← Chapters

ဝမ်ပေါင်ကုန်တိုက်…

Vol. 1 Ch. 7

ဝမ်ပေါင်ကုန်တိုက်…

Vol. 1 Ch. 7

~ဝမ်ပေါင်ကုန်တိုက်။

သိုင်းပြိုင်ကွင်းမှ ထွက်လာပြီးနောက် ဖုန်းဝူချန်နှင့် သူ၏အဖော်

နှစ်ယောက်သည် ပြိုင်ဘက်ကင်းမြို့၏ ဝမ်ပေါင်ကုန်တိုက်သို့ ရောက်ရှိလာခဲ့ကြသည်။

ဝမ်ပေါင်ကုန်တိုက် ဟူသော အမည်နှင့်အညီ ထိုနေရာသည် မရေမတွက်နိုင်သော ရတနာများ စုဝေးရာ နေရာ တစ်ခု ဖြစ်ပါ၏။ သိုင်းပညာများ၊ ကျင့်စဉ်များ၊ လက်နက်များ၊ ဆေးလုံးများ၊ ကုန်ကြမ်းများနှင့် အခြားများစွာသော အရာများ ရှိသည့်အပြင် ပြိုင်ဘက်ကင်းမြို့တွင် အစည်ကားဆုံးနေရာလည်း ဖြစ်လေသည်။

ဝမ်ပေါင်ကုန်တိုက်ထဲသို့ ဝင်လိုက်သည်နှင့် ရှောင်လန်က စပ်စုစွာ မေးလိုက်သည်။

"သခင်လေး... ဘာဝယ်ချင်လို့လဲဟင်"

ဖုန်းဝူချန်က ပြန်ဖြေသည်။

"သက်တန့်ရောင်ဆေးရည်"

"သက်တန့်ရောင်ဆေးရည်...။ ဖုန်းမိသားစုမှာ အဲ့ဒါတွေ မရှိလို့လား"

ရှောင်လန်က နားမလည်စွာ မေးလိုက်၏။ အိမ်မှာရှိနေလျက်နှင့် ဘာကြောင့် ထပ်ဝယ်ရန် လိုအပ်သည်ကို သူမ တွေး၍မရပေ။

...

အစောပိုင်းက အကြီးအကဲစုကို ဖုန်းဝူချန် ငြင်းပယ်ခဲ့သည်ကို ပြန်တွေးမိတိုင်း ရှောင်လန်မှာ နားမလည်နိုင် ဖြစ်ရသည်။ ယခုလည်း သက်တန့်ရောင်ဆေးရည်ကို လာဝယ်ပြန်ပြီ။ ဖုန်းဝူချန်မှာတော့ ကုရာနတ္ထိ ဆေးမရှိတော့ဟု ရှောင်လန်တစ်ယောက် သေချာပေါက် တွေးလိုက်မိတော့သည်။

လင်းယိုကတော့ ဘာမှ အမှုမထားပေ။ သူက ဖုန်းဝူချန် အကြီးအကဲစုကို ဘာကြောင့် ငြင်းပယ်ခဲ့သည်ကိုသာ တွေးတောနေဆဲ ဖြစ်ပြီး ဝိညာဉ် အရည်ကို သိပ်အာရုံမစိုက်အားပေ။

"ဒါက လျှို့ဝှက်ချက်...။ ငါ့မိဘတွေကို ပြန်မပြောရဘူးနော်... ကြားလား"

ဖုန်းဝူချန်က လေသံတိုးတိုးဖြင့် ပြောလိုက်၏။ သူ၏ လေသံမှာ အနည်းငယ် အေးစက်နေသဖြင့် ရှောင်လန်မှာ ကြောက်လန့်ကာ ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်ရရှာသည်။

ယနေ့ ဝမ်ပေါင်ကုန်တိုက်သည် လူတိုင်းက သိုင်းပြိုင်ကွင်းသို့ သွားနေကြသောကြောင့် အနည်းငယ် တိတ်ဆိတ်နေ၏။

"အလို... ဖုန်းသခင်လေးပါလား...။ ရှားရှားပါးပါးပါပဲလား...။ လင်းသခင်လေးလည်း ပါတာကိုး"

သူတို့ ဝမ်ပေါင်ကုန်တိုက်ထဲသို့ ဝင်လိုက်သည်နှင့် လူလတ်ပိုင်းအရွယ် လူတစ်ယောက်က ချက်ချင်းပင် ထွက်ကြိုနှုတ်ဆက်သည်။ သူက ဝမ်ပေါင်ကုန်တိုက်၏ တာဝန်ခံ ကျန်းဟန် ဖြစ်လေသည်။

