← Chapters

လျင်မြန်သော တိုးတက်မှု…

Vol. 1 Ch. 9

လျင်မြန်သော တိုးတက်မှု…

Vol. 1 Ch. 9

~"ချန်အာ... သားက ရှောင်ရှောင်နဲ့ ဘယ်တုန်းက သိသွားတာလဲ...။ ဘာလို့ အမေ့ကို ပြောမပြရတာလဲကွယ်..."

ရှောင်ချင်းချင်းက အပြစ်တင်သလိုလေး ဆိုလိုက်သည်။

" ဟေး၊ မင်း ငါ့ကို သိလို့လား..."

ဖုန်းဝူချန်က သံသယဖြင့် မေးလိုက်၏။ သူ၏အကြည့်များက လင်ရှောင်ရှောင်ကို စူးစိုက်အကဲခတ်နေသည်။ ဤသည်မှာ သူမကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ကြောင်း သူကိုယ်တိုင် အသေအချာ သိနေသည်။

"ချန်အာ... မင်းတို့နှစ်ယောက် မသိကြဘူးလား...။ ဒီသမီးငယ်လေးက သူ ကုန်းမကြီးက လာတာတဲ့..."

ဖုန်းကျန့်ရှုံးက အံ့ဩတကြီး မေးလိုက်သည်။ သူတို့အမြင်မှာတော့ လင်ရှောင်ရှောင်သည် ဖုန်းဝူချန်နှင့် အလွန်ရင်းနှီးနေပုံပင်။

"ဦးလေးဖုန်း... အစ်ကိုကြီးဖုန်းနဲ့ ကျွန်မက ဒီနေ့မှ ပထမဆုံး တွေ့ဖူးကြတာပါ..."

လင်ရှောင်ရှောင်က ပြုံးရင်းဆို၏။

"ပထမဆုံး..."

ရှောင်ချင်းချင်း၏ မျက်နှာမှာ တင်းခနဲ ဖြစ်သွားသည်။ ဘယ်လိုမိန်းကလေးမျိုးက အလိုလိုနေရင်း ယောက်ျားတစ်ယောက်ရဲ့အိမ်ကို အိမ်တိုင်ရာရောက် ရောက်လာရသနည်း။

'သူ့ရဲ့ အရှိန်အဝါက သာမန်မဟုတ်ဘူး...။ သူ့ရဲ့စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထားတာပဲ...။ အရည်အချင်းကလည်း ထူးချွန်တယ်...။ ငါ့ထက်တောင်ငယ်ပြီး ချီသန့်စင်ခြင်း ဆဌမ အလွှာတဲ့...။ ဒီကောင်မလေးက ဘယ်သူလဲ..'

ဖုန်းဝူချန်သည် မျက်မှောင်ကြုတ်ရင်း စိတ်ရှုပ်ထွေးစွာ တွေးနေမိသည်။ သူ၏လက်ရှိအမြင်ဖြင့် လင်ရှောင်ရှောင်သည် သာမန်လူတစ်ယောက်မဟုတ်ကြောင်း အလွယ်တကူ မြင်နိုင်လေသည်။

...

စိတ်ရှုပ်ထွေးမှုများကြားမှပင် ဖုန်းဝူချန်က မေးလိုက်သည်။

"ငါ့ဆီက ဘာအလိုရှိလို့လဲ..."

"ကျွန်မက အစ်ကိုကြီးဖုန်းနဲ့ မိတ်ဆွေဖွဲ့ချင်လို့ပါ..."

လင်ရှောင်ရှောင်က ချိုသာစွာ ဆိုလိုက်သည်။

သူမက ကုန်းမကြီးကနေ ဖုန်းဝူချန်နဲ့ မိတ်ဆွေဖွဲ့ဖို့ချည်းသက်သက် ဒီအထိ လိုက်လာခဲ့သည်တဲ့လား။

ဘယ်သူက ဒီလောက် အဓိပ္ပာယ်မရှိတဲ့ အလုပ်ကို လာလုပ်မှာလဲ။

'သူပဲ... သေချာပေါက် သူပဲ...။ ဒီအရှိန်အဝါက လုံးဝ မှားစရာ မရှိဘူး...။ လွန်ခဲ့တဲ့ နှစ်ရက်က အတိုင်းပဲ...။ သူက ငါ့အတွက် အသင့်တော်ဆုံး ယောက်ျားပဲ...'

