နတ်ဆိုးနဂါးနတ်ဘုရား၏ မှတ်ဉာဏ်…
Vol. 1 Ch. 2
~စင်မြင့်ထက်တွင် ဖုန်းကျိန့်ရှုံး၊ ရှောင်ချင်းချင်းနှင့် ဖုန်းမိသားစုဝင် အားလုံးတို့သည် ထိတ်လန့်တုန်လှုပ်နေကြသည်။
ဖုန်းဝူချန်၏ ဒဏ်ရာများမှာ အလွန်ပြင်းထန်လှပြီး ဓားချက်တစ်ခုက သူ၏ ချီပင်လယ်ကို ထုတ်ချင်းဖောက် ဝင်သွားခဲ့သည်။ စင်မြင့်၏ မြေပြင်သည်လည်း နီရဲသော သွေးစက်များဖြင့် ချင်းချင်းနီလျက်ရှိ၏။
ရှောင်ချင်းချင်းက စိုးရိမ်တကြီး မေးလိုက်သည်။
"အကြီးအကဲ... ချန်အာရဲ့ ဒဏ်ရာ ဘယ်လိုနေသေးလဲ"
ဖုန်းမိသားစု၏ အကြီးအကဲ ဖုန်းချန်ယန်က လေးနက်စွာ ဆိုသည်။
"ဝူကို ချက်ချင်းပြန်ခေါ်ပြီး ကုသရမယ်"
ဖုန်းချန်ယန်၏ စကားကိုကြားသော် ဖုန်းကျိန့်ရှုံးသည် ဒေါသအမျက် ချောင်းချောင်းထွက်လာတော့သည်။ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်တို့သည် ထိန်းချုပ်မရနိုင်ဘဲ ပေါက်ကွဲထွက်လာ၏။
"မော့ချန်ရှန်း။ ဒီနေ့ ချန်အာသာ အသက်မရှင်ခဲ့ရင် မင်းရဲ့ မော့မိသားစုကို ငါလုံးဝ ခွင့်လွှတ်မှာမဟုတ်ဘူး"
မော့မိသားစု၏ ခေါင်းဆောင်ကမူ ခေါင်းပင်မလှည့်ဘဲ ခပ်ပေါ့ပေါ့ပင် ပြန်ပြောလိုက်သည်။
"ဒီကိစ္စက ငါနဲ့ဘာမှမဆိုင်ဘူး။ ဖုန်းမိသားစုခေါင်းဆောင်က တကယ်ပဲ ငါ့မော့မိသားစုကို တိုက်ခိုက်ချင်တယ်ဆိုရင်တော့ ဘယ်အချိန်မဆို ကြိုဆိုဖို့ အသင့်ပါပဲ"
...
ဖုန်းကျိန့်ရှုံးသည် အသွင်ပြောင်းခြင်းအဆင့် နဝမအလွှာသို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သော်လည်း မော့မိသားစုခေါင်းဆောင်ကမူ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။
စင်မြင့်ထက်မှ လူငယ်က မောက်မာစွာ ပြုံးလိုက်သည်။
"မိသားစုခေါင်းဆောင်ဖုန်း... ခင်ဗျားကို ပြောဖို့မေ့နေတာတစ်ခုက လင်အာရဲ့ လက်ရှိအဆင့်အတန်းက ထျန်းယန်အကယ်ဒမီရဲ့ ကျောင်းသူ တစ်ယောက်ပဲ။ ဝူကိုယ်တိုင် ဓား နဲ့ထိုးတာကို မပြောနဲ့ဦး... လင်အာက သူ့ကို သတ်လိုက်ရင်တောင် ခင်ဗျားတို့ ဖုန်းမိသားစုက ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ထျန်းယန်အကယ်ဒမီနဲ့ ကျုပ် ဟွမ်ဖူ မိသားစုရဲ့ ထောက်ပံ့မှု ရှိနေတော့ မော့မိသားစုကို မထိခင် ကိုယ့်အင်အားကိုယ် ပြန်ချိန်ဆကြည့်ပါဦး"
မထီမဲ့မြင် ရယ်မောလိုက်ပြီးနောက် ထိုလူငယ်က ထပ်ဖြည့်ပြောလိုက်သည်။
