လေလံပွဲ
Vol. 2 Ch. 20
~ဖုန်းယွမ် ပြောလိုက်သည့် စကားကိုကြားရသောအခါ ဖုန်းဝူချန်၏ ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်းပင် ထိခတ်သွားရ၏။ ဖုန်းကျိန့်ရှုံး ဘာကြောင့် ထိုမျှလောက် စိတ်လှုပ်ရှားနေခဲ့သည်ကို လင်ရှောင်ရှောင် ပြောပြခဲ့ခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။
“ညီလေး သုံး… မင်းက အဲ့ဒီအနက်ရောင်သံမဏိကို ဘာလုပ်ဖို့လိုလို့လဲ…”
ဖုန်းဝူချန်သည် လက်နက် ပညာရှင်တစ်ယောက်မဟုတ်သည့်အတွက် အနက်ရောင်သံမဏိကို ဘာအတွက် အသုံးပြုမည်ကို ဖုန်းကျန့်က အလွန်သိချင်နေလေသည်။
ဖုန်းဝူချန်က ခပ်ဖွဖွပြုံးကာ ပြန်ဖြေလိုက်၏။
“ ဖေဖေက ဝမ်ပေါင်ကုန်တိုက်ကို ရတနာဓား လေလံသွားဆွဲဖို့ မဟုတ်လား…။ ဒီအနက်ရောင်သံမဏိက ဓားထဲကို အရည်ကျိုထည့်ပြီး အဆင့်မြင့်ရတနာ တစ်ခုဖြစ်အောင်၊ ဒါမှမဟုတ် ဝိညာဉ်လက်နက်
တစ်ခုဖြစ်အောင် လုပ်ဖို့ပေါ့…”
“ဒါပေမဲ့ အဲ့ဒါအတွက် လက်နက် ပညာရှင်တစ်ယောက်လိုတယ်လေ…။ ဖေဖေ့မှာ အဲ့ဒီအရည်အချင်းမှမရှိတာ…”
ဖုန်းယွမ်က အားမလိုအားမရဖြင့် ဆိုလေသည်။
“ဖေဖေလုပ်လို့မရရင် အကြီးအကဲချုပ်တော့ လုပ်နိုင်မှာပေါ့… ဟုတ်တယ်မလား…”
ဖုန်းဝူချန်က ပြုံးရင်းဆို၏။
“မင်း နောက်နေတာလား…။ အကြီးအကဲချုပ်က ဆေးပညာပဲသိတာ… ပစ္စည်းဖန်တီးတာ ဘယ်လိုလုပ်သိမှာလဲ…။ ဒါပေမယ့် အရင်ဆုံး ရတနာဓားကို နိုင်အောင် အရင်လုပ်ကြတာပေါ့…။ အလယ်အလတ် အဆင့် ရတနာဆိုတာ လူတိုင်းလိုချင်ကြတဲ့ ပစ္စည်းပဲ လေကွာ…”
ဟု ဖုန်းကျန့်က အကြံပြုလိုက်လေသည်။
…
သူတို့ စကား တပြောပြောနှင့် လျှောက်လာကြရင်း ဝမ်ပေါင်ကုန်တိုက်သို့ ရောက်ရှိလာခဲ့ကြပါသည်။ ထိုနေရာသည် လူများဖြင့် စည်ကားနေပြီး လေလံပွဲခန်းမထဲသို့ ဝင်ရောက်နေကြသော လူအများမှာ တဖွဲဖွဲပင်။
“ဖုန်းမိသားစုက သခင်လေးသုံးယောက်ကို ကြိုဆိုပါတယ်ခင်ဗျာ…။ ဒီဘက်ကို ကြွပါခင်ဗျာ…”
ဝမ်ပေါင်ကုန်တိုက်၏ အစောင့်က သူတို့ကို လေးစားစွာ နှုတ်ဆက်ပြီး ဖုန်းဝူချန်တို့အုပ်စုကို လေလံပွဲခန်းမထဲသို့ လမ်းညွှန်ခေါ်ဆောင်သွားလေသည်။
လေလံပွဲခန်းမသည် လူများဖြင့် ပြည့်ကျပ်နေပြီး ပြိုင်ဘက်ကင်းမြို့နှင့် ပတ်ဝန်းကျင်မြို့များမှ မိသားစုတို့၏ အဆင့်မြင့်ပုဂ္ဂိုလ်များစွာမှာ ဒုတိယထပ်ရှိ သီးသန့်အခန်းများတွင် နေရာယူထားနှင့်ကြပြီ ဖြစ်၏။
