← Chapters

နတ်ဆိုးကိုမောင်းထုတ်ခြင်း

Vol. 4 Ch. 54

နတ်ဆိုးကိုမောင်းထုတ်ခြင်း

Vol. 4 Ch. 54

ယဲ့ချန်း ကားမောင်းနေရင်း ကျန်းသုန်း၏လှုပ်ရှားမှုများကိုလည်း အမြဲမပြတ်စောင့်ကြည့်နေခဲ့သည်။

ကျန်းသုန်းကတော့ အတွေးနယ်ကျွံနေဟန်ဖြင့် အပြင်ဘက်ကိုသာ ကြည့်နေလေသည်။

"ဒီလိုလုပ်ဖို့ တကယ်လိုအပ်လို့လား? မင်းတို့ အတူမရှိနိုင်ဘူးဆိုရင်လည်း ကွဲလိုက်ကြပေါ့"

ယဲ့ချန်းက ကားထဲရှိ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ ကျန်းသုန်းကမူ အေးစက်စက်ရယ်မောလိုက်၏။

"ကွဲရမှာလား? ငါ ဒီမိသားစုအတွက် ဘယ်လောက်စတေးထားရလဲဆိုတာ မင်းသိလား"

ကျန်းသုန်းက အသက်ပြင်းပြင်းရှူသွင်းပြီး ဆက်ပြောပြန်သည်။

"အိမ်မှာဆိုရင် ငါ သူတို့ကို အစေခံတစ်ယောက်လို အလုပ်အကျွေးပြုရတယ်။ သူ့မိဘတွေရဲ့ အဆူအငေါက်ကိုတောင် ခံရတယ်။ ငါလုပ်ခဲ့တာဆိုလို့ ငါ့ဘော့စ်နဲ့ လုပ်ငန်းသဘောအရ ညစာစားတာလေးတချို့ပဲ ရှိတာပါ။ သူတို့ကတော့ သူတို့သမီးကိုလွှတ်ပြီး ရုံးမှာ ရုန်းရင်းဆန်ခတ်တွေဖြစ်အောင် လုပ်ခဲ့တယ်။ အဲဒီအတွက် ငါ အကြာကြီးစောင့်မျှော်နေခဲ့ရတဲ့ ရာထူးတိုးကိုလည်း စွန့်လွှတ်ခဲ့ရတယ်။ ဒါပေမဲ့ သူတို့သမီးကတော့ ငါ့ကိုဖောက်ပြန်ပြီး ငါက အရည်အချင်းမရှိလို့ပါဆိုပြီး အပြစ်ပုံချသွားတယ်"

ယဲ့ချန်းလည်း သူနှင့်အတူ သက်ပြင်းလိုက်ချမိတော့သည်။

ကျန်းသုန်းက ကြံရာမရဖြစ်သည့်အဆုံး ထိုသို့လုပ်ခဲ့မိခြင်းပင်။

"ငါ့မိန်းမကို ငါချစ်တယ်။ ဒီမိသားစုကို ငါချစ်တယ်။ ဒါပေမဲ့ သူတို့ကတော့ ငါ့ကို ဒီလမ်းဆုံးအထိရောက်အောင် တွန်းပို့ခဲ့ကြတယ်"

"ဒါပေမဲ့ မင်း သူ့မိဘတွေကိုတော့ မသတ်သင့်ဘူးလေ"

"ငါ သူတို့ကို အခွင့်အရေးပေးခဲ့သားပဲ။ ဒါပေမဲ့ သူတို့က ငါ့ကို အခွင့်အရေးတစ်ခု‌လေးတောင် မပေးခဲ့ကြဘူး"

ကျန်းသုန်းက အံတင်းတင်းကြိတ်လျက် ပြောလိုက်၏။ ယဲ့ချန်းလည်း စကားလမ်းကြောင်း ပြောင်းလိုက်ရသည်။

"မင်း ငါ့ကိုရော သတ်ချင်လား"

