ကုန်သွယ်ခွင့်နှင့် ရောင်းချခွင့်…
Vol. 1 Ch. 12
~"ဖုန်းသခင်လေး... ကျွန်တော့်ရဲ့ မီးအဆိပ်က..."
ယူဝမ်ရှုံးသည် စကားစရန် မျက်နှာအမှန်တကယ်ပင် မရှိတော့ပေ။ အကြီးအကဲတစ်ဦးအနေဖြင့် လူငယ်တစ်ဦးထံ အကူအညီတောင်းရန်မှာ အမှန်ပင် ခက်ခဲလှပါ၏။
အဓိကပြဿနာမှာ ယူဝမ်ရှုံးသည် ဖုန်းဝူချန်ကို စော်ကားခဲ့ဖူးသဖြင့် ထိုအကြောင်းအရာကို စတင်ပြောဆိုရန် ပို၍ပင် ခက်ခဲနေခြင်း ဖြစ်လေသည်။
သို့သော် အခြားနည်းလမ်းမရှိတော့ပေ။ မီးအဆိပ်ကို ဖယ်ရှားနည်းသိသော ဖုန်းဝူချန်ထံမှလွဲ၍ အခြားမည်သူ့ထံ သူသွားနိုင်မည်နည်း။
ဖုန်းဝူချန်က ပြန်မဖြေဘဲ ကျန်းဟန်ကို အေးစက်စက်ကြည့်လိုက်ပြီး ဆိုလိုက်သည်။
"ကုန်တိုက်ပိုင်ရှင်ယူ... တာဝန်ခံကျန်း... ခင်ဗျားတို့ကို ပြောဖို့မေ့နေတာ...။ ဖုန်းမိသားစုက ခင်ဗျားတို့ကို မကြိုဆိုဘူး...။ ကျေးဇူးပြုပြီး ပြန်ကြပါ...။ ဒီပစ္စည်းတွေလည်း ပြန်ယူသွားကြ..."
"ဒါက..."
ဤစကားကို ကြားသောအခါ သူတို့နှစ်ဦးလုံး စိုးရိမ်ပူပန်သွားကြသည်။ ယူဝမ်ရှုံးသည် သူ၏အကြည့်ကို ဖုန်းချန်ယန်ထံသို့ အမြန်လွှဲလိုက်ပြီး ဖုန်းချန်ယန်က သူ့အတွက် စကားကောင်းတစ်ခွန်းလောက် ဝင်ပြောပေးရန် မျှော်လင့်နေသည်။
သို့သော် သူကြည့်လိုက်သည့်အချိန်မှာပင် စိတ်ပျက်သွားရသည်။ ဖုန်းချန်ယန်သည် မျက်လုံးများကိုမှိတ်ကာ အနားယူနေပြီး ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက် တစ်စုံတစ်ရာ မပြပေ။
...
ဖုန်းကျန့်ရှုံးနှင့် ရှောင်ချင်းချင်းတို့မှာလည်း တိတ်ဆိတ်စွာ နေကြပြီး ဆုံးဖြတ်ချက်အားလုံးကို ဖုန်းဝူချန်ထံသို့ လွှဲအပ်ထားသည့်အလားပင်။
ယူဝမ်ရှုံးသာ မတောင်းပန်လျှင် ဖုန်းကျန့်ရှုံးနှင့် အခြားသူများမှာ ဝင်ရောက်စွက်ဖက်မည် မဟုတ်သည်မှာ သေချာသည်။
"ဖုန်းသခင်လေး... ကျွန်တော်တောင်းပန်ပါတယ်...။ ကျွန်တော့်ကို ကယ်ပါ...။ ခင်ဗျားခိုင်းသမျှ ကျွန်တော်အကုန်လုပ်ပါ့မယ်..."
ကျန်းဟန်က လက်မလျှော့ဘဲ တောင်းပန်သည်။
"နောင်တရဖို့တော့ နောက်ကျသွားပြီ...။ ဝမ်ပေါင်ကုန်တိုက်မှာတုန်းက ခင်ဗျားတို့ သခင်လေးသုံးကို ဘယ်လိုဆက်ဆံခဲ့လဲ..."
ရှောင်လန်က အေးစက်စွာ ဆိုလိုက်သည်။
"ဒါက..."