“ချန်အာ… ခဏနေရင် အဲ့ဒီရတနာဓားကို ဖေဖေ မင်းအတွက် နိုင်အောင် ယူပေးမယ် …”
ထိုသို့ ဖုန်းဝူချန် သီးသန့်အခန်းထဲသို့ ဝင်လာသည်ကိုမြင်တော့ ဖုန်းကျိန့်ရှုံးက ပျော်ရွှင်စွာ ရယ်မောရင်း ပြောလိုက်သည်။
ဖုန်းဝူချန်၏ ဓားမှာ မော့လင်အာနှင့် တိုက်ခိုက်ခဲ့စဉ်က ကျိုးသွားခဲ့သည် မဟုတ်ပါလား။
“ကျေးဇူးတင်ပါတယ် ဖေဖေ…”
ဖုန်းဝူချန်က ပြုံးရင်း ပြန်ဖြေလိုက်၏။
ထိုအခိုက်အတန့်မှာ ယူဝမ်ရှုံးသည် လေလံပွဲ၏ အလယ်ဗဟိုစင်မြင့်ပေါ်တွင် ရပ်ရင်း ပရိသတ်ကို တိတ်ဆိတ်သွားစေရန် သူ၏လက်ကို အောက်သို့ဖိချကာ အချက်ပြလိုက်သည်။
ယူဝမ်ရှုံးက ပြုံးလျက်…
“ဝမ်ပေါင်ကုန်တိုက်ကို ကြွရောက်လာကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်…။ ဒီနေ့ လေလံတင်ဖို့ ရတနာဆယ်မျိုးရှိပါတယ်…။ ဒါကြောင့် ရှည်ရှည်ဝေးဝေးတွေ မပြောတော့ပါဘူးခင်ဗျ…”
သူ စကားဆုံးသည်နှင့် တာဝန်ခံ ကျန်းဟန်က ပထမဆုံးရတနာပစ္စည်းကို ယူဆောင်လာခဲ့လေပြီ။
ယူဝမ်ရှုံးက ရတနာပစ္စည်းကို ကောက်ကိုင်လိုက်ပြီး မိတ်ဆက်လေသည်။
“ပထမဆုံးရတနာကတော့ အဝါရောင်အဆင့်မြင့် ကျင့်စဉ်တစ်ခုဖြစ်တဲ့ မိုးကြိုးတိမ်တိုက်လက်ဝါး ဖြစ်ပါတယ်…။ ဒါက မိုးကြိုးဓာတ် သိုင်းပညာဖြစ်ပြီး အရမ်းကို အစွမ်းထက်ပါတယ်…။ ရောင်းရင်းတို့အနေနဲ့ လက်မလွှတ်သင့်ပါဘူး…။ စတင်လေလံဈေးက ရွှေဒင်္ဂါး သုံးသိန်းပါ…”
“အဝါရောင်အဆင့်မြင့် ကျင့်စဉ်တဲ့…။ စွမ်းအားကတော့ ကြောက်ခမန်းလိလိပဲ ဖြစ်ရမယ်…”
အောက်ထပ်မှ လူအုပ်ကြီးက စိတ်လှုပ်ရှားနေကြပြီး ချက်ချင်းပင် လေလံဆွဲရန် တာစူနေကြ၏။
သို့သော် ပြဿနာက ရွှေဒင်္ဂါးသုံးသိန်းကို ဘယ်ကနေရမှာလဲ။
ပြီးတော့ ဒါက အဖွင့်ဈေးနှုန်းမျှသာ ရှိသေးသည်။
“လေးသိန်း…”
ပထမဆုံး လေလံစခေါ်သူမှာ ယန်မိသားစု၏ ခေါင်းဆောင် ယန်ချင်းယွင် ဖြစ်လေသည်။
“လေးသိန်းခွဲ…”
လင်းမိသားစု၏ ခေါင်းဆောင်က နောက်မှဆက်၍ ခေါ်လိုက်သည်။
“…”
အခြားမိသားစုများကလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ လေလံဈေးကို ဆက်ခေါ်ကြတော့၏။
မိသားစုများ အပြိုင်အဆိုင် လေလံဆွဲနေကြစဉ် အောက်ထပ်မှ လူအုပ်ကြီးမှာတော့ မျက်လုံးကလေး အပြူးသားဖြင့် ကြည့်နေရုံမှတစ်ပါး လေလံပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်စွမ်း လုံးဝမရှိကြတော့ပေ။
