ချေးငွေ
Vol. 4 Ch. 58
စားသောက်ဆိုင်မှ ပြန်လာပြီးနောက် ယဲ့ချန်းလည်း စုဝမ်ယိကို အိမ်ပြန်ပို့လိုက်သည်။
"ယဲ့ချန်း ကျေးဇူးတင်ပါတယ်"
"ပြဿနာမရှိပါဘူး။ ဘာလို့ တအားယဉ်ကျေးပြနေတာလဲ"
"ယဲ့ချန်း.. ရှင် ကျွန်မကို ဘယ်လိုမြင်လဲ"
စုဝမ်ယိ မေးကြည့်လိုက်သည်။
"မင်းက လှတယ်။ ထက်မြက်တယ်။ ကြင်နာတတ်တယ်။ တကယ်အဆင်ပြေပါတယ်"
ယဲ့ချန်းလည်း တဒင်္ဂမျှစဉ်းစားကြည့်ပြီးနောက် ပြောလိုက်၏။
"ချီးကျူးမှုအတွက် ကျွန်မ ရှင့်ကို ကြယ်ငါးပွင့်ရီဗျူးပေးမယ်"
စုဝမ်ယိ ပြုံးလိုက်လေသည်။
[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ ဒုတိယမြောက်ကြယ်ငါးပွင့် (၂/၅)ကို အသက်သွင်းလိုက်ပါပြီ။ ဆုလာဘ်ကတော့ တွေးခေါ်မြော်မြင်မှု +၉၉၉၉ပါ]
တွေးခေါ်မြော်မြင်မှု+၉၉၉၉?
နောက်ထပ်စွမ်းရည်တစ်ခုပင်။
ညနေဘက် ယဲ့ချန်း အိမ်ပြန်ရောက်လာချိန်တွင် ကျိုးစုစုထံမှ ဖုန်းဝင်လာခဲ့သည်။
"ယဲ့ချန်း..ရှင့်ကျေးဇူးကြောင့် အမှုကိုဖြေရှင်းနိုင်ခဲ့တယ်။ မနက်ဖြန် အလုပ်ပြီးရင် ကျွန်မ ရှင့်ကို ညစာလိုက်ကျွေးပါရစေ"
"ကောင်းပြီလေ။ ဒါဆို မနက်ဖြန်မှတွေ့ကြမယ်"
ယဲ့ချန်း ဖုန်းချလိုက်သည်။
နောက်တစ်နေ့မနက်တွင် ယဲ့ချန်း ရုပ်ရှင်ရိုက်ကူးရေးကို ဆက်လုပ်ရသည်။ သို့သော် ဆရာယဲ့က ယနေ့ စိတ်နှင့်ကိုယ်မကပ်ကြောင်း ယဲ့ချန်း သတိထားမိလိုက်သည်။ ရိုက်ကူးနေစဉ်အတွင်း ဆရာယဲ့ သတိမထားမိလိုက်သော အမှားများကို သူ သတိပြုမိသည်။
ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိ၏။
"ဆရာယဲ့ ဘာဖြစ်နေတာလဲ"
"အဆင်ပြေပါတယ်"
ဆရာယဲ့၏စရိုက်ကို ယဲ့ချန်း ကောင်းကောင်းသိသည်။ ထိူလူက ရိုက်ကွက်တစ်ခုချင်းစီနှင့်ပတ်သက်ပြီး အလွန်စည်းကမ်းတင်းကျပ်သည်။ တစ်ခုခုသာ ဖြ စ်မနေဘူးဆိုပါက သူလည်း ယခုလိုအခြေအနေမျိုးကို ဆိုက်ရောက်နေမည်မဟုတ်။
ယဲ့ချန်း ယွီယွီကို သွားရှာလိုက်သည်။
"ဆရာယဲ့ဘာဖြစ်နေလဲဆိုတာ မင်းသိလား"
ယွီယွီကလည်း သက်ပြင်းချမိသည်။