ကျန်းသုန်းခမျာ ယဲ့ချန်းကိုကြည့်ရင်း အနည်းငယ်တုန်ယင်သွားလေသည်။ ယဲ့ချန်းကတော့ ကားကို လမ်းဘေးသို့ ထိုးရပ်လိုက်၏။

"မင်းပြောတဲ့နေရာက လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ဖြိုချလိုက်ပြီ။ အဲဒီမှာ ဘယ်သူမှမရှိဘူး။ မင်းက ငါ့ကိုသတ်ဖို့ အဲဒီကိုမျှားခေါ်သွားတာမလား"

"မင်း…"

ကျန်းသုန်း၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားသည်။ ယဲ့ချန်းက သူ့အစီအစဉ်ကို သတိထားမိလိမ့်မည်ဟု ထင်မထားချေ။

"ဆောရီး ဒါပေမဲ့ ဒီကမ္ဘာပေါ်မှာ ငါ ဘယ်သူ့ကိုမှမယုံတော့ဘူး။ သေတဲ့လူတွေကပဲ လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးထားနိုင်တာ"

ထိုသို့ပြောပြီးနောက် သုန်းကျန်းက သူ့အိတ်ကပ်ထဲမှ ဓားတစ်လက်ကို ဆွဲထုတ်၍ ယဲ့ချန်းကို ထိုးချလိုက်လေတော့သည်။

ယဲ့ချန်းကလည်း ကြိုတင်ပြင်ဆင်ထားပြီးသားပင်။ ထို့ကြောင့် ကျန်းသုန်း၏လက်ကို ဖမ်းဆုပ်လိုက်နိုင်သည်။

မည်သို့ပင်ဖြစ်စေကာမူ ကျန်းသုန်းက အားနည်းလှသော ပညာတတ်တစ်ယောက်ဖြစ်ပြီး ယဲ့ချန်း၏ခန္ဓာကိုယ်ကတော့ အဆင့်မြှင့်တင်ထားခြင်းဖြစ်လေရာ ကျန်းသုန်းက သူ့ကို မည်သို့ယှဉ်နိုင်မည်နည်း။

မကြာခင်မှာပင် ကားမီးရောင်များ လင်းလက်လာပြီးနောက် ကျိုးစုစု အနားသို့မောင်းလာလေသည်။ ကျန်းသုန်းကိုတော့ ယဲ့ချန်းက နှိမ်နင်းထားပြီးဖြစ်၏။

ကျိုးစုစုလည်း ကျန်းသုန်းကို လက်ထိပ်ခတ်လိုက်လေတော့သည်။ ကျိုးစုစုကို မြင်သောအခါ ကျန်းသုန်းလည်း ရုတ်ခြည်းဆိုသလို တစ်စုံတစ်ရာကို သဘောပေါက်သွားလေသည်။

"မင်းတို့နှစ်ယောက် ပူးပေါင်းကြံစည်ခဲ့ကြတာပဲ"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်၏။

"ကျန်းသုန်း… မင်းက လူဆိုးတစ်ယောက်မဟုတ်ပါဘူး။ မင်းကို နတ်ဆိုးအဖြစ် ပြောင်းလဲပစ်ခဲ့တဲ့ လှည့်ဖြားတတ်တဲ့မိန်းမတစ်ယောက်ကို ကံဆိုးပြီး လက်ထပ်ခဲ့မိရုံပါ"

ကျန်းသုန်းကို ရဲစခန်းကို ခေါ်သွားခဲ့ပြီးနောက် ယဲ့ချန်းလည်း ကျိုးစုစုကို သက်သေထုတ်ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ယဲ့ချန်း"

ယဲ့ချန်း ခေါင်းသာခါပြလိုက်မိသည်။

"ရပါတယ်။ ကျွန်တော်လုပ်ပေးသင့်တဲ့အရာပဲလေ"

