← Chapters

ငြင်းပယ်ခြင်း…

Vol. 1 Ch. 5

ငြင်းပယ်ခြင်း…

Vol. 1 Ch. 5

~ယန်ထျန်းး၏ မျက်နှာသည် ဒေါသကြောင့် မည်းမှောင်သွားကာ

ဒေါသတကြီး ငေါက်ငမ်းလိုက်သည်။

"ဖုန်းဝူချန်၊ မင်း လက်လွန်သွားပြီ မထင်ဘူးလား"

ယန်ပုဖန်၏ လက်က အရိုးတွေ ကျိုးသွားခဲ့ပြီ။ ဒါက သူ့ကို တစ်သက်လုံး ဒုက္ခိတဖြစ်သွားစေနိုင်သည့် ဒဏ်ရာမျိုးပင်။ တတိယအဆင့် ဆေးပညာရှင် တစ်ယောက်ယောက် မရှိလျှင်တော့ ပြိုင်ဘက်ကင်းမြို့မှာ သူ့ကို ဘယ်သူမှ ကယ်နိုင်တော့မှာ မဟုတ်ပေ။

ဖုန်းဝူချန်ကတော့ အေးစက်စက် မျက်နှာထားဖြင့်ပင် တုံ့ပြန်လိုက်သည်။

"ယန်ပုဖန်က အရင် စလာတာလေ။ သူ့ရဲ့တိုက်ကွက်တိုင်းက သေကောင်ပေါင်းလဲ ဖြစ်သွားစေနိုင်တယ်။ ဒီနေရာမှာ ရှိနေတဲ့ လူတိုင်းရဲ့ ကျင့်ကြံမှုအဆင့်က ကျွန်တော့်ထက် သာတယ် မဟုတ်လား။ ယန်ပုဖန်က ကျွန်တော့်ကို သတ်ချင်နေတာ ခင်ဗျားတို့ မျက်စိမပါလို့ မမြင်ကြတာလား။ သူ့လက်ကိုပဲ ချိုးလိုက်တာတောင် ကျွန်တော်က တော်တော် သနားညှာတာပြလိုက်တာပါ"

"ဖုန်းဝူချန်"

ယန်ထျန်းး၏ မျက်နှာသည် ပို၍ပင် မည်းမှောင်လာပြီး သူ၏ ကျဉ်းမြောင်းသော မျက်လုံးများမှ သတ်ဖြတ်လိုသည့် အငွေ့အသက်များ တိုးထွက်လာသည်။

"လွန်လွန်းတယ်…။ ငါ့သားရဲ့လက်ကို ချိုးရဲတယ်ဟုတ်လား။ ဖုန်းဝူချန်… ငါ မင်းကို ခွင့်မလွှတ်ဘူး"

ယန်မိသားစု၏ အကြီးအကဲ ယန်ရှန်းသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ သူ၏ ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာတော့သည်။

"ဟမ့်...။ ယန်မိသားစုထဲက ဘယ်ကောင်က ငါ့သားကို ထိရဲလဲဆိုတာ ငါလည်း ကြည့်ချင်သေးတာပေါ့ကွ"

ဖုန်းကျိန့်ရှုံးသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ၏ အသွင်ပြောင်းခြင်းအဆင့် နဝမအလွှာမှ ခန့်ညားသော အရှိန်အဝါကို ထုတ်လွှတ်လိုက်၏။

...

သူ၏ လွှမ်းမိုးနိုင်သော အရှိန်အဝါသည် နေရာတစ်ခုလုံးကို ခြိမ်းခြောက်လိုက်ရာ ယန်မိသားစုဝင်များ နှုတ်ဆိတ်သွားကြသည်။

အသွင်ပြောင်းခြင်းအဆင့် အဋ္ဌမအလွှာတွင် ရှိသော မိသားစုခေါင်းဆောင် ယန်ချင်းယွင်ပင်လျှင် ဖုန်းကျိန့်ရှုံးကို စိန်မခေါ်ရဲခဲ့ပေ။

ပြိုင်ဘက်ကင်းမြို့အတွင်း ဖုန်းကျိန့်ရှုံးနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသူမှာ မော့မိသားစု၏ ခေါင်းဆောင် မော့ခွန်း တစ်ဦးတည်းသာ ရှိတော့သည်။

