လင်ရှောင်ရှောင်…
Vol. 1 Ch. 8
~"မင်း အခုချက်ချင်းမသွားရင် မင်းခြေထောက်တွေကို ငါရိုက်ချိုးပစ်ရမလား။"
ကျန်းဟန်က ခက်ထန်ကြမ်းတမ်းစွာ ပြောလိုက်သည်။ သူ၏ရုပ်သွင်က အမှန်ပင် ကြောက်မက်ဖွယ်
ကောင်းသော်လည်း သူ၏နှလုံးသားထဲတွင်မူ ပြောမပြနိုင်သော ခါးသီးမှုများဖြင့် ပြည့်နှက်နေ၏။
ဖုန်းဝူချန်၏ ပြောင်ပြောင်တင်းတင်း စွပ်စွဲချက်များကြောင့် သူ လုံးဝ ယုံကြည်သွားခဲ့သော်လည်း ယူဝမ်ရှုံး ရှိနေသဖြင့် ဖုန်းဝူချန်အပေါ် လက်အောက်ခံသည့်ပုံစံကို မပြရဲပေ။ သို့မဟုတ်လျှင် သူသည် တာဝန်ခံရာထူးမှ အစားထိုးခံရပေလိမ့်မည်။
"ခင်ဗျားအတွက် အခွင့်အရေးတွေ ကုန်သွားပြီ။ ပြီးတော့ ကုန်တိုက်ပိုင်ရှင်ယူ... ခင်ဗျား ဆေးပညာနဲ့ နှစ်ပေါင်းများစွာနေလာပြီးမှတော့ ခန္ဓာကိုယ်ထဲမှာ မီးအဆိပ်တွေ အတော်များများ စုပုံနေလောက်ပြီ ဟုတ်တယ်မဟုတ်လား။ အကြီးအကဲဖုန်းလည်း မီးအဆိပ်ဒဏ်ကို ခဏခဏခံစားရတာပဲ။ အဲ့ဒီနာကျင်မှုမျိုးက သာမန်လူတွေ ခံနိုင်ရည်ရှိတဲ့အရာ မဟုတ်ဘူး။ ဆေးပညာရှင်တိုင်းရဲ့ ကိုယ်ထဲမှာ မီးအဆိပ်ရှိကြတာပဲ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲ့ဒါကို ဘယ်လို ဖယ်ရှားရမလဲ ကျွန်တော်သိတယ်... ဟမ့်။"
“ဟိုးဟိုးဟိုး..ဟားဟားဟား”
ဖုန်းဝူချန်က အေးစက်စက်
ရယ်မောလိုက်ပြီး ကျော့ရှင်းစွာ လှည့်ထွက်သွားလေသည်။
ဖုန်းဝူချန်၏ စကားလုံးများသည် ကျန်းဟန်အတွက် သေမိန့်နှင့်တူနေ၏။ သူ၏နှလုံးသားထဲတွင် ဗျာပါဒဆိုက်လာပြီး ချက်ချင်းပင် ဒူးထောက်ကာ မြေကြီးပေါ်တွင် ခေါင်းစိုက်ဦးချပြီး ခွေးတစ်ကောင်လို ဟောင်လိုက်ချင်စိတ်များ ပေါက်သွားတော့သည်။
ယူဝမ်ရှုံးသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏မျက်လုံးများထဲတွင် ရှုပ်ထွေးသော အကြည့်များဖြင့် ပြည့်နှက်နေ၏။ သူ့ရှေ့တွင် ရပ်နေသော ဖုန်းဝူချန်သည် ယခင်က ဖုန်းဝူချန်နှင့် အလွန်ကွာခြားသွားကြောင်း သူတွေ့ရှိလိုက်ရသည်။
ယူဝမ်ရှုံးသည် ဖုန်းဝူချန်၏ စကားများကို ယုံသင့်မယုံသင့် မဝေခွဲနိုင် ဖြစ်နေတော့သည်။
...
ဝမ်ပေါင်ကုန်တိုက်မှ ထွက်လာပြီးနောက် ဖုန်းဝူချန်သည် သူ့မိသားစု ဆိုင်သို့သွားကာ သက်တန့်ရောင်
ဆေးရည်အချို့ကို ယူပြီးနောက် ဖုန်းအိမ်တော်သို့ ပြန်လာခဲ့လိုက်ပါသည်။
"သခင်လေးသုံး... မျိုးနွယ်စုခေါင်းဆောင်နဲ့ သခင်မကြီးတို့ သခင်လေးကို အကြာကြီး စောင့်နေကြပါတယ်..."
