ငါ့မှာ အခွင့်အရေးရှိသေးလား
Vol. 4 Ch. 53
ယဲ့ချန်း၏စကားကို နားထောင်ပြီးနောက် ကျန်းသုန်း၏အမူအရာမှာ ပြောင်းလဲသွားလေသည်။
"အဲဒါက ဘာအဓိပ္ပာယ်လဲ?"
ယဲ့ချန်း ခပ်ဖွဖွပြုံးလျက် ပြောလိုက်၏။
"တက္ကစီငှားချင်လား"
"မလိုဘူး"
ကျန်းသုန်း အေးတိအေးစက်သာ ပြောလိုက်၏။
"မလိုဘူးဆိုရင်လည်း ဆောရီးနော်။ ငါက ရဲစခန်းကိုသွားမလို့။ ရဲတွေက ငါ့ကိစ္စကို တော်တော်စိတ်ဝင်စားကြလိမ့်မယ်ထင်တယ်"
ယဲ့ချန်းက အမှုမထားဟန်ဖြင့် ပခုံးတွန့်ပြလိုက်ပြီးနောက် သူ့ရှားလိကားစုတ်လေးဘက်သို့ လျှောက်သွားလိုက်သည်။
ကျိုးစုစုကတော့ မလှမ်းမကမ်းရှိ ကားတစ်စီးထဲတွင် ထိုင်နေပြီး အလွန်စိတ်လှုပ်ရှားနေ၏။
ကျန်းသုန်းသာ လိုက်မလာခဲ့ပါက သူသည် အပြစ်ကင်းသူဖြစ်ပြီး သူ(မ)ဘက်က အမြင်မှားခဲ့သည်ဟူသော သဘောပင်။
သို့သော် ကျန်းသုန်းသာ ယဲ့ချန်းနှင့်အတူ ကားထဲသို့ လိုက်သွားခဲ့လျှင် သူ့တွင် အပြစ်ရှိကြောင်း သေချာသည်။
ယဲ့ချန်းက ခြေလှမ်းအနည်းငယ်မျှ လျှောက်ပြီးနောက် ကျန်းသုန်းက အနောက်မှ ရုတ်တရက်ကြီး ပြောလာသည်။
"နေဦး ငါ တက္ကစီငှားမယ်"
ကျန်းသုန်း၏စကားကို ကြားသောအခါ ယဲ့ချန်း၏နှုတ်ခမ်းထောင့်စွန့်များ တွန့်ကွေးသွားရသည်။
ဒီလူ့မှာ တကယ်အပြစ်ရှိတာပဲ!
ယဲ့ချန်းက ကားမောင်းသူထိုင်ခုံတွင် ဝင်ထိုင်လိုက်ချိန်တွင် ကျန်းသုန်းက အနောက်တံခါးကို ဖွင့်လိုက်၏။
"အရှေ့မှာပဲ လာထိုင်ပါ။ အဲဒါမှ စကားပြောဖို့အဆင်ပြေမှာ"
ယဲ့ချန်းက အမှုမထားဟန်ဖြင့် ပြောလိုက်လေသည်။
ကျန်းသုန်းက လူတစ်ယောက်ကို သတ်ထားပြီးဖြစ်လေရာ ယခုအချိန်တွင် သူသည် မကောင်းဆိုးဝါးတစ်ယောက် ဖြစ်နေလေပြီ။ အနောက်ခုံမှာ ထိုင်ခိုင်းလိုက်ပါက အလွန်အန္တရာယ်များလှသည်။
ကျန်းသုန်းလည်း တဒင်္ဂမျှ တုံ့ဆိုင်းသွားပြီးနောက် ခရီးသည်ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
"မင်း ငါ့ကို ဘာပြောချင်တာလဲ"
ကျန်းသုန်းက အေးတိအေးစက်ပြောလိုက်ချေသည်။
ယဲ့ချန်း ခပ်ဖျော့ဖျော့ပြုံးလိုက်၏။
"တကယ်တော့ အဲဒီနေ့တုန်းက ငါလည်း တောင်ထွတ်ခြောက်ခုတောင်တန်းကို သွားခဲ့တယ်။ ရှုခင်းပုံတွေကို ဓာတ်ပုံရိုက်ဖို့ ပြင်လိုက်ပေမဲ့ ရုတ်တရက်ကြီး တခြားတစ်ခုကို ရိုက်လိုက်မိတယ်လေ"
