားလူတွေကျတော့ ဘာမှမဖြစ်ဘဲ သူတို့ကျမှ ဘာလို့ပြုတ်ကျရတာလဲ"

ယဲ့ချန်း ပြောလိုက်၏။

ကျိုးစုစု အနည်းငယ်အံ့အားသင့်သွားလေသည်။

"ဆက်ပြောပါဦး"

"ပြင်ပတွန်းအားတစ်ခုသာ မရှိဘူးဆိုရင် အဲဒီနေရာက ပြုတ်ကျနိုင်ခြေက တော်တော်နိမ့်တယ်"

ကျိုးစုစု သက်ပြင်းချလိုက်မိသည်။

ယဲ့ချန်း၏သုံးသပ်ချက်က သူ(မ)နှင့် အတူတူပင်။ သို့သော် ဘာအရေးလဲ။ အမှုဖြေရှင်းရာတွင် သက်သေကိုလိုအပ်သည်။

ထိုနေရာတွင် စီစီတီဗီကင်မရာများလည်း မရှိသလို မျက်မြင်သက်သေလည်း မရှိသောကြောင့် သူတို့ကို ကျန်းသုန်းတွန်းချခဲ့ကြောင်း သက်သေပြရန် မဖြစ်နိုင်ပေ။

ယဲ့ချန်းက ဆိုလာလေသည်။

"ကျွန်တော်တို့ ပြောင်းပြန်ကျိုးကြောင်းသင့်ဖြေရှင်းနည်းကို သုံးလို့ရတယ်လေ။ အခုလက်ရှိ ကျန်းသုန်း အကြောက်ဆုံးအရာက ဘာလဲ။ အဲဒါက‌ သေချာ‌ပေါက် သက်သေပဲပေါ့"

ကျိုးစုစုလည်း ထိုစကားကိုနားထောင်ရင်း ခါးသက်သက်ပြုံးလိုက်လေသည်။

"ကျွန်မတို့ရဲအရာရှိတွေကို လူသစ်တွေများ မှတ်နေလား။ ကျန်းသုန်းရဲ့စိတ်ပိုင်းဆိုင်ရာအရည်အသွေးက အရမ်းကောင်းတယ်။ ကျွန်မတို့ နည်းလမ်းပေါင်းစုံသုံးပြီးသွားပြီ။ ဒါပေမဲ့ သူက အဲဒီစုံတွဲ ဓာတ်ပုံရိုက်နေတုန်း ပြုတ်ကျသွားတာလို့ပဲ ငြင်းနေတာ။ သက်သေသာရှိရင် အစကတည်းက သူ့ကိုဖမ်းပြီးနေလောက်ပြီ"

"သက်သေမရှိဘူးဆိုရင် ဖန်တီးလိုက်လို့ရတယ်လေ။ မျက်မြင်သက်သေမရှိဘူးဆိုရင်လည်း တစ်ယောက်လောက်ဖန်တီးလိုက်လို့ရတာပဲ။ ကျွန်တော် ခင်ဗျားကို အမှုကူဖြေရှင်းပေးနိုင်ပါတယ်"

ယဲ့ချန်း ရုတ်တရက်ပြောလိုက်လေသည်။

"ရှင်…"

