အထွတ်အထိပ် နဂါးနတ်ဘုရား ဆုံးဖြတ်ချက်…
Vol. 1 Ch. 3
~ဖုန်းဝူချန်၏ ဒဏ်ရာများသည် အပြည့်အဝ ပျောက်ကင်းသွားခဲ့ပြီ။ သူသည် နတ်ဆိုးနဂါး၏ မှတ်ဉာဏ်များကို ဆက်လက် ချေဖျက်နေသည်။ ဖုန်းဝူချန်အတွက်တော့ ဤသည်မှာ တန်ဖိုးမဖြတ်နိုင်သော ရတနာသိုက်ကြီးပင်။
'တကယ့်ကို ကြောက်စရာကောင်းတဲ့ ဖြစ်တည်မှုပဲ... နတ်ဘုရားတစ်ပါးလိုပဲ... အရာရာကို တတ်စွမ်းနိုင်ပါလား'
ဖုန်းဝူချန်သည် တစ်ဖန် ထိတ်လန့်တကြား ရေရွတ်မိသည်။ သူ၏ နှလုံးသားထဲမှ ဝမ်းမြောက်မှုသည် စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်ပေ။
သူသည် နတ်ဆိုးနဂါး၏ မှတ်ဉာဏ်များကို မည်သို့ ရရှိခဲ့သည်ကို မသိသော်လည်း ဖုန်းဝူချန်သည် ထိုအကြောင်းကို ဆက်လက် တွေးတောနေရန် အချိန်မရှိချေ။
လက်ရှိ ဖုန်းဝူချန်အတွက်မူ သူ၏ အစွမ်းကို မြှင့်တင်ရန်မှာ ထိပ်တန်းဦးစားပေး ဖြစ်နေ၏။
ဖုန်းဝူချန်သည် နတ်ဆိုးနဂါး၏ မှတ်ဉာဏ်ထဲမှ အစွမ်းထက်သော ကျင့်ကြံခြင်းနည်းစနစ်များကို ရှာဖွေနေသည်။ နည်းစနစ်တိုင်းသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှရာ နောက်ဆုံးတွင် သူသည် နတ်ဆိုးနဂါး ကျင့်ကြံခဲ့သော၊ နတ်ဆိုးနဂါး၏ နည်းစနစ်ပေါင်းများစွာထဲမှ အပြင်းထန်ဆုံးဖြစ်သည့် "အထွတ်အထိပ် နဂါးနတ်ဘုရား သိုင်းနည်းစနစ်"ကို လေ့ကျင့်ရန် ဆုံးဖြတ်လိုက်တော့သည်။
တိုက်ကြီးပေါ်ရှိ ကျင့်ကြံခြင်းနည်းစနစ်များနှင့် သိုင်းပညာရပ်များကို အနိမ့်မှအမြင့်သို့ အဝါရောင်၊ ရွှမ်၊ မြေကမ္ဘာနှင့် ကောင်းကင်ဘုံ အဆင့်ဟူ၍ ခွဲခြားထားသည်။ အဆင့်တစ်ခုချင်းစီကို အဆင့်နိမ့်၊ အလယ်အလတ်၊ အမြင့်ဟူ၍ အဆင့် သုံးဆင့် ထပ်မံခွဲခြားထားသေး၏။
...