ယဲ့ချန်းက ကားမောင်းရင်း ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
"မင်းပြောတာကို ငါနားမလည်ဘူး"
ကျန်းသုန်း၏အမူအရာမှာ တည်ငြိမ်နေဆဲပင်။
ကျန်းသုန်းက အလွန်တည်ငြိမ်လှကြောင်းကိုမူ ဝန်ခံရပေလိမ့်မည်။ သူ့မျက်လုံးထဲရှိ ထိတ်လန့်မှုကို ယဲ့ချန်း အာရုံခံစားလိုက်မိသော်လည်း သူ့မျက်နှာထက်တွင်မူ နည်းနည်းမှထုတ်မပြချေ။
မီးပွိုင့်ကား မီးနီသွားသည်။
"ဒီမှာရော့… မင်းကို တစ်ခုပြမယ်"
ယဲ့ချန်းလည်း ကားရပ်လိုက်ပြီးနောက် သူ့ဖုန်းကို ထုတ်လိုက်၏။
ဖုန်းမျက်နှာပြင်ပေါ်၌ ဗီဒီယိုတစ်ခု စတင်ပြသနေချေသည်။
ဗီဒီယိုမှတ်တမ်းမှာ ခပ်ဝေးဝေးက ရိုက်ကူးထားသော်ငြား သက်ကြီးစုံတွဲက တစ်ဖက်တောင်တန်းရှိ ကျောက်တုံးပေါ်တွင် ထိုင်နေကြောင်း မသိမသာမြင်နိုင်လေသည်။
လူငယ်လေးတစ်ယောက်က အစကတော့ သူတို့ဓာတ်ပုံကို ရိုက်ပေးနေဟန်ရှိသော်ငြား ခဏအကြာတွင် ထိုစုံတွဲနားသို့ ကပ်သွားလေသည်။
ပြင်းထန်လှသော အပြောင်းအလဲတစ်ခုက ရုတ်တရက်ဖြစ်ပွားသွာသည်။ ထိုလူငယ်လေးက ထိုသက်ကြီးစုံတွဲကို တောင်စောင်းပေါ်မှ ခပ်ပြင်းပြင်းတွန်းချလိုက်ခြင်းပင်။
ထိုအချိန်တွင် မီးစိမ်းသွားပြီဖြစ်သောကြောင့် ယဲ့ချန်းလည်း သူ့ဖုန်းကို ပြန်သိမ်း၍ အမှုမထားလေဟန်ဖြင့် ကားကို ဆက်မောင်းလိုက်သည်။
သို့သော် သူ့ဘေးရှိ ကျန်းသုန်း၏အမူအရာကတော့ အလွန်ပျက်ယွင်းလာလေသည်။
ထိုဗီဒီယိုကိုမြင်ပြီးနောက် ကျန်းသုန်း၏စိတ်ထဲ ထိတ်လန့်သွားလေသည်။ အစကတော့ သူ ထိုကိစ္စကို အပြစ်အနာအဆာကင်းကင်းဖြင့် လုပ်နိုင်ခဲ့သည်ဟု ထင်ထားမိသည်။ သို့သော် ဗီဒီယိုအရိုက်ခံလိုက်ရပေသည်။
ထိုဗီဒီယိုထဲရှိ နေရာကား သူ ထိုစုံတွဲကို တွန်းချခဲ့သောနေရာပင်။
အဝေးမှရိုက်ထားခြင်းဖြစ်သော်ငြား သူ့ပုံရိပ်နှင့် ထိုအဘိုးကြီးတို့စုံတွဲကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။
ကျန်းသုန်းလည်း အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် ယဲ့ချန်းကို ပြောလိုက်၏။
"မင်း ဘာလိုချင်လို့လဲ"
ယဲ့ချန်းလည်း ရယ်မောလျက် ပြောလိုက်လေသည်။
"မင်း အဲဒီအဘိုးကြီးတို့အတွဲကို ဘာလို့သတ်ခဲ့တာလဲ"
