← Chapters

တောင်းပန်ဖို့ အလည်လာခြင်း…

Vol. 1 Ch. 11

တောင်းပန်ဖို့ အလည်လာခြင်း…

Vol. 1 Ch. 11

~တစ်နာရီအတွင်းမှာပင် ဖုန်းဝူချန်သည် သူ၏ကြောက်မက်ဖွယ်ကောင်းသော အစွမ်းအစဖြင့် ယန်ရွှမ်းကို အနိုင်ယူပြီး ခြေထောက်တစ်ချောင်း ချိုးပစ်လိုက်သည့် သတင်းသည် ပြိုင်ဘက်ကင်းမြို့တစ်ခွင်လုံးသို့ ပျံ့နှံ့သွားလေတော့သည်။

ပြိုင်ဘက်ကင်းမြို့ရှိ အိမ်တိုင်းမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေကြပါ၏။

ယန်ရွှမ်းသည် ဖုန်းမိသားစု၏ ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ခန္ဓာကိုယ်သန့်စင်ခြင်း သတ္တမ အလွှာတွင် ရှိကာ သူ၏အစွမ်းမှာ ယန်ထျန်းပြီးလျှင် ဒုတိယ ဖြစ်သည်။ အမှိုက်ဟု သတ်မှတ်ခံထားရသော ဒုတိယတန်းစား သိုင်းဝိညာဉ်တစ်ခုက သူ့ကို မည်သို့ အနိုင်ယူနိုင်ပါမည်နည်း။

ယန်ပုဖန်၏ ရှုံးနိမ့်မှုမှာ ဖုန်းဝူချန်က သူ၏တိုက်ကွက်များကို ထွင်းဖောက်မြင်နိုင်ခဲ့၍သာ ဖြစ်လေသည်။ သို့တိုင် ဤမျှလောက်ကပင် ပြိုင်ဘက်ကင်းမြို့ကို ထိတ်လန့်စေရန် လုံလောက်ခဲ့သည်။ သို့သော် ယခု ယန်ရွှမ်း၏ ခြေထောက်ကျိုးသွားသည့်အခါ ပြိုင်ဘက်ကင်းမြို့ကို ပို၍ပင် တုန်လှုပ်သွားစေခဲ့လေသည်။

ယန်မိသားစုမှ လူငယ်နှစ်ဦးစလုံး ဖုန်းဝူချန်၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားခဲ့ရာ ပြိုင်ဘက်ကင်းမြို့သည် အချိန်တိုအတွင်းမှာပင် စိတ်လှုပ်ရှားမှုများဖြင့် လောင်မြိုက်သွားတော့သည်။

...

"ဖုန်းဝူချန်က ယန်ရွှမ်းကို အနိုင်ယူလိုက်တာ တကယ်လားဟ...။ သူက ဆဌမ အလွှာကိုတောင် တက်သွားပြီတဲ့...။ ယန်ရွှမ်းက သတ္တမ အလွှာမှာ ရှိနေတာတောင် သူ့ကို မယှဉ်နိုင်ဘူးဆိုပါလား..."

"လုံးဝ အမှန်ပဲဟေ့...။ ယန်ရွှမ်းရဲ့ ခြေထောက်ကျိုးသွားပြီ...။ ယန်မိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင်သာ အချိန်မီရောက်မလာရင် ဖုန်းဝူချန်က သူ့ကို သတ်ပစ်မလား ဘယ်သူသိနိုင်မှာလဲ..."

"ဒုတိယတန်းစား သိုင်းဝိညာဉ်နဲ့ အမှိုက်တစ်ကောင်က သုံးရက်အတွင်းမှာ အဆင့်နှစ်ဆင့်ကို ဘယ်လိုလုပ်ပြီး တက်လှမ်းနိုင်မှာလဲ...။ အကြီးအကဲဖုန်းရဲ့ အဆင့်တစ်ဆေးပညာရှင်အစွမ်းနဲ့တောင် ဖုန်းဝူချန်ကို သုံးရက်အတွင်း ကျင့်ကြံမှုအဆင့် နှစ်ဆင့်တက်အောင် လုပ်ပေးနိုင်မှာမဟုတ်ဘူး...။ သုံးရက်နဲ့ အဆင့်နှစ်ဆင့်တက်တယ်ဆိုတာ အင်ပါယာ တစ်ခွင်လုံးမှာတောင် ဘယ်သူမှ လုပ်နိုင်မှာ မဟုတ်ဘူး …ဟုတ်တယ်မလား..."