လင်ရှောင်ရှောင်က သူမဘာသာ အတည်ပြုလိုက်ပြီး သူမ၏ ပျော်ရွှင်သော အပြုံးမှာ ပို၍ပင် တောက်ပလာတော့သည်။

ဖုန်းဝူချန်မှာတော့ ငိုချင်စိတ်ပင် ပေါက်လာတော့၏။ သူ မသိသော မိန်းကလေးတစ်ယောက်က သူ့ကို မိတ်ဆွေဖွဲ့ရန်အတွက် ကုန်းမကြီးကနေ ဒီအထိ လိုက်လာခဲ့သည်တဲ့လေ။

သူတော့ လုံးဝ မယုံနိုင်ပေ။

သူ မယုံကြည်သော်လည်း လင်ရှောင်ရှောင်ထံတွင် မကောင်းသော ရည်ရွယ်ချက်တစ်စုံတစ်ရာ မမြင်ရသလို သူ့ကိုထိခိုက်စေမည့် အရိပ်အယောင်လည်း မတွေ့ရပေ။

"ဟုတ်တယ်... ဟုတ်တယ်...။ မိတ်ဆွေဖွဲ့တာကနေ စပြီး ဖြည်းဖြည်းချင်း သွားရမှာပေါ့...။ အချစ်ဆိုတာ အချိန်ကြာလာမှ ဖြစ်လာတာ..."

ရှောင်ချင်းချင်းက ဤစကားကိုကြားသည်နှင့် စိတ်အားထက်သန်စွာ သဘောတူလိုက်ပြီး အလျင်အမြန် ဆိုလိုက်သည်။

"ချန်အာ... ဘာကြောင်ကြည့်နေတာလဲ...။ ရှောင်ရှောင်အတွက် အခန်းမပြင်ပေးတော့ဘူးလား..."

ရှောင်ချင်းချင်း၏ မျက်နှာပေါ်မှ ပျော်ရွှင်မှုကို မြင်လိုက်ရသောအခါ ဖုန်းဝူချန်သည် သူမဘာတွေတွေးနေသည်ကို ခန့်မှန်းမိလိုက်ပြီး တိတ်တဆိတ် လက်လျှော့အရှုံးပေးလိုက်မိတော့သည်။

မော့လင်အာ၏ သစ္စာဖောက်မှုသည် ဖုန်းဝူချန်ကို နာကျင်စေဆဲပင်။ သူမကြောင့် သူသည် ဒုတိယအကြိမ် သစ္စာဖောက်ခံရခြင်းကို မကြုံတွေ့ချင်တော့ပေ။

‘အာ၊ မဟုတ်သေးဘူး၊... သူက မော့လင်အာမှ မဟုတ်တာ...။ ငါ အားလုံးကို တစ်ပုံစံတည်း မြင်လို့မဖြစ်ဘူး…’

ဖုန်းဝူချန်က တိတ်တဆိတ် ခေါင်းခါလိုက်ပြီး လှည့်ထွက်သွားတော့သည်။

ဖုန်းဝူချန် လှည့်ထွက်သွားသည့်အခိုက်တွင် လင်ရှောင်ရှောင်က သူ၏လက်မောင်းကို ချစ်ခင်စွာ ဆွဲကိုင်လိုက်ပြီး မျက်နှာပေါ်မှ သူမ၏ ချိုမြသောအပြုံးမှာလည်း သူ့ကို ကြည့်နေလျက် မပျောက်ကွယ်

သွားခဲ့ပေ။

"မိန်းမ... မင်း အရမ်း လောနေစရာ မလိုဘူးမလား...။ ငါတို့ လင်ရှောင်ရှောင်ရဲ့ နောက်ကြောင်းကို ဘာမှ မသိသေးဘူးလေ..."

