← Chapters

ဖုန်းကျန့်ရှုံး ဝင်လှုပ်ရှား…

Vol. 1 Ch. 10

ဖုန်းကျန့်ရှုံး ဝင်လှုပ်ရှား…

Vol. 1 Ch. 10

~“ခွပ်.."

အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် ဖုန်းဝူချန်သည် ယန်ရွှမ်း၏လက်သီးကို သူ၏လက်သီးဖြင့် တည့်တည့်တိုးဝင် ပိတ်ဆို့လိုက်၏။ ဗလုံးဗထွေး အသံ တစ်ခုနှင့်အတူ ချီစွမ်းအင် တစ်ခုက အပြင်သို့ တုန်ခါထွက်သွားသည်။ ယန်ရွှမ်း အားကုန်သုံး၍ တိုက်ခိုက်လာသော လက်သီးချက်ကို ဖုန်းဝူချန်က အေးအေးဆေးဆေးပင် တားဆီးနိုင်ခဲ့ပါ၏။

ယန်ရွှမ်း၏ မျက်နှာသည် ဒေါသကြောင့် ကြမ်းတမ်းခက်ထန်သွားပြီး ဖုန်းဝူချန်ကို မယုံနိုင်လောက်အောင် အံ့ဩတကြီး စိုက်ကြည့်နေမိသည်။

လွန်ခဲ့သော သုံးရက်ကပင် ဖုန်းဝူချန်သည် ခန္ဓာကိုယ်သန့်စင်ခြင်း စတာတ္ထအလွှာ တွင်သာ ရှိသေးပြီး ယန်ပုဖန်ကို အနိုင်ယူနိုင်ခဲ့သည်မှာ သူ၏တိုက်ကွက်များကို ချိုးဖျက်နိုင်ခဲ့၍သာ ဖြစ်လေသည်။

သူ၏အစွမ်းအစမှာ ယန်ပုဖန်နှင့် ယှဉ်နိုင်ခြင်း မရှိသည်မှာ အမှန်ပင်။

သို့သော် သုံးရက်တာအချိန်လေးအတွင်းမှာပင် ဖုန်းဝူချန်၏ အစွမ်းသည် အဘယ်ကြောင့် ဒီလောက်ကြီး တိုးတက်လာခဲ့ပါသနည်း။ သူသည် ခန္ဓာကိုယ်သန့်စင်ခြင်း ဆဌမ အလွှာနှင့်ပင် အသာစီးမရဘဲ ယှဉ်ပြိုင်နိုင်ခဲ့သည်တကား။

"မင်း... မင်းက ဆဌမအလွှာ..."

အချိန်အတော်ကြာ မှင်သက်နေပြီးနောက်မှ ယန်ရွှမ်းသည် နောက်ဆုံးတွင် အာမေဋိတ်သံတစ်ခု ပြုနိုင်တော့သည်။

...

"မင်း အခုမှသိတာလား...။ နည်းနည်းလောက် နောက်ကျသွားပြီ မဟုတ်ဘူးလား..."

ဖုန်းဝူချန်က အေးစက်စက် မခိုးမခန့် ပြုံးလိုက်သည်။ သူသည် ယန်ရွှမ်းကို လုံးဝပင် အလေးမထားသည့်ဟန်ပင်။

'ဒါတော့ မကောင်းတော့ဘူး...'

ယန်ရွှမ်း၏ မျက်နှာအမူအရာသည် နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်၏။ စတုတ္ထ အလွှာတွင် ရှိနေစဉ်ကပင် ယန်ပုဖန်ကို အနိုင်ယူနိုင်ခဲ့သော ဖုန်းဝူချန်သည် ယခု ဆဌမ အလွှာသို့ တက်လှမ်းသွားပြီ ဖြစ်ရာ သူ့ကိုလည်း အနိုင်ယူနိုင်ပြီ ဖြစ်ကြောင်း သူ နားလည်လိုက်သည်။

ဖုန်းဝူချန်၏ ပြိုင်ဘက်၏တိုက်ကွက်များကို ချက်ချင်းချိုးဖျက်နိုင်စွမ်းကို တွေးမိသောအခါ ယန်ရွှမ်းသည် မဆိုင်းမတွပင် နောက်ဆုတ်လိုက်တော့သည်။

"ဝူးဟားဟား..ဘာဖြစ်တာလဲ...။ မင်းပဲ ငါ့ခြေထောက်တွေကို ချိုးပစ်မယ်ဆို..."