ဖုန်းမိသားစုတွင် ပထမအဆင့် ဆေးပညာရှင်တစ်ဦး၏ ထောက်ပံ့မှု ရှိနေသည်ကိုလည်း မမေ့သင့်ပေ။ ဖုန်းကျိန့်ရှုံး အသွင်ပြောင်းခြင်းအဆင့် နဝမအလွှာသို့ တက်လှမ်းနိုင်ခဲ့သည့် အချိန်မှစ၍ ဖုန်းမိသားစု၏ အဆင့်အတန်းသည် ယခင်ကနှင့် လုံးဝမတူတော့ချေ။

"ဖုန်းကျိန့်ရှုံး။ ငါ့သားရဲ့လက်သာ ပျက်စီးသွားရင် မင်းနဲ့ငါ သေတဲ့အထိ တိုက်မယ်။ ဒီနေ့ကစပြီး ဖုန်းမိသားစုနဲ့ စီးပွားရေးအရ ဆက်ဆံမှုအားလုံးကို ငါဖြတ်တောက်မယ်"

အကြီးအကဲ ယန်ရှန်းသည် ဒေါသဖြင့် မျက်နှာတစ်ခုလုံး လိမ်ယှက်ကာ အော်ဟစ်လိုက်သည်။

"ဟမ့်။ မင်းတို့ ယန်မိသားစုက ငါ့သားရဲ့ ဆံပင်တစ်မျှင်ကိုတောင် ထိရဲထိကြည့်။ မင်းတို့ ယန်မိသားစု တစ်ခုလုံးကို ငါအမြစ်ဖြတ်ပစ်မယ်"

ဖုန်းကျိန့်ရှုံးသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ ထိမရစကောင်းသော ခြင်္သေ့ကြီးတစ်ကောင်၏ ကြမ်းကြုတ်မှုမျိုး ထွက်ပေါ်လာသည်။

ယန်ထျန်းးကလည်း ဒေါသတကြီး အော်လိုက်၏။

"ဖုန်းဝူချန်။ ငါ မင်းကို စိန်ခေါ်တယ်။ လက်ခံရဲလား"

ဖုန်းကျန့်က အေးစက်စွာ ပြန်အော်သည်။

"ယန်ထျန်းး... မင်း ရှက်တတ်သေးရဲ့လား။ ယန်ပုဖန်က အားနည်းသူကို အနိုင်ကျင့်နေတာပဲ။ ငါ့ညီသုံးက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် စတုတ္ထအလွှာမှာပဲ ရှိသေးတယ်။ မင်းက အဋ္ဌမအလွှာမှာ ရှိနေပြီ။ ငါ့ညီသုံးကို စိန်ခေါ်တာက အရမ်းမလွန်လွန်းဘူးလား။ ဒါဆို ငါကရော မင်းကို စိန်ခေါ်ရင် ဘယ်လိုလဲ။ လက်ခံရဲလား"

ဖုန်းဝူချန်ထက် နှစ်နှစ်ကြီးသော ဖုန်းကျန့်သည် ယခုအခါ ချီသန့်စင်ခြင်းအဆင့် ပထမအလွှာသို့ ရောက်နေပြီဖြစ်ပြီး ယန်ထျန်းးထက် အဆပေါင်းများစွာ သန်မာလေသည်။

ပရိသတ် အချို့က ဖုန်းကျန့်၏ စကားကို ကျိုးကြောင်းဆီလျော်သည်ဟု သတ်မှတ်ကြ၏။

ယန်ထျန်းးဘက်က လွန်သည်ဟု သူတို့ တွေးမိနေသည့်အခိုက် ဖုန်းဝူချန်၏ နောက်ထပ်စကားများက သူတို့၏ မျက်နှာများကို ချက်ချင်း တောင့်တင်းသွားစေသည်။

ဖုန်းဝူချန်သည် တွန့်ဆုတ်ခြင်းမရှိဘဲ ပြန်ဖြေသည်။

"ခင်ဗျားရဲ့ စိန်ခေါ်မှုကို ကျွန်တော် လက်ခံတယ်"

ထို့နောက် သူက ထပ်ပြောလိုက်သည်။

"ဒါပေမဲ့ ကျွန်တော့်မှာ အခြေအနေတစ်ခုရှိတယ်။ တစ်လ အချိန်ပေး"

"ချန်အာ။ သူ့စိန်ခေါ်မှုကို လက်မခံနဲ့"

အမေဖြစ်သူ ရှောင်ချင်းချင်းက အလျင်အမြန် တားလိုက်သည်။

“မိန်းမ"