လင်းယိုကို မြင်ရသည်မှာ အထူးအဆန်း မဟုတ်သော်လည်း ဖုန်းဝူချန်ကို တွေ့လိုက်ရသည်ကတော့ အံ့ဩစရာပင်။

ဒါက ဝမ်ပေါင်ကုန်တိုက်သို့ ဖုန်းဝူချန်၏ ပထမဆုံး ရောက်လာမှု ဖြစ်ပါသည်။

"ဖုန်းသခင်လေး... ဒီနေ့ ထျန်းယန်အကယ်ဒမီက ကျောင်းသားသစ် စုဆောင်းနေတာ မဟုတ်ဘူးလား...။ ဘာလို့ ဝမ်ပေါင်ကုန်တိုက်ကို ရောက်လာရတာလဲ...။ အော်... ဟုတ်သားပဲ...။ ကျွန်တော်လည်း မေ့တော့မလို့...။ ဖုန်းသခင်လေးက ဒုတိယတန်းစား သိုင်းဝိညာဉ်ပဲ နိုးထခဲ့တာဆိုတော့ ထျန်းယန်အကယ်ဒမီကို ဝင်ခွင့်မရှိဘူးပဲ"

ကျန်းဟန်က ယဉ်ကျေးပုံရသော အပြုံးဖြင့် ပြောလိုက်သော်လည်း သူ၏စကားလုံးများထဲတွင် လှောင်ပြောင်မှုများ အပြည့်ပါဝင်နေသည်။

"မင်းရဲ့ ပါးစပ်ပုပ်ကြီးကို ပိတ်ထားစမ်း...။ မဟုတ်ရင် ငါကိုယ်တိုင် ဆွဲဖြဲပစ်မယ်"

လင်းယိုက အေးစက်စွာ ပြောလိုက်၏။ သူ၏ ကြောက်မက်ဖွယ် အကြည့်ကြောင့် ကျန်းဟန်မှာ တုန်လှုပ်သွားသည်။

ကျန်းဟန်သည် ဝမ်ပေါင်ကုန်တိုက်မှ တာဝန်ခံတစ်ဦးမျှသာ ဖြစ်သဖြင့် လင်းယိုကို မဆွပေးရဲပေ။

"သက်တန့်ရောင်ဆေးရည် ဆယ်ပုလင်း ဝယ်ချင်တယ်...။ သွားပြင်ထားလိုက်"

ဖုန်းဝူချန်က မျက်နှာသေဖြင့် ပြောလိုက်သည်။ သူကတော့ နည်းနည်းလေးမှ စိတ်ဆိုးပုံမရပေ။

"သက်တန့်ရောင်ဆေးရည်...။ အကြီးအကဲဖုန်းက မလုပ်ပေးနိုင်လို့လား...။ ဖုန်းမိသားစုရဲ့ ဆိုင်တွေမှာတောင် ရောင်းနေတာကို ဖုန်းသခင်လေးက ဘာလို့ ထပ်ဝယ်နေရတာလဲ"

ကျန်းဟန်က ဖုန်းဝူချန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

သူ့မှာ ပိုက်ဆံတွေ အရမ်းပေါပြီး သုံးစရာ နေရာ မရှိတော့ဘူးလားဟု တွေးလိုက်မိသည်။

"ငါ ခိုင်းရင် သွားလုပ်လိုက်လေ...။ ဘာလို့ ဒီလောက် စကားများနေရတာလဲ"

လင်းယိုက နောက်တစ်ကြိမ် ဆူပူလိုက်ပြန်သည်။

"ဟုတ်ကဲ့... ဟုတ်ကဲ့...။ ကျွန်တော် ချက်ချင်းသွားလိုက်ပါ့မယ်"

ကျန်းဟန်က ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြလိုက်သည်။

"လင်းယို... အကြီးအကဲစုလည်း မကြာခင် ပြန်တော့မှာ...။ မင်းလည်း ပြန်တော့လေ"

ဖုန်းဝူချန်က လင်းယိုကို ကြည့်ရင်း ပြောလိုက်သည်။

"အစ်ကိုကြီးဖုန်း... အစ်ကိုကြီး ဘာလို့ ထျန်းယန်အကယ်ဒမီကို မသွားချင်တာလဲဆိုတာ ကျွန်တော့်ကို ပြောပြလို့ရမလား"