ယန်ရွှမ်းနောက်ဆုတ်သွားသည်ကို မြင်သောအခါ ဖုန်းဝူချန်က လှောင်ပြောင်လိုက်သည်။

ယန်ရွှမ်း၏ မျက်နှာသည် အလွန်အမင်း တည်ငြိမ်ခက်ထန်နေသည်။

စကားကတော့ လွန်သွားခဲ့လေပြီ။ သူသာ မတိုက်ခိုက်လျှင် ပြိုင်ဘက်ကင်းမြို့မှ လူများ၏ ရယ်မောခြင်းကို ခံရမည် မဟုတ်ပါလား။

ယန်ရွှမ်း တစ်ယောက် တကယ့်ကို အကျပ်ရိုက်နေလေပြီ။

ထိုအချိန်တွင် ရွေးချယ်ခွင့်သည် သူ့လက်ထဲတွင် မရှိတော့ပေ။ ဖုန်းဝူချန်၏ တိုက်ခိုက်မှုသည် လျင်မြန်စွာပင် တိုးဝင်လာခဲ့လေပြီ။

"ဘုန်း ဘုန်း ဘုန်း..."

ဖုန်းဝူချန်သည် ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကို စတင်လိုက်တော့သည်။ ဤတစ်ကြိမ်တွင် တိုက်ကွက်များကို ချိုးဖျက်ရန် မလိုအပ်တော့ပေ။ ဖုန်းဝူချန်၏ လက်ရှိအစွမ်းနှင့် အရှိန်အဟုန်သည် ယန်ရွှမ်းကို ပစ်မှတ်တစ်ခုကဲ့သို့ သဘောထားကာ လွှမ်းမိုးသွားရန် လုံလောက်နေပါ၏။

အံ့ဩဖွယ်ရာ မြန်ဆန်လှသော ဖုန်းဝူချန်၏ ပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ ယန်ရွှမ်းတွင် တန်ပြန်တိုက်ခိုက်ရန် အင်အားတစ်စုံတစ်ရာမရှိဘဲ တစ်လှမ်းပြီးတစ်လှမ်း နောက်ဆုတ်နေရတော့သည်။

လမ်းပေါ်မှ လူအုပ်ကြီးမှာ အချိန်အတော်ကြာ မှင်သက်နေခဲ့ကြလေပြီ။

"ဖုန်းဝူချန်က ခန္ဓာကိုယ်သန့်စင်ခြင်း ဆဌမ အလွှာ တဲ့...။ ဒီအမှိုက်ကောင်က ဘယ်ကနေ ဘယ်လို ဒီလောက်မြန်တဲ့ ကျင့်ကြံမှုအရှိန်ကို ရသွားတာလဲ..."

"လွန်ခဲ့တဲ့သုံးရက်က သူ အဆင့်လေးပဲ ရှိသေးတာ မဟုတ်ဘူးလား...။ သူ့ရဲ့ ဒုတိယတန်းစား သိုင်းဝိညာဉ်နဲ့ဆိုရင် ဝိညာဉ်အရည်နဲ့ ဆေးလုံးတွေ အကူအညီနဲ့တောင် သုံးရက်အတွင်း ဆဌမ အလွှာကို တက်လှမ်းဖို့ မဖြစ်နိုင်လောက်ဘူး..."

"သရဲမမြင်ဖူး၊ မြင်ဖူးချင်ရင် ဒါကိုကြည့်ဆိုတာ ဒါမျိုးကိုပြောတာပဲဖြစ်မယ်...။ ယန်ရွှမ်းဆိုတဲ့ကောင် တစ်ချက်ကလေးတောင် ပြန်မချနိုင်ဘူးဟေ့...။ ဖုန်းဝူချန်က ဘယ်တုန်းက ဒီလောက်တောင် အားကောင်းသွားတာလဲ...။ တိုက်ကွက်ချိုးဖျက်ဖို့တောင် မလိုတော့ဘူးဟေး..."

မယုံနိုင်သော မျက်လုံးများသည် ဖုန်းဝူချန်အပေါ်သို့ ကျရောက်လာကြပြီး ထိုအချိန်တွင် လမ်းတစ်လမ်းလုံးသည် ရပ်တန့်သွားသကဲ့သို့ လူတိုင်း ကျောက်ရုပ်များကဲ့သို့ ဖြစ်နေကြတော့သည်။

'ဒီအမှိုက်ကောင်က ဘယ်လိုလုပ်ပြီး ဒီလောက် အားကောင်းတဲ့ စွမ်းအားကို ပိုင်ဆိုင်နိုင်ရတာလဲ...'