ကောင်းကင်ဘုံအဆင့်အထက်တွင် နတ်ဘုရားအဆင့်ဟူ၍ ရှိသေးသည်ဟု ဆိုကြလေသည်။
'ဆေးပညာရှင်၊ လက်နက်ပညာရှင်... နတ်ဆိုးနဂါးက ငါ့ကို တကယ် တန်ရာတန်ကြေးထက် ပိုပေးသွားတာပဲ။ မင်းက ငါ့ကိုယ်ထဲ ဘယ်လို ရောက်လာလဲတော့ ငါမသိဘူး... ဒါပေမဲ့ အခုတော့ ဒါတွေ အကုန်လုံးက ငါ့အပိုင်ပဲ၊ ဟီးဟီး'
ဖုန်းဝူချန်သည် အတိုင်းမသိ ဝမ်းသာအားရဖြစ်ကာ သူ့ဘာသာသူ တွေးနေမိသည်။
'နတ်ဆိုးနဂါးရဲ့ မှတ်ဉာဏ်နဲ့ ကြွယ်ဝလှတဲ့ အတွေ့အကြုံတွေ ရှိနေတော့ အထွတ်အထိပ် နဂါးနတ်ဘုရား နည်းစနစ်ကို ကျင့်ကြံဖို့ဆိုတာ ငါ့အတွက် လုံးဝမခက်ခဲတော့ဘူး။ ဒုတိယအဆင့် သိုင်းဝိညာဉ်ပဲ နိုးထလာတော့ရော ဘာဖြစ်လဲ... အဲ့ဒီအဘိုးကြီး နတ်ဆိုးနဂါးက နတ်ဘုရားအဆင့် ဆေးပညာရှင်ပဲလေ။ နဝမအဆင့်ထက်တောင် ပိုပြီး အစွမ်းထက်သေးတယ်'
ဖုန်းဝူချန်သည် ပျော်ရွှင်စွာ ရေရွတ်လိုက်ပြီး သူ၏ ကျင့်ကြံခြင်းကို စတင်ရန် စိတ်အား
ထက်သန်နေတော့၏။
အမှန်စင်စစ် ထိုအတိုင်းပင် ဖြစ်သည်။
သာမန် ဒုတိယအဆင့် သိုင်းဝိညာဉ်သာ ပိုင်ဆိုင်သော်လည်း ဖုန်းဝူချန်တွင် နတ်ဆိုးနဂါး၏ မှတ်ဉာဏ်နှင့် အလွန် ကြွယ်ဝသော အတွေ့အကြုံများ ရှိနေခြင်းကြောင့် နဝမအဆင့် သိုင်းဝိညာဉ်ပိုင်ရှင် ထူးကဲ ပါရမီရှင်များပင် သူနှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။
ထို့ထက်ပိုသည်မှာ နတ်ဆိုးနဂါးသည် တိုက်ကြီးပေါ်မှ ဒဏ္ဍာရီလာ နတ်ဘုရားအဆင့် ဆေးပညာရှင် တစ်ဦးဖြစ်ခဲ့သည်လေ။ လုံးဝ အထွတ်အထိပ် ဖြစ်တည်မှုပင်။
သူ၏ နှလုံးသားထဲမှ ခုန်ပေါက်နေသော ပျော်ရွှင်မှုကို ငြိမ်သက်စေရန် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် ဖုန်းဝူချန်သည် တင်ပလ္လင်ချိတ်၍ ထိုင်ကာ အထွတ်အထိပ် နဂါးနတ်ဘုရား နည်းစနစ်တွင် ဖော်ပြထားသည့် လမ်းကြောင်းအတိုင်း ကျင့်ကြံတော့သည်။
နတ်ဆိုးနဂါး၏ အထွတ်အထိပ် နဂါးနတ်ဘုရား နည်းစနစ်အပေါ် နားလည် သဘောပေါက်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိပြီး ဖြစ်သည်။ သူ၏ မှတ်ဉာဏ်နှင့်အတူ ဖုန်းဝူချန်သည် ထိုနည်းစနစ်၏ အနှစ်သာရကို သူ၏ စိတ်ထဲတွင် ရရှိထားပြီးဖြစ်ရာ သူ လုပ်ရန်မှာ မနားမနေ ကျင့်ကြံရန်သာ ဖြစ်သည်။
နတ်ဆိုးနဂါး ပိုင်ဆိုင်ခဲ့သော ကြောက်မက်ဖွယ် သိုင်းပညာရပ် မျိုးစုံကိုမူ ဖုန်းဝူချန်သည် မျက်စိမှိတ်၍ပင် ဖော်ထုတ်နိုင်ပေသည်။
သို့သော်လည်း ဖုန်းဝူချန်သည် ချီသန့်စင်ခြင်း အဆင့်သို့ မရောက်သေးသည့်အတွက် အစစ်အမှန်ချီကို မစုစည်းနိုင်သေးဘဲ သိုင်းပညာများကို ကျင့်ကြံနိုင်ခြင်း မရှိသေးချေ။