ယူဝမ်ရှုံး၏ မျက်နှာသည် ရှက်ရွံ့မှုကြောင့် နီရဲသွားပြီး အနေရခက်စွာ ဆိုလိုက်သည်။
"ဖုန်းသခင်လေး... ကျွန်တော်တကယ်မှားသွားပါတယ်...။ ဖုန်းသခင်လေးကို စော်ကားမိတာက ပိုပြီးတော့တောင် ဆိုးပါတယ်...။ ခင်ဗျား ဒါကိုခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်...။ ဒီလိုလုပ်ပါလား...။ ဝမ်ပေါင်ကုန်တိုက်မှာ ဖုန်းသခင်လေး လိုချင်တာတစ်ခုခုရှိရင် ဘယ်ရတနာမဆို အပြစ်ဖြေတဲ့အနေနဲ့ ပေးနိုင်ပါတယ်...။ ဘယ်လိုထင်ပါသလဲ..."
"ဝမ်ပေါင်ကုန်တိုက်ရဲ့ ရတနာတွေ...။ ကျွန်တော် စိတ်မဝင်စားဘူး..."
ဖုန်းဝူချန်က ခေါင်းခါလိုက်သည်။
ဖုန်းချန်ယန်သည် ယူဝမ်ရှုံးကို မျက်လုံးကျဉ်းမြောင်းကာ ကြည့်လိုက်ပြီး မကြာမီပင် မျက်လုံးများကို ပြန်မှိတ်ထားလိုက်ရင်း တွေးနေသည်။
'ဝူချန်က ငါ့ကို မီးအဆိပ်ဖယ်ရှားတဲ့သတင်း ဝမ်ပေါင်ကုန်တိုက်ကို ပျံ့နှံ့အောင်လုပ်ခိုင်းတာက ယူဝမ်ရှုံးကို ငါတို့ဆီ ရတနာတစ်ခုခု လာပေးအောင် သွေးဆောင်ဖို့သက်သက်ပဲ...။ ဒါပေမဲ့ ဘာလို့ သူက စိတ်မဝင်စားဘူးလို့ ပြောရတာလဲ...။ ဒီကောင်လေး တကယ်ပဲ ဘာတွေကြံစည်နေတာလဲ...'
ဖုန်းဝူချန် စကားပြောသည်ကို ကြားလိုက်ရသောအခါ စိတ်မဝင်စားကြောင်း ဖော်ပြခြင်းဖြစ်လင့်ကစား ယူဝမ်ရှုံး၏ နှလုံးသားမှာ ပျော်ရွှင်မှုဖြင့် ခုန်ပေါက်သွားသည်။ အနည်းဆုံးတော့ ညှိနှိုင်းရန် နေရာရှိနေသေးကြောင်း ညွှန်ပြနေသောကြောင့်တည်း။
ဖုန်းဝူချန်သာ တိတ်ဆိတ်နေမည် သို့မဟုတ် သူတို့ကို နှင်ထုတ်လိုက်မည်ဆိုလျှင် ဆွေးနွေးရန် အခွင့်အလမ်းတစ်စုံတစ်ရာ ရှိတော့မည်မဟုတ်ပေ။
"ဖုန်းသခင်လေး... အဆင့်နိမ့် နက်နဲ အဆင့် သိုင်းပညာဆိုရင်ရော..."
ယူဝမ်ရှုံးက စမ်းသပ်မေးမြန်းလိုက်ပြီး သူ၏ အသက်ကြီးရင့်နေသော မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားမှု အရိပ်အယောင်တစ်ခု ရှိနေဆဲပင်။
"အဆင့်နိမ့် နက်နဲအဆင့် သိုင်းပညာ..."
