နာရီအတု
Vol. 4 Ch. 56
ရှန်းထောင်အနောက်တိုင်းစားသောက်ဆိုင်ထဲတွင် စုဝမ်ယိနှင့် သူ(မ)၏အမေ လီဝမ်တို့က ကော်ဖီစားပွဲ၏တစ်ဖက်ခြမ်းတွင် ထိုင်နေကြသည်။
သူတို့နှင့် မျက်နှာချင်းဆိုင်မှာတော့ လူငယ်တစ်ယောက်နှင့် ရုပ်ရည်အမှတ်၈၀ရှိသော မိန်းကလေးတစ်ယောက် ထိုင်နေသည်။
"ဝမ်ယိ မစ္စတာလင်းက PhDဘွဲ့ရလေ။ အခုဆိုရင် သာ့ဟွားအုပ်စုရဲ့ အထွေထွေမန်နေဂျာဖြစ်နေပြီ"
အရှေ့ရှိ လူငယ်လေးကိုကြည့်ရင်း စုဝမ်ယိ၏အမေ လီဝမ်ကတော့ သဘောကျပြီးရင်း ကျနေလေတော့သည်။
"ဝမ်ယိ.. မစ္စတာလင်းက ဘယ်လောက်တောင်အရည်အချင်းရှိပြီး ဘယ်လောက်ချောလိုက်သလဲဆိုတာ ကြည့်ပါဦး။ ငါတော့ သူက အဆင်ပြေတယ်ထင်တာပဲ"
"ဟုတ်တယ်နော် ဝမ်းကွဲညီမလေး.. ငါ လူတော်လူကောင်းလေးတစ်ယောက်ကို ရှာတွေ့ဖို့အတွက် တော်တော်ကြိုးစားထားရတာ။ မစ္စတာလင်းကို လိုချင်တဲ့လူတွေမှ တန်းစီနေတာနော်။ ဒါပေမဲ့ သူက ညီမလေးကိုပဲ သဘောကျတာတဲ့"
စုဝမ်ယိ၏ဝမ်းကွဲအစ်မ စုချင်းက အပြုံးတစ်ပွင့်ဆင်မြန်းရင်း ပြောလိုက်သည်။
"မိန်းကလေးစု.. ကျွန်တော် မင်းကို အရမ်းသဘောကျတယ်။ မင်းအနေနဲ့ ကျွန်တော့်ကို အခွင့်အရေးတစ်ခုလောက် ပေးနိုင်ဖို့ မျှော်လင့်ပါတယ်"
လင်းဖျင်က လူကြီးလူကောင်းဆန်လှသော အပြုံးတစ်ပွင့်ဖြင့် ဆိုလိုက်သည်။
စုဝမ်ယိခမျာ နေရခက်သွားပေသည်။
ဤအမျိုးသားမှာ စင်စစ်ချောမောသော်ငြား မည်သူနှင့် ယှဉ်ကြည့်သလဲဆိုသည့်အပေါ်လည်း မူတည်သေးသည်။
ယဲ့ချန်းနှင့် ယှဉ်လိုက်ပါက သူက တော်တော်ချို့တဲ့နေသည်။
ယဲ့ချန်းက ဘာလို့များ အခုထိမလာရသေးတာလဲ?
"အမလေး.. သူက အရမ်းချောတာပဲ!"
"ရုပ်ရှင်မင်းသားတစ်ယောက်များလား!"
"ဒါက အရပ်ရှည်ရှည်နဲ့ ရုပ်ရည်ချောမောတဲ့ သူဌေးတစ်ယောက်မဟုတ်လား"
အပြင်ဘက်ရှိ မိန်းကလေးများထံမှ တအံ့တသြရေရွတ်သံများ ထွက်ပေါ်လာသည်။
လင်းဖျင်ကတော့ စက်ဆုပ်ရွံရှာဟန်ဖြင့် နှာခေါင်းရှုံ့လိုက်မိသည်။
လင်းဖျင်လည်း အလယ်တန်းကျောင်းတုန်းက ကျောင်း၏အသည်းကျော်လေး ဖြစ်ခဲ့ဖူးသည်သာ။
ဘယ်သူကများ သူ့ထက် ပိုချောနိုင်မှာလဲ?