ပြိုင်ဘက်ကင်းမြို့မှ လူများသည် အမှန်တကယ်ပင် နားမလည်နိုင် ဖြစ်နေကြသည်။

ဒုတိယတန်းစား သိုင်းဝိညာဉ်အရည်အချင်းနှင့် ဖုန်းဝူချန်သည် သုံးရက်အတွင်း အဆင့်နှစ်ဆင့်ကို မည်သို့ တက်လှမ်းနိုင်ခဲ့ပါသနည်း။

လွန်ခဲ့သော ရက်အနည်းငယ်မှ ဖုန်းဝူချန်၏ လုပ်ဆောင်ချက်များကို ပြန်လည်သတိရရင်း လူအများအပြားသည် သူအမှန်တကယ်ပင် ဒုတိယတန်းစား သိုင်းဝိညာဉ်အရည်အချင်းသာ ပိုင်ဆိုင်ထားလေသလော သို့မဟုတ် သူ၏သိုင်းဝိညာဉ်အရည်အချင်းအမှန်ကို တမင်တကာ ဖုံးကွယ်ထားလေသလောဟု သံသယဝင်လာကြသည်။

ပြိုင်ဘက်ကင်းမြို့တွင် သူ ဖြစ်ပေါ်စေခဲ့သော လှုပ်ရှားမှုကို မသိဘဲ ဖုန်းဝူချန်ကတော့ လက်ရှိတွင် ကြိုးစားပမ်းစား ကျင့်ကြံနေဆဲ ဖြစ်လေ၏။

...

ယန်မိသားစု ခန်းမဆောင်ထဲတွင် ယန်ချင်းယွင်နှင့် အခြားသူများ၏ မျက်နှာများမှာ အလွန်အရုပ်ဆိုးနေပြီး ကြောက်မက်ဖွယ်ကောင်းသော အေးစက်သည့် သတ်ဖြတ်လိုသော အရှိန်အဝါတစ်ခုက ခန်းမဆောင်တစ်ခုလုံးကို ပိတ်ဖုံးနေသည်။

ယန်ယွင်သည် အလွန်အမင်း ဝမ်းနည်းပူဆွေးနေသည်။

ယန်ရွှမ်းနှင့် ယန်ပုဖန် နှစ်ဦးစလုံးမှာ သူ၏သားများဖြစ်ပြီး ဖုန်းဝူချန်၏ လက်ချက်ဖြင့် မသန်စွမ်းဖြစ်သွားခဲ့ရာ ယခုအခါ ထျန်းယန်အကယ်ဒမီသို့ ပို့ဆောင်ခံထားရပြီး အကယ်ဒမီ၏ ဒုတိယအကြီးအကဲထံတွင် ကုသမှုခံယူရန် တောင်းပန်နေရလေသည်။

"ဖုန်း ဝူ ချန်...။ ငါ မင်းကို အစိမ်းလိုက် ဝါးစားပစ်မယ်..."

ယန်ယွင်သည် အံကြိတ်ကာ ဆိုလိုက်ပြီး သူ၏မျက်နှာမှာ ဖောင်းကြွနေသော သွေးကြောများဖြင့် ဖုံးလွှမ်းနေသည်။

သူ၏သားနှစ်ဦးစလုံး မသန်စွမ်းဖြစ်သွားခဲ့ရာ ယန်ယွင်သည် ဒေါသကြောင့် ရူးမသွားသည်မှာပင် ကံကောင်းလှပြီ ဖြစ်သတည်း။

ယန်ပုဖန်နှင့် ယန်ရွှမ်းတို့ မသန်စွမ်းဖြစ်သွားခြင်းသည် ယန်မိသားစုကို လုံးဝဒေါသထွက်စေခဲ့သည်။ သို့သော် ကံဆိုးစွာပင် ယန်မိသားစုတွင် လက်ရှိတွင် ဖုန်းမိသားစုနှင့် ရင်ဆိုင်ရန် အင်အားမရှိသေးပေ။

"ဖုန်းဝူချန်ရဲ့ ဒုတိယတန်းစား သိုင်းဝိညာဉ်နဲ့ သုံးရက်အတွင်း ခန္ဓာကိုယ်သန့်စင်ခြင်း ဆဌမ အလွှာကို ချိုးဖောက်ပြီး ယန်ရွှမ်နဲ့ ယှဉ်ပြိုင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး...။ သူသာ တကယ့်ဖုန်းဝူချန် မဟုတ်ဘူးဆိုရင်တော့ တစ်မျိုးပေါ့..."

ယန်ချင်းယွင်သည် မျက်မှောင်ကြုတ်ကာ သေချာစဉ်းစားလိုက်ပြီး လက်ရှိဖုန်းဝူချန်သည် ယခင်ကနှင့် အလွန်ကွာခြားသွားကြောင်း နားလည်လိုက်သည်။

"ဒါမှမဟုတ် ဖုန်းဝူချန်က ထူးခြားတဲ့ ကံကောင်းမှုတစ်ခုခုနဲ့ ကြုံခဲ့ရတာ ဖြစ်နိုင်တယ်..."

