← Chapters

ယန်ချင်းယွင်၏ အမျက်ဒေါသ…

Vol. 1 Ch. 13

ယန်ချင်းယွင်၏ အမျက်ဒေါသ…

Vol. 1 Ch. 13

~"တာဝန်ခံကျန်း... အခုချက်ချင်းပြန်ပြီး ဒီကိစ္စကို သွားကြေညာလိုက်...။ ယန်မိသားစုနဲ့ စီးပွားရေးအရ ဆက်ဆံမှုအားလုံးကို ချက်ချင်းဖြတ်တောက်လိုက်..."

ယူဝမ်ရှုံးသည် တစ်ချက်ကလေးမျှ မစဉ်းစားဘဲ ခပ်ပြတ်ပြတ် အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့..."

ကျန်းဟန်က ရိုသေစွာ ပြန်ဖြေပြီး ချက်ချင်းပင် အပြင်သို့ ပြေးထွက်သွားတော့သည်။

ဤသည်မှာ သူ၏အစွမ်းအစကို ပြသရန် အခွင့်အရေးပင်။ သူ၏အသက်ကို ကယ်တင်နိုင်သရွေ့ သူ ကျန်းဟန်.. ကျန်တာကို ဂရုမစိုက်တော့ပေ။ ပူးပေါင်းဆောင်ရွက်မှုကို ဖြတ်တောက်ခြင်း၏ အကျိုးဆက်များမှာမူ မိမိနှင့် မဆိုင်သော ကိစ္စဖြစ်လေသည်။

ယူဝမ်ရှုံး ဤမျှပြတ်သားရခြင်းအကြောင်းရင်းမှာ မီးအဆိပ်ကို ဖယ်ရှားခြင်းက သူ့အား ယုံကြည်မှုပေးခဲ့သောကြောင့်

လုံးလုံးလျားလျား ဖြစ်၏။ မီးအဆိပ်၏ အနှောင့်အယှက်မရှိဘဲ သူသည် အချိန်တိုအတွင်း အဆင့်နှစ်ဆေးပညာရှင်ဘုံသို့ တက်လှမ်းနိုင်မည်မှာ သေချာနေသည်။

အဆင့်နှစ်ဆေးပညာရှင်တစ်ဦး၏ အဆင့်အတန်းနှင့်ဆိုလျှင် သာမန်ယန်မိသားစုတစ်ခုသည် ဘာမှပြောပလောက်မည်မဟုတ်ပေ။ ပတ်ဝန်းကျင်မြို့များမှ အင်အားစုများစွာပင် သူ့ထံသို့ လာရောက်ဖားယားကြပေလိမ့်မည်။

"ကုန်တိုက်ပိုင်ရှင်ယူ... သုံးရက်နေရင် ကျွန်တော် ခင်ဗျားကို ဒုတိယအကြိမ် အဆိပ် ထုတ်ပေးပါ့မယ်..."

ဖုန်းဝူချန်က ဆက်ပြောလိုက်သည်။

...

"ကျေးဇူးတင်ပါတယ် ဖုန်းသခင်လေး...။ ကျွန်တော့်ကို အခု ခွင့်ပြုပါဦး..."

ယူဝမ်ရှုံးသည် အလွန်ကျေးဇူးတင်စွာဖြင့် ဆိုလိုက်သည်။

ဖုန်းဝူချန်သည် ယန်မိသားစုနှင့် စီးပွားရေးအရ ဆက်ဆံမှုများကို ဖြတ်တောက်လိုသည်ကို ယူဝမ်ရှုံးသည် မမေးဘဲနှင့်ပင် နားလည်လိုက်ပြီး ထွက်ခွာသွားလေသည်။

ယူဝမ်ရှုံး ထွက်သွားသည်နှင့် ဖုန်းချန်ယန်က မေးလိုက်သည်။

"ဝူချန်... မင်းက ယန်မိသားစုနဲ့ ဆက်ဆံရေးဖြတ်တောက်ဖို့သက်သက်အတွက် စီးပွားရေးလုပ်ပိုင်ခွင့်ကို တောင်းဆိုခဲ့တာလား..."

"ချန်အာ... သားက စီးပွားရေးလုပ်ပိုင်ခွင့်ကို ဘာအတွက်သုံးမှာလဲ...။ ဘာလို့ နက်နဲအဆင့် သိုင်းပညာတွေကို မယူလိုက်ရတာလဲ..."