သို့သော် ကော်ဖီဆိုင်ထဲသို့ဝင်လာသော ထိုအမျိုးသားကို မြင်လိုက်ရချိန်မှာတော့ သူ့စက်ဆုပ်ရွံရှာမှုများလည်း ချက်ချင်းပျောက်ကွယ်သွားရသည်။
အရှေ့ရှိ လူငယ်လေးက အလွန်ချောမောလွန်းလှ၏။ ယဲ့ချန်း၏ချောမောမှုကို "ပြီးပြည့်စုံမှု"ဟူသော စကားလုံးတစ်ခုတည်းကသာ ဖော်ပြနိုင်သည်။
လင်းဖျင်၏အမူအရာမှာ စက်ဆုပ်ရွံရှာနေရာမှ အားကျမနာလိုဖြစ်ခြင်းသို့ ပြောင်းလဲသွားခဲ့သည်။
ပထမဆုံးအကြိမ်အဖြစ် အခြားယောကျ်ားတစ်ယောက်ရှေ့မှာ သူ ရှုံးနိမ့်သွားသလို ခံစားလိုက်ရသည်။
ယဲ့ချန်းက ခပ်ပြုံးပြုံးဖြင့် အနားသို့လျှောက်လာပြီးနောက် စုဝမ်ယိ၏ဘေးတွင် ဝင်ထိုင်လိုက်သည်။
"မင်္ဂလာပါ အန်တီ.. မင်္ဂလာပါ ဝမ်းကွဲအစ်မ.. ကျွန်တော်က ဝမ်ယိရဲ့မိတ်ဆွေပါ"
ယဲ့ချန်းကို မြင်လိုက်ရသောအခါ လီဝမ်နှင့် စုချင်းတို့လည်း ကြက်သေသေသွားကြသည်။
စုဝမ်ယိက သူ(မ)တွင် ချစ်သူရှိကြောင်း ပြောထားသော်လည်း လီဝမ်ကတော့ မယုံခဲ့ပေ။
ယခုမူ စုဝမ်ယိ၏ချစ်သူက အလွန်ချောမောခန့်ညားလွန်းလှသည်။
ယဲ့ချန်း၏ချောမောခန့်ညားမှုကြောင့် စုချင်းပင် အံ့သြမိသည်။
စုဝမ်ယိက လှပပြီး အေးတိအေးစက်နိုင်သော စီအီးအိုတစ်ယောက် ဖြစ်သော်ငြား ခံစားချက်ပိုင်းဆိုင်ရာမှာမူ အမြဲတစေအားနည်းနေခဲ့သည်။
စုဝမ်ယိ၏ချစ်သူက အလွန်ချောလိမ့်မည်ဟု သူ(မ) မမျှော်လင့်ထားပေ။
ယဲ့ချန်းက ပြုံးပြလိုက်သည်။
"အလုပ်လေးနည်းနည်းများနေလို့ လာတာနောက်ကျသွားတယ်။ အန်တီ တောင်းပန်ပါတယ်ဗျ။ ဒီညစာကို ကျွန်တော် ဝယ်ကျွေးပါ့မယ်"
လင်းဖျင် မျက်မှောင်ကြုတ်လိုက်မိ၏။
သူသည် စုဝမ်ယိကို သဘောကျနေသောကြောင့် စုဝမ်ယိ၏ ဝမ်းကွဲအစ်မစုချင်းကို သူ့အတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးရန် တောင်းဆိုခဲ့သည်။
သို့သော် စုဝမ်ယိကမူ အခြားယောကျ်ားကို ခေါ်လာသဖြင့် သူ အလွန်စိတ်မကျေမနပ်ဖြစ်သွားရသည်။
လင်းဖျင် အေးတိအေးစက်သရော်လိုက်သည်။
"မစ္စတာယဲ့က ဘာတွေများအလုပ်ရှုပ်နေတာလဲ။ ဘယ်ကုမ္ပဏီကြီးမှာ အလုပ်လုပ်တာများလဲ"
ယဲ့ချန်းကတော့ တည်ငြိမ်လှသော အပြုံးတစ်ပွင့်နှင့် ပြန်ဖြေလိုက်သည်။
"ကျွန်တော်က တက္ကစီဒရိုင်ဘာတစ်ယောက်ပါ"
ဖွီး!