"ဆဋ္ဌမအဆင့် သိုင်းဝိညာဉ်က ဘာကိုဆိုလိုလဲဆိုတာ ခင်ဗျားသိရဲ့လား။ ပြိုင်ဘက်ကင်းမြို့မှာ ဆဋ္ဌမအဆင့် သိုင်းဝိညာဉ်နဲ့ ပါရမီရှင်တစ်ယောက် ထွက်ပေါ်ခဲ့တယ်လို့ ကျွန်တော် တစ်ခါမှ မကြားဖူးဘူး။ မိန်းကလေးတစ်ယောက်ဆို ပိုတောင်ဆိုးသေးတယ်။ ထျန်းယန်အကယ်ဒမီမှာတောင် လင်အာက အကောင်းဆုံးတွေထဲမှာ ထူးချွန်ထင်ရှားတယ်"
ထိုစကားများကို ချန်ထားခဲ့ပြီးနောက် လူငယ်သည်လည်း ထွက်ခွာသွားတော့သည်။
"ထျန်းယန်အကယ်ဒမီ"
ဖုန်းကျိန့်ရှုံး၏ မျက်နှာသည် ပြင်းထန်စွာ ပြောင်းလဲသွားသော်လည်း သူ၌ ထပ်မံစဉ်းစားရန် အချိန်မရှိတော့ပေ။ ဒဏ်ရာပြင်းထန်စွာ ရရှိထားသော ဖုန်းဝူချန်နှင့်အတူ အလျင်အမြန် ထွက်ခွာသွားလေသည်။
နှိုင်းယှဉ်ကြည့်လျှင် ဖုန်းဝူချန်၏ အသက်က ပို၍ အရေးကြီးလေ၏။
"မော့လင်အာက ထျန်းယန်အကယ်ဒမီကနေ ခေါ်ယူခံလိုက်ရတာလား။ ဒါက ဘယ်တုန်းက ဖြစ်သွားတာလဲ"
"ပြိုင်ဘက်ကင်းမြို့ရဲ့ ထိပ်တန်းပါရမီရှင် မော့လင်အာကို ထျန်းယန်အကယ်ဒမီက ခေါ်သွားပြီတဲ့"
"ဆဋ္ဌမအဆင့် သိုင်းဝိညာဉ်... တကယ်ကို အစွမ်းထက်တဲ့ ပါရမီပဲ... ထျန်းယန်အကယ်ဒမီက သူ့ကို မခေါ်ရင်သာ ရူးနေလို့ပဲ။ မော့လင်အာရဲ့ အနာဂတ်အောင်မြင်မှုတွေက အဆုံးအစမရှိ ဖြစ်တော့မှာပဲကွ"
"ဒီလို အံ့ဩစရာကောင်းတဲ့ ပါရမီမျိုးသာ ငါ့မှာရှိရင် ငါလည်း ဒီလိုပဲလုပ်မှာပဲ။ ဒီလောက် အစွမ်းထက်တဲ့ ဆုလာဘ်မျိုးက ပိုကောင်းတဲ့ ရွေးချယ်မှုတွေကို ပေးနိုင်တာပေါ့။ ဝူချန်ကတော့ မော့လင်အာကို အပြစ်တင်လို့မရပါဘူး"
နေရာတစ်ခုလုံးသည် ထိုကဲ့သို့သော ပါရမီရှင်ကြောင့် တုန်လှုပ်သွားကြပြီး ပြိုင်ဘက်ကင်းမြို့မှ လူများကို အမှန်တကယ်ပင် မနာလိုဖြစ်စေခဲ့သည်။
မော့လင်အာ ထျန်းယန်အကယ်ဒမီသို့ ဝင်ရောက်ခြင်းသည် သူမ၏ အဆင့်အတန်း ပိုမိုမြင့်မားသွားသည်ကို ဆိုလိုသောကြောင့် ဖုန်းဝူချန်သည် သူမကို လှမ်းမီရန် ပို၍ပင် အခွင့်အရေး မရှိတော့ပေ။
…
ဖုန်းမိသားစု၏ ခန်းမဆောင်ထဲတွင် တိတ်ဆိတ်ငြိမ်သက်နေလေ၏။
အကြီးအကဲများ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုနှင့် အရေးတကြီး ဖြစ်နေသော အရိပ်အယောင်များ ထင်ဟပ်နေလေ၏။
ဆယ့်ငါးမိနစ်ပင် မပြည့်သေးမီ ဖုန်းချန်ယန်သည် ခန်းမထဲသို့ ပေါ်လာသည်။ သူ၏ အိုမင်းသော မျက်နှာတွင် ဝမ်းနည်းမှုနှင့် အားကိုးရာမဲ့သည့် အရိပ်အယောင်များ ထင်ရှားနေ၏။
"အကြီးအကဲ... ချန်အာ
ဘယ်လိုနေသေးလဲ"
ရှောင်ချင်းချင်းက စိုးရိမ်တကြီး မေးလိုက်သည်။