ရှောင်ချင်းချင်းကလည်း နားမလည်စွာ မေးလိုက်သည်။

"ယန်မိသားစုက ကျွန်တော့်ကို သတ်ချင်နေတာ...။ ဒါကြောင့် သူတို့တန်ရာတန်ကြေးကို ပေးဆပ်ရမှာပဲ...။ သူတို့က ကျွန်တော်တို့ဖုန်းမိသားစုနဲ့ စီးပွားရေးအရ ဆက်ဆံမှုတွေကို ဖြတ်တောက်နှင့်ပြီးပြီ...။ ဒါဆို ကျွန်တော်ကရော သူတို့ရဲ့စီးပွားရေးကို ဘာလို့မဖြတ်တောက်နိုင်ရမှာလဲ...။ ပိုက်ဆံမရှိရင် ယန်မိသားစုက တဖြည်းဖြည်း ယိုယွင်းသွားမှာပဲ...။ စီးပွားရေးလုပ်ပိုင်ခွင့်အတွက်တော့ ဟုတ်ပါတယ်...။ ဒါက ကျွန်တော်တို့ဖုန်းမိသားစုကို ပိုပြီးအားကောင်းလာအောင် လုပ်ဖို့ပါပဲ..."

ဖုန်းဝူချန်က ထိုသို့ ရှင်းပြကာ ခပ်ရေးရေး ပြုံးလိုက်ပြီး ခန်းမဆောင်မှ ထွက်ခွာသွားသည်။

"ဦးလေးဖုန်း... အစ်ကိုကြီးဖုန်းကိုသာ ယုံလိုက်ပါ...။ သူက ဖုန်းမိသားစုကို သေချာပေါက် အားကောင်းလာအောင် လုပ်ပေးမှာပါရှင်..."

လင်ရှောင်ရှောင်က ဖုန်းဝူချန်အပေါ် ယုံကြည်မှုအပြည့်ဖြင့် ဆိုလိုက်ပြီး သူမလည်း စကားဆုံးသည်နှင့် ပြေးထွက်သွားတော့သည်။

"ချန်အာ..."

ဖုန်းကျန့်ရှုံးက လှမ်းခေါ်လိုက်သော်လည်း သားဖြစ်သူကို မတားဆီးနိုင်ခဲ့ပေ။

"ဒီကောင်လေးကတော့ တဖြည်းဖြည်းနဲ့ ပိုပြီးအတင့်ရဲလာပြီ...။ အမြဲတမ်း လျှို့ဝှက်နေတာပဲ..."

"ဖေဖေပြောတာ မမှားပါဘူး...။ လွန်ခဲ့တဲ့လဝက်အတွင်းမှာ ညီလေးက တကယ်ပဲ ပိုပြီးလျှို့ဝှက်ဆန်းကြယ်လာတယ်..."

ဖုန်းကျန့်က မျက်မှောင်ကြုတ်ရင်း ဆို၏။

"သာမန်အားဖြင့်တော့ ဒုတိယတန်းစား သိုင်းဝိညာဉ်ရဲ့ အရည်အချင်းနဲ့ ဒီလောက်ကြောက်စရာကောင်းတဲ့ ကျင့်ကြံမှုအရှိန်မျိုး ရှိဖို့မဖြစ်နိုင်ဘူး...။ ညီငယ် အခုပြသနေတဲ့ ကျင့်ကြံမှုအရှိန်မျိုးဆိုရင် အဋ္ဌမတန်းစား သိုင်းဝိညာဉ်ရှိတဲ့သူတွေတောင်မှ သူ့ကိုမယှဉ်နိုင်လောက်ဘူးလို့ ကျွန်တော် ထင်တယ်..."

ဖုန်းယွမ်က ထပ်ပြောလိုက်သည်။

"မင်းတို့နှစ်ယောက် ဘာမှ မသိခဲ့ရဘူးလား..."

ဖုန်းကျန့်ရှုံးက မေးလိုက်သည်။

နှစ်ဦးစလုံး ခေါင်းခါလိုက်ကြပြီး ဖုန်းယွမ်က ခါးသီးစွာ ပြုံးလိုက်၏။

"ကျွန်တော်တို့ စကားမပြောခင်မှာပဲ ညီလေးက လျှို့ဝှက်ချက်လို့ ပြောလိုက်တော့ ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်တော့ဘူး..."

"အံ့ဖွယ်ကောင်းတဲ့ သိုင်းနည်းစနစ်တွေ...။ အံ့ဩစရာကောင်းတဲ့ ကျင့်ကြံမှုအရှိန်...။ ပြီးတော့ ထက်မြက်ပြီး ဉာဏ်ကောင်းတဲ့ စိတ်...။ ဒီပြောင်းလဲမှုတွေက တကယ်ပဲ နားလည်ရခက်စေတယ်...။ ဝူချန်ရဲ့ တည်ငြိမ်အေးဆေးမှုက သူ့အရွယ် သာမန်လူတွေနဲ့ ယှဉ်လို့ မရဘူး..."