ယန်ရွှမ်း၏ စိတ်ထဲတွင် အချက်ပေး ခေါင်းလောင်းသံ တစ်ခုက ကျယ်လောင်စွာ မြည်ဟည်းသွားသည်။

ဒါက ဒုတိယတန်းစား သိုင်းဝိညာဉ်နှင့် ထိုဖုန်းဝူချန် အမှန်တကယ် ဟုတ်သေးရဲ့လား။

သုံးရက်အတွင်း အစွမ်းအစများ ဤမျှလောက် တိုးတက်လာသည်ကို ယုံကြည်ရန် မဖြစ်နိုင်ပေ။

ထိုအခိုက်အတန့်အတွင်း လက်သီးချက်များ၊ ခြေကန်ချက်များက ယန်ရွှမ်း၏ကိုယ်ပေါ်သို့ တရစပ်ကျရောက်လာတော့သည်။

သည်လောက် မြန်ဆန်သော အရှိန်ကြောင့် ယန်ရွှမ်းသည် မူး ဝေနေလေ၏။

လက်သီးဆယ်ချက်ခန့်အကြာတွင် ယန်ရွှမ်းမှာ ဒဏ်ရာရနေလေပြီ။

“ခွပ်.."

ဖုန်းဝူချန်၏ လက်သီးသည် ယန်ရွှမ်း၏ ဝမ်းဗိုက်ကို ထိုးနှက်လိုက်သည်။

“ဝေါ့..”

အားပြင်းသော ထိုးနှက်ချက်ကြောင့် ယန်ရွှမ်းသည် သွေးများအန်ထွက်လာပြီး ကိုယ်မှာ ကုန်းကွေးသွားသည်။

ထို့နောက် အပေါ်မှ ဆင်းသက်လာသော ခြေကန်ချက်တစ်ခုက ယန်ရွှမ်းကို မြေကြီးထဲသို့ နင်းမြှုပ်လိုက်တော့၏။

အစမှအဆုံး ယန်ရွှမ်းတွင် တိုက်ခိုက်ရန် အခွင့်အရေး တစ်စုံတစ်ရာ မရခဲ့ပေ။

"အူးဟူးဟူး..ခန္ဓာကိုယ်သန့်စင်ခြင်း

အဆင့် သတ္တမ အလွှာကတော့ ဒီလောက်ပါပဲ..."

ဖုန်းဝူချန်က လှောင်ပြောင်လိုက်သည်။

ထိုအခါ ယန်ရွှမ်းသည် အံကြိတ်ကာ ဟိန်းဟောက်လိုက်သည်။

"မင်းရဲ့ကျင့်ကြံမှု..မင်းဘယ်လိုလုပ်ပြီး ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ဆဌမ အလွှာကို တက်လှမ်းနိုင်ခဲ့တာလဲ..."

ဖုန်းဝူချန်က သူ့ကို ဤမျှလောက် အလွယ်တကူ အနိုင်ယူလိုက်သဖြင့် သူ၏စိတ်မှာ ပုံမှန်

မဟုတ်တော့လောက်အောင် ဒေါသထွက်နေလေပြီ။

အမှိုက်တစ်ကောင်ကိုတောင်မှ သူက မနိုင်ဘူးဆိုရင် ပြိုင်ဘက်ကင်းမြို့မှာ သူ ဘယ်လိုလုပ် မျက်နှာပြနိုင်တော့မလဲ။

"အဟင်းဟင်း။ဘယ်သူသိမှာလဲ..."

ဖုန်းဝူချန်က ခနဲ့တဲ့တဲ့ ရယ်လိုက်သည်။

"မင်းက ငါ့ခြေထောက်တစ်ချောင်းကို ချိုးချင်တယ်ဆို...။ မင်းကပဲ အရင်ရန်စခဲ့တာ...။ ငါသာ မင်းခြေထောက်တစ်ချောင်းကို မချိုးလိုက်ရင် ငါ့ကိုယ်ငါ အားနာစရာ ဖြစ်သွားလိမ့်မယ်..."

" ခွေးကောင် ဖု န်း ဝူ ချန်... မင်းကများ..."

ယန်ရွှမ်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

“ဒုန်း.."

"ခွမ်း..."

အနည်းငယ်မျှ နှောင့်နှေးခြင်းမရှိဘဲ ဖုန်းဝူချန်၏ ခြေထောက်က ပြင်းထန်စွာ နင်းချလိုက်ရာ လွှမ်းမိုးနိုင်သော အင်အားဖြင့် ယန်ရွှမ်း၏ ခြေထောက်အရိုးတစ်ချောင်းကို ကြေမွသွားစေတော့သည်။

"အားးး..."