ဖုန်းကျိန့်ရှုံးသည် ရှောင်ချင်းချင်းကို တားလိုက်ပြီး ခေါင်းကို အနည်းငယ် ခါယမ်းပြသည်။ သူသည် ဖုန်းဝူချန်အား သူ့ဆုံးဖြတ်ချက်ကို သူကိုယ်တိုင် ချခွင့်ပေးရန် ရည်ရွယ်သည်။

ယန်ထျန်းးသည် ယန်မိသားစု၏ လူငယ်မျိုးဆက်တွင် အထူးချွန်ဆုံး ပါရမီရှင်တစ်ဦးဖြစ်ပြီး ပဉ္စမအဆင့် သိုင်းဝိညာဉ်ကို နိုးထစေခဲ့သူဖြစ်သည်။ သူ၏ အလားအလာမှာ ထူးကဲပြီး ဖုန်းဝူချန်ထက် အဆပေါင်းများစွာ သန်မာလေသည်။

ထိုအခါ ယန်ထျန်းးသည် မသတီစရာ ကောင်းသော အပျော်ဖြင့် လှောင်ရယ်လိုက်သည်။

"ဟမ့်။ မင်းက လက်ခံရဲတယ်ပေါ့လေ... တစ်လ မပြောနဲ့၊ သုံးလ အချိန်ပေးရင်တောင် မင်းရဲ့ ဒုတိယအဆင့် သိုင်းဝိဉာဉ် ပါရမီနဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ဆဋ္ဌမအလွှာကို ဘယ်လိုလုပ်ရောက်နိုင်မှာလဲ"

“ဟက်ဟက်၊ တစ်လဆို လုံလောက်တယ်"

ဖုန်းဝူချန်သည် ယုံကြည်မှုအပြည့်နှင့် အေးစက်စွာ ရယ်မောရင်း ပြန်ပြောလိုက်သည်။

"တစ်လ... ဟုတ်လား။ ဖုန်းဝူချန်... ကိုယ့်ဂုဏ်သိက္ခာကိုယ် မချနင်းတာ ပိုကောင်းမယ်လို့ ငါအကြံပေးလိုက်မယ် နော်"

မော့လင်အာက အေးစက်စွာ ပြောလိုက်သည်။ ဖုန်းဝူချန်တွင် ထိုသို့သော စွမ်းရည်ရှိသည်ဟု သူမ မယုံကြည်ပေ။

သို့သော် ဖုန်းဝူချန်သည် မော့လင်အာကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်သည်။

"မင်းနဲ့ မဆိုင်ဘူး"

ဖုန်းဝူချန်၏ ဂရုမစိုက်မှုနှင့် အေးစက်သော အမူအရာသည် မော့လင်အာကို အလွန်အမင်း ဒေါသထွက်စေပြီး သူ့အပေါ် အလွန်အမင်း မုန်းတီးမှုကို ခံစားရစေသည်။

လူအုပ်ကြီးထဲမှ တီးတိုး တီးတိုးစကားသံများ အုံကြွလာလေသည်။

"ဟမ့်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေလိုက်တာ။ သူက တစ်နှစ်နေလို့တောင် ယန်အစ်ကိုကြီးကို ယှဉ်နိုင်မှာမဟုတ်ဘူး"

"အိုးဟိုး..တစ်လနဲ့ ယန်ထျန်းးကို အနိုင်ယူမယ်တဲ့လား။ တော်တော် မောက်မာတာပဲ"

"ဖုန်းဝူချန်က ယန်ပုဖန်ကို လွယ်လွယ်ကူကူ အနိုင်ယူသွားတာကို ကြည့်ရင်... သူ့မှာ တကယ်ပဲ အစွမ်းအစ ရှိနေတာ ဖြစ်နိုင်တယ်"

တစ်လအတွင်းတွင်မူ ဖုန်းဝူချန်အပေါ် ယုံကြည်မှုရှိသူ ပြိုင်ဘက်ကင်းမြို့တွင် များများစားစား မရှိခဲ့ပေ။ ယန်ထျန်းး၏ ခွန်အားနှင့် ပါရမီကို လူတိုင်း သိကြသောကြောင့်ဖြစ်သည်။