ကျိုးစုစုခမျာ အံ့ဩမှင်တက်သွားရလေသည်။

ယဲ့ချန်းကတော့ ခပ်ဖွဖွသာပြုံး၏။

"ကျွန်တော်က စုံထောက်ဝတ္ထုတွေဖတ်ရတာ သဘောကျတယ်။ တစ်ခါတုန်းက ဒီလိုအလားတူအမှုတစ်ခုအကြောင်း ဖတ်ဖူးတယ်။ ကျွန်တော်တို့ မျက်မြင်သက်သေတစ်ယောက် ဖန်တီးပြီး သူ့ကို ခြိမ်းခြောက်လို့ရတယ်။ သူသာ အပြစ်မရှိဘူးဆိုရင် ဂရုမစိုက်ဘဲ ရဲတိုင်လိမ့်မယ်။ သူ စိတ်မအေးဖြစ်နေတယ်ဆိုရင်တော့ သူ တစ်ခုခုလုပ်ထားတယ်ဆိုတာကို သက်သေပြတာပဲ။ ဒါဆိုရင် ကျွန်တော်တို့ အဲဒါကို ငါးစာအဖြစ်အသုံးချပြီး သူ့ကို ဝန်ခံလာအောင် လုပ်လို့ရတယ်"

ယဲ့ချန်း၏စကားများကို ကြားပြီးနောက် ကျိုးစုစု၏မျက်ဝန်းအစုံ လင်းလက်သွားလေသည်။

"ဒါပေမဲ့ သက်သေက.. ကျွန်မတို့ ဘယ်လိုလုပ်ရနိုင်မှာလဲ"

ကျိုးစုစုမှာ မျက်မှောင်ကြုတ်၍ ပြောလိုက်လေသည်။

ယဲ့ချန်းကတော့ ခပ်ပြုံးပြုံးသာ။

"သက်သေအတွက် စိတ်မပူပါနဲ့။ ကျွန်တော် ဒါရိုက်တာတချို့နဲ့ ရင်းနှီးတယ်။ ရိုက်ကွင်းတစ်ခု ဖန်တီးလို့ရတယ်လေ။ အဝေးကကြည့်ရင် အင်္ကျီအရောင်တွေတူနေသရွေ့ သူ သတိထားမိမှာမဟုတ်ဘူး"

"ဟုတ်တယ်နော်။ ရှင် ဉာဏ်ကြီးရှင်ပဲ။ ဒါဆို ကူညီပေးပါဦးရှင်"

ကျိုးစုစု စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ဟားဟား.. ဒါက ပြည်သူနဲ့ရဲအရာရှိတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုသက်သက်ပါ။ အဲဒီအချိန်တုန်းက ဘာဖြစ်ခဲ့လဲဆိုတာ ကျွန်တော့်ကိုပြောပြပါဦး"

ယဲ့ချန်း မေးကြည့်လိုက်သည်။

"အင်း… အဲဒီအချိန်တုန်းက ကျန်းသုန်းက သူ အဘိုးကြီးနဲ့အဘွားကြီးကို ဓာတ်ပုံရိုက်ပေးချင်တယ်လို့ ပြောလိုက်တယ်။ သူတို့ တောင်စောင်းမှာ ထိုင်လိုက်တဲ့အချိန် အဘွားကြီးက သွေးတိုးလာပြီး အနောက်ကို မှီချလိုက်တော့ အဘိုးကြီးက သူ့ကိုလှမ်းဆွဲဖို့ ကြိုးစားရင်း နှစ်ယောက်စလုံး ပြုတ်ကျသွားတော့တာပဲတဲ့"

ယဲ့ချန်းလည်း ထိုစကားကိုနားထောင်ရင်း ခပ်ဖွဖွပြုံးလိုက်မိသည်။

သုန်းကျန်း၏ ဇာတ်လမ်းထွင်နိုင်စွမ်းမှာ ရုပ်ရှင်ထဲမှ ကျန်းသုန်းရှန်းနှင့်ပင် ယှဉ်နိုင်သည်။ သို့သော် ဤတစ်ခေါက်တွင် သူ့ပြိုင်ဘက်မှာ ကလေးသုံးယောက်မဟုတ်ဘဲ ယဲ့ချန်းဖြစ်နေသည်။

"စိတ်ချပါ။ သူ့သရုပ်မှန်ကို ကျွန်တော် သေချာပေါက်ဖော်ထုတ်ပေးမယ်"

ယဲ့ချန်းလည်း ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်လေသည်။

•••••••••••••

All Chapters