အရိုးကျိုးခြင်း၏ ပြင်းထန်သော နာကျင်မှုကြောင့် ယန်ရွှမ်းသည် သတ်ဖြတ်ခံရသော ဝက်သိုး တစ်ကောင်ကဲ့သို့ ငယ်သံပါအောင် အော်ဟစ်လိုက်တော့သည်။

ယန်ရွှမ်း၏ အော်သံကြောင့် ထိတ်လန့်တုန်လှုပ်နေသော ကြည့်ရှုသူအားလုံး ကြောက်လန့်ကာ မျက်နှာများ ဖြူဖျော့သွားကြသည်။

ဖုန်းဝူချန်ထံမှ ဤမျှလောက် ရက်စက်ကြမ်းကြုတ်သော အပြုအမူကို သူတို့ တစ်ခါမှ မမြင်ဖူးကြပေ။

ယခင်က ဖုန်းဝူချန်ထံတွင် ဤကြမ်းကြုတ်မှု၊ ဤလွှမ်းမိုးနိုင်သော အင်အားများ အဘယ်မှာရှိခဲ့ပါသနည်း။

"ဖုန်းဝူချန်... မင်း ငါ့ခြေထောက်ကို ချိုးရဲတယ် နော်..။ ယန်မိသားစုက မင်းကို ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူး..."

ယန်ရွှမ်းက ရူးသွပ်မတတ် ဟိန်းဟောက်လိုက်သည်။

ဖုန်းဝူချန်ကမူ ပခုံးတွန့်လိုက်ပြီး အေးစက်စက် ရယ်မောလိုက်သည်။

"ဒါဆိုရင်တော့ ယန်မိသားစုကို ငါ့ဆီ လာခိုင်းလိုက်လေ..."

"ဟမ့်... ကောင်လေး...။ မင်းက ငါ့ယန်မိသားစုဝင်တစ်ယောက်ကို ထိခိုက်စေရဲတယ်...။ မင်းသေချင်နေတာပဲ..."

ဖုန်းဝူချန် စကားဆုံးသည်နှင့် ရုတ်တရက် ဩဇာအာဏာနှင့် ဒေါသတို့ဖြင့် ပြည့်နှက်နေသော အသံတစ်ခု ထွက်ပေါ်လာပြီး ၎င်းနှင့်အတူ အားကောင်းသော အရှိန်အဝါနှင့် သတ်ဖြတ်လိုစိတ်များလည်း ပါဝင်လာလေသည်။

"ဒီသတ်ဖြတ်လိုစိတ်...။ ဒါက ယန်မိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင် ယန်ချင်းယွင်..."

ဖုန်းဝူချန်၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။

"အစ်ကိုကြီးဖုန်း... သတိထား..."

တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သော လင်ရှောင်ရှောင်က အမြန်သတိပေးလိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင် ရောက်လာပြီ..."

လူအုပ်ကြီးသည် ထိတ်လန့်တကြားဖြင့် လူစုခွဲသွားကြသည်။

"ဖုန်းဝူချန်တော့ ဒီတစ်ခါ ဇာတ်သိမ်းပြီပဲ..."

လူအများအပြားက အသံတိတ် ခန့်မှန်းလိုက်ကြသည်။

အနက်ရောင်အရိပ်တစ်ခုသည် မြို့၏အဆောက်အဦးများပေါ်မှ လျင်မြန်စွာ ရွေ့လျားလာပြီး ဖုန်းဝူချန်ထံသို့ အမြန်ချဉ်းကပ်လာသည်။

ထိုသူမှာ အသွင်ပြောင်းခြင်းဘုံ အဌမ အလွှာသို့ ရောက်ရှိနေသော ယန်ချင်းယွင်ပင် ဖြစ်သတည်း။

"မျိုးနွယ်စုခေါင်းဆောင်... သတ်လိုက်ပါ...။ သူ့ကို အခုချက်ချင်း သတ်လိုက်ပါဗျာ..."

ယန်ရွှမ်းက ဒေါသတကြီးနှင့် ကြောက်လန့်တကြား ဟိန်းဟောက်လိုက်သည်။

ယန်ရွှမ်း၏ ခြေထောက်အရိုးများ ခြေဖြင့် နင်းခြေခံထားရသည်ကို မြင်သောအခါ သူ၏ မိသားစုမှ လူငယ်နှစ်ဦးစလုံး မသန်စွမ်းဖြစ်သွားခဲ့ပြီ ဖြစ်ရာ ယန်ချင်းယွင်၏ သတ်ဖြတ်လိုသော အရှိန်အဝါမှာ ပို၍ပင် အားကောင်းလာတော့သည်။