လင်းယိုက လေးလေးနက်နက် မေးလိုက်သည်။

"မင်း တုံးနေတာလား...။ ငါ့ရဲ့ ဒုတိယတန်းစား သိုင်းဝိညာဉ်နဲ့ ဟိုကို သွားရင် သူတို့ရဲ့ ဟားတိုက်စရာပဲ ဖြစ်နေမှာပေါ့...။ ငါက အဲ့ဒီလို မျက်နှာအပျက်မခံနိုင်ဘူး...။ ပြီးတော့... မော့လင်အာကလည်း အဲ့ဒီအကယ်ဒမီမှာ ရှိနေတာ...။ ငါက ဘာသွားလုပ်ရမှာလဲ"

ဖုန်းဝူချန်က ပခုံးတွန့်ကာ အေးဆေးစွာ ပြုံးရင်း ပြောလိုက်သည်။

လင်းယို၏ ပခုံးကို ပုတ်လိုက်ရင်း ဖုန်းဝူချန်က ဆို၏။

"မင်းမှာ အရည်အချင်းကောင်းတွေ ရှိတယ်...။ ကြိုးစား...။ မင်းအဖေကို စိတ်မပျက်စေနဲ့"

"စိတ်ချပါ အစ်ကိုကြီးဖုန်း...။ ကျွန်တော် သေချာပေါက် ကြိုးစားမှာပါ...။ ဂရုစိုက်ပါ အစ်ကိုကြီးဖုန်း"

လင်းယိုက ခိုင်မာစွာ ခေါင်းညိတ်လိုက်ပြီး သူသိချင်တာတွေ သိရမှပင် ထွက်ခွာသွားတော့သည်။

လင်းယိုကို နှုတ်ဆက်လိုက်ပြီးနောက် ဖုန်းဝူချန်မှာ အနည်းငယ် နှမြောတသ ဖြစ်မိသလို ခံစားလိုက်ရ၏။

"ဖုန်းသခင်လေး... ဒါက သခင်လေးအတွက် သက်တန့်ရောင်ဆေးရည် ဆယ်ပုလင်းပါ"

မကြာမီပင် ကျန်းဟန်က သက်တန့်ရောင်ဆေးရည် ဆယ်ပုလင်းကို ယူဆောင်လာခဲ့သည်။

အစပိုင်းတွင် သူက အလွန်ယဉ်ကျေးသော်လည်း လင်းယိုမရှိတော့သည်ကို မြင်သောအခါ သူ၏ သဘောထားမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။

ဖုန်းဝူချန်က လှမ်းယူရန် လက်လှမ်းလိုက်စဉ်မှာပင် ကျန်းဟန်က ဆေးပုလင်းများကို ဖယ်လိုက်ပြီး ခနဲ့တဲ့တဲ့ ပြုံးကာ ပြောသည်။

"ဖုန်းသခင်လေး... ပိုက်ဆံမရှင်းရသေးဘူးနော်...။ သက်တန့်ရောင်ဆေးရည် တစ်ပုလင်းကို ရွှေဒင်္ဂါး သုံးရာ"

"ဘာ...။ ရွှေဒင်္ဂါး သုံးရာ...။ နင်က ဓားပြတိုက်နေတာပဲ"

ဒီစကားကို ကြားသောအခါ ရှောင်လန်မှာ ချက်ချင်းပင် ဒေါသပေါက်ကွဲသွားတော့သည်။

သက်တန့်ရောင်ဆေးရည်သည် အဖိုးတန်သော ဝိညာဉ်အရည် မဟုတ်ပေ။ ၎င်းသည် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ရှိသူများ၏ ကျင့်ကြံမှုအရှိန်ကို မြှင့်တင်ပေးရန်အတွက်သာ ဖြစ်ပြီး တစ်ပုလင်းလျှင် ရွှေဒင်္ဂါး တစ်ရာသာ တန်လေသည်။

ကျန်းဟန်က ဖုန်းဝူချန်ကို တမင်သက်သက် အခက်တွေ့အောင် လုပ်နေခြင်း ဖြစ်သည်။

"သက်တန့်ရောင်ဆေးရည်က အခုနောက်ပိုင်း ဈေးတက်သွားတယ်...။ တစ်ပုလင်းကို ရွှေဒင်္ဂါး သုံးရာ...။ ယူရင်ယူ မယူရင်နေ...။ မင်းတို့ ဖုန်းမိသားစုက ချမ်းသာတာပဲ...။ ငါတို့အတွက်တော့ ရောင်းရောင်း မရောင်းရောင်း ဘာမှမထူးဘူး"

ကျန်းဟန်က လှောင်ရယ်သံနှင့်အတူ ပြောလိုက်သည်။

ရှောင်လန်က သူ့ကို ဆဲဆိုရန် ဟန်ပြင်လိုက်စဉ်မှာပင် ဖုန်းဝူချန်က သူမကို တားလိုက်ပြီး အေးစက်စွာ ဆို၏။