သူတို့နှစ်ဦး ထွက်သွားပြီးနောက် ဖုန်းကျန့်ရှုံးက အမြန်ပြောလိုက်သည်။

ထိုစကားကိုကြားသော် ရှောင်ချင်းချင်းက ရယ်မောလိုက်ပြီး ဆို၏။

"ကျွန်မတော့ ဒီကလေးမလေးကို တကယ် သဘောကျတယ်...။ ဒါပေမဲ့ သူက ကျွန်မတို့ကို ပြောမပြချင်ဘူး ထင်တယ်...။ ရှောင်ရှောင်က သာမန် မိန်းကလေးမှ မဟုတ်တာ...။ သူက ချန်အာထက် တစ်နှစ်၊ နှစ်နှစ်လောက် ငယ်ပြီး ချီသန့်စင်ခြင်း ဆဌမ အလွှာကို ရောက်နေပြီ...။ ယန်ဟော် အင်ပါယာမှာ ဒီလောက် မယုံနိုင်စရာ ကောင်းတဲ့ အရည်အချင်းရှိတဲ့ သူမျိုး တစ်ခါမှ မကြားဖူးဘူး..."

"ဒီကောင်မလေးရဲ့ အရည်အချင်းက တကယ်ပဲ ကြောက်စရာကောင်းတယ်...။ ဒါက သူ့နောက်ကွယ်က အင်အားစုကလည်း တော်ရုံတန်ရုံ မဟုတ်ဘူးဆိုတာ ပြနေတာပဲ...။ သူ့နောက်ကွယ်က အင်အားစုကသာ ကြောက်စရာ ကောင်းလောက်အောင် အားကြီးတယ်ဆိုရင် သူတို့သာ ငါတို့ဖုန်းမိသားစုကို တိုက်ခိုက်ချင်တယ်ဆိုရင် ငါတို့ သေတာ ကြာလှပြီ...။ သူ ဝူချန်ကို ဒုက္ခပေးဖို့ မရှိပါဘူး..."

ဖုန်းချန်ယန်က အခိုင်အမာ ပြောလိုက်သည်။

ထိုအခါ ရှောင်ချင်းချင်းက အရာအားလုံးကို သူမထိန်းချုပ်နိုင်သည့်အလား ပျော်ရွှင်စွာ ပြောလိုက်သည်က…

"အချိန်နည်းနည်းကြာရင် သားကို အရင် လက်ဦးမှုယူခိုင်းပြီး နောက်မှသတင်းပို့ခိုင်းရမယ်...။ ဒီကောင်မလေးကိုတော့ ကျွန်မတို့ လက်လွှတ်လို့မဖြစ်ဘူး..."

"မိန်းမရယ်... မင်းက ဘယ်လို စကားမျိုး ပြောလိုက်တာလဲ...။ ချန်အာက အဲ့လို လူမျိုးလား..."

ဖုန်းကျန့်ရှုံးက ခါးသီးသော အပြုံးဖြင့် မေးလိုက်သည်။

"ဘာဖြစ်လဲ...။ ရှင့်တုန်းကလည်း အဲ့လိုပဲ မဟုတ်ဘူးလား...။ ရှင်လုပ်နိုင်ရင် ချန်အာက ဘာလို့မလုပ်နိုင်ရမှာလဲ...။ ကျွန်မ ရှောင်ရှောင်ကို တကယ်သဘောကျတယ်...။ သူက မော့လင်အာထက် အဆတစ်ရာမက ပိုသာတယ်..."

ရှောင်ချင်းချင်းက ချက်ချင်းပင် ချေပလိုက်သည်။

"ဒါ... ဒါက မတူဘူးလေကွာ..."

ဖုန်းကျန့်ရှုံးက အလွန်အမင်း ရှက်ရွံ့စွာ ပြောလိုက်သည်။

"ဟား ဟား..."

ဖုန်းချန်ယန်နှင့် အခြားသူများမှာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကြတော့သည်။

သူတို့၏အာရုံအားလုံးသည် လင်ရှောင်ရှောင်အပေါ်တွင်သာ ရှိနေကြပြီး ဖုန်းဝူချန်သည် ခန္ဓာကိုယ်သန့်စင်ခြင်း ပဉ္စမ အလွှာသို့ တက်လှမ်းသွားခဲ့သည်ကိုမူ သတိမထားမိလိုက်ကြပေ။

...

"အစ်ကိုကြီးဖုန်း... ကျွန်မ အစ်ကိုကြီးရဲ့အခြေအနေကို ကြားပြီးပါပြီ...။ သူတို့ပြောတာတွေကို စိတ်ထဲမထားပါနဲ့...။ အစ်ကိုကြီးသာ အားကောင်းလာရင် သူတို့ဘာမှပြောစရာ ရှိတော့မှာမဟုတ်ဘူး..."

