လက်သီးတစ်ချက်…
Vol. 1 Ch. 15
~"ငါ့ခြေထောက်ကို ချိုးရဲချိုးကြည့်စမ်း..."
ယန်ထျန်းက ခနဲ့တဲ့တဲ့ ရယ်လိုက်ပြီး သူ၏အစစ်အမှန်ချီကို အားကုန်ထုတ်လွှတ်လိုက်၏။
တဆက်တည်း၌ မြေပြင်ကို ဆောင့်နင်းလျက် ကြမ်းကြုတ်သည့် ကျားရိုင်း တစ်ကောင်ကဲ့သို့ ရှေ့သို့ ပြေးထွက်လာသည်။
ချီသန့်စင်ခြင်းဘုံနှင့် ခန္ဓာကိုယ်သန့်စင်ခြင်းဘုံတို့သည် လုံးဝ ကွဲပြားခြားနားသော အဆင့် နှစ်ခု ဖြစ်ကြ၏။
ချီသန့်စင်ခြင်းဘုံရှိ သူများသည် သူတို့၏ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ရန် အစစ်အမှန်ချီကို ထိန်းချုပ်နိုင်ကြပြီး ခန္ဓာကိုယ်သန့်စင်ခြင်းဘုံရှိသူများမှာမူ ပြင်ပအင်အားများ၏ အကူအညီမပါဘဲ သူတို့၏ရုပ်ပိုင်းဆိုင်ရာ အစွမ်းအစကိုသာ အားကိုးနိုင်ကြသည်။
ထို့ကြောင့် ထိုနှစ်ခုကြားတွင် ကြီးမားသော ကွာဟချက် တစ်ခု ရှိနေလေသည်။
ဤအကြောင်းကြောင့်ပင် ယန်ထျန်းးသည် ဤမျှလောက် အေးဆေးတည်ငြိမ်နေပြီး ခန္ဓာကိုယ်သန့်စင်ခြင်းဘုံတွင် ရှိနေသော ဖုန်းဝူချန်ကို လုံးဝပင် အလေးမထားခဲ့ပေ။
'သူ့အစွမ်းကို အရင်ဆုံး စမ်းကြည့်လိုက်ဦးမှပဲ...'
ဖုန်းဝူချန်က သူ့ဘာသာ တွေးလိုက်ပြီး အရှုံးမပေးဘဲ ရှေ့သို့
ပြေးထွက်သွားသည်။
“ဒုတ်..."
...
အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် လက်သီးများသည် ဝေဝေဝါးဝါး အသံနှင့်အတူ ပြင်းထန်စွာ ထိတိုက်မိသွားကြသည်။
ဖုန်းဝူချန်၏ မျက်နှာသည် မည်းမှောင်သွားပြီး အားကောင်းသော အင်အားကြောင့် မီတာအနည်းငယ်အကွာသို့ နောက်ပြန်လွင့်စင်သွားကာ ယန်ထျန်းး၏ အစွမ်းကို လုံးဝ မခုခံနိုင်ခဲ့ပေ။
"အော်... ခန္ဓာကိုယ်သန့်စင်ခြင်း အဌမ အလွှာလား...။ ဟမ့်... ဒီလောက် နည်းတဲ့ စွမ်းအားနဲ့ မင်းက ငါနဲ့ တည့်တည့်
တိုးပြီး ယှဉ်ပြိုင်ချင်သေးတယ်...။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ..."
ယန်ထျန်းးသည် အစပိုင်းတွင် အံ့အားသင့်သွားကာ ဖုန်းဝူချန်၏ ကျင့်ကြံမှုအဆင့် မည်မျှ လျင်မြန်စွာ တိုးတက်လာသည်ကို ထိတ်လန့်သွား၏။ သို့သော်လည်း ထို့နောက် မထီမဲ့မြင်ပြုကာ ခနဲ့တဲ့တဲ့ ရယ်လိုက်သည်။
"ခန္ဓာကိုယ်သန့်စင်ခြင်း အဌမ အလွှာ...။ ဖုန်းဝူချန် နောက်တစ်ကြိမ် အဆင့်တက်သွားပြန်ပြီ..."
"ဘယ်လို ကြောက်စရာကောင်းတဲ့ ကျင့်ကြံမှုအရှိန်လဲ...။ ဒုတိယတန်းစား သိုင်းဝိညာဉ်အရည်အချင်းနဲ့ သူက တစ်လအတွင်းမှာ အဆင့်လေးဆင့် တက်သွားခဲ့တယ်..."