ဖုန်းဝူချန်သည် ထိတ်လန့်မှု အရိပ်အယောင်မရှိဘဲ ဘေးသို့ အမြန်ရှောင်တိမ်းလိုက်ပြီး အေးစက်စွာ ဆိုလိုက်သည်။

"ယန်မျိုးနွယ်စုခေါင်းဆောင်... သူက ကျွန်တော့်ကို အရင်ရန်စခဲ့တာပါ...။ ဒီမှာ သက်သေတွေအများကြီးရှိပါတယ်...။ ကျွန်တော့်မှာ ဒုတိယတန်းစား သိုင်းဝိညာဉ် အရည်အချင်းပဲ ရှိတာပါ...။ သူက အမှိုက်လို့ခေါ်တဲ့ ကျွန်တော့်လိုလူမျိုးကိုတောင် မနိုင်ဘူးဆိုရင်တော့ ကျွန်တော်လည်း ဘာမှမတတ်နိုင်ပါဘူး..."

"ဟမ့်...။ အရင်ဆုံး မင်းက ပုဖန်ရဲ့လက်ကို မသန်စွမ်းဖြစ်အောင်လုပ်တယ်...။ အခု ယန်ရွှမ်းရဲ့ခြေထောက်ကို ချိုးလိုက်ပြန်ပြီ...။ သူတောင်းစားလေး၊ အခုချက်ချင်း သေပေတော့..."

ယန်ချင်းယွင်က ဟိန်းဟောက်လိုက်ပြီး သူ၏မျက်နှာမှာ ဒေါသကြောင့် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရှုံ့မဲ့နေသည်။

ဒေါသထွက်နေသော ယန်ချင်းယွင်သည် ဖုန်းဝူချန် အဘယ်ကြောင့် ရုတ်တရက် ဤမျှလောက် အားကောင်းလာသည်ကို တွေးတောနေရန် အချိန်မရှိတော့ပေ။

ထိုစကားများအဆုံးတွင် ယန်ချင်းယွင်သည် ဖုန်းဝူချန်ထံသို့ ပြင်းထန်သော အရှိန်ဖြင့် ပြေးဝင်သွားရာ အံ့ဩဖွယ်ရာ မြန်ဆန်လှသည်။

သာမန်လူတစ်ဦးအတွက်မူ ယန်ချင်းယွင်၏ ပုံရိပ်ကို မြင်နိုင်မည်မဟုတ်သော်လည်း ကံဆိုးစွာပင် ဖုန်းဝူချန်သည် သာမန်လူတစ်ဦး မဟုတ်ခဲ့ပေ။

ယန်ချင်းယွင် တိုက်ခိုက်လိုက်သည့်အချိန်မှာပင် ဖုန်းဝူချန်သည် ယန်ချင်းယွင်၏ အားနည်းချက်ကို မြင်တွေ့ပြီး တိုက်ခိုက်မှု၏ ဦးတည်ရာကို ခွဲခြားသိမြင်ပြီးသား ဖြစ်လေသည်။

'ဒီကောင်က တကယ်ပဲ ပြိုင်ဘက်ရဲ့အားနည်းချက်ကို ချက်ချင်းမြင်နိုင်တာပဲ...'

ယန်ချင်းယွင်က ဒေါသတကြီး တွေးလိုက်ပြီး သူ၏မျက်ခုံးများမှာ တင်းတင်းကြုတ်မိသွားသည်။ သူ၏မျက်နှာမှာ အကြီးအကျယ် ပျက်စီးသွားလေပြီ။

ယန်ချင်းယွင်၏ လက်သီးချက်သည် လွဲချော်သွားလေသည်။

အလွန်ပင် သီသီလေးလွဲသွားခြင်း ဖြစ်၏။ ဖုန်းဝူချန်သာ အနည်းငယ်ပို၍ နှေးကွေးခဲ့မည်ဆိုလျှင် ထိုလက်သီးချက်သည် သေစေနိုင်လောက်သည်။

ယန်ချင်းယွင်၏ ကျင့်ကြံမှုသည် ဖုန်းဝူချန်ထက် ဘုံနှစ်ခုလုံး သာလွန်နေသည်။

"ဖုန်းဝူချန်က တကယ်ပဲ ရှောင်လိုက်နိုင်တယ်..."