ဖုန်းချန်ယန်က ဖြည်းညင်းစွာ ဆိုလေသည်။

"ဒါက ချန်အာ ကြီးပြင်းလာပြီဆိုတာ ပြနေတာပဲ...။ ပြီးတော့ သူက ကျင့်ကြံခြင်း ပါရမီရှင် တစ်ယောက်...။ ဒါက ကောင်းတဲ့ အရာပဲ..."

ရှောင်ချင်းချင်းက ပျော်ရွှင်စွာ ပြုံးလိုက်သည်။

မည်သည့်မိခင်က သူ၏ သား

ထူးချွန် ထက်မြက်သည်ကို မြင်ရ၍ မနှစ်သက်ဘဲ နေမည်နည်း။

ဖုန်းကျန့်ရှုံးက ခေါင်းခါလိုက်ကာ…

"ဒါကတော့ အဲ့လောက်မရိုးရှင်းဘူး...။ ချန်အာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါတို့ မသိရုံလေးပါ...။ ဒါပေမဲ့ ချန်အာက သူ့ဆုံးဖြတ်ချက်ကို ချပြီးမှတော့ ငါတို့လုပ်နိုင်တာက သူ့ကိုယုံကြည်ဖို့ပဲ..."

"ဖေဖေ... ခုနက ညီလေးရဲ့ ကိုင်တွယ်ဖြေရှင်းပုံကို ကြည့်ခြင်းအားဖြင့် သူက ကျွန်တော်နဲ့ အစ်ကိုကြီးထက် အများကြီး ပိုပြီး စွမ်းဆောင်နိုင်တယ်ဗျ..."

ဖုန်းကျန့်က ပြုံးရင်း မှတ်ချက်ပြုလိုက်သည်။

ဖုန်းကျန့်ရှုံးသည် ခပ်ပါးပါးပြုံးလိုက်ပြီး ခေါင်းညိတ်ပြသည်။

"အိမ်း၊ ဒါကတော့ အမှန်ပဲ...။ အကြီးအကဲစုနဲ့ ရင်ဆိုင်ရတုန်းကတောင် ဒီကောင်လေးက အေးအေးဆေးဆေးပဲ နေနိုင်ခဲ့တယ်...။ အအေးဓာတ်အဆိပ်ကို ဖယ်ရှားပေးတာကိုသုံးပြီး အကြီးအကဲစုကို ထိန်းချုပ်ထားလိုက်သေးတယ်...။ အခုဆိုရင် အဲ့ဒီမြေခွေးအိုကြီး ယူဝမ်ရှုံးတောင်မှ ကိုယ်တိုင်ကိုယ်ကျ လာတောင်းပန်ရတယ် ကြည့်စမ်း...။ သူက တကယ်ပဲ အရမ်း ပါးနပ်တာပဲ..."

"ဝူချန်က အဲ့ဒီပါရမီရှင်တွေထက် အများကြီး ပိုအားကောင်းတယ်...။ သူ့ရဲ့ ကြောက်စရာကောင်းတဲ့ ကျင့်ကြံမှု အရှိန်ကို ထားလိုက်ပါဦး...။ အအေးဓာတ်နဲ့ မီးအဆိပ်တွေကို ဖယ်ရှားနိုင်တဲ့ အံ့ဖွယ်စွမ်းရည်

တစ်ခုတည်းနဲ့တင် ဆေးပညာရှင် ဘယ်လောက်များများက သူ့ကို ခန့်အပ်ချင်ကြမလဲဆိုတာ ပြောလို့တောင် မရနိုင်ဘူး..."

ဖုန်းချန်ယန်က အဖိုးတန်ဆုံးသော အချက်ကို မှတ်ချက်ပြုရင်း ထပ်ပြောလိုက်သည်။

"ဟုတ်ကဲ့၊ အကြီးအကဲပြောတာ လုံးဝမှန်ပါတယ်...။ ချန်အာရဲ့ အနာဂတ် အောင်မြင်မှုတွေက တိုင်းတာလို့ မရနိုင်ပါဘူး..."

ပြောဆိုနေစဉ် ဖုန်းကျန့်ရှုံး၏ မျက်နှာသည် ပို၍ပင် တောက်ပလာတော့သည်။

...

