အနုပညာမြောက်သော နည်းစနစ်…
Vol. 1 Ch. 6
~"အကြီးအကဲစုကို စော်ကားမိမှတော့ မင်းရော... ဖုန်းမျိုးနွယ်ရဲ့ မျိုးဆက်အားလုံးပါ ဒီတစ်သက်မှာ ထျန်းယန်အကယ်ဒမီကို ဝင်ဖို့ စိတ်ကူးမယဉ်ကြနဲ့တော့"
မော့ခွန်းက ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။ ဖုန်းဝူချန်က သူ့ကို သိသိသာသာပင် ဒေါသထွက်အောင် ဆွပေးလိုက်သလို ဖြစ်သွား၏။ မော့ခွန်း၏ မျက်နှာသည် ဒေါသကြောင့် ရှုံ့မဲ့ကာ သွားလေသည်။
"ချန်အာက ကပြက်ကချော်နိုင်တဲ့ ကလေး မဟုတ်ဘူး...။ ပြီးတော့ သူက အကြီးအကဲစုကိုလည်း စော်ကားမှာ မဟုတ်ဘူး...။ ငါတို့တွေ ကြိုပြီးတော့ စိတ်မပူကြရအောင်..."
ဖုန်းကျန့်ရှုံးက ထိုသို့ ဆိုကာ မျက်မှောင်ကြုတ်လိုက်ပြီး ရှောင်ချင်းချင်းနှင့် တခြားလူများကို စိတ်ငြိမ်စေရန် လက်ဖြင့် အချက်ပြလိုက်သည်။
ထျန်းယန်အကယ်ဒမီ၏ အကြီးအကဲတစ်ယောက်ကို စော်ကားခြင်းသည် သေဒဏ်နှင့်
ညီမျှသော ပြစ်မှုတစ်ခုဖြစ်ကြောင်းကို ဖုန်းဝူချန်အပါအဝင် ထိုနေရာတွင် ရှိနေသော လူတိုင်း သိကြပါ၏။
ဖုန်းဝူချန်က ထိုသို့သော လုပ်ရပ်ကို သိသိကြီးနှင့် ကျူးလွန်လိမ့်မည်လား။
မဖြစ်နိုင်...။
အကြီးအကဲစု၏ အတွင်းပိုင်း အအေးဓာတ်အဆိပ်ကို သူ အမှန်တကယ် သိနေသည် ဆိုလျှင်တော့ တစ်မျိုးပေါ့...။
...
ဖုန်းဝူချန်နှင့် ဖုန်းမိသားစု၏ ပျက်စီးခြင်းကို မျှော်လင့်ရင်း အားရ ကျေနပ်နေကြသော လူအားလုံးသည် အကြီးအကဲစု၏ စကားတစ်ခွန်းကြောင့် လုံးဝပင် စကားမှ မပြောနိုင်ကြတော့ပေ။
"ဖုန်းဝူချန်... မင်းက ငါ့ခန္ဓာကိုယ်ထဲမှာ အအေးဓာတ်အဆိပ် ရှိနေမှန်း ဘယ်လိုလုပ်ပြီး သိနေရတာလဲ...။ ပြီးတော့ ငါ့မှာ အသက်ရှင်ဖို့ အချိန်တစ်လခွဲပဲ ကျန်တော့တယ်ဆိုတာကိုရော ဘယ်လိုသိတာလဲ..."
ထိတ်လန့်မှုမှ သတိပြန်ဝင်လာပြီးနောက် အကြီးအကဲစုက အလျင်အမြန်ပင် မေးလိုက်သည်။ သူ့နှလုံးသားသည် အံ့ဩမှုများကြောင့် တုန်လှုပ်လျက်ရှိ၏။
ဆယ့်ခြောက်နှစ်အရွယ် ကောင်လေးတစ်ယောက်က သူ့ကို တစ်ခါသာ တွေ့ဖူးရုံနှင့် သူ့အတွင်းမှ အအေးဓာတ်အဆိပ်ကို ခွဲခြားသိမြင်နိုင်ခဲ့သည်...။ ဒါက တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ပေ။
"အကြီးအကဲစုရဲ့ ကိုယ်ထဲမှာ အအေးဓာတ်အဆိပ် တကယ်ရှိနေတာလား...။ ဖုန်းဝူချန်က ဘယ်လိုလုပ်ပြီး သတိထားမိသွားတာလဲ..."
"မဖြစ်နိုင်တာ...။ ဖုန်းဝူချန်ပြောတာတွေက အမှန်တွေလား...။ ဒီလောက်တိကျအောင်တော့ ဘယ်သူမှ ခန့်မှန်းလို့မရလောက်ဘူး မဟုတ်လား..."