လင်ရှောင်ရှောင်က ဖုန်းဝူချန်၏ လက်မောင်းကိုတွယ်ရင်း ခပ်ဖွဖွရယ်ကာ ပြောလိုက်သည်။

"မင်း တကယ်တော့ ဘယ်သူလဲ...။ ဖုန်းမိသားစုကို လာတဲ့ မင်းရဲ့ရည်ရွယ်ချက်က ဘာလဲ...။ မင်းရဲ့အရည်အချင်းနဲ့ဆိုရင် မင်းကို အင်အားကြီးအဖွဲ့အစည်းတစ်ခုက သေချာပေါက် ပျိုးထောင်ပေးထားမှာပဲ..."

ဖုန်းဝူချန်က လေးနက်စွာ မေးလိုက်ပြီး သူ၏မျက်လုံးများက လင်ရှောင်ရှောင်၏ မျက်လုံးများနှင့် ဆုံသွားသည်။

နတ်ဆိုးနဂါး၏ မှတ်ဉာဏ်များနှင့် ကျယ်ပြန့်သော အတွေ့အကြုံများကို ရရှိပြီးနောက် ဖုန်းဝူချန်သည် သူ့အတွက်နှင့် ဖုန်းမိသားစုအတွက် အန္တရာယ်ဖြစ်စေနိုင်သော ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် အလွန်သတိကြီးပြီး စေ့စပ်သေချာလာခဲ့သည်။ သူသည် ဖြစ်နိုင်ခြေရှိသော အန္တရာယ်အားလုံးကို စေ့စေ့စပ်စပ် ကိုင်တွယ်ရပေမည်။

ဖုန်းဝူချန်၏ လေးနက်ပြီး အနည်းငယ်အေးစက်သော အမူအရာကိုမြင်သော် လင်ရှောင်ရှောင်က ကပျာကယာ ငြင်းဆိုလိုက်သည်။

"အစ်ကိုကြီးဖုန်း... ကျွန်မ အစ်ကိုကြီးကို ဒုက္ခပေးမှာမဟုတ်ပါဘူး...။ ကျွန်မ အခုချက်ချင်းတော့ ပြောပြလို့မဖြစ်သေးလို့ပါ...။ ကျွန်မကို အချိန်နည်းနည်းလောက် ပေးလို့မရဘူးလားဟင်..."

ဖုန်းဝူချန်သည် လင်ရှောင်ရှောင်၏ မျက်လုံးများထဲတွင် လှည့်ဖြားမှုတစ်စုံတစ်ရာ မတွေ့ရဘဲ နာကျင်ဝမ်းနည်းမှုနှင့် တောင်းပန်မှုများကိုသာ တွေ့လိုက်ရသည်။

ဝမ်းနည်းနေသော လင်ရှောင်ရှောင်ကို ကြည့်ရင်း ဖုန်းဝူချန်၏ နှလုံးသားမှာ နူးညံ့ပျော့ပျောင်းသွားသည်။ သူမ လိမ်ညာနေခြင်းမဟုတ်ကြောင်း သူသေချာသွားပြီး ဆိုလိုက်သည်။

"ကောင်းပြီလေ...။ ငါ မင်းကို ယုံတယ်...။ သွားနားတော့..."

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီးဖုန်း..."

လင်ရှောင်ရှောင်က နာခံစွာ ခေါင်းညိတ်လိုက်ပြီး ဖုန်းဝူချန်ကို ဆက်မတွယ်ကပ်တော့ပေ။

ဖုန်းဝူချန်က ထိုသို့ပြောလိုက်သော်လည်း သူ၏စိတ်ထဲတွင်မူ သတိရှိနေဆဲပင်။

လှပသော မိန်းကလေးတစ်ယောက်က အလိုလို ရောက်လာသည့်အခါ မည်သူမဆို သံသယဝင်မိမည်မှာ သဘာဝပင်။

တစ်ရက်၊ ထို့နောက် နှစ်ရက်ကုန်လွန်သွားပြီး ဖုန်းဝူချန်သည် အစာစားချိန်မှလွဲ၍ ကျန်အချိန်အားလုံးကို မနားမနေ ကျင့်ကြံရင်း ကုန်ဆုံးစေခဲ့ရာ သူ၏ကျင့်ကြံမှုအဆင့်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိုးတက်လာခဲ့သည်။