အခြားအကြီးအကဲတစ်ဦးက ခန့်မှန်းလိုက်သည်။

"ဆဌမ အလွှာရဲ့ အစွမ်းနဲ့ သူက ယန်ရွှမ်းကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့တယ်...။ ဒါက သူရဲ့စွမ်းအားက အဌမ အလွှာနဲ့ ယှဉ်ပြိုင်ဖို့ လုံလောက်နေပြီဆိုတာ ပြနေတာပဲ...။ ဒါ့အပြင် သူက ပြိုင်ဘက်ရဲ့ တိုက်ခိုက်မှုတွေနဲ့ အားနည်းချက်တွေကို ချက်ချင်းထွင်းဖောက်မြင်နိုင်သေးတယ်...။ တစ်လနေရင် ယန်ထျန်းးတောင်မှ သူ့လက်ချက်နဲ့ ရှုံးနိမ့်သွားနိုင်တယ်လို့ ကျုပ် စိုးရိမ်မိတယ်...။ ဒီကောင်လေးကို ဆက်အသက်ရှင်ခွင့်ပေးလို့ မဖြစ်ဘူး..."

ယန်ချင်းယွင်သည် ဒေါသဖြင့် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ဆိုလိုက်သည်။

"ဖုန်းကျန့်ရှုံးက အသွင်ပြောင်းခြင်းဘုံ နဝမ အလွှာကို ချိုးဖောက်ပြီးကတည်းက ငါတို့ယန်မိသားစုကို လုံးဝ အလေးမထားတော့ဘူး...။ ဒါ့အပြင် ဖုန်းမိသားစုက လင်းမိသားစုနဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်...။ ငါတို့သာ ဖုန်းဝူချန်ကို သတ်ချင်တယ်ဆိုရင် မော့မိသားစုရဲ့ အကူအညီ လိုအပ်လောက်တယ်..."

"မျိုးနွယ်စုခေါင်းဆောင် စိတ်လိုက်မာန်ပါ မလုပ်သင့်ပါဘူး...။ ဖုန်းဝူချန်က အကြီးအကဲစုကို ကယ်တင်နိုင်ခဲ့တာကို မမေ့ပါနဲ့...။ အကြီးအကဲစုရဲ့ ကျောထောက်နောက်ခံနဲ့ဆိုရင် မော့မိသားစုတောင်မှ ဝင်မစွက်ဖက်ရဲလောက်ဘူး...။ ဖုန်းဝူချန်က အရမ်းကောက်ကျစ်တယ်...။ သူက ဒါကိုကြိုတွေးပြီး အကြီးအကဲစုကိုသုံးပြီး မော့မိသားစုကို ဖိနှိပ်ထားတာ...။ ကျုပ်တို့သာ ဖုန်းဝူချန်ကိုသတ်ပြီး အကြီးအကဲစုကို ဒေါသထွက်အောင်လုပ်မိရင် ကျုပ်တို့ယန်မိသားစုတော့ ပြုတ်ပြုတ်ပြုန်းသွားလိမ့်မယ်..."

ဒုတိယအကြီးအကဲက လေးနက်စွာ သတိပေးလိုက်သည်။

ထိုအခါ ယန်ယွင်က ဒေါသတကြီး ဆိုလိုက်သည်။

"ဒါဆိုရင်တော့ သူ့ကို ခဏလောက် အသက်ဆက်ရှင်ခွင့်ပေးထားလိုက်...။ သူ အကြီးအကဲစုကို ကုသပြီးတာနဲ့ သူ့ကိုသတ်ဖို့ အခွင့်အရေးရှာရမယ်...။ ကျုပ်တို့သာ တိတ်တဆိတ်လုပ်ရင် သက်သေမရှိဘဲ ဖုန်းကျန့်ရှုံးတောင် ကျုပ်တို့ကို ဘာမှ မလုပ်နိုင်ဘူး...။ အဲ့ဒီအမှိုက်ကောင်က တစ်လနေရင် ထျန်းယန် အကယ်ဒမီကို သွားမှာ မဟုတ်လား...။ ဒါ ငါတို့ အခွင့်အရေးပဲ..."

...