ချီသန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်မှသာလျှင် စစ်မှန်သော သိုင်းပညာရှင် တစ်ဦး ဖြစ်လာမည် ဖြစ်သည်။
ဖုန်းဝူချန် အထွတ်အထိပ် နဂါးနတ်ဘုရား နည်းစနစ်ကို စတင် လည်ပတ်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ သဘာဝ ဝိညာဉ်စွမ်းအင်များသည် မုန်တိုင်းကဲ့သို့ သူ့ထံသို့ အရှိန်ပြင်းစွာ စီးဝင်လာကြသည်ကို သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်လေသည်။
နောက်တစ်ခဏတွင်တော့ ဖုန်းဝူချန်၏ မျက်နှာသည် တုန်လှုပ်မှုဖြင့် ဖုံးလွှမ်းသွားတော့၏။
'ဘယ်လောက်တောင် အစွမ်းထက်တဲ့ နည်းစနစ်လဲ'
နတ်ဆိုးနဂါး၏ မှတ်ဉာဏ်မှတစ်ဆင့် အထွတ်အထိပ် နဂါးနတ်ဘုရား နည်းစနစ်၏ ကြောက်မက်ဖွယ်
ကောင်းမှုကို ကြိုတင်သိ
ထားသော်ငြားလည်း ဖုန်းဝူချန်သည် ကိုယ်တိုင် ကျင့်ကြံကြည့်သောအခါ အံ့ဩတကြီး ရေရွတ်မိတော့သည်။
'ကျင့်ကြံတဲ့ အရှိန်က အရင်ကထက် ဆယ်ဆမက ပိုမြန်နေပါလား။ ဒါက နည်းနည်းတော့ လွန်လွန်းတယ်မလား'
ဖုန်းဝူချန်သည် မှင်သက်သွားပြီး သူ၏ နှလုံးသားထဲမှ ပျော်ရွှင်မှုသည် တစ်ဖန် တိုးပွားလာခဲ့သည်။
ဤသို့သော ကြောက်မက်ဖွယ် ကျင့်ကြံနှုန်းသည် အမှန်ပင် ကောင်းကင်ဘုံကို စိန်ခေါ်နေသကဲ့သို့ပင်။
အကယ်၍ ဤနည်းစနစ်ကို ဝိညာဉ်အရည်များနှင့် ဆေးလုံးများဖြင့် ပေါင်းစပ် ကျင့်ကြံပါက ပို၍ပင် ကြောက်မက်ဖွယ် ကောင်းသွားမည် မဟုတ်လော။
ဖုန်းဝူချန် တစ်ယောက် ထိုအကြောင်းကို စဉ်းစားပင် မတွေးရဲတော့ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်နာရီ ကုန်ဆုံးသွားခဲ့ပြီး ဖုန်းဝူချန်သည် ရေစီးကြောင်း စီးဆင်းသလို သဘာဝကျစွာပင် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် တတိယ အလွှာသို့ ဝင်ရောက်သွားလေသည်။
နှစ်နာရီအတွင်း အလွှာ တစ်ခု တက်သွားခြင်း...။ ဤသို့ ကောင်းကင်ဘုံကို စိန်ခေါ်သည့် ကျင့်ကြံနှုန်းမျိုးသည် အင်ပါယာ တစ်ခုလုံးတွင်၊ မဟုတ်သေး... ထျန်းယန် အကယ်ဒမီ တစ်ခုလုံးတွင်ပင် ဒုတိယ တစ်ယောက် ရှာတွေ့နိုင်ဖွယ် မရှိချေ။
"နှစ်နာရီနဲ့ အဆင့်တက်တယ်။ မော့လင်အာ... မင်းက ဆဋ္ဌမအဆင့် သိုင်းဝိဉာဉ် နိုးထလာတော့ရော ဘာဖြစ်လဲ။ ပါရမီမြင့်တော့ရော ဘာဖြစ်လဲ။ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် နဝမအလွှာမှာ ရှိနေတော့ရော သယသ ။ မင်း..ချီသန့်စင်ခြင်း
အဆင့်ကို ရောက်သွားခဲ့ရင်တောင် ငါ မင်းကို ကျော်တက်နိုင်တယ်"
ဖုန်းဝူချန်သည် အလွန်အမင်း စိတ်လှုပ်ရှားနေပြီး မာန်မာနတို့ဖြင့် ပြည့်နှက်ကာ သူ၏ မောက်မာမှုသည် ကောင်းကင်သို့ ထိုးတက်သွားတော့သည်။