တတိယနေ့တွင် ဖုန်းဝူချန်သည် နောက်တစ်ကြိမ် အဆင့်တက်သွားပြီး ခန္ဓာကိုယ်သန့်စင်ခြင်း ဆဌမ အလွှာသို့ မည်သည့် အခက်အခဲမှ မရှိဘဲ ဝင်ရောက်နိုင်ခဲ့သည်။

ပဉ္စမ အလွှာသို့ တက်လှမ်းရန် တစ်ညသာ အချိန်ယူခဲ့သော်လည်း ဆဌမအလွှာသို့ တက်လှမ်းရန်မူ သုံးရက်အချိန်ယူခဲ့ရသည်က ကျင့်ကြံမှု၏ ခက်ခဲမှုကို မီးမောင်းထိုးပြနေသကဲ့သို့ပင်။

"ငါ့ရဲ့လက်ရှိအရှိန်အတိုင်းဆိုရင် တစ်လအတွင်း နဝမ အလွှာကို သေချာပေါက် တက်လှမ်းနိုင်မယ်...။ အဲ့ဒီအချိန်ကျရင် ယန်ထျန်းးက ချီသန့်စင်ခြင်း ပထမ အလွှာ ‌ဖြစ်နေလောက်ပြီ..."

ဖုန်းဝူချန်က ခပ်အေးအေး ခနဲ့တဲ့တဲ့ ရယ်လိုက်ပြီး သူ၏မျက်လုံးများထဲတွင် ကြမ်းကြုတ်သော အရောင်များ လက်သွားသည်။

ယန်မိသားစု၏ ထိပ်တန်းပါရမီရှင်တစ်ဦးအနေဖြင့် ယန်ထျန်းးသည် မိသားစု၏ အထောက်အပံ့ကို အဓိကရရှိသူဖြစ်ပြီး သူတို့က အရင်းအမြစ်များကို အပြည့်အဝ ထောက်ပံ့ပေးမည်မှာ သေချာသည်။

ထို့အပြင် ယန်ထျန်းးသည် ခန္ဓာကိုယ်သန့်စင်ခြင်း အဌမ အလွှာ၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး အဆင့်ကိုးသို့ အချိန်မရွေး တက်လှမ်းနိုင်နေပြီ ဖြစ်သည်။

သူ၏ အရည်အချင်းနှင့် ပြင်ပ အင်အားများ၏ အကူအညီဖြင့် တစ်လအတွင်း ချီသန့်စင်ခြင်း ပထမ အလွှာသို့ ရောက်ရှိရန်မှာ မဖြစ်နိုင်သည့် ကိစ္စ မဟုတ်ပေ။

ရက်အနည်းငယ်ကြာ ကျင့်ကြံပြီးနောက် သက်တန့်ရောင်ဆေးရည်မှာ ကုန်သွားခဲ့သည်။ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်တွင် အဆင့်တက်ရန်မှာ သက်တန့်ရောင်ဆေးရည်အပေါ် အဓိကမှီခိုနေရသည်။ ဖုန်းဝူချန်၏ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံမှုအရှိန်နှင့်ပင် သက်တန့်ရောင်ဆေးရည်ကို အသည်းအသန် လိုအပ်နေပါသည်။

"အစ်ကိုကြီးဖုန်း..."

ဖုန်းဝူချန် သူ၏အခန်းမှ ထွက်လာသည်နှင့် လင်ရှောင်ရှောင်၏ ချိုမြိန်သာယာသော ခေါ်သံကို ကြားလိုက်ရသည်။

သူ့ထံသို့ ပြေးလာနေသော လင်ရှောင်ရှောင်ကိုမြင်သော် ဖုန်းဝူချန်၏မျက်နှာတွင် အကူအညီမဲ့သော အမူအရာတစ်ခု ပေါ်လာသည်။ လင်ရှောင်ရှောင်က သူ့ကိုမတွယ်ကပ်တော့သော်လည်း သူအပြင်ထွက်လာတိုင်း လင်ရှောင်ရှောင်သည် သူ ပထမဆုံးမြင်ရသူ အမြဲဖြစ်နေသည်။

"အစ်ကိုကြီးဖုန်း... ဘယ်သွားမလို့လဲ...။ ကျွန်မ လိုက်ခဲ့မယ်လေ..."