လူအုပ်ကြီးသည် ထိတ်လန့်တုန်လှုပ်သွားကြ၏။ မျိုးနွယ်စုကြီးလေးခုသည် ရုတ်တရက် တိတ်ဆိတ်သွားကြပြီး စွပ်စွဲကျိန်ဆဲနေသူများမှာလည်း ကျောက်ရုပ်များကဲ့သို့ ဖြစ်သွားကြသည်။
"အကြီးအကဲစု... ခင်ဗျားရဲ့ကိုယ်ထဲက အအေးဓာတ်အဆိပ်က နှစ်ပေါင်းများစွာ စုပုံနေခဲ့တာပဲ...။ ကြည့်ရတာ ထျန်းယန်အကယ်ဒမီမှာ အဆင့်ငါးဆေးပညာရှင် မရှိဘူးထင်တယ်...။ မဟုတ်ရင် ခင်ဗျားရဲ့ အအေးဓာတ်အဆိပ်က ကြာလှပြီဖြစ်တဲ့ ထုတ်နှုတ်ပြီးလောက်ပြီ..."
ဖုန်းဝူချန်က ခပ်ရေးရေးပြုံးလိုက်ရင်း ရှေ့သို့ တိုးလာကာ ပြောလိုက်သည်။
"ဟုတ်တယ်...။ ထျန်းယန်အကယ်ဒမီမှာ အဆင့်လေးဆေးပညာရှင် တစ်ယောက်ပဲရှိတယ်...။ သူက အကယ်ဒမီရဲ့ အကြီးအကဲချုပ်ပဲ...။ သူတောင်မှ ငါ့ရဲ့အအေးဓာတ်အဆိပ်ကို ဘာမှမတတ်နိုင်ခဲ့ဘူး..."
အကြီးအကဲစုက ခေါင်းညိတ်လိုက်သည်။ သူသည် ဖုန်းဝူချန်ကို လုံးဝပင် အကဲခတ်၍ မရတော့ပေ။
တစ်ချက်ကြည့်ရုံဖြင့် အကြီးအကဲစု၏ အခြေအနေကို ရောဂါရှာဖွေနိုင်ပြီး ပြိုင်ဘက်၏ နည်းစနစ်ကို ချက်ချင်းဖျက်ဆီးနိုင်သူသည် အသုံးမကျသူတစ်ယောက် ဖြစ်နိုင်ပါ့မလား။
မဖြစ်နိုင်...။ လုံးဝမဖြစ်နိုင်ပေ။
ဖုန်းဝူချန်က ဆက်ပြော၏။
"အကြီးအကဲစုရဲ့ ကိုယ်ထဲက အအေးဓာတ်အဆိပ်ကို ထုတ်နှုတ်ဖို့ ခက်ခဲနေတဲ့အကြောင်းရင်းက ခင်ဗျား ကျင့်ကြံနေတဲ့ ကျင့်စဉ်က မပြည့်စုံလို့ပဲ...။ အဲ့ဒါကြောင့် မကြာခဏ တန်ပြန်သက်ရောက်မှုတွေဖြစ်ပြီး တဖြည်းဖြည်း စုပုံလာတာ...။ အကြီးအကဲစု... အခုနောက်ပိုင်း အအေးဓာတ်အဆိပ်ရဲ့ တန်ပြန်သက်ရောက်မှုတွေ ပိုပြီး ဆိုးရွားလာတာကို ခံစားမိနေတယ် မဟုတ်လား..."
"ဟုတ်တယ်...။ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာပဲ နှစ်နာရီတစ်ခါ အဆိပ်ရဲ့တန်ပြန်သက်ရောက်မှုကို ခံစားနေရတာ..."
အကြီးအကဲစုက ထိတ်လန့်စွာ ခေါင်းညိတ်ရင်း ပြောလိုက်သည်။
ဒီကောင်လေးက အနာဂတ်ကို ကြိုသိနိုင်သလား...။ သူ..ဒါကို ဘယ်လိုလုပ်ပြီး သိနေရတာလဲ...။
စင်မြင့်အောက်မှ လူအုပ်ကြီးမှာ အံ့အားသင့်ကာ မှင်သက်နေကြတော့သည်။
ဖုန်းဝူချန်တွင် ထိုကဲ့သို့သော နတ်ဘုရားအလား ကြိုတင်မြင်နိုင်စွမ်းများ ဘယ်အချိန်ကတည်းက ရှိနေခဲ့ပါသနည်း။
အဘယ်ကြောင့် အရင်က မည်သူမှ မသိခဲ့ကြပါသနည်း။
"အကြီးအကဲချုပ်... ဒါ... ဒါက ဘယ်လိုဖြစ်နေတာလဲ..."