လူတိုင်း၏ မျက်လုံးများက ဖုန်းချန်ယန်ထံသို့ စုပြုံရောက်ရှိသွား၏။
ဖုန်းချန်ယန်သည် အားကိုးရာမဲ့စွာ ခေါင်းခါယမ်းလိုက်ရင်း ဆိုသည်။
"ဝူချန်ရဲ့ ဒဏ်ရာက သိပ်ပြင်းထန်လွန်းတယ်... သူရဲ့ ဒန်တျန်က ပျက်စီးသွားပြီ... ပြီးတော့ သူက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ဒုတိယအလွှာကို ပြန်ကျသွားပြီ။ ပထမအဆင့် ဆေးပညာရှင်တစ်ယောက်ဖြစ်တဲ့ ငါ့အစွမ်းနဲ့တော့ ဝူချန်ကို ကယ်တင်နိုင်မှာ မဟုတ်ဘူး"
ဖုန်းကျိန့်ရှုံး၏ အကြည့်များက ဖုန်းချန်ယန်ထံတွင် စူးစိုက်နေကာ ထိတ်လန့်တကြားဖြင့် မေးလိုက်၏။
"အကြီးအကဲ... ဆိုလိုတာက ချန်အာ အသက်မရှင်နိုင်တော့ဘူးလား"
"အကြီးအကဲ... နည်းလမ်းတစ်ခုခု စဉ်းစားပေးပါဦး။ ချန်အာကို မဖြစ်မနေ ကယ်ပေးပါရှင်"
ရှောင်ချင်းချင်းမှာတော့ ဤစကားကို ကြားသည်နှင့် မြေပြင်ပေါ်သို့ ပုံလဲကျသွားပြီး မျက်ရည်များက မိုးရွာသလို စီးကျလာတော့သည်။
ဖုန်းချန်ယန်သည် သက်ပြင်းတစ်ချက်ချကာ ခေါင်းကို ထပ်မံခါယမ်းလိုက်၏။
"တတိယအဆင့် ဆေးပညာရှင် ဖော်စပ်တဲ့ ဆေးတစ်မျိုးမျိုး မဟုတ်ရင်တော့...။ ဒါပေမဲ့ ပြိုင်ဘက်ကင်းမြို့မှာ တတိယအဆင့် ဆေးပညာရှင်ကို ငါတို့ ဘယ်မှာသွားရှာနိုင်မှာလဲ"
ဤစကားကို ကြားသောအခါ ဖုန်းကျိန့်ရှုံးသည် မျှော်လင့်ချက်ကင်းမဲ့စွာ ထိုင်ချလိုက်တော့သည်။ ဖုန်းချန်ယန်၏ စကားများသည် ဖုန်းဝူချန်အတွက် သေဒဏ်ချမှတ်လိုက်သကဲ့သို့ပင် ဖြစ်ချေသည်။
ဖုန်းယွမ် ဟူသော သားအကြီးဆုံးက ဒေါသတကြီးဖြင့် သွားကြိတ်ကာ လက်သီးဆုပ်လိုက်သည်။
"မော့လင်အာ။ ငါ မင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ ငါ့ညီလေးသာ အသက်မရှင်ခဲ့ရင် မင်းလည်း သူ့နောက်ကို လိုက်သွားစေရမယ်"
ရှောင်ချင်းချင်းသည် မျက်ရည်များကြားမှ တရှုံ့ရှုံ့ငိုရင်း မေးလိုက်သည်။ မှိန်ဖျော့သော မျှော်လင့်ချက်ရောင်ခြည်လေးကိုပင် သူမ လက်မလွှတ်ချင်ပေ။
"အကြီးအကဲ... တကယ်ပဲ တခြားနည်းလမ်း မရှိတော့ဘူးလားရှင့်…”
"ငါ့မှာ တကယ်ပဲ ကူညီနိုင်တဲ့ နည်းလမ်းမရှိတော့ဘူး။ ဝူချန်မှာ အချိန်သိပ်မကျန်တော့ဘူး... မင်းတို့ သူ့ကို နောက်ဆုံးအနေနဲ့ သွားကြည့်နိုင်ပါ
တယ်"
ဖုန်းချန်ယန်သည် တစ်ဖန် ခေါင်းခါလိုက်ပြန်သည်။
ဝမ်းနည်းမှုနှင့် ဒေါသတို့သည် ခန်းမဆောင်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။