ပတ်ဝန်းကျင်မှ ဆွေးနွေးမှုများကို လျစ်လျူရှုကာ ဖုန်းဝူချန်သည် သူ၏ အကြည့်ကို အကြီးအကဲစုထံသို့ ရွှေ့လိုက်ပြီး ပြောလိုက်သည်။

"အကြီးအကဲစု... ယန်ပုဖန် ရှုံးသွားပြီ။ ဒုတိယနေရာကို လင်းယိုကို ပေးသင့်ပါတယ်"

"ဒါကတော့ သဘာဝကျပါတယ်"

အကြီးအကဲစုက ခေါင်းညိတ်ပြီး စူးစမ်းသလို ပြုံးကာ မေးလိုက်သည်။

"မင်းက ဘာလို့ မင်းရဲ့နေရာကို တခြားတစ်ယောက်ကို ပေးလိုက်ရတာလဲဆိုတာ ငါတော်တော် သိချင်နေပြီ"

ထိုအခါ ဖုန်းဝူချန်က တည်ငြိမ်စွာ ဖြေသည်။

"ဘာဖြစ်လို့လဲဆိုတော့ လင်းယိုက ပြိုင်ဘက်ကင်းမြို့မှာ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်လို့ပါ။ ကျွန်တော်က ဒုတိယအဆင့် သိုင်းဝိညာဉ်ပဲရှိပြီး ထျန်းယန်အကယ်ဒမီကို ဝင်ဖို့ အရည်အချင်း မရှိပါဘူး"

"ငါက ခြွင်းချက်အနေနဲ့ နေရာကို သုံးနေရာအထိ တိုးပေးရင်ရော။ မင်း ထျန်းယန်အကယ်ဒမီကို ဝင်ဖို့ ဆန္ဒရှိမလား"

အကြီးအကဲစုက ဆက်လက်မေးလိုက်သည်။ သူ၏ မေးခွန်းသည် ဖုန်းဝူချန်၏ ပြိုင်ဘက်၏ တိုက်ကွက်ကို လျင်မြန်စွာ တန်ပြန်နိုင်စွမ်းကို မြင်တွေ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်၏။

ဖုန်းဝူချန်သည် သာမန်လူတစ်ယောက် မဟုတ်ကြောင်း သူ ယုံကြည်သွားခဲ့သည်။

အကြီးအကဲစု၏ စကားဆုံးသည်နှင့် နေရာတစ်ခုလုံးရှိ လူတိုင်း တုန်လှုပ်သွားကြ၏။

အကြီးအကဲစုက ဖုန်းဝူချန်ကို ထျန်းယန်အကယ်ဒမီသို့ ဝင်ရန် ဖိတ်ခေါ်နေသည်တဲ့လား။

ထို့အပြင် သူက ဖုန်းဝူချန်၏ သဘောထားကိုပင် မေးနေသေးသည်။

မော့လင်အာကိုမူ သူမ၏ ပါရမီကြောင့်သာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဖုန်းဝူချန်၏ အခြေအနေမှာမူ ကွဲပြားနေသည်။

သူသည် အကြီးအကဲစု၏ တိုက်ရိုက် မျက်နှာသာပေးခြင်းကို ခံနေရပြီး အကြီးအကဲစု၏ စကားများအရ သူသည် ဖုန်းဝူချန်ကို အလွန်အလေးထားကြောင်း ထင်ရှားနေလေသည်။

နှစ်ယောက်စလုံး ထျန်းယန်အကယ်ဒမီသို့ ဝင်ရောက်နိုင်သော်လည်း ဖုန်းဝူချန်သည် မော့လင်အာထက် ပို၍ အလေးပေးခံနေ ရပေသည်။

"ကောင်းလိုက်တာ။ ချန်အာ။ သားလေး ..အကြီးအကဲစုကို အမြန်ကျေးဇူးတင်လိုက်လေ"

ရှောင်ချင်းချင်းသည် ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။

"ထူးချွန်တယ်...။ ငါ ဖုန်းကျိန့်ရှုံးရဲ့ သားပီသလိုက်တာ။ ဟားဟား"

ဖုန်းကျိန့်ရှုံးသည် အပျော်ဖြင့် မျက်နှာဝင်းပကာ အရင်က ဆိုးဝါးနေသော စိတ်ခံစားချက်တို့ လွင့်ပါးသွားပြီး အားရပါးရ ရယ်မောလိုက်တော့သည်။

"ညီသုံး... ဒါ အရမ်းကောင်းတာပဲ။ မင်း နောက်ဆုံးတော့ ထျန်းယန်အကယ်ဒမီကို သွားရတော့မှာပေါ့"

