← Chapters

Hennessy Poisonပြိုင်ကား

Vol. 4 Ch. 59

Hennessy Poisonပြိုင်ကား

Vol. 4 Ch. 59

လီမင်ခမျာ ယဲ့ချန်း၏စကားကို ကြားလိုက်ရချိန်ဝယ် သေမတတ်ကြောက်လန့်သွားလေသည်။

"ဥက္ကဋ္ဌယဲ့ ခင်ဗျားဘယ်မှာလဲ"

ယဲ့ချန်းက ပေါ့ပေါ့ပါးပါးပြောလိုက်လေသည်။

"ခင်ဗျားတို့ဘဏ်က မန်နေဂျာကျန်းရဲ့ရုံးခန်းထဲမှာ"

"ဥက္ကဋ္ဌယဲ့..ကျုပ် ချက်ချင်းလာခဲ့ပါ့မယ်"

ယဲ့ချန်း ဖုန်းချလိုက်သောအခါ ကျန်းထောင်၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားသည်။

ယဲ့ချန်းက ဥက္ကဋ္ဌလီနဲ့ သိနေတာများလား?

ထိုအချိန်မှာပင် ရုံးခန်းတံခါးမှာ ဘန်းခနဲတွန်းဖွင့်ခံလိုက်ရသည်။ ထို့နောက် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် အလျင်စလိုဖြင့် ရောက်ချလာသည်။

လီမင်ကိုမြင်သောအခါ ကျန်းထောင် အလျင်အမြန်ပြောလိုက်၏။

"ဥက္ကဋ္ဌလီ ခင်ဗျား…"

သို့သော် လီမင်ကတော့ ကျန်းထောင်ကို လုံးဝမကြည့်ချေ။ ယဲ့ချန်းအနားသို့ အမြန်လျှောက်သွားပြီး‌ ပြောလိုက်၏။

"ဥက္ကဋ္ဌယဲ့.. အလုပ်ကိုသေချာမစီမံမိတဲ့ ကျုပ်အပြစ်ပါ။ ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ"

ကျန်းထောင်ကတော့ ဤမြင်ကွင်းကို မျက်လုံးအပြူးသားနှင့် စိုက်ကြည့်ရင်း အံ့အားသင့်နေပေသည်။ ဆရာယဲ့ပင် တဒင်္ဂမျှကြောင်အသွားရသည်။

လီမင်က ဟွားနိုင်ငံဘဏ်၏ မိုတုဘဏ်ခွဲအထွေထွေမန်နေဂျာပင်။ ဤအဆင့်အတန်းမျိုးဖြင့်သာဆိုလျှင် သူ့ကိုသာ ဤနယ်ပယ်ထဲရှိ ဒိတ်ဒိတ်ကြဲများက ခယနေရမည်ဖြစ်၏။

ပြီးခဲ့သည့်တစ်ခေါက် ပါတီပွဲတွင် ဆရာယဲ့က ရင်းနှီးမြှုပ်နှံသူပါတနာများနှင့်အတူ လီမင်အား ခွက်မြှောက်ဂုဏ်ပြုပေးခဲ့ရသေးသည်။ ထိုစဉ်တုန်းကတော့ ဤလူက အလွန်မောက်မာနေခဲ့သည်။

ဤမျှမောက်မာလှသော လူက ယဲ့ချန်းရှေ့မှာတော့ မြေးလေးတစ်ယောက်အလား ခယနေလိမ့်မည်ဟု သူ လုံးဝထင်မထားချေ။

ယဲ့ချန်းကတော့ မတုန်မလှုပ်ပြောလိုက်သည်။

"ဥက္ကဋ္ဌလီ.. ကျွန်တော်က ခင်ဗျားနဲ့တွေ့ဖို့ အရည်အချင်းမရှိဘူးလို့ မန်နေဂျာကျန်းက ပြောတယ်။ ကြည့်ရတာတော့ ခင်ဗျားက တော်တော်ကြီးကျယ်ခမ်းနားပုံရတယ်"

လီမင်ခမျာ ကြောက်လန့်ရလွန်းသဖြင့် တစ်ကိုယ်လုံးချွေးရွှဲနေပေသည်။ ထို့နောုက် သူ ကျန်းထောင်ကို ဒေါသတကြီးစိုက်ကြည့်လိုက်၏။

"ဥက္ကဋ္ဌယဲ့..ခင်ဗျားရောက်နေမှန်း ကျုပ်မသိလို့ပါ။ မဟုတ်ရင် ကျုပ်ကိုယ်တိုင် ခင်ဗျားကိုထွက်ကြိုမှာပေါ့"