ထိုအချိန်တွင် ဖုန်းဝူချန်သည် သတိလစ်နေဆဲ ဖြစ်ပြီး သူ၏ အသက်စွမ်းအားသည် အလွန်အမင်း နုနယ်ကာ ချည်တစ်မျှင်ပေါ်တွင် ဆွဲထားသကဲ့သို့ ဖြစ်နေသည်။
သို့သော် များမကြာမီမှာပင် အံ့ဩဖွယ်ရာ အဖြစ်အပျက်တစ်ခု ဖြစ်ပွားလာခဲ့တော့သည်။
ဖုန်းဝူချန်၏ ဒန်တျန်ရှိ ဓားဖြင့်ထိုးသွင်းခံရသော ဒဏ်ရာသည် မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ပြန်လည်ကျက်သွားလေ၏။
နောက်တစ်စက္ကန့်တွင် ဖုန်းဝူချန်သည် ရုတ်တရက် မျက်လုံးများ ပြူးကျယ်စွာ ဖွင့်လိုက်ပြီး နာရီပေါင်းများစွာ ရေအောက်တွင် အသက်အောင့်ထားခဲ့ရသူကဲ့သို့ အသက်ကို လောဘတကြီး ရှူရှိုက်နေတော့သည်။ သူ၏ ပုံစံမှာ အိပ်မက်ဆိုးမှ လန့်နိုးလာသည့်အလား၊ ဦးခေါင်းတစ်ခုလုံး ချွေးစေးများဖြင့် ပြည့်နှက်နေပြီး မျက်နှာသည်လည်း ကြောက်လန့်မှုကြောင့် ဖြူဖျော့နေလေသည်။
"ဘာ... ဘာအမည်းရောင်အရာကြီးလဲ"
ဖုန်းဝူချန်သည် ချွေးများကို သုတ်ရင်း ကြောက်လန့်တကြား ပြောလိုက်သည်။
သို့သော် သူထပ်မံ မစဉ်းစားနိုင်ခင်မှာပင် သူ၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားသည်။
"ငါ့... ငါ့ဒဏ်ရာ... ဘာ... ဘာဖြစ်သွားတာလဲ"
"အား..."
ဖုန်းဝူချန် တုန်လှုပ်အံ့ဩနေစဉ်မှာပင် သူ၏ ဦးခေါင်းသည် ဓားဖြင့် ထိုးစိုက်ခံလိုက်ရသကဲ့သို့ ပြင်းထန်စွာ နာကျင်လာပြီး မျက်နှာသည် ချက်ချင်း ရှုံ့မဲ့သွား၏။ ထို့နောက် ကြီးမားလှသော သတင်းအချက်အလက် အစုအဝေးကြီး တစ်ခုသည် သူ၏ စိတ်ထဲသို့ တိုးဝင်လာလေသည်။
"ဒါက..."
ကြီးမားသော သတင်းအချက်အလက်များကို ခုခံမှုမရှိဘဲ လက်ခံလိုက်ရင်း ဖုန်းဝူချန်သည် အလွန်တရာ တုန်လှုပ်သွားကာ မျက်လုံးများ ပြူးထွက်သွားသည်။ ခေါင်းမှ ပြင်းထန်စွာ တဆစ်ဆစ်ကိုက်ခဲနေသော နာကျင်မှုကိုပင် မေ့လုမတတ် ဖြစ်သွားတော့၏။
‘ဒါက နတ်ဆိုးနဂါးနတ်ဘုရားရဲ့ မှတ်ဉာဏ်ပဲ။ သူက ရှေးဟောင်း နဂါးနတ်ဘုရားမျိုးနွယ်ကတဲ့။ နဂါးမျိုးနွယ်က ပြိုင်ဘက်ကင်းတဲ့ အစွမ်းထက် အထွတ်အထိပ် ပုဂ္ဂိုလ်တွေလို့ ဆိုကြတယ်။ နတ်ဆိုးနဂါးနတ်ဘုရားက ငါ့ခန္ဓာကိုယ်ကို သုံးပြီး ပြန်လည်ဝင်စားဖို့ ကြည့်နေတာလား။ ဒါ... ဒါတွေအားလုံးက အိပ်မက်များလား'
ဖုန်းဝူချန်သည် မယုံနိုင်စွာ အော်ဟစ်လိုက်ပြီး အရာအားလုံးသည် လုံးဝ ယုတ္တိမတန်ဟု ခံစားနေရသည်။
ရှေးဟောင်း နဂါးနတ်ဘုရားမျိုးနွယ်ဟူသော အရာကို ဖုန်းဝူချန် တစ်ခါမှ မကြားဖူးခဲ့ချေ။ ဤကြီးမားလှသော မှတ်ဉာဏ် အပိုင်းအစများ သူ၏ စိတ်ထဲသို့ ရုတ်တရက် ပေါ်ထွက်လာသည့်အခါမှပင် သူသည် အိပ်မက်ထဲတွင် ရှိနေသေးသကဲ့သို့ ခံစားလိုက်ရသည်။