"သူ့မိန်းမရော သိသွားပြီလား"

ယဲ့ချန်း မေးလိုက်မိ၏။

"ကျွန်မတို့ သူ့ကို အကြောင်းကြားထားပြီးပါပြီ"

ထိုအချိန်မှာပင် ဟိတ်တစ်လုံးဟန်တစ်လုံး ဝတ်စားထားသော အမျိုးသမီးတစ်ယောက် ရောက်ချလာသည်။

"ကျန်းသုန်း.. လူယုတ်မာ ရှင် တကယ်ပဲ ကျွန်မမိဘတွေကို သတ်ခဲ့တာပေါ့။ ရဲတွေ ရှင့်ကို သေဒဏ်ပေးပါစေ"

ထိုအမျိုးသမီးက ရဲစခန်းတွင်‌ အော်ဟစ်၍ ကျိန်ဆဲနေပေသည်။

ယဲ့ချန်းကတော့ မသိမသာမျက်မှောင်ကြုတ်လိုက်မိသည်။

လူကောင်းနှင့် လူဆိုးကြားမှာ နံရံပါးပါးလေးတစ်ချက်သာ ခြားသော်လည်း သုန်းကျန်းကတော့ မွေးရာပါလူဆိုးတစ်ယောက်မဟုတ်ချေ။

ဤအမျိုးသမီးကသာ သူ့အပေါ် ကောင်းပေးခဲ့ပါလျှင် သူတို့နှစ်ယောက် ရိုးရှင်းသောဘဝတစ်ခုကို အတူထူထောင်နိုင်လိမ့်မည်သာ။

"အားမေ့.. မငိုပါနဲ့တော့။ ဒီလူယုတ်မာ သူ့ပြစ်ဒဏ်သူ ခံယူစေရမယ်"

လူငယ်လေးတစ်ယောက်က ထိုအမျိုးသမီးကို ချော့မော့နေသည်။

ထိုလူကုံထံ၏လက်ကောက်ဝတ်ထက်ရှိ လက်ပတ်နာရီကြောင့် ယဲ့ချန်း တဒင်္ဂမျှကြောင်အသွားရသည်။

ထိုလူ၏လက်ပတ်နာရီက သူပတ်ထားသောနာရီနှင့် တစ်ပုံစံတည်းတူနေပေသည်။ ထိုနာရီမှာ ဟွာရှားနိုင်ငံတွင် တစ်ခုတည်းသာရှိသော အကန့်အသတ်ထုတ်ကုန်တစ်ခုဖြစ်ကြောင်း ယဲ့ချန်း မှတ်မိလိုက်သည်။

ကျိုးစုစုက ထိုအမျိုးသမီးကို လက်ညှိုးထိုးပြလေသည်။

"အဲဒါက ကျန်းသုန်းရဲ့မိန်းမပဲ"

"စကားမစပ်.. အဲဒီသူဌေးအကြောင်း စုံစမ်းပေးလို့ရမလား"

ယဲ့ချန်း တောင်းဆိုလိုက်လေသည်။

ကျိုးစုစု အံ့အားသင့်သွားရသည်။

"ဘာလို့လဲ။ အဲဒီလူနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေလို့လား"

ယဲ့ချန်း ပြန်ဖြေလိုက်၏။

"စိတ်ထဲမှန်းမိရုံပါ"

ကျိုးစုစုလည်း ရဲစခန်းရှိ အချက်အလက်စနစ်ကိုဖွင့်ပြီး စစ်ဆေးကြည့်လိုက်သည့်အခါ သူ(မ)၏အမူအရာကား စိတ်ဝင်တစားဖြစ်သွားဟန်ပင်။

"တွေ့ပြီ။ ဒီလူ့နာမည်က ထျန်းချောင်တဲ့။ သူ့မှာ ပြစ်မှုမှတ်တမ်းရှိထားတယ်။ လိမ်လည်မှုနဲ့ထောင်ကျဖူးပြီး လွန်ခဲ့တဲ့ခြောက်လကပဲ ပြန်လွတ်လာတာ"