၎င်းသည် အဝါရောင်အဆင့်မြင့် သိုင်းပညာတစ်ခုသာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ပြိုင်ဘက်ကင်းမြို့နှင့် ပတ်ဝန်းကျင်မြို့များမှ မိသားစုများအတွက်မူ ဒါက အလွန်အစွမ်းထက်သော သိုင်းပညာတစ်ခုပင် ဖြစ်လေသည်။
အားကောင်းသော သိုင်းပညာတစ်ခု ထပ်တိုးလာခြင်းသည် မိသားစုတစ်စု၏ အင်အားကို သိသိသာသာ မြှင့်တင်ပေးနိုင်သည် မဟုတ်ပါလား။
“ချန်အာ… မင်းလည်း မကြာခင် ချီသန့်စင်ခြင်းအဆင့်ကို ရောက်တော့မှာ…။ မင်းသာ မိုးကြိုးဓာတ်ကျင့်စဉ်တစ်ခုရှာပြီး မိုးကြိုးဓာတ်အစစ်အမှန်ချီကို ကျင့်ကြံနိုင်ရင် မိုးကြိုးတိမ်တိုက်လက်ဝါးကို လေ့ကျင့်နိုင်ပြီ…။ ငါ့သား သဘောကျတယ်ဆိုရင် ကြိုက်တဲ့ဈေးသာ ပေးလိုက်…”
ဖုန်းကျိန့်ရှုံးက ဖုန်းဝူချန်ကို ပြောလိုက်ပြီး ဖုန်းဝူချန်သာ သဘောကျလျှင် မဆိုင်းမတွ လေလံဆွဲရန် အသင့်အနေအထားဖြင့် ရှိနေသည်။
ဖုန်းဝူချန်က ခေါင်းခါကာ ပြန်ပြောလာ၏။
“ ဖေဖေ သိလား… အဲ့ဒါက ကျွန်တော့်မှာ မိုးကြိုးဓာတ် ရှိ၊ မရှိပေါ်မှာလည်း မူတည်သေးတယ်…။ ပြီးတော့ မိုးကြိုးတိမ်တိုက်လက်ဝါးက အစစ်အမှန်ချီ အများကြီးသုံးရတယ်…။ ဖေဖေ ထင်သလောက် မကောင်းပါဘူး…။ ဒါကြောင့် ရွှေဒင်္ဂါးတွေ အလကားမဖြုန်းတာ ပိုကောင်းတယ်…”
ဖုန်းဝူချန်၏ စကားကိုကြားသောအခါ ဖုန်းကျိန့်ရှုံးနှင့် အခြားသူများမှာ အံ့အားသင့်သွားကြ၏။
ဖုန်းဝူချန်က မိုးကြိုးတိမ်တိုက်လက်ဝါးသည် အစစ်အမှန်ချီ အများကြီးသုံးရသည်ကို ဘယ်လိုလုပ်၍ သိနေရသနည်း။ သူ မြင်လည်းမမြင်ဖူး၊ လေ့ကျင့်ဖူးသည်လည်း မဟုတ်ဘဲနှင့် ဘယ်လိုလုပ် သိနိုင်ပါမည်နည်း။
အချိန်ကြာလာသည်နှင့်အမျှ ရတနာပစ္စည်းများ တစ်ခုပြီးတစ်ခု လေလံတင်ရောင်းချသွားသော်လည်း ဘယ်အရာကမှ ဖုန်းဝူချန်၏ စိတ်ဝင်စားမှုကို မဖမ်းစားနိုင်ခဲ့။ ဖုန်းမိသားစုကလည်း လေလံပွဲကို အပျော်သက်သက် လာကြည့်ကြသည့်အလား တစ်ကြိမ်မျှ ဝင်မဆွဲခဲ့ပေ။
“ခုနစ်ခုမြောက် ရတနာ…။ အားလုံးပဲ ဒါကို စောင့်နေကြမယ်လို့ ကျွန်တော်ယုံပါတယ်…။ အလယ်အလတ် အဆင့် ရတနာ… မီးလျှံဓား…။ မီးဓာတ်ဓားတစ်လက်ဖြစ်ပြီး သံကို ရွှံ့စေးလို လှီးဖြတ်နိုင်တယ်၊ သူ့ရဲ့ အင်အား အင်မတန်ကြီးမားပါတယ်…”