လင်ရှောင်ရှောင်က ပြုံးရင်းပြောလိုက်ပြီး အနားသို့ရောက်သည်နှင့် ဖုန်းဝူချန်၏ လက်မောင်းကို ချက်ချင်းပင် ချိတ်တွယ်လိုက်သည်။

'သူက သူ့ရဲ့အရှိန်အဝါကို ဖုံးကွယ်ထားနိုင်တယ်...'

တစ်ချက်ကြည့်ရုံဖြင့် ဖုန်းဝူချန် လန့်သွားသည်။

သူသည် လင်ရှောင်ရှောင်၏ ကျင့်ကြံမှုအဆင့်ကို လုံးဝပင် မမြင်နိုင်တော့ပေ။

'ရှောင်ရှောင်ရဲ့ နောက်ကြောင်းက ငါ ထင်ထားတာထက်တောင် ပိုပြီး ကြောက်စရာကောင်းနိုင်တယ်ဟ...'

ဖုန်းဝူချန်က တိတ်တဆိတ် တွေးလိုက်သည်။

"သွားရအောင်...။ မင်းကို အပြင်ခေါ်သွားပေးမယ် လေ..."

ဖုန်းဝူချန်က အပြစ်ကင်းစင်ပြီး နုံအသော လင်ရှောင်ရှောင်ကိုကြည့်ရင်း စိတ်မတင်းထားနိုင်ဘဲ အေးစက်စွာ ပြောလိုက်သည်။

မဟုတ်လျှင် ဖုန်းဝူချန်သည် သူမကို ဂရုစိုက်ရန်ပင် ပျင်းရိနေမည်ဖြစ်သည်။

ရိုးရှင်းသော ဝါကျတစ်ကြောင်းက လင်ရှောင်ရှောင်ကို မယုံနိုင်လောက်အောင် ပျော်ရွှင်စေခဲ့သည်။ ဤသည်မှာ ဖုန်းဝူချန်က သူမကို အပြင်သို့ ပထမဆုံးအကြိမ် ခေါ်သွားခြင်း ဖြစ်သည်။

"ချန်အာ... မင်းဘယ်သွားမလို့လဲ..."

သူတို့ ခြံရှေ့မှ ဖြတ်သွားစဉ် ဖုန်းကျန့်ရှုံးက မေးလိုက်သည်။

"ဝိညာဉ်အရည်နည်းနည်း သွားယူမလို့ပါ..."

ဖုန်းဝူချန်က ဖြစ်သလို ပြန်ဖြေလိုက်သည်။

"မင်း ဝိညာဉ်အရည်ကုန်သွားပြီလား...။ မင်းရဲ့ကျင့်ကြံမှု တိုးတက်မှုရှိရဲ့လား..."

ဖုန်းကျန့်ရှုံး အနည်းငယ် အံ့အားသင့်သွားသည်။ ဖုန်းဝူချန်သည် ဆိုင်မှ ဝိညာဉ်အရည် ဆယ်ပုလင်း ယူသွားသည်ကို သူသိသည်။ အဘယ်ကြောင့် ဤမျှမြန်ဆန်စွာ ကုန်သွားရသနည်း။

ဝိညာဉ်အရည်ကို သုံးစွဲနှုန်းက အရမ်းမြန်နေတာလား။

"ဟုတ်ကဲ့.. ခန္ဓာကိုယ်သန့်စင်ခြင်း ဆဌမ အလွှာပါ ဖေဖေ…”

ဖုန်းဝူချန်က ပြန်ဖြေလိုက်ပြီး ဂိတ်တံခါးအပြင်သို့ လျှောက်ထွက်သွားနှင့်ပြီ။

"ကောင်းပြီ...။ ဒါဆို ကောင်းတာပေါ့..."

ဖုန်းကျန့်ရှုံးက ခေါင်းညိတ်လိုက်သော်လည်း သူ၏မျက်နှာအမူအရာမှာ ရုတ်တရက်ပြောင်းလဲသွားသည်။

“ဟိုက်..။ သူ ခုနက ဘာပြောလိုက်တာ...။ ခန္ဓာကိုယ်သန့်စင်ခြင်း ဆဌမ အလွှာတဲ့လား..."