ကျန်းသုန်း၏အမူအရာကား ရုတ်ခြည်းတင်းမာသွားချေသည်။
"အစတုန်းက ငါ ရာထူးတိုးတော့မှာ။ ဒါပေမဲ့ ဒီသေခါနီးအဘွားကြီးက သူ့သမီးကို ကုမ္ပဏီမှာ ပြဿနာလာရှာဖို့ တိုက်တွန်းလိုက်တာလေ။ အဲဒါကြောင့် ငါရရမဲ့ရာထူးတိုးက မရတော့ဘူး။ ငါ ဒီအခွင့်အရေးကို ဘယ်နှနှစ်လောက် စောင့်ခဲ့ရလဲဆိုတာ မင်းသိလား"
သူ့ခံစားချက်ကို ထုတ်ပြပြီးနောက် ကျန်းသုန်းက ဆက်ပြောလေသည်။
"အဲဒီနောက် သူတို့သမီးက လူကုံထံတစ်ယောက်ကိုရှာတွေ့သွားပြီး ငါ့ကို စွန့်ပစ်ချင်လာရော။ သူတို့ ဘာပြောတယ်မှတ်လဲ? ငါကအရည်အချင်းမရှိလို့ သူတို့သမီးက ကွာရှင်းချင်တာတဲ့လေ။ ငါ ဘာလုပ်ရဦးမှာလဲ"
"ငါ့မှာတော့ နေ့နေ့ညည မမောမပန်းနိုင်အောင် အလုပ်လုပ်နေရတာ။ ဒါကလည်း ဒီမိသားစုအတွက်ပဲ။ သူတို့သမီး ကောင်းကောင်းမွန်မွန်နေထိုင်နိုင်အောင်လို့လေ။ သူတို့ကတော့ ငါ့ကို ဒီလိုဆက်ဆံကြတယ်"
ကျန်းသုန်း၏လေသံမှာ စိတ်ကစဉ့်ကလျားဖြစ်နေဟန်တူသည်။
ယဲ့ချန်း သက်ပြင်းချမိသည်။
ဤကမ္ဘာရှိ ကျန်းသုန်းနှင့် တီဗီထဲရှိ ကျန်းသုန်းရှန့်က တူညီမှုများစွာရှိသည်ဟု ဆိုနိုင်ပေသည်။ သူသည် လူဆိုးတစ်ယောက်မဟုတ်ပေ။
ကျန်းသုန်းက ရိုးသားသူတစ်ယောက်ဟုပင် ဆိုနိုင်သည်။
သို့သော် ရိုးသားသူများ၏နှလုံးသားထဲတွင်လည်း နတ်ဆိုးတစ်ကောင် ရှိ၏။ ထိုနတ်ဆိုး နိုးထလာလျှင် အခြားအရာများထက် ပိုကြောက်ဖို့ကောင်းသည်။
ကျန်းသုန်းက သူ့ခံစားချက်များကို တည်ငြိမ်အောင်လုပ်ပြီး ပြောလိုက်၏။
"ငါတို့တွေက ယောကျ်ားတွေပဲ။ မင်းလည်း ငါ့ခံစားချက်ကို နားလည်မှာပါ"
ယဲ့ချန်း သက်ပြင်းချလိုက်မိသည်။
"မင်း ကိုယ်တိုင်ဝန်ခံသင့်တယ်နော်။ သူတို့ကလည်း မင်းကို သက်ညှာပေးမှာပါ"
ကျန်းသုန်း၏မျက်လုံးထဲတွင် အေးစက်မှုအရိပ်အယောင်တစ်ခု ပေါ်ပေါက်လာသည်။
"ဝန်ခံရမှာလား? အဲဒီမိန်းမကို ဒုတိယမျိုးဆက်လူကုံထံတစ်ယောက်နဲ့ လက်ထပ်လို့ရအောင်လို့လား? ငါကတော့ ထောင်ထဲဝင်ရမယ်ပေါ့? မဖြစ်နိုင်တာ! ငါသေရင်တောင် သူ့ကို အရင်ဆွဲခေါ်သွားမှာ"
ကျန်းသုန်း၏မျက်လုံးထဲတွင် ရူးသွပ်မှုအရိပ်အယောင်တစ်ခုကို ယဲ့ချန်း မြင်လိုက်ရသည်။ ထို့နောက် ကျန်းသုန်းက ရုတ်တရက်ထရယ်ပြီး ပြောလိုက်၏။
"ငါ့မှာ အခွင့်အရေးရှိသေးတယ်လို့ မင်းထင်လား?"
