တမင်တကာ အခက်တွေ့အောင်လုပ်ခြင်း
Vol. 2 Ch. 21
~ယူဝမ်ရှုံး၏ တုံ့ပြန်မှုသည် လူတိုင်း၏ မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့လေသည်။
ပထမတော့ မည်သူတစ်ဦးတစ်ယောက်မှ တုံ့ပြန်နိုင်ခြင်းမရှိ။ သို့သော် သူတို့ သတိပြန်ဝင်လာသည့်အခါတွင်တော့ အချိန်သည် ရပ်တန့်သွားသကဲ့သို့ပင်။ လူတိုင်း၏ လှုပ်ရှားမှုများသည် ရုတ်တရက် ရပ်ဆိုင်းသွားပြီး ပွက်ပွက်ဆူအောင် စိတ်လှုပ်ရှားနေခဲ့သော ခန်းမဆောင်ကြီးသည် ချက်ချင်းပင် ထူးဆန်းအသက်မဲ့စွာ တိတ်ဆိတ်သွားတော့သည်။
မော့ခွန်း၏ ကျေနပ်နေသော အပြုံးသည် သူ၏မျက်နှာပေါ်တွင် ခဲသွား၏။
တုန်လှုပ်ခြောက်ခြားနေသော မျက်လုံးအစုံစုံသည် ယူဝမ်ရှုံးထံသို့ အားယူကာ လှမ်းကြည့်နေကြသည်။
ငါတို့များ… နားကြားမှားသွားတာလား…။ အဲ့ဒါ ရွှေဒင်္ဂါးငါးသန်းကို…။
ယူဝမ်ရှုံးက တကယ်ကြီး သဘောတူလိုက်တယ်ဟုတ်လား…။
ဖုန်းကျိန့်ရှုံးကိုယ်တိုင်ပင် ယုံကြည်နိုင်စွမ်းမရှိတော့။ ယူဝမ်ရှုံးက ဖုန်းဝူချန်အပေါ် ကျေးဇူးတင်စရာတစ်ခု ရှိနေသည့်တိုင်အောင် ယူဝမ်ရှုံး သဘောတူလိမ့်မည်ဟု သူ မယုံကြည်နိုင်ခဲ့ပေ။
…
“ကုန်တိုက်ပိုင်ရှင်… အဲ့ဒါ ရွှေဒင်္ဂါးငါးသန်းနော်…။ နားကြားများ… မှားသွားတာလား…”
ကျန်းဟန်က ယူဝမ်ရှုံး နားကြားမှားသွားသည်ဟုထင်ကာ ထိတ်လန့်တကြားဖြင့် အမြန်ပင် တိုးတိုးကပ်၍ မေးလိုက်သည်။
ယူဝမ်ရှုံးက သူ၏ခေါင်းကို ခပ်ဖြည်းဖြည်းခါယမ်းလိုက်၏။
သူ မှားသွားခြင်းမရှိသည်ကို သူသိသည်။ သူ၏ခန္ဓာကိုယ်ထဲမှ မီးအဆိပ်ကို ဖယ်ရှားပေးရန် ဖုန်းဝူချန်ကို လိုအပ်နေသေးသည် မဟုတ်ပါလား။
သူ ဘယ်လိုလုပ် သဘောမတူဘဲ နေရဲပါမည်နည်း။
“ကျေးဇူးတင်ပါတယ် ကုန်တိုက်ပိုင်ရှင်ယွီ…။ ကျွန်တော် အမြန်ဆုံးပြန်ပေးပါ့မယ် နော်…”
ဖုန်းဝူချန်က သူ့အား ကျေးဇူးတင်စကားဆိုလိုက်၏။
“ထူးဆန်းလိုက်တာ…။ ဝမ်ပေါင်ကုန်တိုက်က သက်တန့်ရောင်ဆေးရည်ဈေးနှုန်းနဲ့ပတ်သက်ပြီး ဖုန်းမိသားစုနဲ့ မသင့်မြတ်ဘူးမဟုတ်လား…။ ယူဝမ်ရှုံးက ဘာလို့ ဖုန်းဝူချန်ရဲ့ အကြွေးကို သဘောတူရတာလဲ…”
မော့ခွန်းသည် သူ၏တုန်လှုပ်မှုမှ နိုးထလာသောအခါ နားမလည်နိုင်စွာဖြင့် မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။