ဖုန်းကျန့်ရှုံးသည် လုံးဝပင် ထိတ်လန့်သွားပြီး သူတို့နောက်သို့ လိုက်ကာစစ်ဆေးရန် ရည်ရွယ်ချက်ဖြင့် ခေါင်းကို လျင်မြန်စွာ လှည့်လိုက်သော်လည်း ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့မှာ ပျောက်ကွယ်သွားနှင့်ကြပြီ။

နှစ်မိနစ်အပြည့် မှင်သက်နေပြီးနောက် ဖုန်းကျန့်ရှုံးသည် နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး ကြွေးကြော်လိုက်သည်။

"သူက သုံးရက်အတွင်းမှာ အဆင့် နှစ်ဆင့် တက်သွားတယ်...။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

ဖုန်းဝူချန်၏ ဒုတိယတန်းစား သိုင်းဝိညာဉ် အရည်အချင်းဖြင့် သုံးလ မပြောနှင့်၊ သုံးရက်အတွင်း အဆင့်နှစ်ဆင့် တက်လှမ်းရန် မျှော်လင့်နိုင်မည် မဟုတ်ပေ။

ဖုန်းယွမ်၏ ပဉ္စမတန်းစား သိုင်းဝိညာဉ် အရည်အချင်းနှင့်ပင် အဆင့်တစ်ခုတက်လှမ်းရန် အနည်းဆုံး နှစ်လ သုံးလ သို့မဟုတ် ထို့ထက်ပို၍ အချိန်ယူရပေမည်။

ဖုန်းဝူချန်က သုံးရက်အတွင်း အဆင့်နှစ်ဆင့် တက်သွားသည်ဟု လိမ်ပြောခဲ့လေသလော။

လွန်ခဲ့သော နှစ်ရက်မှ အဖြစ်အပျက်များကို ပြန်စဉ်းစားကြည့်လျှင် ဖုန်းဝူချန်မှာ ထူးခြားသော စွန့်စားခန်းတစ်ခုခုနှင့် ကြုံတွေ့ခဲ့သည် ဖြစ်ရမည်။

ဖုန်းဝူချန်သာ လိမ်မပြောခဲ့လျှင် ဖုန်းမိသားစုသည် ကောင်းကင်သို့ ပျံမတက်နိုင်ဘဲ ရှိပါ့မလား။

ဖုန်းကျန့်ရှုံးသည် စဉ်းစားလေလေ ပို၍စိတ်လှုပ်ရှားလာလေဖြစ်ပြီး သူတို့နောက်သို့ အလျင်အမြန် လိုက်သွားတော့သည်။

ဖုန်းဝူချန် အိမ်မှထွက်သွားခြင်းသည် သာမန်အဖြစ်အပျက်တစ်ခု

ဖြစ်သော်လည်း သူ၏ဘေးတွင် ကျော့ရှင်းလှပသော မိန်းကလေးငယ်တစ်ဦး ရုတ်တရက်ပါလာခြင်းမှာတော့ သာမန်မဟုတ်ပေ။

အိမ်မှထွက်ပြီးသည်နှင့် ဖုန်းဝူချန်သည် နောင်တရသွားခဲ့ပြီး လမ်းပေါ်ရှိ လူတိုင်း၏မျက်လုံးများက သူတို့အပေါ်တွင် စူးစိုက်နေသည်ကို သတိပြုမိလိုက်သည်။

"ဟယ်၊ ဟိုကောင်မလေးက ဘယ်သူ့သမီးလဲ...။ ချောလိုက်တာ နော်...။ ဖုန်းမိသားစုက အမှိုက်ကောင်ကတော့ မိန်းမကံကောင်းသားပဲ...။ ရက်နည်းနည်းပဲ ရှိသေးတယ်...။ နောက်တစ်ယောက် ရှာတွေ့ပြန်ပြီ..."

“ဒီတစ်ယောက်က မော့လင်အာထက် အများကြီးပိုချောတယ်...။ ဖုန်းဝူချန်က သူ့ကို ဘယ်တုန်းက သိသွားတာလဲ...။ ငါတို့ ဒီကောင်မလေးကို တစ်ခါမှ မမြင်ဖူးသလိုပဲ..."

"ငါလောင်းရဲတယ်...။ မကြာခင် ဒီအမှိုက်ကောင် အစွန့်ပစ်ခံရပြန်ဦးမှာပဲ...။ ဘယ်မိန်းကလေးက ဒီလောက်တုံးအပြီး အမှိုက်တစ်ကောင်ကို ရွေးမှာလဲဟ...။ တကယ့်ကို နှမြောစရာ.."