ဖုန်းကျန့်ရှုံး၏ မျက်လုံးများမှာ သိသိသာသာ လှုပ်ခတ်သွားပြီး စိတ်လှုပ်ရှားသွားသည်မှာ ထင်ရှားနေသည်။
ဖုန်းကျန့်ရှုံးသာမက အကြီးအကဲသုံးဦးနှင့် ရှောင်ချင်းချင်းတို့၏ မျက်နှာများတွင်လည်း ထိတ်လန့်မှု အရိပ်အယောင်များ ပေါ်လာသည်။
သူတို့၏ မှင်သက်နေသော အမူအရာများကိုမြင်သော် ယူဝမ်ရှုံးသည် ပို၍ပင် ဂုဏ်ယူဝင့်ကြွားလာပြီး ကျန်းဟန်မှာလည်း မျှော်လင့်ချက်ရောင်ခြည်များ သန်းလာတော့သည်။
အဆင့်နိမ့် နက်နဲအဆင့် သိုင်းပညာဖြစ်လင့်ကစား ပြိုင်ဘက်ကင်းမြို့အတွက်မူ ၎င်းသည် အဖိုးမဖြတ်နိုင်သော အဖိုးတန်ရတနာတစ်ပါး ဖြစ်၏။ ပြိုင်ဘက်ကင်းမြို့တစ်ခုလုံးတွင် ထိုကဲ့သို့သော အရာမျိုးကို မည်သူမျှ မပေးနိုင်ပေ။
ယူဝမ်ရှုံးက ၎င်းကို ပေးနိုင်ခဲ့သည်မှာ ဝမ်ပေါင်ကုန်တိုက်တွင် ထိုကဲ့သို့သော သိုင်းပညာတစ်ခုတည်းသာ ရှိသောကြောင့် ဖြစ်နိုင်လေသည်။
နက်နဲအဆင့် သိုင်းပညာသည် အဖိုးမဖြတ်နိုင်သော်လည်း လူတစ်ဦး၏ အသက်နှင့် နှိုင်းယှဉ်လျှင်တော့ မပြောပလောက်ပေ။
ဖုန်းကျန့်ရှုံးနှင့် အခြားသူများ၏ အကြည့်များသည် ဖုန်းဝူချန်ထံသို့ လှည့်သွားပြီး သူ၏ဆုံးဖြတ်ချက်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
ဖုန်းမိသားစုသာ နက်နဲအဆင့် သိုင်းပညာတစ်ခုကို ရရှိမည်ဆိုလျှင် သူတို့၏အင်အားသည် သေချာပေါက် ပို၍အားကောင်းလာမည်ဖြစ်ပြီး မျိုးနွယ်စုကြီးလေးခု၏ ထိပ်ဆုံးဖြစ်လာရန်မှာလည်း ပြဿနာမဟုတ်သည်မှာ သေချာသည်။
"ကျွန်တော် စိတ်မဝင်စားဘူး..."
ဖုန်းဝူချန်၏ အဖြေသည် သူတို့ကို ဒေါသထွက်လုမတတ် ဖြစ်သွားစေခဲ့သည်။
ယူဝမ်ရှုံးနှင့် ကျန်းဟန်တို့မှာ လဲကျလုမတတ်ဖြစ်သွားပြီး သူတို့၏မျက်လုံးများမှာ ပြူးကျယ်လျက် ဖုန်းဝူချန်ကို စိုက်ကြည့်နေကြသည်။ သူတို့ နားကြားမှားသွားသည်ဟု ထင်လိုက်ကြသည်။
ဤသည်မှာ အဆင့်နိမ့် နက်နဲအဆင့် သိုင်းပညာပင်တည်း။
ဖုန်းဝူချန်က သူ စိတ်မဝင်စားဟု တကယ်ပြောလိုက်လေသလော။
"သခင်လေး... အဲ့ဒါ နက်နဲအဆင့် သိုင်းပညာလေ...။ အဝါရောင်အဆင့် မဟုတ်ဘူး..."
ရှောင်လန်က ဖုန်းဝူချန် နားကြားမှားသွားသည်ဟု ထင်ပြီး သူ၏နားနားကပ်ကာ အမြန်သတိပေးလိုက်သည်။
"ညီလေး... မင်း ပြန်စဉ်းစားပါဦးလား..."
ဖုန်းယွမ်ကလည်း အလျင်အမြန် တိုးတိုးလေးပြောလိုက်ပြီး နက်နဲအဆင့် သိုင်းပညာကို အလွန်လိုချင်နေသည်မှာ ထင်ရှားနေသည်။
"ဖုန်းသခင်လေး... အဲ့ဒါ နက်နဲအဆင့် သိုင်းပညာပါ...။ အဝါရောင်အဆင့် မဟုတ်ပါဘူး..."
ယူဝမ်ရှုံးကလည်း အလျင်အမြန် သတိပေးလိုက်ပြီး ဖုန်းဝူချန်ပြောခဲ့သည်ကို သူယခုထိ မယုံနိုင်သေးပေ။
'ဒီသောက်ကလေး ဘာတွေကြံစည်နေတာလဲ...။ နက်နဲအဆင့် သိုင်းပညာကိုတောင် မလိုချင်ဘူးတဲ့...'
ဖုန်းကျန့်ရှုံးက စိတ်ထဲမှ ဒေါသတကြီး ကျိန်ဆဲလိုက်ပြီး ဖုန်းဝူချန်ကိုယ်စား လက်ခံလိုက်ချင်စိတ်များ ပေါက်သွားသည်။
ဖုန်းမိသားစုတွင် မည်သူမျှ ဖုန်းဝူချန် ဘာကိုလိုက်နေသည်ကို မသိသလို သူဘာလုပ်ရန် ရည်ရွယ်နေသည်ကိုလည်း နားမလည်ကြပေ။
"ကျွန်တော်သိပါတယ်...။ အဲ့ဒါ နက်နဲအဆင့် သိုင်းပညာဆိုတာ ကျွန်တော် ကောင်းကောင်းကြားပါတယ်...။ ဒါပေမဲ့ ဒါတွေက ကျွန်တော်လိုချင်တာတွေ မဟုတ်ဘူး..."
