← Chapters

ပိုက်ဆံက ပြဿနာအားလုံးကို ဖြေရှင်းနိုင်တယ်

Vol. 4 Ch. 51

ပိုက်ဆံက ပြဿနာအားလုံးကို ဖြေရှင်းနိုင်တယ်

Vol. 4 Ch. 51

"ကတ်"

ဆရာယဲ့ထံမှ အော်သံကြောင့် လူတိုင်း သတိပြန်ဝင်လာခဲ့သည်။

အကြောင်းပြချက်တစ်စုံတစ်ရာကြောင့် ဆရာယဲ့မှာ ယဲ့ချန်းထံတွင် သူ့ငယ်ဘဝ၏ပုံရိပ်ကို မြင်လိုက်ရသည်။

ဆရာယဲ့ မတ်တတ်ထရပ်လိုက်သည်။

"ယဲ့ချန်း.. မင်းရဲ့တင်ဆက်မှုက အရမ်းကောင်းတာပဲ။ သရုပ်ဆောင်ချက် အမူအရာနဲ့ ဒိုင်ဘာလော့တွေက ကွက်တိပဲ"

"ယဲ့ချန်းက အရမ်းအံ့ဩဖို့ကောင်းတာပဲ။ ရှင်နဲ့အတူ သရုပ်ဆောင်ရင်း ကျွန်မရဲ့အရည်အချင်းတွေ တိုးတက်လာမယ်လို့ ခံစားမိတယ်"

လင်းယွင်ကလည်း ယဲ့ချန်းအား ချီးကျူးလိုက်သည်။

ဆရာယဲ့က သူ(မ)ကို ယဲ့ချန်းထံက သင်ယူလေ့လာဖို့ ပြောခဲ့တုန်းက သူ(မ) နည်းနည်းတော့ မလိုမလားဖြစ်မိသည်။

သို့သော် ဇာတ်ကွက်တစ်ခုကို အတူသရုပ်ဆောင်ပြီးနောက် ယဲ့ချန်း၏အရည်အချင်းကို သူ(မ) နက်နက်နဲနဲခံစားလိုက်ရသည်။ အထူးသဖြင့် ယဲ့ချန်းက သူ့ငယ်ဘဝအကြောင်း ပြောပြနေချိန်တွင် သူ့အမူအရာများမှာ အလွန်ပြောင်မြောက်လှ၏။

"ဒီလူငယ်လေးက အံ့ဩဖို့ကောင်းလိုက်တာ။ ရုပ်ရှင်တက္ကသိုလ်ဆင်းတစ်ယောက်ပဲ ဖြစ်ရမယ်"

"သူက ဝါရင့်သရုပ်ဆောင်တစ်ယောက်ရဲ့ သားဖြစ်မယ်ထင်တယ်။ အဲလိုမှမဟုတ်ရင် ဒီလောက်ကောင်းအောင် ဘယ်သရုပ်ဆောင်နိုင်မလဲ"

ယဲ့ချန်းက တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသောအခါ အားလုံးမှာ မယုံကြည်နိုင်ဟန်ဖြင့် ယဲ့ချန်းကို စိုက်ကြည့်နေမိကြသည်။

တက္ကစီဒရိုင်ဘာတစ်ယောက်က ဒီလောက်တောင်တော်ရသလား?

ယဲ့ချန်း၏သရုပ်ဆောင်စွမ်းရည်မှာ သူတို့ လိုက်တုရန် မဖြစ်နိုင်သော အရာမျိုးပင်။

"အဲဒီဇာတ်ကွက်က ကြည့်ရတာ အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတယ်။ နတ်ဘုရားအဆင့်သရုပ်ဆောင်ချက်ပဲ"

"ဟုတ်တယ်။ ငါ ကြိုးစားမှဖြစ်မယ်။ တက္ကစီဒရိုင်ဘာတစ်ယောက်ကတောင် ဒီလောက်အရည်အချင်းရှိနေရင် ငါတို့ ငတ်သေကြလိမ့်မယ်"

"ယဲ့ချန်းရဲ့သရုပ်ဆောင်စွမ်းရည်မျိုးနဲ့သာဆိုရင် ဒီရုပ်ရှင်လည်း ပေါက်မှာ သေချာတယ်"