လင်းဖျင်ခမျာ သူသောက်လက်စရေကိုပင် ထွေးထုတ်လိုက်မိသည်။
ယဲ့ချန်းက သူ့ပြိုင်ဘက်ဖြစ်လာမည်စိုးသဖြင့် သူ ပူပန်နေခဲ့သော်ငြား ယဲ့ချန်း၏အလုပ်အကိုင်ကိုကြားပြီးနောက် ရုတ်တရက်ကြီး စိတ်အေးသွားသည်။
"အန်တီ..ကျွန်တော် ဝယ်ကျွေးပါရစေ။ အဲလိုမှမဟုတ်ရင် ဒီလူငယ်လေး အသည်းကွဲသွားနိုင်တယ်"
လင်းဖျင်က စက်ဆုပ်ရွံရှာဟန်ဖြင့် လှောင်ပြောင်လိုက်၏။
"ကိစ္စမရှိပါဘူး။ ကျွန်တော် ဝယ်ကျွေးနိုင်ပါတယ်"
ယဲ့ချန်းကတော့ ထူးမခြားနားဟန်ဖြင့် ပြန်ဖြေပြီး ပေါ့ပေါ့ပါးပါးပြုံးလိုက်သည်။
"သြော်.. အခုခေတ်မှာ တက္ကစီဒရိုင်ဘာတွေက ဝန်ထမ်းပေါင်းတစ်ထောင်ကျော်ရှိတဲ့ ကုမ္ပဏီတစ်ခုရဲ့မန်နေဂျာဖြစ်တဲ့ ငါ့ထက်တောင် ပိုအလုပ်များနေတာပဲ"
လင်းဖျင်မှာ စိတ်ထဲ၌ မိမိကိုယ်ကိုယုံကြည်မှုအပြည့်ဖြင့် ယဲ့ချန်းအား မာနတကြီးကြည့်လိုက်သည်။
ရုပ်ဘယ်လောက်ချောချော ငါက ဟွားနိုင်ငံရဲ့ ထိပ်တန်းလုပ်ငန်းစုဆယ်ခုထဲက တစ်ခုရဲ့ မန်နေဂျာပဲ။ အလုပ်နဲ့ငွေကြေးမှာ ငါက မင်းထက် အပုံကြီးသာတယ်...