သူအိမ်တော်သို့ ရောက်သည်နှင့် အစောင့်တစ်ဦးက အလျင်အမြန်ပင် ထွက်ကြိုနှုတ်ဆက်သည်။
ဖုန်းဝူချန်သည် ဘယ်လို ဖြစ်ပျက်နေသည်ကို ခန့်မှန်းစရာပင် မလိုဘဲ ကွက်တိ သိလိုက်သည်။
ခန်းမဆောင်ထဲတွင် ဖုန်းကျန့်ရှုံးနှင့် ရှောင်ချင်းချင်းတို့က အဓိကနေရာများတွင် ထိုင်နေကြ၏။ အကြီးအကဲသုံးဦးမှာ သီးခြားစီ ထိုင်နေကြသည်။ ဖုန်းယွမ်နှင့် ဖုန်းကျန့်တို့လည်း ရှိနေကြပါသည်။
ခန်းမဆောင်ထဲသို့ ဝင်လာသည်နှင့် ဖုန်းကျန့်ရှုံးနှင့် အခြားသူများ စကားမပြောမီမှာပင် ဖုန်းဝူချန်က ဦးအောင် စကားဆိုလိုက်သည်။
"ဖေဖေ... ဖေဖေတို့ ဘာမေးချင်လဲဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်ပါပဲ။ လုံးဝ ပေါက်ကြားလို့ မဖြစ်ဘူး။ မဟုတ်ရင် ဒုက္ခအကြီးအကျယ် ရောက်သွားလိမ့်မယ်။"
"ဒါက..."
ဖုန်းကျန့်ရှုံးနှင့် ဖုန်းချန်ယန်တို့မှာ နားမလည်စွာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။
"ချန်အာ... သားရဲ့ကျန်းမာရေး ပြန်ကောင်းလာတာနဲ့ အကြီးအကဲစုရဲ့ အအေးဓာတ်အဆိပ်ကို ထွင်းဖောက်မြင်နိုင်တာက သားရဲ့လျှို့ဝှက်ချက်နဲ့များ သက်ဆိုင်နေသလားကွယ်။"
ရှောင်ချင်းချင်းက မေးလိုက်သည်။
ဖုန်းဝူချန်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့...။ ကျွန်တော် အကြီးအကဲစုကို ကူညီခဲ့တာကလည်း ဖုန်းမိသားစုအတွက်ပါပဲ။ ကျွန်တော်တို့က ယန်မိသားစုနဲ့ မသင့်မြတ်တော့ဘူး။ မော့မိသားစုကလည်း ကျွန်တော်တို့နဲ့ မတည့်ဘူး။ ဝမ်ပေါင်ကုန်တိုက်ကလည်း သက်တန့်ရောင်ဆေးရည်ကိစ္စနဲ့ ကျွန်တော်တို့ ဖုန်းမိသားစုကို အတိုက်အခံလုပ်နေတာ။ ကျွန်တော်တို့ ဖုန်းမိသားစုက တကယ့်ကို အကျပ်အတည်းတွေနဲ့ ဝိုင်းဝိုင်းလည်နေတာ။"
"မင်းက သူတို့ကို ပြချင်လို့ အကြီးအကဲစုရဲ့ အဆိပ်ကို ဖယ်ရှားပေးခဲ့တာလား။"
ဖုန်းချန်ယန်က ဖုန်းဝူချန်၏ ရည်ရွယ်ချက်ကို ဖမ်းဆုပ်မိလိုက်သည်။
"ထျန်းယန်အကယ်ဒမီက ကျွန်တော်တို့အင်ပါယာမှာ မြင့်မားတဲ့အဆင့်အတန်း ရှိပါတယ်။ ကျွန်တော်တို့က သူတို့ကိုသုံးပြီး ယန်နဲ့မော့မိသားစုအပြင် ဝမ်ပေါင်ကုန်တိုက်ကိုပါ ဖိအားပေးနိုင်တယ်။ သူတို့တွေ ပူးပေါင်းရင်တောင် ထျန်းယန်အကယ်ဒမီကို ထည့်စဉ်းစားရပါလိမ့်မယ်။"
ဖုန်းဝူချန်က ခပ်ပါးပါးပြုံးရင်း ဆို၏။
"ဒီလိုဆိုရင် မင်းက ဘာလို့ အကြီးအကဲစုကို ငြင်းလိုက်ရတာလဲ။ ထျန်းယန်အကယ်ဒမီကို ဝင်လိုက်တာက ငါတို့ဖုန်းမိသားစုအတွက် ပိုပြီးအကျိုးမရှိဘူးလားကွာ။"