ဝမ်ပေါင်ကုန်တိုက်သို့ ပြန်ရောက်သွားသော တာဝန်ခံကျန်းသည် မဆိုင်းမတွဘဲ ယန်မိသားစုနှင့် စီးပွားရေးအရ ဆက်ဆံမှုအားလုံးကို ရပ်စဲရန် တိုက်ရိုက်အမိန့်ပေးလိုက်သည်။ အကြီးအကဲများ၏ မေးမြန်းမှုများကို ကျန်းဟန်က ယူဝမ်ရှုံး၏ အမိန့်ဖြစ်ကြောင်းသာ ပြောကြားခဲ့သည်။

ဝမ်ပေါင်ကုန်တိုက်သည် ထိတ်လန့်ခြင်းနှင့် နားမလည်နိုင်ခြင်းတို့ဖြင့် ပြည့်နှက်သွားသည်...။ ယန်မိသားစုနှင့် ဆက်ဆံရေးကို အဘယ်ကြောင့် ရုတ်တရက် ဖြတ်တောက်လိုက်ရပါသနည်း။

ကျန်းဟန်သည် ရှင်းပြချက်တစ်စုံတစ်ရာ မပေးဘဲ အမိန့်များကိုသာ ပေးခဲ့သည်။

သတင်းသည် လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ပြိုင်ဘက်ကင်းမြို့သည် နောက်တစ်ကြိမ် ဆူညံသွားပြီး ဝမ်ပေါင်ကုန်တိုက်ကို ထိုသို့သော ဆုံးဖြတ်ချက်ချစေရန် အဘယ်အရာက ဖြစ်ပေါ်စေခဲ့သည်ကို လူတိုင်း အံ့ဩနေကြသည်။

ယန်မိသားစုက ဝမ်ပေါင်ကုန်တိုက်ကို စော်ကားခဲ့လေသလော။ သို့မဟုတ် သူတို့သည် ဝမ်ပေါင်ကုန်တိုက်မှ ရတနာတစ်ခုခုကို တိတ်တဆိတ် ယူသွားခဲ့လေသလော။ ကောလာဟလအမျိုးမျိုးသည် ပြိုင်ဘက်ကင်းမြို့တစ်ဝိုက်တွင် ပျံ့နှံ့နေတော့သည်။

မော့မိသားစုနှင့် လင်းမိသားစုမှာလည်း အလွန်နားမလည်နိုင် ဖြစ်နေကြသည်...။ နှစ်ပေါင်းများစွာ ဝမ်ပေါင်ကုန်တိုက်သည် မည်သူ သို့မဟုတ် မည်သည့်မိသားစုနှင့်မျှ စီးပွားရေးအရ မဖြတ်တောက်ခဲ့ဖူးပေ။ သို့ဆိုလျှင် အဘယ်ကြောင့် သူတို့သည် ဤရုတ်တရက် ဆုံးဖြတ်ချက်ကို ချခဲ့ပါသနည်း။

မည်သူမျှ နားမလည်နိုင်ခဲ့ပေ။

—--------

ယန်မိသားစု ခန်းမဆောင်အတွင်း။

ယန်မိသားစုဝင်များသည် သတင်းကို ကြားသိပြီးဖြစ်ကာ ယုံကြည်နိုင်ခြင်းမရှိအောင်ပင် ထိတ်လန့်နေကြသည်။

"ယူဝမ်ရှုံးက ငါတို့ယန်မိသားစုနဲ့ စီးပွားရေးအရ ဆက်ဆံရေးကို ဘာလို့ ရုတ်တရက် ဖြတ်တောက်လိုက်ရတာလဲ...။ ငါတို့သူတို့ကို စော်ကားခဲ့တာမှ မဟုတ်တာ..."

ယန်ချင်းယွင်က သူ၏မျက်နှာမှာ ပြာနှမ်းလျက် ဆိုလိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင်...။ ဒါ ဖုန်းကျန့်ရှုံးရဲ့ လက်ချက်ဖြစ်နိုင်မလား...။ ကျွန်တော်တို့ သူတို့နဲ့ ဆက်ဆံရေးဖြတ်တောက်လိုက်တာနဲ့ အခု ဝမ်ပေါင်ကုန်တိုက်က ကျွန်တော်တို့ကို ရုတ်တရက် ဖြတ်တောက်လိုက်တယ်...။ ဒါ ဖုန်းမိသားစုနဲ့ သက်ဆိုင်နေမှာ သေချာတယ်..."

အကြီးအကဲတစ်ဦးက ယုံကြည်ချက်အပြည့်ဖြင့် ဆိုလိုက်သည်။

ယန်ချင်းယွင်က ခေါင်းခါလိုက်ပြီး အေးစက်စွာ ဆိုလိုက်သည်။

"မဖြစ်နိုင်ဘူး...။ ဝမ်ပေါင်ကုန်တိုက်က ဖုန်းမိသားစုကို ကြောက်စရာအကြောင်းမရှိဘူး...။ သူတို့အတွက်နဲ့ ငါတို့နဲ့ ဆက်ဆံရေးဖြတ်တောက်စရာလည်း မလိုဘူး...။ မော့မိသားစုတောင်မှ အဲ့ဒီလိုဩဇာအာဏာမျိုး မရှိဘူး..."

