← Chapters

ကံကြမ္မာနှင့်ဓား

Vol. 15 Ch. 211

ကံကြမ္မာနှင့်ဓား

Vol. 15 Ch. 211

"ဒါက မင်းရဲ့ ကံကြမ္မာ…"

ဂိုယွမ်၏ စကားသံသည် မာန်မာနထောင်လွှားစွာ ထွက်ပေါ်လာပြီး သူ့အသံတွင် သံသယဖြစ်စရာ အနည်းငယ်ပင် မရှိချေ။ နောက်ဆုံးစကားလုံးကို ပြောပြီးသည်နှင့် သူသည် ခါးတွင်ချိတ်ထားသော ဓားရှည်ကို ဆွဲထုတ်လိုက်သည်။

ရုတ်တရက် ပြတ်သားထက်မြလှသော ဓားစွမ်းအင်တစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။

ဓားကို တစ်ချက်ဝှေ့ရမ်းလိုက်ရုံဖြင့် ပြင်းထန်သော လေဖြတ်သံတစ်ချက် ထွက်ပေါ်လာ၏။

“ရွှီ…”

အနည်းငယ်သာ ဓားကို ဝှေ့ရမ်းလိုက်ရုံဖြင့် ဂိုယွမ်ပတ်ဝန်းကျင်ရှိ လေထုသည် အက်ကွဲကာ ပြိုင်ပွဲစင်ပေါ်တွင် နက်ရှိုင်းသော ဓားရာတစ်ခု ပေါ်ထွက်လာသည်။

ဂိုယွမ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ပြတ်သားထက်မြလှသည့် ဓားစွမ်းအင်ကို ခံစားမိသည့်အခါ အပြင်စည်းတပည့်များ၏ နှလုံးသားထဲတွင် အကြောက်တရား တစစီဖြစ်ပေါ်လာသည်။

"ဒါက… ဓားနှလုံးအဆင့်အလယ်တန်း...”

မျက်စိထက်သော လူတစ်ဦးက ချက်ချင်း သိမြင်လိုက်သည်။ ဂိုယွမ်၏ ဓားသိုင်းအဆင့်သည် ဓားနှလုံးအဆင့်အလယ်တန်းသို့ ရောက်ရှိနေပြီဖြစ်သည်။

"ဓားနှလုံးအဆင့်အလယ်တန်း... ထုံရွှမ်နယ်ပယ်ရှိ ဓားသမားဓားသမားတွေထဲမှာ ဓားနှလုံးအဆင့်ကို မရောက်ရှိနိုင်သူတွေများတယ်... ဂိုယွမ်က ဓားနှလုံးအဆင့်အလယ်တန်းကို ထိုးထွင်းသိမြင်နိုင်ခဲ့တယ်တဲ့...”

"ဒါကြောင့်ပဲ သူက တစ်ယောက်တည်း ကွေ့ဖုန်းရွာကို သွားဖျက်ဆီးနိုင်ခဲ့တာ...”

"အရမ်းသန်မာလွန်းတယ်... ဓားကွက်သုံးနိုင်ရုံ အဆင့်ရှိတဲ့ ဓားသမားဆိုတာ အပေါ်ယံပုံရိပ်သာဖြစ်ပြီး စစ်မှန်တဲ့ ဓားသမားလို့ မခေါ်နိုင်ဘူး။ ဓားနှလုံးအဆင့်ကို ထိုးထွင်းသိမြင်နိုင်တဲ့ ဓားသမားမှသာ စစ်မှန်တဲ့ ဓားသမားဖြစ်ပြီး ဒီအဆင့်နှစ်ခုက လုံးဝကွဲပြားတယ်... ဒါက ထက်နေအောင် သွေးထားတဲ့ဓားနဲ့ သံကြေးတက်ပြီးတုံးနေတဲ့ဓား ကွာသလိုပဲ...”

လူအုပ်ကြီးသည် မျက်လုံးပြူးသွားကာ မယုံကြည်နိုင်စွာ အံ့အားသင့်နေကြသည်။

“လော့ချန်တော့ ဒီတစ်ခါ သေပြီ...”