"အစတုန်းက ဆရာယဲ့လည်း ကျွန်မကို ဘာမှပြောပြချင်တာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မတို့ရုပ်ရှင်မှာ ပြဿနာတစ်ခုတက်နေလို့"
"ဘယ်လိုပြဿနာလဲ"
ယဲ့ချန်း မေးကြည့်လိုက်သည်။
ယွီယွီကလည်း ဤသို့ပြန်ဖြေလာသည်။
"ကျွန်မရဲ့မိတ်ဆွေတစ်ယောက်ဆီက ကြားထားတာ… ထုတ်လုပ်သူတွေက ရှင့်နေရာကို လူသစ်တစ်ယောက်နဲ့ အစားထိုးချင်နေတာတဲ့။ ဒါပေမဲ့ ဆရာယဲ့က ငြင်းလိုက်တယ်လေ။ အဲဒါကြောင့် ထုတ်လုပ်သူတွေက ရန်ပုံငွေကို ပြန်ရုပ်သိမ်းသွားတယ်"
"အဲလိုကိုး"
ထိုသတင်းကိုကြားပြီးနောက် ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒါပေမဲ့ စိတ်မပူပါနဲ့။ ဆရာယဲ့က သူ့ဗီလာကိုရောင်းမယ်လို့ ကြားထားတယ်။ ဒီရုပ်ရှင်ကို ပြီးအောင်ရိုက်မှာပါ။ စိတ်ချ…"
ယဲ့ချန်း ဘာမှမပြောဘဲ ခေါင်းညိတ်ပြလိုက်၏။
ယနေ့ခေတ်တွင် ထုတ်လုပ်သူများက ကျော်ကြားမှုကိုသာ အလေးထားသည်။ ထို့ကြောင့်လည်း သည်းထိတ်ရင်ဖိုဒရမ်မာများနှင့် ဆိုးဝါးလှသော ရုပ်ရှင်များက ပေါသောနေခြင်းပင်။
ရုပ်ရှင်အရည်အသွေးနှင့် ပတ်သက်လာလျှင် သာမန်အရည်အသွေးလောက်ကို ဆရာယဲ့ သည်းမခံနိုင်ပေ။ ထို့ကြောင့် ထုတ်လုပ်သူများဘက်က သရုပ်ဆောင်လဲရန် အဆိုပြုလာခြင်းကို ငြင်းလိုက်ခြင်းဖြစ်၏။
အကြောင်းမှာ အဓိကဇာတ်လိုက်အတွက် ယဲ့ချန်းကသာ အကောင်းဆုံးရွေးချယ်မှုဖြစ်သောကြောင့်ပင်။
ယဲ့ချန်းလည်း ဆရာယဲ့၏အခန်းထဲသို့ သွားလိုက်၏။ ဆရာယဲ့ အပြင်သွားဖို့ ပြင်ဆင်နေသည်ကို မြင်သောအခါ မေးခွန်းထုတ်လိုက်လေသည်။
"ဆရာယဲ့.. ဘယ်သွားမလို့လဲ။ ကျွန်တော်လိုက်ပို့ပေးမယ်လေ"
ယဲ့ချန်း ပြုံးပြုံးလေးပြောလိုက်၏။
"ငါ ဘဏ်သွားမလို့။ မင်းလည်း ငါနဲ့လိုက်ခဲ့လို့ရတယ်"
ဆရာယဲ့ ပြောလိုက်၏။
ဟန်တျန့်မှ ကားမောင်းလာခဲ့ပြီးနောက် ယဲ့ချန်း ရဲကားအမြောက်အများ အပြေးအလွှားသွားနေကြသည်ကို မြင်လိုက်ရ၏။ ထိုရဲကားထဲတွင် ကျိုးစုစုကို မြင်လိုက်သည်။
ဟန်တျန့်မှာ တစ်ခုခုဖြစ်နေတာများလား?