"ဒီလိုဆိုရင်တောင် ဝမ်ပေါင်ကုန်တိုက်က ငါတို့ယန်မိသားစုနဲ့ ဆက်ဆံရေးဖြတ်တောက်စရာအကြောင်းမရှိဘူး...။ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ...။ ပြိုင်ဘက်ကင်းမြို့က ဖုန်းမိသားစုကလွဲရင် ငါတို့ဘယ်သူ့ကိုမှ စော်ကားခဲ့တာမှ မဟုတ်တာ..."

ယန်ယွင်က မျက်မှောင်ကြုတ်ရင်း ဆိုလိုက်သည်။ သူစဉ်းစားလေလေ ပို၍ထူးဆန်းလာလေပင်။

ယန်ချင်းယွင်နှင့် အခြားသူများ နားလည်အောင် မလုပ်နိုင်မီမှာပင် နောက်ဆက်တွဲသတင်းများသည် ယခင်ကထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းလာပြီး သူတို့ကို လုံးဝအငိုက်မိသွားစေကာ လက်မခံနိုင်အောင် ဖြစ်သွားစေသည်။

"မျိုးနွယ်စုခေါင်းဆောင်...။ ဒုက္ခပါပဲ...။ လင်းမိသားစုနဲ့ ထိုင်ယွင်မြို့က အဓိကမိသားစုကြီးသုံးခုစလုံးက ကျွန်တော်တို့ယန်မိသားစုနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ဖြတ်တောက်လိုက်ကြပါပြီ..."

အစောင့်တစ်ဦးက ခန်းမဆောင်ထဲသို့ ထိတ်လန့်တကြား ပြေးဝင်လာသည်။

"ဘာ..."

ယန်ချင်းယွင်၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားပြီး ထိတ်လန့်တကြား မတ်တပ်ရပ်လိုက်သည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...။ ထိုင်ယွင်မြို့က အဓိကမိသားစုကြီးသုံးခုက ငါတို့ယန်မိသားစုနဲ့ အမြဲတမ်း အဆင်ပြေနေခဲ့တာ...။ သူတို့က ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဘယ်လိုလုပ်ပြီး ဖြတ်တောက်နိုင်မှာလဲ..."

ယန်ယွင်သည် ကြောက်လန့်တကြား တုန်လှုပ်နေသည်။

"လုံးဝအမှန်ပါပဲ...။ ထိုင်ယွင်မြို့က အဓိကမိသားစုကြီးသုံးခုစလုံးက ကုန်ပစ္စည်းတွေကို ပြန်ပို့လိုက်ကြပါပြီ..."

အစောင့်က ထိတ်လန့်တကြား ပြန်ဖြေသည်။

ယန်ချင်းယွင်၏ မျက်နှာသည် အရုပ်ဆိုးစွာ ရှုံ့မဲ့သွားပြီး သူ၏အသားများမှာ ပြင်းထန်စွာ တုန်ခါနေသည်...။ သူဒေါသထွက်နေသည့် အခြေအနေတွင် ရှိနေသည်မှာ ထင်ရှားနေသည်။

"မျိုးနွယ်စုခေါင်းဆောင်ကို သတင်းပို့ပါတယ်..."

နောက်အစောင့်တစ်ဦးက ရူးမတတ် ပြေးဝင်လာပြန်သည်။

" တောက်….ဘာဖြစ်ပြန်ပြီလဲကွ..."

ယန်ချင်းယွင်က ဟိန်းဟောက်လိုက်သည်။

အစောင့်သည် ကြောက်လန့်၍ မျက်နှာဖြူဖျော့သွားပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် ဆိုလိုက်သည်။

"သ... သတင်းပို့ပါတယ် မျိုးနွယ်စုခေါင်းဆောင်...။ လော့ထျန်းမြို့က အဓိကမိသားစုကြီးငါးခုစလုံးက ကျွန်တော်တို့ကုန်ပစ္စည်းတွေကို ပြန်ပို့လိုက်ကြပြီး သူတို့က ကျွန်တော်တို့ယန်မိသားစုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဖြတ်တောက်လိုက်ပြီလို့ ပြောပါတယ်..."

"ဘာ..."