လူများစွာ၏ စိတ်ထဲတွင် ထိုအတွေးဖြတ်သန်းသွားသည်။

ဓားသမားဆိုသည်မှာ တူညီသော အဆင့်တွင် တိုက်ခိုက်ရေးစွမ်းအင် အပြင်းထန်ဆုံးဖြစ်သည်။

ဓားနှလုံးအဆင့်သို့ ရောက်ရှိသည့် ဓားသမားသည် တူညီသော အဆင့်ရှိ ဓားသိုင်းသမားများကို ရင်ဆိုင်ရာတွင် အလွယ်တကူ အနိုင်ယူနိုင်သည်။

မည်သည့်ရှုထောင့်ကိုကြည့်ကြည့် လော့ချန်သည် ဂိုယွမ်ကို ရင်ဆိုင်ရာတွင် အနိုင်ယူရန် အခွင့်အရေး မရှိသလောက်ပင်။

ဂိုယွမ်၏ ခန္ဓာကိုယ်မှ ဓားစွမ်းအင်သည် ချီစွမ်းအား အပြည့်ဖြင့် ထွက်ပေါ်လာပြီး သူသည် လော့ချန်ကို မော့ကြည့်ကာ ဆိုသည်။

"အခု ငါမင်းကို အနိုင်မယူနိုင်ဘူးလို့ ထင်နေသေးလား… မင်း ကံကောင်းနိုင်အုံးမလားကြည့်ရမယ်..."

"ဒီလိုမျိုး သိပ်တော်တယ်ဆိုတဲ့ ဟန်မပြစမ်းပါနဲ့... ကံကြမ္မာဆိုတာ ဘာမှ သတ်မှတ်ထားတာ မရှိဘူး...”

လော့ချန်သည် အေးစက်စွာ ဟစ်ကြွေးလိုက်ပြီး သူ၏ မျက်လုံးများသည် တဖိတ်ဖိတ် တောက်လောင်နေသည်။

ဂိုယွမ်၏ စကားများသည် သူ၏ နှလုံးသားထဲရှိ ဒေါသမီးတောက်ကို လောင်ကျွမ်းစေခဲ့သည်။

ကံကြမ္မာ...

တစ်ခါက ကျိမိသားစုကလူများ ရောက်လာစဉ်ကလည်း ထိုနည်းတူပင် ပြောဆိုခဲ့ပြီး သူသည် တစ်သက်လုံး ကျိမိသားစု၏ အရိပ်အောက်တွင်သာ နေရလိမ့်မည်ဟု ဆိုခဲ့သည်။

ဤအရာက သူ၏ ကံကြမ္မာလော...။

သို့သော် သူသည် ကံကြမ္မာကို ဘယ်သောအခါမှ မယုံကြည်ခဲ့ချေ။ သူယုံကြည်သည်မှာ သူ၏ လက်ထဲရှိ ဓားတစ်လက်သာဖြစ်သည်။

"ဟုန်း…"

လော့ချန်သည် နောက်ဆုံးစွမ်းအင်လေပြွန်အထိ အပြည့်အဝလည်ပတ်လိုက်ရာ ချီစွမ်းအင်သည် မြစ်ကြီးတစ်စင်းသဖွယ် သူ၏ ခန္ဓာကိုယ်ထဲတွင် ထကြွလှုပ်ရှားလာသည်။

ဂိုယွမ်က ထိုအရာကို လုံးဝဂရုမစိုက်ဘဲ အေးစက်စွာ ရယ်လိုက်သည်။

"ဟွန်း… မင်းကတော့ ရွှေခန္ဓာအဆင့်ကို အောင်မြင်အောင် လေ့ကျင့်ထားတာပဲဖြစ်မယ်။ အင်း... ဒါပေမဲ့ ခန္ဓာကိုယ်သန်မာတာကို ဖယ်ထားလိုက်ရင် မင်းက ဘာဖြစ်နိုင်မှာလဲ... ချန်ကျွမ်းရှန်က အရမ်းမိုက်မဲလို့ မင်းနဲ့ အနီးကပ်တိုက်ခိုက်တာ။ အင်အားချင်း ပြိုင်မတိုက်ဘဲ မင်းကို အနိုင်ယူဖို့ဆိုတာ လွယ်လွယ်လေးပဲ...”