ဒုတိယအကြီးအကဲ ဖုန်းယွင်ရှန်က နားမလည်နိုင်စွာ မေးလိုက်သည်။
ထိုအခါ ဖုန်းဝူချန်သည် ဖြစ်သလိုနေရာတစ်ခုတွင် ဝင်ထိုင်လိုက်ပြီး ပြုံးကာပြောလိုက်သည်။
"ထျန်းယန်အကယ်ဒမီကို ဝင်တာက ကျွန်တော်တို့ဖုန်းမိသားစုအတွက် အကျိုးရှိတာမှန်ပါတယ်။ ဒါပေမဲ့... ကျွန်တော်တို့ မရနိုင်တဲ့အရာတွေကမှ ကျွန်တော်တို့ကို ပိုပြီးလိုချင်လာအောင် ဆွဲဆောင်နိုင်တာလေ။"
"သဘောပေါက်ပြီ...။ မင်းက တော်တော်လည်တဲ့ ကောင်လေးပဲ။ အင်ပါယာတစ်ခုလုံးမှာ မင်းတစ်ယောက်ပဲ အကြီးအကဲစုရဲ့ အအေးဓာတ်အဆိပ်ကို ဖယ်ရှားပေးနိုင်တာကိုး။ သူသာ အသက်ရှင်ချင်သေးတယ်ဆိုရင် မင်းဆီကို သေချာပေါက်လာမှာပဲ။ အကြီးအကဲစုကို ခုတုံးလုပ်ထားနိုင်ရင် မော့မိသားစုရော ယန်မိသားစုရော ပေါ့ပေါ့ဆဆ မလှုပ်ရှားရဲတော့ဘူး။"
“အူး..ဟားဟားဟား”
ဖုန်းကျန့်ရှုံးက အားရပါးရ ရယ်မောလိုက်သည်။
"ဘယ်သူက ထင်မှာလဲ...။ သခင်လေးသုံးက ဒီလောက်တောင် ထက်မြက်တဲ့နည်းဗျူဟာတွေ ပိုင်ဆိုင်ထားလိမ့်မယ်လို့။ အကြီးအကဲစုကို အကြိမ်ကြိမ်ငြင်းပယ်ခဲ့တာ အံ့ဩစရာမရှိတော့ဘူး။ ဒါပေမဲ့ ဒီလိုလုပ်တာက မင်းရဲ့ကျင့်ကြံမှုကို နှောင့်နှေးစေမှာမဟုတ်ဘူးလား။"
ဖုန်းချန်ယန်က ချီးကျူးလိုက်ခြင်းပါ။
ထိုအခါ ဖုန်းဝူချန်က ပခုံးတွန့်လိုက်ပြီး အေးဆေးစွာ ပြောလိုက်၏။
"ကျင့်ကြံမှုအတွက်တော့ စိတ်ပူစရာ မလိုပါဘူး။ ထျန်းယန် အကယ်ဒမီကို သွားတာကမှ တကယ်တမ်းမှာ အနှောင့်အယှက် ဖြစ်စေမှာ။"
'ချန်အာကတော့ ထူးခြားတဲ့ အခွင့်အရေး တစ်ခုခုနဲ့ ကြုံခဲ့ရတာပဲ ဖြစ်မယ်။'
ဖုန်းကျန့်ရှုံးက သူ၏စိတ်ထဲတွင် ထိုသို့ ခန့်မှန်းလိုက်၏။ အကြောင်းမှာ ထိုရှင်းပြချက် တစ်ခုတည်းကသာ သူ့ကိုယ်သူ ယုံကြည်အောင် လုပ်နိုင်သောကြောင့်ပင်။
'ဒါ တကယ်ပဲ ငါ့ရဲ့သား..ချန်အာ ဟုတ်ရဲ့လားဟယ်။'
ရှောင်ချင်းချင်းကတော့ ဖုန်းဝူချန်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်ရင်း ထိုသို့ အံ့ဩတကြီး တွေးနေမိသည်။
ချန်အာသည် အလွန်အမင်း ပြောင်းလဲသွားခဲ့သည်။
ယခင်က ချန်အာသည် မိသားစုကိစ္စများကို ဘယ်သောအခါမှ ဂရုမစိုက်ခဲ့သလို ယနေ့ကဲ့သို့လည်း ဘယ်တော့မှ စကားပြောခဲ့ခြင်းမရှိပေ။ ထို့အပြင် စင်မြင့်ပေါ်မှ သူ၏ပုံစံသည် အလွန်တည်ငြိမ်အေးဆေးလှပြီး အကြီးအကဲစုကဲ့သို့သော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင်ပင် ထိတ်လန့်မှု အရိပ်အယောင်တစ်စိုးတစ်စဉ်းမျှ မပြခဲ့ပေ။