ဖုန်းကျန့်ရှုံးက ဖုန်းချန်ယန်ဘက်သို့ လှည့်ကြည့်ရင်း မိန်းမောတွေဝေစွာ မေးလိုက်သည်။ စကားဆုံးသွားမှ
ဖုန်းချန်ယန်သည်လည်း သူ့နည်းတူပင် သစ်သားရုပ်တစ်ရုပ်လို ကြောင်တက်တက်ဖြစ်နေမှန်း သတိထားမိတော့သည်။
"ချန်အာက အကြီးအကဲစုကို တစ်ခါမှမတွေ့ဖူးဘဲ ဘယ်လိုလုပ်ပြီး သိနေရတာလဲ..."
ရှောင်ချင်းချင်းက မယုံနိုင်စွာ ပြောလိုက်၏။
ဘာတွေဖြစ်နေသည်ကို မည်သူမှမသိကြပေ။ သူတို့အားလုံးမှာ ထိတ်လန့်နေရုံသာ တတ်နိုင်ကြတော့သည်။
"အကြီးအကဲစု... စိတ်အေးအေးထားပါ...။ ခင်ဗျားကို အအေးဓာတ်အဆိပ် ထုတ်နှုတ်ဖို့ ကူညီနိုင်တဲ့နည်းလမ်း ကျွန်တော့်မှာရှိတယ်...။ ဒါပေမဲ့ ကျွန်တော့်ရဲ့ လက်ရှိကျင့်ကြံမှုအဆင့်နဲ့တော့ အဆိပ်ရဲ့စွမ်းအားကို မခံနိုင်ဘူး...။ ဒါကြောင့် အဲ့ဒီအဆိပ်ကို ထုတ်ဖို့အတွက် ခင်ဗျားရဲ့စွမ်းအားကို လိုအပ်တယ်..."
ဖုန်းဝူချန်က တည်ငြိမ်စွာပြောလိုက်သည်။ ထို့နောက် သူ၏စိတ်ထဲမှ သင်ယူခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် လက်ကွက်များဖြင့် အကြီးအကဲစု၏ ကျောဘက်မှ အကြောနေရာများကို အပ်စိုက်ကုထုံးပညာကဲ့သို့ ဖိနှိပ်ပေးလိုက်တော့၏။
ဖုန်းဝူချန်၏ နည်းစနစ်သည် နားလည်ရခက်လောက်အောင် နက်နဲလှသဖြင့် အားလုံးမှာ အံ့ဩတကြီး ကြည့်နေရုံမှတစ်ပါး အခြားမရှိတော့ပေ။
ဖုန်းမိသားစုမှာ အားလုံးထဲတွင် အထိတ်လန့်ဆုံး ဖြစ်နေသည်။ ဖုန်းဝူချန်နှင့်အတူ ဆယ့်ခြောက်နှစ်ကြာ နေထိုင်ခဲ့သော်လည်း သူ၌ ထိုကဲ့သို့သော အံ့ဖွယ်စွမ်းရည်များ ရှိသည်ကို သူတို့မသိခဲ့ကြပါ။
အကြီးအကဲစုက အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေး၏။ ဖုန်းဝူချန်က နေရာအတော်များများကို ဖိနှိပ်ပြီးနောက် အကြီးအကဲစုသည် သူ့သွေးကြောများထဲမှ အအေးဓာတ်အဆိပ်များ အံ့ဩဖွယ်ရာ ထိုးထွက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏လက်များပေါ်တွင် ရေခဲလွှာပါးတစ်ထပ် ဖုံးလွှမ်းသွားသည်...။ သူ့ခန္ဓာကိုယ်မှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာပြီး မြေပြင်ပေါ်တွင် နှင်းမှုန်များပင် ဖြူဖွေးလာတော့၏။
"အခုပဲ... အကြီးအကဲစု..."
ဖုန်းဝူချန်က အလျင်အမြန်အော်ပြောလိုက်ပြီး နောက်သို့ အမြန်ဆုတ်ခွာသွားသည်။
"ဟား..."
အကြီးအကဲစုက ပြင်းထန်စွာ ဟိန်းဟောက်လိုက်၏။ သူ၏ အစွမ်းထက်သော အစစ်အမှန်ယွမ်စွမ်းအင်များ ပေါက်ကွဲထွက်လာကာ ထွက်ပေါ်လာသော အအေးဓာတ်ကို ချက်ချင်းပင် ဖြန့်ကျက်လိုက်တော့သည်။
"ယွမ်တန်ဘုံ အဆင့်ငါး..."