နတ်ဆိုးနဂါးနတ်ဘုရား၏ မှတ်ဉာဏ်ထဲတွင် ဖုန်းဝူချန်သည် နတ်ဆိုးနဂါးနတ်ဘုရားမှာ ရှေးဟောင်း နဂါးနတ်ဘုရားမျိုးနွယ်မှ ဖြစ်ကြောင်း သိလိုက်ရသည်။ ထိုမျိုးနွယ်တွင် လုံထျန်းဟွမ်နှင့် လုံထျန်းကျန့် ဟူသော မြင့်မြတ်သော သားတော်နှစ်ပါး ရှိခဲ့ လေသည်။
သူတို့နှစ်ဦးသည် နဂါးနတ်ဘုရားမျိုးနွယ်၏ အတောက်ပဆုံးသော ပါရမီရှင်များ ဖြစ်ကြသော်လည်း နဂါးမျိုးနွယ်၏ အထွတ်အထိပ် ပလ္လင်အတွက် မျက်နှာချင်းမဆိုင်နိုင်အောင် ဖြစ်ခဲ့ကြသည်။ သူတို့သည် နှစ်ပေါင်းများစွာ အချင်းချင်း ပေါ်ပေါ်ထင်ထင်နှင့် လျှို့ဝှက်စွာ ရုန်းကန်တိုက်ခိုက်ခဲ့ကြလေ၏။
နောက်ဆုံးတွင် အထွတ်အထိပ် ပလ္လင်အတွက် ရွေးကောက်ပွဲနေ့၌ လုံထျန်းဟွမ်သည် မသင့်တော်သော ရည်ရွယ်ချက်များ ရှိသည့်အတွက် ရွေးချယ်မခံခဲ့ရဘဲ သူ၏ ညီအစ်ကို လုံထျန်းကျန့်က နဂါးမျိုးနွယ်၏ နောက်ဆက်ခံမည့် အထွတ်အထိပ် ပုဂ္ဂိုလ်အဖြစ် အောင်မြင်စွာ ဖြစ်လာခဲ့သည်။
ပါရမီနှင့် ခွန်အားအရ လုံထျန်းဟွမ်သည် လုံထျန်းကျန့်ထက် မနိမ့်ကျပေ။ ခွန်အားကို အလေးထားသော လောကကြီးတွင် သူသည် နဂါးနတ်ဘုရားမျိုးနွယ်ကို ပိုမို အစွမ်းထက်အောင် ပြုလုပ်နိုင်ပြီး နဂါးမျိုးနွယ်၏ အထွတ်အထိပ် ပလ္လင်သည် သူ့အတွက်သာ ဖြစ်သင့်သည်ဟု ယုံကြည်ခဲ့သော်လည်း အဖြစ်မှန်က ထိုသို့မဟုတ်ခဲ့ချေ။
လုံထျန်းဟွမ်သည် သူ၏ ဖခင်က မျက်နှာလိုက်သည်ဟု ခံစားခဲ့ရသည်။ အထွတ်အထိပ် ပလ္လင်သည် လုံထျန်းကျန့်၏ လက်ထဲသို့ ကျရောက်သွားသည်ကို သူလက်မခံနိုင်ခဲ့။ သူ၏ အမုန်းတရားသည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုနက်ရှိုင်းလာခဲ့ပြီး နောက်ဆုံးတွင် လုံထျန်းဟွမ်သည် နဂါးမျိုးနွယ်မှ အင်အားကြီး အဖွဲ့ဝင်များစွာကို ဦးဆောင်ကာ နဂါးနတ်ဘုရားမျိုးနွယ်နှင့် လုံးဝ အဆက်အသွယ် ဖြတ်တောက်သွားတော့သည်။
ရလဒ်အနေဖြင့် လုံထျန်းဟွမ်သည် သူ၏ အမည်ကိုလည်း နတ်ဆိုးနဂါးနတ်ဘုရားဟု ပြောင်းလဲခဲ့သည်။
နဂါးမျိုးနွယ်၏ အထွတ်အထိပ် ပလ္လင်ကို အတင်းအဓမ္မ သိမ်းပိုက်ရန်အတွက် လုံထျန်းဟွမ်သည် စစ်သည်တော်များနှင့် မြင်းများကို စုဆောင်းခဲ့သည်။