ဖုန်းယွမ်နှင့် ဖုန်းကျန့်တို့သည် ဖုန်းဝူချန်အတွက် အမှန်တကယ် ပျော်ရွှင်နေကြသည်။

လူအုပ်ကြီးမှာမူ မယုံနိုင်စရာ ဖြစ်နေသည်။

အကြီးအကဲစုက ဒုတိယအဆင့် သိုင်းဝိညာဉ်ပိုင်ရှင်တစ်ဦးအတွက် စည်းမျဉ်းကို ချိုးဖောက်နေသည်တကား။

'အကြီးအကဲစုက ဖုန်းဝူချန်ကို သဘောကျနေပြီ။ ဒီကောင်စုတ်လေးမှာ ဒီလို အံ့ဩစရာကောင်းတဲ့ စွမ်းရည်တွေ ရှိလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ'

မော့ခွန်းသည် မျက်မှောင်ကြုတ်ကာ ရင်တွင်း တွေးတောနေမိသည်။

"အကြီးအကဲစု... ဖုန်းဝူချန်က ဒုတိယအဆင့် သိုင်းဝိညာဉ်နဲ့ အသုံးမကျတဲ့ သူတစ်ယောက်ပါ။ သူ့ကို ထျန်းယန် အကယ်ဒမီမှာ ဝင်ခွင့်ပေးလိုက်ရင် အကယ်ဒမီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါလိမ့်မယ်"

"အကြီးအကဲစု... ပြန်စဉ်းစားပါဦး။ ကျွန်တော့်သား ယန်ထျန်းးရဲ့ အလားအလာက ဖုန်းဝူချန်ထက် အဆတစ်ဆယ်မက သာပါတယ်။ အကြီးအကဲက ခြွင်းချက်အနေနဲ့ လက်ခံမယ်ဆိုရင် အဲ့ဒီနေရာကို ယန်ထျန်းးကို ပေးဖို့ မျှော်လင့်ပါတယ်"

"ပြိုင်ဘက်ကင်းမြို့မှာ ဖုန်းဝူချန်ထက် ပါရမီအများကြီး သာတဲ့သူတွေ အများကြီးရှိပါတယ်။ ဘာလို့ အကြီးအကဲက ဒီလို ရှုံးနိမ့်သူ တစ်ယောက်ကို ခေါ်

ချင်နေရတာလဲ"

မော့နှင့် ယန်မိသားစုမှ အကြီးအကဲများသည် အလွန်အမင်း စိုးရိမ်နေကြသည်။ နေရာတစ်ခု ထပ်ရလာသောအခါ သူတို့အားလုံးက မိမိတို့၏ သားများကို ထျန်းယန်အကယ်ဒမီသို့ ဝင်ခွင့်ရစေချင်ကြသည်။

သို့သော် အကြီးအကဲစုက နေရာကို ဖုန်းဝူချန်အား ပေးလိုက်မည်ကို သူတို့ စိုးရိမ်နေစဉ်မှာပင် သူ၏ ပြန်စကားက လူအုပ်ကြီးကို ချက်ချင်း တိတ်ဆိတ်သွားစေသည်။

ဖုန်းဝူချန်သည် ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။

"အကြီးအကဲစုရဲ့ စေတနာကို ကျွန်တော် အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ကျွန်တော် ထျန်းယန်အကယ်ဒမီကို မဝင်ချင်ပါဘူး"

ဘာ။ ဘယ်လို…။လူပေါင်းများစွာ တောင့်တနေသောအရာကို ဖုန်းဝူချန်က တကယ်ပဲ ငြင်းလိုက်တယ်တဲ့လား။

ပြိုင်ဘက်ကင်းမြို့မှ လူများကို မဆိုထားနှင့်၊ အကြီးအကဲစုပင်လျှင် သူကြားလိုက်သည်မှာ နားကြား မှားနေသည်ဟု ထင်မိပြီး မျက်နှာမှာ မယုံနိုင်မှုတို့ဖြင့် ပြည့်နှက်နေသည်။

"ဖုန်းဝူချန် ဘာပြောလိုက်တာလဲ။ သူ ထျန်းယန်အကယ်ဒမီကို မဝင်ချင်ဘူးတဲ့လား"

"ငါ ကြားတာ မှားသွားတာလား။ ဒီကောင်လေး တကယ်ပဲ ငြင်းလိုက်တာ"

