← Chapters

မြွေပါလည်းဆုံး ဖွတ်လည်းဆုံး

Vol. 4 Ch. 55

မြွေပါလည်းဆုံး ဖွတ်လည်းဆုံး

Vol. 4 Ch. 55

ယဲ့ချန်း ကမ်းလှမ်းလာသော ဈေးနှုန်းကိုကြားသောအခါ ထျန်းချောင် မျက်ခုံးပင့်လိုက်မိသည်။ သို့သော် ဆွဲဆောင်မခံလိုက်ရပေ။ ဟူမေ့မေ့ကို သူ လှည့်စားထားနိုင်ပြီးဖြစ်လေရာ ယခုအထိတော့ စိတ်မဝင်စားသေးပေ။

"ချာတိတ်..မင်း ဘာပြောလိုက်တာလဲ? ငါ့ကောင်မလေးကို တစ်သိန်းနဲ့ဝယ်မယ်တဲ့လား။ အိပ်မက်မက်နေလိုက်လေ"

ထျန်းချောင်၏စကားများကို ကြားသောအခါ ဟူမေ့မေ့၏မျက်ဝန်းထဲ၌ ပျော်ရွှင်ရိပ်များ သမ်းသွားလေတော့သည်။

"ရှင်ကြားလား။ ကျွန်မကောင်လေးက ရှင်ထင်နေသလို လောဘကြီးတဲ့လူတစ်ယောက်မဟုတ်ဘူး"

ဤသို့ပြောပြီးနောက် ဟူမေ့မေ့က ထျန်းချောင်၏ပါးကို အနမ်းခြွေလိုက်သည်။

"ကျွန်မ လူရွေးမမှားဘူးဆိုတာ သိသားပဲ အချစ်ရေ"

ဟူမေ့မေ့၏ လူကြားထဲ ချစ်ပြနေခြင်းကြောင့် ယဲ့ချန်း ရွံရှာလာသည်။ မိဘများကမရှိတော့သလို ယောကျ်ားကလည်း ထောင်ကျနေပါသည့်တိုင် သူ(မ)ကတော့ အခြားလူတစ်ယောက်နှင့် ပလူးပလဲလုပ်နေနိုင်သေးသည်။

ကျန်းသုန်းတစ်ယောက် သူ(မ)အတွက်နှင့် ကြိုးစားအားထုတ်မှုများကို အလဟဿဖြုန်းတီးခဲ့ပါလားဟု ယဲ့ချန်း တွေးလိုက်မိသည်။ သူ့ယခင်ဘဝတုန်းက ဇာတ်ကြောင်းကပင် ပိုကျိုးကြောင်းသင့်နေသေးသည်ဟု ထင်မိသည်။

ဤအမျိုးသမီးမှာ ကျန်းသုန်းနှင့်သာ ရင်ဆိုင်သင့်သည်။

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"နှစ်သိန်း"

"နှစ်သိန်းလား"

ယဲ့ချမ်း၏ကမ်းလှမ်းမှုကို ကြားလိုက်ရသောအခါ ထျန်းချောင် မျက်လုံးအပြူးသားဖြစ်သွားသည်။ တစ်သိန်းက သူ့အား မဆွဲဆောင်နိုင်ခဲ့ခြင်းမှာ ဟူမေ့မေ့က သူ့အား တစ်သိန်းထုတ်ပေးမည်ဟု ကတိပေးထားသောကြောင့်ပင်။

ယခုမူ ယဲ့ချန်းက နှစ်သိန်းပေးလာသောကြောင့် သူ့နှလုံးခုန်သံများ မြန်ဆန်လာသည်။ မည်သို့ပင်ဖြစ်စေ သူ့အတွက်တော့ ပိုက်ဆံကသာ အရေးကြီးသဖြင့် ကမ်းလှမ်းလာသော ထိုငွေနှစ်သိန်းကို ဘယ်အရူးကများ ငြင်းနိုင်မည်နည်း။