"ဒါက လုံးဝမဖြစ်နိုင်ဘူး...။ ယန်ထျန်းးရဲ့ ပဉ္စမတန်းစား သိုင်းဝိညာဉ် အရည်အချင်းနဲ့တောင် တစ်လအတွင်းမှာ အဆင့်လေးဆင့် တက်လှမ်းနိုင်မှာ မဟုတ်ဘူး...။ ဖုန်းဝူချန်က ဘယ်လိုလုပ်ပြီး လုပ်နိုင်ခဲ့တာလဲဟ..."
တိုက်ပွဲစတင်သည်နှင့် လူအုပ်ကြီးသည် သူတို့၏အတွေ့အကြုံအရ ဖုန်းဝူချန်၏ ကျင့်ကြံမှုအဆင့်ကို ခွဲခြားသိမြင်နိုင်ခဲ့ကြပြီး စင်မြင့်အောက်မှ ဟာခနဲ၊ ဟင်ခနဲ အသံများ ပေါက်ကွဲထွက်လာတော့သည်။
ဝမ်ပေါင်ကုန်တိုက်၊ မော့မိသားစု၊ လင်းမိသားစုနှင့် ယန်မိသားစုမှ အဆင့်မြင့်လူများအားလုံး မယုံနိုင်အောင် ဖြစ်နေကြသည်။
ဒုတိယတန်းစား သိုင်းဝိညာဉ်၏ အရည်အချင်းသည် ဘယ်အချိန်က သည်လောက်ကြီး ကြောက်မက်ဖွယ်ကောင်းသွား
ခဲ့ပါသနည်း။
“အလို.."
ယူဝမ်ရှုံးသည် ထိတ်လန့်တုန်လှုပ်ပြီး အနည်းငယ် အံ့အားသင့်သွားကာ တစ်စုံတစ်ခုကို သတိပြုမိသွားသည့်အလားပင်။
"ကုန်တိုက်ပိုင်ရှင်... ဘာဖြစ်လို့လဲဗျ ..."
ကျန်းဟန်က သိလိုစိတ်ကို ထုတ်မေးလိုက်သည်။
ယူဝမ်ရှုံးက ခေါင်းခါလိုက်ပြီး သူ့ဘာသာ တွေးလိုက်သည်။
'ထူးဆန်းတယ်...။ ဒီကောင်လေးက ခန္ဓာကိုယ်သန့်စင်ခြင်း အဌမ အလွှာရဲ့ အစွမ်းနဲ့ ချီသန့်စင်ခြင်းဘုံ ပထမ အလွှာရဲ့ စွမ်းအားကို တကယ်ပဲ ခံနိုင်ရည်ရှိခဲ့တယ်...။ ဒါက သာမန် မဟုတ်ဘူး...'
လူတိုင်းသည် ဖုန်းဝူချန်၏ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံမှုအရှိန်ကိုသာ မြင်တွေ့ခဲ့ကြသော်လည်း သူ၏ခံနိုင်ရည်စွမ်းကိုမူ သတိမပြုမိခဲ့ကြပေ။
"လင်အာရဲ့ အရည်အချင်းနဲ့တောင် ခန္ဓာကိုယ်သန့်စင်ခြင်းဘုံ အဌမ အလွှာကို ချိုးဖောက်ဖို့ နှစ်လကျော် အချိန်ယူခဲ့ရတယ်...။ ဒီကောင်လေး ဖုန်းဝူချန်က တစ်လတည်းနဲ့ အဆင့်လေးဆင့် တက်သွားခဲ့တယ်...။ ဒါက တကယ်ပဲ ထူးဆန်းပါလား.."
မော့ခွန်းက မျက်မှောင်ကြုတ်ရင်း နားမလည်နိုင်စွာ ဆိုလိုက်သည်။
ဖုန်းဝူချန်ကို လက်သီးတစ်ချက်ဖြင့် နောက်သို့ဆုတ်သွားစေပြီးနောက် ယန်ထျန်းးသည် သူ၏အသာစီး အခြေအနေဖြင့် နောက်တစ်ကြိမ် ပြေးဝင်သွားပြန်သည်။
ဤတစ်ကြိမ်တွင်မူ ဖုန်းဝူချန်သည် တည့်တည့်တိုး၍ မယှဉ်ပြိုင်တော့ပေ...။
အကြောင်းမှာ သူ၏ စွမ်းအားသည် ယန်ထျန်းနှင့် ရင်ဆိုင်ရန် လုံးဝ မလုံလောက်သောကြောင့်ပင်။
ဖုန်းဝူချန်သည် ယန်ထျန်းး၏ တိုက်ကွက်များကို ချက်ချင်းထွင်းဖောက်မြင်နိုင်သော်လည်း ကွာဟချက်မှာ အလွန်ကြီးမားလွန်း၍ မကာမိနိုင်ပေ။
ထို့ကြောင့် ဖုန်းဝူချန်သည် ရှောင်တိမ်းရန် ရွေးချယ်လိုက်သည်။ ယန်ထျန်းး၏ တိုက်ခိုက်မှုများ မည်မျှပင် ပြင်းထန်စေကာမူ ဖုန်းဝူချန်က ကျွမ်းကျင်စွာ ရှောင်တိမ်းနိုင်ခဲ့သည်။
နတ်ဆိုးနဂါးဝိညာဉ်၏ ကြွယ်ဝသော အတွေ့အကြုံများနှင့်အတူ ဖုန်းဝူချန်သည် ယန်ထျန်း လှုပ်ရှားလိုက်သည့်အချိန်မှာပင် သူ၏တိုက်ခိုက်မှုပုံစံနှင့် လမ်းကြောင်းကို ခွဲခြားသိမြင်နိုင်ခဲ့ပြီး အချိန်မီ ရှောင်တိမ်းနိုင်ခဲ့ခြင်း ဖြစ်လေသည်။
"လွန်လွန်းသွားပြီ..."