"သက်တန့်ရောင်ဆေးရည် နောက်ထပ် အပုလင်းနှစ်ဆယ် ထပ်ယူမယ်...။ ဒါပေမဲ့ အရင်ဆုံး ငါ့ကို လက်နက်တွေ လိုက်ပြ"

"ဖုန်းသခင်လေးက ဘယ်လိုလက်နက်မျိုးကို လိုချင်တာလဲ သိပါရစေ...။ ဝမ်ပေါင်ကုန်တိုက်က လက်နက်တွေက တော်တော်ဈေးကြီးတယ်နော်"

ကျန်းဟန်က လမ်းပြရင်း ပြောလိုက်သည်။ သူ၏လေသံမှာ မနှစ်မြို့ဖွယ်ဖြစ်ပြီး ဖုန်းဝူချန်ကို ဧည့်သည်တစ်ယောက်ကဲ့သို့ လုံးဝပင် မဆက်ဆံပေ။

ဖုန်းဝူချန်က အေးစက်စွာ ပြန်ပြောလိုက်သည်။

"အရင်ဆုံး တစ်ချက်လောက် ကြည့်ကြည့်ရအောင်"

"သခင်လေးက ဘယ်တုန်းက ဒီလောက် စိတ်ကောင်းဝင်သွားတာလဲ"

ရှောင်လန်က အံ့ဩစွာ ရေရွတ်လိုက်သည်။ ယနေ့ ဖုန်းဝူချန်၏ အပြုအမူများမှာ အနည်းငယ် ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်နေသည်ဟု သူမ ခံစားမိသည်။

ယခင်က ဖုန်းဝူချန်၏ စိတ်နေစိတ်ထားအရဆိုလျှင် သူသည် တိတ်ဆိတ်စွာ သည်းခံနေမည်မဟုတ်ဘဲ ရန်ဖြစ်နေလောက်ပြီ ဖြစ်သည်။

လက်နက်ခန်းထဲတွင် လက်နက်မျိုးစုံကို ခင်းကျင်းပြသထား၏။ ၎င်းဘေးတွင်မူ မှော်အသုံးအဆောင် မျိုးစုံနှင့် ပြည့်နေသော အခန်းတစ်ခန်း ရှိလေသည်။

အသုံးအဆောင်များနှင့် လက်နက်များကို အဆင့်အလိုက် ခွဲခြားထားသည်။ နိမ့်သည်မှ မြင့်သည်အထိ- မှော်အသုံးအဆောင်၊ ရတနာအသုံးအဆောင်၊ ဝိညာဉ်အသုံးအဆောင်၊ အင်မော်တယ် အသုံးအဆောင်နှင့် နတ်ဘုရား

အသုံးအဆောင်တို့ဖြစ်ပြီး တစ်ခုချင်းစီကို အဆင့်နိမ့်၊ အလယ်အလတ်နှင့် အဆင့်မြင့်ဟူ၍ သုံးမျိုး ခွဲခြားထားပြန်သည်။

ဝမ်ပေါင်ကုန်တိုက်တွင် လက်နက်များနှင့် မှော်အသုံးအဆောင်များစွာ ရှိသော်လည်း ၎င်းသည် မြို့ငယ်လေးတစ်မြို့မှ ဆိုင်တစ်ဆိုင်မျှသာ ဖြစ်သောကြောင့် လက်နက်များနှင့် မှော်အသုံးအဆောင်အားလုံးမှာ မှော်အသုံးအဆောင်များသာ ဖြစ်ကြသည်။

ရတနာအသုံးအဆောင်များနှင့် ဝိညာဉ်အသုံးအဆောင်များကို အစွမ်းထက်သော မြို့ကြီးများနှင့် ဂိုဏ်းများကသာ ပိုင်ဆိုင်ကြသည်။ ကျင့်စဉ်များနှင့် သိုင်းပညာများကဲ့သို့ပင် မှော်လက်နက် သို့မဟုတ် လက်နက်သည် အစွမ်းထက်လေလေ အဖိုးတန်ပြီး ရှားပါးလေလေ ဖြစ်သည်။

ဖုန်းဝူချန်က ပတ်ပတ်လည်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး သူ့ဘာသာ တွေးလိုက်သည်။

'သာမန်လက်နက်တွေက သံကောင်းနဲ့လုပ်ထားတာ...။ ငါကတော့ နက်နဲတဲ့သံနဲ့ လုပ်ထားတဲ့တစ်ခုလောက် တွေ့ချင်တာ...'