ဤတစ်ခေါက်တွင် ထျန်းချောင်ဘက်က ပြန်မငြင်းသဖြင့် ဟူမေ့မေ့လည်း အံ့အားသင့်သွားရသည်။ ထို့နောက် ထျန်းချောင်၏လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။

"အစ်ကိုချောင်.. သူ ဘယ်လောက်ပေးပေး ရှင် ကျွန်မကိုစွန့်လွှတ်မှာမဟုတ်ဘူးလို့ ပြောလိုက်လေ"

ထျန်းချောင် တံတွေးမျိုချလိုက်မိသည်။

လာနောက်နေတာလား? ငွေနှစ်သိန်းကို သူ ဘယ်လိုလုပ်ပြီး ငြင်းနိုင်မှာလဲ?

သူ လက်ခံတော့မည့်ဆဲဆဲမှာပင် ယဲ့ချန်းက စကားစလာပြန်သည်။

"သုံးသိန်း…ဒါ နောက်ဆုံးကမ်းလှမ်းမှုပဲ။ မယူရင်လည်း ထားလိုက်တော့"

ယဲ့ချန်း ပေါ့ပေါ့ပါးပါးသာ ပြောလိုက်သည်။

သေလိုက်ပါတော့!

သူက တကယ့်သူဌေးတစ်ယောက်ပဲ! ဒီလိုသူဌေးမျိုးနဲ့တိုးတာ ငါတော့ ကံကောင်းတာပဲ! သုံးသိန်းတောင် အလကားရမှာနော်!

"လက်ခံတယ်"

ယဲ့ချန်းက ထွက်သွားတော့မည့်ဟန်ပြင်နေသောကြောင့် ထျန်းချောင် မြန်မြန်ပြောလိုက်သည်။

"ထျန်းချောင်.. ရှင် ဘာတွေပြောနေတာလဲ"

ဟူမေ့မေ့ ကြက်သေသေသွားရသည်။

ထျန်းချောင်ဘက်က အခိုင်အမာငြင်းလာလိမ့်မည်ဟု သူ(မ) ထင်ထားခဲ့မိသည်။ သို့သော် ယခုလို ချက်ချင်းသဘောတူလိမ့်မည်ဟုတော့ လုံးဝထင်မထားပေ။

ထျန်းချောင်က နေရခက်နေပုံဖြင့် ပြောလိုက်သည်။

"မေ့မေ့ ကိုယ် မင်းကိုချစ်ပါတယ်။ ဒါပေမဲ့ အချစ်ဆိုတာကလည်း ပိုက်ဆံကိုလိုအပ်သေးတာပဲ။ သူနဲ့ တစ်ညလောက်အိပ်ပေးရုံလေးပါကွာ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းယောကျ်ားနဲ့တောင် အိပ်ပြီးသားပဲလေ။ တစ်ညအိပ်ပေးရုံနဲ့ သုံးသိန်းရမှာ။ ကိုယ်တို့ ဒီပိုက်ဆံနဲ့ ကမ္ဘာပတ်လို့ရပြီ"

"သွားသေလိုက်လေ။ ရှင့်ရည်းစားကို တခြားလူနဲ့ ပေးအိပ်ရအောင် ရှင့်မှာ အရှက်မရှိဘူးလား"

ဟူမေ့မေ့ ဒေါသထွက်သွားလေသည်။ ဤလူ့ကြောင့်နှင့် သူ့မိဘများ သေခဲ့ရပြီး သူ့ယောကျ်ားကလည်း ထောင်ကျနေလေပြီ။ ယခုတော့ ထိုလူကတော့ သူ(မ)အား ရောင်းစားနေပေသည်။

"ထျန်းချောင်.. ကိုယ့်ရည်းစားကို သုံးသိန်းနဲ့ရောင်းစားတာ ရှင်က ယောကျ်ားရော ဟုတ်သေးရဲ့လား"