လီမင်တစ်ယောက် ယဲ့ချန်းရှေ့တွင် အိမ်မွေးခွေးတစ်ကောင်အလား ပြုမူနေသဖြင့် ကျန်းထောင်လည်း နားမလည်နိုင်ဖြစ်သွားရသည်။

မိုတုဘဏ်ခွဲ၏ အထွေထွေမန်နေဂျာဖြစ်သော လီမင်ကို လုပ်ငန်းရှင်များကပင် လေးစားသမှုရှိရသည်။

သူက ဒီလူငယ်လေးကို ဘာလို့ကြောက်နေရတာလဲ?

ရုတ်ခြည်းဆိုသလို သူ့စိတ်ထဲ၌ နာမည်တစ်ခု ပေါ်ပေါက်လာသည်။

"ယဲ့ချန်း!"

ဟုတ်ပေသည်။ ဤဒရမ်မာ၏ဇာတ်လိုက်မှာ ယဲ့ချန်းပင်။

ကျန်းထောင် ရုတ်တရက်အမှတ်ရလိုက်သည်။ လတ်တလောတုန်းကမှ ထူးခြားဆန်းကြယ်လှသော လူငယ်လေးတစ်ယောက်က ဟွားနိုင်ငံဘဏ်၏ ရှယ်ယာ၃၅ရာခိုင်နှုန်းကို ဝယ်သွားခဲ့ပြီး ရှယ်ယာအများဆုံးလူ ဖြစ်လာခဲ့သည်။

ထိုလူ၏နာမည်ကလည်း ယဲ့ချန်းပင်။

သူက ထူးခြားဆန်းကြယ်လှသော ရှယ်ယာရှင်များလား?

ကျန်းထောင်၏အမူအရာမှာ ရုတ်တရက်ကြီး ပျက်ယွင်းသွားရသည်။ အဆုံးမှာတော့ လီမင်က ယဲ့ချန်းကို ဘာကြောင့် အလွန်ရိုသေနေရသလဲဆိုတာကို သူ နားလည်လိုက်ချေပြီ။

ဖြစ်နိုင်ခြေကား တစ်ခုတည်းသာရှိ၏။ ဤယဲ့ချန်းမှာ ကုမ္ပဏီ၏ အများဆုံးရှယ်ယာရှင်ဖြစ်သည်။

ကျန်းထောင်ခမျာ အသက်ပြင်းပြင်းရှူသွင်းရင်း ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။

"ဥက္ကဋ္ဌယဲ့.. ကျွန်တော်တောင်းပန်ပါတယ်။ ခင်ဗျားက အဓိကရှယ်ယာရှင်မှန်း ကျွန်တော်မသိလို့ပါ။ ကျွန်တော်မှားသွားပါတယ်။ ခွင့်လွှတ်ပေးပါ"

ကျန်းထောင်လည်း အသိပြန်ဝင်လာသည်နှင့် ယဲ့ချန်းအနားသို့ အလျင်အမြန်ချဉ်းကပ်ကာ ဝန်ချတောင်းပန်လိုက်သည်။

ပြိုင်ဘက်ကင်းဟန်တူသော ဘဏ်အမှုဆောင်နှစ်ယောက်က ယဲ့ချန်းရှေ့တွင် မြေးလေးများအလား ဝပ်တွားခယနေသည့်မြင်ကွင်းကို မြင်လိုက်ရသောအခါ ဆရာယဲ့လည်း ခေါင်းရှုပ်သွားရသည်။

ဘဏ်အရာရှိနှစ်ယောက်ကိုပင် ရိုရိုသေသေဆက်ဆံလာအောင် လုပ်နိုင်နေလေရာ ယဲ့ချန်းက ဘယ်သူများလဲ?

"ကျုပ် အဓိကဇာတ်လိုက်အနေနဲ့ရိုက်တဲ့ ရုပ်ရှင်က ရင်းနှီးမြှုပ်နှံဖို့ ဘာတန်ဖိုးမှမရှိဘူးလို့ ခုနကပဲ ခင်ဗျားပြောလိုက်တာမလား"

ယဲ့ချန်း တည်တည်ငြိမ်ငြိမ်သာ ဆိုလိုက်ပြန်သည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ခင်ဗျားဝင်ရိုက်တဲ့ရုပ်ရှင်က လုံးဝနာမည်ကြီးမှာပါ"