ယဲ့ချန်း၏နှုတ်ခမ်းအစုံကား ကော့ညွတ်သွားလေသည်။

"အဲလိုကိုး"

ယခု ကျန်းသုန်းက နတ်ဆိုးတစ်ကောင်ဖြစ်သွားပြီဆိုသော်ငြား သူ့ကျရှုံးမှုမှာ လှည့်ဖြားတတ်သော ဤမိန်းမနှင့် သက်ဆိုင်ပေသည်။

ဟူမေ့မေ့နှင့် ထျန်းချောင်တို့လည်း ရဲစခန်းထဲမှ ထွက်လာခဲ့လိုက်ကြတော့သည်။

"အားချောင်.. အခုကစပြီး ကျွန်မ ရှင့်ကိုပဲအားကိုးရတော့မယ်"

ဟူမေ့မေ့က ချစ်ခင်ကြင်နာစွာဖြင့် ပြောလိုက်လေသည်။

ထျန်းချောင်ကတော့ မျက်နှာပျက်ယွင်းသွားသည်။

"မေ့မေ့ တောင်းပန်ပါတယ်။ ဒါပေမဲ့ ကိုယ်တို့ လမ်းခွဲသင့်ပြီ"

ဟူမေ့မေ့မှာမူ ထိုစကားကြောင့် အံ့အားသင့်သွားသည်။

"ဘာလို့လဲ"

ကျန်းသုန်းကိုလည်း ဖမ်းမိသွားပြီဖြစ်ရာ သေဒဏ်ပေးခံရမည်မှာ သေချာသည်။ ထို့ကြောင့် သူ(မ) ဘာစိုးရိမ်စရာမှမရှိဘဲ ထျန်းချောင်နှင့်အတူ နေနိုင်ပြီဖြစ်၏။

သို့သော် ယခုတော့ ထျန်းချောင်က သူ(မ)နှင့်လမ်းခွဲချင်သည်ဟု ဆိုလာလေသည်။

ထျန်းချောင် သက်ပြင်းချလိုက်မိသည်။

"မေ့မေ့..ကိုယ် မင်းကို ပြောမပြဖြစ်ခဲ့တဲ့ကိစ္စတစ်ခုရှိတယ်။ ကိုယ်တို့မိသားစုလုပ်ငန်းက ဒေဝါလီခံလိုက်ရပြီ။ အစတုန်းကတော့ ကိုယ်လည်း စတော့ရှယ်ယာတွေနဲ့ နာလန်ပြန်ထူဖို့ လုပ်ထားတာ။ အဲဒါကြောင့် ငွေတိုးချေးတဲ့လူတွေဆီက ပိုက်ဆံချေးလိုက်တာ။ အခု စတော့ရှယ်ယာတွေလည်း ကျကုန်ပြီဆိုတော့ ကိုယ် ပြန်မဆပ်နိုင်တော့ဘူး။ အကြွေးရှင်တွေက ကိုယ့်နောက်ကို လိုက်နေကြပြီ။ ကိုယ်သာ မင်းနဲ့အတူ ဆက်ရှိနေဦးမယ်ဆိုရင် မင်းပါ ဒုက္ခရောက်မှာစိုးတယ်"

"ရှင် ဘယ်လောက်ချေးထားတာမို့လို့လဲ"

ဟူမေ့မေ့ အံတင်းတင်းကြိတ်၍ မေးလိုက်လေသည်။

"တစ်သိန်း"

ထျန်းချောင်ခမျာ ပူဆွေးသောကရောက်နေဟန်ဖြင့် ပြောလိုက်၏။

"အားချောင်..ကျွန်မ ရှင့်ကို ကူဆပ်ပေးနိုင်ပါတယ်။ ကျွန်မစုထားတဲ့ပိုက်ဆံတွေနဲ့ဆိုရင် တစ်သိန်းလောက်တော့ ရမှာပါ"