ယနေ့ခေတ်တွင် ရုပ်ရည်ထက် ငွေရှာနိုင်စွမ်း၊ ကိုယ်နေသောအိမ်နှင့် ကိုယ်စီးသော ကားအမျိုးအစားကသာ ပိုအရေးကြီးသည်။
စုဝမ်ယိ၏အမေ လီဝမ်လည်း မျက်မှောင်ကြုတ်လိုက်မိသည်။
အစကတော့ သူ(မ) ယဲ့ချန်းအပေါ် အမြင်ကောင်းရှိခဲ့သော်လည်း ယဲ့ချန်းက တက္ကစီမောင်းသည်ဟု ကြားလိုက်ရသောအခါ အလွန်စိတ်ပျက်သွားသည်။ ယဲ့ချန်းက ချောမောခန့်ညားသော်ငြား မည်သို့ပင်ဖြစ်စေ သူ(မ) သူတို့ကို လမ်းခွဲစေချင်သည်။
လင်းဖျင်၏သရုပ်မှန်ကို ကြားလိုက်ရသောအခါ စုချင်းလည်း ဝမ်းသာသွားသည်။
လင်းဖျင်က သူ(မ)၏အထက်လူကြီးဖြစ်၏။ သူ(မ)၏ဝမ်းကွဲညီမကသာ လင်းဖျင်၏ချစ်သူဖြစ်သွားပါက သူ(မ) ရာထူးတိုးဖို့နှင့် လစာတိုးဖို့ကလည်း ပိုလွယ်ကူသွားလေပြီ။
ထို့ကြောင့် သူ(မ)၏ဝမ်းကွဲကို လင်းဖျင်နှင့် လက်ထပ်ပေးရန် ဆုံးဖြတ်ချက်ချလိုက်သည်။
ဒီတက္ကစီဒရိုင်ဘာကတော့လား?
ရယ်ဖို့ပင်ကောင်းသေးသည်။ သူ(မ)၏ဝမ်းကွဲမှာ မိုတုရှိ နာမည်ကြီးစီအီးအိုအလှလေးဖြစ်သောကြောင့် တက္ကစီဒရိုင်ဘာတစ်ယောက်နှင့် လက်ထပ်လိုက်ပါက ရယ်ဖွယ်ရာပင် ကောင်းနေတော့မည်ဖြစ်၏။
"ဝမ်ယိ.. ဒီနေ့ခေတ်လူမှုအဖွဲ့အစည်းမှာ ချောတာက အသုံးမဝင်ဘူး။ မျက်စိပသာဒတော့ ဖြစ်ပေမဲ့ အခြေကျဖို့အတွက်နဲ့ ဘဝရှင်သန်ရေးအတွက် စီးပွားရေးအခြေခံတစ်ခုတော့ ရှိဖို့လိုတယ်လေ"
စုချင်းက ပြုံးလျက် စုဝမ်ယိကို ပြောလိုက်၏။
စုဝမ်ယိလည်း ယဲ့ချန်းကို ပစ်မှတ်ထားနေသော သူ(မ)ဝမ်းကွဲ၏ ဆိုလိုရင်းကို နားလည်သည်။ သူ(မ)မှာ အလွန်ဒေါသထွက်ရသဖြင့် နူးညံ့သော မျက်နှာထက်တွင် ရဲရဲနီသွားလေတော့သည်။
စုဝမ်ယိ၏ ခံစားချက်ကို ယဲ့ချန်းကလည်း သတိထားမိသည်။ ထိ့ုကြောင့် သူ(မ)၏လက်ဖဝါးကို ညင်သာစွာပုတ်၍ ချော့မော့လိုက်သည်။
လီဝမ်ကလည်း ဆိုလာ၏။
"ဝမ်ယိ.. မိတ်ဆွေဖွဲ့တာကိုတော့ အမေ မတားလိုပါဘူး။ ဒါပေမဲ့ အမေ့ရဲ့လိုအပ်ချက်က အနည်းဆုံးတော့ တစ်နှစ်ဝင်ငွေတစ်သန်းရှိပြီး စီးတဲ့ကားကလည်း BMW740ဖြစ်ရမယ်"
လင်းဖျင်က ထိုစကားကိုကြားပြီး အလွန်ဝမ်းသာသွားသည်။ ဤအချက်မှာ သူ့ကို ရည်ညွှန်းနေခြင်းပင်။