မော့ခွန်းတစ်ယောက်တည်းသာမဟုတ်၊ လင်းမိသားစုနှင့် ပြိုင်ဘက်ကင်းမြို့မှ လူတိုင်းသည် အလွန်အမင်းပင် နားမလည်နိုင်ဖြစ်နေကြသည်။ ဝမ်ပေါင်ကုန်တိုက်နှင့် ဖုန်းမိသားစုကြားမှ ရန်ငြိုးကို လူတိုင်းအသိဖြစ်ပြီး ယူဝမ်ရှုံးအနေဖြင့် ဖုန်းဝူချန်၏ အကြွေးဝယ်ခြင်းကို သဘောတူရန် အကြောင်းရင်းတစ်စုံတစ်ရာမှ မရှိပေ။
“ယူဝမ်ရှုံး ဦးနှောက်များ သံချေးတက်သွားပြီလား…”
ယန်ချင်းယွင်သည် ယူဝမ်ရှုံးကို အရူးတစ်ယောက်အား ကြည့်သကဲ့သို့ မှင်သက်စွာ စိုက်ကြည့်နေမိသည်။
ယန်ယွင်လည်း မျက်မှောင်ကြုတ်ရင်း မှတ်ချက်ချလာ၏။
“ဒါက ဘာတွေဖြစ်နေတာလဲ…။ ယူဝမ်ရှုံးက ဘယ်လိုနည်းနဲ့မှ သဘောတူစရာအကြောင်း မရှိပါဘူး…။ ဒါပေမဲ့ သူက စဉ်းတောင်မစဉ်းစားဘဲ သဘောတူလိုက်တယ်လား…”
ထူးဆန်းစွာ တိတ်ဆိတ်နေသော ခန်းမဆောင်ထဲတွင် အချို့လူများ သတိပြန်လည်ဝင်လာသည့်အခါ လျင်မြန်စွာပင် ဆူညံပွက်လောရိုက်သွားပြန်ပြီး သူတို့၏မျက်နှာများမှာ မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေလေသည်။
ရွှေဒင်္ဂါးငါးသန်းကို အကြွေးနဲ့ ဒီအတိုင်းယူသွားတယ်တဲ့…။
ပြိုင်ဘက်ကင်းမြို့နှင့် ပတ်ဝန်းကျင်မြို့များတွင် မည်သူ့မှာ ဤသို့သော သတ္တိမျိုးရှိပါမည်နည်း။
“ချန်အာ… သားနည်းနည်းများ လွန်သွားပြီ မဟုတ်ဘူးလား…”
သတိပြန်ဝင်လာပြီးနောက် ရှောင်ချင်းချင်းက လက်ညှိုးထိုးကာ မေးလိုက်သည်။
ဖုန်းဝူချန်က အူကြောင်ကြောင်ပြုံးကာ …
“ကျွန်တော် တခြားဘာလုပ်နိုင်ဦးမှာလဲ…။ ပြီးတော့ ကုန်တိုက်ပိုင်ရှင်ယွီကသာ အဆင့်နှစ်ဆေးပညာရှင်အဆင့်ကို ရောက်သွားနိုင်မယ်ဆိုရင် ငါးသန်းဆိုတာ တကယ်တော့ တော်တော်လေးနည်းတဲ့ ပမာဏပါ မေမေ…”
“ငါးသန်းက နည်းတဲ့ပမာဏ မဟုတ်ဘူးနော်…”
ရှောင်ချင်းချင်းက ဖုန်းမိသားစုအနေဖြင့် ငါးသန်းကို ဘယ်က ဓားပြတိုက်ရမည်ကို တွေးရင်း ခါးသီးစွာ ပြုံးကာ ပြောလိုက်သည်။
ဖုန်းကျိန့်ရှုံးက ရယ်မောရင်း ပြောဆိုလိုက်၏။
“မိန်းမ… ပိုက်ဆံဆိုတာ ဆုံးရှုံးသွားရင် ပြန်ရှာလို့ရတယ်…။ ဒါပေမဲ့ ရတနာတွေကတော့ ဆုံးရှုံးသွားရင် ပြန်ရဖို့ အများကြီးပိုခက်တယ်…။ ပြီးတော့ ချန်အာကလည်း မီးလျှံဓားကို သဘောကျနေတာပဲ…”
“မျိုးနွယ်စုခေါင်းဆောင်ပြောတာ မှန်ပါတယ်…”
ဖုန်းချန်ယန်က ခေါင်းညိတ်ကာ ပြုံးရင်းဆိုသည်။
“ဒါပေမဲ့ နောက်ဆုံးထားတဲ့ အဆင့်သုံးဆေးလုံးကိစ္စကရော ဘယ်လိုလုပ်မလဲ…”
ရှောင်ချင်းချင်းက စိုးရိမ်တကြီး မေးလိုက်သည်။ မီးလျှံဓားအပြင် လေလံပွဲတွင် အရေးအကြီးဆုံးပစ္စည်းမှာ နောက်ဆုံးရတနာဖြစ်သည့် အဆင့်သုံး ဆေးလုံးပင် ဖြစ်ပါ၏။