ယန်ထျန်းသည် တိုက်ခိုက်လေလေ ဒေါသထွက်လေဖြစ်လာပြီး သူ၏စိတ်ခံစားချက်များမှာ လှုပ်ရှားလာတော့သည်။
လူအများကြီး ကြည့်နေသည်လေ...။ ချီသန့်စင်ခြင်းဘုံ ပထမအလွှာတွင် ရှိနေပါလျက် ခန္ဓာကိုယ်သန့်စင်ခြင်းဘုံ အဌမ အလွှာမှ တစ်ယောက်ကို လက်သီး တစ်ချက်မျှ မထိမှန်ခြင်းမှာ အလွန်အမင်း စိတ်ဆိုးစရာပင်။
"ဟမ့်..."
ဖုန်းဝူချန်က အေးစက်စက် ရယ်လိုက်ပြီး စိတ်လှုပ်ရှားနေသော ယန်ထျန်းကို မထီမဲ့မြင်ပြုကာ ကြည့်လိုက်သည်။
ဖုန်းဝူချန်က မထီမဲ့မြင်ပြုလေလေ ယန်ထျန်းသည် ပို၍ဒေါသထွက်လာလေပင်။
ယန်ထျန်းးသည် အရှိန်အပြည့်ဖြင့် လက်ဝါးဖြင့် တိုက်ခိုက်လိုက်သော်လည်း ဖုန်းဝူချန်မှာ ကြောက်ရွံ့ခြင်းမရှိပေ။ ထိုအစား သူသည် လျှို့ဝှက်ဆန်းကြယ်သော အေးစက်သည့် အပြုံးတစ်ခုကို ပြုံးလိုက်ရင်း ထိုတိုက်ခိုက်မှုကို လိမ္မာပါးနပ်စွာ ကိုယ်ကို ယိမ်းနွဲ့၍ ရှောင်တိမ်းလိုက်သည်။
"ဟမ့်...။ မင်းက ပြိုင်ဘက်ရဲ့ တိုက်ကွက်တွေကို ချက်ချင်းထွင်းဖောက်မြင်နိုင်တယ်ဆိုတာ ငါသိတယ်...။ ဒါပေမဲ့ ငါ့အရှိန်က မင်းထက် အဆပေါင်းများစွာ ပိုမြန်တယ်ကွ..."
ယန်ထျန်းးက သူ၏လက်ဝါးရိုက်ချက် လွဲချော်သွားပြီးနောက် ခန့်မှန်းမိသွားသည့်အလား ကြမ်းကြုတ်စွာ ဆိုလိုက်ပြီး ခြေထောက်ဖြင့် ဝေ့ကန်လိုက်သည်။
"ဒါကတော့ မဖြစ်နိုင်လောက်ဘူး..."
ဖုန်းဝူချန်သည် လျင်မြန်စွာ ရွေ့လျားလိုက်ပြီး ယန်ထျန်း၏ ဝေ့ကန်ချက် ရောက်လာသည်နှင့် ဖုန်းဝူချန်က ဒူးကို ကွေး၍ တန်ပြန်တိုက်ခိုက်လိုက်သည်။
'မကောင်းတော့ဘူး...'
ယန်ထျန်း၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
သူက ဖုန်းဝူချန်ကို အရင်ထိမှန်မည်ဟု ထင်ထားသော်လည်း သူ၏ကန်ချက်မှာ ရှောင်တိမ်းခံလိုက်ရသည်ပင်။
ဖုန်းဝူချန်၏ ဝေ့ကန်ချက်သည် ယန်ထျန်းးကို ခြေချော်
လဲကျသွားစေပြီးနောက် ချက်ချင်းပင် နောက်ဆက်တွဲ ခြေကန်ချက် တစ်ခုဖြင့် လိုက်ကန်လိုက်သည်။
"ဘုန်း..."