အကြီးအကဲစု၏ ကြောက်မက်ဖွယ်စွမ်းအားကို ခံစားမိလိုက်ရသည့်အခါ လူတိုင်းမှာ ကြောက်လန့်လွန်း၍ မျက်နှာများပင် ဖြူဖျော့သွားကြလေသည်။
အဆိပ်တစ်စိတ်တစ်ပိုင်းကို အလွယ်တကူ ထုတ်နှုတ်နိုင်ခဲ့သဖြင့် အကြီးအကဲစု၏ မျက်နှာသည် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေ၏။ ဤသည်မှာ အဘယ်ကဲ့သို့သော နည်းစနစ်မျိုးဖြစ်၍ ဤမျှထိရောက်ရပါသနည်း။
ထျန်းယန်အကယ်ဒမီ၏ အကြီးအကဲချုပ်... အဆင့်လေးဆေးပညာရှင်ပင် အအေးဓာတ်အဆိပ်ကို ဖယ်ရှားရန် ရုန်းကန်ခဲ့ရသော်လည်း... ခန္ဓာကိုယ်သန့်စင်ခြင်းဘုံ စတုတ္ထ အလွှာ အဆင့်မျှသာရှိသော ဖုန်းဝူချန်ကမူ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့လေသည်။
"ဖုန်းဝူချန်... ဒါ ဘယ်လိုသိုင်းပညာရပ်မျိုးလဲ...။ ငါ့ရဲ့အအေးဓာတ်အဆိပ်ကို ဒီလောက်အများကြီး ဖယ်ရှားပေးနိုင်ခဲ့တယ်..."
အကြီးအကဲစုက အံ့ဩစွာ မေးလိုက်သည်။
"အကြီးအကဲစု... ကျွန်တော်က အအေးဓာတ်အဆိပ်တစ်ချို့ကိုပဲ ထုတ်နှုတ်ပေးနိုင်တာပါ...။ လုံးဝပျောက်ကင်းအောင်တော့ မကုသပေးနိုင်ဘူး...။ အကုန်လုံးပျောက်အောင်အတွက်တော့ အဆင့်ငါးဆေးပညာရှင်ကိုပဲ ရှာသင့်ပါတယ်..."
ဖုန်းဝူချန်က ခပ်ရေးရေးပြုံးကာ ပြန်ဖြေလိုက်သော်လည်း အကြီးအကဲစု၏ မေးခွန်းကိုမူ ဖြေကြားခဲ့ခြင်းမရှိပေ။
အဖြေမရသော်လည်း အကြီးအကဲစုက ဆက်မမေးတော့ပေ။ လူတိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်လေးတွေတော့ ရှိကြသည် မဟုတ်လား။
"အာ... ငါတို့အင်ပါယာရဲ့ အစွမ်းအထက်ဆုံး ဆေးပညာရှင်က အဆင့်ငါးအဆင့်တော့ ဟုတ်ပါတယ်...။ ဒါပေမဲ့ သူတောင်မှ ငါ့အအေးဓာတ်အဆိပ်ကို မထုတ်ပေးနိုင်ခဲ့ဘူး..."
အကြီးအကဲစုက လက်လျှော့အရှုံးပေးလိုက်သည့် အပြုံးဖြင့် ပြောလိုက်သည်။
ယန်ကျိုးအင်ပါယာသည် ကုန်းမကြီးပေါ်ရှိ မရေမတွက်နိုင်သော အင်ပါယာများထဲမှ တစ်ခုမျှသာ ဖြစ်၏။
တစ်ဦးတည်းသာ ရှိသော အဆင့်ငါး ဆေးပညာရှင်သည်ပင် အကြီးအကဲစု၏ အဆိပ်ကို နှစ်ကြိမ်တိုင်တိုင် ထုတ်ပေးရန် ကြိုးစားခဲ့ဖူးပြီး အဆိပ်၏ တန်ပြန် သက်ရောက်မှုကြောင့် အသက်ပင် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။
"ချန်အာ... သားမှာ နည်းလမ်း ရှိမှတော့ အကြီးအကဲစုကို ကူညီပေးလိုက်ပါလားကွယ်..."