“ဟင်…။ အဆင့်သုံးဆေးလုံး ရှိသေးတယ် ဟုတ်လား…”
ဖုန်းဝူချန်က အံ့ဩတကြီး မေးလိုက်သည်။
“ရှိတာပေါ့…။ မင်းဖေဖေက ယွမ်တန်ဘုံကို အဆင့်ချိုးဖြတ်တက်ရောက်ဖို့ အဲ့ဒီအဆင့်သုံးဆေးလုံးကို စောင့်နေတာလေ…”
ရှောင်ချင်းချင်းက အားမလိုအားမရဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။
အဆင့်သုံးဆေးလုံးသာ မော့ သို့မဟုတ် ယန်မိသားစုလက်ထဲသို့ ရောက်သွားခဲ့လျှင် ဖုန်းမိသားစုအတွက် အလွန်အမင်း အခြေအနေမကောင်းနိုင်ပေ။ အထူးသဖြင့် ယန်မိသားစုမှ ယန်ချင်းယွင်သာ ဆေးလုံးကိုရသွားခဲ့လျှင် သူတို့အနေဖြင့် ဖုန်းမိသားစုကို ကျိန်းသေပေါက် အလွတ်ပေးလိမ့်မည်မဟုတ်။
ဓားတစ်လက်ကပင် လေလံဈေးကို ငါးသန်းအထိ မြှင့်တင်နိုင်ခဲ့လျှင် အဆင့်သုံးဆေးလုံးကို ထည့်ပြောစရာပင် မလိုတော့။ အဆင့်သုံးဆေးလုံးအတွက် လေလံဈေးသည် ငါးသန်းထက် မနည်းမှာ သေချာလေသည်။
“အဆင့်သုံးဆေးလုံးကို ဘယ်သူက တတ်နိုင်မှာလဲ…”
ဖုန်းယွမ်က ပခုံးတွန့်ကာ ဆိုလိုက်သည်။
“နောက်ဆုံးရတနာက အဆင့်သုံးဆေးလုံးဖြစ်ပေမဲ့ ကျင့်ကြံမှုအဆင့်ကို တိုးမြှင့်ပေးတဲ့ဆေးမျိုးမဟုတ်ဘဲ ကျင့်ကြံနှုန်းကို မြန်ဆန်စေတာမျိုးပဲ…။ အဲ့ဒီလိုဆေးလုံးတွေက ဈေးမကြီးပါဘူး…။ အများဆုံးရှိလှ နှစ်သန်းမကျော်ပါဘူး…”
ဟူ၍ ဖုန်းချန်ယန်က ရှင်းပြလေသည်။
ထိုအခါ ဖုန်းကျိန့်ရှုံးက ရယ်မောရင်း ဆို၏။
“အကြီးအကဲချုပ်ပြောတာမှန်တယ်…။ စိတ်ပူစရာမလိုပါဘူး…”
ဟုတ်ပါသည်။ ကျင့်ကြံနှုန်း ပိုမြန်စေရန်အတွက်သာ ဖြစ်လျှင်ပင် ထိုဆေးလုံးသည် အလွန်ဝယ်လိုအားများနေဆဲပင်။ ဘာပဲဖြစ်ဖြစ် ၎င်းသည် အဆင့်သုံးဆေးလုံး မဟုတ်ပါလား။
သတ္တမအဆင့်နှင့် အဌမ အဆင့် ရတနာများမှာ နှစ်ခုလုံး အဝါရောင်အဆင့်မြင့် ကျင့်စဉ်များသာဖြစ်ပြီး ဓာတ်သဘာဝသာ ကွာခြားလေသည်။
ဖုန်းမိသားစုသည် ၎င်းတို့အတွက် လေလံပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပါ။
မိသားစုများစွာတို့သည်လည်း လေလံပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မရှိကြပေ။ ဘာပဲဖြစ်ဖြစ် အဝါရောင်အဆင့်မြင့် သိုင်းပညာများသည် နက်နဲအဆင့် သိုင်းပညာများမှ မဟုတ်ဘဲကိုး။
“အားလုံးပဲ…နောက်ဆုံးရတနာကတော့ လူတိုင်းအမျှော်လင့်ဆုံးအရာလည်း ဖြစ်ပါတယ်…”
ယူဝမ်ရှုံးက သူ့လက်ထဲတွင် ကျောက်စိမ်းပုလင်းတစ်လုံးကို ကိုင်ကာ ပြုံးရင်း ကြေညာလိုက်သည်။