မျက်စိတစ်မှိတ်အတွင်းမှာပင် လဝက်ကုန်လွန်သွားခဲ့သည်။ ကျင့်ကြံခြင်းမှလွဲ၍ ဖုန်းဝူချန်သည် အခြားမည်သည့်အရာမျှ မလုပ်ခဲ့ပေ။ လဝက်အကြာတွင် သူသည် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် သတ္တမ အလွှာသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး သူ၏အစွမ်းမှာ လျင်မြန်စွာ တိုးတက်လာခဲ့သည်။

မော့လင်အာပင်လျှင် ဤမျှကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံမှုအရှိန်ကို မပိုင်ဆိုင်ခဲ့ပေ။

အရည်အချင်းအပြင် ကျင့်စဉ်နှင့် အရင်းအမြစ်များသည်လည်း လျင်မြန်သော ကျင့်ကြံမှုအရှိန်အတွက် အရေးကြီးလေသည်။

ဖုန်းဝူချန်၏ ကျင့်ကြံမှုအရှိန် ဤမျှလျင်မြန်စွာ တိုးတက်နေရခြင်းအကြောင်းရင်းမှာ ကြောက်မက်ဖွယ်ကောင်းသော ကျင့်စဉ်ကြောင့်သာမက ပြင်ပအရင်းအမြစ်များကြောင့်လည်း ပါဝင်လေ၏။

အမှန်တကယ်တွင် ဖုန်းဝူချန်သည် ပို၍ပင် အစွမ်းထက်သော ဝိညာဉ်အရည်များကို ပြင်ဆင်နိုင်၏။ ၎င်းတို့သည် သက်တန့်ရောင်ဆေးရည်ထက် သေချာပေါက် ပို၍အားကောင်းပေလိမ့်မည်။ သို့သော် ၎င်းသည် ခန္ဓာကိုယ် သန့်စင်ခြင်း

အဆင့်မျှသာ ဖြစ်သောကြောင့် ထိုသို့ ပြုလုပ်ရန် မလိုအပ်ခဲ့ပေ။

"နောက်ထပ် လဝက်ကျန်သေးတယ်ဆိုတော့ ငါခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် နဝမ အလွှာကို ချိုးဖောက်ဖို့ လုံလောက်ပါတယ်...။ ငါ ချီသန့်စင်ခြင်းဘုံကို ရောက်သွားတာနဲ့ သိုင်းပညာတွေကို သုံးနိုင်တော့မှာ..."

ဖုန်းဝူချန်က ပြုံးရင်း တီးတိုး ရေရွတ်လိုက်သည်။ သူ၏ကျင့်ကြံမှုတွင် လျင်မြန်သော တိုးတက်မှုသည် သူ၏ယုံကြည်မှုကို ပို၍ပင် မြှင့်တင်ပေးခဲ့ပါသည်။

နတ်ဆိုးနဂါးနတ်ဘုရား၏ မှတ်ဉာဏ်များနှင့်အတူ ဖုန်းဝူချန်သည် သိုင်းပညာများကို ကျင့်ကြံရန်မလိုအပ်ပေ။ သူ ချီသန့်စင်ခြင်းဘုံ ပထမအလွှာသို့ ဝင်ရောက်သည်နှင့် အချို့သော အဆင့်နိမ့်သိုင်းပညာများကို အသုံးပြုနိုင်ပေလိမ့်မည်။

"သခင်လေး... ကုန်တိုက်ပိုင်ရှင် ယူဝမ်ရှုံးက သခင်လေးကို တွေ့ချင်လို့တဲ့..."

ထိုအချိန်တွင် အပြင်မှ ရှောင်လန်၏ အသံထွက်ပေါ်လာသည်။

"ယူဝမ်ရှုံး..."

ဖုန်းဝူချန် အနည်းငယ် မှင်သက်သွားပြီးနောက် ခနဲ့တဲ့တဲ့ ရယ်လိုက်သည်။

"ခွီးခွီး..ကြည့်ရတာ ဒုတိယအကြီးအကဲက အဆိပ်ဖယ်ရှားတဲ့အကြောင်း ကြားပြီးလောက်ပြီထင်တယ်...။ သူဒီလောက်မြန်မြန် ရောက်လာလိမ့်မယ်လို့တော့ မထင်ထားခဲ့မိဘူး..."

"သူ့ကို စောင့်ခိုင်းထားလိုက်..."

ဖုန်းဝူချန်က ဖြစ်သလို ပြန်ဖြေလိုက်ပြီး ချက်ချင်းအပြင်မထွက်ဘဲ ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်နေသည်။

ခန်းမဆောင်သို့ ပြန်ရောက်သောအခါ ရှောင်လန်သည် ဖုန်းဝူချန်၏ စကားကို အနည်းငယ် စိတ်တိုစွာဖြင့် ပြန်ပြောပြီး ထွက်ခွာသွားသည်။ ယူဝမ်ရှုံးနှင့် ကျန်းဟန်တို့မှာမူ ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြနေကြသည်။

ဖုန်းမိသားစုနှင့် ဝမ်ပေါင်ကုန်တိုက်သည် သက်တန့်ရောင်ဆေးရည်၏ ဈေးနှုန်းပြဿနာများကြောင့် အမြဲတမ်း တင်းမာသော ဆက်ဆံရေးရှိခဲ့ပြီး သူတို့ကြားတွင် စီးပွားရေးအရ ဆက်ဆံမှုမရှိခဲ့ပေ။