နဂါးနတ်ဘုရားမျိုးနွယ်အတွင်း ကြီးမားသော စစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့လေ၏။ လွှမ်းမိုးနိုင်သော စွမ်းအားဖြင့် လုံထျန်းဟွမ်သည် လုံထျန်းကျန့်ကို အနိုင်ယူပြီး နဂါးနတ်ဘုရား တံဆိပ်တော်ကို သိမ်းပိုက်ကာ အထွတ်အထိပ်ပလ္လင်ကို ရရှိပြီဟု ထင်မှတ်ခဲ့သော်လည်း နောက်ဆုံးတွင် နဂါးနတ်ဘုရားမျိုးနွယ်၏ အကြီးအကဲ ခြောက်ယောက် အသုံးပြုခဲ့သော နတ်ဘုရား စွမ်းရည်များဖြင့် ချိပ်ပိတ်ခြင်း ခံခဲ့ရသည်။
"ဒါ... ဒါ တကယ်ဖြစ်နိုင်ပါ့မလား။ နတ်ဆိုးနဂါးနတ်ဘုရားက သိပ်ကို ကြောက်စရာကောင်းတာပဲ။ မဟုတ်ဘူး... အဲဒီ အကြီးအကဲခြောက်ယောက်က ပိုတောင် ကြောက်စရာ ကောင်းသေးတယ်"
နတ်ဆိုးနဂါး နတ်ဘုရား၏ မှတ်ဉာဏ်များကို ကြည့်ရှုရင်း ဖုန်းဝူချန်သည် ကြောက်လန့်တကြား တုန်ယင်လာပြီး ချွေးများ အလွန်အမင်း ထွက်ကာ အသက်ရှူမဝ ဖြစ်လာသည်။
"တတိယသခင်လေး။ အို..သခင်လေး... နိုးလာပြီလားရှင်"
ဖုန်းဝူချန် ကြောက်လန့်တကြား တုန်ယင်နေစဉ်မှာပင် အခန်းတံခါးသည် ရုတ်တရက် ဖွင့်ဟလာပြီး လှပသော အစေခံမိန်းကလေးတစ်ဦး အပြေးအလွှား ဝင်လာသည်။
အစေခံမလေးသည် စောစောက အခန်းထဲမှ ထွက်ပေါ်လာသော အော်သံများကြောင့် လန့်ဖျပ်သွားခဲ့သည်။ သူမ အခန်းထဲသို့ အပြေးအလွှားဝင်လာပြီး ဖုန်းဝူချန် နိုးနေသည်ကို မြင်သောအခါ လုံးဝပင် ကြက်သေသေသွားတော့၏။
"အခုပဲ နိုးလာတာပါ"
အစေခံမလေး ရုတ်တရက် ဝင်လာမှုကြောင့် ဖုန်းဝူချန်သည် သတိပြန်ဝင်လာသည်။ သူက ခပ်ပေါ့ပေါ့ ဟန်ဆောင်ရင်း သူမကို ခေါင်းညိတ်ပြလိုက်သည်။
"သခင်ကြီး။ သခင်မကြီး။ အကြီးအကဲတို့... တတိယသခင်လေး နိုးလာပါပြီ"
ခဏတာ မှင်သက်နေပြီးနောက် မယုံနိုင်ဖြစ်နေသော အစေခံမလေးသည် ရုတ်တရက် အသံကျယ်ကျယ်ဖြင့် အော်ဟစ်ကာ အားကုန်အော်ဟစ်ရင်း အပြင်သို့ ပြေးထွက်သွားတော့သည်။
သူမ၏ အလွန်ကျယ်လောင်သော အော်သံသည် မြေပြင်တစ်ခုလုံးကိုပင် တုန်ခါသွားစေတော့သည်။ ထိုအသံကို ကြားနိုင်သော ဖုန်းမိသားစုဝင်တိုင်းသည် တောင့်တင်းသော မျက်နှာထားများဖြင့် ကြက်သေသေသွားကြ၏။
ဖုန်းချန်ယန်က ဖုန်းဝူချန်သည် ကယ်တင်၍ မရတော့ကြောင်း အကြောင်းကြားပြီးလေပြီ။
သူ ဘယ်လိုလုပ် ရုတ်တရက် နိုးလာနိုင်မည်နည်း။
ဖုန်းဝူချန်ကို အစေခံမလေးက စွဲလန်းနေသည့်အတွက် အမြင်မှားသွားခြင်း ဖြစ်နိုင်ပါသလော။
"နိုးလာပြီ"
ခန်းမဆောင်ထဲတွင် ဖုန်းကျိန့်ရှုံးနှင့် အခြားသူများ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အားလုံး တုန်လှုပ် မယုံနိုင် ဖြစ်နေကြသည်။
"ဒါ..."