ထိုအချိန်မှာ သူ တစ်ကိုယ်တည်းရေရွတ်မိသည်။
"အိုး..ဒီအခန်းထဲက တော်တော်ပူတာပဲ"
ထိုသို့ပြောရင်း လင်းဖျင် သူ့ကုတ်အင်္ကျီကို ချွတ်လိုက်၏။ သူသည် အင်္ကျီလက်အနားစကို တမင်တကာခေါက်တင်၍ လက်ကောက်ဝတ်ရှိ ရိုးလက်စ်နာရီကို လှစ်ဟပြလိုက်သည်။
"အမလေး.. ခုနစ်နာရီတောင်ထိုးတော့မှာပဲ။ စားစရာမှာကြရအောင်လေ။ ဒါကို ကျွန်တော် ဝယ်ကျွေးမှာနော်။ ဒီတက္ကစီဒရိုင်ဘာကလည်း ငွေရှာရတာ သိပ်လွယ်တာမှမဟုတ်တာ"
လီဝမ်က လင်းဖျင်၏နာရီကိုကြည့်၍ ဝမ်းသာသွားချေသည်။ လင်းဖျင်ဝတ်ထားသော နာရီမှာ အနည်းဆုံး တစ်သန်းကျော်ပေးရသည်။ ဤသည်ကပင် လင်းဖျင်၏အရည်အချင်းကို သက်သေပြလိုက်ပြီးဖြစ်၏။
ယဲ့ချန်းလည်း ထပ်ပြုံးမိပြန်သည်။ ထို့နောက် သူလည်း ဂျာကင်ကို ချွတ်လိုက်၏။
"ဟုတ်တယ်။ ဒီနေရာက တော်တော်ပူတာ"
ယဲ့ချန်း၏လက်ကောက်ဝတ်ထက်ရှိ နာရီကို မြင်လိုက်ရသောအခါ လင်းဖျင်၏အကြည့်များ တောင့်ခဲသွားရလေသည်။
ဝိုး Patek Philippeနာရီကြီးပဲ!
လီဝမ်နှင့် စုချင်းတို့လည်း ယဲ့ချန်း၏လက်ကောက်ဝတ်ရှိ နာရီကို မြင်လိုက်ရပြီးနောက် ကြက်သေသေကုန်ကြသည်။ ထိုနာရီက Patek Philippeဖြစ်ကြောင်း သူတို့သိသည်။
တက္ကစီဒရိုင်ဘာတစ်ယောက်က Patek Philippeနာရီကို ပတ်နိုင်တယ်တဲ့လား။ ထူးဆန်းလှပေသည်။
လင်းဖျင်က နာရီများကို အလွန်သဘောကျသဖြင့် Patek Philippeနာရီများအကြောင်း အကျွမ်းတဝင်သိထားသည်။ ယဲ့ချန်း၏လက်ကောက်ဝတ်ရှိ နာရီမှာ ၁၇၅နှစ်ပြည့်အတွက် အမှတ်တရအနေနှင့်ထုတ်ထားသော Patek Philippeအထူးထုတ်နာရီဖြစ်ပြီး တန်ဖိုးအားဖြင့် ၁၇သန်းရှိ၏။
ဤနာရီကို ရီတာ့အုပ်စု၏ ပင်မရှယ်ယာရှင်တစ်ယောက်က ဝယ်ယူသွားသည်ဟု လင်းဖျင် သတင်းရထားသည်။ ထိုသို့ဆိုပါက ယဲ့ချန်း၏နာရီက အတုပင်ဖြစ်ရမည်။
လင်းဖျင် အေးတိအေးစက်သရော်လိုက်သည်။
"ငါ့ရှေ့မှာ ဟိတ်တစ်လုံးဟန်တစ်လုံး လာလုပ်ပြချင်တယ်ပေါ့။ မင်း တော်တော်ဝါနုသေးတာပဲ"