ကျန်းထောင်ခမျာ ဖြူဖျော့နေသောမျက်နှာဖြင့် ပြောလိုက်၏။

"ဪ အဲဒီလိုဆိုရင် မန်နေဂျာကျန်း.. ခင်ဗျား ဘယ်လောက်ချေးပေးချင်လဲ"

ယဲ့ချန်း မတုန်မလှုပ်ဟန်ဖြင့် မေးလိုက်သည်။

"မစ္စတာယဲ့ပြောသလောက် ထုတ်ပေးမှာပါ"

ကျန်းထောင်လည်း ချွေးများကိုသုတ်ဖယ်ရင်း ပြောလိုက်၏။

ယဲ့ချန်းကတော့ ထူးမခြားနားဟန်ဖြင့် ‌ပြောလိုက်သည်။

"ဆရာယဲ့က ရုပ်ရှင်တွေကို ချစ်မြတ်နိုးတဲ့လူတစ်ယောက်ပဲ။ ဒီလိုအနုပညာရှင်မျိုးကို ကျုပ်တို့ ထောက်ပံ့ပေးသင့်တယ်"

ကျန်းထောင်လည်း အဆက်မပြတ်ခေါင်းညိတ်ပြလိုက်သည်။

"ဥက္ကဋ္ဌယဲ့ပြောတာ မှန်ပါတယ်။ ဥက္ကဋ္ဌယဲ့က သိပ်အမြော်အမြင်ရှိတာပဲ"

ယဲ့ချန်းလည်း ကျန်းထောင်ကို အခက်တွေ့အောင် လုပ်မနေတော့ပေ။ ကျန်းထောင်က အတန်ငယ်မောက်မာသော်ငြား အလုပ်လုပ်ရာတွင် အာရုံစူးစိုက်မှုရှိသည်။

အမှန်အတိုင်းပြောရလျှင် သူ့ယခင်ဘဝတုန်းက ဤရုပ်ရှင်ကိုကြည့်ထားသဖြင့် အကြီးအကျယ်ပေါက်မည်ဟု ကြိုသိထားသောကြောင့်သာ မဟုတ်ပါက သူလည်း ဤရုပ်ရှင် အောင်မြင်နိုင်မည်ဟု တစ်ထစ်ချမပြောနိုင်ပေ။

ယဲ့ချန်းနှင့် ဆရာယဲ့တို့လည်း ဘဏ်မှ ထွက်လာခဲ့ကြသည်။ ထိုနှစ်ယောက်ကတော့ ယဲ့ချန်းကို တံခါးနားအထိ တလေးတစား လိုက်ပါပို့ဆောင်ပေးခဲ့သည်။ လီမင်ကိုယ်တိုင် ယဲ့ချန်းအတွက် ကားတံခါးဖွင့်ပေးနေချိန်မှာ ကျန်းထောင်ကတော့ ဘေးနားတွင် အစောင့်တစ်ယောက်အလား မတ်မတ်ရပ်နေခဲ့သည်။

ကားထဲကိုဝင်ထိုင်လိုက်သည့်တိုင် ဆရာယဲ့မှာ ဤအဖြစ်ကို မယုံနိုင်သေးပေ။

"ယဲ့ချန်း မင်းက သိပ်အံ့ဩဖို့ကောင်းတာပဲ"

ဆရာယဲ့ ထိုသို့မပြောဘဲ မနေနိုင်တော့ပေ။

"ဟားဟား.. ကျွန်တော်က ဆရာယဲ့အောင် ဝမ်းသာအောင်လုပ်ပေးနိုင်တာနဲ့တင် ကျေနပ်ပါပြီ"

ယဲ့ချန်း ထိုသို့ပြောလိုက်သည်။

"မင်းက ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်ဖြစ်နေလိမ့်မယ်လို့ ငါလုံးဝထင်မထားဘူး"

ထိုစကားမှတစ်ဆင့် ဆရာယဲ့သည် ယဲ့ချန်း၏သရုပ်မှန်ကို ရိပ်မိသွားပြီဖြစ်ကြောင်း သိနိုင်လေသည်။

ဟွားနိုင်ငံဘဏ်၏ အဓိကရှယ်ယာရှင်ရာထူးမှာ စင်စစ်ကြီးမားလှပေသည်။ ယခု ဆရာယဲ့မှာ ယဲ့ချန်းနှင့် စကားပြောရာတွင် အလွန်သတိထားနေရသည်။

"ဆရာယဲ့.. ကျွန်တော့်ကို အရင်လိုပဲ ဆက်ဆံလို့ရပါတယ်ဗျာ။ ကျွန်တော်တို့အချင်းချင်း ယဉ်ကျေးနေစရာမလိုပါဘူး"