ယဲ့ချန်းလည်း ကားမောင်းခြင်းကို အာရုံပြန်စိုက်လိုက်ပြီးနောက် ဆရာယဲ့ကို ပြောလိုက်၏။
"ဆရာယဲ့… ရိုက်ကူးရေးမှာ ပြဿနာတစ်ခုခုရှိလို့လား"
ဆရာယဲ့က နောက်ခုံမှာ ထိုင်ရင်း မျက်လုံးမှိတ်ကာ ပြောလာလေသည်။
"စိတ်မပူပါနဲ့။ ငါရှိနေသရွေ့ ရိုက်ကူးရေးကို သေချာပေါက်ပြီးအောင်လုပ်မှာပါ"
"ဆရာယဲ့..ကျေးဇူးတင်ပါတယ်"
ယဲ့ချန်း ဆရာယဲ့ကို စိတ်ရင်းဖြင့် ကျေးဇူးတင်မိသည်။
ဆရာယဲ့က သူ့ကို ရုပ်ရှင်ထဲ၌ ဇာတ်လိုက်နေရာတွင် ထားရဖို့အရေး ရင်းနှီးမြှုပ်နှံသူများ ရန်ပုံငွေကို ပြန်ထုတ်သွားသည့်တိုင် သူ့အိမ်ကို ပေါင်နှံခဲ့သည်။ ဤပြတ်သားမှုကြောင့် ယဲ့ချန်း၏ရင်ထဲ ထိရှသွားရသည်။
ထို့နောက် သူတို့ ဘဏ်သို့ရောက်လာခဲ့သည်။ ဘဏ်မန်နေဂျာက ဆရာယဲ့အား ရုံးခန်းထဲတွင် ခေါ်တွေ့သည်။
"ဆရာယဲ့ တွေ့ရတာဝမ်းသာပါတယ်"
ဆရာယဲ့ကလည်း ပြုံးပြလိုက်၏။
"မန်နေဂျာကျန်း.. ကျွန်တော် ဖုန်းဆက်ပြီးပြောထားတဲ့ ချေးငွေကိစ္စလေ.. ဒီနေ့ ရနိုင်မလား"
"တောင်းပန်ပါတယ် ဆရာယဲ့..ကျွန်တော်တို့ အစည်းအဝေးလုပ်ပြီးပြီဗျ။ အဲဒီကိစ္စက မဖြစ်နိုင်လောက်ဘူး"
မန်နေဂျာကျန်းက အသက်မပါဟန်ဖြင့် ရယ်မောလျက် ပြောလာလေသည်။
"ဘာလို့မရရတာလဲ။ ကျွန်တော့်အိမ်ကို အပေါင်ထားမယ်လို့ ကမ်းလှမ်းထားတာပဲ။ အဲဒါတောင် ဘာလို့မဖြစ်နိုင်ရတာလဲ"
ဆရာယဲ့လည်း စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
"ကျွန်တော်တို့ ခင်ဗျားရုပ်ရှင်ကို လေ့လာပြီးသွားပြီ။ အဓိကဇာတ်လိုက်က လူမသိသူမသိသရုပ်ဆောင်တစ်ယောက်ဖြစ်နေတယ်။ ဒီလိုသရုပ်ဆောင်မျိုးနဲ့ဆိုရင် ရုံတင်ငွေကောင်းကောင်းရဖို့လည်း အာမခံချက်မရှိဘူး"
"ကျွန်တော် လူသစ်တွေကိုသုံးပြီး ရုပ်ရှင်အများကြီးရိုက်ဖူးပါတယ်။ သူတို့တွေရော မအောင်မြင်ခဲ့လို့လား"
ဆရာယဲ့ ဒေါသတကြီး ပြောလိုက်မိတော့သည်။