ပြောပြောဆိုဆိုနှင့် ယူဝမ်ရှုံးက မီးလျှံဓားကို မြှောက်ကိုင်ကာ အစစ်အမှန်ချီတစ်မျှင်ကို နမူနာ ထိုးသွင်းလိုက်သည်နှင့် ဓားမျက်နှာပြင်သည် ချက်ချင်း မီးတောက်များ လောင်ကျွမ်းလာရင်း ပြင်းထန်သော အရှိန်အဝါနှင့် အပူရှိန်တို့ကို ထုတ်လွှတ်လေသည်။
လှပစွာပ သွန်းလုပ်ထားသော မီးလျှံဓားသည် အစစ်အမှန်ချီဖြင့် မီးတောက် လောင်ကျွမ်းနေသည့်အခါ တကယ့်မီးလျှံ ဓားတစ်လက်နှင့် တူလှပြီး အလွန်ပင် တောက်ပလှပါ၏။
“အလယ်အလတ် အဆင့် ရတနာဆိုတာနဲ့ ထိုက်တန်လိုက်တာ…။ အရှိန်အဝါက သိပ်ပြင်းတာပဲ…”
“မီးဓာတ်ကျင့်ကြံတဲ့ ဘယ်သူမဆို မီးလျှံဓားကို ကိုင်လိုက်ရင် တိုက်ခိုက်ရေးစွမ်းအား နှစ်ဆတိုးသွားမှာ သေချာတယ်…”
လူအုပ်ကြီးသည် တစ်ဖန်ပြန်၍ ပွက်ပွက်ဆူသွားကာ သူတို့၏မျက်လုံးများမှာ လိုချင်တပ်မက်မှုများဖြင့် ပြည့်နှက်နေတော့သည်။
ဖုန်းကျိန့်ရှုံးအပါအဝင် မိသားစုများစွာသည် မီးလျှံဓားအတွက်ကိုသာ အဓိကထား၍ လာခဲ့ကြခြင်းဖြစ်ပြီး အားလုံးက ၎င်းကို ရရှိရန် တက်ကြွနေကြ၏။
“ဒီဓားကို ငါ့ယန်မိသားစုက ရမှဖြစ်မယ်…”
ယန်ချင်းယွင်၏ မျက်လုံးများမှာ စိတ်အားထက်သန်မှုဖြင့် တောက်လောင်နေပြီး ထိုဓားသာရလျှင် ဖုန်းကျိန့်ရှုံးကို အနိုင်ယူနိုင်မည်ဟု ယုံကြည်နေသည်။
ဤသည်မှာ ယန်ချင်းယွင်အတွက် ပြန်လည်တုံ့ပြန်တိုက်ခိုက်ရန် အခွင့်အရေးဖြစ်ပြီး သူ ဘယ်တော့မှ လက်လွှတ်ခံမည် မဟုတ်ချေ။
“ချန်အာ… ဘယ်လိုထင်လဲ…။ မီးလျှံဓားက ဘယ်လိုနေလဲ…”
ဖုန်းကျိန့်ရှုံးက မေးလိုက်၏။
ဖုန်းဝူချန်၏ နှစ်သက်သောလက်နက်မှာ ဓားဖြစ်ပြီး ၎င်းသည် ရတနာတစ်ခုသာဖြစ်သော်လည်း သူ၏စိတ်ကြိုက်နှင့်တော့ အတော်လေးကိုက်ညီလေသည်။
“ကျွန်တော့်မှာလည်း ဓားတစ်လက်လိုနေတာနဲ့ အတော်ပဲ…။ ဒီတစ်လက်နဲ့ပဲ ဖြစ်သလိုသုံးလိုက်တော့မယ်…”
ဖုန်းဝူချန်က ပခုံးတွန့်ကာ ရယ်ရင်း မလိုချင်သလိုလို ဟန်ဆောင်လိုက်သည်။
“ဖြစ်သလိုသုံးရမယ် ဟုတ်လား…။ ဟားဟားဟား၊ လူဆိုးကောင်လေး… သိပ်ရွေးမနေနဲ့ကွ…”
ဖုန်းကျိန့်ရှုံးက ဖုန်းဝူချန်၏မလိုချင်ဟန်ဆောင်သော အမူအရာကိုမြင်တော့ ချက်ချင်းရယ်မောကာ ဆဲရေးပြီး ဖုန်းဝူချန်ကို စူးစိုက်ကြည့်လိုက်သည်။