လော့ချန်နှင့် ချန်ကျွမ်းရှန်တို့၏ တိုက်ပွဲကို ဂိုယွမ်လည်း မြင်ခဲ့သည်။

ဓားသမားတစ်ဦးအနေဖြင့် သူသည် လော့ချန်၏ အားနည်းချက်ကို ချက်ချင်းဆိုသလို ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည်။

လော့ချန်က မျက်နှာအမူအရာမပြောင်းလဲဘဲ ဆိုသည်။

"ဒါဆိုလည်း လာကြည့်လိုက်ပါဦး… မင်းရဲ့ လွယ်လွယ်လေးဆိုတာကို ငါမြင်ချင်တယ်...”

"ငါ့ရှေ့မှာ ဒီလိုဟန်ဆောင်နေရဲသေးတယ်ပေါ့... ဒါဆိုရင် မင်းနဲ့ငါ့ရဲ့ ကွာခြားချက်ကို ပြပေးမယ်...”

ဂိုယွမ်၏ ဝတ်ရုံသည် လေမတိုက်ပါဘဲ လှုပ်ယမ်းလာပြီး သူ၏ တည်ငြိမ်သော ကျက်သရေသည် ရုတ်တရက် ပြတ်သားထက်မြလာသည်။ သူ၏ လက်ထဲရှိ ဓားရှည်သည် အေးစက်စွာ မြည်သံထွက်ပေါ်လာသည်။

"ရှုံးလိုက်တော့...”

အကွာအဝေးနှစ်ဆယ်လှမ်းခန့်မှ ဂိုယွမ်သည် ဓားတစ်ချက်ဝှေ့ရမ်းလိုက်သည်။

"ရွှီး…"

လေထုသည် အက်ကွဲသွားပြီး သန့်စင်ထားသော ဓားစွမ်းအင်တစ်ခုသည် ပြိုင်ပွဲစင်ပေါ်တွင် ဖြောင့်တန်းသော အက်ကွဲရာတစ်ခုကို ဖြတ်ထုတ်ကာ လော့ချန်ဆီသို့ တဟုန်ထိုး ပြေးဝင်လာသည်။

"ငါ့ကို အနိုင်ယူချင်ရင် ဒီလို ကလေးကွက်လေးတွေနဲ့ မလုံလောက်ဘူး...”

လော့ချန်သည် မျက်နှာအမူအရာ မပြောင်းလဲဘဲ လက်သီးတစ်ချက် ထိုးထုတ်လိုက်သည်။

"ဘုန်း…"

ဓားစွမ်းအင်သည် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားပြီး လုံးဝပျောက်ကွယ်သွားသည်။

ဂိုယွမ်က ထိုအရာကို ဂရုမစိုက်ဘဲ ဓားရှည်ကို တစ်ချက်လှုပ်ယမ်းလိုက်သည်။

"ရွှီ... ရွှီ... ရွှီ... ရွှီ... ရွှီ... ရွှီ... ရွှီ... ရွှီ..."

ဓားအလင်းသည် ရေစီးကဲ့သို့ စီးဆင်းလာပြီး လေထုကို အက်ကွဲစေကာ ဖြောင့်တန်းသော ဓားစွမ်းအင်ရှစ်ခုသည် လော့ချန်ဆီသို့ တဟုန်ထိုး ဝင်ရောက်လာသည်။

လော့ချန်သည် ကိုယ်တစ်ပတ်လှည့်လိုက်ကာ လက်သီးသုံးချက်ဆက်တိုက် ထိုးထုတ်လိုက်ရာ ဝင်ရောက်လာသော ဓားစွမ်းအင်များကို အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားစေသည်။

"နောက်ထပ် လုပ်စမ်းပါအုံး...”

လော့ချန်က စိန်ခေါ်လိုက်သည်။

ဂိုယွမ်သည် မျက်နှာအမူအရာ မပြောင်းလဲဘဲ ဓားရှည်ကို ထပ်မံဝှေ့ရမ်းလိုက်သည်။

လေထုသည် ထကြွလှုပ်ရှားလာပြီး ဓားစွမ်းအင် တစ်ဆယ့်ရှစ်ခုသည် လော့ချန်ကို ဖုံးလွှမ်းကာ မိုးပြိုကျသလို ဝင်ရောက်လာသည်။

လော့ချန်သည် မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်သည် အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ မူလနေရာမှ ပျောက်ကွယ်သွားသည်။

"ဟဲ... ဟဲ… မြူခိုးရိပ်ခြေလှမ်းကို ငါတစ်ယောက်တည်းပဲ လေ့ကျင့်ထားတာမဟုတ်ဘူးပဲ...”