ဟူမေ့မေ့ကလည်း ပြတ်ပြတ်သားသားပြောလိုက်သည်။

"မေ့မေ့.. မင်း ကိုယ့်ကို တကယ်ကူဆပ်ပေးမှာလား"

"ဒါပေါ့။ အခု ကျွန်မမှာ ဘာမှမရှိတော့ဘူး။ ရှင်က ကျွန်မရဲ့မှီခိုအားထားရာဖြစ်သွားပြီ"

ထျန်းချောင်၏နှုတ်ခမ်းထောင့်စွန်းများမှာ ကွေးညွတ်သွားလေသည်။

မိုက်မဲလိုက်တဲ့မိန်းမ… ဘယ်သူက သူများသုံးထားပြီးသားပစ္စည်းကို လိုချင်မှာလဲ? ငါ မင်းရဲ့ပိုက်ဆံကို အကုန်ပြောင်အောင် သဲ့ယူပြီးမှ ခြေရာလက်ရာတောင်မကျန်အောင် ပျောက်သွားမှာကွ!

ထိုအချိန်မှာပင် Paganiပြိုင်ကားတစ်စီးက သူတို့ဘေးသို့ ရုတ်တရက်လာရပ်လေသည်။ ထိုကားကို မြင်သောအခါ ထျန်းချောင်နှင့် ဟူမေ့မေ့တို့၏မျက်လုံးများမှာ တောက်ပသွားလေသည်။

ဝိုး… ဒီပြိုင်ကားက သန်းပေါင်းများစွာတန်တဲ့ကားပဲ!

ထျန်းချောင်က ထိုကားကို အားကျစွာ စိုက်ကြည့်နေသည်။

ချမ်းသာလိုက်တာများကွာ! ဒိလိုဇိမ်ခံကားမျိုးကို ဝယ်ဖို့ဆိုရင် ငါ မိန်းမဘယ်နှယောက်ကို လိမ်စားရမှာပါလိမ့်!

ထို့နောက် ကားတံခါးပွင့်လာပြီး အလွန်ချောမောလှသော လူငယ်တစ်ယောက် ထွက်လာသည်။ ထိုလူငယ်လေးက အာမန်နီဝတ်စုံကို ဝတ်ဆင်ထားပြီး ဆွဲဆောင်မှုလည်း ရှိလှသည်။

အထူးသဖြင့် သူ့လက်ကောက်ဝတ်ပေါ်ရှိ Patek Philippeနာရီက အလွန်ခန့်ထည်နေလေသည်။

ယဲ့ချန်းကို မြင်လိုက်ရပြီးနောက် ထျန်းချောင်သာမက ဟူမေ့မေ့ပင် မှင်တက်သွားရသည်။

ထျန်းချောင်ကလည်း ချောမောပါသော်ငြား ယဲ့ချန်းနှင့်ယှဉ်လိုက်လျှင် သူ့ရုပ်ရည်က သုံးစားမရတော့ပေ။

ယဲ့ချန်းက ပြစ်မျိုးမှဲ့မထင် ချောမောခန့်ညားသူတစ်ယောက်ဖြစ်ပြီး စိတ်နေစိတ်ထားရော ရုပ်ရည်ကပါ နတ်ဘုရားအဆင့်ရှိ၏။

ယဲ့ချန်းကိုကြည့်နေရင်း ဟူမေ့မေ့ ရင်ခုန်လာသည်။ သူ(မ) စိတ်ထဲမှာကျိတ်၍ သက်ပြင်းချလိုက်မိသည်။ သူ(မ)သာ အသုံးမကျသော ကျန်းသုန်းနှင့် လက်မထပ်ဘဲ ချောမောခန့်ညားသော အမျိုးသားတစ်ယောက်ကို ရှာခဲ့ပါက သူ့မိဘများလည်း ယခုလိုသေဆုံးရမည်မဟုတ်။