“ဟားဟား။ သူ ငြင်းတာက သွားရမှာ ရှက်လို့ နေမှာပေါ့။ တခြားသူတွေရဲ့ လှောင်ရယ်တာကို ခံရမှာ ကြောက်လို့ နေမှာ"

ခဏတာ တိတ်ဆိတ်သွားပြီးနောက် စင်မြင့် ပတ်လည်ရှိ နေရာသည် ပရမ်းပတာ ဖြစ်သွားပြီး အာမေဋိတ်သံများက လှိုင်းလုံးကြီး တစ်ခုကဲ့သို့ ရိုက်ခတ်လာတော့သည်။

"ကောင်လေး ဘာပြောလိုက်တာ"

အကြီးအကဲစုသည် အံ့ဩစွာ မေးလိုက်ပြီး သူ၏ နားကိုပင် သူ မယုံနိုင်သေးပေ။

"မင်း ရူးနေလား။ အကြီးအကဲစုက မင်းကို ဒီလို အခွင့်အရေးပေးတာ ရှားမှ ရှား... မင်းက ငြင်းရဲတယ် ဟုတ်လား"

ဖုန်းကျိန့်ရှုံးသည် တုန်လှုပ်သွားပြီး ဒေါသကြောင့် ရူးမတတ်ဖြစ်ကာ ဒေါသတကြီး ဆူပူလိုက်သည်။

"အကြီးအကဲစု... စိတ်မဆိုးပါနဲ့... ကျွန်မ ချန်အာနဲ့ သေချာ

စကားပြောလိုက်ပါ့မယ်"

ရှောင်ချင်းချင်းသည် အကြီးအကဲစုကို စိတ်ဆိုးသွားမည်စိုး၍ နေမထိ၊ ထိုင်မသာ ဖြစ်နေသည်။

ဖုန်းမိသားစုမှ မည်သူမျှ ဖုန်းဝူချန်၏ ငြင်းပယ်မှုကို မမျှော်လင့်ထားခဲ့ကြပေ။

" ဖေဖေ၊ မေမေ... ထပ်ပြောစရာ မလိုတော့ပါဘူး။ သား ဆုံးဖြတ်ပြီးသွားပါပြီ"

ဖုန်းဝူချန်က အလျင်အမြန် ပြောလိုက်သည်။

ဤစကားကို ကြားသောအခါ မော့နှင့် ယန်မိသားစုတို့သည် သူတို့၏ ပျော်ရွှင်မှုကို မထိန်းနိုင်ကြတော့ဘဲ ဖုန်းဝူချန်ကို အရူးတစ်ယောက်လို မြင်နေရသလို အကြည့်မျိုးနှင့် ကြည့်နေကြတော့သည်။

အကြီးအကဲစုသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး နောင်တရစွာဖြင့် မေးလိုက်သည်။

"ဖုန်းဝူချန်... မင်းရဲ့ အကြောင်းပြချက်ကို ငါ့ကို ပြောပြနိုင်မလား"

ဖုန်းဝူချန်သည် ခေါင်းခါယမ်းကာ ဆိုသည်။

"အကြောင်းပြချက် မရှိပါဘူး"

"အကြီးအကဲစု... သူက ဒုတိယအဆင့် သိုင်းဝိညာဉ်နဲ့ အသုံးမကျတဲ့ သူတစ်ယောက်ပါပဲ။ ဘာလို့ သူ့ကို စကားအများကြီး ပြောနေရတာလဲ"

မော့လင်အာသည် အကြီးအကဲစုက ဖုန်းဝူချန်ကို ယခုလို ဖိတ်ခေါ်သော အမူအရာဖြင့် ဆက်ဆံနေသည်ကို မကြည့်နိုင်တော့ပေ။

အကြီးအကဲစုသည် သူမကို ပြန်မဖြေဘဲ ဆက်ပြောလိုက်သည်။

“ ကလေး... မင်း ဆန္ဒရှိရင် ငါ မင်းကို ငါ့ရဲ့ ကိုယ်ပိုင်တပည့်အဖြစ် လက်ခံနိုင်တယ်။ မင်း ဘယ်လိုသဘောရလဲ"