လမ်းပေါ်မှ လူအုပ်ကြီးသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြပြီး သူတို့၏မျက်လုံးများမှာ ထွက်ကျလုမတတ် ဖြစ်သွားသည်။

ယန်ချင်းယွင်သည် အသွင်ပြောင်းခြင်းဘုံတွင် ရှိနေသည်လေ။

ခန္ဓာကိုယ်သန့်စင်ခြင်းဘုံမှ အားနည်းသောသူတစ်ဦးက အားကောင်းသော ပြိုင်ဘက်၏ တိုက်ခိုက်မှုကို အဘယ်သို့ ရှောင်တိမ်းနိုင်ပါမည်နည်း။

ဖုန်းဝူချန် လူရော ဟုတ်သေးရဲ့လား။

"ဟမ့်… ဒေါင်းစားလေး ဘယ်ကို ပြေးနိုင်မလဲ ကြည့်ကြသေးတာပေါ့..."

ယန်ချင်းယွင်က လက်သီးချက်လွဲသွားပြီးနောက် ဒေါသတကြီး ဟိန်းဟောက်ကာ နောက်တစ်ကြိမ် ပြေးဝင်သွားသည်။

"အဝါရောင်အဆင့် အလတ်အလတ် သိုင်းပညာ...။ ပြင်းထန်တောင်တန်း လက်ဝါး..."

ယန်ချင်းယွင် ဖုန်းဝူချန်အနားသို့ ချဉ်းကပ်လာသည်နှင့် သူ၏အစစ်အမှန်ချီကို အသက်သွင်းလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်၏။ လက်ဝါးချက်တစ်ခု လေထဲသို့ ရိုက်ချလိုက်ရာ အားကောင်းသော ချီစွမ်းအင်တစ်ခု ထွက်ပေါ်လာသည်။

"သွားပြီ...။ မမီတော့ဘူး..."

ဖုန်းဝူချန်၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။

"အစ်ကိုကြီးဖုန်း..."

လင်ရှောင်ရှောင်သည် သူမ၏ အစစ်အမှန်ချီကို စုစည်းလိုက်ပြီး ဖုန်းဝူချန်ကို လက်ဝါးရိုက်ချက်မှ ကာကွယ်ပေးရန် ရည်ရွယ်ချက်ဖြင့် အလျင်အမြန် ပြေးဝင်လာခဲ့သည်။

"ဒီကိုမလာနဲ့..."

ဖုန်းဝူချန်က စိုးရိမ်တကြီး အော်ဟစ်လိုက်သော်လည်း လင်ရှောင်ရှောင်ကမူ သူ၏ကန့်ကွက်မှုကို ဂရုမစိုက်ခဲ့ပေ။

'ဒီကောင်မလေးက ချီသန့်စင်ခြင်းဘုံ ဆဌမ အလွှာမှာ ရှိနေတာပဲ...'

ယန်ချင်းယွင် အလွန်အမင်း ထိတ်လန့်သွားသည်။

အားနည်းချက်များကို ချက်ချင်းမြင်နိုင်စွမ်းရှိသော်လည်း ဖုန်းဝူချန်သည် သိုင်းပညာတစ်ခုကို အသုံးပြုနေသော ပို၍အားကောင်းသည့် ပြိုင်ဘက်ကို ခုခံရန် အင်အားမရှိခဲ့ပေ။

"ယန် ချင်း ယွင်...။ မင်း ငါ့သားကို ထိရဲထိကြည့်...။ ဒီနေ့ အသေပဲ...။ မင်းတို့ ယန်မိသားစုတစ်စုလုံးကို အမြစ်ဖြတ် ရှင်းပစ်မယ်..."

ထိုအချိန်တွင် အလွန်ပြင်းထန်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး ၎င်းနှင့်အတူ ယန်ချင်းယွင်ထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက ထိုနေရာတစ်ဝိုက်ကို လွှမ်းခြုံသွားလေ၏။

"ဖုန်းကျန့်ရှုံး..."

ယန်ချင်းယွင်၏ မျက်နှာသည် ဖြူဖျော့သွားသည်။

"ဖုန်းမိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင် ရောက်လာပြီ..."

လူအုပ်ကြီးသည် နောက်တစ်ကြိမ် အာမေဋိတ်သံများဖြင့် ပြည့်နှက်သွားပြန်သည်။

"ဖေဖေ..."

ဖုန်းဝူချန်၏ နှလုံးသားထဲတွင် စိတ်သက်သာရာရမှု လှိုင်းလုံးတစ်ခု ဖြတ်သန်းသွားသည်။

သူ အခုတော့ စိတ်အေးရပြီ။

"အဝါရောင်အဆင့် အလတ်အလတ် သိုင်းပညာ...။ ပြင်းထန်လေပြင်း လက်ဝါး..."