"ဆရာယဲ့..ကိုယ်ရေးကိုယ်တာအရဆိုရင် ကျွန်တော် ခင်ဗျားရုပ်ရှင်တွေကို သဘောကျပါတယ်။ ဒါပေမဲ့ အခု ခင်ဗျားက အိုနေပြီ။ ဒီခေတ်ကလည်း အရင်ခေတ်နဲ့ မတူတော့ဘူး"
မန်နေဂျာကျန်းက အေးတိအေးစက်ပြောလာသည်။
"ပေါက်ကရတွေ.. ဆရာယဲ့က သရုပ်မဆောင်တော့ဘူးဆိုရင်တောင် သူ့အခြေခံအုတ်မြစ်ကတော့ ကျန်နေတုန်းပဲ။ ရုံတင်ငွေကောင်းကောင်းရမယ်ဆိုတာ အာမခံနိုင်တယ်"
ယဲ့ချန်းလည်း ဆက်သည်းမခံနိုင်တော့သဖြင့် ဝင်ပြောလိုက်သည်။
ဆရာယဲ့က သူ့အိုင်ဒေါလ်ဖြစ်၏။ ယခုဆိုလျှင် ဆရာယဲ့၏ဆုံးဖြတ်ချက်ပြတ်သားမှုကြောင့် ပို၍ပင် လေးစားမိသည်။ ထို့ကြောင့် ဘယ်သူမှ ဆရာယဲ့ကို လှောင်ပြောင်ခွင့်မပေးနိုင်ပေ။
"မင်းက ဘယ်သူလဲ။ ဒီနေရာမှာ မင်းဝင်ပြောပိုင်ခွင့်ရှိလို့လား"
ဆရာယဲ့၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားသည်။
"ရှောင်ချန်း စိတ်လိုက်မာန်ပါမလုပ်နဲ့။ ဖြည်းဖြည်းချင်းပြောကြတာပေါ့"
မန်နေဂျာကျန်းက ယဲ့ချန်းကို စက်ဆုပ်ရွံရှာဟန်ဖြင့် ကြည့်လိုက်လေသည်။
"ဆရာယဲ့.. ခင်ဗျားရဲ့သဘောထားက ဒီလိုဆိုမှတော့ ဘာမှညှိနှိုင်းနေစရာမလိုတော့ပါဘူး။ လွန်ခဲ့တဲ့ဆယ်နှစ်ကသာဆိုရင် ခင်ဗျားအတွက် ချေးငွေယူဖို့ လွယ်ချင်လွယ်ဦးမယ်။ ဒါပေမဲ့ အခုတော့… တောင်းပန်ပါတယ်"
ထိုစကားကိုကြားသောအခါ ဆရာယဲ့လည်း မျက်နှာထားတင်းသွားချေသည်။ သူ့မျက်နှာကလည်း ဆတ်ခနဲလှုပ်သွားသည်။
တစ်ချိန်တုန်းက သူသည် ရုံတင်ငွေကောင်းဖို့ အာမခံနိုင်ခဲ့သည်။ သူ့ရုပ်ရှင်များကလည်း မလွဲမသွေအောင်မြင်ခဲ့သည်သာ။
ယခုနောက်ပိုင်းတွင် သူသည် ရိုက်ကူးရေးတွင်သာ အာရုံစိုက်ခဲ့ပြီး အောင်မြင်သော ရုပ်ရှင်ပေါင်းများစွာကို ရိုက်ကူးခဲ့သည်။
သို့သော် လွန်ခဲ့သည့်နှစ်နှစ်အတွင်း သူ့ရုပ်ရှင်နှစ်ခုက ကျရှုံးခဲ့ရသည်။ ထို့ကြောင့်လည်း ယခုရုပ်ရှင်ကို အောင်မြင်ရမည်ဟု သူ စိတ်ပိုင်းဖြတ်ထားခြင်းဖြစ်၏။