လမ်းပေါ်တွင် ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ ပေါ်လာခြင်းသည် လူတိုင်းကို နောက်ပြန်လှည့်ကြည့်စေခဲ့ပြီး လူအများအပြားကို မနာလိုဖြစ်စေခဲ့သည်။

လူအုပ်ကြီး၏ ထူးဆန်းသောအကြည့်များကို ခံစားမိသော် လင်ရှောင်ရှောင်က ဖုန်းဝူချန်ကို ရှိုးတိုးရှန့်တန့် အပြုံး တစ်ခု ပြုံးပြလိုက်သည်။

ဖုန်းဝူချန်သည် ထိုအကြည့်များနှင့် မှတ်ချက်များကို လျစ်လျူရှုလိုက်ပြီး တစ်ချိန်လုံး တည်ငြိမ်အေးဆေးစွာ နေလိုက်၏။

လမ်း၏ တစ်ဖက်ခြမ်းတွင် လူတစ်ယောက်က ဖုန်းဝူချန်ကို ကြမ်းကြုတ်စွာ စိုက်ကြည့်နေသည်။

တစ်စုံတစ်ခုကို ခံစားမိသဖြင့် ဖုန်းဝူချန်သည် ခြေလှမ်းများရပ်တန့်သွားပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

"ယန်ရွှမ်း..."

"ဖုန်း ဝူ ချန်... မင်းက ငါ့ညီရဲ့လက်ကို ချိုးတယ်ဟုတ်လား...။ လာစမ်းးး.. ဒီနေ့ ငါက မင်းခြေထောက်တစ်ချောင်းကို ပြန်ချိုးမယ်..."

ယန်ရွှမ်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏မြွေကဲ့သို့ အဆိပ်ပြင်းသော မျက်လုံးများက ဖုန်းဝူချန်ကို သေမလောက် စိုက်ကြည့်နေသည်။

"မင်းမှာ အဲ့လောက် အရည်အချင်းမရှိလောက်ဘူးထင်တယ်..."

ဖုန်းဝူချန်က အေးစက်စက်ရယ်မောကာ ပြန်ပြောလိုက်ပြီး ကြောက်ရွံ့မှု အရိပ်အယောင် မပြပေ။

ယန်ပုဖန်ထက် တစ်ဆင့်သာ ပိုအားကောင်းသော ယန်ရွှမ်းကို ယခု ခန္ဓာကိုယ်သန့်စင်ခြင်း ဆဌမ အလွှာသို့ ရောက်ရှိနေပြီဖြစ်သော ဖုန်းဝူချန်က ဘယ်လိုနည်းနှင့် ကြောက်ရွံ့နေမည်နည်း။

"မင်း ကံကောင်းပြီး ငါ့ညီကို အနိုင်ရသွားရုံနဲ့ ငါ့ရှေ့မှာ မာနထောင်လွှားလို့ ရမယ်များ ထင်နေလား...။ ငါ အခုပဲ မင်းခြေထောက်ကို ရိုက်ချိုးပြမယ်..."

ယန်ရွှမ်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဖုန်းဝူချန်၏ မောက်မာသောပုံစံကို မြင်ရသောအခါ သူ၏ ဒေါသမှာ ပို၍ပင် ပြင်းထန်လာသည်။

ထိုသို့ပြောပြီးနောက် ယန်ရွှမ်းက ဟိန်းဟောက်ကာ ကျားရိုင်း တစ်ကောင်ကဲ့သို့ ရှေ့သို့ တဟုန်ထိုး ပြေးထွက်လာ၏။

သူ၏အရှိန်အဝါကြောင့် လမ်းပေါ်မှလူများမှာ လမ်းဖယ်ပေးကြရသည်။

"ဟမ့်...။ မင်းနဲ့ မင်းရဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း သတ္တအလွှာက ငါ့ခြေထောက်ကို ချိုးနိုင်မယ်ထင်နေလား...။ သောက်ကလေး၊ ဆုတောင်းလေ..."

ဖုန်းဝူချန်က ခနဲ့တဲ့တဲ့ ပြန်ပြောလိုက်သည်။

ယန်ရွှမ်းသာ သေချင်နေလျှင် သူ့ဘက်က သနားညှာတာမှုပြသရန် အဆင်သင့် မရှိပေ။

All Chapters