ဖုန်းဝူချန်၏ အကြည့်သည် နောက်ဆုံးတွင် တူတစ်လက်ပေါ်သို့ ကျရောက်သွားပြီး သူက ပြောလိုက်သည်။

"ငါ ဒီဟာကို ယူမယ်"

"ရွှေဒင်္ဂါး သုံးထောင်"

ကျန်းဟန်က ကြည့်ပင်မကြည့်ဘဲ ဈေးနှုန်းကို ပြောလိုက်သည်။

"မင်း တမင်ဈေးတင်နေတာ...။ အဆင့်နိမ့်မှော်အသုံးအဆောင်တွေအားလုံးက ရွှေဒင်္ဂါး တစ်ထောင်ပဲရှိတာ...။ သခင်လေး... သူက ကျွန်မတို့ကို တမင်သက်သက် အခက်တွေ့အောင် လုပ်နေတာပါ"

ရှောင်လန်က ဒေါသတကြီး ပြောလိုက်သည်။ သူမ၏ ပါးများမှာ ဖောင်းကားလာပြီး ကျန်းဟန်ကို နံရံနှင့်ကပ်သွားအောင် ပါးရိုက်ပစ်လိုက်ချင်စိတ် ပေါက်သွားသည်။

"ငါက အခက်တွေ့အောင် လုပ်နေတယ်ဆိုရင်တောင် ဘာဖြစ်လဲ...။ သူက ဒုတိယတန်းစား သိုင်းဝိညာဉ်နဲ့ အမှိုက်တစ်ကောင်ပဲ...။ ငါတို့က လက်နက်ဈေးကို တင်လိုက်ပြီ...။ မလိုချင်ရင် ထွက်သွား"

ကျန်းဟန်က လက်နှစ်ဖက်ကို ဖြန့်လိုက်ပြီး အလွန်ပင် လက်သီးနှင့် ထိုးချင်စရာကောင်းသော အကြည့်ဖြင့် ခွီခနဲ ရယ်လိုက်သည်။

ဖုန်းဝူချန်က သူ့ကို လျစ်လျူရှုလိုက်ပြီး ရှောင်လန်ဘက်သို့ ပြုံးကာ ပြောလိုက်၏။

"ရှောင်လန်... ငါ မင်းကို မှော်ရတနာတွေ လိုက်ပြမယ်...။ ကြိုက်တာရှိရင် ပြောသာပြော"

ရတနာခန်းထဲတွင် ဖုန်းဝူချန်က သိုလှောင်လက်စွပ်တစ်ကွင်းကို ဖြစ်သလို ကောက်ယူလိုက်သည်။ သိုလှောင်လက်စွပ်များမှာ အလွန်အဖိုးတန်သောကြောင့် ကျန်းဟန်၏ ဈေးနှုန်းမှာ ရွှေဒင်္ဂါး တစ်သောင်း ဖြစ်လေသည်။

ဖုန်းဝူချန်က ဈေးမဆစ်ဘဲ ပစ္စည်းများကို ဆက်လက်ရွေးချယ်နေသည်။

အချိန်ကြာလာသည်နှင့်အမျှ နာရီဝက်ခန့်အကြာတွင် ဖုန်းဝူချန်သည် ရတနာ ဒါဇင်ပေါင်းများစွာကို ရွေးချယ်ပြီးလေပြီ။ သူရွေးလေလေ ပစ္စည်းများက ဈေးကြီးလေလေဖြစ်ပြီး သူဌေးသားတစ်ဦးကဲ့သို့ ပိုက်ဆံကို ဘာမှမထင်သလို သုံးစွဲနေသည်။

ရတနာအားလုံးကို ပေါင်းလိုက်လျှင် ကျန်းဟန်ပေးသော ဈေးနှုန်းများအရ အနည်းဆုံး ရွှေဒင်္ဂါး တစ်သိန်းကျော် ရှိပေလိမ့်မည်။

ဖုန်းဝူချန်က ပစ္စည်းများစွာကို တစ်ပြိုင်နက်တည်း ဝယ်ယူနေသဖြင့် ရှောင်လန်မှာ အလွန်အမင်း စိုးရိမ်နေသည်။ ထိုပမာဏမှာ ရွှေဒင်္ဂါး တစ်သိန်းကျော်ဖြစ်ပြီး ဖုန်းဝူချန်ထံတွင် ထိုမျှလောက်သော ရွှေဒင်္ဂါးများ မရှိသည်ကို ထားလိုက်ဦး... ဖုန်းမိသားစုပင်လျှင် ထိုပမာဏကို အချိန်တိုအတွင်း ရှာဖွေနိုင်မည် မဟုတ်ပေ။

"ဖုန်းသခင်လေး... ရွေးလို့ပြီးပြီလား...။ ဒီရတနာတွေအားလုံးပေါင်း တစ်သိန်းသုံးသောင်းခုနစ်ထောင် ကျပါတယ်...။ ဝယ်ပြီးတာနဲ့ ဝမ်ပေါင်ကုန်တိုက်က ပြန်မလဲပေးဘူး...။ ဒါက စည်းကမ်းပဲ...။ ပိုက်ဆံမရှင်းနိုင်ရင် ဝမ်ပေါင်ကုန်တိုက်က ထွက်သွားဖို့တောင် စိတ်မကူးနဲ့...။ မင်းအဖေလာရင်တောင် အလကားပဲ"

“ဟီးဟီးဟီး ..ဟားဟားဟား…”

“ဖြောင်း ဖြောင်း ဖြောင်း..”