ကိုယ်ပိုင်တပည့်….။

နေရာတစ်ခုလုံး ပွက်လောရိုက်သွားသည်။

ထျန်းယန်အကယ်ဒမီမှ အကြီးအကဲစုသည် ဒုတိယအဆင့် သိုင်းဝိညာဉ်ပိုင်ရှင် အရှုံးသမားတစ်ဦး ကိုမိမိ၏ ကိုယ်ပိုင်တပည့်အဖြစ် လက်ခံချင်နေသည်တဲ့လား။

ထျန်းယန်အကယ်ဒမီ တည်ထောင်ခဲ့သည့်အချိန်မှစ၍ အကြီးအကဲတစ်ဦးက တပည့်လက်ခံလိုသည်ဟု တစ်ခါမှ မကြားဖူးခဲ့ပေ။

ကိုယ်ပိုင်တပည့်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။

"ချန်အာ။ မင်း ဘာလို့ ချက်ချင်း သဘောမတူသေးတာလဲ"

ဖုန်းကျိန့်ရှုံးသည် သွားများကို ကြိတ်ကာ ဒေါသတကြီး ဆူပူလိုက်သည်။ သူသည် စိတ်မရှည်စွာဖြင့် ရူးသွပ်နေလေပြီ။

"ညီသုံး။ အမြန်သဘောတူလိုက်စမ်းကွာ”

အစ်ကို ဖုန်းယွမ်သည် ဖုန်းဝူချန်ကိုယ်စား သဘောတူချင်စိတ် ပေါက်လာသည်။

"ဖုန်းအစ်ကိုကြီး။

အမြန်သဘောတူလိုက်ပါဗျာ"

လင်းယိုသည်လည်း စိုးရိမ်တကြီး အော်ခေါ်လိုက်သည်။

ဖုန်းဝူချန်သည် နောက်တစ်ကြိမ် ငြင်းပယ်လိုက်ပြီး ဤတစ်ကြိမ်တွင် သူသည် အကြီးအကဲစု၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကိုပါ ဖော်ထုတ်လိုက်သည်။

"အကြီးအကဲစု... ကျွန်တော် အကြီးအကဲရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ကိုယ့်ဘာသာကိုယ်ပဲ ကျင့်ကြံချင်တယ်။ ခင်ဗျားမှာ အချိန်သိပ်မကျန်တော့ဘူး။ ခင်ဗျားကိုယ်ထဲက အအေးဓာတ်အဆိပ်ကို အမြန်မထုတ်နိုင်ရင် တစ်လခွဲထက်ပိုပြီး အသက်ရှင်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် စိုးရိမ်မိတယ်။ ခင်ဗျား အမြန်ပြန်ပြီး အဆိပ်ကို ထုတ်သင့်ပါတယ်ခင်ဗျာ"

ဤစကားကို ကြားသောအခါ အကြီးအကဲစုသည် အလွန်တရာ ထိတ်လန့်သွားပြီး မျက်လုံးများ ပြူးကျယ်စွာဖြင့် ဖုန်းဝူချန်ကို စူးစိုက်ကြည့်နေတော့သည်။

အားလုံးသည် ကျောက်ရုပ်ကြီးများကဲ့သို့ ဖုန်းဝူချန်ကို မမှိတ်မသုန်ကြည့်ရင်း မှင်သက်သွားကြသည်။ သူက အကြီးအကဲစုကို ကျိန်ဆဲနေတာလား။

“ ရိုင်းလိုက်တာ။ မင်း ဘာသိလို့လဲ။ အကြီးအကဲစုကို မလေးမစား မလုပ်ရဘူး"

ဖုန်းကျိန့်ရှုံးသည် နောက်တစ်ကြိမ် ဆူပူလိုက်ပြီး ဖုန်းဝူချန်ကို ပါးရိုက်ချင်စိတ် ပေါက်လာသည်။

'အအေးဓာတ်အဆိပ်... ငါဘယ်လိုလုပ် သတိမထားမိတာလဲ'

ဖုန်းချန်ယန်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

"ဖုန်းဝူချန်။ ရိုင်းလိုက်တာ။ မျက်နှာသာပေးတာကို ငြင်းပယ်တယ်။ နင် အကြီးအကဲစုကို မလေးမစားလုပ်ရဲတယ်ပေါ့"

မော့လင်အာက ဒေါသတကြီး အော်ဟစ်လိုက်သည်။

လူအုပ်ကြီးကလည်း ကြွက်စီကြွက်စီ ဖြစ်လာလေ၏။

"ဖုန်းဝူချန်က တော်တော်မောက်မာတာပဲ။ အကြီးအကဲစုရဲ့ စေတနာကို ငြင်းပယ်တာက တစ်မျိုး၊ အကြီးအကဲစုကို မလေးမစားလုပ်တာက နောက်တစ်မျိုးပဲ"