ဖုန်းဝူချန်တွင် အကြီးအကဲစု၏ အအေးဓာတ်အဆိပ်ကို ထုတ်နှုတ်ပေးနိုင်သည့် နည်းလမ်းရှိသည်ကို မြင်သောအခါ... ရှောင်ချင်းချင်းက ၎င်းကို အကြွေးတစ်ခုအဖြစ် မှတ်ယူကာ ချက်ချင်းပင် ကူညီရန် အဆိုပြုလိုက်သည်။
အကြီးအကဲစုသည် ထျန်းယန်အကယ်ဒမီတွင် ရာထူးကြီးပြီး ဩဇာအာဏာရှိသူဖြစ်ရာ သူ၏စေတနာကို ရရှိခြင်းက ဖုန်းမိသားစုအတွက် ကြီးမားသောအကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်ပေလိမ့်မည်။
အကြီးအကဲစု၏ မျက်လုံးများတွင် မျှော်လင့်ချက်ရောင်ခြည်များ ယှက်သန်းသွား၏။ သူသည် ဖုန်းဝူချန်ကို ကြည့်လိုက်သည်...။ အကြောင်းမှာ ဖုန်းဝူချန်ကသာ သူ၏ တစ်ခုတည်းသော အသက်ရှင်သန်ခွင့် မျှော်လင့်ချက်ဖြစ်သောကြောင့်ပင်တည်း။
ထျန်းယန်အင်ပါယာ တစ်ခုလုံးတွင် သူ၏ ကိုယ်တွင်းမှ အအေးဓာတ်အဆိပ်ကို ဖယ်ရှားပေးနိုင်သူ တစ်ဦးတစ်ယောက်မျှ ရှာမတွေ့ခဲ့ပေ။ သို့သော် ဖုန်းဝူချန်ကမူ အချိန်တိုလေးအတွင်း အများအပြားကို ဖယ်ရှားပေးနိုင်ခဲ့သည်။
"ဒီလိုလုပ်ပါ... အကြီးအကဲစု...။ တစ်လနေရင် ကျွန်တော် အကယ်ဒမီကို တစ်ခေါက်လာခဲ့ပါ့မယ်...။ ခုနက ကျွန်တော်ထုတ်ပေးလိုက်တဲ့ အအေးဓာတ်အဆိပ်က ခင်ဗျားကို သုံးလလောက် အသက်
ဆက်ရှင်နိုင်အောင် ထိန်းထားပေးပါလိမ့်မယ်..."
ဖုန်းဝူချန်က အကြံပြုလိုက်၏။ ရှောင်ချင်းချင်းသာ ဝင်မပြောခဲ့လျှင် သူ အကြီးအကဲစုကို တကယ်ပင် သေခွင့်ပေးလိုက်မိမည် ထင်သည်။
"ညီလေးဖုန်းကို ကျေးဇူးတင်ပါတယ်..."
အကြီးအကဲစုမှာ အလွန်အမင်း ဝမ်းသာသွားပြီး လျင်မြန်စွာပင် လက်သီးဆုပ်ဖြင့် အရိုအသေပေးကာ ကျေးဇူးတင်စကား ဆိုလိုက်တော့သည်။
အကြီးအကဲစု၏ သဘောထားနှင့် ဖုန်းဝူချန်အပေါ် လက်သီးဆုပ်ဖြင့် အရိုအသေပေးသည့် မြင်ကွင်းကြောင့် အောက်မှကြည့်နေသူများမှာ မှင်သက်သွားကြသည်။
"ကျေးဇူးတင်ချင်ရင် ကျွန်တော့်အမေကိုပဲ သွားတင်လိုက်ပါ..."
ဖုန်းဝူချန်က အမှုမထားသော လေသံဖြင့် ပြောလိုက်ပြီး ရှောင်လန်နှင့်အတူ လှည့်ထွက်သွားလေသည်။
ဖုန်းဝူချန် ထွက်သွားတော့မည်ကို မြင်သောအခါ အကြီးအကဲစုမှာ အလွန်အမင်း စိုးရိမ်သွားကာ ပြောလိုက်၏။
"ဖုန်းကတော်ကို ကျေးဇူးတင်ပါတယ်...။ ညီလေးဖုန်း... ငါ မင်းကို မျိုးနွယ်စုခေါင်းဆောင်ဆီကို ထောက်ခံပေးနိုင်တယ် နော်...။ ဘယ်လိုထင်လဲ..."
ထိုသို့သော ပါရမီရှင်ကို လက်လွှတ်မခံသင့်ပေ။ အကြီးအကဲစုသည် ဖုန်းဝူချန်ကို ထျန်းယန်အကယ်ဒမီသို့ ဝင်ရောက်လာအောင် နည်းလမ်းရှာ၍ ဆွဲဆောင်ရန် စိတ်ပိုင်းဖြတ်
ထားလိုက်တော့သည်။
မျိုးနွယ်စု ခေါင်းဆောင်ထံ ထောက်ခံပေးမည်လော။ ဒါက သာမန်ကိစ္စ မဟုတ်ပေ။
"မလိုပါဘူး...။ အကြီးအကဲစုရဲ့ စေတနာကိုပဲ ကျေးဇူးတင်ပါတယ်..."
ဖုန်းဝူချန်က နောက်သို့ပင် လှည့်မကြည့်ဘဲ အကြီးအကဲစုကို နောက်တစ်ကြိမ် ငြင်းပယ်လိုက်ပြန်သည်။
…ချန်အာတော့ သေချာပေါက် ရူးသွားပြီ...