ဟူမေ့မေ့ ဒေါသတကြီးအော်ပြောလိုက်သည်။

"မေ့မေ့..မင်း ယောကျ်ားတွေနဲ့ မအိပ်ဖူးသေးတာလည်း မဟုတ်ဘဲနဲ့။ ဒါက ဘာဖြစ်နေလို့လဲ။ တစ်ညအိပ်ပေးရုံနဲ့ သုံးသိန်းရတာလေ။ စတားပေါက်စလေးတွေတောင် ဒီလောက်ရမှာမဟုတ်ဘူး"

ထိုစကားကိုကြားသောအခါ ယဲ့ချန်း အေးတိအေးစက်ပြုံးလိုက်မိသည်။

သိုက်တူးသမားနှင့် အမှိုက်ကောင်…။ ဤဒရမ်မာမှာ အလွန်စိတ်ဝင်စားဖို့ကောင်းလှသည်။

"ထျန်းချောင်.. ရှင် ပိုက်ဆံသုံးသိန်းကို လိုချင်လား။ ကျွန်မကိုလိုချင်လား"

ဟူမေ့မေ့ အံတင်းတင်းကြိတ်လျက် မေးလိုက်သည်။

"မင်းရော ပိုက်ဆံသုံးသိန်းရော လိုချင်တယ်လေ။ မေ့မေ့..လိမ္မာစမ်းပါကွာ။ ကိုယ် စိတ်ထဲမထားပါဘူး"

ထျန်းချောင်လည်း ခခယယပြောလိုက်သည်။

"ဖြောင်း!"

ထျန်းချောင်၏မျက်နှာထက်သို့ ခပ်ပြင်းပြင်းရိုက်ချက်တစ်ချက် ကျရောက်လာသည်။

"လူယုတ်မာ… ရှင့်လို ဆန်ကုန်မြေလေးကို ကျွန်မ ကန်းနေလို့ ကြိုက်ခဲ့မိတာ"

"မေ့မေ့..ကိုယ်က ကိုယ်တို့နှစ်ယောက်စလုံး ပျော်ရွှင်ဖို့အတွက် လုပ်ခဲ့တာပါကွာ"

"ပေါက်ကရတွေလာပြောမနေနဲ့"

ဟူမေ့မေ့၏အမူအရာမှာ အံတင်းတင်းကြိတ်ထားရင်း ပိုမိုအေးစက်လာသည်။

ယဲ့ချန်းကတော့ ပြုံးလိုက်မိလေတော့သည်။ သူ့အစီအစဉ်အောင်မြင်သွားလေပြီ။

ဟူမေ့မေ့ အသက်ပြင်းပြင်းရှူသွင်းလိုက်၏။

"ထျန်းချောင်.. ရှင်က ကျွန်မကို ဒီလူနဲ့အိပ်စေချင်တယ်ပေါ့လေ။ ရှင့်ဆန္ဒအတိုင်း ကျွန်မ ရှင့်ချစ်သူအဖြစ်နေပြီး ရှင်နဲ့အတူအိပ်ပေးပါ့မယ်"

ဟူမေ့မေ့က ထိုသို့ပြောပြီးနောက် ယဲ့ချန်း၏ပြိုင်ကားနားသို့ လျှောက်လာခဲ့သည်။ ယဲ့ချန်းကလည်း တစ်ဖက်သို့လှည့်၍ သူ(မ)နောက်ကို လိုက်သွားချေသည်။

ထျန်းချောင် ထိတ်လန့်သွားရလေသည်။

"ကိုယ့်လူ.. ပိုက်ဆံမပေးရသေးဘူးလေ"

ယဲ့ချန်းလည်း တခစ်ခစ်ရယ်လိုက်မိသည်။

"မင်း ကန်းနေတာလား။ သူကိုယ်တိုင် ငါ့ချစ်သူအဖြစ် လိုလိုလားလားနဲ့ နေပေးမယ်လို့ ပြောလိုက်တယ်လေ။ ငါက မင်းကို ဘာလို့ ပိုက်ဆံပေးရမှာလဲ။ ရူးနေတာလား"

ထျန်းချောင်ခမျာ ကြောင်အသွားရလေသည်။

ဒါက ဘယ်လိုအခြေအနေကြီးလဲ? လပေါင်းများစွာကြိုးစားထားတာတောင် ဘာမှမရလိုက်ဘူးတဲ့လား?