ကျန်းဟန်က လှောင်ရယ်လိုက်ပြီး လက်ခုပ်တီးလိုက်ရာ မကြာမီပင် ဝမ်ပေါင်ကုန်တိုက်ထဲမှ ဗလတောင့်တောင့်၊ ရင်အုပ်

ကျယ်ကျယ်နှင့် လူသန်ကြီး တစ်ဒါဇင်ကျော် ပြေးထွက်လာကြသည်။

ပြိုင်ဘက်ကင်းမြို့တွင် မျိုးနွယ်စုကြီး လေးခု ရှိသော်လည်း ဝမ်ပေါင်ကုန်တိုက်ကိုလည်း အထင်မသေးသင့်ပေ။ ၎င်း၏ ကုန်တိုက်ပိုင်ရှင်သည်လည်း အဆင့်တစ် ဆေးပညာရှင် တစ်ဦး ဖြစ်သည်။

မဟုတ်လျှင် ကျန်းဟန်ကို သတ္တိ ပေါင်တစ်ရာပေးလျှင်ပင် သူ ဖုန်းဝူချန်ရှေ့တွင် ဒီလောက် မာနထောင်လွှားစွာ ပြုမူရဲမည် မဟုတ်ပေ။

" အော်..ဖုန်းမိသားစုက အမှိုက်ကောင်ပဲကိုး...။ ဘာလဲ... ဒီနေ့ ဝမ်ပေါင်ကုန်တိုက်ကို ပြဿနာလာရှာတာလား"

သန်မာသော လူများထဲမှ တစ်ယောက်က လှောင်ရယ်ရင်း ပြောလိုက်သည်။

"ဟိတ်..ပစ္စည်းတွေ ဒီလောက်ဝယ်ပြီး ပိုက်ဆံမရှင်းနိုင်ရင်တော့ မင်း ခြေထောက် တစ်ချောင်းကို ချိုးပစ်မယ်"

နောက်တစ်ယောက်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏ အရုပ်ဆိုးသော ရုပ်သွင်မှာ ကြောက်မက်ဖွယ်ကောင်းပြီး ခြိမ်းခြောက်နေသကဲ့သို့ပင်။

"သခင်လေး... ကျွန်မတို့ ဘာလုပ်ကြမလဲ"

ရှောင်လန်၏ ချောမောသော မျက်နှာလေးမှာ ကြောက်လန့်ကာ ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး တစ်ကိုယ်လုံး တုန်ရီနေရှာသည်။

သူတို့ရှေ့မှ သန်မာသော လူများထဲမှ မည်သူမဆို ဖုန်းဝူချန်ကို အလဲထိုးနိုင်ပြီး တစ်ဒါဇင်ကျော်ဆိုလျှင်တော့ ပြောစရာပင်မလိုတော့။

"ကျန်းဟန်... မင်းအခုချက်ချင်း ငါ့ရှေ့မှာ ဒူးထောက်ပြီး ခွေးတစ်ကောင်လို ဦးချမယ်ဆိုရင် မင်းအသက်ကို ငါချမ်းသာပေးကောင်း ပေးနိုင်တယ်"

ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်သည်။ သူ၏လေသံထဲတွင် ထိတ်လန့်မှု တစ်စိုးတစ်စဉ်းမျှ မပါပေ။

"ငါ့ကို ချမ်းသာပေးမယ်...။ ဟား ဟား"

ကျန်းဟန်မှာ အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း ထို့နောက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"ဖုန်းဝူချန်... မင်းကသာ ငါ့ရှေ့မှာ ဒူးထောက်ပြီး ခွေးတစ်ကောင်လို ဦးချရင် မင်းဝယ်ထားတဲ့ ပစ္စည်းတွေကို ပြန်ပေးခွင့်ပြုလိုက်မယ်...။ ပြီးရင် မင်းကို လေလည်သလို လွှတ်ပေးလိုက်မယ်"