ဂိုယွမ်သည် အေးစက်စွာ ရယ်လိုက်ပြီး စကားပြောနေရင်းမှာပင် သူ၏ ခန္ဓာကိုယ်သည် ထိုနည်းတူ ပျောက်ကွယ်သွားကာ ပြန်ပေါ်လာသည့်အခါ လော့ချန်၏ နောက်ဘက် ဘယ်ဖက်တွင် ရှိနေသည်။

"လေပြင်းအရိပ်ခွဲ...”

ဂိုယွမ်၏ မျက်လုံးများထဲတွင် ပြတ်သားသော အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး ဓားတစ်ချက်ဖြင့် လော့ချန်ကို ချိန်ရွယ်လိုက်သည်။

"ရွှီ... ရွှီ... ရွှီ... ရွှီ…"

ရုတ်တရက် ရာချီသော ဓားစွမ်းအင်များသည် လေးမျက်နှာအနှံ့ ဖြတ်သန်းပြေးလွှားကာ လေစီးကြောင်းကို လှုပ်ယမ်းစေပြီး နောက်ဆုံးတွင် လေဆင်နှာမောင်းပုံစံ ဓားစွမ်းအင်မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲကာ လော့ချန်ကို ဖုံးလွှမ်းလာသည်။

လော့ချန်သည် မျက်ခုံးအနည်းငယ်တွန့်လိုက်ပြီး ချီစွမ်းအင်ကို လည်ပတ်ကာ ဘယ်ဖက်သို့ လက်သီးတစ်ချက် ထိုးထုတ်လိုက်သည်။ လက်သီးအင်အားသည် လေထုနှင့်အတူ တုန်ခါလှုပ်ယမ်းကာ ဧရာမအိုးတစ်လုံး၏ အရိပ်ပုံစံအဖြစ် ပြောင်းလဲသွားသည်။

"စွမ်းအင်စုစည်း အိုးတည်ဆောက်ခြင်း...”

"ဘုန်း…"

ဓားစွမ်းအင်မုန်တိုင်းနှင့် လက်သီးစွမ်းအားတို့သည် တစ်ခုနှင့်တစ်ခု ထိမိတိုက်မိရာ ကြောက်မက်ဖွယ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

အားပြင်းသော ထိခိုက်မှုစွမ်းအားသည် ပြိုင်ပွဲစင်ပေါ်ရှိ မြေပြင်ကို တစ်လွှာလုံး ဖယ်ထုတ်ပစ်လိုက်သည်။

"ဒါကိုတောင် အကုန်လုံး ကာဆီးနိုင်တယ်ပေါ့...”

အနည်းငယ်ဝေးသော နေရာမှ ကြည့်နေရင်း မထင်မှတ်ခဲ့သော်လည်း ယခု ကိုယ်တိုင်တိုက်ခိုက်နေရင်း ဂိုယွမ်သည် လော့ချန်၏ ခက်ခဲပြီး ရင်ဆိုင်ရခက်သော အဆင့်သည် သူသတ်ဖြတ်ခဲ့သော ကွေ့ဖုန်းရွာမှ ရွာခေါင်းဆောင်နှစ်ဦးထက် မနိမ့်ကျမှန်း ချက်ချင်း သိမြင်လိုက်သည်။

"သနားစရာပဲ… ကွေ့ဖုန်းရွာရဲ့ ရွာခေါင်းဆောင်နှစ်ဦးကိုတောင် ငါ့ဓားအောက်မှာ သတ်ဖြတ်ခဲ့ပြီးပြီ... မင်းကရော ဘယ်လောက်သန်မာနိုင်အုံးမှာလဲ...”

ဂိုယွမ်သည် စိတ်ထဲတွင် အေးစက်စွာ ရယ်လိုက်ပြီး အရိပ်ခွဲဓားစွမ်းရည်ကို အဆုံးစွန်ထိ အသုံးပြုကာ တိုက်ခိုက်မှုသည် တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုပြင်းထန်လာသည်။

"ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း…"

ရုတ်တရက် ပြိုင်ပွဲစင်ပေါ်တွင် ဓားစွမ်းအင်နှင့် လက်သီးအရိပ်များ၏ ထိပ်တိုက်တွေ့ဆုံမှုများဖြင့် ပြည့်နှက်သွားသည်။