နောက်ထပ် အားပြင်းသော ဗုံးတစ်လုံးသည် ယန်မိသားစု ခန်းမဆောင်ထဲတွင် ပေါက်ကွဲသွားပြီး လူတိုင်း၏ ခြေထောက်များမှာ ညွတ်ကျသွားကြသည်။

ဤမိသားစုများအားလုံးသာ ယန်မိသားစုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဖြတ်တောက်လိုက်မည်ဆိုလျှင် ယန်မိသားစု၏ ဝင်ငွေသည် မလွဲမသွေ ကျဆင်းသွားပေလိမ့်မည်။

ဒါက ယန်မိသားစုအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ မျိုးနွယ်စုတစ်ခုလုံး ယိုယွင်းပျက်စီးသွားနိုင်လေသည်။

"ဒါကတော့ လွန်လွန်းသွားပြီ...။ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ...။ ဘယ်သူက ငါ့ယန်မိသားစုကို ပစ်မှတ်ထားနေတာလဲ..."

ယန်ချင်းယွင်က ဟိန်းဟောက်လိုက်ပြီး သူ၏ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်ကို မထိန်းချုပ်နိုင်တော့ပေ။

တစ်နေ့တည်းမှာပင် ဝမ်ပေါင်ကုန်တိုက်၊ လင်းမိသားစု၊ ထိုင်ယွင်မြို့၊ လော့ထျန်းမြို့နှင့် အခြားမိသားစုများစွာတို့သည် ယန်မိသားစုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်စဲလိုက်ကြသည်။ ဤသည်မှာ သေချာပေါက် တိုက်ဆိုင်မှုမဟုတ်ဘဲ နောက်ကွယ်မှ တစ်စုံတစ်ယောက်က ကြိုးကိုင်ခြယ်လှယ်နေပြီး ယန်မိသားစုကို ပစ်မှတ်ထားနေခြင်း ဖြစ်လေသည်။

ငတုံး တစ်ယောက်ပင်လျှင် သည်အချက်ကို မြင်နိုင်ပေသည်။

"ဒါက ဝမ်ပေါင်ကုန်တိုက်နဲ့ သက်ဆိုင်နေနိုင်တယ်...။ ထိုင်ယွင်မြို့နဲ့ လော့ထျန်းမြို့က မိသားစုတွေက ဝမ်ပေါင်ကုန်တိုက်နဲ့ ပူးပေါင်းဆောင်ရွက်နေကြတာ...။ ဒါ ဝမ်ပေါင်ကုန်တိုက်ရဲ့ လက်ချက်ဖြစ်ရမယ်...။ မဟုတ်ရင် သူတို့က ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုကို မဖြတ်တောက်နိုင်ဘူး..."

ယန်ယွင်က ဒေါသတကြီးဖြင့် ဆိုလိုက်သည်။ ဝမ်ပေါင်ကုန်တိုက်တစ်ခုတည်းသာ ဤမျှအားကောင်းသော နည်းလမ်းများ ရှိသောကြောင့်တည်း။

"ယူဝမ်ရှုံး..."

ယန်ချင်းယွင်က ဒေါသဖြင့် အံကြိတ်လိုက်ပြီး သူ၏မျက်လုံးများမှာ မီးများထွက်လုမတတ် ဖြစ်နေသည်။

ထိုစဉ် အကြီးအကဲတစ်ဦးက အကြံပြုလိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင်...။ ကျွန်တော်တို့ အရင်ဆုံး ဝမ်ပေါင်ကုန်တိုက်ကို သွားပြီး ရှင်းရှင်းလင်းလင်းမေးမြန်းကြရအောင်..."

"လာ၊ ဝမ်ပေါင်ကုန်တိုက်ကို သွားမယ်..."

ယန်ချင်းယွင်က ဒေါသတကြီး ဆိုလိုက်သည်။

"ပြီးတော့ လူတစ်ယောက်ကို ချက်ချင်းလွှတ်ပြီး စုံစမ်းခိုင်းလိုက်...။ ဘယ်သူက ငါတို့ကို နောက်ကွယ်ကနေ ကစားနေလဲဆိုတာ ကြည့်ကြသေးတာပေါ့..."