ယူဝမ်ရှုံးနှင့် ကျန်းဟန်တို့ ရုတ်တရက် အလည်ရောက်လာပြီး ရတနာများစွာ ယူဆောင်လာခြင်းသည် ဖုန်းကျန့်ရှုံးနှင့် အခြားသူများကို နားမလည်နိုင် ဖြစ်စေခဲ့သည်။

ဘာလဲ။ ဒါက လက်ထပ်ခွင့်တောင်းတာလား ဖုန်းမိသားစုမှာ သမီးမှ မရှိတာ။

ယူဝမ်ရှုံးနှင့် ကျန်းဟန်တို့၏ သဘောထားမှာ အလွန်ရိုကျိုးနေပြီး ကုန်တိုက်ပိုင်ရှင်များ၏ အရှိန်အဝါ တစ်စုံတစ်ရာ မပြပေ။

သူတို့သည် အသံကျယ်ကျယ်ပင် မပြောရဲဘဲ ခေါင်းည်ိတ်

အရိုအသေပေးနေရုံသာ တတ်နိုင်ကြသည်။

'ဒီလူအိုကြီးကတော့ ဖုန်းဝူချန်ကို သူ့မီးအဆိပ်ကုသပေးဖို့ လိုချင်နေတာပဲဖြစ်မယ်...'

ဖုန်းချန်ယန်က စိတ်ထဲမှ လှောင်ရယ်လိုက်လေသည်။

...

နှစ်နာရီအပြည့် စောင့်ဆိုင်းခဲ့ရသည်။

စိုးရိမ်ပူပန်ပြီး စိတ်တိုနေသော်လည်း ယူဝမ်ရှုံးနှင့် ကျန်းဟန်တို့သည် သူတို့၏ စိတ်မရှည်မှုကို မပြရဲဘဲ တိတ်တဆိတ်သာ စောင့်ဆိုင်းနေနိုင်ခဲ့၏။

အချိန်ကြာလာသည်နှင့်အမျှ ခန်းမဆောင်ထဲတွင် သူတို့နှစ်ဦးတည်းသာ ကျန်တော့ရာ အလွန်ပင် အနေရခက်လှပါ၏။

ထိုသို့ဖြစ်ရခြင်းအကြောင်းရင်းကို သူတို့နှစ်ဦးစလုံး ကောင်းကောင်းနားလည်ကြပါသတည်း။

ဝမ်ပေါင်ကုန်တိုက်တွင် ဖုန်းဝူချန်ကို စော်ကားခဲ့ပြီးနောက် ဖုန်းဝူချန် အမှန်တကယ်ပင် မီးအဆိပ်ကို ကုသနိုင်ကြောင်း သိလိုက်သည်နှင့် ယူဝမ်ရှုံးသည် သူ၏ရတနာများနှင့်အတူ တောင်းပန်ရန် အပြေးအလွှား ရောက်လာခဲ့ခြင်း ဖြစ်၏။ ကျန်းဟန်မှာမူ သူ၏အသက်ကို ကယ်တင်ခံရရန် လိုက်ပါလာခဲ့ခြင်း ဖြစ်လေသည်။

ယူဝမ်ရှုံး၏ ကိုယ်ထဲတွင် မီးအဆိပ်ရှိပြီး ကျန်းဟန်မှာမူ အတင်းအကျပ် အဆင့်တက်ရန် ကြိုးစားရာမှ ရူးသွပ်သွားပြီး နာတာရှည်ရောဂါတစ်ခု ကျန်ရစ်ခဲ့သည်။ သူတို့သည် မီးအဆိပ်နှင့် ထိုရောဂါနှစ်မျိုးစလုံးကို အစွမ်းအစမရှိဘဲ ခံနေရသည်။

ယူဝမ်ရှုံး၏ အခြေအနေမှာ အရေးမကြီးပေ။ အဆိုးဆုံးမှာ သူသည် မီးအဆိပ်၏ နှိပ်စက်မှုကို ခံစားရမည်သာ ဖြစ်သည်။ သို့သော် ကျန်းဟန်၏ ကိစ္စမှာမူ မတူပေ။ သူသည် တစ်လခွဲသာ အသက်ရှင်ရန် အချိန်ကျန်တော့သည်။

"ကုန်တိုက်ပိုင်ရှင်... ဘာလုပ်ကြမလဲ...။ ဖုန်းဝူချန်က ကျွန်တော်တို့ကို မကူညီချင်ဘူးဆိုတာ အသိသာကြီးဗျာ..."