ဖုန်းဝူချန်က စိတ်မလှုပ်ရှားဘဲ ဆိုလိုက်သည်။ သူသည် အဆင့်နိမ့် နက်နဲအဆင့် သိုင်းပညာကို အမှန်တကယ်ပင် အလေးမထားပေ။
နတ်ဆိုးနဂါးနတ်ဘုရား၏ မှတ်ဉာဏ်များထဲတွင် မရေမတွက်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် သိုင်းပညာများ ရှိနေသည်။ ဖုန်းဝူချန်က ထိုသို့သော အမှိုက်သိုင်းပညာများကို အဘယ်သို့ စိတ်ဝင်စားမည်နည်း။
"ခင်ဗျားလိုချင်တာ မဟုတ်ဘူး..."
ကျန်းဟန်မှာ နားမလည်နိုင် ဖြစ်သွားသည်။
မင်းက နက်နဲအဆင့် သိုင်းပညာကို မလိုချင်ဘူးလား။ မင်းရဲ့ စံနှုန်းတွေက အရမ်းမြင့်နေတာ မဟုတ်ဘူးလား။
သတင်းသာ ထွက်သွားမည်ဆိုလျှင် ပြိုင်ဘက်ကင်းမြို့မှ လူများသည် သွေးထွက်သံယို တိုက်ခိုက်လုယက်ကြမည်ဖြစ်ပြီး မျိုးနွယ်စုကြီးလေးခုပင်လျှင် ၎င်းအတွက် အချင်းချင်း တိုက်ခိုက်ကြဖွယ်ရှိသည်။
ခဏတာ မှင်သက်တိတ်ဆိတ်သွားပြီးနောက် ယူဝမ်ရှုံးက မေးလိုက်သည်။
"ဒါဆိုရင် ဖုန်းသခင်လေး ဘာကိုလိုချင်တာလဲ...။ နက်နဲအဆင့် သိုင်းပညာက ဝမ်ပေါင်ကုန်တိုက်ရဲ့ အဖိုးတန်ဆုံး ရတနာဖြစ်နေပါပြီ..."
ယူဝမ်ရှုံး အစိုးရိမ်ဆုံးမှာ ဖုန်းဝူချန်က သူ မပေးနိုင်သောအရာတစ်ခုခုကို တောင်းဆိုမည်ကိုပင်။ သူသာ မပေးနိုင်လျှင် သူ၏ကြိုးပမ်းမှုအားလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
ဖုန်းဝူချန်က ပြုံးလိုက်ပြီး ဆိုလိုက်သည်။
"ကျွန်တော်လိုချင်တာကို ကုန်တိုက်ပိုင်ရှင်ယူ သေချာပေါက် ပေးနိုင်ပါတယ်..."
ဖုန်းဝူချန်က သူထုတ်ပေးနိုင်သည်ဟု ဆိုသောကြောင့် ယူဝမ်ရှုံးသည် သက်ပြင်းတစ်ချက် မချဘဲမနေနိုင်တော့ပေ။ ထို့နောက် သူကမေးလိုက်သည်။
"ဖုန်းသခင်လေး ဘာကိုလိုချင်တယ်ဆိုတာ သိပါရစေ...။ ဒီအဘိုးကြီးမှာသာ ရှိတယ်ဆိုရင် ဖုန်းသခင်လေးကို သေချာပေါက် ပေးမှာပါ..."
"ကုန်တိုက်ပိုင်ရှင်ယူ... ခင်ဗျားမဖြေခင် သေချာစဉ်းစားပါ...။ ခင်ဗျားသာ သဘောတူပြီးမှ စကားပြန်ပြင်မယ်ဆိုရင်တော့ ခင်ဗျားမှာ အခွင့်အရေးရှိတော့မှာ မဟုတ်ဘူး..."
ဖုန်းဝူချန်က ခပ်အေးအေး ခနဲ့ရယ်လိုက်သည်။
"ချန်အာ... သားက တကယ်ပဲ ဘာကိုလိုချင်တာလဲ...။ နက်နဲအဆင့် သိုင်းပညာတွေထက် ပိုအဖိုးတန်တာများ ရှိသေးလို့လား..."