ယန်ထျန်းးသည် လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ပြီး သူ၏လက်များဖြင့် တားဆီးလိုက်သော်လည်း လေတိုးသံတစ်ခုနှင့်အတူ သူသည် ဖုန်းဝူချန်၏ ခြေကန်ချက်ကြောင့် မီတာအနည်းငယ်အကွာသို့ လွင့်စင်သွားပြီး မြေပြင်ပေါ်တွင် နှစ်ပတ်လောက် လိမ့်သွားတော့သည်။
"သခင်လေးသုံး...။ ကောင်းတယ်..."
ဖုန်းမိသားစုသည် စိတ်လှုပ်ရှားစွာ အော်ဟစ်အားပေးလိုက်ကြသည်။
ဖုန်းကျန့်ရှုံးက ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
"ချန်အာက တကယ်ပဲ ထူးချွန်တယ်...။ သူ့အစွမ်းက မယုံနိုင်စရာပဲ...။ ခန္ဓာကိုယ်သန့်စင်ခြင်းဘုံ နဝမ အလွှာရဲ့ အထွတ်အထိပ်နဲ့ နှိုင်းယှဉ်နိုင်လောက်တယ်...။ သူ နည်းနည်းလေးမှ မထိတ်လန့်တာ မထူးဆန်းတော့ပါဘူး..."
ချီသန့်စင်ခြင်းဘုံ ပထမ အလွှာတွင် ရှိနေသူတစ်ဦးကို ဤမျှလောက် ရှုပ်ထွေးသွားစေခဲ့ရာ ယန်ထျန်းသည် ဒေါသထွက်ခြင်းနှင့် ရှက်ရွံ့ခြင်း နှစ်မျိုးလုံးကို ခံစားလိုက်ရသည်။ အကြောင်းမှာ သူသည် ပြိုင်ဘက်ကို မထိမှန်ရုံသာမက သူကိုယ်တိုင်ပင် အလဲထိုးခံလိုက်ရသောကြောင့်ပင်။
ယန်ချင်းယွင်နှင့် ကျန်ယန်မိသားစုဝင်များမှာ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသည့်အလား ခံစားလိုက်ရပြီး သူတို့၏ ပါးများမှာ ရှက်ရွံ့မှုကြောင့် ပူလောင်နေတော့သည်။
ချီသန့်စင်ခြင်းဘုံ ပထမအလွှာမှ တစ်ယောက်ကို ခန္ဓာကိုယ်သန့်စင်ခြင်းဘုံ အဌမ အလွှာမှ တစ်ယောက်က အလဲထိုးလိုက်သည်တကား။ လုံးဝပင် အရှက်ရဖွယ်ရာပင်။
ခုနက မြင်ကွင်းသည် အမှန်မဟုတ်သကဲ့သို့ပင်။ ယန်ထျန်းး၏ အရှိန်သည် ဖုန်းဝူချန်ထက် သိသိသာသာ ပို၍မြန်ဆန်သည်။
သူ၏ကန်ချက်သည် ဖုန်းဝူချန်ကို ထိမှန်သင့်သော်လည်း ထိုအစား ဖုန်းဝူချန်က ၎င်းကို အခွင့်အရေးအဖြစ် အသုံးချကာ တန်ပြန်တိုက်ခိုက်ခဲ့သည်။
ဤသည်မှာ ဖုန်းဝူချန်သည် ပြိုင်ဘက်၏ တိုက်ကွက်များနှင့် အားနည်းချက်များကို ချက်ချင်းထွင်းဖောက်မြင်နိုင်ရုံသာမက ကြိုတင်ခန့်မှန်းနိုင်စွမ်းလည်း ရှိနေကြောင်း ဆိုလိုသည်။
ဒါက အဓိကသော့ချက်ပင်။
အမှန်တက
၎င်းကသာ အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းသော အရာ ဖြစ်လေသည်။
"ဒီကောင်လေးက အရမ်းကို ပေါ့ပါးသွက်လက်ပြီး သူ့ရဲ့ရုပ်ခန္ဓာ ကလည်း အံ့မခန်းပဲ...။ သူက ပြိုင်ဘက်ရဲ့ တိုက်ခိုက်မှုတွေကို ထွင်းဖောက်မြင်နိုင်ပြီး ကြိုတင်ခန့်မှန်းနိုင်ပုံ ရတယ်...။ ဒါပေမယ့် ဒါက သူက အတွေ့အကြုံ ရင့်ကျက်တဲ့ စစ်ပြန် တစ်ယောက်နဲ့ ပိုတူတယ်..."