ကျောက်စိမ်းပုလင်းအတွင်း၌ အစိမ်းရောင်ဆေးလုံးတစ်လုံး ရှိနေ၏။
ကျောက်စိမ်းပုလင်းထဲမှ ဆေးလုံးကို စိုက်ကြည့်ရင်း လူတိုင်း၏မျက်လုံးများမှာ စိတ်အားထက်သန်မှုနှင့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပြီး အဆင့်မြင့်မိသားစုဝင်များစွာတို့မှာလည်း ဂနာမငြိမ်ဖြစ်လာကြသည်။
ယူဝမ်ရှုံးက မိတ်ဆက်ပေးလိုက်လေ၏။
“ဒီဆေးလုံးကို ချင်းယွမ်ဆေးလုံးလို့ခေါ်ပါတယ်…။ အဆင့်သုံးဆေးတစ်မျိုးပါ…။ အသွင်ပြောင်းခြင်းဘုံက ကျင့်ကြံသူတွေကို သူတို့ရဲ့ကျင့်ကြံနှုန်း သုံးဆယ်ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်ပြီး အဖွင့်ဈေးက သုံးသိန်းပါ…”
“ကုန်တိုက်ပိုင်ရှင်ယွီ… အဆင့်သုံးဆေးလုံးက ကျင့်ကြံနှုန်းမြန်အောင်ပဲ လုပ်ပေးတာပဲဟာ၊ဈေးကြီးလွန်းမနေဘူးလား…”
မော့ခွန်းက သူကိုယ်တိုင် ဆေးပညာရှင်မဟုတ်သော်လည်း ဆေးလုံးများ၏ ဈေးနှုန်းအကြောင်း အနည်းငယ်သိသူပီပီ စောဒကတက်လိုက်သည်။
“ဟုတ်တယ် ကုန်တိုက်ပိုင်ရှင်ယွီ… အဖွင့်ဈေးသုံးသိန်းက အရမ်းများတယ်…”
“ဆေးလုံးတွေက ရတနာတွေနဲ့ မတူဘူးလေ…။ ပြီးတော့ ဒါက ကျင့်ကြံမှုအဆင့်ကို တိုးပေးတဲ့ အဆင့်သုံးဆေးလုံးလည်း မဟုတ်ဘူး…”
ခန်းမဆောင်ထဲတွင် အငြင်းအခုန်တို့ ဆူညံပွက်လောရိုက်သွားတော့သည်။
ယူဝမ်ရှုံးက ခပ်ယဲ့ယဲ့ပြုံးရင်း ဆိုသည်။
“ဈေးနှုန်းကို ကျွန်တော် သတ်မှတ်တာ မဟုတ်လို့ပါ…။ ကျွန်တော့်မှာလည်း ရွေးချယ်စရာ မရှိဘူး…”
ဆေးလုံး၏ ဈေးနှုန်းကို ရောင်းချသူက သတ်မှတ်ခြင်း ဖြစ်၏။ ယူဝမ်ရှုံးသည် လေလံပွဲကို ကူညီပေးပြီး သူ၏ ဝန်ဆောင်မှုအတွက် အခကြေးငွေ ယူရုံသာ ဖြစ်သည်။
“ငါးသိန်း…”
ယန်ချင်းယွင်က နောက်တစ်ကြိမ် ပထမဆုံး လေလံဆွဲသူ ဖြစ်ပြန်ပြီး ယန်မိသားစုတွင် အင်အားအများအပြား ရှိကြောင်း ပြသနေသကဲ့သို့ပင်။
ယန်ချင်းယွင်သည် လက်ရှိတွင် အသွင်ပြောင်းခြင်းဘုံ အဌမအလွှာတွင်ရှိပြီး ချင်းယွမ်ဆေးလုံးကိုသာ ရရှိနိုင်မည်ဆိုလျှင် အဆင့်ကိုးသို့ရောက်ရှိရန် ပြဿနာမရှိတော့ပေ။ ထိုအခါမှ ဖုန်းကျိန့်ရှုံးကို စိန်ခေါ်ပြီး ယန်မိသားစု၏ မျိုးဆက်သစ်များအတွက် လက်စားချေနိုင်မည် ဖြစ်သည်။
ချင်းယွမ်ဆေးလုံးနှင့်ပတ်သက်၍ ယန်ချင်းယွင်သည်လည်း ရရှိရန် စိတ်ပိုင်းဖြတ်ထားလေသည်။
“ယန်ခေါင်းဆောင်… ခင်ဗျား ချင်းယွမ်ဆေးလုံးကို အလွယ်တကူတော့ ရမှာမဟုတ်ဘူး… ခြောက်သိန်း…”