ချန်အာကို ဤမျှလောက် ကြီးမားသော ပြောင်းလဲမှု ဖြစ်စေခဲ့သည်မှာ အဘယ်အရာ ဖြစ်နိုင်ပါသနည်း။ မော့လင်အာကြောင့်များလား။
မဖြစ်နိုင်လောက်ပေ။ ရှောင်ချင်းချင်းသည် ချန်အာ၏ မျက်လုံးများထဲတွင် ဒေါသများ၊ ဝမ်းနည်းမှုများ မရှိဘဲ ယုံကြည်မှုနှင့် မာနများသာ ရှိနေသည်ကို မြင်တွေ့နိုင်ခဲ့သည်။
ရှောင်ချင်းချင်းက အားပေးလိုက်သည်။
"ချန်အာ... သားရဲ့ကျင့်ကြံမှုအပေါ်မှာပဲ အာရုံစိုက်ပါ။ မေမေ သားကိုယုံတယ်။ မော့လင်အာအကြောင်းကို သိပ်ပြီးမစဉ်းစားနဲ့တော့။ မေမေ သားအတွက် ပိုကောင်းတဲ့ ကောင်မလေး တစ်ယောက်ကို ရှာပေးမယ်။"
ဖုန်းဝူချန်၏ မျက်လုံးများထဲမှ ယုံကြည်မှုကို မြင်ရသောအခါ သူမသည် အကြောင်းပြချက် မရှိဘဲ စိတ်အေးသွားသလို ခံစားလိုက်ရသည်။
'ဖေဖေ့ရဲ့ကျင့်ကြံမှုက မော့ခွန်းနဲ့ တန်းတူပဲ။ ဒါကြောင့် ဖေဖေ့ကို အရင်ဆုံး အဆင့်တက်အောင်လုပ်ပေးရမယ်။ ဒါမှ မော့နဲ့ ယန်မိသားစုနှစ်ခုလုံးကို ဖိနှိပ်ထားနိုင်မှာ။ အင်း၊ အကြီးအကဲကြီးလည်း သူ့ရဲ့ဆေးပညာအဆင့်ကို တက်လှမ်းဖို့ အချိန်တန်ပြီ။'
ဖုန်းဝူချန်က တိတ်တဆိတ် အစီအစဉ်တွေ ချနေလေသည်။
သို့သော် ယခု အရေးကြီးဆုံး အရာမှာ သူ၏ ကျင့်ကြံမှုကို တိုးတက်အောင် လုပ်ရန် ဖြစ်ပါ၏။ တစ်လအကြာတွင် ယန်ထျန်းးနှင့် သူ၏ အဆုံးအဖြတ်တိုက်ပွဲ ရှိနေသောကြောင့်ပင်။
ကျင့်ကြံမှုအဆင့် မြင့်လေလေ အဆင့်တက်ရန် ခက်ခဲလေလေ ဖြစ်သော်လည်း ဖုန်းဝူချန်သည် တစ်လအတွင်း ယန်ထျန်းကို အနိုင်ယူနိုင်မည်ဟု လုံးဝယုံကြည်မှုရှိနေသည်။
သူ၏အခန်းသို့ မပြန်မီ ဖုန်းဝူချန်သည် ထိုလျှို့ဝှက်ဆန်းကြယ်သော သိုင်းနည်းစနစ်ကိုပင် အသုံးပြုကာ ဖုန်းချန်ယန်၏ မီးအဆိပ်အချို့ကို ဖယ်ရှားပေးခဲ့သည်။
ထိုအခါ ဖုန်းချန်ယန်၏ ထိတ်လန့်မှုမှာ စကားလုံးများဖြင့် ဖော်ပြ၍မရအောင်ပင် ဖြစ်ခဲ့ပြီး အကြီးအကဲစုက ဖုန်းဝူချန်ကို အဘယ်ကြောင့် ဤမျှ တန်ဖိုးထားသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့တော့သည်။
နေ့လယ်စာစားပြီးနောက် ဖုန်းဝူချန်သည် သူ၏အခန်းသို့ အလျင်အမြန် ပြန်လာခဲ့၏။ သက်တန့်ရောင် ဆေးရည်ကို ထုတ်ယူပြီး မျိုချလိုက်ကာ အထွတ်အထိပ် နဂါးနတ်ဘုရား သိုင်းနည်းစနစ်ကို ချက်ချင်းပင် ကျင့်ကြံလိုက်တော့သည်။
အထွတ်အထိပ် နဂါးနတ်ဘုရား သိုင်းနည်းစနစ်သည် မယုံနိုင်လောက်အောင် အားပြင်းလှသည်။ သက်တန့်ရောင်ဆေးရည်နှင့် ပေါင်းစပ်လိုက်သောအခါ ဖုန်းဝူချန်၏ ကျင့်ကြံမှုအရှိန်မှာ ယခင်ကထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းလာတော့သည်။