မော့ခွန်းက အနည်းငယ် အံ့ဩစွာ ဆိုလိုက်သည်။
'ဒီအသုံးမကျတဲ့ကောင်ရဲ့ ရုပ်ခန္ဓာက အရမ်းကြောက်စရာကောင်းတာပဲ...။ ဒါက ခန္ဓာကိုယ်သန့်စင်ခြင်းဘုံ နဝမ အလွာ နီးပါးပဲ...'
ယန်ထျန်းးက သူ၏လက်များတွင် ကျဉ်တက်နေသော ခံစားမှုကို ခံစားရင်း ထိတ်လန့်စွာ တွေးလိုက်မိသည်။
ယန်ထျန်းးကို ခြေကန်ချက်ဖြင့် နောက်သို့ ဆုတ်သွားစေပြီးနောက် ဖုန်းဝူချန်သည် အရှိန်ပြင်းစွာဖြင့် ပြေးဝင်သွားပြီး မထသေးသော ယန်ထျန်းထံသို့ လက်သီး တစ်လုံး ပစ်သွင်းလိုက်၏။
“ခွပ်…"
ယန်ထျန်းး၏ မျက်နှာသည် နောက်တစ်ကြိမ် မဲ့သွားပြီး အလျင်အမြန် ရှောင်တိမ်းလိုက်ရာ ဖုန်းဝူချန်က မြေပြင်သို့ ထိုးစိုက်လိုက်သော လက်သီးကို ရှောင်နိုင်ခဲ့သည်။ အားကောင်းသော အင်အားကြောင့် မြေကြီးသည် တုန်ခါသွားပြီး မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းငယ်များ ထင်ကျန်ရစ်ခဲ့၏။
...
"ချီသန့်စင်ခြင်းဘုံ အဆင့်တစ်က ဒီလောက်ပဲလား..."
ဖုန်းဝူချန်က ယန်ထျန်းကို မထီမဲ့မြင်ပြုကာ ကြည့်ရင်း လှောင်ပြောင်လိုက်သည်။
"ဟမ့်...။ သိုင်းပညာရဲ့ အစွမ်းကို မြည်းစမ်းကြည့်လိုက်စမ်း..."
ယန်ထျန်းး၏ မျက်နှာသည် ကြမ်းကြုတ်စွာ ရှုံ့မဲ့သွားပြီး ပြင်းထန်စွာ ရှေ့သို့ ပြေးဝင်သွားကာ သူ၏ကိုယ်ထဲမှ အစစ်အမှန်ချီကို နောက်တစ်ကြိမ် လှုံ့ဆော်လိုက်သည်။ သူ၏လက်ဝါးမှ မီးရောင်ဖျော့ဖျော့ ထုတ်လွှတ်နေသည်။
"အဝါရောင်အဆင့် အဆင့်နိမ့် သိုင်းပညာ...။ မီးလျှံလက်ဝါး..."
ယန်ထျန်းးက မာန်သွင်းလိုက်ပြီး ဖုန်းဝူချန်ထံသို့ အဝေးမှ လက်ဝါးဖြင့် ရိုက်ချလိုက်ရာ မီးလျှံတစ်ခု ထွက်ပေါ်လာသည်။
မီးလျှံလက်ဝါးသည် မီးဓာတ်သိုင်းပညာတစ်ခုဖြစ်ပြီး ၎င်း၏အစွမ်းသည် ထုတ်ဖော်အသုံးပြုသည့်အခါ ပို၍ပြင်းထန်လာတတ်သည်။
အစစ်အမှန်ချီကို စုစည်းနိုင်သရွေ့ သိုင်းပညာများကို ကျင့်ကြံနိုင်လေသည်။ သိုင်းပညာများကို ထုတ်ဖော်အသုံးပြုရန် အစစ်အမှန်ချီ၏ စွမ်းအား လိုအပ်လေသည်။
ခန္ဓာကိုယ်သန့်စင်ခြင်းဘုံ အဌမ အလွှာတွင် ရှိနေသော ဖုန်းဝူချန်သည် သိုင်းပညာများကို ထုတ်ဖော်အသုံးမပြုနိုင်သည်မှာ ထင်ရှားနေသည်။
ယန်ထျန်း၏ သိုင်းပညာကို ရင်ဆိုင်ရသောအခါ ဖုန်းဝူချန်သည် မဖြုံရုံသာမက ရှေ့သို့ပင် ပြေးဝင်သွား၏။ သူ၏ပုံရိပ်သည် ဘေးတစ်ဖက်တစ်ချက်သို့ လျင်မြန်စွာ ရွေ့လျားသွားရာ ယခင်ကထက်ပင် ပို၍ မြန်ဆန်နေလေသည်။
"ကျွမ်းကျင်အောင် မကျင့်ရသေးတဲ့ သိုင်းပညာတွေနဲ့ မင်းကိုယ်မင်း အရှက်ခွဲရဲသေးတယ်..."