ထိုအခါ ဖုန်းဝူချန်က ကျန်းဟန်၏ အရာအားလုံးကို ထွင်းဖောက်မြင်နေသည့်အလား ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။

"မင်းရဲ့ကျင့်ကြံမှုက လွန်ခဲ့တဲ့ခြောက်လအတွင်း တစ်စက်မှ တိုးတက်မလာခဲ့ဘူး... ဟုတ်တယ်မဟုတ်လား...။ မင်းကျင့်ကြံနေတဲ့ မီးဓာတ်ကျင့်စဉ်က ဘယ်လောက်ပဲ ကျင့်ကျင့် အစစ်အမှန်ချီက ပျံ့လွင့်သွားပြီး စုပ်ယူလို့မရဘူး... ဟုတ်တယ်မဟုတ်လား"

"မင်း... မင်း..ဘယ်လိုလုပ် သိတာလဲ"

ကျန်းဟန်က မျက်လုံးများ ပြူးကျယ်သွားအောင် ထိတ်လန့်စွာ စိုက်ကြည့်လိုက်သည်။

ဤသည်မှာ သူတစ်ယောက်တည်းသာ သိသော လျှို့ဝှက်ချက်ဖြစ်ပြီး အခြားမည်သူ့ကိုမျှ ပြောပြဖူးခြင်း မရှိပေ။ အခြားသူများမှာ လုံးဝမသိကြသော်လည်း ဖုန်းဝူချန်ကမူ တိတိကျကျ ထောက်ပြနိုင်ခဲ့သည်။

"ချီသန့်စင်ခြင်းဘုံ အဆင့်ငါးကို တက်လှမ်းဖို့ ကြိုးစားရင်း ဆေးလုံးတစ်လုံးကို စားပြီး အတင်းအကျပ် အဆင့်တက်ခဲ့လို့ လမ်းလွဲသွားပြီး နောက်ဆက်တွဲ ပြဿနာတွေ ကျန်ခဲ့တာပဲ...။ အခုဆိုရင် မင်းကျင့်ကြံတိုင်း တစ်ကိုယ်လုံးမှာ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားနေရတယ်... ဟုတ်တယ်မဟုတ်လား"

ဖုန်းဝူချန်က ခနဲ့တဲ့တဲ့ ရယ်လိုက်ပြန်သည်။

"မဖြစ်နိုင်ဘူး...။ မင်းသိဖို့ မဖြစ်နိုင်ဘူး...။ ဒီအကြောင်းကို ငါဘယ်သူ့ကိုမှ မပြောဖူးဘူး...။ ကုန်တိုက်ပိုင်ရှင်တောင် မသိတာ...။ မင်းက ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ"

ကျန်းဟန်က ဖုန်းဝူချန်ကို ကြောက်လန့်တကြား ကြည့်ရင်း ပြောလိုက်သည်။

ထွားကျိုင်းသော လူသန်ကြီး တစ်ဒါဇင်ခန့်မှာ တစ်ယောက်ကို တစ်ယောက် ထိတ်လန့်စွာ ပြန်ကြည့်မိလိုက်ကြသည်။

ဖုန်းဝူချန်ပြောသမျှ အားလုံး အမှန်များ ဖြစ်နေလေသလော။

"သခင်လေးက ဘယ်လိုလုပ်ပြီး သိနေတာလဲ"

ရှောင်လန်က ဖုန်းဝူချန်ကို ကြည့်ရင်း မှင်သက်စွာ မေးလိုက်သည်။

ကြောက်လန့်နေသော ကျန်းဟန်ကို ကြည့်ရင်း ဖုန်းဝူချန်က ခနဲ့လိုက်သည်။

"မင်း သေတော့မှာ...။ အလွန်ဆုံး နှစ်လပဲ ကျန်တော့တယ်...။ မင်းကျင့်ကြံလေလေ စောစောသေလေပဲ...။ ကုန်တိုက်ပိုင်ရှင်ကို ပြောရင်တောင် သူ မင်းကို မကယ်နိုင်ဘူး...။ ငါတစ်ယောက်ပဲ မင်းကို ကယ်နိုင်တယ်"

"မင်း... မင်း ငါ့ကို ကယ်နိုင်တယ်...။ တကယ်ပြောတာလား"

ကျန်းဟန်က ရူးမတတ် မေးလိုက်သည်။ သူ၏ ထိတ်လန့်နေသော မျက်နှာအမူအရာကို ကြည့်လျှင် ဖုန်းဝူချန် ပြောသည်မှာ အမှန်ဖြစ်ကြောင်း ထင်ရှားနေသည်။