သတင်းသည် ပြိုင်ဘက်ကင်းမြို့တစ်ခွင်လုံး ပျံ့နှံ့သွားနှင့်ပြီဖြစ်ပြီး ယန်ချင်းယွင်သည် ယန်မိသားစု၏ အကြီးတန်းအဖွဲ့ဝင်များနှင့်အတူ ဒေါသအပြည့်ဖြင့် ဝမ်ပေါင်ကုန်တိုက်သို့ ဦးတည်သွားတော့သည်။

ထိုအချိန်တွင် ဝမ်ပေါင်ကုန်တိုက်တွင် လုပ်ငန်းများမှာ ပုံမှန်အတိုင်းပင်ဖြစ်ပြီး ရတနာများမှာ ရောင်းချနေဆဲဖြစ်ကာ ပတ်ဝန်းကျင်မှာ ယခင်ကဲ့သို့ပင် စည်ကားနေသည်။

ယန်ချင်းယွင်နှင့် အခြားသူများမှာ ဒေါသတကြီးဖြင့် ဝမ်ပေါင်ကုန်တိုက်ထဲသို့ ဝင်ရောက်လာကြရာ အစောင့်များမှာ သူတို့လမ်းကို မပိတ်ဆို့ရဲဘဲ အခြားဖောက်သည်များမှာမူ ကြောက်လန့်တကြားဖြင့် ဘေးသို့ အမြန်ရှောင်တိမ်းသွားကြသည်။

"ယူဝမ်ရှုံး...။ ထွက်ခဲ့စမ်း..."

ယန်ချင်းယွင်က ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ မူလက စည်ကားနေသော ဝမ်ပေါင်ကုန်တိုက်သည် ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။

ခဏအကြာတွင် ယန်ချင်းယွင်၏ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်ကို ခံစားမိသဖြင့် ဝမ်ပေါင်ကုန်တိုက်ရှိ ဖောက်သည်များစွာတို့သည် ထိတ်လန့်တကြားဖြင့် ထွက်ပြေးတိမ်းရှောင်သွားကြပြီး ကြားညပ်မခံချင်ကြပေ။

ယန်မိသားစု၏ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကို မြင်သောအခါ ကျန်းဟန်၏ မျက်နှာသည် ကြောက်လန့်ဖြူဖျော့သွားသော်လည်း ဝမ်ပေါင်ကုန်တိုက်၏ တာဝန်ခံတစ်ဦးအနေဖြင့် သူ မည်သို့ သတ္တိနည်းကြောင်း ပြသနိုင်မည်နည်း။

အထူးသဖြင့် ဝမ်ပေါင်ကုန်တိုက်တွင် ဖြစ်နေပါလျက်လေ။

ဝမ်ပေါင်ကုန်တိုက်၏ အင်အားကို ကျောထောက်နောက်ခံပြုထားသဖြင့် ယန်မိသားစုကို ကြောက်ရွံ့ရန် မလိုအပ်ပေ။

သူ၏စိတ်ထဲမှ ကြောက်ရွံ့မှုကို ဖိနှိပ်ထားရင်း ကျန်းဟန်က ခက်ထန်စွာ ဆိုလိုက်သည်။

"ယန်မျိုးနွယ်စုခေါင်းဆောင်...။ ဝမ်ပေါင်ကုန်တိုက်က ခင်ဗျားသောင်းကျန်းရမယ့် နေရာမဟုတ်ဘူး...။ ခင်ဗျား ဝမ်ပေါင်ကုန်တိုက်ရဲ့ စည်းကမ်းတွေကို မသိဘူးလား...။ ဒီမှာလာပြီး အော်ကြီးဟစ်ကျယ် မလုပ်နဲ့..."

ကျန်းဟန် စကားပြောသည်နှင့် ဝမ်ပေါင်ကုန်တိုက်မှ အစောင့်အများအပြား ထွက်ပေါ်လာကြသည်။

"ဒါက မင်းနဲ့မဆိုင်ဘူး...။ ဘေးဖယ်နေတာ ပိုကောင်းလိမ့်မယ်..."

ယန်ချင်းယွင်က ဒေါသတကြီး ဆိုလိုက်ပြီး သူ၏ပြင်းထန်သော အကြည့်များက ကျန်းဟန်အပေါ်တွင် စူးစိုက်နေသည်...။ ကျန်းဟန်သာ ဝင်စွက်ဖက်ရဲလျှင် တိုက်ခိုက်ရန် အသင့်ရှိနေသည့်အလားပင်။

ဝမ်ပေါင်ကုန်တိုက်၏ ခန်းမဆောင်သည် တင်းမာမှုများဖြင့် ပြည့်နှက်နေလေသည်။

"ယန်မျိုးနွယ်စုခေါင်းဆောင်...။ ခင်ဗျားလာလိမ့်မယ်လို့ ကျွန်တော်သိပြီးသားပါ...။ တာဝန်ခံကျန်း...။ ကျေးဇူးပြုပြီး နောက်ဆုတ်ပေးပါ..."