ဖုန်းကျန့်ရှုံးသည် အမြန်ဆုံးအရှိန်ဖြင့် ပြေးလာရင်း တစ်ချိန်တည်းမှာပင် သူ၏ကိုယ်ပိုင်သိုင်းပညာဖြင့် တန်ပြန်တိုက်ခိုက်လိုက်သည်။

"ဖောင်း.."

အားကောင်းသော လက်ဝါးရိုက်ချက်နှစ်ခု ထိတိုက်မိရာ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး လမ်းဘေး ဝဲယာမှ ဈေးဆိုင်များ၏ ဆိုင်ခန်းများကို ဖျက်ဆီးပစ်လိုက်သည်။ ယန်ချင်းယွင်မှာမူ ခြေလှမ်းအနည်းငယ် နောက်သို့ ဆုတ်သွားရသည်။

ဖုန်းကျန့်ရှုံးသည် ယန်ချင်းယွင်ကို တစ်ကြိမ်တည်းဖြင့် နောက်သို့ဆုတ်သွားစေခဲ့ရာ သူသည် ယန်ချင်းယွင်ထက် များစွာပို၍ အားကောင်းကြောင်း ပြသနေပါ၏။

သူအချိန်မီ ရောက်လာသည်မှာ ကံကောင်းလေစွ။ သို့မဟုတ်လျှင် လင်ရှောင်ရှောင် အန္တရာယ်တွေ့နိုင်ခဲ့သည်။

"ချန်အာ... ရှောင်ရှောင်...။ မင်းတို့နှစ်ယောက် အဆင်ပြေရဲ့လား..."

ဖုန်းကျန့်ရှုံးက စိုးရိမ်စွာ မေးလိုက်သည်။

"ကျွန်တော်တို့ ရပါတယ်...။ ဖေဖေ အချိန်မီရောက်လာလို့ တော်သေးတာပေါ့..."

ဖုန်းဝူချန်က ခေါင်းခါလိုက်သည်။

ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ ထိခိုက်မှု မရှိသည်ကို မြင်သောအခါ ဖုန်းကျန့်ရှုံးသည် စိတ်သက်သာရာရသွားပြီး ယန်ချင်းယွင်ဘက်သို့ လှည့်ကာ ဒေါသတကြီး ကြိမ်းလိုက်သည်။

"ယန်ချင်းယွင်...။ လူငယ်တစ်ယောက်ကို ဒီလိုလက်ပါတာ မင်း ရှက်ဖို့ကောင်းလိုက်တာ...။ ချန်အာ ထိခိုက်မှုမရှိလို့ ကံကောင်းတယ်မှတ်...။ မဟုတ်ရင် ငါ မင်းကို သေချာပေါက် သတ်မှာ.."

"ဖုန်းဝူချန်က ငါ့ယန်မိသားစုက လူငယ်နှစ်ယောက်ကို မသန်စွမ်းဖြစ်အောင် လုပ်ခဲ့တယ်...။ ဒီကိစ္စကို ငါ ဒီအတိုင်း လက်ပိုက်ကြည့်နေမှာမဟုတ်ဘူး..."

ယန်ချင်းယွင်က သူသည် ဖုန်းကျန့်ရှုံး၏ ပြိုင်ဘက်မဟုတ်ကြောင်း သိသဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူသည် သူ၏ဒေါသကိုသာ ဖိနှိပ်ထားနိုင်ပြီး ယန်ရွှမ်းနှင့်အတူ ထွက်ခွာသွားရတော့သည်။

"မင်းသတ္တိရှိရင် ငါ့ဆီလာခဲ့လေ...။ ငါမင်းအတွက် အချိန်မရွေး အဆင်သင့်ပဲ..."

ဖုန်းကျန့်ရှုံးက ခိုင်မာစွာ ပြန်ပြောလိုက်သည်။

ဖုန်းကျန့်ရှုံးသည် သူတို့ကို မတားဆီးဘဲ ဖုန်းဝူချန်ဘက်သို့ လှည့်ကာ ဆိုလိုက်သည်။

"တော်တယ်ကွာ... ငါ့သား...။ မင်းတကယ်ပဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တာပဲ...။ ကောင်းတယ်...။ နောက်တစ်ခါ အခွင့်အရေးရရင် သတ်ပစ်လိုက်..."