သို့သော် စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေသော ဖုန်းဝူချန်သည် သူ၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် မှိန်ဖျော့သော ရွှေရောင်အလင်းတန်း တစ်ခု ပေါ်ထွက်လာသည်ကို လည်းကောင်း၊ သူ၏ နဖူးပေါ်တွင် မှိန်ဖျော့သော နဂါးအမှတ်အသားတစ်ခု ပေါ်လာပုံကို လည်းကောင်း သတိမပြုမိခဲ့ပေ။
ဟုတ်သည်။ ၎င်းသည် နဂါးအမှတ်အသားပင် ဖြစ်၏။
အကယ်၍သာ ဖုန်းဝူချန် သတိပြုမိခဲ့ပါက သူ၏ အရှိန်အဝါသည် ချက်ချင်းဆိုသလို အဆပေါင်းများစွာ ပိုမို အားကောင်းလာသည်ကို တွေ့ရှိ၍ တုန်လှုပ်သွားမည်မှာ သေချာသည်။
ထိုအခိုက်အတန့်တွင် နဂါးအမှတ်အသား ပေါ်လာသည်နှင့် ဖုန်းဝူချန်၏ ခန္ဓာကိုယ်အတွင်း၌ အခြားသော ပြောင်းလဲမှု တစ်ခုလည်း ဖြစ်ပေါ်နေခဲ့လေသည်။
သည်အဖြစ်အပျက်အားလုံးကို ဖုန်းဝူချန်သည် လုံးဝ သတိမမူမိခဲ့ပေ။
"နှစ်လ။ မဟုတ်ဘူး။ တစ်လဆို လုံလောက်တယ်။ တစ်လအတွင်းမှာ ငါ မင်းကို ကျော်တက်ပြမယ်။ မင်း စောင့်ကြည့်နေလိုက်။ မင်းရဲ့ မာနတွေကို ငါ့ခြေဖဝါးအောက်မှာ နင်းခြေပစ်မယ်"
ဖုန်းဝူချန်သည် ယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေပြီး သူ၏ မျက်ဝန်းများသည် စိတ်ပိုင်းဖြတ်မှုနှင့် မိမိကိုယ်ကို ယုံကြည်မှုတို့ဖြင့် တောက်ပနေသည်။
ဝိညာဉ်အရည် သို့မဟုတ် ဆေးလုံးများ၏ အကူအညီ မပါဘဲ ဖုန်းဝူချန်သည် တစ်နာရီအတွင်း ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် တတိယအလွှာသို့ တက်လှမ်းနိုင်ခဲ့သည်။ ထိုအချက်က သူသာ ဝိညာဉ်အရည်နှင့် ဆေးလုံးများ၏ အကူအညီကို ရရှိပါက ကျင့်ကြံနှုန်းသည် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ကို ပြသနေလေသည်။
တစ်လအတွင်း မော့လင်အာကို ကျော်တက်ရန်မှာ မဖြစ်နိုင်သည့် အရာတော့ မဟုတ်ပေ။
ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ မှောင်မိုက်နေပြီ ဖြစ်သောကြောင့် ဖုန်းဝူချန် တကိုယ်တည်း ရေရွတ်လိုက်၏။
"အင်း၊ နောက်ကျနေပါပြီ။ မနက်ဖြန်ကျမှ အဖေ့ဆီက ဝိညာဉ်အရည် တောင်းရမယ်။ ဒီညတော့ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် စတုတ္ထအလွှာကို ပြန်ရောက်အောင် လုပ်ပြီးမှ သေသေချာချာ အစီအစဉ်ဆွဲရမယ်"
—---
မျက်စိတစ်မှိတ်အတွင်း တစ်ညတာ ကုန်ဆုံးသွားပြီး ဖုန်းဝူချန်သည် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် စတုတ္ထအလွှာသို့ ချောမွေ့စွာ ရောက်ရှိခဲ့ကာ သူဆုံးရှုံးခဲ့သော ကျင့်ကြံမှုအဆင့်ကို တစ်ညတည်းနှင့် ပြန်လည်ရရှိခဲ့လေသည်။