ဖုန်းကျိန့်ရှုံးက ခပ်ပြုံးပြုံးဆိုရင်း ဈေးကို တစ်သိန်းတိုးမြှင့်လိုက်သည်။
“ဖုန်းကျိန့်ရှုံး… မင်းရဲ့အချစ်တော်သားလေးက ငါးသန်းအကြွေးတင်နေပြီနော်…။ မင်းသာ ငါနဲ့ပြိုင်မယ်ဆို အချိန်တန်လို့ ရှိရင် ငါးသန်းပေးနိုင်ပါ့မလား…”
ယန်ချင်းယွင်က အေးစက်စွာပြုံးရင်း လေလံဆွဲလိုက်သည်။
“ခုနစ်သိန်း…”
“ရှစ်သိန်း…”
နောက်ထပ်သီးသန့်အခန်းတစ်ခုမှ လေလံပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လာသည်။
“ကိုးသိန်း…”
“တစ်သန်း…”
သီးသန့်အခန်းများ တစ်ခုပြီးတစ်ခု လေလံဆွဲလာကြပြီး ပြင်းထန်သောလေလံပွဲသည် တစ်ဖန်ပြန်လည်စတင်ခဲ့ပြန်၏။ သူတို့အားလုံးသည် ချင်းယွမ်ဆေးလုံးကို အလွန်အ တန်ဖိုးထားကြသည်မှာ ထင်ရှားလေသည်။
“ချင်းယွမ်ဆေးလုံးသက်သက်နဲ့ တစ်သန်းကျော်တာကတော့ မတန်ဘူး…”
မော့ခွန်းက ခေါင်းခါလိုက်သည်။ ဆေးလုံး၏ဈေးနှုန်းသည် သူလက်ခံနိုင်သော ကြေးအား ကျော်လွန်သွားပြီဖြစ်၍ မော့ခွန်း လေလံမဆွဲခဲ့ပေ။
“ခေါင်းဆောင်အနေနဲ့ ချင်းယွမ်ဆေးလုံးအတွက် ရွှေဒင်္ဂါးတွေ ဖြုန်းတီးစရာမလိုပါဘူး…။ ကျွန်တော်တို့ ကိုယ့်ဆေးပင်ကိုယ် ပြင်ဆင်ပြီး အချိန်တန်ရင် လင်အာကို အကယ်ဒမီရဲ့ အကြီးအကဲချုပ်ဆီမှာ ဆေးဖော်ပေးဖို့ အကူအညီတောင်းခိုင်းလိုက်ရုံပါပဲ…။ ဒါ့အပြင် ဟွမ်ဖူမိသားစုက အဆင့်သုံးဆေးပညာရှင်လည်း ရှိသေးတာပဲ…”
ထိုသို့ မော့မိသားစုမှ အကြီးအကဲ တစ်ဦးက ပြုံးရင်း အကြံပြုသည်။
မော့ခွန်းက ခေါင်းညိတ်လိုက်သည်။ ဆေးလုံးသာ ရသည်နှင့် သူသည် ယွမ်တန်ဘုံသို့ အချိန်မရွေး တက်လှမ်းနိုင်ပေတော့မည်။
“ဒါပေမဲ့… ဖုန်းမိသားစုကို သွေးနည်းနည်းပိုထွက်သွားအောင် လုပ်လိုက်ရလည်း မထိခိုက်ပါဘူး လေ…’’
မော့ခွန်းက နောက်ပိုင်းတွင် သူ၏လေသံကို ပြောင်းကာ ဆိုလိုက်သည်။
မော့လင်အာသည် ပြိုင်ဘက်ကင်းမြို့တွင် ထိပ်တန်းဖြစ်နေခဲ့ပြီး ဖြစ်သည်။ ထိုအချိန်က သူမသည် ဖုန်းဝူချန်၏ ဂုဏ်သိက္ခာကို စော်ကားနင်းခြေခဲ့ပြီး သူတို့၏မျက်နှာများမှာ စုတ်ပြဲသွားခဲ့ပြီး ဖြစ်သည်။
ယခု ဖုန်းဝူချန်သည် လျှို့ဝှက်ဆန်းကြယ်စွာပင် ထူးချွန်သောပါရမီရှင်တစ်ယောက်
ဖြစ်လာသည့်အခါ မော့ခွန်းသည် ဖုန်းမိသားစုကို ထပ်မံ ဦးမော့လာမည့် အဖြစ်ကို ခွင့်မပြုနိုင်တော့။
သူသည် ဖုန်းမိသားစုကို ချေမှုန်းရမည်၊ ဖုန်းဝူချန်ကို ဖျက်ဆီးပစ်ရမည်။