ဖုန်းချန်ယန်သည် အလွန်တရာ ထိတ်လန့်သွားကာ သူ၏ လက်ဖက်ရည်ခွက်သည် မြေပြင်ပေါ်သို့ ကျကွဲသွားလေ၏။
ဖုန်းချန်ယန်သည် ပထမအဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်သည်။ သူသည် ဟွာထော ပြန်ဝင်စားသူ မဟုတ်သော်ငြားလည်း လူ့ခန္ဓာကိုယ်၏ ဒဏ်ရာနှင့် ရောဂါများနှင့် ပတ်သက်လာလျှင် သူသည် မည်သူ့ထက်မဆို ပို၍ သြဇာအာဏာ ရှိသည်မှာ သေချာသည်။
ထိုကဲ့သို့ သြဇာအာဏာရှိသော ပုဂ္ဂိုလ်က မှားနိုင်ပါ့မလား။
ဖုန်းချန်ယန်သည်လည်း သူ မှားယွင်းခဲ့ပါစေဟု မျှော်လင့်နေမိသည်။ အနည်းဆုံးတော့ ဖုန်းဝူချန်အတွက်... သူ မသေဆုံးသေးသည် မဟုတ်လော။
"သခင်ကြီး။ သခင်မကြီး။ အကြီးအကဲတို့။ တတိယသခင်လေး နိုးလာပါပြီရှင်"
အစေခံမလေးသည် ခန်းမဆောင်ထဲသို့ ဝင်လာရင်း မောဟိုက်စွာ ပြောလိုက်သည်။ သူမ၏ အသံတွင် အတိုင်းမသိ ပျော်ရွှင်မှုများ ပါဝင်နေဆဲဖြစ်သည်။
ရှောင်ချင်းချင်းသည် ရှေ့သို့ အမြန်တိုးကာ အစေခံမလေး၏ လက်ကို စိတ်အားထက်သန်စွာ ဆုပ်ကိုင်ရင်း မေးလိုက်သည်။
"ရှောင်လန်... နင်ပြောတာ အမှန်ပဲလား။ ချန်အာ တကယ်နိုးလာပြီလား"
"သခင်မကြီး... အမှန်ပါပဲ။ တတိယသခင်လေး အခန်းထဲမှာ ရှိနေပါတယ်"
ရှောင်လန်သည် အားပါးတရ ခေါင်းညိတ်ရင်း ပြန်ဖြေသည်။
"လာ၊ မြန်မြန်... သွားကြည့်ကြစို့"
ဖုန်းကျိန့်ရှုံးက ဆိုလိုက်ပြီး စိတ်မရှည်စွာ အပြင်သို့ ပြေးထွက်သွားသည်။
ဤအချိန်တွင် ဖုန်းဝူချန်သည် သူ၏ အခန်းထဲ၌ နတ်ဆိုးနဂါးနတ်ဘုရား၏ မှတ်ဉာဏ်များကို စုပ်ယူနေသည်။ နတ်ဆိုးနဂါးနတ်ဘုရား၏ မှတ်ဉာဏ်အားလုံးသည် သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားခဲ့ပြီး ယင်းက နတ်ဆိုးနဂါးနတ်ဘုရား ပိုင်ဆိုင်သမျှ အရာအားလုံးသည် ယခုအခါ ဖုန်းဝူချန်၏ ပိုင်ဆိုင်မှု ဖြစ်သွားသည်ကို ဆိုလိုလေသည်။
"ချန်အာ။ ချန်အာ"
ဖုန်းကျိန့်ရှုံး၊ ရှောင်ချင်းချင်းနှင့် အခြားသူများ၏ ပျော်ရွှင်စွာ အော်ဟစ်သံများက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာကာ ဖုန်းဝူချန်ကို နောက်တစ်ကြိမ် အနှောင့်အယှက်ပေးလိုက်ပြန်သည်။
လူတိုင်း အခန်းထဲသို့ အပြေးအလွှားဝင်လာကြသောအခါ ဖုန်းဝူချန်သည် အမှန်တကယ်ပင် နိုးထနေသည်ကို တွေ့လိုက်ကြရသည်။
သေရာမှ ရှင်ပြန်ထမြောက်လာခြင်း... တကယ့်ကို အံ့ဩဖွယ်ရာပင်။
"ချန်အာ။ တကယ်ကို ကောင်းလိုက်တာ"
ရှောင်ချင်းချင်းသည် ပျော်ရွှင်စွာ ငိုကြွေးရင်း မျက်ရည်များ ပါးပြင်ပေါ် စီးကျလာလျက် ဖုန်းဝူချန်ကို ပွေ့ဖက်လိုက်သည်။