တစ်ညတည်းဖြင့် အလွှာနှစ်ခု တက်လှမ်းနိုင်ခဲ့သည်...။ ထိုသို့သော ကြောက်မက်ဖွယ်ကောင်းသည့် ကျင့်ကြံနှုန်းမှာ အဘယ်သူနှင့်မျှ မယှဉ်နိုင်၊ အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းလှပေသည်။
"အရင်ကထက်တောင် ပိုပြီး အားကောင်းနေသလိုပဲ။ အထွတ်အထိပ် နဂါးနတ်ဘုရား နည်းစနစ်ဖြစ်ဖို့ ထိုက်တန်ပါတယ်လေ"
ဖုန်းဝူချန်သည် ဖြည်းညှင်းစွာ မျက်လုံးဖွင့်လိုက်ပြီး မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာသည်။
အပျင်းကြောဆန့်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှ မီးရှူးမီးပန်းများ ပေါက်ကွဲသကဲ့သို့ တဖောက်ဖောက် အသံများ ထွက်ပေါ်လာသည်။
သူ၏ အတွင်းစိတ်ထဲမှ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုတို့ကို ထိန်းချုပ်ရန် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ဖုန်းဝူချန် တိတ်တဆိတ် ရေရွတ်လိုက်သည်။
"ဒီညဆိုရင် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ပဉ္စမအလွှာကို ချိုးဖြတ်နိုင်လောက်တယ်။ အထွတ်အထိပ် နဂါးနတ်ဘုရား နည်းစနစ်က တော်တော်ကို ကြောက်စရာကောင်းတာပဲ"
တစ်နေ့တာအတွင်း ဖုန်းဝူချန်သည် သေခြင်းတရားနှင့် ကံကြမ္မာ၏ အလှည့်အပြောင်းများကို တွေ့ကြုံခဲ့ရ၏။
ပြန်တွေးကြည့်သောအခါ ဖုန်းဝူချန်သည် အိပ်မက်တစ်ခုလို ခံစားရသော်လည်း ၎င်းသည် အမှန်တကယ် ဖြစ်ပျက်ခဲ့သည်ပင်။
ယနေ့မှစ၍ ဤသည်မှာ ဖုန်းဝူချန်အတွက် အစအသစ်နှင့် ခရီးလမ်းအသစ်တစ်ခု၏ အစပျိုးခြင်းပင် ဖြစ်ပေတော့သည်။
"သခင်လေး"
ထိုအချိန်တွင် အစေခံမလေး ရှောင်လန်၏ အသံသည် တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။
"ဘာကိစ္စလဲ"
ဖုန်းဝူချန်သည် တံခါးဖွင့်ရန် လျှောက်သွားရင်း ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"ထျန်းယန်အကယ်ဒမီက လူသစ်ခေါ်နေတယ်လေ။ သခင်လေး မသိဘူးလား။ မိသားစုကြီးလေးခုက လူတွေအကုန်လုံး သွားကြပြီ... တော်တော်စည်နေတာရှင့်"
ရှောင်လန်သည် ဖုန်းဝူချန်ကို ကြည့်ရင်း အနည်းငယ် အံ့ဩစွာဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်သည် လက်နှစ်ဖက်ကို ဖြန့်လိုက်ပြီး ခပ်ယဲ့ယဲ့ ပြုံးကာ ဆိုသည်။
"အဲ့ဒါက ငါနဲ့ ဘာဆိုင်လို့လဲ။ ငါ့လို ပါရမီနဲ့တော့ အထဲဝင်ခွင့်ရမှာ မဟုတ်ပါဘူး"
ရှောင်လန်လည်း စဉ်းစားကြည့်ကာ သဘောတူလိုက်သည်။ ထျန်းယန်အကယ်ဒမီသို့ ဝင်ခွင့်ရရန် အနည်းဆုံး ပဉ္စမအဆင့် သိုင်းဝိဉာဉ် နိုးထရန် လိုအပ်ပြီး ပဉ္စမအဆင့် သိုင်းဝိညာဉ်ပိုင်ရှင် မျိုးဆက်များကို ပြိုင်ဘက်ကင်းမြို့တွင် ပါရမီရှင်များအဖြစ် သတ်မှတ်ထားရာ ထျန်းယန်အကယ်ဒမီ၏ ဝင်ခွင့်လိုအပ်ချက် မည်မျှမြင့်မားသည်ကို ပြသနေသည်။