ရှောင်ချင်းချင်းက မနေနိုင်ဘဲ မေးလိုက်ပြီး သူမ အမှန်တကယ်ပင် ဘာမှစဉ်းစားမရတော့ပေ။
ယူဝမ်ရှုံးသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏စိတ်ထဲတွင် ဝမ်ပေါင်ကုန်တိုက်ရှိ ရတနာအားလုံးကို ပြန်လည်စဉ်းစားနေသော်လည်း နက်နဲအဆင့် သိုင်းပညာများထက် ပို၍အဖိုးတန်သောအရာကို စဉ်းစားမရခဲ့ပေ။
နက်နဲအဆင့် သိုင်းပညာများသည် အမှန်တကယ်ပင် အဖိုးတန်သော်လည်း ယူဝမ်ရှုံးအတွက်မူ ပြောပလောက်အောင် မဟုတ်ပေ။ ဆေးပညာရှင်တစ်ဦးအနေဖြင့် သူသာ အဆင့်နှစ်ဆေးပညာရှင် သို့မဟုတ် ထို့ထက်မြင့်သော ဘုံသို့ တက်လှမ်းနိုင်မည်ဆိုလျှင် သူလိုချင်သမျှကို ရရှိနိုင်ပေလိမ့်မည်။
သေချာစဉ်းစားပြီးနောက် ယူဝမ်ရှုံးသည် အလွယ်တကူပင် သဘောတူလိုက်သည်။
"ကောင်းပြီ...။ ဖုန်းသခင်လေးသာ ဒီအဘိုးကြီးအတွက် မီးအဆိပ်ကို ဖယ်ရှားပေးနိုင်မယ်ဆိုရင် သခင်လေး တောင်းဆိုသမျှကို ကျွန်တော် သဘောတူပါ့မယ်..."
"ကောင်းတယ်..."
ဖုန်းဝူချန်က ပြုံးလိုက်ပြီး ဆိုလိုက်သည်။
"ကျွန်တော်က ဝမ်ပေါင်ကုန်တိုက်ရဲ့ ကုန်ပစ္စည်းတွေအပေါ် ကုန်သွယ်ခွင့်ကို လိုချင်တယ်..."
"ဝမ်ပေါင်ကုန်တိုက်ရဲ့ ကုန်သွယ်ခွင့်..."
ဤစကားကို ကြားသောအခါ ယူဝမ်ရှုံးသည် သူ၏မျက်နှာပေါ်တွင် ထိတ်လန့်သောအမူအရာဖြင့် ဖုန်းဝူချန်ကို ကြည့်လိုက်သည်။
"ကုန်သွယ်ခွင့်..."
ဖုန်းကျန့်ရှုံးနှင့် အခြားသူများမှာလည်း ဖုန်းဝူချန်ကို အံ့ဩတကြီး စိုက်ကြည့်နေကြသည်။
ဖုန်းဝူချန်သည် စီးပွားရေးအကြောင်း ဘာမှမသိသော ဆယ့်ခြောက်နှစ်အရွယ် လူငယ်တစ်ဦးသာ ဖြစ်သည်။ အဘယ်ကြောင့် သူက ကုန်သွယ်ခွင့်ကို လိုချင်ရသနည်း။ ဖုန်းမိသားစုတွင် ရောင်းရန် ကုန်ပစ္စည်းမရှိပေ။
ထို့အပြင် ဖုန်းမိသားစုတွင် သူတို့၏ကိုယ်ပိုင်ဆိုင်များ၊ ဆယ့်သုံးဆိုင်ထက်မနည်း ရှိနေသဖြင့် သူတို့သည် ကုန်သွယ်ခွင့်ကို သေချာပေါက် မလိုအပ်ပေ။
"ညီလေး... မင်းက ဘာလို့ ဒီကုန်သွယ်ခွင့်တွေကို လိုအပ်နေရတာလဲ...။ ငါတို့ဖုန်းမိသားစုမှာ ဆိုင်ဆယ့်သုံးဆိုင် မရှိဘူးလား..."
သူ၏ဒုတိယအစ်ကိုဖြစ်သူ ဖုန်းကျန့်က စပ်စုစွာ မေးလိုက်သည်။
"ကျွန်တော့်မှာ အသုံးလိုလို့ပါ..."
ဖုန်းဝူချန်က ပြန်ဖြေလိုက်ပြီး ယူဝမ်ရှုံးကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။
"ကုန်တိုက်ပိုင်ရှင်ယူ... ကျွန်တော်ပြောတဲ့ ကုန်သွယ်ခွင့်ဆိုတာ ဝမ်ပေါင်ကုန်တိုက်က ကုန်သွယ်မှုအားလုံး ကျွန်တော့်ကို ဖြတ်ပြီးသွားရမယ်လို့ ဆိုလိုတာ...။ ဟုတ်ပါတယ်...။ ကျွန်တော် ဝမ်ပေါင်ကုန်တိုက်ရဲ့ ဝင်ငွေတစ်ပြားတစ်ချပ်မှ မလိုချင်ပါဘူး...။ ကျွန်တော်က ကျွန်တော်ရှာတဲ့အထဲက ကျွန်တော့်ဝေစုကိုပဲ လိုချင်တာ..."