ထိုအချိန်တွင် ဘေးနားမှနေ၍ ရိုက်ကွင်းကို ထိုင်ကြည့်နေသော ကျန်းယွီယွီက လက်ခုပ်တီး၍ အားပေးလေသည်။

"ယဲ့ချန်း… ရှင် သိပ်တော်တာပဲ။ ကျွန်မလေးစားတဲ့လူဆိုတာ အများကြီးမရှိဘူး။ ရှင်ကတော့ အဲဒီထဲက တစ်ယောက်ပဲ"

ကျန်းယွီယွီ ယဲ့ချန်းအား လေးစားမိသည်။

ရုတ်တရက်ဆန်သော လက်ခုပ်သံမှာ ယဲ့ချန်း၏သရုပ်ဆောင်စွမ်းရည်ကို အသိအမှတ်ပြုလိုက်ခြင်းပင်။

ဝါရင့်သရုပ်ဆောင်များ၊ ဇာတ်ပို့များ သို့မဟုတ် ရိုက်ကူးရေးအဖွဲ့သားများအားလုံး ယဲ့ချန်းကို ရက်ရက်ရောရော လက်ခုပ်ဩဘာပေးကြသည်။

"ကတ်!"

"အားလုံး တာဝန်ကျေပါတယ်။ ဒီနေ့လယ်တစ်ပိုင်းလောက် အနားယူလိုက်ပါဦး"

ရိုက်ကူးရေးမှာ ချောချောမွေ့မွေ့ပြီးစီးသွားခဲ့သဖြင့် ဆရာယဲ့လည်း စိတ်ကောင်းဝင်နေသည်။

လူတိုင်း ထွက်ခွာသွားပြီးနောက် ယဲ့ချန်းကတော့ ထွက်မသွားသေးဘဲ လက်ထောက်ဒါရိုက်တာကို သွားတွေ့လိုက်သည်။

"ဒါရိုက်တာချန်း.. ကျွန်တော့်ကို တစ်ခုလောက်ကူညီနိုင်မလား? ကျွန်တော် ရိုက်ကွင်းတစ်ခု ဖန်တီးချင်လို့"

"ဘာရိုက်ကွင်းလဲ"

ယဲ့ချန်း ပြုံးလိုက်လေသည်။

"အဘိုးကြီးစုံတွဲတစ်တွဲ တောင်ပေါ်က တွန်းချခံလိုက်ရတဲ့ အမှုကို ပြန်သရုပ်ဖော်မလို့။ ကျွန်တော် သရုပ်ဆောင်မဲ့လူတချို့ လိုချင်တယ်။ ကုန်ကျစရိတ်ကို ကျွန်တော် ခံပါ့မယ်"

ဒါရိုက်တာချန်လည်း အနည်းငယ်အံ့ဩသွားရသည်။ ယဲ့ချန်းအနေနှင့် ထိုကဲ့သို့သော ရိုက်ကွင်းမျိုးကို ဘာကြောင့်ရိုက်ချင်ရသလဲဆိုသည်ကို သူ နားမလည်သော်ငြား ခေါင်းညိတ်ပြလိုက်သည်။

ယဲ့ချန်းက ယခု ဆရာယဲ့၏ အလားအလာရှိ‌သော စတားတစ်ယောက်ဖြစ်နေလေပြီ။

ဇာတ်လမ်းဇာတ်ကွက်ကလည်း ရိုးရိုးရှင်းရှင်းရိုက်ကူးရမည်ဖြစ်ရာ ရုပ်ချင်းဆင်သော အရန်သရုပ်ဆောင်သုံးယောက်နှင့် နောက်ခံအစိမ်းရောင်ဖန်သားပြင်ကိုသာ လိုအပ်ပေလိမ့်မည်။

ကျန်တာကတော့ ထုတ်လုပ်ရေးပိုင်းမှ သက်ရောက်မှုများကို သုံးဖို့သာ လိုသည်။ု

နောက်တစ်နေ့တွင် ဒါရိုက်တာချန်းက ယဲ့ချန်းထံသို့ နမူနာပေးပို့လိုက်သည်။ ထုတ်လုပ်ရေးမှာ အလွန်လက်တွေ့ဆန်လှသည်။