ပြိုင်ဘက်ကင်းမြို့တွင် အလယ်အလတ် အဆင့် ရတနာ သုံးခုပင် ရှာမတွေ့နိုင်သည် မဟုတ်ပါလား။ ဓားသည် လက်နက်အားလုံး၏ ဘုရင်ဖြစ်၏။ မီးလျှံဓားသည် ရတနာထဲမှ ရတနာပင်တည်း။
စိတ်လှုပ်ရှားနေသော လူအုပ်ကြီးကိုကြည့်ရင်း ယူဝမ်ရှုံးက ခပ်ဟဟရယ်ကာ ဆိုသည်။
“မီးလျှံဓားအတွက် စတင်လေလံဈေးက ရွှေဒင်္ဂါး ငါးသိန်းပါ…။ ဒါက ပြိုင်ဘက်ကင်းမြို့မှာရှိတဲ့ တစ်ခုတည်းသော ရတနာဓားပါပဲ…။ ဒီတစ်ခါလွဲသွားရင် နောက်တစ်ခါ မရှိတော့ပါဘူး…”
“ခြောက်သိန်း…”
ယန်ချင်းယွင်က ပထမဆုံး လေလံဆွဲသူ ဖြစ်လေသည်။
“ခုနစ်သိန်း…”
မော့ခွန်းကလည်း မီးလျှံဓားကို ရရှိရန် စိတ်အားထက်သန်နေပုံဖြင့် လျင်မြန်စွာ လိုက်၍လေလံဆွဲသည်။
“ရှစ်သိန်း…”
“တစ်သန်း…”
မိသားစုများစွာတို့သည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြင်းအထန် လေလံဆွဲနေကြ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဈေးနှုန်းသည် တစ်သန်းကျော်အထိ မြင့်တက်သွားခဲ့သည်။ မည်သူတစ်ဦးတစ်ယောက်မှ နောက်ဆုတ်ရန် ဆန္ဒမရှိဘဲ သူတို့၏အစွမ်းအစကို စမ်းသပ်နေကြသကဲ့သို့ပင်။
အောက်ထပ်မှ လူအုပ်ကြီးမှာတော့ နက္ခတ္တဗေဒဆိုင်ရာ ကိန်းဂဏန်းများကို ကြားရသောအခါ တစ်ယောက်ပြီးတစ်ယောက် မှင်တက်သွားကြသည်။
“ဖေဖေ… တစ်သန်းကျော်သွားပြီ…။ ကျွန်တော်တို့ ဆက်ဆွဲသင့်သေးလား…”
ဖုန်းယွမ်က မျက်မှောင်ကြုတ်ရင်း အနည်းငယ်စိုးရိမ်စွာ မေးလိုက်သည်။
ဖုန်းချန်ယန်က လေးနက်စွာဆို၏။
“အလယ်အလတ် အဆင့် ရတနာကက တကယ်ကို ရှားပါးပြီး လက်မလွှတ်သင့်တာ အမှန်ပဲ…”
ထိုအခါ ဖုန်းယွမ်က အားမလိုအားမရ ပြုံးရင်း…
“ဖေဖေ… သိန်းနည်းနည်းပါပါးလောက်ဆို ပြဿနာမရှိပေမဲ့ ဒါက တစ်သန်းကျော်နေပြီ…။ အဲ့ဒီလောက်ပိုက်ဆံကို ကျွန်တော်တို့ ဘယ်က ရမှာလဲ…။ ပြီးတော့ မီးလျှံဓားရဲ့ နောက်ဆုံးဈေးနှုန်းက ဘယ်လောက်ဖြစ်မလဲဆိုတာတောင် မသိသေးဘူး…”
ဖုန်းမိသားစုသည် ဆိုင်ပေါင်းတစ်ဒါဇင်ကျော် ဖွင့်လှစ်ထားပြီး ဝိညာဉ်အရည်နှင့် ဆေးလုံးများ ရောင်းချနေသော မျိုးနွယ်စုကြီးတစ်ခု ဖြစ်သော်လည်း ရွှေဒင်္ဂါးများအားလုံးမှာ ကုန်ပစ္စည်းများအတွက် အသုံးပြုထားရသဖြင့် လက်ထဲတွင် သုံးနိုင်သော ရွှေဒင်္ဂါးပမာဏမှာ များများစားစားမရှိချေ။
ဖုန်းကျိန့်ရှုံးကမူ စိတ်ပိုင်းဖြတ်ထားသောဟန်ဖြင့် ..