လုပ်ငန်းရှင်ကြီးတစ်ယောက်လို လုပ်ပြဖို့အတွက် နာရီအတုကို ဝတ်ထားသတဲ့။ ဒါပေမဲ့ မင်း ငါနဲ့တွေ့တာ ကံဆိုးတာပဲ။
လင်းဖျင်က စုချင်းအား မက်ဆေ့ချ်တစ်စောင် ပို့လိုက်သည်။
"မင်းဝမ်းကွဲရဲ့ကောင်လေးက တော်တော်အံ့ဩဖို့ကောင်းတာပဲ။ Patek Philippeနာရီအတုကြီးကို ပတ်ထားပြီး လူအထင်ကြီးခံရအောင် လုပ်နေတာ။ ငါ ရယ်သေတော့မယ်"
"သူတော်ကောင်းယောင်ဆောင်တဲ့ အချောအလှတွေများ… ငါ့ဝမ်းကွဲ သူ့ရဲ့သရုပ်မှန်ကို သိသွားအောင် လုပ်ပြမယ်"
စုချင်းက တမင်တကာ စကားဆိုလိုက်သည်။
"အန်တီ.. ကျွန်မရဲ့သူငယ်ချင်းတစ်ယောက်က ကျောင်းသားဟောင်းတွေ့ဆုံပွဲကိုသွားဖို့ ဇိမ်ခံကားတစ်စီးငှားရင်း မတော်တဆကားတိုက်မှုဖြစ်တော့ လူအထင်ကြီးအောင်ဆက်မလုပ်နိုင်တော့ဘဲ ပိုက်ဆံသန်းဂဏန်းလောက်ပြုတ်သွားရှာတာ… "
"ပိုစိတ်ဝင်စားဖို့ကောင်းတာကလေ…ငါ့သူငယ်ချင်းတစ်ယောက်ဆိုရင် နှစ်လုံးတွဲဗီလာတစ်ခုကိုငှားထားပြီး ဒါက သူ့အိမ်ပါဆိုပြီးပြောတာ။ ဒါပေမဲ့ ပိုင်ရှင်က ရုတ်တရက်ပေါ်လာတော့ သူလည်း လုံးလုံးအရှက်ကွဲတော့တာပဲ"
လင်းဖျင် သရော်လိုက်ချေသည်။
"တချို့လူတွေက ဆင်းရဲမှန်း သိသာနေတာတောင် ချမ်းသာချင်ယောင်ဆောင်ကြသေးတယ်။ ဒီလိုလူတွေက သနားဖို့ကောင်းပြီး သိပ်လည်းရယ်ရတာ"
သူတို့၏စကားများက အချိတ်အဆက်မိနေသောကြောင့် လီဝမ်ကလည်း သူတို့ ယဲ့ချန်းကို လှောင်ပြောင်နေခြင်းဖြစ်ကြောင်း သတိထားမိလိုက်သည်။
လင်းဖျင်က ယဲ့ချန်းကိုကြည့်၍ ရုတ်တရက်မေးလိုက်၏။
"မစ္စတာယဲ့..ခင်ဗျားရဲ့ Patek Philippeက တော်တော်မိုက်တာပဲ။ အဲဒါက ၁၇၅နှစ်မြောက်အထိမ်းအမှတ်နဲ့ထုတ်ထားတဲ့ အထူးထုတ်နာရီနဲ့တူတယ်။ တော်တော်ဈေးကြီးမှာပဲနော်"
ယဲ့ချန်း တည်တည်ငြိမ်ငြိမ်ပြုံးပြလိုက်သည်။
"သိပ်ဈေးမကြီးပါဘူး။ ဆယ်သန်းကျော်တည်းပါ"
ဆယ်သန်းကျော်ပဲတဲ့လား?
လင်းဖျင်၏စိတ်ထဲ ယဲ့ချန်းအား အထင်ကြီးမိသည်။
နာရီအတုကိုပတ်ပြီး လူအထင်ကြီးခံရအောင်လုပ်တာ ပေါ်သွားတာတောင် တည်ငြိမ်နေတုန်းပဲ။
ဒီလူက တယ်လည်း ရဲတင်းပါလား….
••••••••••••