သူတို့နှစ်ဦး၏ အမြန်နှုန်းသည် အလွန်လျင်မြန်လွန်းလှသဖြင့် အပြင်စည်းတပည့်များစွာသည် သူတို့၏ လှုပ်ရှားမှုများကို မမြင်နိုင်ဘဲ အနည်းငယ်မျှသာ ရိပ်ဖမ်းမိပြီး ပြိုင်ပွဲစင်ကို အက်ကွဲရာများဖြင့် ဖုံးလွှမ်းသွားစေသည့် ပြင်းထန်သော စွမ်းအင်လှိုင်းများကိုသာ မြင်နိုင်သည်။

"အရမ်းမြန်လွန်းတယ်... မျက်လုံးနဲ့တောင် မမီဘူး... ဒီလော့ချန်က စီနီယာဂိုယွမ်နဲ့ မျက်နှာချင်းဆိုင် ရင်ဆိုင်နိုင်တယ်ဆိုတာ အရမ်းထူးဆန်းလွန်းတယ်မဟုတ်လား...”

တပည့်တစ်ယောက်က မထိန်းနိုင်ဘဲ ပြောလိုက်သည်။

"စိတ်မပူပါနဲ့... စီနီယာဂိုယွမ်က အခုထိ တကယ့်အင်အားကို မသုံးသေးဘူးဆိုတာ သေချာတယ်...”

လူအုပ်၏ ဆွေးနွေးသံများကို ဂိုယွမ်က မကြားခဲ့ချေ။

တကယ်တမ်းတွင် သူသည် သူ၏ အင်အားအားလုံးကို ထုတ်သုံးနေပြီဖြစ်သည်။

သို့သော် သူ၏ တိုက်ခိုက်မှုတိုင်းသည် လော့ချန်၏ ရှောင်တိမ်းမှု၊ ခုခံမှုများအောက်တွင် လွဲထွက်သွားခြင်း၊ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားခြင်းများဖြင့် လုံးဝ အရာမထင်ခဲ့ကြောင်း ထိတ်လန့်ဖွယ်ရာ တွေ့မြင်နေရသည်။

တိုက်ခိုက်မှုအကြိမ်ရေ များလာသည်နှင့်အမျှ သူ၏ ညာလက်သည် အင်အားကြီးမားသော ထိခိုက်မှုကြောင့် အနည်းငယ် ထုံကျဥ်လာသည်။

"ဒုက္ခပဲ... ဒီကောင်က ထုံရွှမ်နယ်ပယ်အဆင့်တစ်အလယ်တန်းမှာပဲ ရှိသေးတာ၊ ဒါပေမယ့် ခန္ဓာကိုယ်အင်အားက ဘယ်လိုလုပ် ဒီလောက်သန်နိုင်ရတာလဲ... အခွင့်အရေးရှာပြီး တစ်ချက်တည်းနဲ့ သူ့ကို ခုခံမှုအင်အား ဆုံးရှုံးသွားအောင် လုပ်ရမယ်... မဟုတ်ရင် ငါက အရင်ဆုံး မထိန်းနိုင်ဘဲ ပြိုလဲသွားနိုင်တယ်...”

ဂိုယွမ်သည် စိတ်ထဲတွင် ဒေါသထွက်နေပြီး ချီစွမ်းအင်ကို အရူးအမူး လည်ပတ်ကာ အခွင့်အရေးကို ရှာဖွေနေသည်။

"တစ်ချက်နဲ့ အဆုံးအဖြတ်ပေးရမယ်...”

လော့ချန်၏ မျက်လုံးများသည် ပြတ်သားလာပြီး သူ၏ စိတ်ထဲတွင်လည်း ဂိုယွမ်နှင့် တူညီသော အတွေးမျိုးပေါ်ပေါက်လာသည်။

ဤသူ၏ အင်အားသည် ထုံရွှမ်နယ်ပယ်အဆင့်သုံးနီးပါးရှိပြီး အမြန်နှုန်းလည်း သူ့ထက်မနိမ့်ကျသဖြင့် စွမ်းအားအဆင့်ကို မဖော်ထုတ်ဘဲ အနိုင်ယူရန် ခက်ခဲလှသည်။

ထိုသို့ဆိုလျှင် သတ်ဖြတ်အကွက်ကိုသာ အားကိုးရမည်ပင်။

ထိုအတွေးဖြတ်သန်းသွားသည်နှင့် လော့ချန်သည် ရည်ရွယ်ချက်ရှိရှိ အားနည်းချက်တစ်ခုကို ဖော်ပြလိုက်သည်။

"အခုပဲ...”