“ဟွန်း…။ ရွှေဒင်္ဂါးမလောက်ရင် ဆိုင်တွေကိုရောင်းပစ်…။ မီးလျှံဓားကိုတော့ ရအောင်ယူရမယ်…”
‘ဟိုက်… ဖေဖေကတော့ အရမ်းတွေ အပို လုပ်နေပြီ… ဆိုင်တွေရောင်းရတဲ့အထိတော့ မဟုတ်သေးပါဘူးဗျာ…’
ဖုန်းဝူချန်က စိတ်ထဲမှ ခေါင်းခါလိုက်သည်။
‘သူတို့ ပိုက်ဆံမပေးနိုင်ရင် ဘာလုပ်ကြမလဲဆိုတာ ကျွန်တော် တကယ်သိချင်တယ်…။ ဖေဖေပြောသလို ဆိုင်တွေရောင်းပစ်ကြမှာလား…’
“တခြားဘာလုပ်နိုင်ဦးမှာလဲ…။ သူတို့က ရွှေဒင်္ဂါးနှစ်သန်းကို ဒီအတိုင်းချက်ချင်း ထုတ်ပေးနိုင်မယ်လို့ မင်းတကယ်ထင်နေတာလား…”
ဖုန်းကျိန့်ရှုံးက ထိုမိသားစုများ ရွှေဒင်္ဂါးနှစ်သန်းကို ချက်ချင်းထုတ်ပေးနိုင်လိမ့်မည်ဟု မယုံကြည်ပေ။
ဖုန်းဝူချန်က လျှို့ဝှက်စွာပြုံးရင်း ပြောလိုက်သည်။
“ဖေဖေ… စိတ်မပူပါနဲ့…။ ကျွန်တော့်မှာ နည်းလမ်းရှိတယ်…။ အဲ့ဒီဓားကို တခြားဘယ်သူ့ကိုမှ မရစေချင်ဘူး…”
“ဟေ…။ ဘာနည်းလမ်းလဲ…”
ဖုန်းချန်ယန်က ဖုန်းဝူချန်ကို စိတ်ဝင်တစား မေးလိုက်သည်။
“ဈေးသေတစ်ခုတည်းနဲ့ သူတို့ကို ကြိတ်ချေပစ်လိုက်မယ်…”
ဖုန်းဝူချန်က အေးစက်စွာရယ်မောရင်း ယူဝမ်ရှုံးကို ကြည့်ကာ အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်က…
“ကျွန်တော် သုံးသန်းပေးတယ်…”
ဖုန်းဝူချန် စကားပြောလိုက်သည်နှင့် အပြင်းအထန်ပြိုင်ဆိုင်နေကြသော မိသားစုများစွာသည် ချက်ချင်းတိတ်ဆိတ်သွားကြပြီး သူတို့၏အကြည့်များမှာ ဖုန်းဝူချန်ထံသို့ စုပြုံရောက်ရှိလာတော့သည်။
“အမလေး…”
လူအုပ်ကြီးသည် မျက်လုံးများပြူးကျယ်ကာ အံ့အားတသင့် အော်လိုက်ကြသည်။
“သုံး… သုံးသန်း…။ အဲ့ဒါ လေလံဆွဲလိုက်တာ ဖုန်းမိသားစုက တတိယသခင်လေး ဖုန်းဝူချန်ပဲ…”
“ဖုန်းမိသားစုက သုံးသန်းထုတ်ပေးနိုင်လို့လား…”
“ဖုန်းမိသားစုက သခင်လေးက ဈေးကို တစ်သန်းလောက် ရုတ်တရက်တိုးမြှင့်လိုက်တာပဲ…”
လူအုပ်ကြီးသည် ဒုတိယထပ် သီးသန့်အခန်းထဲမှ ဖုန်းဝူချန်ကို စိုက်ကြည့်ရင်း အံ့ဩတကြီးဖြင့် တီးတိုးပြောဆိုနေကြသည်။
“သုံးသန်း…။ ဖုန်းမိသားစုက တတိယသခင်လေးက သတ္တိတော့ရှိသားပဲ…။ မေးစရာရှိတာက ဖုန်းမိသားစုက တကယ်ပဲ ရွှေဒင်္ဂါးသုံးသန်း ထုတ်ပေးနိုင်ပါ့မလား…။ ပိုက်ဆံမပေးနိုင်ဘဲ အရှက်ကွဲမယ့်အဖြစ်မျိုးတော့ မဖြစ်ပါစေနဲ့လို့ မျှော်လင့်ရတာပဲ…”
ဟု ယန်ချင်းယွင်က အနည်းငယ် မဲ့ပြုံးပြုံးကာ ဆိုလိုက်သည်။
“ယန်ခေါင်းဆောင်… ခင်ဗျားတို့ ယန်မိသားစုကရော ရွှေဒင်္ဂါးနှစ်သန်းကို တကယ်ထုတ်ပေးနိုင်လို့လား…။ ဒါမှမဟုတ် ခင်ဗျားတို့ ယန်မိသားစုရဲ့ ဆိုင်တွေကို ရောင်းဖို့ စီစဉ်ထားတာလား…”