ဖုန်းကျန့်ရှုံးမှာ သားဖြစ်သူ ဖုန်းဝူချန်ကို မယုံနိုင်စွာ ကြည့်နေမိသည်။
လူပေါင်းများစွာ အသည်းအသန်
ကြိုးစား ရှာဖွေနေသည့် အခွင့်အရေးကို ဒီကောင်လေးက ပြောင်ပြောင်တင်းတင်းပင် ငြင်းပယ်လိုက်ပါလား။
ထျန်းယန် အကယ်ဒမီသည် အင်ပါယာ၏ မရေမတွက်နိုင်သော ပါရမီရှင်များကို စုစည်းထားသည်။ ၎င်း၏အင်အားသည် အင်ပါယာနှင့်ပင် ယှဉ်ပြိုင်
နိုင်လောက်အောင် အားကောင်းပြီး မျိုးနွယ်စု ခေါင်းဆောင်၏ အဆင့်အတန်းမှာမူ အခြားသူများ တွေ့ဆုံခွင့် ရရန်ပင် ခက်ခဲလှသည်ကို ကြည့်လျှင် စိတ်ကူးကြည့်နိုင်ပေသည်။
"အစ်ကိုဖုန်း... ကျွန်တော့်ကို စောင့်ပါဦး..."
လင်းယိုက သူ့နောက်သို့ အလျင်အမြန် လိုက်သွား၏။
ပြိုင်ဘက်ကင်းမြို့ရှိ လူတိုင်း၏ ထိတ်လန့်မှုနှင့် မနာလိုမှုများကြားတွင် ဖုန်းဝူချန်သည် သူတို့၏ အမြင်အာရုံမှ ပျောက်ကွယ်သွားခဲ့သည်။
'တခြားလူတွေ အိပ်မက်ထဲမှာတောင် သွားချင်တဲ့နေရာကို နင်ကကျတော့ သူတို့က အတင်းခေါ်နေတာတောင် ငြင်းလိုက်တယ်ပေါ့လေ...။ နင် ငါ့ကိုပြောချင်နေတာ မဟုတ်လား...။ ထျန်းယန်အကယ်ဒမီ မရှိဘဲနဲ့တောင် နင်က အားကောင်းလာနိုင်တယ်ပေါ့...။ ပြိုင်ဘက်ကင်းမြို့ကလူတွေကို နင်က အမှိုက်မဟုတ်ဘူးဆိုတာ ပြချင်နေတာ မဟုတ်လား...'
မော့လင်အာက အတွင်းစိတ်ထဲမှ ဒေါသတကြီး တွေးနေမိသည်။
ယနေ့ အဓိကဇာတ်လိုက်ဖြစ်ရမည့် သူမ၏ အာရုံစိုက်မှုအားလုံးကို ဖုန်းဝူချန်က လုယူသွားခဲ့လေပြီ။
ဖုန်းဝူချန်က သူ၏ ပါရမီကို ပြသလေလေ မော့လင်အာမှာ အမြင်ကတ်စိတ်နှင့် စိတ်အနှောင့်အယှက်ဖြစ်မှု ပိုမိုခံစားရလေလေ ဖြစ်ပြီး သူမ
နှလုံးသားထဲမှ နာကြည်း
မုန်းတီးစိတ်မှာလည်း ပို၍ နက်ရှိုင်းလာလေသည်။
"ဖုန်းဝူချန်က ဘာဖြစ်နေတာလဲ...။ မျိုးနွယ်စု ခေါင်းဆောင်က အဆင့်လေး ဆေးပညာရှင် တစ်ယောက်လေ...။ သူက တကယ် ငြင်းလိုက်တာလား..."
"ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို သူငြင်းလိုက်တယ်...။ ဆေးပညာရှင်နောက်ကို ဘယ်သူက မလိုက်ချင်ဘဲနေမှာလဲ...။ ဆေးလုံးတွေ အကူအညီနဲ့ဆိုရင် ကျင့်ကြံမှုအဆင့် မတိုးတက်မှာကို ဘယ်လိုလုပ်ပြီး စိုးရိမ်စရာ လိုမလဲ..."
"ဟမ့်...။ ဒုတိယတန်းစား သိုင်းဝိညာဉ်နဲ့ အမှိုက် တစ်ကောင်ပဲ မဟုတ်လား...။ ဒီလောက်တောင် မာနကြီးပြီး ထျန်းယန်အကယ်ဒမီကို အထင်သေးနေတာ...။ အအေးဓာတ်အဆိပ်နည်းနည်း ထုတ်တတ်ရုံနဲ့ မင်းကိုယ်မင်း သိပ်တော်တယ်လို့ ထင်နေတာလား...။ ဒုတိယတန်းစား သိုင်းဝိညာဉ်နဲ့ အမှိုက်ကတော့ ဘယ်တော့မှ ပြောင်းလဲလာမှာ မဟုတ်ဘူး..."