ဟူမေ့မေ့လည်း လှောင်ပြုံးပြုံးလိုက်သည်။

"ရှင်က ကျွန်မကို ရောင်းစားချင်ခဲ့တာနော်။ ကျွန်မ ရှင့်ကိုပြောလိုက်မယ်။ တစ်ပြားတောင်မျှော်မနေနဲ့။ မစ္စတာ..သွားကြစို့"

ယဲ့ချန်းလည်း ထျန်းချောင်ကိုပြုံးပြ၍ တောင်းပန်စကားဆိုလိုက်သည်။

"ဆောရီး ဘရို.. ကျွန်တော့်ကို ကောင်မလေးတစ်ယောက်လက်ဆောင်ပေးတဲ့အတွက် ကျေးဇူးပဲ"

ထျန်းချောင်ခမျာ ယဲ့ချန်း ကားပေါ်တက်သွားသည့်တိုင်အောင် ထိုအဖြစ်ကို လက်မခံနိုင်သေးပေ။

သူ့မှာတော့ ဟူမေ့မေ့ကို ဆွဲဆောင်ရန်အတွက် ဇိမ်ခံကားများကို ငှားခဲ့ရသလို ဘရန်းအတုများကိုလည်း ဝယ်ခဲ့ရသည်။ ယခုတော့ သူ ဘာမှမရလိုက်ပေ။

ထျန်းချောင်လည်း သူတို့လမ်းတွင် ပိတ်ရပ်ကာ အေးတိအေးစက်ပြောလိုက်၏။

"မင်း ဒီမိန်းမကိုခေါ်သွားချင်ခေါ်သွား။ ဒါပေမဲ့ ငါ့ကိုတော့ ပိုက်ဆံသုံးသိန်းပေးခဲ့ရမယ်"

"ထျန်းချောင် ရှင် အရှက်မရှိဘူးလား? ကျွန်မကိုယ်တိုင် သူနဲ့ လိုလိုလားလားလိုက်သွားတာလေ။ ရှင့်ကို ဘာလို့ပိုက်ဆံပေးရမှာလဲ"

ဤသူဌေးထံတွင် ကပ်တွယ်နေရန် ဟူမေ့မေ့ စိတ်ပိုင်းဖြတ်ထားလိုက်သည်။ လူကုံထံတစ်ယောက်ကို လက်ထပ်ပြီး ဇိမ်ခံကားများစီးကာ အိမ်တော်ကြီးထဲတွင် နေရဖို့မှာ သူ(မ)၏အိပ်မက်ပင်။

ထိုပိုက်ဆံသုံးသိန်းကလည်း သူ(မ)၏ငွေများ ဖြစ်လာပေလိမ့်မည်။ သို့ဖြစ်လေရာ သူ(မ)က ဘာကြောင့်များ ဤအမှိုက်ကောင်ကို ပေးခွင့်ပြုရမလဲ။

"ဟူမေ့မေ့… စိတ်ကူးယဉ်မနေနဲ့။ မင်း လမ်းခွဲချင်ရင် ငါ့ကို လမ်းခွဲခသုံးသိန်းပေးရမယ်။ မင်းက သူများသုံးပြီးသားပစ္စည်းတစ်ခုပဲ။ ငါ ဒါကို အလကားသည်းခံနေခဲ့တယ်များ ထင်နေလား။ ပိုက်ဆံသာမရှိရင် ငါကရော မင်းလိုစုတ်ပြတ်နေတဲ့မိန်းမမျိုးနဲ့ တွဲလိမ့်မယ်များထင်နေတာလား"