ဖုန်းဝူချန်က ခနဲ့တဲ့တဲ့ ရယ်လိုက်ပြီး ယန်ထျန်းး သူ၏ သိုင်းပညာကို ထုတ်ဖော်အသုံးပြုနေစဉ် အကွာအဝေးကို လျင်မြန်စွာ ကျုံ့လိုက်သည်။
"သတိထား... ထျန်းအာ..."
ယန်ချင်းယွင်၏ မျက်နှာအမူအရာသည် သိသိသာသာ ပြောင်းလဲသွားပြီး စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
"အိပ်မက်မက်နေလိုက်..."
ယန်ထျန်းးက အေးစက်စက် တုံ့ပြန်လိုက်ပြီး အနားသို့ ချဉ်းကပ်လာသော ဖုန်းဝူချန်ထံသို့ နောက်ထပ် မီးလျှံလက်ဝါး ရိုက်ချက်
တစ်ခုဖြင့် သူ၏ လက်ဝါးကို လျင်မြန်စွာ မြှောက်လိုက်သည်။
သို့သော် ဤလက်ဝါးရိုက်ချက်အပြီးတွင် ယန်ထျန်း ချက်ချင်းပင် နောင်တရသွားသည်။
"ခွီးခွီး..မင်း ထောင်ချောက်မိသွားပြီ..."
ဖုန်းဝူချန်က အထင်တသေး ရယ်လိုက်သည်။
တဆက်တည်း၌ သူ၏ခန္ဓာကိုယ်သည် လျင်မြန်စွာ အောက်သို့ငုံ့ချလိုက်ပြီး သူ၏ခေါင်းသည် ယန်ထျန်း၏ လက်ဝါးအောက်မှ သီသီလေး ဖြတ်သွားစဉ် သူ၏ညာလက်သီးမှာ အပေါ်သို့ ပင့်နှင့်နေပြီ ဖြစ်သည်။
“အွတ်.."
ဖုန်းဝူချန်၏ ရက်စက်သော လက်သီးချက်သည် ယန်ထျန်း၏ ဝမ်းဗိုက်ကို တည့်တည့်မတ်မတ် ထိမှန်သွား၏။ ကြမ်းကြုတ်သော အင်အားကြောင့် ယန်ထျန်းသည် သုံးလေးမီတာအကွာသို့ လွင့်စင်သွားကာ နာကျင်မှုသည် ချက်ချင်းပင် သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။
ယန်ထျန်းသည် သူ၏ဝမ်းဗိုက်ကို ဖိကိုင်ရင်း မြေပြင်ပေါ်တွင် လူးလိမ့်နေပြီး ပြင်းထန်သော နာကျင်မှုကြောင့် သူထရန်ပင် ခက်ခဲနေသည်မှာ ထင်ရှားနေသည်။
"ဘယ်... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
ယန်ထျန်းသည် သူ၏စိတ်ထဲတွင် အကြီးအကျယ် ထိတ်လန့်
တုန်လှုပ်နေသည်။ သူ၏ ကျင့်ကြံမှုသည် ချီသန့်စင်ခြင်းဘုံ ပထမအလွှာတွင် ရှိနေသော်လည်း ဖုန်းဝူချန်၏ လက်သီးတစ်ချက်ကို မခုခံနိုင်ခဲ့ပေ။
ထိုအချိန်တွင် သိုင်းပြိုင်ကွင်းတစ်ခုလုံး မှင်သက်တိတ်ဆိတ်သွားသည်။ မျက်လုံးများသည် ထိတ်လန့်မှုကြောင့် ပြူးကျယ်နေကြတော့၏။
"သခင်လေး..."
ယန်မိသားစုဝင်များ ထိတ်လန့်တကြား ဖြစ်သွားကြသည်။
ယန်ချင်းယွင်သည် ပို၍ပင် ထိတ်လန့်သွားပြီး သူ၏ခန္ဓာကိုယ်မှာ တောင့်တင်းနေသည်။ ဖုန်းဝူချန်သည် ယန်ထျန်းကို လက်သီး
တစ်ချက်တည်းဖြင့် အလဲထိုးနိုင်လောက်အောင် လွှမ်းမိုးနိုင်သော အစွမ်းအစ ပိုင်ဆိုင်ထားလိမ့်မည်ဟု သူတစ်ခါမှ စိတ်ကူးမကြည့်ခဲ့ဖူးပေ။
"သခင်လေးဖုန်းက ယန်ထျန်းကို လက်သီးတစ်ချက်တည်းနဲ့ အလဲထိုးလိုက်တယ်..."