ဖုန်းဝူချန်က ဘာမှစိတ်ပူစရာမရှိသလို ပုံစံမျိုးဖြင့် နေနေသည်ကို မြင်သောအခါ ရှောင်လန်က စိုးရိမ်တကြီး မေးလိုက်သည်။
"သခင်လေး... တကယ်ပဲ အဆင်ပြေရဲ့လားဟင်"
ပြိုင်ဘက်ကင်းမြို့ရှိ လူတိုင်းသည် ဖုန်းဝူချန်နှင့် မော့လင်အာတို့မှာ ငယ်သူငယ်ချင်းများဖြစ်ကြောင်း သိကြသည်။ ယခု မော့လင်အာ၏ သစ္စာဖောက်မှုကြောင့် ဖုန်းမိသားစုတစ်စုလုံးသည် ဖုန်းဝူချန် ဤထိုးနှက်မှုကို မခံနိုင်မည်ကို အလွန်စိုးရိမ်နေကြသည်။
ဖုန်းဝူချန်က ခပ်ဖွဖွ ပြုံးလိုက်သည်။
“ငတုံးမလေး... ငါ့ကို ကြည့်စမ်း... ငါ ဘာမှမဖြစ်ဘူး မဟုတ်လား။ ငါ့မှာ ဘာဖြစ်စရာရှိလို့လဲ"
မော့လင်အာ၏ သစ္စာဖောက်မှုသည် ဖုန်းဝူချန်၏ နှလုံးသားကို အမှန်ပင် ရင်ကွဲစေခဲ့သော်လည်း ထိုနာကျင်မှုထက် ဒေါသနှင့် နာကြည်းမှုက ပို၍ကြီးမားနေပါသည်။
ထိုအခါမှ စိတ်သက်သာရာရသွားသော ရှောင်လန်သည် ချိုမြစွာ ပြုံးလိုက်ပြီး…
"သခင်လေး ဘာမှမဖြစ်ရင် ပြီးတာပါပဲ။ မော့လင်အာက မောက်မာပြီး ဘဝင်မြင့်တယ်။ ပြီးတော့ သူက သခင်လေးကိုတောင် သစ္စာဖောက်သေးတယ်။ သူနဲ့ ပြတ်သွားတာ ကောင်းပါတယ်။ သူ ထျန်းယန်အကယ်ဒမီကနေ ခေါ်သွားတာတောင် အောင်မြင်မယ်လို့ အာမမခံနိုင်ပါဘူး။ ထျန်းယန်အကယ်ဒမီမှာ သူ့ထက် အများကြီး သာတဲ့သူတွေ အများကြီးရှိတာပဲနော်"
"အဲ့ဒီလိုဆိုရင်တော့ ငါ ထျန်းယန်အကယ်ဒမီကို သွားဖို့ ပိုတောင် အကြောင်းမရှိတော့ဘူးပေါ့။ ငါ စိတ်မဝင်စားပါဘူး"
ဖုန်းဝူချန်သည် အခန်းထဲမှ ထွက်လာရင်း အေးဆေးတည်ငြိမ်စွာ ပြုံးလျက် ဆိုလိုက်သည်။
ယခုအချိန်မှ ဖုန်းဝူချန်သည် ယခင်က ဖုန်းဝူချန် မဟုတ်တော့ပေ။ နတ်ဆိုးနဂါး၏ မှတ်ဉာဏ်နှင့် ကြောက်မက်ဖွယ် ကျင့်ကြံနှုန်းတို့နှင့်အတူ သူသည် ထျန်းယန်အကယ်ဒမီကို အမှန်တကယ် မလိုအပ်တော့ပေ။
"သခင်လေး... ဘယ်သွားမလို့လဲ"
ရှောင်လန်သည် အလျင်အမြန် ဖုန်းဝူချန်၏ နောက်တွင် တာဝန်ကျေစွာ လိုက်ပါလာသည်။
"အရမ်းစည်တယ်ဆို... သွားကြည့်ရအောင်လေ"
ဖုန်းဝူချန်သည် အခြား အရေးကြီးသော ကိစ္စများ ရှိနေသောကြောင့် တစ်ချက်မျှသာ ကြည့်ရှုရန် ရည်ရွယ်ထားသည်။
ယနေ့ ပြိုင်ဘက်ကင်းမြို့သည် တစ်နှစ်တာအတွင်း အစည်ကားဆုံးသောနေ့ဟု ဆိုနိုင်ပါသည်။
ထျန်းယန်အကယ်ဒမီမှ လူသစ်စုဆောင်းရာတွင် ယန်ဟော်အင်ပါယာရှိ မြို့တစ်မြို့ချင်းစီတွင် နေရာနှစ်နေရာသာ ရရှိထား၏။ တစ်နေရာကို မော့လင်အာက ရရှိထားပြီးဖြစ်ကာ ကျန်တစ်နေရာကိုမူ မည်သူရမည်ကို မသတ်မှတ်ရသေးချေ။