ထိုစဉ်မှာပင် ယူဝမ်ရှုံး၏ အသံသည် ဝမ်ပေါင်ကုန်တိုက်၏ ခန်းမဆောင်ထဲတွင် ပဲ့တင်ထပ်သွားသည်။

"ယူဝမ်ရှုံး...။ မင်းဘယ်အကြောင်းကြောင့် ငါ့ယန်မိသားစုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဖြတ်တောက်ရတာလဲ...။ ပြီးတော့ ထိုင်ယွင်မြို့နဲ့ လော့ထျန်းမြို့က မိသားစုများစွာကိုပါ ငါ့ယန်မိသားစုနဲ့ စီးပွားရေးဖြတ်တောက်အောင် လုပ်ခဲ့သေးတယ်...။ မင်းရဲ့ရည်ရွယ်ချက်က ဘာလဲ..."

ယန်ချင်းယွင်က ဒေါသတကြီး တောင်းဆိုလိုက်သည်။

ယူဝမ်ရှုံးသည် ခန်းမဆောင်ထဲမှ ဖြည်းညင်းစွာ ထွက်လာပြီး အေးစက်စက် ဆိုလိုက်သည်။

"ယန်မျိုးနွယ်စုခေါင်းဆောင်...။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်ဘာမှမတတ်နိုင်ပါဘူး...။ ခင်ဗျားတို့ဖြစ်စေခဲ့တဲ့ ဒုက္ခက ဝမ်ပေါင်ကုန်တိုက်ကိုပါ ပတ်သက်လာစေခဲ့တယ်...။ ကျွန်တော်သာ ဒီလိုမလုပ်ခဲ့ရင် ကျွန်တော့်အသက်သာမက တာဝန်ခံကျန်းရဲ့ အသက်ပါ အန္တရာယ်ရှိနိုင်ပါတယ်...။ ဝမ်ပေါင်ကုန်တိုက်က ခင်ဗျားတို့ကို ရှာဖွေမယ့်အစား ခင်ဗျားတို့က ကျွန်တော်တို့ဆီ ရောက်လာခဲ့တာပဲ..."

"ဒုက္ခ..."

ယန်ချင်းယွင်က မျက်မှောင်ကြုတ်ကာ ခဏစဉ်းစားလိုက်သည်။ ယန်မိသားစုသည် မည်သည့်ဒုက္ခမျှ မဖြစ်စေခဲ့ကြောင်း သူအတည်ပြုနိုင်ပြီး လေးနက်စွာ ဆိုလိုက်သည်။

"ငါ့ယန်မိသားစုက ဘယ်ဒုက္ခမှ မဖြစ်စေခဲ့ဘူး...။ ဖြစ်ခဲ့ရင်တောင် ဝမ်ပေါင်ကုန်တိုက်နဲ့ ဘာဆိုင်လို့လဲ..."

"ဟမ့်...။ ယန်မျိုးနွယ်စုခေါင်းဆောင်က ဒီလိုပြောမှတော့ ကျွန်တော့် ဝမ်ပေါင်ကုန်တိုက်က လုပ်ခဲ့တာကလည်း ခင်ဗျားတို့ယန်မိသားစုနဲ့ ဘာမှမဆိုင်ဘူး မဟုတ်လား..."

ယူဝမ်ရှုံးက ခနဲ့တဲ့တဲ့ ရယ်လိုက်သည်။

"အဟွန့်..ကုန်တိုက်ပိုင်ရှင်ယူ...။ ယန်မိသားစုက ဘယ်လိုထင်ရှားတဲ့ ပုဂ္ဂိုလ်မျိုးကို စော်ကားမိလဲဆိုတာ ကျုပ် တကယ် စဉ်းစားလို့ မရဘူး...။ ကုန်တိုက်ပိုင်ရှင်ယူတောင်မှ သတိထားရလောက်အောင် ကြောက်စရာကောင်းတဲ့သူမျိုးပေါ့...။ ကျုပ်တို့ ဘယ်သူ့ကိုမှ စော်ကားခဲ့တာ မရှိပါဘူး...။ ဒါကြောင့် ကျေးဇူးပြုပြီး ရှင်းပြပေးပါ..."

ယန်ယွင်က လေးနက်စွာ ဆိုလိုက်သည်။

"ကျွန်တော် ဖွင့်ဟလို့ မဖြစ်မှာ စိုးရိမ်မိတယ်...။ ခင်ဗျားတို့ ဘယ်သူ့ကို စော်ကားမိလဲဆိုတာ ကိုယ့်ဘာသာကိုယ် ပြန်ရှာဖွေသင့်တယ်...။ အခုတော့ ကျေးဇူးပြုပြီး ပြန်ကြပါ..."

ယူဝမ်ရှုံးက ထိုသို့ အေးစက်စက် ဆိုလိုက်ပြီး ချာခနဲ လှည့်ထွက်သွားတော့သည်။

All Chapters