"စိတ်မကောင်းပါဘူး...။ ငါ မင်းကို အခွင့်အရေးပေးခဲ့ပြီးပြီ...။ အဲ့ဒီအခွင့်အရေးကို မင်းကိုယ်တိုင်က လက်လွှတ်ခဲ့တာလေ၊ ဟင်းဟင်း"

ဖုန်းဝူချန်က ခနဲ့တဲ့တဲ့ ရယ်လိုက်၏။

"မဟုတ်ပါဘူး၊မဟုတ်ပါဘူး.. ဖုန်းသခင်လေး...။ ကျွန်တော်

မှားသွားပါတယ်...။ ကျွန်တော့်ကို နောက်တစ်ခါ အခွင့်အရေး ပေးပါ...။ ကျွန်…ကျွန်တော် တောင်းပန်ပါတယ်...။ ကျွန်တော် မသေချင်သေးဘူး"

ကျန်းဟန်က ကြောက်လန့်တကြား ဒူးထောက်ချကာ ‌ဦးတိုက်၍ တောင်းပန်တော့သည်။

"ပေါက်တတ်ကရတွေ..."

ထိုစဉ်မှာပင် ဩဇာအာဏာပါသော အသံနက်ကြီးတစ်ခု ဟိန်းထွက်လာသည်။

"ကုန်တိုက်ပိုင်ရှင်..."

ကျန်းဟန်နှင့် လူသန်ကြီး တစ်ဒါဇင်ခန့်တို့က ရိုသေစွာ နှုတ်ဆက်လိုက်ကြသည်။

"ထစမ်း"

ဝမ်ပေါင်ကုန်တိုက်၏ ကုန်တိုက်ပိုင်ရှင်က ကျန်းဟန်ကို ဒေါသတကြီး အော်လိုက်သည်။

"အသုံးမကျတဲ့ သောက်ကောင် ၊ မင်း သူပြောတာကို ယုံတယ်လား...။ သူက မင်းကို ဘာနဲ့ကယ်မှာလဲ...။ ဟမ်..သောက်ရူး"

ရောက်လာသူမှာ ဝမ်ပေါင်ကုန်တိုက်၏ ကုန်တိုက်ပိုင်ရှင်ဖြစ်သူ ယူဝမ်ရှုံး ဖြစ်ပြီး သူသည်လည်း အဆင့်တစ်

ဆေးပညာရှင် တစ်ဦး ဖြစ်သည်။

"တာဝန်ခံကျန်း...။ အဲ့ဒီကောင်က ခင်ဗျားကို သေချာပေါက် လှည့်စားနေတာပဲ"

သန်မာသော လူများထဲမှ တစ်ယောက်က ဆိုလာသည်။ သူသည်လည်း အသုံးမကျသူ တစ်ဦးက ကျန်းဟန်ကို ကယ်တင်နိုင်သည်ကို မယုံကြည်နိုင်ပေ။

"ဖုန်း ဝူ ချန်...။ မင်းက ငါ့ကို လှည့်စားရဲတယ်ပေါ့လေ"

ကျန်းဟန်က ဒေါသများ ပွက်ပွက်ဆူလာတော့သည်။

"ဖုန်းဝူချန်...။ မင်းအဖေနဲ့ ဖုန်းချန်ယန် မျက်နှာကြောင့် ပစ္စည်းတွေ ပြန်ချထားပြီး ထွက်သွားတော့...။ ဝမ်ပေါင်ကုန်တိုက်က မင်းကို မကြိုဆိုဘူး...။ ဒီနေရာက မင်း ပြဿနာရှာရမယ့် နေရာမဟုတ်ဘူး"

ယူဝမ်ရှုံးက ဖုန်းဝူချန်ကို ဒေါသတကြီး ဆူပူလိုက်သည်။ သူ၏ ကိုယ်မှ စိုးမိုးနိုင်သော အငွေ့အသက်များ ထွက်ပေါ်လာ၏။

"ဟမ့်...။ ခင်ဗျားတို့ နောင်တရလိမ့်မယ်...။ ကျန်းဟန်... မင်းအခု ငါ့ရှေ့မှာ ဒူးထောက်ပြီး ခွေးတစ်ကောင်လို ဦးတိုက်မယ်ဆိုရင် ငါ မင်းကို အခွင့်အရေးပေးတုန်းပဲနော်…”

ဖုန်းဝူချန်က ခနဲ့တဲ့တဲ့ ရယ်ရင်း သတိပေးလိုက်သည်။

သူသည် ယူဝမ်ရှုံး၏ အရှိန်အဝါကို လုံးဝမကြောက်ရွံ့ဘဲ ကုန်တိုက်ပိုင်ရှင်ကို အလေးမထားသည့်ဟန်ပင် ပြလိုက်သေး၏။

All Chapters