ရှောင်ချင်းချင်းသည် ဖုန်းဝူချန်၏ ပျောက်ကင်းသွားသော ဒဏ်ရာများကို သတိမထားမိသော်လည်း ဖုန်းကျိန့်ရှုံးနှင့် အခြားသူများကမူ သတိထားမိကြသည်။
ဖုန်းဝူချန်၏ ရှင်ပြန်ထမြောက်ခြင်းသည် အံ့ဩစရာကောင်းသည်မှာ သေချာသော်လည်း ဤအခိုက်အတန့်တွင်မူ တုန်လှုပ်မှုက သူတို့၏ ပျော်ရွှင်မှုကို လွှမ်းမိုးသွားခဲ့သည်။
ဤမျှ ပြင်းထန်သော ဒဏ်ရာများ... ခဏကပင် သေလုမျောပါး ဖြစ်နေခဲ့ရာမှ မျက်စိတစ်မှိတ်အတွင်း ပျောက်ကင်းသွားခဲ့သည်လော။
ဖုန်းချန်ယန်သည် သရဲတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ မျက်လုံးများ ပြူးထွက်လုမတတ် ဖြစ်သွားကာ အော်ဟစ်လိုက်သည်။
"ဒဏ်ရာတွေ... ဒဏ်ရာတွေ တကယ်ပဲ ပျောက်သွားပြီ"
"ချန်အာ... မင်းဒဏ်ရာတွေက ဘယ်လိုဖြစ်တာလဲ"
ဖုန်းကျိန့်ရှုံးသည် သူ၏ အံ့ဩမှုကို ဖိနှိပ်ရင်း အလွန်ထူးဆန်းစွာ ခံစားလိုက်ရပြီး မေးလိုက်သည်။
ရှောင်ချင်းချင်းကလည်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ချန်အာ... တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ"
ဖုန်းဝူချန်သည် နတ်ဆိုးနဂါးနတ်ဘုရားအကြောင်းကို လုံးဝ ထုတ်ဖော်မပြောနိုင်မှန်း သိသည့်အတွက် ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်သည်။
"ကျွန်တော်ကိုယ်တိုင်လည်း မသိဘူး။ နိုးလာတော့ ဒဏ်ရာတွေ ပျောက်နေပြီ။ ကျွန်တော့်အတွက်လည်း ထူးဆန်းနေတာပဲ"
ဖုန်းချန်ယန်သည် ဖုန်းဝူချန်၏ အခြေအနေကို အလျင်အမြန် စစ်ဆေးကြည့်သော်လည်း အကြောင်းရင်းကိုမူ သူနားမလည်နိုင်ခဲ့ပေ။ သို့သော် ဒဏ်ရာပျောက်ကင်းသွားခြင်းမှာမူ ငြင်းမရသော အမှန်တရားဖြစ်သည်။ ဤအဖြစ်က ဖုန်းချန်ယန်ကို ပို၍ပင် ရှုပ်ထွေးသွားစေတော့သည်။
ဖုန်းဝူချန်၏ ခန္ဓာကိုယ်တွင် အမှန်တကယ် ဘာဖြစ်ခဲ့သည်ကို မည်သူမျှ မသိကြပေ။ ဖုန်းဝူချန်ကိုယ်တိုင်ပင် မသိနိုင်ပေ။
‘နတ်ဆိုးနဂါးနတ်ဘုရားရဲ့ မှတ်ဉာဏ်... သူပိုင်ဆိုင်ခဲ့သမျှ အရာအားလုံး အခုငါ့အပိုင်ဖြစ်သွားပြီ။ ဒါကတော့ ကံဆိုးမိုးမှောင်ကျရာကနေ ကံကောင်းသွားတာပဲ။ ဒီလောက် ကြောက်စရာကောင်းတဲ့ ဖြစ်တည်မှုရဲ့ စွမ်းအားနဲ့ဆိုရင် ဒီလောကမှာ ဘယ်သူက ငါ့ကို ယှဉ်နိုင်မှာလဲ။ မော့လင်အာ... မင်း ငါ့ကို သစ္စာဖောက်တယ်... ငါ့ကို အရှက်ခွဲတယ်။ ငါ မင်းကို အပြစ်မတင်ပါဘူး... မင်းကို ကျေးဇူးတောင် တင်သင့်သေးတယ်'
ဖုန်းဝူချန်၏ နှုတ်ခမ်းထောင့်များက အနည်းငယ် အပေါ်သို့ ကွေးတက်သွားပြီး သူ၏ အတွင်းစိတ်ထဲတွင် ကြည်နူးဖွယ်ရာ စိတ်လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရသည်။