"အရမ်းအားကောင်းတာပဲ...။ မယုံနိုင်လောက်အောင် အားကောင်းတာပဲ...။ ခန္ဓာကိုယ်သန့်စင်ခြင်းဘုံက ချီသန့်စင်ခြင်းဘုံကို အနိုင်ယူလိုက်တယ်..."
"ငါမျက်စိမှားနေတာလား...။ ယန်ထျန်း တကယ်ရှုံးသွားတာလားဟေ..."
ကြည့်ရှုနေသော လူအုပ်ကြီးသည် ထိတ်လန့်လွန်း၍ သူတို့၏
စကားများမှာ တောင့်တင်းနေပြီး မျက်နှာများမှာ အမူအရာမဲ့နေကြသည်။
"ချန်အာ...။ ကောင်းတယ်...။ ပြိုင်ဘက်ကို လက်သီး တစ်ချက်တည်းနဲ့ အနိုင်ယူလိုက်တယ်...။ ဟား ဟား..."
ဖုန်းကျန့်ရှုံးက ပျော်ရွှင်စွာ အော်ရယ်လိုက်သည်။
ဖုန်းမိသားစုကို ကြည့်လိုက်သောအခါ သူတို့သည် ထိုအချိန်တွင် ပို၍ပင် စိတ်လှုပ်ရှားနေကြ၏။ အဆက်မပြတ် အားပေးသံများဖြင့် သူတို့၏ မျက်နှာများမှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေကြသည်။
"ချီသန့်စင်ခြင်းဘုံ ပထမအလွှာက ဒီလောက် အားနည်းတာလား...။ လက်သီး တစ်ချက်တောင် မခံနိုင်ဘူးလား...။ မင်းရဲ့အားနည်းချက်တွေက ဘာတွေလဲဆိုတာ ငါ ပြောပြရမလား..."
ဖုန်းဝူချန်က တစ်လှမ်းချင်း ချဉ်းကပ်ရင်း လှောင်ပြောင်လိုက်သည်။
"ဘုန်း..."
ဖုန်းဝူချန်က သူ့စကားဆုံးသည်နှင့် ခြေဖြင့်ကန်ထုတ်လိုက်ရာ “အုန်း" ဟူသော အသံနှင့်အတူ ယန်ထျန်းသည် မီတာအနည်းငယ်အကွာသို့ လွင့်စင်သွားပြီး ပွန်းပဲ့ဒဏ်ရာများစွာ ရရှိသွားသည်။
"တကယ်တော့ မင်းရဲ့အစွမ်းက ငါ့အထက်မှာ ရှိပါတယ်...။ ဒါပေမဲ့ ဒါက ယာယီပဲ...။ မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတယ်...။ ချီသန့်စင်ခြင်းဘုံကို ချိုးဖောက်ပြီးတာနဲ့ မင်းကိုယ်မင်း အားကောင်းတယ်လို့ ထင်နေတာ...။ အရည်အချင်းညံ့တာက အစွမ်းအစအားနည်းတယ်လို့ မဆိုလိုဘူး...။ မင်းက မင်းပြိုင်ဘက်ကို အထင်သေးခဲ့တယ်...။ ဒါက ပထမအချက်ပဲ..."
"မင်းကျင့်ကြံခဲ့တဲ့ သိုင်းပညာက ကျွမ်းကျင်သေးတာမဟုတ်ဘူး...။ သာမန်တိုက်ကွက်တွေတောင် အမှားတွေအပြည့်နဲ့...။ အတင်းအကျပ်သုံးစွဲတာက အစစ်အမှန်ချီကို ပိုပြီးကုန်ဆုံးစေရုံပဲ...။ မင်းရဲ့အစွမ်း လျော့နည်းလာတာကို မင်းသတိမထားမိဘူးလား...။ ဒါက ဒုတိယအချက်ပဲ..."
"တိုက်ပွဲမှာ မင်းက စိတ်လှုပ်ရှားပြီး စိတ်တိုလွယ်တယ်...။ ဒါက ကျင့်ကြံသူတွေအတွက် ရှောင်ကြဉ်ရမယ့်အရာပဲ...။ ဒါက တတိယအချက်...။ ဒါတွေက မင်းရဲ့အားနည်းချက်တွေပဲ...။ မင်းက အရမ်းအားနည်းလွန်းတယ်..."