"ငါရိုက်တဲ့ရုပ်ရှင်တွေထဲမှာ ဇာတ်ကောင်တော်တော်များများက ကြွားတဲ့နေရာမှာ ဆရာကြီးတွေချည်ပဲ။ ဒါပေမဲ့ တစ်ယောက်မှ မင်းလောက် ဖြစ်ဖြစ်မြောက်မြောက်မရှိဘူး"

ဆရာယဲ့က ခပ်မဲ့မဲ့ပြုံးလျက် ပြောလိုက်သည်။

"ဟားဟား.. အဲဒီလိုလား။ ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာယဲ့"

"ယဲ့ချန်း… ဒီလောက်ပိုက်ဆံအများကြီးရှိနေတာတောင် မင်း ဘာလို့ ရုပ်ရှင်တွေရိုက်နေသေးတာလဲ"

ဆရာယဲ့လည်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေသည်။

"ဒီအလုပ်ကို ကျွန်တော်ချစ်လို့နေမယ်"

ယဲ့ချန်း တဒင်္ဂမျှတွေးတောပြီး ပြန်ဖြေလိုက်သည်။

"အချစ်လား"

ဆရာယဲ့မှာ သူနှင့် သဘောထားချင်းတိုက်ဆိုင်သော လူတစ်ယောက်ကို တွေ့လိုက်ရသည်ဟု ရုတ်တရက်ကြီးခံစားလိုက်ရသည်။

တကယ်တော့ သူလည်း အတူတူပင်။

သူ့အသက်ကြောင့် သရုပ်မဆောင်နိုင်တော့သော်ငြား ဒါရိုက်တာအဖြစ် ရှေ့ဆက်နေခြင်းမှာ ရုပ်ရှင်များကို ချစ်မြတ်နိုးသောကြောင့်ပင်။

ယခုပင် ရုပ်ရှင်တစ်ကားရိုက်ရဖို့အတွက်နှင့် သူ့ဗီလာကိုပင် ရောင်းဖို့ ကြံခဲ့သေးသည်။ ဤကဲ့သို့သော စိတ်အားထက်သန်မှုမျိုးမှာ အခြားသူများ နားမလည်နိုင်သောအရာပင်။

ယဲ့ချန်းလည်း ဆရာယဲ့ကို သူ့ဗီလာဆီသို့ ပြန်ပို့ပေးခဲ့သည်။ ထို့နောက် ဆရာယဲ့က ပြုံးလျက် ပြောလိုက်၏။

"ပုံမှန်အတိုင်း ကြယ်ငါးပွင့်ရီဗျူးပဲမလား"

"ဟားဟား ကျေးဇူးတင်ပါတယ် ဆရာယဲ့"

ယဲ့ချန်း ကျေးဇူးတင်စကားဆိုလိုက်၏။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ သုံးခုမြောက်ကြယ်ငါးပွင့်(၃/၅)ကို အသက်သွင်းလိုက်ပါပြီ။ ဆုလာဘ်ကတော့ Hennessy Poison GT ပြိုင်ကားတစ်စီးပါ]

နောက်ထပ်ပြိုင်ကားတစ်စီးပါလား?

ယဲ့ချန်း တဒင်္ဂမျှ ကြက်သေသေသွားရသည်။

သူ့Paganiပြိုင်ကားက သန်းသုံးဆယ်ဝန်းကျင်ရှိသော်ငြား ဤHennessy Poisonပြိုင်ကားကမူ ထိုဈေးနှုန်းထက် နှစ်ဆပိုများသည်။ တန်ဖိုးအားဖြင့် သန်း၇၀ပေးရသည်။

ဤပြိုင်ကားသည် မြင်းကောင်ရေအား၁၂၀၀ကို ထုတ်လွှတ်နိုင်ပြီး ကာဗွန်ဖိုက်ဘာဖြင့် ပြုလုပ်ထားသောကြောင့် ၂.၄စက္ကန့်အတွင်းမှာပင် တစ်နာရီ ၁၀၀ကီလိုမီတာနှုန်းဖြင့် မောင်းနှင်နိုင်သည်။ အမြင့်ဆုံးအမြန်နှုန်းမှာ တစ်နာရီ ၄၄၀ကီလိုမီတာဖြစ်ပြီး ကမ္ဘာ့အမြန်ဆုံးပြိုင်ကားဟုပင် ဆိုနိုင်သည်။