ဂိုယွမ်၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာပြီး ဓားစွမ်းအင်ကို အဆုံးစွန်ထိ မြှင့်တင်လိုက်သည်။

"အရိပ်ခွဲအဆုံးမဲ့...”

"ဘုန်း…"

ဂိုယွမ်သည် ဓားရှည်ကို မြှောက်ကာ တစ်ချက်ခုတ်ပိုင်းလိုက်သည်။

ထောင်ချီသောဓားစွမ်းအင်များသည် လေးမျက်နှာအနှံ့ ဖြတ်သန်းပြေးလွှားကာ ဓားစွမ်းအင်လေဆင်နှာမောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မနှိမ်နင်းနိုင်သော အရှိန်ဖြင့် လော့ချန်ဆီသို့ တဟုန်ထိုး ပြေးဝင်လာသည်။

"မင်းကို စောင့်နေတာပဲ...”

လော့ချန်သည် အသက်ကို နက်နက်ရှိုက်ရှူလိုက်ပြီး ချီစွမ်းအင်သည် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ခြေအောက်ရှိ မြေပြင်သည် ချက်ချင်း အက်ကွဲသွားသည်။

"အိုးဖြင့်တောင်တန်း မြစ်ချောင်း ချီစွမ်းအား...”

ချီစွမ်းအင်သည် ရှေးဟောင်းအိုးတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် ကြီးထွားလာကာ လက်သီးဖြင့် ထိုးထုတ်လိုက်သည်။

"ဟုန်း…"

စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်လာပြီး အင်အားနှစ်ခုသည် တစ်ခုနှင့်တစ်ခု ထိမိတိုက်မိရာ အပြင်းအထန် ဖိသိပ်တိုက်မိကာ မိုးကြိုးပစ်သံများနှင့်အတူ ဓားစွမ်းအင်လေဆင်နှာမောင်းသည် မထိန်းနိုင်ဘဲ တစ်လွှာပြီးတစ်လွှာ ကွဲထွက်သွားသည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ...”

ဂိုယွမ်သည် အံ့အားသင့်သွားပြီး မယုံကြည်နိုင်စွာ ခံစားလိုက်ရသည်။

မျက်နှာချင်းဆိုင် အင်အားပြိုင်ရာတွင် သူသည် အနိမ့်ပိုင်းသို့ ရောက်ရှိသွားရသည်။

‘ငါဘယ်လိုလုပ် အနိမ့်ပိုင်း ရောက်သွားနိုင်မှာလဲ...’

ဤအချိန်အတွင်း အနည်းငယ် မသိစိတ်ကြောင့် ပြင်းထန်သော ထိခိုက်မှုအင်အားသည် ပြန်လည်တွန်းပို့လာသည်။

"ဝေ့ါ…"

ဂိုယွမ်သည် သွေးတစ်ပွက်အန်ထွက်ပြီး ခန္ဓာကိုယ်သည် မထိန်းနိုင်ဘဲ နောက်သို့ ဆုတ်ခွာသွားသည်။

လော့ချန်သည် သူနှင့် အချိန်မဖြုန်းလိုတော့ဘဲ ခန္ဓာကိုယ်သည် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချက်ချင်း လိုက်လံကာ ကြယ်ကြွေဓားကို အိမ်မှ ဆွဲထုတ်လိုက်သည်။

"မိစ္ဆာကောင်...”

ဂိုယွမ်သည် ဒေါသတကြီး ဟစ်ကြွေးလိုက်ပြီး ဓားကို မြှောက်ကာ ပြန်လည်တိုက်ခိုက်ရန် ကြံရွယ်လိုက်သည်။

"ဘုန်း…"

ဓားအလင်းတစ်ချက် ဖြတ်သန်းသွားပြီး ဂိုယွမ်၏ ကာကွယ်ရေးစွမ်းအင်သည် ဖြတ်ထုတ်ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်ကာ လေထဲသို့ လွင့်ထွက်သွားပြီး ခုခံရန် အင်အားလုံးဝ ဆုံးရှုံးသွားသည်။

အခန်း (၂၁၁) ပြီးပါပြီ။

All Chapters