ယဲ့ချန်းလည်း ကျိုးစုစု၏ဖုန်းနံပါတ်ကို ခေါ်လိုက်၏။

"အရာရှိကျိုး.. ကျွန်တော့်ဘက်က အဆင်သင့်ဖြစ်ပါပြီ။ ကော်ဖီဆိုင်မှာ တွေ့ကြတာပေါ့"

ကျိုးစုစုလည်း သဘောတူလိုက်သည်။

"ကောင်းပြီလေ။ ကော်ဖီဆိုင်မှာ တွေ့ကြမယ်"

တစ်နာရီအကြာတွင် ယဲ့ချန်းနှင့် ကျိုးစုစုတို့ ကော်ဖီဆိုင်သို့‌ ရောက်လာကြသည်။

ယဲ့ချန်းက ထိုဗီဒီယိုကို ကျိုးစုစုအား ပြလိုက်သောအခါ သူ(မ) အံ့အားသင့်သွားချေသည်။

"ဒါက တအားလက်တွေ့ဆန်လွန်းတယ်။ အစစ်နဲ့တောင် ခွဲမရဘူး"

ယဲ့ချန်းက ပြောလိုက်၏။

"ဒီကိစ္စကို ကျွန်တော်ကိုင်တွယ်လိုက်မယ်။ ကျွန်တော် သူ့နောက်ကြောင်းကို ခြေရာခံကြည့်မယ်။ တကယ်လို့ သူသာ တရားခံစစ်တယ်ဆိုရင် ဒီဗီဒီယိုကို ပြန်ဝယ်မှာပဲ"

ကျိုးစုစု ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ(မ)၏အိတ်ထဲမှ ကင်မရာအသေးလေးတစ်ခုကို ထုတ်လိုက်၏။

"ဒီကင်မရာကို ရှင့်ကြယ်သီးမှာတပ်ပေးလိုက်မယ်။ သတိထားနော်"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

"စိတ်ချပါ"

"ဒီကိစ္စသာ အဆင်ပြေရင် ကျွန်မ ရှင့်ကို တကယ်ကျေးဇူးတင်ရမှာပဲ"

ကျိုးစုစု ကျေးဇူးတင်လိုဟန်ဖြင့် ပြောလိုက်သည်။

ကျိုးစုစု သူ(မ)၏မသိစိတ်ကို ယုံကြည်သည်။ ကျန်းသုန်းက စင်စစ်သံသယဝင်ဖွယ်ကောင်းသော်ငြား မည်သူကမှ သူ(မ)ကို မယုံကြည်ကြချေ။

ထိုစုံတွဲ၏သမီးထံမှ ကြေကွဲဖွယ်ငိုကြွေးသံများကို နားထောင်ပြီးနောက် သူ(မ) အမှန်တရားကို ဖော်ထုတ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။

သို့သော် ရက်ပေါင်းများစွာ စုံစမ်းစစ်ဆေးခဲ့သည့်တိုင် ဘာသဲလွန်စမှ မရခဲ့ပေ။

ယဲ့ချန်း ပေါ်ပေါက်လာခြင်းက သူ(မ)အား ဤအမှုကို ဖြေရှင်းနိုင်မည့် မျှော်လင့်ချက်တစ်မျိုး ပေးစွမ်းနေပေသည်။

ခဏကြာအောင် ဆွေးနွေးပြီးနောက် ကျိုးစုစု ပြုံးလိုက်လေသည်။

"ကျေးဇူးတင်ပါတယ်ရှင်။ ကျွန်မ ရှင့်ကို နျိုမိသားစုရဲ့ဂျုံမုန့်ညက်ကို နေ့လယ်စာအဖြစ် လိုက်ကျွေးပါ့မယ်"

နျိုမိသားစု၏ဂျုံမုန့်ညက်မှာ အွန်လိုင်းတွင် နာမည်ကြီးနေသော ဆိုင်ဖြစ်၏။

ဆိုရှယ်မီဒီယာနှင့် ဗီဒီယိုအတိုလေးများထဲတွင် လူတိုင်းက ဤဂျုံမုန့်ညက် မည်မျှအရသာရှိကြောင်း ချီးကျူးနေကြသည်။

ယဲ့ချန်းကလည်း ပြုံး၏။

"ရတယ်လေ။ ကျွန်တော်လည်း စားချင်နေတာ"