'သက်တန့်ရောင်ဆေးရည်က ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်အတွက် တကယ့်ကို ရတနာပဲ။ လူတွေ ဒီလောက်တောင် လိုချင်ကြတာ မဆန်းပါဘူး။ အဟေး… ဒီညဆိုရင်တော့ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ငါးကို ချိုးဖြတ်နိုင်ပြီကွ။'
ဖုန်းဝူချန်က ဝမ်းသာအားရ တွေးလိုက်သည်။
ဖုန်းဝူချန်သည် ဝိညာဉ်စွမ်းအင်နှင့် ဆေးရည်ကို အငမ်းမရ စုပ်ယူနေပြီး ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်များအားလုံးသည် သူ့ထံသို့ စုစည်းလာကာ "သုံးပွင့်ဆိုင် ကြာဖူးပုံစံ" ဖြစ်ပေါ်လာသည်။
တစ်စုံတစ်ယောက်သာ သည်မြင်ကွင်းကို မြင်တွေ့လိုက်လျှင် အံ့ဩမှင်သက်သွားပေလိမ့်မည်။
...
"ကုန်တိုက်ပိုင်ရှင်ကို အကြောင်းကြားပါတယ်...။ သတင်းရပါတယ်ဗျ”
အစောင့်တစ်ဦးက ဝမ်ပေါင်ကုန်တိုက်၏ ပင်မခန်းမဆောင်ထဲသို့ အလျင်စလို ပြေးဝင်လာသည်။
"ဘာသတင်းလဲ။"
ယူဝမ်ရှုံးက အေးဆေးစွာ မေးလိုက်သည်။
"ခုနကလေးတင် ဖုန်းမိသားစုရဲ့ သခင်လေးသုံး ဖုန်းဝူချန်က ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် လေးမှာပဲရှိပေမဲ့ အဆင့်ခြောက်က ယန်ပုဖန်ကို အလွယ်တကူ အနိုင်ယူလိုက်ပါတယ်"
အစောင့်က သတင်းပို့သည်။
“ဟမ်...။ ဖုန်းဝူချန်က ယန်ပုဖန်ကို အနိုင်ယူလိုက်တယ် ဟုတ်လား။ ဒုတိယတန်းစား သိုင်းဝိညာဉ်နဲ့ အမှိုက်ကောင်က ဒီလိုစွမ်းရည်မျိုး ရှိတယ်ပေါ့။"
ယူဝမ်ရှုံးက အံ့ဩစွာ မေးလိုက်သည်။
"လုံးဝ အမှန်ပါပဲ။ ဒါတင် မကသေးဘူး။ သူက တစ်ချက် ကြည့်ရုံနဲ့ အကြီးအကဲစု ကိုယ်ထဲမှာ အအေးဓာတ် အဆိပ် ရှိတာကို သိပြီး နေရာမှာတင် အဆိပ် တစ်ချို့ကို ထုတ်ပေးလိုက်နိုင်ခဲ့တယ်။ အကြီးအကဲစုကိုယ်တိုင် ပြောတာကတော့ အဆင့်ငါး ဆေးပညာရှင်တွေတောင်မှ သူ့အအေးဓာတ် အဆိပ်ကို ထုတ်ပေးဖို့ ခက်ခဲတယ်တဲ့။ ဖုန်းဝူချန်က ဘယ်သူမှ မသိတဲ့ နည်းလမ်း တစ်ခုခုနဲ့ အဆိပ်ကို အလွယ်တကူ ဖယ်ရှားပေးလိုက်တာပါ။ အဲ့ဒီအတွက် အကြီးအကဲစုက သူ့ကို တပည့်ရင်းအဖြစ် လက်ခံချင်ပြီး ထျန်းယန် အကယ်ဒမီရဲ့ အကြီးအကဲချုပ်ဆီကိုတောင် ထောက်ခံပေးဖို့ စဉ်းစားခဲ့သေးတယ်။ ဒါပေမဲ့ ဖုန်းဝူချန်က ငြင်းလိုက်ပါတယ်ဗျ"
အစောင့်က အသေးစိတ် အချက်အလက်တိုင်းကို သစ္စာရှိစွာ သတင်းပို့သည်။
"အအေးဓာတ် အဆိပ်ကို ထုတ်ပေးတယ်..."