လူများသည် တဖြည်းဖြည်း သတိပြန်ဝင်လာကြပြီး ထိတ်လန့်ခြင်း၊ စိတ်ပျက်ခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့် အေးစက်သော ရယ်မောသံများက သူတို့၏ မျက်နှာများပေါ်တွင် တစ်ဖန်ပြန်လည်ပေါ်ပေါက်လာကြသည်။
ဖုန်းဝူချန်က ဘယ်လောက်ပင် ထူးခြားသောအရာများကို လုပ်ဆောင်ခဲ့သည် ဖြစ်စေ သူတို့၏ အမြင်တွင် ဒုတိယတန်းစား သိုင်းဝိညာဉ်နှင့် အမှိုက်သည် အမြဲတမ်း အမှိုက်သာ ဖြစ်နေဆဲပင်။
"တကယ့်ကို အသုံးမကျတဲ့ အမှိုက်ပဲ...။ လုံးဝကို မိုက်မဲတာ...။ ဖုန်းမိသားစုရဲ့ အနာဂတ်ကို ဖျက်ဆီးပစ်တာပဲ..."
ယန်ထျန်းးက မထီမဲ့မြင် ပြုသော အပြုံးဖြင့် လှောင်ရယ်လိုက်သည်။
ယန်ရှန်းက ခနဲ့တဲ့တဲ့ ရယ်လိုက်၏။
"ဒါက အကောင်းဆုံး မဟုတ်ဘူးလား...။ သူသာ သဘောတူလိုက်ရင် ငါတို့က ဖုန်းဝူချန်ကို ဘယ်လိုလုပ်ပြီး လက်စားချေနိုင်တော့မှာလဲ..."
ဖုန်းဝူချန်သာ လက်ခံလိုက်မည်ဆိုလျှင် အဆင့်လေး ဆေးပညာရှင် တစ်ဦး၏ အကူအညီဖြင့် ယန်ထျန်းးသည် တစ်လအတွင်း ဖုန်းဝူချန်၏ ပြိုင်ဘက် ဖြစ်မလာမှာကို ယန်ရှန်း အမှန်တကယ် စိုးရိမ်မိသည်။ ယခု ဖုန်းဝူချန် ငြင်းပယ်လိုက်သဖြင့် သူ စိတ်သက်သာရာ ရသွားတော့သည်။
ပြိုင်ဘက်ကင်းမြို့တွင် အဆင့်တစ် ဆေးပညာရှင် တစ်ဦးသာ ရှိသည်ကို ထောက်ရှုလျှင် အဆင့်လေးဆေး ပညာရှင်တစ်ဦး၏ တည်ရှိမှုသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို စိတ်ကူးကြည့်နိုင်ပေသည်။
ဆေးပညာရှင်များ၏ အဆင့်အတန်းတိုးတက်ခြင်းသည် ကျင့်ကြံမှုအဆင့် တိုးတက်ခြင်းထက် များစွာပို၍ ခက်ခဲပြီး ဆေးပညာရှင်တစ်ဦး၏ ဂုဏ်သိက္ခာသည် ကုန်းမကြီးတစ်ခွင်လုံးတွင် အလွန်အမင်း လေးစားခံရသည်။
ဖုန်းချန်ယန်သည် အဆင့်တစ်ဆေးပညာရှင်တစ်ဦး ဖြစ်သည်။ ဤအဆင့်အတန်း တစ်ခုတည်းဖြင့်ပင် သူသည် ဖုန်းမိသားစုကို ကြီးစွာ အားကောင်းစေခဲ့၏။ သူ ရှိနေသဖြင့် ဖုန်းမိသားစုတွင် ဝိညာဉ်အရည်နှင့် အဆင့်တစ် ဆေးလုံးများ ဘယ်သောအခါမှ မပြတ်လပ်ခဲ့ပေ။
ထိုသို့သော ထူးခြားပြောင်မြောက်သည့် ဆေးပညာရှင်တစ်ဦးကို ဖုန်းဝူချန်က ငြင်းပယ်ခဲ့လေသည်။
လူတိုင်း၏ အမြင်တွင် ဖုန်းဝူချန်သည် နံရံနှင့်ကပ်၍ မရသော ရွှံ့ကဲ့သို့ပင် ဖြစ်နေတော့သည်။
"အကြီးအကဲစု... ဖုန်းဝူချန်က ထျန်းယန်အကယ်ဒမီကို မဝင်ချင်မှတော့ အဲ့ဒီ တတိယနေရာကို..."