ယဲ့ချန်းက ဟူမေ့မေ့အနားသို့ စိတ်လှုပ်ရှားစွာ ချဉ်းကပ်လာပြီး ပြောလိုက်သည်။

"ရှောင်ယွဲ့.. မင်း ဒီမှာဘာလုပ်နေတာလဲ။ ကိုယ် မင်းကို လွမ်းနေခဲ့တာ"

ဟူမေ့မေ့ခမျာ ယဲ့ချန်းကို နားမလည်နိုင်ဟန်ဖြင့် စိုက်ကြည့်ရင်း ‌ကြောင်အသွားရသည်။

ယဲ့ချန်းကတော့ ရုတ်တရက်ကြီး သက်ပြင်းချလိုက်သည်။

"တောင်းပန်ပါတယ် မိန်းကလေး.. ကျွန်တော် ခင်ဗျားကို တခြားလူနဲ့မှားသွားလို့ပါ။ ခင်ဗျားက ကျွန်တော့်ရည်းစားဟောင်းနဲ့ တော်တော်တူတာပဲ"

ယဲ့ချန်းက စိတ်ပျက်နေဟန်ဖြင့် ပြိုင်ကားရှိရာဆီသို့ လှည့်ပြန်သွားသည်။

ထျန်းချောင်နှင့် ဟူမေ့မေကတော့ ကြောင်အနေဆဲသာ။

ယဲ့ချန်းက ရုတ်တရက်ရပ်တန့်လိုက်ပြီး အနောက်လှည့်ကာ ထျန်းချောင်ကို ပြောလိုက်၏။

"ကိုယ့်လူ.. မင်းရဲ့ကောင်မလေးကို ငါ့ကိုပေးလို့ရမလား။ သူက ငါ့အချစ်ဦးနဲ့ တော်တော်တူတာ။ ငါမင်းကို ပိုက်ဆံပေးမယ်လေ။ သူ့ကို ငါနဲ့ တစ်ညလောက်ပဲ ပျော်ခွင့်ပေးပါ"

"မင်း ဘာပြောလိုက်တာ? ရှင်နဲ့ တစ်ညအိပ်ပေးရမယ်.. ဟုတ်လား"

ဟူမေ့မေ့တစ်ယောက် အော်ဟစ်လာလေတော့သည်။ ထျန်းချောင်ကလည်း အေးတိအေးစက်သရော်လိုက်သည်။

"ချာတိတ်.. မင်း ဘာတွေလာပြောနေတာလဲ။ သူက ငါ့ကောင်မလေးကွ။ မင်းကိုပေးရမယ်တဲ့လား။ မင်း အထိုးခံချင်နေတာလား"

ယဲ့ချန်းက ဟန်ဆောင်ခြင်းအလျဉ်းမရှိဟန်ဖြင့် ပြောလိုက်၏။

"ငါ သူ့ကို တကယ်သဘောကျတာ။ ဒီလိုလုပ်ရင်ရော.. ငါ မင်းကို တစ်သိန်းပေးမယ်လေ"

ထျန်းချောင်သာ ဟူမေ့မေ့ကို တကယ်ဂရုစိုက်သည်ဆိုပါက ဒေါသထွက်ပြီး ယဲ့ချန်းအား လက်သီးနှင့် ထိုးပေလိမ့်မည်။

အခြားယောကျ်ားတစ်ယောက်က ကိုယ့်ကောင်မလေးနှင့် တစ်ညတာပျော်ပါးချင်နေတာကို ဘယ်ယောကျ်ားမှ သည်းခံပေးနိုင်မည်မဟုတ်ပေ။

သို့သော် ထျန်းချောင်ကတော့ ငွေကိုသာချစ်ပြီး ဟူမေ့မေ့ကို လုံးဝချစ်ခင်တွယ်တာခြင်း မရှိချေ။

••••••••••••••

All Chapters