ဖုန်းဝူချန်က ပြန်လည်၍ လှောင်ပြောင်လိုက်သည်။
“ဟားဟား…”
အောက်ထပ်မှ လူအုပ်ကြီးသည် ရုတ်တရက် ရယ်မောသံများဖြင့် ဆူညံသွား၏။
ထိုအခါ ယန်ချင်းယွင်၏ မျက်နှာသည် ပြာနှမ်းသွားပြီး သူ၏မျက်လုံးများမှာ ဖုံးကွယ်မထားသော ရက်စက်မှုများဖြင့် ပြည့်နှက်နေကာ ဖုန်းဝူချန်ကို လက်ဝါးဖြင့် ရိုက်သတ်ပစ်ချင်စိတ် ပေါက်သွားတော့သည်။
ဖုန်းဝူချန်၏ တစ်သန်းပိုတိုးလိုက်သော လေလံဆွဲမှုသည် မိသားစုများစွာကို ကြိတ်ချေပစ်လိုက်ပြီး ဖြစ်သည်။
သုံးသန်းမပြောနှင့်၊ နှစ်သန်းပင်လျှင် သူတို့အတွက် ရရန်ခက်ခဲလှသည်။
မိသားစုများစွာတို့သည် အရှုံးမပေးလိုကြသော်လည်း ဆက်လက်၍ လေလံမဆွဲရဲကြတော့။ ဖုန်းမိသားစုနှင့်အတူ မျက်နှာပျက် အရှက်ကွဲခံရန် သူတို့အတွက် အကြောင်းမရှိပေ။
“လေလံဆက်ဆွဲချင်တဲ့ တခြားဘယ်သူများ ရှိသေးပါသလဲ…”
ယူဝမ်ရှုံးသည်လည်း အံ့အားသင့်သွားပြီး ခဏအကြာမှ မေးလိုက်သည်။
“သုံးသန်းခွဲ…”
မော့ခွန်းက ရုတ်တရက် လေလံဆွဲလိုက်ပြီး သူသည်လည်း မီးလျှံဓားကို ရရှိရန် စိတ်ပိုင်းဖြတ်ထားပုံပင်။
မော့ခွန်း၏ လေလံဆွဲမှုသည် လူအုပ်ကြီးကို နောက်တစ်ကြိမ် အံ့အားသင့်စေပြန်သည်။ ထိုနက္ခတ္တဗေဒဆိုင်ရာ ကိန်းဂဏန်းများကြောင့် သူတို့၏ မျက်နှာများမှာ ဖြူရော်သွားကြ၏။ သို့သော် မော့မိသားစုသည် ထိုမျှများပြားသော ရွှေဒင်္ဂါးများကို တကယ်ထုတ်ပေးနိုင်ပါမည်လား။
သို့သော်၊ အံ့ဩနေသော လူအုပ်ကြီး အတွေများ ပြန်လည်
မစုစည်းနိုင်ခင်မှာပင် ဖုန်းဝူချန်၏ နောက်ဆက်တွဲလေလံဆွဲမှုက သူတို့ကို သေမလောက် ကြောက်လန့်သွားစေတော့သည်။
“ငါးသန်း…”
ဖုန်းဝူချန်သည် ပိုက်ဆံကို ဘာမှမဟုတ်သလို သဘောထားသော သူဌေးသားတစ်ယောက်ကဲ့သို့ မဆိုင်းမတွပင် လေလံဆွဲလိုက်၏။
လေလံပွဲခန်းမတစ်ခုလုံးသည် အသက်ရှူသံပင်မကြားရအောင် တိတ်ဆိတ်သွားပြီး လူတိုင်း အသက်ရှူအောင့်ထားကြသကဲ့သို့ ဖြစ်သွားသည်။ ယူဝမ်ရှုံးပင်လျှင် ဖုန်းဝူချန်ကို အံ့အားသင့်စွာ ကြည့်နေမိ၏။
“ငါးသန်း…။ ချန်အာ… သား ရူးသွားပြီလား…”
ရှောင်ချင်းချင်းသည် ကြောက်လန့်တကြား တုန်ယင်သွားပြီး ဖုန်းမိသားစုတစ်ခုလုံးကို ရောင်းစားလျှင်ပင် ငါးသန်းရမည်မဟုတ်ဟု ထင်နေသည်။
“ချန်အာ… အဲ့ဒါ ငါးသန်းနော်…”
ဖုန်းကျိန့်ရှုံးသည်လည်း ဖုန်းဝူချန်ကို မျက်လုံးပြူးကာ စိုက်ကြည့်နေမိ၏။
“ဖေဖေ… စိတ်အေးအေးထားပါ…”