"ဒါက..."
ကျန်းဟန်မှာ မှင်သက်သွားသည်။ ထိုသို့သော ကိစ္စများကို သူဆုံးဖြတ်နိုင်ခြင်းမရှိပေ။
ယူဝမ်ရှုံး၏ မျက်နှာမှာ အရုပ်ဆိုးသွားသည်။ ကုန်သွယ်ခွင့်ကို ဖုန်းဝူချန်ထံ ပေးလိုက်ခြင်းသည် ဝမ်ပေါင်ကုန်တိုက်ကို အခြားတစ်ယောက်ထံ အပ်လိုက်သည်နှင့် တူနေသည်။
ဝမ်ပေါင်ကုန်တိုက်သည် ယူဝမ်ရှုံး၏ တစ်ဘဝလုံးစာ ကြိုးပမ်းမှု ဖြစ်သည်။ သူဘယ်လိုလုပ်ပြီး အလွယ်တကူ ပေးနိုင်မည်နည်း။
ဖုန်းဝူချန်သည် စီးပွားရေးကို နားမလည်နိုင်သော်လည်း ဖုန်းမိသားစုကမူ နားလည်သည်။ ဝမ်ပေါင်ကုန်တိုက်သာ ဖုန်းမိသားစု၏ လက်ချက်ဖြင့် ပြောင်တလင်းခါသွားမည်ဆိုလျှင် ယူဝမ်ရှုံးထံတွင် ဘာမှကျန်တော့မည်မဟုတ်ပေ။
ထို့ကြောင့် ယူဝမ်ရှုံးသည် မည်သို့ရွေးချယ်ရမည်ကို မသေချာဖြစ်နေသည်။
"ကုန်တိုက်ပိုင်ရှင်ယူသာ သဘောမတူဘူးဆိုရင် အခုခင်ဗျားဆုံးဖြတ်ချက်ကို နောင်တရဖို့ နောက်မကျသေးပါဘူး..."
ဖုန်းဝူချန်က အေးစက်စက် သဘောထားဖြင့် ဆိုလိုက်သည်။
ဖုန်းကျန့်ရှုံးသည် မျက်မှောင်ကြုတ်လိုက်ပြီး တစ်စုံတစ်ခုကို ခန့်မှန်းမိသွား
သည်။
'ချန်အာက ဝမ်ပေါင်ကုန်တိုက်ရဲ့ ကုန်သွယ်ခွင့်ကို လိုချင်တယ်...။ ဖြစ်နိုင်တာက...'
ထိုအခါ ယူဝမ်ရှုံးက သူ၏စိတ်ထဲတွင် တွက်ချက်လိုက်သည်။
'ဝမ်ပေါင်ကုန်တိုက်ရဲ့ အင်အားက ဖုန်းမိသားစုထက် မနိမ့်ကျဘူး...။ ဒီကောင်လေးကသာ ငါ့အတွက် မီးအဆိပ်ကို ဖယ်ရှားပေးနိုင်မယ်ဆိုရင် ..ပြီးတော့ ငါသာ အဆင့်နှစ်ဆေးပညာရှင်အဖြစ် တက်လှမ်းနိုင်သွားမယ်ဆိုရင် အဲ့ဒါက ဝမ်ပေါင်ကုန်တိုက်ထက် ပိုတန်ဖိုးရှိတယ်...။ ဒါ့အပြင် ဖုန်းမိသားစုရဲ့ အင်အားနဲ့ သူတို့က ဝမ်ပေါင်ကုန်တိုက်ကို တစ်ခုလုံး မျိုချဖို့ အိပ်မက်မက်နေမှာမဟုတ်ဘူး...'
စဉ်းစားပြီးနောက် ယူဝမ်ရှုံးက ဆိုလိုက်သည်။
"ကောင်းပြီ...။ ကျွန်တော် သခင်လေးရဲ့ စည်းကမ်းချက်တွေကို သဘောတူတယ်..."
"ကုန်တိုက်ပိုင်ရှင်ယူ... ခင်ဗျား အနာဂတ်မှာ ခင်ဗျားရဲ့ဒီနေ့ ဆုံးဖြတ်ချက်အတွက် ကံကောင်းတယ်လို့ ခံစားရပါလိမ့်မယ်..."