ဖုန်းကျန့်ရှုံးသည် ဖုန်းဝူချန် ခန္ဓာကိုယ်သန့်စင်ခြင်း ဆဌမ အလွှာသို့ တက်လှမ်းသွားပြီဖြစ်ကြောင်း အလွန်သေချာနေပြီး ထိုအတွက် အတိုင်းမသိ ပျော်ရွှင်နေတော့သည်။ သုံးရက်အတွင်း ဤမျှလောက် တိုးတက်မှုနှင့်အတူ အခြားမည်သူက ဤမျှကြောက်မက်ဖွယ်ကောင်းသော အရည်အချင်းကို ပိုင်ဆိုင်နိုင်ပါမည်နည်း။

ဖုန်းကျန့်ရှုံး၏ စကားကိုကြားသောအခါ ဖုန်းဝူချန် အံ့အားသင့်သွားသည်။ သူ၏ဖခင်သည် သူ့ထက်ပင် ပို၍ ရက်စက်ပါတကား။

"မင်းရူးနေလား ကောင်မလေး...။ အန္တရာယ်ရှိမှန်း မသိဘူးလား...။ ဒါတောင်မှ မင်းက ပြေးဝင်လာသေးတယ်..."

ဖုန်းဝူချန်က လင်ရှောင်ရှောင်ကို ကြည့်လိုက်၏။ သူ၏မျက်နှာတွင် အပြစ်တင်မှုနှင့် စိုးရိမ်မှုတို့ ရောနှောနေသော်လည်း ခုနက သူမ၏လုပ်ရပ်ကြောင့် သူအလွန်ပင် စိတ်လှုပ်ရှားသွားခဲ့သည်။

သူသည် လင်ရှောင်ရှောင်ကို သိသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း သူမသည် သူ့အတွက် အသက်စွန့်ရဲခဲ့သည်။

"ကျွန်မက အစ်ကိုကြီးဖုန်းအတွက် စိတ်ပူလို့ပါ...။ ရှောင်ရှောင် သေသွားလည်း ကိစ္စမရှိပါဘူး...။ အစ်ကိုကြီးဖုန်း အသက်ရှင်နေသရွေ့ပေါ့..."

လင်ရှောင်ရှောင်က ပြုံးရင်း ပြန်ဖြေသည်။

"ပေါက်တတ်ကရတွေ မပြောနဲ့...။ မင်းမသေနိုင်ဘူး...။ ငါမင်းအသက်ကို အကြွေးတင်နေတယ်... မှတ်မိတယ်မလား...။ နောက်တစ်ခါ ဒီလိုမလုပ်နဲ့တော့..."

ဖုန်းဝူချန်၏ လေသံမှာ အတော်အတန် ပျော့ပျောင်းသွားသည်။

သူ၏စိုးရိမ်မှုကို ကြားရသောအခါ လင်ရှောင်ရှောင်သည် ကျေနပ်သွားပြီး ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြလိုက်သည်။

"ချန်အာ... နောက်တစ်ခါ အပြင်သွားရင် အရမ်းသတိထား...။ ယန်မိသားစုက ဒီကိစ္စကို အလွယ်တကူ အဆုံးသတ်မှာမဟုတ်ဘူးကွ..."

ဖုန်းကျန့်ရှုံးက လေးနက်စွာ သတိပေးလိုက်သည်။

"စိတ်မပူပါနဲ့ ဖေဖေ...။ ကျွန်တော် သူတို့နဲ့ ဒီအကြွေးကို ရှင်းပစ်မှာပါ..."

ဖုန်းဝူချန်က ကြမ်းကြုတ်အေးစက်သော ခနဲ့ပြုံးဖြင့် အာမခံလိုက်သည်။

ယခု ရန်ငြိုးရန်စများ ရှိနေပြီဖြစ်ရာ ဖုန်းဝူချန်သည် အန္တရာယ်ကို သူ့အနားသို့ ချဉ်းကပ်ခွင့်ပြုမည် မဟုတ်တော့ပေ။

"ကောင်းတယ်...။ ဝိညာဉ်အရည်ကိုယူပြီး အမြန်ပြန်လာ...။ ပြန်ရောက်ပြီးရင် စိတ်နှစ်ပြီး ကျင့်ကြံ...။ မင်းရဲ့လက်ရှိကျင့်ကြံမှုနှုန်းနဲ့ဆိုရင် ဖေဖေယုံတယ်...။ မင်းတစ်လအတွင်း ယန်ထျန်းကို အနိုင်ယူနိုင်မှာပဲ..."

ဖုန်းကျန့်ရှုံးက ပျော်ရွှင်စွာ ပြောလိုက်ပြီး ဖုန်းဝူချန်အပေါ် ယုံကြည်မှုများ ပြည့်နှက်နေသည်။

'ဖေဖေကတော့ တစ်ခုခုကို ခန့်မှန်းမိနေလောက်ပြီထင်တယ်...'

ဖုန်းဝူချန်က သူ့ဘာသာ ရေရွတ်လိုက်သည်။

All Chapters