ကျန်းဟန်က အလွန်အမင်း စိုးရိမ်စွာဖြင့် မေးလိုက်သည်။ သူသည် ယခုအခါ အရာအားလုံးကို နောင်တရလွန်း၍ သူ၏ အူများပင် နောင်တဖြင့် ပြာနှမ်းသွားသကဲ့သို့ ဖြစ်နေပြီး ငိုရန် မျက်ရည်ပင် မကျန်တော့ဘဲ စိတ်ဓာတ်ကျစပြုလာသည်။

ယူဝမ်ရှုံးသည်လည်း ထိုအချိန်တွင် အလွန်အမင်း နောင်တရနေပြီး သူ၏မျက်နှာမှာ ခါးသီးမှုနှင့် အကူအညီမဲ့မှုများဖြင့် ပြည့်နှက်နေလေသည်။

သို့သော် ဒုတိယတန်းစား သိုင်းဝိညာဉ်တစ်ခုတည်းသာရှိသော အမှိုက်တစ်ကောင်က မီးအဆိပ်ကို ဖယ်ရှားပေးနိုင်သော အံ့ဖွယ်စွမ်းရည် ပိုင်ဆိုင်ထားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ထိုသို့သော တန်ဖိုးမရှိသည့် သိုင်းဝိညာဉ်က သုံးရက်အတွင်း အဆင့်နှစ်ဆင့် တက်လှမ်းနိုင်လိမ့်မည်ဟု မည်သူက စိတ်ကူးကြည့်နိုင်မည်နည်း။

"ဟမ့်...။ ကျွန်မတို့သခင်လေးကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ထားပြီးမှတော့ အသက်ဆက်ရှင်ဖို့တော့ အိပ်မက်မက်မနေနဲ့ပေါ့ရှင်.."

ရှောင်လန်က လက်ဖက်ရည်လာချပေးရင်း အေးစက်စက် ကဲ့ရဲ့လိုက်သည်။

"..."

ယူဝမ်ရှုံးနှင့် ကျန်းဟန်တို့တွင် ချေပရန် အင်အားမရှိသလို ချေရဲလည်း မချေပရဲပေ။ အကြောင်းမှာ သည်နေရာက ဖုန်းဝူချန်၏ အိမ်ဖြစ်သောကြောင့်တည်း။

အခြားအချိန်သာဆိုလျှင် ယူဝမ်ရှုံးသည် ဒေါသထွက်နေလောက်ပြီဖြစ်သော်လည်း သူတို့သည် ဖုန်းဝူချန်ကို တစ်ကြိမ်စော်ကားခဲ့ပြီးဖြစ်ရာ ဒုတိယအကြိမ် ထပ်မလုပ်လိုတော့ပေ။

"ကြာကြာစောင့်ခိုင်းမိလို့ တောင်းပန်ပါတယ် ကုန်တိုက်ပိုင်ရှင်ယူ...။ ကျွန်တော် လူလွှတ်ပြီး အကြိမ်ကြိမ် တိုက်တွန်းခိုင်းပြီးပါပြီ...။ ချန်အာ ဘာတွေလုပ်နေလဲတော့ မသိပါဘူး..."

ဖုန်းကျန့်ရှုံးနှင့် ဖုန်းမိသားစုမှ အဆင့်မြင့်ပုဂ္ဂိုလ်များသည် ခန်းမဆောင်ထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်လာပြီး အလွန်ယဉ်ကျေးစွာ ပြောဆိုကြသည်။

ဖုန်းဝူချန် ဝမ်ပေါင်ကုန်တိုက်မှ နှင်ထုတ်ခံရသည့်အကြောင်းကို ရှောင်လန်ထံမှ သူတို့သိရှိပြီးဖြစ်ကြောင်း ထင်ရှားနေပြီး သူတို့ဤနေရာသို့ ရောက်ရှိနေခြင်းမှာ ဖုန်းဝူချန်ထံ တောင်းပန်ရန်မှတစ်ပါး အခြားမဟုတ်ပေ။

သို့သော် သူ၏သား အနိုင်ကျင့်ခံရသော ဖခင်တစ်ဦးအနေဖြင့် ဖုန်းကျန့်ရှုံးသည် လက်ပိုက်ကြည့်နေမည်မဟုတ်သည်မှာ သဘာဝကျ၏။ ထို့ကြောင့်ပင် ယူဝမ်ရှုံးသည် ခန်းမဆောင်ထဲတွင် နှစ်နာရီကြာ စောင့်ဆိုင်းနေခဲ့ရခြင်း ဖြစ်လေသည်။

သူ့လို မြေခွေးအိုကြီးတစ်ယောက်က ဤသည်ကို မည်သို့ နားမလည်ဘဲ နေမည်နည်း။

တမင်သက်သက်လုပ်ခြင်းဖြစ်ကြောင်း သိနေသော်လည်း သူ ဘာမှမပြောရဲခဲ့ပေ။

"ဖုန်းမျိုးနွယ်စုခေါင်းဆောင်က အားနာနေစရာမလိုပါဘူး...။ သူလုပ်စရာရှိတာကို အရင်ပြီးအောင်လုပ်ပါစေ...။ အလျင်မလိုပါဘူး..."