ဖုန်းဝူချန်က ပြုံးရင်း တုံ့ပြန်လိုက်သည်။
"ဖုန်းသခင်လေးက ဘယ်လိုရတနာတွေ ရောင်းဖို့စီစဉ်ထားလဲဆိုတာ သိချင်မိတယ်..."
ယူဝမ်ရှုံးက စပ်စုစွာ မေးမြန်းလိုက်၏။
"ဒီကောင်လေးက ဘယ်လိုရတနာတွေ ရောင်းနိုင်မှာလဲ…”
ဖုန်းကျန့်ရှုံးက စိတ်တိုစွာ ဆိုလိုက်ပြီး ဖုန်းဝူချန်၏ ဆုံးဖြတ်ချက်အပေါ် ဒေါသထွက်နေဆဲဖြစ်သည်မှာ ထင်ရှားနေသည်။
"ဒါက လျှို့ဝှက်ချက်ပါ..."
ဖုန်းဝူချန်က ခပ်ပါးပါးပြုံးလိုက်သည်။
"ဖုန်းသခင်လေး... ခင်ဗျားက ကျွန်တော့်ကို ဘယ်တော့ မီးအဆိပ်ဖယ်ရှားပေးနိုင်မလဲ..."
ယူဝမ်ရှုံးက မေးလိုက်သည်။ မီးအဆိပ်၏ နှိပ်စက်မှုမှာ မခံမရပ်နိုင်ဖြစ်ပြီး သူသည် ၎င်းကို ဆက်လက်မခံစားချင်တော့ပေ။
"ဘယ်အချိန်မဆို ရပါတယ်...။ ဒါပေမဲ့ အဆိပ်ဖယ်ရှားတာက သုံးကြိမ်လုပ်ရမှာဖြစ်ပြီး လောလောဆယ်တော့ လုံးဝမပျောက်ကင်းနိုင်သေးပါဘူး...။ အကြီးအကဲရဲ့ မီးအဆိပ်လည်း လုံးဝမပျောက်ကင်းသေးပါဘူး...။ ဒါပေမဲ့ ခင်ဗျားရဲ့ ဆေးပညာဘုံ တိုးတက်မှုကိုတော့ ထိခိုက်မှာ မဟုတ်ပါဘူး..."
ဖုန်းဝူချန်က ခပ်အေးအေး ဆိုလိုက်သည်။
"ကျွန်တော်ကရော..."
ကျန်းဟန်က စိုးရိမ်စွာ မေးလိုက်သည်။
"ဒါကတော့ ခင်ဗျားရဲ့ လုပ်ဆောင်မှုအပေါ်မှာ မူတည်တယ်...။ ဒါမှမဟုတ် တစ်နေ့နေ့မှာ ကျွန်တော်စိတ်ကောင်းဝင်နေရင် ခင်ဗျားကို ကယ်ကောင်း
ကယ်နိုင်ပါတယ်..."
ဖုန်းဝူချန်က အေးစက်စက် ရယ်မောလိုက်သည်။
"ဟုတ်ကဲ့...။ စိတ်ချပါ ဖုန်းသခင်လေး...။ ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်..."
ကျန်းဟန်က ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြလိုက်ပြီး အနည်းဆုံးတော့ သူအခွင့်အရေးရှိသေးသဖြင့် နောက်ဆုံးတွင် စိတ်အေးသွားသည်။
ထို့နောက် ဖုန်းဝူချန်သည် အလွန်ထူးကဲဆန်းကြယ်သော သိုင်းနည်းစနစ်တစ်ခုကို အသုံးပြုကာ ယူဝမ်ရှုံးအား မီးအဆိပ်ကို ဖယ်ရှားပေးလိုက်သည်။
အဆိပ်မှာ အလွန်
ကြောက်မက်ဖွယ်ကောင်းပြီး လုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် ယူဝမ်ရှုံး၏ သွေးကြောများအားလုံး အနက်ရောင်ပြောင်းသွားပြီး နောက်ဆုံးတွင် အနက်ရောင်အငွေ့များအဖြစ် ပျံ့လွင့်သွားသည်။
အချိန်တိုအတွင်းမှာပင် မှော်ဆန်ပြီး လျှို့ဝှက်ဆန်းကြယ်သော သိုင်းနည်းစနစ်သည် ယူဝမ်ရှုံးအား မီးအဆိပ်အများအပြားကို ဖယ်ရှားပေးခဲ့ပြီး သူသည် ဆယ်နှစ်ခန့် ငယ်ရွယ်သွားသကဲ့သို့ မယုံနိုင်လောက်သော သက်သာမှုကို ခံစားလိုက်ရသည်။
"ဒီလောက်အံ့ဖွယ်ကောင်းတဲ့ သိုင်းနည်းစနစ်...။ မီးအဆိပ်ကို ဒီလောက်အလွယ်တကူ ဖယ်ရှားပေးနိုင်တာ...။ ကျေးဇူးတင်ပါတယ် ဖုန်းသခင်လေး..."