သို့မဟုတ်လျှင် မော့မိသားစုသည် ပြိုင်ဘက်ကင်းမြို့၏ ဟာသ တစ်ခုဖြစ်သွားမည် မဟုတ်ပါလား။
ပြီးတော့ မော့လင်အာသည် လူတိုင်း၏ ဟားတိုက်လှောင်ရယ်သည်ကို ခံရမည် မဟုတ်ပါလား။
“တစ်သန်းနဲ့ နှစ်သိန်း…”
ပြင်းထန်သော ပြိုင်ဆိုင်မှုကို ကြည့်ရင်း ယန်ချင်းယွင်က လေလံဈေး အသစ်ကို ခေါ်လိုက်သည်။
“တစ်သန်းနဲ့ ငါးသိန်း…”
ဖုန်းကျိန့်ရှုံးက တစ်ကြိမ်တည်းဖြင့် ဈေးကို သုံးသိန်းတိုးမြှင့်လိုက်သည်ပင်။
သုံးသိန်းတိုးမြှင့်လိုက်သည်နှင့် မိသားစုများစွာကို ချက်ချင်း ငြိမ်ကျသွားစေ၏။
သူတို့က ချင်းယွမ်ဆေးလုံးသည် ထိုမျှလောက်ရွှေဒင်္ဂါးများနှင့် မထိုက်တန်ဟု တွေးနေကြသည်မှာ ထင်ရှားလှ၏။
“တစ်သန်းနဲ့ခြောက်သိန်း…”
ယန်ချင်းယွင်၏ မျက်နှာသည် မည်းမှောင်သွားပြီး ဈေးကိုထပ်မြှင့်ကာ အေးစက်စွာ ဟိန်းဟောက်လိုက်သည်။
“ဖုန်းကျိန့်ရှုံး… ဆက်သာဆွဲ…။ ချင်းယွမ်ဆေးလုံးကို ရဖို့ ငါစိတ်ပိုင်းဖြတ်ထားပြီးသား…”
“ငါလည်း ရအောင်ယူဖို့ စိတ်ပိုင်းဖြတ်ထားတာပဲ…။ ဘယ်သူပိုတော်လဲ ကြည့်ကြသေးတာပေါ့…”
ဖုန်းကျိန့်ရှုံးက အေးအေးဆေးဆေးပြုံးရင်း ပြန်ဖြေသည်။
“နှစ်သန်း…”
“ဒါတော့ တရားလွန်ပြီ…။ လေးသိန်းတောင် တိုးပစ်လိုက်တယ်လား…”
ဖုန်းကျိန့်ရှုံး စကားပြောလိုက်သည်နှင့် နောက်ထပ်လေးသိန်းထပ်ထည့်လိုက်သဖြင့် ယန်ချင်းယွင်ကို အလွန်အမင်းဒေါသထွက်စေပြီး တုံ့ဆိုင်းသွားစေတော့သည်။
ဖုန်းဝူချန်၏ စကားတစ်ခွန်းဖြင့် ယူဝမ်ရှုံးသည် ငါးသန်းအကြွေးတင်ရန် ဆန္ဒရှိခဲ့သည်။
ယူဝမ်ရှုံး နောက်တစ်ကြိမ် ထပ်သဘောတူဦးမည်ကို မည်သူသိနိုင်မည်နည်း။
ပြီးတော့ ဈေးနှုန်းသည် ချင်းယွမ်ဆေးလုံး၏ တန်ဖိုးထက် ကျော်လွန်သွားပြီဖြစ်ကြောင်းလည်း ယန်ချင်းယွင် သိလေသည်။ ပြိုင်ဆိုင်မှုဆက်လက်ရှိနေပါက သူအနိုင်ရနိုင်၊ မရနိုင်ကို ထား၍ အဆုံးတွင် ဖုန်းကျိန့်ရှုံး၏ ကစားခြင်းကို ခံရမည်ကို သူစိုးရိမ်မိသည်။
ဖုန်းကျိန့်ရှုံး ပါးစပ်ဟလာတိုင်း လေလံဈေးကို သောင်းဂဏန်းဖြင့် တိုးမြှင့်လေ့ရှိပြီး နောက်တစ်ကြိမ်ဆိုလျှင် နှစ်သန်းငါးသိန်းပင် ဖြစ်သွားနိုင်လေသည်။
ယန်ချင်းယွင် တုံ့ဆိုင်းနေစဉ် ခန်းမဆောင်သည် တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားပြီး လူတိုင်း၏မျက်လုံးများသည် ယန်နှင့် မော့မိသားစုများထံသို့ လှည့်သွားကြသည်။