အခြေအနေက ထိန်းမရတော့တာကို မြင်သောအခါ ထျန်းချောင်လည်း ဂရုစိုက်မနေတော့ပေ။

"ပေါက်ကရတွေ..သွားသေလိုက်လေ။ ရှင့်ကြောင့် ကျွန်မ ဘဝပျက်ခဲ့ရတာ။ ရှင်ကများ ပိုက်ဆံလာတောင်းရဲသေးတယ်ပေါ့"

အဆုံးမှာတော့ သူတို့နှစ်ယောက် စကားများကြလေတော့သည်။ သူတို့နှစ်ယောက် စကားများနေကြတာကို လူအုပ်ကြီးတစ်စုကလည်း လမ်းပေါ်၌ စုဝေး၍ ကြည့်နေကြသည်။

အမလေး! ဒီဇာတ်လမ်းက တော်တော်ကြမ်းတာပဲ!

"သူဌေးတစ်ယောက်က ကောင်မလေးကို တစ်ညအတူအိပ်ဖို့ ပိုက်ဆံသုံးသိန်းပေးတာ။ ဟိုကောင်ကလည်း လက်ခံလိုက်တယ်လေ"

"ဒါကြီးက တီဗီဒရမ်မာတွေထက်တောင် ပိုရူးချင်စရာကောင်းနေသေးတယ်"

"ဒီလူက ရက်စက်လိုက်တာနော်"

"သူဌေးတစ်ယောက်က သူ့ကောင်မလေးကို တခြားယောကျ်ားတစ်ယောက်နဲ့အတူ ညအိပ်ပေးဖို့ ငွေသုံးသိန်းနဲ့လက်ခံလိုက်တာတဲ့။ ဒါက ကိုယ်ကျင့်တရားတွေ ဖောက်ပြန်လာတာလား။ လူ့သဘာဝတွေ ယိုယွင်းလာတာလား"

လူတော်တော်များများက ထိုမြင်ကွင်းကြောင့် အံ့ဩကုန်ကြသည်။ တချို့ဆိုလျှင် ဗီဒီယိုရိုက်၍ လိုင်းပေါ်ကိုပင် တင်လိုက်ကြသည်။ ထိုဗီဒီယိုမှာ ခဏအတွင်း ဟိုးလေးတကြော်ကြော်ဖြစ်သွားခဲ့သည်။

ယဲ့ချန်းကတော့ သူတို့နှစ်ယောက် ရန်ဖြစ်နေတာကို ပြုံးပြုံးကြီးစောင့်ကြည့်ရင်း မောင်းထွက်သွားလေတော့သည်။

သူတို့နှစ်ယောက်ကတော့ သွေးထွက်သံယိုများ ဖြစ်သွားကြပြီး အဆုံးမှာတော့ ရဲအရာရှိများက ကြားဝင်ဖျန်ဖြေခဲ့ရသည်။

ဟူမေ့မေ့ကို မြင်လိုက်ရချိန်ဝယ် ကျိုးစုစု အံ့ဩသွားရသည်။

"ဘာလို့ရှင်ဖြစ်နေရတာလဲ"

ဟူမေ့မေ့နှင့် ထျန်းချောင်တို့လည်း ထိုအခါမှသာ ယဲ့ချန်း ထွက်သွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်ကြသည်။

"ကျွန်မရဲ့မင်းသားလေး ဘယ်မှာလဲ"

ဟူမေ့မေ့ခမျာ ပတ်ပတ်လည်ကိုလိုက်လံရှာဖွေရင်း ရူးမတတ်ဖြစ်သွားသည်။

ထျန်းချောင်က ရဲအရာရှိများကို ပြောလိုက်၏။

"အရာရှိကြီး..ကျွန်တော် တိုင်ချက်ဖွင့်ချင်လို့ပါ။ ခုနကပဲ လူတစ်ယောက်က ကျွန်တော့်ကို ငွေသုံးသိန်းလိမ်သွားလို့"

ကျိုးစုစုမှာမူ အေးတိအေးစက်လှောင်ရယ်လိုက်မိသည်။

"လူလိမ်တဲ့လား။ သူခိုးက လူပြန်ဟစ်နေတာပဲ။ ကျွန်မတို့ စုံစမ်းစစ်ဆေးပြီးသွားပြီ။ ရှင်က မိန်းမတွေကို လိမ်လည်လှည်ဖြားတဲ့ အမှုပေါင်းများစွာမှာ ပါဝင်ပတ်သက်ထားတယ်။ ကျွန်မတို့နဲ့လိုက်ခဲ့"

လူလိမ်တဲ့လား?