ဤစကားကို ကြားသောအခါ ယူဝမ်ရှုံးသည် ထိတ်လန့်တကြား ထရပ်လိုက်မိပြီး ဖုန်းဝူချန် ထွက်မသွားခင် သူ့အား ပြောသွားသော စကားကို ဒိုင်းခနဲ အမှတ်ရသွားသည်။
ဖုန်းဝူချန် မထွက်သွားမီက မီးအဆိပ်ကို ထုတ်ပေးနိုင်ကြောင်း ထိုကောင်လေး ရှင်းလင်းစွာ ပြောခဲ့သည်လေ။
ယခုမူ မိမိအတွက် နောင်တရစရာပေလော။
...
တစ်ညတာအတွင်း ဖုန်းဝူချန်သည် ဝိညာဉ်အရည် နှစ်ပုလင်းကို သောက်သုံးပြီး ခန္ဓာကိုယ်
သန့်စင်ခြင်းအဆင့် ငါးသို့ ချောမွေ့စွာ တက်လှမ်းနိုင်ခဲ့သည်။
သူ၏ လက်သီးကို ကြည့်ရင်း ဖုန်းဝူချန်က ခနဲ့တဲ့တဲ့ ရယ်လိုက်သည်။
"ငါ့ရဲ့ လက်ရှိအစွမ်းနဲ့ဆိုရင် ယန်ပုဖန်ကို အနိုင်ယူဖို့ လက်သီး တစ်ချက်ပဲ လိုလောက်တယ်"
ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် ငါးသို့ တက်လှမ်းနိုင်ခဲ့ပြီးနောက် ဖုန်းဝူချန်သည် သူ၏ ကျင့်ကြံမှုတွင် အဆင့်တက်ရုံသာမက သူ၏ခန္ဓာကိုယ်မှာလည်း ပို၍ပင် သန်မာလာသည်ဟု ခံစားလိုက်ရသည်။
"အထွတ်အထိပ် နဂါးနတ်ဘုရား သိုင်းနည်းစနစ်က အတွင်းရော အပြင်ပိုင်းကိုပါ အားကောင်းစေတဲ့ ကျင့်စဉ်တစ်ခုပဲ။ ဒါကြောင့် ငါ့ကျင့်ကြံမှု ပိုအားကောင်းလာလေလေ ငါ့ခန္ဓာကိုယ်ကလည်း ပိုပြီးစွမ်းအားကြီးလာလေပဲ။ ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကလည်း တခြားသူတွေထက် သေချာပေါက် သာလွန်သွားမှာပဲ။ အဲ့ဒီအချိန်ကျရင် ပြိုင်ဘက်ရဲ့ တိုက်ကွက်တွေကို မဖျက်ဆီးဘဲနဲ့တောင် သူတို့ကို အနိုင်ယူနိုင်လိမ့်မယ်။"
ဖုန်းဝူချန်က ပျော်ရွှင်စွာ ကြွေးကြော်လိုက်သည်။ သူ၏စိတ်လှုပ်ရှားမှုကို စကားလုံးများဖြင့် ဖော်ပြ၍ပင် မရနိုင်တော့ပေ။
"ယန်ထျန်းး... မင်းစောင့်နေလိုက်စမ်းပါ။ တစ်လနေရင် မင်းပါးစပ်ထဲက သွားတွေ အကုန်မြေပေါ်မှာ ရှာကောက်နေရအောင် ငါ ဆော်ပြမယ်။"
ပြောဆိုရင်း ဖုန်းဝူချန်က ကြမ်းကြုတ်စွာ ဟက်ခနဲ ရယ်လိုက်သည်။
ကျင့်ကြံမှုအဆင့် တက်ထားသော်လည်း သူက ဆက်လက်လေ့ကျင့်ချင်နေသည်။ အချိန်မဖြုန်းချင်ဘဲ နှစ်ရက် သုံးရက်အတွင်း ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ခြောက်သို့ တက်လှမ်းရန် ရည်မှန်းထားပါသည်။
"သခင်လေးသုံး..."