သူတို့နှစ်ယောက်သား နျိုမိသားစု၏ ဂျုံမုန့်ညက်ဆိုင်သို့ ရောက်လာခဲ့သည်။

ထိုဆိုင်မှာ အလွန်နာမည်ကြီးလှပေသည်။ ဆိုင်အတွင်းရော အပြင်မှာပါ လူများ တန်းစီနေပေသည်။

ကျိုးစုစု သက်ပြင်းချလိုက်မိသည်။

"ကြည့်ရတာတော့ ကျွန်မ ရှင့်ကို ဝယ်မကျွေးနိုင်တော့ဘူးထင်တယ်။ အလှည့်ရောက်ဖို့ဆိုရင် နှစ်နာရီသုံးနာရီလောက်တော့ စောင့်ရမှာ"

ထိုအချိန်မှာပင် လှောင်ပြောင်ရိပ်စွန်းသော အသံတစ်သံ ထွက်ပေါ်လာသည်။

"ဪ ဒါက စုစုမဟုတ်လား"

စကားဆိုလာသူမှာ ရုပ်ရည်အမှတ်၇၀ရှိသော မိန်းကလေးတစ်ယောက်ပင်။

ကျိုးစုစုလည်း ဤမိန်းကလေးကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။

"စွင်း‌မေ့… နင်ရော ဒီကိုရောက်နေတာလား"

"ဒါက နင့်ရည်းစားလား? အရမ်းချောတာပဲနော်။ နင်က အရမ်းလှတော့ နင့်ရည်းစားကလည်း ထူခြားနေရမှာပေါ့။ လူချောလေးက ဘာအလုပ်လုပ်တာလဲ"

စွင်းမေ့ ရယ်မောလိုက်ချေသည်။

ယဲ့ချန်း ခပ်ဖွဖွသာ ပြုံးလိုက်မိသည်။

"ကျွန်တော်က တက္ကစီဒရိုင်ဘာတစ်ယောက်ပါ"

တက္ကစီဒရိုင်ဘာလား?

စွင်းမေ့မှာ တဒင်္ဂမျှ ကြက်သေသေသွားသည်။ ထို့နောက် လှောင်ပြောင်လိုဟန်ဖြင့် ရယ်လိုက်မိလေတော့သည်။

ကျိုးစုစုနှင့် စွင်းမေ့တို့မှာ အထက်တန်းကျောင်းတုန်းက အတန်းဖော်များဖြစ်ကြ၏။

ထိုစဉ်က စွင်းမေ့က ကောင်လေးတစ်ယောက်ကို ကြိုက်ခဲ့ဖူးသည်။ သူ့ဘက်က အစွမ်းကုန်ကြိုးစားခဲ့သော်လည်း ထိုကောင်လေးကတော့ ကျိုးစုစုကိုသာ တစ်ဖက်သတ်စွဲလမ်းနေခဲ့သည်။ ထို့ကြောင့် စွင်းမေ့လည်း ကျိုးစုစုအပေါ် အငြှိုးထားခဲ့လေသည်။

သူတို့ ကျောင်းပြီးထားသည်မှာ နှစ်ပေါင်းများစွာ ကြာပြီးသွားပြီဆိုသော်ငြား ကျိုးစုစုက သူ(မ)ကို စိတ်အနှောင့်အယှက်ပေးနေဆဲပင်။

ကျိုးစုစု၏ရည်းစားက တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရချိန်မှာ သူ(မ)လည်း လက်စားချေဖို့ အခွင့်အရေးတစ်ခုကို လက်မလွှတ်နိုင်ပေ။

"ဪ တက္ကစီဒရိုင်ဘာလား။ ကောင်းသားပဲ။ နင်လည်း ဂျုံမုန့်ညက်စားချင်လို့လား။ လူတွေက တအားများနေတော့ ငါ့ကောင်လေးက နေရာတစ်နေရာဝယ်ဖို့ ဒေါ်လာတစ်ထောင် သုံးလိုက်တာလေ။ လူနည်းနည်းလောက်ထွက်သွားပြီးရင် ငါတို့အလှည့်ရောက်ပြီ"