ယူဝမ်ရှုံးသည် အလွန်အမင်း ကျေးဇူးတင်နေသည်။ ကိုယ်တိုင်ကြုံတွေ့ပြီးမှသာ သူသည် ဖုန်းဝူချန်၏ သိုင်းနည်းစနစ် မည်မျှအစွမ်းထက်ပြီး မှော်ဆန်သည်ကို နားလည်သွားခဲ့သည်။
"ကျေးဇူးတင်စရာမလိုပါဘူး ကုန်တိုက်ပိုင်ရှင်ယူ...။ ခုကစပြီး ကျွန်တော်တို့က တစ်သားတည်းပါပဲ..."
ဖုန်းဝူချန်က ပြုံးရင်း ဆိုလိုက်သည်။
'ဒီလူငယ်လေးက သာမန် ငချွတ်လေး တစ်ယောက် မဟုတ်ဘူး...။ အရင်က ဘယ်သူမှ ဘယ်လိုလုပ်ပြီး သတိမထားမိခဲ့တာလဲ...။ သူက ဆယ့်ခြောက်နှစ်အရွယ် ကောင်လေးတစ်ယောက်နဲ့ မတူဘဲ သူ့အသက်ထက်ပိုပြီး ကောက်ကျစ်စဉ်းလဲတယ်...။ သူက အသုံးမကျတဲ့သူမဟုတ်ဘဲ ပါရမီရှင်တစ်ယောက်ပဲ...။ လဝက်အတွင်းမှာ စတုတ္ထ အလွှာကနေ သတ္တမ အလွှာကို ချိုးဖောက်တက်လှမ်းနိုင်တာ...။ နဝမတန်းစား သိုင်းဝိညာဉ်
အရည်အချင်းရှိတဲ့ သူတွေတောင်မှ အဲ့လိုလုပ်နိုင်မှာ မဟုတ်ဘူး...'
ယူဝမ်ရှုံး ရင်တွင်း
ကောက်ချက်ချလိုက်သည်။
ထိုသို့ တွေးပြီး ယူဝမ်ရှုံးက မေးလိုက်၏။
"ဖုန်းသခင်လေး... ခင်ဗျားက ဘယ်တော့ ဝမ်ပေါင်ကုန်တိုက်ရဲ့ ကုန်သွယ်ခွင့်ကို ထိန်းချုပ်ဖို့ စီစဉ်ထားလဲ..."
သူ၏ နှုတ်ခမ်းထောင့်စွန်း အနည်းငယ် အပေါ်သို့ ကွေးတက်သွားပြီး ဖုန်းဝူချန်က အေးစက်စက် ရယ်မောလိုက်၏။
"အခုချက်ချင်းပဲ...။ တာဝန်ခံကျန်း... ခင်ဗျား ပြန်ရောက်ပြီးရင် ဝမ်ပေါင်ကုန်တိုက်နဲ့ ယန်မိသားစုကြားက စီးပွားရေး ပူးပေါင်း
ဆောင်ရွက်မှု အားလုံးကို ချက်ချင်း ရပ်ဆိုင်းလိုက်...။ ပြိုင်ဘက်ကင်းမြို့ အပြင်ဘက်က မြို့တွေမှာ ယန်မိသားစုနဲ့ စီးပွားရေး လုပ်တဲ့ ဘယ်သူမဆို ဝမ်ပေါင်ကုန်တိုက်က သူတို့နဲ့ စီးပွားရေး ဆက်ဆံမှုကို ဖြတ်တောက်လိုက်ပါ..."
'မျှော်လင့်ထားတဲ့အတိုင်းပဲ...။ ဒီကောင်လေးက တကယ်ပဲ ယန်မိသားစုကို ပစ်မှတ်ထားနေတာပဲ...။ သူ့ရဲ့လှုပ်ရှားမှုက တော်တော် ပြင်းထန်တာပဲ...'
ဖုန်းကျန့်ရှုံးက သူ့ဘာသာတွေးလိုက်ပြီး သားဖြစ်သူ၏ နည်းဗျူဟာကို စိတ်ထဲမှ ကြိတ်၍ ချီးကျူးလိုက်လေသည်။