သို့သော် ထိုအချိန်တွင် တံခါးအပြင်ဘက်မှ ရှောင်လန်၏ အသံထွက်ပေါ်လာ၏။
"ဘာကိစ္စလဲ။"
ဖုန်းဝူချန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"အမျိုးသမီးငယ်လေးတစ်ယောက် သခင်လေးကို လာရှာနေပါတယ်"
ရှောင်လန်၏ အသံသည် တံခါးမှတစ်ဆင့် ဝင်ရောက်လာသည်။
"အမျိုးသမီးငယ်လေး..."
ဖုန်းဝူချန် အနည်းငယ် အံ့အားသင့်သွားသည်။ သူစဉ်းစားကြည့်လိုက်တော့ ပြိုင်ဘက်ကင်းမြို့တွင် မော့လင်အာမှလွဲ၍ အခြားအမျိုးသမီးငယ်များကို သူမသိပေ။ သူ့ကို မည်သူက လာရှာနိုင်ပါသနည်း။
"ဘယ်သူလဲ။"
ဖုန်းဝူချန်က မေးလိုက်သည်။
"ကျွန်မလည်း မသိပါဘူး သခင်လေး...။ သခင်လေးကိုယ်တိုင် သွားကြည့်လိုက်တာ ပိုကောင်းပါလိမ့်မယ်"
ရှောင်လန်က တိုက်တွန်းသည်။
" အေး၊ ငါ လာပြီ"
သူက ပြန်ဖြေလိုက်သည်။
ဖုန်းမိသားစု ခန်းမဆောင်ထဲတွင် ဖုန်းကျန့်ရှုံးနှင့် ရှောင်ချင်းချင်းတို့က အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော မိန်းကလေးငယ်တစ်ဦးကို တစေ့တစောင်း အကဲခတ်နေကြသည်။
ထိုမိန်းကလေးသည် ကျော့ရှင်း လှပစွာ ရပ်နေ၏။ သူမမှာ ထူးခြားသော အရှိန်အဝါ၊ ကျောက်စိမ်းကဲ့သို့သော အသားအရေနှင့် ပုံသွင်းထားသလို လှပသော မျက်နှာလေး ရှိနေသည်...။ ဧကန်မလွဲ အနာဂတ်တွင် အလှဘုရင်မတစ်ပါး ဖြစ်လာမည့်သူပင်။
သူမသည် အသက် ဆယ့်ငါးနှစ် သို့မဟုတ် ဆယ့်ခြောက်နှစ်ခန့်သာ ရှိသေးသော်လည်း ကောင်းစွာဖွံ့ဖြိုးပြီးဖြစ်ကာ လှပသော ကိုယ်လုံးကိုယ်ပေါက်ရှိပြီး နှစ်နှစ် သုံးနှစ်အတွင်းတွင် အလွန်အမင်း ချောမောလှပလာမည်မှာ သေချာနေပါသည်။
မိန်းကလေး၏ ထူးကဲသော အလှတရားကြောင့် ရှောင်ချင်းချင်းမှာ အံ့ဩနေမိသည်။
'ချန်အာက ဘယ်တုန်းက ဒီလောက်ချောတဲ့ကောင်မလေးနဲ့ သိသွားတာလဲ။ ဒီလောက်အရေးကြီးတာကို အမေ့ကိုတောင် ပြောမပြဘူး။ ဒီကောင်မလေးက သာမန်တော့ ဟုတ်မှာ မဟုတ်ဘူး။ မော့လင်အာထက် အများကြီး ပိုချောတယ်၊ ဒါတော့ ကောင်းတာပဲ။'
ရှောင်ချင်းချင်းက ပျော်ရွှင်စွာ ကြိတ်တွေးနေမိသည်။
သူမသည် ပထမဆုံးတွေ့ဆုံမှုမှာပင် ထိုမိန်းကလေးကို အလွန် သဘောကျသွားခဲ့ပါသည်။
မိန်းကလေးငယ်၏ အလှအပသည် အမှန်တကယ်ပင် မော့လင်အာထက် များစွာသာလွန်နေသည်။ အမူအရာဖြစ်စေ၊ ရုပ်ရည်ဖြစ်စေ မော့လင်အာသည် သူမနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။
ဤမျှလှပသော မိန်းကလေးငယ်သည် အဘယ်က လာသနည်း။