သိုင်းဝိဉာဉ် စစ်ဆေးရန် သတ်မှတ်ထားသော စင်မြင့်ထက်တွင် ထျန်းယန်အကယ်ဒမီမှ အကြီးအကဲတစ်ဦးနှင့် ကျောင်းသားတစ်ဒါဇင်ကျော်တို့သည် အထင်ရှားဆုံး ပေါ်လွင်နေကြပြီး ထိုနေရာ၏ အတောက်ပဆုံးသော ပုဂ္ဂိုလ်များ ဖြစ်နေကြသည်။
မော့လင်အာသည် သူတို့အထဲတွင် ပါဝင်နေပြီး လူငယ်မျိုးဆက်များစွာ၏ အလွန်အမင်း မနာလိုမှုကို ဖြစ်စေသည်။
ထျန်းယန်အကယ်ဒမီသို့ ဝင်ရောက်နိုင်ခြင်းသည် ယန်ဟော် အင်ပါယာမှ မရေမတွက်နိုင်သော မျိုးဆက်များအတွက် အိပ်မက်တစ်ခု ဖြစ်လေ၏။ ထိုနေရာသည် ပါရမီရှင်အားလုံး စုဝေးရာ ဖြစ်ကာ လူအများ၏ နှလုံးသားထဲတွင် မြင့်မြတ်သော ကျင့်ကြံရာ နေရာ တစ်ခုအဖြစ် ရှုမြင်ကြသည်။
ပြိုင်ပွဲစင်မြင့်၏ ပတ်ဝန်းကျင်သည် လူများဖြင့် ပြည့်ကျပ်နေပြီး ပြိုင်ဘက်ကင်းမြို့၏ ပါရမီရှင်လူငယ်များသည် စိတ်လှုပ်ရှားမှုတို့ဖြင့် တက်ကြွနေကြသည်။ သို့သော် ထိုအခိုက်အတန့်တွင်မူ လုံးဝ တိတ်ဆိတ်ငြိမ်သက်နေပြီး မိသားစုကြီးလေးခု၏ မျက်နှာများတွင်ပင် လေးစားမှုနှင့် ကြည်ညိုမှုတို့ ထင်ဟပ်နေလေသည်။
ထျန်းယန်အကယ်ဒမီမှ အကြီးအကဲတစ်ဦး ရောက်ရှိလာခြင်းသည် သူ၏ ဂုဏ်သိက္ခာကြီးမားမှုကြောင့်သာ လေးစားရခြင်းမဟုတ်ဘဲ သူ၏ ကျင့်ကြံမှုအဆင့်သည် ပြိုင်ဘက်ကင်းမြို့တစ်ခုလုံးကို ကြိတ်ချေဖျက်ဆီးပစ်ရန် လုံလောက်သည်ထက်ပင် ပိုသောကြောင့် ဖြစ်သည်။
ထိုကဲ့သို့ အင်အား ကြီးမားသော ပုဂ္ဂိုလ်၏ ရှေ့မှောက်တွင် မည်သူမျှ မရိုင်းစိုင်းရဲကြပေ။
မော့မိသားစုမှလွဲ၍ မိသားစုကြီးလေးခု၏ အကြီးအကဲများအားလုံးသည် အတော်လေး စိုးရိမ်နေကြသည်။ ဖုန်းမိသားစုမှာမူ ပြောစရာ မလိုနေပေ။ ဖုန်းဝူချန်၏ ဒုတိယအဆင့် သိုင်းဝိဉာဉ် ပါရမီဖြင့် သူသည် အရည်အချင်းပင် မမီပါချေ။
လူတိုင်းက ဒုတိယနေရာကို လင်မိသားစု သို့မဟုတ် ယန်မိသားစုက ရရှိမည်လောဟု ခန့်မှန်းနေကြသည်။
"တကယ်ကို စည်ကားတာပဲ"
ဖုန်းဝူချန်သည် လမ်းမပေါ်မှနေ၍ လူထုကြီးဖြင့် ပြည့်နှက်နေသော စင်မြင့်ကို အဝေးမှ လှမ်းကြည့်ရင်း အံ့ဩစွာ ဆိုလိုက်သည်။
"သခင်လေးရယ်... ဒီနှစ်က ထျန်းယန်အကယ်ဒမီက အကြီးအကဲ ကိုယ်တိုင်လာတာလေ... စည်မှာပေါ့"
ရှောင်လန်က အလျင်အမြန် ပြန်ဖြေလိုက်သည်။
ဖုန်းဝူချန်သည် စင်မြင့်ပေါ်မှ မော့လင်အာကို ချက်ချင်း မြင်လိုက်သည်။ သူမကလည်း ဖုန်းဝူချန်ကို မြင်လိုက်သော်လည်း ဖုန်းဝူချန်၏ မျက်နှာမှာ အေးဆေးတည်ငြိမ်နေပြီး မျက်လုံးများတွင် ခံစားချက်လှိုင်း အနည်းငယ်မျှပင် မထင်ဟပ်နေသည်ကို တွေ့ရသဖြင့် အံ့အားသင့်သွားသည်။
မော့လင်အာအပြင် ထျန်းယန်အကယ်ဒမီမှ အကြီးအကဲသည်လည်း ဖုန်းဝူချန်ကို သတိပြုမိသွားသည်။ သူသည် အံ့ဩပြီး နားမလည်နိုင်လည်း ဖြစ်သွား၏။