ယူဝမ်ရှုံးက သူ၏မျက်နှာပေါ်တွင် အတင်းအကျပ် အပြုံးတစ်ခုဖန်တီးရင်း ဆိုလိုက်သည်။

"ဟုတ်... ဟုတ်...။ အလျင်မလိုပါဘူး...။ အလျင်မလိုပါဘူး..."

ကျန်းဟန်က သူ၏မျက်နှာပေါ်တွင် အနေရခက်သော အမူအရာဖြင့် ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြလိုက်သည်။

တစ်စုံတစ်ယောက်ထံ အကူအညီတောင်းသည့်အခါ သင့်တော်သော သဘောထားနှင့် လေသံကို ပြသရမည် မဟုတ်ပါလား။

"ကုန်တိုက်ပိုင်ရှင်ယူ...။ ကျွန်မသားလေးက တခြားတော့ အကုန်ကောင်းပါတယ်...။ အငြိုးအတေးကြီးတာလေးတစ်ခုပဲ...။ အဲ့အကျင့်ကတော့ ဘယ်တော့မှ ဖျောက်လို့မရဘူးရှင်..."

ရှောင်ချင်းချင်းက ဓားဖြင့်ထိုးဆွသလို ဝင်ပြောလိုက်သည်။

"ဒါက..."

ယူဝမ်ရှုံးက ရှက်ရွံ့စွာ ပြုံးလိုက်ပြီး ရှောင်ချင်းချင်း၏ ဆိုလိုရင်းကို ရှင်းလင်းစွာ နားလည်လိုက်သည်။

"အငြိုးအတေးကြီးတာက တကယ်တော့ ပြဿနာမဟုတ်ပါဘူး...။ ဘယ်သူမဆို ဖြစ်တတ်တာပဲ..."

ဖုန်းချန်ယန်က ခပ်ပါးပါးပြုံးလိုက်ပြီး ယူဝမ်ရှုံး၏ မျက်နှာအမူအရာကို တစ်ချက်ကြည့်ကာ ဆက်ပြောလိုက်သည်။

"ဝူချန်က ကျွန်တော့်ကို မီးအဆိပ်ဖယ်ရှားပေးပြီးကတည်းက ကျွန်တော် အဆင့်နှစ်ဆေးပညာရှင်ဖြစ်ဖို့ တက်လှမ်းနိုင်တော့မယ့် အခြေအနေကို ရောက်နေပြီ...။ ဒါကို စဉ်းစားလိုက်တိုင်း တော်တော်စိတ်လှုပ်ရှားဖို့ကောင်းတယ်..."

ဖုန်းချန်ယန်၏ စကားများသည် ယူဝမ်ရှုံးအတွက် သိသိသာသာ ရည်ရွယ်ပြောဆိုခြင်းဖြစ်ပြီး ထိုစကားကိုကြားသောအခါ ယူဝမ်ရှုံးသည် မနာလိုမှုနှင့် နောင်တတို့ကို ခံစားလိုက်ရသည်။

သူသာ မီးအဆိပ်ကို ဖယ်ရှားနိုင်မည်ဆိုလျှင် အဆင့်နှစ်ဆေးပညာရှင်ဖြစ်လာရန်မှာ သူ့အတွက်လည်း ပြဿနာမဟုတ်သည်မှာ သေချာသည်။

"ဂုဏ်ယူပါတယ် ဒုတိယအကြီးအကဲဖုန်း..."

ယူဝမ်ရှုံးက ဂုဏ်ပြုလိုက်သည်။

ဖုန်းချန်ယန်သာ အဆင့်နှစ်ဆေးပညာရှင်ဘုံသို့ အောင်မြင်စွာ ဝင်ရောက်နိုင်မည်ဆိုလျှင် သူ၏အဆင့်အတန်းမှာ မတူတော့ဘဲ ဖုန်းမိသားစုသည်လည်း မျိုးနွယ်စုကြီးလေးခုအကြားတွင် ခေါင်းဆောင်ဖြစ်လာပေလိမ့်မည်။

ထိုစဉ်မှာပင် ဖုန်းဝူချန်သည် ခန်းမဆောင်ထဲသို့ ဝင်ရောက်လာနေ၏။ သူ၏နောက်တွင် လင်ရှောင်ရှောင်ပါ လိုက်ပါလာသည်။

ဖုန်းဝူချန် ပေါ်လာသည်နှင့် ယူဝမ်ရှုံးနှင့် ကျန်းဟန်တို့သည် ချက်ချင်းပင် မတ်တပ်ရပ်လိုက်ကြပြီး သူတို့၏အမူအရာတွင် ရိုသေမှုကို ပြသကြသည်။

"တကယ်ပဲ တောင်းပန်ပါတယ် ကုန်တိုက်ပိုင်ရှင်ယူ...။ ကျွန်တော် ခန္ဓာကိုယ်သန့်စင်ခြင်း သတ္တမအလွှာကို ချိုးဖောက်တက်လှမ်းနေလို့ နည်းနည်းကြာသွားတယ်..."