စွင်းမေ့က ကျိုးစုစုအား ကြွားလိုက်သည်။

စွင်းမေ့က ဤစကားကိုလည်း တမင်တကာထပ်ဖြည့်လိုက်သေးသည်။

"လူတစ်ယောက်ကို ဂျုံမုန့်ညက်နှစ်ခုပဲ ဝယ်လို့ရတာတော့ နှမြောစရာပဲ။ အဲလိုမှမဟုတ်ရင် ငါ နင့်ကိုကူညီပေးမှာ။ ဒါမှမဟုတ် နင့်ကောင်လေးကိုလည်း ဒေါ်လာတစ်ထောင်နဲ့ နေရာတစ်နေရာလောက် ဝယ်ခိုင်းလိုက်လေ"

ကျိုးစုစု မျက်မှောင်ကြုတ်လိုက်မိသည်။

"ထားလိုက်တော့ ယဲ့ချန်း.. လူတွေအများကြီးပဲဆိုတော့ ကျွန်မတို့ တခြားနေရာမှာပဲ သွားစားရအောင်"

ယဲ့ချန်းဘက်က ဘာမှမပြောနိုင်ခင်မှာပင် စွင်းမေ့က ဝင်ပြောလိုက်သည်။

"စုစု..နင့်ကောင်လေးက နင့်အတွက် ပိုက်ဆံတစ်ထောင်လောက်တောင် မသုံးနိုင်ဘူးလား။ ဟေ့ နင်က အရမ်းလှတာနော်။ သူဌေးတစ်ယောက်ရဲ့ ဇနီးဖြစ်နိုင်ပါတယ်ဟ။ ဘာလို့ ရဲမေလုပ်ရတာလဲ။ ငါ့ကိုကြည့်လိုက်… ဒီဇိုင်နာအိတ်နဲ့ လက်ဝတ်လက်စားတွေချည်းပဲ ဆင်ထားတာ။ ပိုက်ဆံက အရာအားလုံးကို ဖြေရှင်းနိုင်စွမ်းရှိတယ်။ နင်လည်း တခြားကောင်လေးတစ်ယောက်ကို ရှာသင့်တယ်"

ဤစကားကိုကြားသော် ကျိုးစုစု မျက်ခုံးပင့်လိုက်မိသည်။

"ငါ့မှာ ဘယ်လိုကောင်လေးမျိုးပဲရှိရှိ နင်နဲ့မဆိုင်ဘူး။ ယဲ့ချန်း သွားရအောင်"

ကျိုးစုစုနှင့် ယဲ့ချန်းတို့ တွေ့တာမကြာသေးသော်လည်း စွင်းမေ့က သူ(မ)၏မိတ်ဆွေကို စော်ကားနေသဖြင့် သူ(မ) စိတ်အနှောင့်အယှက်ဖြစ်မိသည်။

"ခဏနေဦး"

ယဲ့ချန်း သူ(မ)ကို တားလိုက်သည်။

စွင်းမေ့ကတော့ ယဲ့ချန်းအား လှောင်ပြုံးဖြင့် ကြည့်နေလေသည်။

"ဪ ရှက်သွားတာလား? စဉ်းစားကြည့်လေ.. ပိုက်ဆံတစ်ထောင်ဆိုတာ တက္ကစီဒရိုင်ဘာတစ်ယောက်အတွက် တစ်ပတ်စာဝင်ငွေလောက်ရှိတာကိုး"

ယဲ့ချန်း ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီးနောက် သူ့ဖုန်းကို ထုတ်လိုက်၏။

"မင်္ဂလာပါ မန်နေဂျာဝမ်? နာမည်ကြီးနေတဲ့ နျိုမိသားစုဂျုံမုန့်ညက်ဆိုတဲ့ ဆိုင်တစ်ဆိုင်ရှိတယ်။ ခင်ဗျား အဲဒီဆိုင်ကို ဆယ်မိနစ်အတွင်း ဝယ်ပေးနိုင်မလား"

ဖုန်းချလိုက်ပြီးနောက် စွင်းမေ့နှင့် ကျိုးစုစုတို့ခမျာ ကြက်သေသေကုန်ကြသည်။

ယဲ့ချန်း ဘာပြောလိုက်တာလဲ? ဒီဆိုင်ကို ဝယ်ချင်တယ်တဲ့လား?

ယဲ့ချန်းက တည်တည်ငြိမ်ငြိမ်ဖြင့်သာ ‌ပြောလိုက်၏။

"မင်းပြောတာအမှန်ပဲ။ ပိုက်ဆံက ပြဿနာအားလုံးကို ဖြေရှင်းနိုင်တယ်"

••••••••••••

All Chapters