ယန်မိသားစုက တုံ့ဆိုင်းနေပြီး မော့မိသားစုကမူ လေလံလုံးဝမဆွဲသေးသဖြင့် သူတို့အားလုံး နားမလည်နိုင်ဖြစ်နေကြသည်။
“ယန်ခေါင်းဆောင်… ခင်ဗျား လေလံမဆွဲတော့ဘူးဆိုရင် ချင်းယွမ်ဆေးလုံးက ကျွန်တော့်ဟာ ဖြစ်သွားတော့မှာနော်…”
ဖုန်းကျိန့်ရှုံးက ယန်ချင်းယွင်၏ လေလံဆွဲမှုကို မကြောက်မရွံ့ ယုံကြည်မှုအပြည့်ဖြင့် ကြည့်ရင်း အနည်းငယ်အေးစက်စွာ ရယ်မောကာ ပြောလိုက်သည်။
“ဖုန်းကျိန့်ရှုံး… မင်း ရက်စက်တယ်…”
ယန်ချင်းယွင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
ယန်ချင်းယွင် နောက်ဆုတ်သွားသည်ကိုမြင်တော့ ယူဝမ်ရှုံးက ပြုံးကာဆိုသည်။
“တခြားဘယ်သူမှ လေလံမဆွဲတော့ဘူးဆိုရင် ချင်းယွမ်ဆေးလုံးက…”
ယူဝမ်ရှုံး စကားမဆုံးခင်မှာပင် လေလံမဆွဲရသေးသော မော့ခွန်းက ရုတ်တရက် အော်ဟစ်လာ၏။
“ကုန်တိုက်ပိုင်ရှင်ယွီ… ခဏစောင့်ပါဦး…။ ကျွန်တော် နှစ်သန်းငါးသိန်း ပေးပါတယ်…”
မော့ခွန်း စကားပြောလိုက်သည်နှင့် လူတိုင်း၏အာရုံစိုက်မှုသည် ချက်ချင်းပင် သူ့ထံသို့ ပြောင်းသွားတော့သည်။
ယခင်က ဖုန်းဝူချန်ကို တစ်ချက်တီးခဲ့ပြီးဖြစ်ရာ ယခု မော့ခွန်းသည် ဒုတိယအကြိမ် ထပ်လုပ်ရန် ကြံစည်နေခြင်းလော။
“ဟွန်း…။ မော့ခေါင်းဆောင် ဝင်လာမှတော့ မင်း ဘယ်လို မသေဘဲနေမလဲဆိုတာ ငါကြည့်ချင်သေးတယ်…”
ယန်ချင်းယွင်က မလိုလားစွာဖြင့် မဲ့ပြုံးပြုံးလိုက်သည်။
“ဖေဖေ… အဲ့ဒီသောက်ကောင်က ကျွန်တော်တို့ကို တမင်သက်သက် ဆန့်ကျင်နေတာ…”
ဖုန်းကျန့်က ဒေါသဖြင့် အံကြိတ်လိုက်သည်။
ထိုစဉ် ဖုန်းဝူချန်၏ မျက်နှာသည် ရေခဲတမျှ အေးစက်သွား၏။ မော့ခွန်း၏ အကြိမ်ကြိမ်စိန်ခေါ်မှုများက သူ့ကို ဒေါသထွက်စေခဲ့ပြီ။
ဖုန်းကျိန့်ရှုံးက ဘယ်လိုလုပ် သဘောမပေါက်ဘဲ နေပါမည်နည်း။
တက်ရောက်လာသူအားလုံးက မော့ခွန်း ဖုန်းမိသားစုအတွက် တမင်တကာ ပြဿနာရှာနေမှန်း သိကြသည်။ အကယ်၍ ဖုန်းကျိန့်ရှုံး လေလံဆွဲလျှင် မော့ခွန်းသည် သေချာပေါက် ပြိုင်ဆိုင်တော့မည်မဟုတ်ဘဲ ဖုန်းမိသားစုကို ရွှေဒင်္ဂါးသောင်းဂဏန်း ပိုသုံးစွဲသွားစေရန်သာ ဖြစ်သည်။
အကယ်၍ ဖုန်းကျိန့်ရှုံး မပြိုင်ဆိုင်လျှင်လည်း မော့ခွန်းက စိုးရိမ်မည်မဟုတ်။ တစ်ဖက်တွင် သူသည် ဖုန်းကျိန့်ရှုံး၏ ကျင့်ကြံမှုအဆင့်ကို ဖိနှိပ်ထားနိုင်ပြီး အခြားတစ်ဖက်တွင် သူကိုယ်တိုင်လည်း ယွမ်တန်ဘုံသို့ တက်လှမ်းရန် အခွင့်အရေးရှိသေးသည်။ ဈေးနှုန်းသည် ချင်းယွမ်ဆေးလုံး၏ တန်ဖိုးထက် မြင့်နေလျှင်ပင် တန်သည်ဟု ဆိုရမည်။