ဖုန်းဝူချန်သည် ဝင်လာသည်နှင့် ဦးစွာ စကားဆိုလိုက်သည်။

အမ်…နောက်တစ်ကြိမ် အဆင့်တက်ပြန်ပြီလား။

ဖုန်းမိသားစု၏ အဆင့်မြင့်ပုဂ္ဂိုလ်များသည် ကျောက်ရုပ်များအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ထိတ်လန့်သွားကြသည်။

ဖုန်းဝူချန်သည် ခန္ဓာကိုယ်သန့်စင်ခြင်း ဆဌမအလွှာသို့ တက်လှမ်းခဲ့သည်မှာ ဆယ်ရက်ကျော်သာ ရှိသေးပြီး ယခု နောက်တစ်ကြိမ် အဆင့်တက်ပြန်ပြီတကား။

မည်မျှ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံမှု အရှိန်ပါနည်း။ ၎င်းသည် စိတ်ကူးကြည့်၍ပင် မရနိုင်ပေ။

ယူဝမ်ရှုံးနှင့် ကျန်းဟန်တို့မှာလည်း အလားတူပင် ထိတ်လန့်သွားကြသည်။ သူတို့သည် ဖုန်းဝူချန်၏ ကျင့်ကြံမှုအရှိန် လျင်မြန်စွာ တိုးတက်နေသည့်

အကြောင်းကို ကြားသိထားပြီး ဖြစ်သည်။

အနီးကပ် ကြည့်လိုက်သောအခါ ဖုန်းဝူချန်သည် အမှန်တကယ်ပင် ခန္ဓာကိုယ်သန့်စင်ခြင်း သတ္တမအလွှာတွင် ရှိနေလေ၏။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံမှုအရှိန်...

ဒုတိယတ

ဒါက ဒုတိယတန်းစား သိုင်းဝိညာဉ်နှင့် ဖုန်းဝူချန် ဟုတ်သေးရဲ့လား။

"ဂုဏ်ယူပါတယ် ဖုန်းသခင်လေး...။ လွန်ခဲ့တဲ့ တစ်ခေါက်က ကိစ္စနဲ့ပတ်သက်ပြီးတော့..."

ယူဝမ်ရှုံးက အလျင်အမြန် ဂုဏ်ပြုလိုက်သော်လည်း သူ၏စကားမဆုံးမီမှာပင် ဖုန်းဝူချန်က ဖြတ်ပြောလိုက်သည်။

ဖုန်းဝူချန် အေးစက်စွာ ဆိုလိုက်သည်က…

"ခင်ဗျားတို့သာ အဲ့ဒီကိစ္စကြောင့် လာတာဆိုရင်တော့ အခု ပြန်လို့ရပါပြီ...။ ကျွန်တော် စိတ်ထဲ မထားပါဘူး..."

"ဖုန်းသခင်လေး...။ ကျွန်တော်မှားသွားတာကို ကျွန်တော်သိပါတယ်...။ ကျွန်တော် မသေချင်သေးပါဘူး...။ ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ကယ်တင်ပေးပါ...။ လွန်ခဲ့တဲ့တစ်ခေါက်က ခင်ဗျားရွေးသွားတဲ့ ရတနာအားလုံးကို ကျွန်တော်ယူလာခဲ့ပါတယ်...။ ကျွန်တော် ခင်ဗျားကို အကုန်ပေးပါ့မယ်...။ ကျေးဇူးပြုပြီး ဖုန်းသခင်လေး ကျွန်တော့်ကို ကယ်ပါဗျာ ..နော် နော်..."

ကျန်းဟန်သည် ဤစကားကို ကြားသည်နှင့် ဒုန်းခနဲ ဒူးထောက်လိုက်ပြီး ငိုယိုတောင်းပန်ကာ ကြမ်းပြင်နှင့် ခေါင်း တိုက်နေတော့သည်။

"ဪ... တာဝန်ခံကျန်းပါလား..."

ဖုန်းဝူချန်သည် ကျန်းဟန်ရှိနေသည်ကို ယခုမှ သတိထားမိသည့်အလား အေးစက်စွာ ဆက်ပြောလိုက်သည်။

"ခင်ဗျား သေခြင်းရှင်ခြင်းက ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး...။ ကျွန်တော့်ကို လာတောင်းပန်နေစရာ မလိုဘူး…”

All Chapters