သို့သော် ချေးငွေယူ၍ မရခဲ့လျှင် ရိုက်ကူးရေးကိုလည်း ရပ်တန့်ရပေလိမ့်မည်။ ဆရာယဲ့၏မျက်လုံးထဲ၌ စိတ်ပျက်မှုနှင့် ကူကယ်ရာမဲ့မှုအရိပ်အယောင်တို့ ပြည့်နှက်သွားသည်။
"ထားလိုက်ပါတော့ ရှောင်ချန်း.. ငါ အိမ်ရောင်းဖို့ စဉ်းစားကြည့်လိုက်မယ်။ ဒီရုပ်ရှင်ကို သေချာပေါက်ရိုက်ကိုရိုက်ရမယ်ကွာ"
ဆရာယဲ့ သက်ပြင်းချလိုက်မိသည်။
တကယ်တမ်းမှာတော့ ယဲ့ချန်းကိုယ်တိုင်လည်း ဤရုပ်ရှင်ကို ငွေကြေးထောက်ပံ့နိုင်သော်ငြား ဆရာယဲ့ဘက်က ရပ်တည်ပေးချင်မိသည်။
"ဒီဘဏ်မှာ ရာထူးအမြင့်ဆုံးခေါင်းဆောင်က ဘယ်သူလဲ"
ယဲ့ချန်း တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
မန်နေဂျာကျန်းကလည်း ပြန်ပြောလေသည်။
"ဒီဘဏ်မှာ ငါက တာဝန်ခံပဲ။ မင်း ပြောစရာရှိသေးလို့လား။ မရှိရင် ထွက်သွားပါ။ ငါ အရမ်းအလုပ်များနေတယ်"
ယဲ့ချန်းလည်း မန်နေဂျာကျန်း၏အဝတ်အစားပေါ်ရှိ တံဆိပ်ပြားကို တစ်ချက်ကြည့်ပြီးနောက် ပေါ့ပေါ့ပါးပါးပြောလိုက်၏။
"ခင်ဗျားက လက်ထောက်မန်နေဂျာအဆင့်ပဲရှိတာမဟုတ်ဘူးလား။ ခင်ဗျားတို့ရဲ့အထွေထွေမန်နေဂျာကို လွှတ်လိုက်။ ခင်ဗျားက အရည်အချင်းမမီသေးဘူး"
"မင်း…"
မန်နေဂျာကျန်း ရုတ်တရက်ကြီး ထရယ်လေသည်။
"ချာတိတ်… မင်း ရုပ်ရှင်ဇာတ်ကွက်နည်းနည်းလောက် ရိုက်ထားပြီးပြီဆိုတာနဲ့ မင်းကိုယ်မင်း ဟုတ်လှပြီလို့ထင်မနေနဲ့။ နာမည်ကြီးဒါရိုက်တာတွေနဲ့ စတားတွေတောင် ငါ့ရှေ့မှာ ရိုရိုသေသေနေပြရတယ်ဆိုတာ မသိဘူးလား"
မန်နေဂျာကျန်းက မောက်မာစွာ ပြောလိုက်၏။
"တကယ်လား"
ယဲ့ချန်းကလည်း သရော်လိုဟန်ဖြင့် ပြုံးလိုက်လေသည်။
"ခင်ဗျားတို့အထွေထွေမန်နေဂျာကိုပြောလိုက်။ ကျုပ်က ဒီရုပ်ရှင်အတွက် အာမခံပေးတဲ့လူလို့.. ကျုပ်နာမည်က ယဲ့ချန်း"
"ယဲ့ချန်းလား"
မန်နေဂျာကျန်းလည်း အံ့အားသင့်သွားပြီးနောက် အကျယ်ကြီးထရယ်လေသည်။