ဖုန်းဝူချန်သည် ဆရာတစ်ဦးက ကျောင်းသားတစ်ဦးကို သင်ကြားပေးနေသည့်အလား အချက်များကို တစ်ခုပြီးတစ်ခု စာရင်းပြုစုပြလိုက်သည်။
"ဘုန်း..."
“ဂျွတ်..."
စကားဆုံးသည်နှင့် ဖုန်းဝူချန်သည် မဆိုင်းမတွဘဲ ယန်ထျန်း၏ ခြေထောက်ကို "ဘုန်း" ဟူသော အသံနှင့်အတူ နင်းချလိုက်ပြီး “ဂျွတ်" ဟူသော အသံတစ်ခု ထွက်ပေါ်လာသည်။ သူ၏ခြေထောက်သည် ဖုန်းဝူချန်၏ နင်းခြေမှုအောက်တွင် ကျိုးသွားခဲ့သည်။
"အား..."
ယန်ထျန်း၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားပြီး စူးရှသော အော်သံတစ်ခု ထွက်ပေါ်လာသည်။
"ငါ မင်းခြေထောက်ကို ချိုးမယ်လို့ ပြောခဲ့တယ်...။ ငါ ပြောတဲ့အတိုင်း လုပ်တယ်...။ ထွက်သွားတော့...ဟွန့်"
ဖုန်းဝူချန်က ခနဲ့တဲ့တဲ့ ရယ်လိုက်ပြီး နောက်တစ်ကြိမ် ကန်ထုတ်လိုက်ရာ အော်ဟစ်နေသော ယန်ထျန်းကို စင်မြင့်ပေါ်မှ လွင့်စင်သွားစေသည်။
"ထျန်းအာ..."
ယန်ချင်းယွင်သည် ထိတ်လန့်တကြားဖြင့် ပြေးသွားသည်။ ယန်မိသားစု၏ အထက်တန်းလွှာများမှာ အလွန်အမင်း စိုးရိမ်ပူပန်နေကြသည်။
"ဖေဖေ...။ ကျွန်တော့်ခြေထောက် ကျိုးသွားပြီ...။ ကျွန်တော့်အတွက် လက်စားချေပေးပါ...။ ဖုန်းဝူချန်ကို သတ်ပစ်လိုက်ပါ..."
ယန်ထျန်းက ထိတ်လန့်တကြားနှင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"လွန်လွန်းသွားပြီ...။ ဖုန်းဝူချန်...။ မင်းငါ့သားခြေထောက်ကို ချိုးရဲတယ် ပေါ့..."
ယန်ချင်းယွင်သည် ဒေါသဖြင့် ပေါက်ကွဲသွားပြီး လူသတ်စိလိုတ်များ တောက်လောင်နေသည်။
ဤသည်မှာ ဖုန်းဝူချန် ခြေထောက်များ ကျိုးသွားစေခဲ့သော ယန်မိသားစု၏ တတိယမြောက် လူငယ်ဖြစ်ပြီး ယန်မိသားစု၏ လူငယ်ပါရမီရှင်များအားလုံး ဖုန်းဝူချန်၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသည်။
ဤစကားကို ကြားသောအခါ ဖုန်းဝူချန်သည် ကြောက်ရွံ့ခြင်းမရှိဘဲ ခနဲ့တဲ့တဲ့ ရယ်လိုက်သည်။
“ကျုပ် သူ့ကို မသတ်ခဲ့တာတောင် သနားညှာတာမှု ပြလိုက်တာပဲ..."
"လူယုတ်မာ..."
ယန်ချင်းယွင်က ဟိန်းဟောက်လိုက်ပြီး စင်မြင့်ပေါ်သို့ ဒေါသတကြီး ခုန်တက်သွားသည်။
"ယန်ချင်းယွင်...။ မင်းကများ..."
ဖုန်းကျန့်ရှုံးက ဟိန်းဟောက်လိုက်ပြီး ချက်ချင်းပင် စင်မြင့်ပေါ်သို့ ခုန်တက်သွားကာ ယန်ချင်းယွင်နှင့် ပြင်းထန်သော တိုက်ပွဲတစ်ခု ဆင်နွှဲရန် အသင့်ရှိနေပုံရသည်။
"မင်းက ငါ့ကို ကြောက်တယ်များ ထင်နေလား..."
ယန်ချင်းယွင်ကလည်း ကြမ်းကြုတ်စွာ ပြန်လည် ကြိမ်းမောင်းကာ ဒေါသထွက်နေသော ကျားတစ်ကောင်ကဲ့သို့ ရှေ့သို့ပြေးဝင်သွားလေ၏။ သူ၏အရှိန်အဝါမှာ အလွန်အမင်း အားကောင်းလှသည်။