‘မော့ခွန်း… ဟူး.. မော့ခွန်း… မင်းကတော့ သေလမ်းရှာနေတာပဲ…’
ယူဝမ်ရှုံးက စိတ်မကောင်းစွာဖြင့် တွေးလိုက်သည်။
‘လက်ရှိဖုန်းဝူချန်က လွန်ခဲ့တဲ့တစ်လက ဖုန်းဝူချန်မဟုတ်တော့ဘူး…။ သူသာ ခင်ဗျားတို့မော့မိသားစုကို ရှင်းလင်းဖို့ စိတ်ပိုင်းဖြတ်ထားရင် ခင်ဗျားတို့နဲ့ စီးပွားရေးအရ ဆက်ဆံမှုအားလုံးကို ဖြတ်တောက်ပစ်လိုက်လောက်ပြီ…ဟူး၊ စိတ်လေးစရာပဲ…’
ယူဝမ်ရှုံးက သူ့ဘာသာသူ ရေရွတ်လိုက်သည်။
ဆေးပညာရှင်တစ်ဦးအနေဖြင့် သူသည် ဖုန်းဝူချန်၏ ပဉ္စလက် ဆန်ဆန် နည်းလမ်းများက ဘာကိုဆိုလိုသည်ကို သဘာဝကျကျပင် သိရှိနေ၏။
သို့သော်လည်း မော့မိသားစု၏ နောက်ကွယ်တွင် ဟွမ်ဖူမိသားစုရှိနေသည်ကို တွေးမိသောအခါ ယူဝမ်ရှုံးသည် ပို၍စကားမပြောတော့ပေ။
“ဖုန်းခေါင်းဆောင်… တကယ်စိတ်မကောင်းပါဘူး…။ ဒါပေမဲ့ ကျွန်တော်လည်း ချင်းယွမ်ဆေးလုံးကို သုံးပြီး ယွမ်တန်ဘုံကို အဆင့်ချိုးဖြတ်တက်ရောက်ချင်လို့ပါ…”
ထိုသို့ မော့ခွန်းက တောင်းပန်ဟန်ဆောင်ရင်း ခပ်ပြုံးပြုံးဆိုသည်။
“ ရပါတယ်၊ လေလံပွဲဆိုတာ အစွမ်းအစအပေါ်မှာပဲ မူတည်တာပဲ…”
ဖုန်းကျိန့်ရှုံးက စိုးရိမ်ပုံ မရဘဲ ဖြည်းညင်းစွာ ပြန်ပြောလိုက်သော်လည်း သူ၏ ရင်ထဲတွင်တော့ ဒေါသမီးများ တောက်လောင်နေခဲ့သည်။
ဖုန်းဝူချန်က တင်းမာမှုများ စတင်မြင့်တက်လာစဉ် အမူအရာမပြောင်းဘဲ ပြောလိုက်သည်။
“ကျွန်တော် နှစ်သန်းခြောက်သိန်းပေးပါတယ်…။ မော့ခေါင်းဆောင်… ခင်ဗျားသာ လေလံဆွဲမယ်ဆိုရင် ကျွန်တော့်ထက် ရွှေဒင်္ဂါး တစ်ပြား ပိုရင်တောင်မှ ကျွန်တော် ခင်ဗျားကို ချင်းယွမ်ဆေးလုံး ချက်ချင်းပေးလိုက်မယ်…”
“ဒါဆိုရင်တော့ ဖုန်းမိသားစုကိုပဲ ပေးလိုက်ပါတော့…”
မော့ခွန်းက ခပ်ယဲ့ယဲ့ပြုံးကာ လက်ကို ခါယမ်းရင်း မလိုချင်တော့သလို ဟန်ဆောင်ကာ တုံ့ပြန်လိုက်၏။
ထိုစဉ် ဖုန်းဝူချန်က အေးစက်စွာ သတိပေးလိုက်သည်က
“မော့ခေါင်းဆောင်… ကျွန်တော်သတိပေးပါရစေ…။ သေသေချာချာစဉ်းစားပါ…။ ခင်ဗျားတို့ မော့မိသားစုရဲ့ လမ်းကို ကိုယ့်ဘာသာကိုယ် မဖြတ်တောက်ပစ်လိုက်ပါနဲ့…”
“မောင်ရင်..မင်း ငါ့ရဲ့ မော့မိသားစုကို ခြိမ်းခြောက်နေတာလား…။ မင်းမှာ အဲ့ဒီအရည်အချင်း မရှိသေးဘူးကွ…”
ဟူ၍ မော့ခွန်းက သူ၏မျက်လုံးများတွင် မထီမဲ့မြင်မှု အပြည့်ဖြင့် အေးစက်စွာ တုံ့ပြန်လိုက်သည်။