ယန်ချင်းယွင်က ယန်ထျန်းးအတွက် တတိယနေရာကို ပေးရန် မျှော်လင့်နေဆဲဖြစ်သော်လည်း သူ၏စကားမဆုံးခင်မှာပင် မျက်နှာမှာ စိမ်းဖန့်သွားတော့သည်။
"ဖုန်းဝူချန် သဘောမတူရင် ဘယ်က တတိယနေရာ ရှိရမှာလဲ..."
အကြီးအကဲစုက ပြတ်ပြတ်သားသား ပြောလိုက်၏။
အကြီးအကဲစု၏ စကားများမှာ ရှင်းလင်းပြတ်သားလှသည်...။ ဤတတိယနေရာသည် ဖုန်းဝူချန်အတွက် အထူးပြင်ဆင်ထားခြင်း ဖြစ်၏။ ဖုန်းဝူချန် မလိုချင်လျှင် အခြားမည်သူမျှ ရရန် အိပ်မက်ပင် မမက်သင့်ပေ။
ဤသည်မှာ ဖုန်းဝူချန်သည် အကြီးအကဲစု၏ စိတ်ထဲတွင် မည်မျှ အရေးပါကြောင်းကို သိသာစွာ ပြသနေသည်။
..မဟုတ်ဘူး... ငါ တစ်ခုခုတော့ စဉ်းစားမှ ဖြစ်မယ်...။ ဒီကောင်လေးကို အကယ်ဒမီကို ဆွဲခေါ်သွားမှကို ဖြစ်မယ်..
အကြီးအကဲစုက မျက်မှောင်ကြုတ်ကာ တွေးလိုက်သည်။ ဖုန်းဝူချန်၏ အကြိမ်ကြိမ်ငြင်းပယ်မှုများကြားမှ သူ လက်မလျှော့လိုသေးပေ။
"ဖုန်းမျိုးနွယ်စုခေါင်းဆောင်နဲ့ ဖုန်းကတော်ခင်ဗျာ...။ ခင်ဗျားတို့သားက ထျန်းယန်အကယ်ဒမီကို ဘယ်အချိန်ပဲလာချင်လာချင် ကျုပ် အမြဲတမ်းကြိုဆိုနေပါတယ်...။ မျိုးနွယ်စုခေါင်းဆောင်အနေနဲ့ သူ့ကို ထပ်ပြီးတော့ နားချပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်..."
အကြီးအကဲစုက ဖုန်းကျန့်ရှုံးနှင့် သူ၏ဇနီးအား အလွန်အမင်း ရိုသေစွာဖြင့် ပြောလိုက်လေသည်။
“ဝါး..."
အကြီးအကဲစု၏ စကားများကြောင့် လူတိုင်း အံ့ဩတကြီး အသက်ရှူမှားသွားကြသည်။
ဤသည်မှာ ဖုန်းဝူချန်အား အထူးအခွင့်အရေးပေးခြင်းပင် မဟုတ်ပါလော။ ဖုန်းဝူချန်က တကယ်ပင် ထိုမျှအရေးပါလေသလော။
ထျန်းယန်အင်ပါယာတစ်ခုလုံးတွင် အခြားမည်သူက ဤသို့သော အခွင့်အရေးမျိုးကို ရရှိနိုင်ပါမည်နည်း။
"အကြီးအကဲစု... ကျွန်မတို့လည်း ဘာမှ မတတ်နိုင်တော့ပါဘူးရှင်...။ ချန်အာက ခေါင်းမာတယ်...။ သူ တစ်ခါဆုံးဖြတ်ပြီးရင် ပြန်မပြောင်းတတ်တော့ဘူး..."
ရှောင်ချင်းချင်းက ခါးသီးသော အပြုံးဖြင့် အကူအညီမဲ့စွာ ပြောလိုက်သည်။
ဖုန်းဝူချန်က ထျန်းယန်အကယ်ဒမီသို့ အဘယ်ကြောင့် မသွားလိုသည်ကို သူမသိသည်...။ အကြီးအကဲစုမှ လွဲ၍ ယခု နေရာတွင်ရှိသော လူတိုင်းနီးပါး သိကြပေလိမ့်မည်။
ဤသို့ဖြင့်…ယနေ့ ဖုန်းဝူချန်၏ လုပ်ဆောင်ချက်များသည် ပြိုင်ဘက်ကင်းမြို့ရှိ လူအားလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့ပြီး သူတို့ မြင်တွေ့ခဲ့ရသည်များကို နားလည်နိုင်ခြင်း၊ ယုံကြည်နိုင်ခြင်းပင် မရှိတော့အောင် ဖြစ်စေခဲ့လေတော့သည်။