ရင်းနှီးနေသော ဤဒိုင်ယာလော့ကို ကြားလိုက်ရသောအခါ ယဲ့ချန်း၏ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်းထသွားလေသည်။
ကျန်းသုန်း၏မျက်လုံးထဲရှိ သတ်ဖြတ်လိုသောအရိပ်အယောင်ကို ယဲ့ချန်း နားလည်သည်။ ဤလူ့ကို ကယ်တင်၍ မရနိုင်တော့ပေ။
"သုံးသိန်း"
ယဲ့ချန်းက တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။
"ကောင်းပြီလေ။ ဒါပေမဲ့ ဘဏ်ကတ်က ငါ့အိမ်မှာ။ ပိုက်ဆံလိုချင်ရင် မင်း ငါနဲ့အတူ အိမ်ကိုလိုက်ခဲ့မှဖြစ်မယ်"
ကျန်းသုန်း ထိုသို့ပြောလိုက်၏။
ယဲ့ချန်းလည်း သူ့မျက်လုံးများကို မှေးကျဉ်းလိုက်မိသည်။ အကြောင်းမှာ ကျန်းသုန်း၏မျက်လုံးထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အရိပ်အယောင်တစ်ခုကို မြင်လိုက်ရသောကြောင့်ပင်။
"ရတယ်လေ"
သို့သော် ယဲ့ချန်းကတော့ သဘောတူလိုက်ဆဲသာ။
ဗီဒီယိုသက်သေကို သူ ရိုက်ထားပြီးဖြစ်သော်ငြား ကျန်းသုန်းအနေနှင့် ဝန်ခံရန် ရုပ်သိမ်းနိုင်ပေသည်။ သူပြောသမျှမှာ အဓိပ္ပာယ်မရှိဟု ဆိုလာနိုင်သည်။
အမှုကို ခိုင်လုံအောင်လုပ်ရန်အတွက် သူ့အနေနှင့် ကျန်းသုန်းကို သူ့အား အကြမ်းဖက်လာအောင် လုပ်ခွင့်ပေးရန် လိုပေသည်။
ကျိုးစုစုက သူ့နောက်မှလိုက်လာကြောင်း ယဲချန်း သိသည်။ ထို့ကြောင့်လည်း စွန့်စားဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။
ကျိုးစုစုက ယဲ့ချန်း၏ရှားလိကားဘေးတွင် ကပ်လိုက်လာသည်။
"ဒီလူက ဘာလုပ်နေတာလဲ။ ကျန်းသုန်းရဲ့အိမ်ကိုမောင်းနေတာလား"
ကျိုးစုစု မျက်မှောင်ကြုတ်လိုက်မိသည်။ ကျန်းသုန်းကို ကားထဲဝင်လာအောင် လုပ်နိုင်ခြင်းကပင် သူ့တွင် အပြစ်ရှိကြောင်း သက်သေပြလိုက်ပြီဖြစ်၏။
ယခု ယဲ့ချန်းက ကျန်းသုန်း၏အိမ်ကို မောင်းနေခြင်းမှာ သူ့အတွက် အလွန်အန္တရာယ်များလှသည်။
ကျန်းသုန်းမှာ လူသတ်သမားတစ်ယောက်ဖြစ်၏။ လူတစ်ယောက်ကိုတောင် သတ်ထားပြီးဖြစ်လေရာ နောက်တစ်ယောက်ကိုလည်း ထပ်သတ်ဖို့ ဝန်မလေးတော့ပေ။
"ဒီလူ ဘာလုပ်နေတာလဲ"
ကျိုးစုစု အနည်းငယ်စိတ်ပူမိသည်။ ယဲ့ချန်း ဤအမှုထဲသို့ ပါဝင်ပတ်သက်လာခြင်းမှာ သူ(မ)ကြောင့်ပင်။ တစ်ခုခုဖြစ်သွားပါက သူ(မ) ယဲ့ချန်းကို ဘယ်လိုမျက်နှာပြရမလဲ။
ယဲ့ချန်း၏ ရှားလိကားလေးက ကျန်းသုန်း၏အိမ်ရှေ့တွင် ရပ်လိုက်လေသည်။
"ဒီမှာစောင့်နေ။ ငါ မင်းအတွက် ဘဏ်ကတ်သွားယူလိုက်ဦးမယ်"
ကျန်းသုန်းက ဩရှရှအသံဖြင့် ပြောလိုက်၏။
ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီလေ"
ကျန်းသုန်း ကားထဲမှထွက်သွားပြီးနောက် ကျိုးစုစုထံမှ ဖုန်းဝင်လာခဲ့သည်။
"ယဲ့ချန်း ရှင် ဘာတွေကြံနေတာလဲ? စီစဉ်ထားတဲ့အတိုင်း ဘာလို့မလုပ်တာလဲ"
"ကျန်းသုန်းက အရမ်းဉာဏ်များတယ်။ ငါတို့ ဗီဒီယိုရိုက်ထားပေမဲ့ သူ့ဘက်က တရားရုံးမှာ အချိန်မရွေးငြင်းလိုက်နိုင်တယ်။ အမှုကို ပိုခိုင်လုံအောင်လုပ်ဖို့အတွက် ငါတို့ သူ့ကို လူသတ်မှုထပ်ကျူးလွန်ခိုင်းမှဖြစ်မယ်"
ယဲ့ချန်း ထိုသို့ပြောလိုက်၏။
"ဘာ? ရှင်က ကိုယ့်ကိုယ်ကိုယ် ငါးစာအဖြစ် အသုံးချနေတာပဲ။ ကျွန်မ လက်မခံဘူး"
ကျိုးစုစု အလန့်တကြားဖြင့် ပြောလိုက်မိသည်။ ယဲ့ချန်း ဤမျှအထိရဲလိမ့်မည်ဟု သူ(မ) ထင်မထားပေ။ ကျန်းသုန်းကို ဖြောင့်ချက်ပေးလာရန်အတွက်နှင့် သူက သူ့ကိုယ်သူ စွန့်စားဖို့အထိ လိုလားနေသည်။ တစ်ဖက်လူမှာ လူသတ်သမားတစ်ယောက်ပင်။
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်သည်။
"စိတ်မပူပါနဲ့။ လုပ်ရဲတယ်ဆိုတာကလည်း ယုံကြည်မှုအပြည့်ရှိလို့ပါ"
ထိုအချိန်တွင် ကျန်းသုန်း ပြန်ထွက်လာပြီး ရှားလိကားထဲသို့ ပြန်ဝင်လာလေသည်။
"ကောင်းပြီလေ။ ရော့ ဒီမှာဘဏ်ကတ်။ အထဲမှာ သုံးသိန်းရှိတယ်။ ငါ အဲဒီဗီဒီယိုကိုလိုချင်တယ်"
ယဲ့ချန်း ပြုံးလျက် ပြောလိုက်လေသည်။
"ရတာပေါ့"
ထို့နောက် ယဲ့ချန်းက ကျန်းသုန်းအား ထိုဖုန်းကို ပစ်ပေးလိုက်၏။ ကျန်းသုန်းကမူ ယဲ့ချန်းကို စိုက်ကြည့်နေ၏။
"မင်း ဗီဒီယိုကို ကော်ပီကူးမထားဘူးဆိုတာ ငါက ဘယ်လိုလုပ်သိနိုင်မှာလဲ"
ယဲ့ချန်း ပြုံးလိုက်လေသည်။
"ငါက လောဘကြီးတဲ့လူတစ်ယောက် မဟုတ်ပါဘူး။ မင်းပိုက်ဆံကို ယူထားပြီဆိုမှတော့ မင်းကို ပြဿနာထပ်ရှာတော့မှာမဟုတ်ဘူး"
ထိုအခါ ကျန်းသုန်းက ရုတ်တရက်ရယ်လိုက်၏။
"ကောင်းပြီ။ ငါ့မိန်းမကိုသွားတွေ့ချင်လို့ မင်း လိုက်ပို့ပေးနိုင်မလား"
ယဲ့ချန်း သဘောတူလိုက်သည်။
"ရပါတယ်။ ဘယ်ကိုသွားရမှာလဲ"
"၁၃၈ ဝေ့မင်လမ်းမ"
ယဲ့ချန်းလည်း တည်နေရာကို ချက်ချင်းရိုက်ထည့်လိုက်သည်။ ထိုနေရာကား လူခြေတိတ်လှသော မြို့စွန်ဘက်ပင်။
တိုက်တိုက်ဆိုင်ဆိုင်ပင် လွန်ခဲ့သည့်ရက်အနည်းငယ်ကမှ ထိုရပ်ကွက်ကို ဖြိုချလိုက်ပြီဟူသော သတင်းတစ်ပုဒ်ကို ယဲ့ချန်း ဖတ်လိုက်ရသည်။
ဒီလူက နှုတ်ပိတ်ဖို့အတွက် လူသတ်ချင်နေပြီပဲ!
••••••••••••••