အရေးအကြီးဆုံးမှာ ဤဘရန်း၏ပြိုင်ကားမှာ အလွန်ရှားပါးလွန်းလှသောကြောင့် ပိုက်ဆံပေး၍ဝယ်လျှင်ပင် ဝယ်ယူ၍ရနိုင်မည်မဟုတ်။

ယဲ့ချန်းလည်း ကားပါကင်တွင် Paganiပြိုင်ကားကို ပါကင်ထိုးထားလိုက်သည်။

ထိုအချိန်မှာပင် ဟိုတယ်၏ ကားပါကင်ထဲရှိ မိမိုက်လှသော Hennessy Poisonပြိုင်ကားကို မြင်လိုက်ရသည်။ ထိုပြိုင်ကားနားတွင် လူတချို့ ဝိုင်းအုံနေပေသည်။

"ဝိုး..ဒါက ဘယ်လိုပြိုင်ကားမျိုးလဲ"

"မိုက်လိုက်တာ.. ဒီကားက တော်တော်မိုက်တာပဲ"

"သေစမ်း! ငါ အခုပဲသွားကြည့်လိုက်တာ.. ဒီကားကို Hennessy Poisonလို့ခေါ်ပြီး သန်း၇၀တောင်ပေးရတယ်တဲ့"

"ဘုရားရေ.. သန်း၇၀ကျော်တောင် ပေးရတဲ့ကားဆိုရင်တော့ ငါတို့ ဝေးဝေးနေမှဖြစ်မယ်။ မတော်တဆများ ခြစ်မိသွားရင် သိန်းဂဏန်းလောက်ကတော့ အသာလေးလျော်ပေးရမှာ"

"သေလိုက်ပါတော့ကွာ! ဒီကားကို ငါ့ကားရဲ့ဘေးနားမှာ ပါကင်လာထိုးထားတာပါလား။ ငါတော့ သေအောင်စိတ်လှုပ်ရှားနေပြီ"

ယဲ့ချန်း ထိုအနားသို့ လျှောက်သွားလိုက်သည်။ ရုပ်ရည်ရမှတ်၈၀ကျော်ရှိသော မိန်းကလေးတစ်ယောက်က ဆယ်လ်ဖီရိုက်နေလေသည်။

ယဲ့ချန်းက သူ(မ)ကို စိုက်ကြည့်နေတာကို မြင်သွားချိန်မှာ ထိုကောင်မလေး မကျေမနပ်ဖြစ်သွားသည်။

"ဟေ့.. ရှင် ဘာကြည့်နေတာလဲ။ အလှပဂေးလေးတစ်ယောက်ကို မမြင်ဖူးဘူးလား"

ယဲ့ချန်းခမျာ အတန်ငယ်ဆွံ့အသွားရသည်။ ဤအမျိုးသမီးက ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းနေသည်။

ရုပ်ရည်အမှတ်၈၀တန် မိန်းကလေးပါလား။ အမှတ်၉၀ကျော်တွေတောင် ငါက စိတ်မဝင်စားတာ။ ၈၀ဆိုရင် ပြောနေစရာတောင်မလိုဘူး…

"ဆောရီး ငါက မင်းကိုကြည့်နေတာမဟုတ်ဘူး.. ငါ့ပြိုင်ကားကို ကြည့်နေတာ.."

"ရှင့်ပြိုင်ကားလား"

ထိုမိန်းကလေးမှာ အဓိကစကားလုံးကို ရုတ်တရက်သတိထားမိလိုက်သည်။

"အချောလေး.. ဒီပြိုင်ကားက ရှင့်ကားကိုး။ ရှင် ဘာအလုပ်လုပ်လဲဆိုတာ ကျွန်မကို ပြောပြလို့ရမလား"

ထိုမိန်းကလေး၏ပုံစံမှာ စိတ်လှုပ်ရှားနေဟန်ပင်။

"ငါက တက္ကစီဒရိုင်ဘာတစ်ယောက်လေ"

ယဲ့ချန်းလည်း လေးနက်တည်ကြည်စွာ ပြောလိုက်၏။

"တက္ကစီဒရိုင်ဘာဖြစ်ပြီးတော့များ ဒီPoisonက ရှင့်ကားပေါ့လေ"

ရုပ်ရည်အမှတ်၈၀ရှိသော ထိုမိန်းကလေးမှာ ပထမတော့ ကြက်သေသေသွားသော်ငြား နောက်တော့ အော်မရယ်ဘဲ မနေနိုင်တော့ချေ။

•••••••••••••

All Chapters