ဟူမေ့မေ့၏မျက်နှာမှာ ဖြူဖျော့သွားပြီးနောက် အားနည်းစွာ ပျော့ခွေသွားချေသည်။

ဤလူ့အတွက်နှင့် သူ(မ)၏မိဘများ သေဆုံးခဲ့ရသလို ယောကျ်ားဖြစ်သူကလည်း ထောင်ကျခဲ့ရသည်။ သို့သော် အဆုံးမှာတော့ သူ(မ)ချစ်ခဲ့မိသော ထိုလူက လူလိမ်တစ်ယောက် ဖြစ်နေခဲ့သည်။

ဟူမေ့မေ့ ပို၍ပင် ရင်နာသွားရပြီးနောက် လမ်းမထက်တွင်ထိုင်ချကာ အော်ကြီးဟစ်ကျယ်ငိုကြွေးမိလေတော့သည်။

ကားမောင်းနေသည့် ယဲ့ချန်းထံသို့ ဖုန်းဝင်လာသည်။ ဖုန်းခေါ်ဆိုသူမှာ စုဝမ်ယိပင်။

"ယဲ့ချန်း.. ကျွန်မတို့ဝန်ထမ်း အဖမ်းခံလိုက်ရတယ်။ ကြောက်ဖို့ကောင်းလိုက်တာ… ဖြစ်ချင်တော့ အဲဒီအဘိုးကြီးစုံတွဲကိုသတ်လိုက်တဲ့ လူသတ်သမားက သူဖြစ်နေတယ်လေ"

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"အခု ငါ မင်းကို သူနဲ့အတူ တောင်တက်မသွားစေချင်တာ ဘာလို့လဲဆိုတာ သိပြီလား"

"သီသီလေးပဲလိုတော့တာ။ အစတုန်းက ကျွန်မတို့ကုမ္ပဏီက တောင်တက်ခရီးထွက်ဖို့ စီစဉ်ထားတာ။ ဒါပေမဲ့ ရှင့်စကားကြောင့် ကျွန်မဖျက်သိမ်းလိုက်တာ"

"စကားမစပ်.. ယဲ့ချန်း ရှင်အားလား"

စုဝမ်ယိက ယဲ့ချန်းအားမအားကိုမေးလာသည်။

"အားတယ်လေ။ ဘာကိစ္စရှိလို့လဲ"

ယဲ့ချန်းကလည်း ပြုံးလျက်သာ ပြန်ဖြေလိုက်၏။

"ကျွန်မအမေက ကျွန်မကို ကြင်ဖက်တွေ့ပေးချင်နေတာ။ ကျွန်မလည်း ရှောင်တိမ်းဖို့ ကြိုးစားပေမဲ့ မရလို့"

စုဝမ်ယိက ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလေသည်။

"ဪ.. မင်းက ငါ့ကို အကာအကွယ်အနေနဲ့သုံးချင်တယ်ပေါ့"

"ဘာလဲ? ရှင်က မလုပ်ပေးချင်ဘူးလား"

စုဝမ်ယိကလည်း နောက်ပြောင်လိုက်သည်။

"စိတ်မပူနဲ့။ ငါ့တာဝန်သာထားလိုက်။ အဲဒီလူက ဘယ်လောက်တော်တော် ငါ့အရည်အချင်းအောက်မှာ ပြားပြားဝပ်နေစေရမယ်"

ယဲ့ချန်းက ယုံကြည်မှုအပြည့်ဖြင့် ခွန်းတုံ့ပြန်လိုက်သည်။

••••••••••

All Chapters