"ဖုန်းဝူချန်ကို ဒူးထောက်ပြီး အကြီးအကဲစုကို တောင်းပန်ခိုင်း"

"ဟုတ်တယ်။ ဒူးထောက်စမ်း"

အကြီးအကဲစု ဒေါသပေါက်ကွဲတော့မည်ကို မြင်သောအခါ နေရာတစ်ခုလုံး ဒေါသတကြီး အော်ဟစ်သံများဖြင့် ပြည့်နှက်သွားသည်။ လူတိုင်းက ဖုန်းဝူချန်ကို ဆွဲဖြဲပစ်ချင်နေကြသကဲ့သို့ပင်။

ဖုန်းဝူချန်က အေးစက်စွာ ရယ်မောလိုက်သည်။

"ဒူးထောက်ပြီး တောင်းပန်ရမယ် ဟုတ်လား။ ကျုပ်က ဘာလို့ ဒူးထောက်ရမှာလဲ။ ဘာလို့ တောင်းပန်ရမှာလဲ။ ခင်ဗျားတို့က တတိယနေရာကို လိုချင်ရင် ကျုပ်ကို အသုံးချပြီး ပွဲမစည်ချင်ကြနဲ့လေ... ဟုတ်တယ်မလား"

"ချန်အာ။ မင်း ဘာတွေလုပ်နေတာလဲကွယ်…”

လူတိုင်းက ဖုန်းဝူချန်ကို အပြစ်တင်နေသည်ကို ကြည့်ရင်း ရှောင်ချင်းချင်းသည် စိုးရိမ်တကြီး မနေနိုင်မထိုင်နိုင် ဖြစ်နေသည်။

မော့ခွန်းက ဖုန်းမိသားစုကို နှိမ်နင်းရန် အခွင့်အရေးကို လက်လွှတ်မခံလိုဘဲ ဒေါသတကြီး ပြစ်တင်လိုက်သည်။

"ဖုန်းကျိန့်ရှုံး။ မင်းရဲ့ သားကို ဒူးထောက်ပြီး အကြီးအကဲစုကို တောင်းပန်ခိုင်းမှာ မဟုတ်ဘူးလား"

"ဟမ့်။ ဖုန်းကျိန့်ရှုံး။ အကြီးအကဲစုကို စော်ကားပြီးမှတော့ မင်းရဲ့သားကို ဘယ်လိုကာကွယ်နိုင်မလဲ ငါစောင့်ကြည့်နေမယ်"

ယန်ရှန်းသည် အောင်နိုင်သူတစ်ယောက်လို လှောင်ရယ်လိုက်၏။အခြားများစွာကလည်း သူတစ်ပါး၏ ဒုက္ခကို ကြည့်၍ ပျော်ရွှင်နေကြသည်။

ဤလူများ၏ မျက်နှာများကို ကြည့်ရင်း ဖုန်းဝူချန်သည် တိတ်တဆိတ် ခေါင်းခါလိုက်သည်။ ဤလောကကြီးသည် အင်အားကြီးသူကို မြှောက်စားပြီး အားနည်းသူများမှာမူ စင်မြင့်ပေါ်သို့ တက်ခွင့်မရှိသည့် လောကပင်။

မော့ခွန်းက အေးစက်စွာ ငေါက်ငမ်းပြန်သည်။

"ဖုန်းကျိန့်ရှုံး... ဒါ မင်းရဲ့ သားကို သင်ပေးထားတဲ့ ပုံစံလား။ အကြီးအကဲစုကို စော်ကားမှုရဲ့ အကျိုးဆက်ကို မင်း နားလည်ရဲ့လား"

ဖုန်းဝူချန်ကတော့ အကြီးအကဲစုကို အမှန်တကယ် စော်ကားမိခဲ့လျှင်ပင် မကြောက်ရွံ့ဘဲ မခိုးမခန့် ရယ်လိုက်သည်။

"အကျိုးဆက်ကိုတော့ ကျွန်တော် မသိဘူး။ မိသားစုခေါင်းဆောင်မော့... ကျွန်တော့်ကို အသိဉာဏ်ပေးပါဦးလား”

All Chapters