ဖုန်းဝူချန်ကမူ ငါးသန်းသည် သူ့အတွက် ဘာမှမဟုတ်သကဲ့သို့ စိုးရိမ်သောကတစ်စက်မှ မရှိဘဲ ပြောလိုက်သည်။
“ဟက်… ဖုန်းဝူချန်… မီးလျှံဓားကို မင်းကိုငါပေးလိုက်မယ်…။ ဒါပေမဲ့ မင်းတို့ဖုန်းမိသားစုက ငါးသန်းကို တကယ်ထုတ်ပေးနိုင်ပါ့မလား
ဆိုတာတော့ ငါသိချင်သေးတယ်…”
မော့ခွန်းက ညင်သာစွာ ကဲ့ရဲ့လိုက်၏။
သူသည် ဖုန်းဝူချန်ကို ထောင်ချောက်ဆင်လိုက်သည်မှာ အသိသာကြီးပင်။
ထိုစကားကိုကြားသော်လည်း ဖုန်းဝူချန်၏ မျက်နှာအမူအရာမှာ မပြောင်းလဲဘဲ အပြုံးမပျက်ပင် ပြန်ပြောလာ၏။
“မော့ခေါင်းဆောင်… လမ်းဖယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ…”
ခန်းမကြီးသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် ပေါက်ကွဲထွက်ကာ အာမေဋိတ်သံများ တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်ပေါ်လာတော့သည်။
“အဲ့ဒါ ငါးသန်းတဲ့…။ ဖုန်းမိသားစုက အဲ့ဒီလောက် ပေးနိုင်လို့လား…”
“သခင်လေး ရူးသွားပြီလား…။ အလယ်အလတ် အဆင့် ရတနာတစ်ခုအတွက် အဲ့ဒီလောက်ရွှေဒင်္ဂါးက များမနေဘူးလား…”
လူအများသည် ဖုန်းမိသားစု၌ ထိုမျှလောက် များပြားသော အင်အားရှိသည်ကို မည်သူတစ်ဦးတစ်ယောက်မှ မယုံကြည်ဘဲ တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသည်။
“တခြားဘယ်သူမှ လေလံမဆွဲတော့ဘူးဆိုရင် မီးလျှံဓားက ဖုန်းဝူချန်ရဲ့ပစ္စည်း ဖြစ်သွားပါပြီ…”
ယူဝမ်ရှုံးမှာ ကြေညာရင်း လူအုပ်ကြီးကို လှည့်ပတ်ကြည့်ရင်း ပြောလိုက်ပြီး သူ၏စိတ်ထဲတွင် ဖုန်းမိသားစုက အမှန်တကယ် ငါးသန်းထုတ်ပေးနိုင်ပါ့မလားဟု တွေးတောနေမိသည်။
သို့သော် ယူဝမ်ရှုံး၏အကြည့်သည် ဖုန်းဝူချန်၏အကြည့်နှင့် ဆုံမိသည့်အခါ သူ၏ရင်ခုန်သံက တစ်ချက်ရပ်တန့်သွားသလိုပင်။
“ကုန်တိုက်ပိုင်ရှင်ယွီ… ကျွန်တော် အကြွေးနဲ့ ဝယ်လို့ရမလားခင်ဗျာ…”
ဖုန်းဝူချန်က ပြုံးရင်းမေးလိုက်သည်။
“ဘာ…။ အကြွေးနဲ့ဝယ်မယ် ဟုတ်လား…”
ဖုန်းဝူချန် ဤစကားကို ပြောလိုက်သည်နှင့် ခန်းမကြီးသည် နောက်တစ်ကြိမ် အုံကြွပူဆူသွားပြန်သည်။
လေလံဆွဲပြီးမှ အကြွေးတောင်းတယ်တဲ့လား။
ဒါ ဘယ်လိုစည်းမျဉ်းမျိုးလဲဟ။
မော့ခွန်းနှင့် မိသားစုများစွာမှ အဆင့်မြင့်ပုဂ္ဂိုလ်များမှာ မှင်တက်သွားကြ၏။
ယူဝမ်ရှုံးလား။
ယူဝမ်ရှုံးမှာတော့ ဘယ်လိုလုပ် ငြင်းရဲပါမည်နည်း။
ထိုအခိုက်အတန့်တွင် သူ့နှလုံးသားမှ သွေးများယိုစီးနေသော်လည်း အတင်း ဖျစ်ညှစ် ပြုံးကာသာ ပြန်ဖြေနိုင်တော့သည်။
“ရ… ရပါတယ်ခင်ဗျာ…”