ဖုန်းကျန့်ရှုံးနှင့် အကြီးအကဲသုံးဦးလုံး အလွန် သိချင်နေကြသည်။ သူတို့ကို ထိတ်လန့်စေသော အရာမှာ ထိုမိန်းကလေးသည် ချီသန့်စင်ခြင်းဘုံ ဆဌမ အလွှာသို့ ရောက်ရှိနေပြီ ဖြစ်ခြင်းပင်။
ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်အရွယ်တွင် ဤအဆင့်သို့ ရောက်ရှိခြင်းသည် ပါရမီရှင်များထဲမှ ပါရမီရှင်ပင် ဖြစ်သည်။ ယန်ဟော်အင်ပါယာတစ်ခုလုံးတွင် ဒုတိယတစ်ယောက် ရှာရန်ပင် ခက်ခဲလိမ့်မည်။ မိန်းကလေးငယ်၏ အရည်အချင်းမှာ ထူးချွန်လှပြီး သာမန်ပါရမီရှင်များနှင့် နှိုင်းယှဉ်၍မရပေ။
"ရှောင်ရှောင်... ဒီကို လာထိုင်ပါကွယ်"
ရှောင်ချင်းချင်းက ပျော်ရွှင်သော အပြုံးဖြင့် ဖိတ်ခေါ်လိုက်သည်။
လင်ရှောင်ရှောင်ဟု အမည်ရသော မိန်းကလေးငယ်သည် နာခံစွာ လျှောက်လာပြီး သူမ၏မျက်နှာတွင် ချိုမြသော အပြုံးတစ်ခု ရှိနေသည်။
"ရှောင်ရှောင်... အဒေါ့်ကို သမီး ဘယ်ကလာတယ်ဆိုတာ ပြောပြလို့ရမလား"
ရှောင်ချင်းချင်းက ပြုံးရင်းမေးလိုက်ပြီး မိန်းကလေး၏ အနက်ရောင်ဆံပင်များကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
"ကုန်းမကြီးကပါ"
လင်ရှောင်ရှောင်က တိုတိုတုတ်တုတ် ဖြေလိုက်သည်။
"ကုန်းမကြီး..."
ဖုန်းကျန့်ရှုံးနှင့် အကြီးအကဲသုံးဦး၏ မျက်နှာများမှာ ချက်ချင်းပင် တင်းမာသွားပြီး လင်ရှောင်ရှောင်ကို အံ့ဩတကြီး ကြည့်လိုက်ကြသည်။
ယန်ဟော်အင်ပါယာသည် ကုန်းမကြီးနှင့် အလွန်ဝေးကွာသည်။
လင်ရှောင်ရှောင်သည် ဤနေရာသို့ တစ်ယောက်တည်း လာခဲ့လေသလော။ ဖုန်းဝူချန်သည် ကုန်းမကြီးသို့ ဘယ်သောအခါမှ မရောက်ဖူးသည်မှာ သေချာသည်။ သူသည် ဖုန်းမိသားစုနှင့်အတူ ဆယ့်ခြောက်နှစ်လုံးလုံး နေထိုင်ခဲ့ပြီး ထိုအချက်ကို မိသားစုဝင်တိုင်း သက်သေခံနိုင်လေသည်။
သို့သော် လင်ရှောင်ရှောင်ကမူ ဖုန်းဝူချန်ကို သိနေပုံရသဖြင့် အားလုံးမှာ နားမလည်နိုင် ဖြစ်နေကြသည်။
ထိုအချိန်တွင် ဖုန်းဝူချန်က ခန်းမဆောင်ထဲသို့ ဝင်လာပြီး သူ၏မိခင်ဘေးတွင် ထိုင်နေသော လင်ရှောင်ရှောင်ကို မြင်လိုက်ရသဖြင့် ခြေလှမ်းများ ရပ်တန့်သွား၏။
"အစ်ကိုကြီးဖုန်း..."
ဖုန်းဝူချန်ကို မြင်လိုက်သည်နှင့် လင်ရှောင်ရှောင်၏ လှပသော မျက်နှာလေးတွင် ပျော်ရွှင်သော အပြုံးတစ်ခု ချက်ချင်းပေါ်လာပြီး သူမ အလျင်အမြန် လျှောက်လာခဲ့သည်။
ဖုန်းဝူချန်သည် လင်ရှောင်ရှောင်ကို ကြက်သေသေကာ စူးစိုက်ကြည့်နေမိသည်။
သူမသည် အမှန်တကယ်ပင် အလွန်လှပသော်လည်း သူသည် သူမကို တစ်ခါမှ မမြင်ဖူးသလို လုံးဝလည်း မမှတ်မိပေ။