ယန်ဟော် အင်ပါယာရှိ မည်သည့်မျိုးဆက်က ထျန်းယန်အကယ်ဒမီသို့ ဝင်ခွင့်မရချင်ဘဲ နေမည်နည်း။
မိမိတွင် လုံလောက်သော ပါရမီ မရှိကြောင်း သိနေလျှင်ပင် ဝင်ရောက်ခွင့်ရရန် ဆန္ဒရှိကြသည်။
သို့သော် ဖုန်းဝူချန်မှာမူ လုံးဝ စိတ်မဝင်စားပုံ ပေါ်နေသဖြင့် အကြီးအကဲအတွက် ထူးဆန်းနေတော့သည်။
အကြီးအကဲ၏ နားမလည်နိုင်သော အကြည့်ကို မြင်သောအခါ လူတိုင်း၏ အကြည့်များသည် အကြီးအကဲ၏ အကြည့်နောက်သို့ လိုက်ပါသွားပြီး လမ်းမပေါ်မှ ဖုန်းဝူချန်ကို မြင်လိုက်ရ လေသည်။
"အကြီးအကဲစု... သူက ဖုန်းမိသားစုရဲ့ တတိယသခင်လေး ဖုန်းဝူချန်ပါ။ သူက မနေ့ကမှ ဒုတိယအဆင့် သိုင်းဝိဉာဉ် နိုးထထားပြီး အသုံးမကျတဲ့ ကောင်တစ်ယောက်ပါ"
ယန်မိသားစု၏ အကြီးအကဲက ခပ်တိုးတိုး ပြောလိုက်သည်။
"အသုံးမကျတဲ့ကောင်"
အကြီးအကဲစုသည် မျက်မှောင်အနည်းငယ်ကြုတ်ကာ စဉ်းစားလိုက်သည်။
'ဒါတော့ မဟုတ်လောက်ဘူး။ ဒီလူငယ်လေးရဲ့ ခြေလှမ်းတွေက တည်ငြိမ်တယ်။ သူ့မျက်လုံးထဲက ယုံကြည်မှုနဲ့ မာန်မာနက သာမန်မျိုးဆက်တွေမှာ ရှိတာမျိုး မဟုတ်ဘူး'
'ထူးဆန်းလိုက်တာ... ဖုန်းဝူချန် ဒဏ်ရာအပြင်းအထန် ရသွားတာ မဟုတ်ဘူးလား။ ဓားတစ်ချောင်းက သူ့ဒန်တျန်ကို ထိုးဖောက်ဝင်သွားတာလေ... တစ်ညတည်းနဲ့ ဘယ်လိုပြန်ကောင်းသွားတာလဲ'
'ဟုတ်တယ်... အဲ့လောက်ပြင်းထန်တဲ့ ဒဏ်ရာမျိုးက အနည်းဆုံး တစ်လ ဒါမှမဟုတ် နှစ်လလောက် ကုသရမှာ'
လူအုပ်ကြီးက အံ့ဩတကြီး ပြောဆိုကြသည်။
လူတိုင်းသည် အလွန်ထူးဆန်းနေသည်ဟု ခံစားလိုက်ရသော်လည်း နောက်တစ်ခဏတွင်မူ သူတို့အားလုံး မှင်တက်သွားကြသည်။
"ဟမ်။ ဖုန်းဝူချန်ရဲ့ ကျင့်ကြံမှုက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် စတုတ္ထအလွှာကို ဘယ်လိုပြန်ရောက်သွားတာလဲ။ ငါ မျက်စိမှားနေတာလား"
"သူ့ဒန်တျန် ပျက်စီးသွားပြီး ကျင့်ကြံမှုက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ဒုတိယအလွှာကို ကျသွားတာလေ။ တစ်ညတည်းနဲ့ ဘယ်လိုပြန်ကောင်းသွားရတာလဲ။ ဒါ အမြင်မှားနေတာလား"
"ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် စတုတ္ထအလွှာ။ ငါသေချာတယ်"
အစပိုင်းတွင် အံ့ဩမှုဖြစ်ပြီးနောက် စင်မြင့်ပတ်လည်မှ အာမေဋိတ်သံများ ပေါက်ကွဲထွက်ပေါ်လာပြီး လူတိုင်းက ဖုန်းဝူချန်သည် ဤမျှ အံ့ဖွယ်ကောင်းသော အစွမ်းအာနိသင်ကို ခံစားရရန် မည်သို့သော နတ်ဆေးလုံးမျိုးကို စားသုံးခဲ့သည်ကို ခန့်မှန်းနေကြတော့သည်။
ထိုအာမေဋိတ်သံများကို ကြားသောအခါ အကြီးအကဲစုသည် ယခုအခါ လုံးဝပင် မှင်တက်အံ့ဩသွားတော့သည်။
မော့လင်အာသည်လည်း တုန်လှုပ်လွန်း၍ စကားပင် မပြောနိုင်တော့ချေ။