"ဒီတော့ မင်းက အဓိကဇာတ်လိုက်ပေါ့လေ? ငါ မင်းကိုပြောမယ်။ မင်းသာ နာမည်ကြီးစတားတစ်ယောက်ဆိုရင် ဒီချေးငွေကို သေချာပေါက်ရနိုင်သေးတယ်။ ဒါပေမဲ့ မင်းဖြစ်နေတဲ့အတွက် ရုပ်ရှင်တစ်ခုလုံးကို ရိုက်မရတော့ဘူး။ အဲဒါတောင် မင်းက အာမခံပေးဦးမယ်ပေါ့လေ။ မင်းမှာ ဘာအရည်အချင်းရှိလို့လဲ"
မန်နေဂျာကျန်းက အေးတိအေးစက်ဆိုလိုက်သည်။
ဆရာယဲ့ကလည်း ယဲ့ချန်းကို ဆွဲထားသည်။
"ရှောင်ချန်း.. တော်တော့။ ငါတို့ နောက်တစ်နည်းစဉ်းစားကြတာပေါ့"
ဘဏ်များက သခင်များအလားဖြစ်ကြောင်း ဆရာယဲ့ နားလည်ထားသည်။ သို့ဖြစ်လေရာ သူတို့ကို သွားဆန့်ကျင်နေလျှင် ရလဒ်ကောင်းနိုင်မည်မဟုတ်ချေ။
သို့သော် ယဲ့ချန်းကတော့ ဤသို့ဆိုလာသည်။
"ဆရာယဲ့ စိတ်ချပါ။ ကျွန်တော် ဒီချေးငွေကို သေချာပေါက်ရအောင်ယူပေးမယ်"
ယဲ့ချန်း၏စကားကိုကြားသော် မန်နေဂျာကျန်းကတော့ အထင်အမြင်သေးဟန် ပြလာလေသည်။
သူက ချေးငွေထုတ်ပေးရာတွင် တာဝန်ယူထားသူပင်။ သူ့ခွင့်ပြုချက်မပါဘဲ ချေးငွေရဖို့ဆိုလျှင် အထွေထွေမန်နေဂျာ၏ ကြားဝင်ဆောင်ရွက်မှုကို လိုအပ်သည်။
ထို့ပြင် ယဲ့ချန်း၏သဘောထားကြောင့် မည်သူဝင်ရောက်စွက်ဖက်သည်ဖြစ်စေ သူတို့အား ချေးငွေထုတ်မပေးဘူးဟု မန်နေဂျာကျန်း ဆုံးဖြတ်ချက်ချထားသည်။
ထို့နောက် ယဲ့ချန်းက ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်၏။
"ဥက္ကဋ္ဌလီလား"
"ဥက္ကဋ္ဌယဲ့.. မင်္ဂလာပါ.. ဘာများလုပ်ပေးရမလဲ"
ဖုန်းတစ်ဖက်မှ တလေးတစားစကားဆိုလာသံကို ကြားလိုက်ရသည်။
အစောပိုင်းတုန်းက ယဲ့ချန်း ဟွားနိုင်ငံဘဏ်၏ ရှယ်ယာ၃၅ရာခိုင်နှုန်းကို ရရှိခဲ့ပြီး ဘဏ်၏ ပင်မရှယ်ယာရှင်တစ်ယောက် ဖြစ်လာခဲ့သည်။
ယဲ့ချန်းသာ စကားတစ်ခွန်းဟလိုက်လျှင် သူ့ရာထူးကိုပင် ဖယ်ရှားပစ်နိုင်သည်။ ထို့ကြောင့် တစ်ဖက်လူကလည်း သူ့အား မလေးမစားမပြုရဲချေ။
"ဥက္ကဋ္ဌလီ.. ခင်ဗျားက တော်တော်ဩဇာလွှမ်းမိုးမှုရှိတာပဲ။ ခင်ဗျားရဲ့လက်ထောက်မန်နေဂျာက ကျုပ်ကို ခင်ဗျားနဲ့တွေ့ဖို့ အရည်အချင်းမရှိဘူးလို့ ပြောနေတယ်"
•••••••••••••