ရတနာ ခုနစ်ပါး ချီစုစည်းအမှုန့်
Vol. 2 Ch. 22
~ဖုန်းဝူချန်သည် စကားတစ်ခွန်းမှ ဆက်မပြောတော့ပေ။ သူ၏ဆိုလိုရင်းမှာ ရှင်းလင်းပြီးသားဖြစ်၍ နောက်ထပ်စကားလုံးများ မလိုအပ်တော့ချေ။
“ချင်းယွမ်ဆေးလုံးကို ဖုန်းမိသားစုက ရရှိသွားပါပြီ…”
ယူဝမ်ရှုံး၏ ကြေညာသံ ထွက်ပေါ်လာခဲ့၏။
ထို့နောက် ကျန်းဟန်သည် မီးလျှံဓားနှင့် ချင်းယွမ်ဆေးလုံး နှစ်မျိုးလုံးကို သီးသန့်အခန်းသို့ ပို့ဆောင်ပေးပြီး ဖုန်းဝူချန်ထံသို့ လေးစားစွာ ပေးအပ်လေသည်။
ခန်းမဆောင်ကြီးသည် အလွန်တိတ်ဆိတ်နေပြီး အေးစက်သောလေပြင်းများ တိုက်ခတ်နေသကဲ့သို့ပင်။ ထိုအခြေအနေက လူတိုင်းကို ကြောက်ရွံ့ထိတ်လန့်စေပြီး သူတို့၏ဆံပင်မွှေးများပင် ထောင်ထသွားစေတော့သည်။
သတ္တိနဲသူများသည် ထိတ်လန့်တကြားဖြင့် ခန်းမဆောင်ထဲမှ ထွက်ခွာသွားကြပြီးဖြစ်ကာ အင်အားနည်းသော မိသားစုများကလည်း ကပျာကယာ လိုက်ပါသွားကြ၏။
ဆယ်မိနစ်ခန့်အကြာတွင် ခန်းမဆောင်ကြီးသည် ဖုန်းမိသားစုမှလွဲ၍ လူသူကင်းမဲ့ကာ ခြောက်သွေ့သွားတော့သည်။
…
ယူဝမ်ရှုံးသည် ဖုန်းဝူချန်ရှိရာ သီးသန့်အခန်းသို့ ရောက်ရှိလာခဲ့ပြီး ဖုန်းဝူချန်က ဦးစွာစကားစလိုက်သည်။
“ကုန်တိုက်ပိုင်ရှင်ယွီ… ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…။ မီးလျှံဓားနဲ့ ချင်းယွမ်ဆေးလုံးအတွက် ရွှေဒင်္ဂါးတွေကို စာရင်းထဲမှာပဲ မှတ်ထားလိုက်ပါ…။ ကျွန်တော် အမြန်ဆုံးပြန်ဆပ်ပါ့မယ်…”
ဖုန်းကျိန့်ရှုံးနှင့် အခြားသူများသည် ဖုန်းဝူချန်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြ၏။
၇.၆ သန်းဆိုသည်မှာ နည်းပါးသော ပမာဏမဟုတ်ပေ။ ဖုန်းဝူချန်၏ စကားအရ သူကိုယ်တိုင် ပြန်ဆပ်မည်မှာ ရှင်းနေသည်။
ဒါ ဖြစ်နိုင်ပါ့မလား…။ ဖုန်းဝူချန်က အဲ့ဒီလောက်များတဲ့ ရွှေဒင်္ဂါးတွေကို ဘယ်က ဓားပြတိုက်မှာလဲ…။
ခေါင်းကိုအသာခါယမ်းရင်း ယူဝမ်ရှုံးက ခပ်ဟဟရယ်ကာ ပြောလိုက်၏။
“သခင်လေးဖုန်းက သိပ်အားနာတတ်တာပဲ…။ ကျွန်တော့်ဆီက မီးအဆိပ်ကို ဖယ်ရှားပေးခဲ့တာနဲ့တင် ကျွန်တော်က ခင်ဗျားကို အများကြီး အကြွေးတင်နေပါပြီ…”
ယူဝမ်ရှုံးက ကိုယ်ပိုင်တွက်ချက်မှုများ ရှိသည့်လူပင်။ အကယ်၍သာ သူသည် ဖုန်းဝူချန်ထံမှ တစ်စုံတစ်ခု မလိုအပ်ခဲ့ပါလျှင် သူ ဘယ်တော့မှ သဘော မတူမိမည်မှာ သေချာသည်။
ပေါ့ပေါ့ပါးပါး စကားစမြည်ပြောဆိုပြီးနောက် ဖုန်းမိသားစုသည်လည်း ဝမ်ပေါင်ကုန်တိုက်မှ ထွက်ခွာလာခဲ့ကြတော့သည်။
“ကုန်တိုက်ပိုင်ရှင်… ဖုန်းမိသားစုက ၇.၆ သန်းကို တကယ်ပြန်ဆပ်နိုင်မယ်လို့ ခင်ဗျား ထင်သလား…”
ကျန်းဟန်က သတိကြီးစွာဖြင့် မေးလိုက်၏။
ယူဝမ်ရှုံးသည် တစ်ခဏမျှ စဉ်းစားပြီးမှ တွက်ဆလိုက်သည်။
“ဖုန်းမိသားစုကတော့ မတတ်နိုင်လောက်ဘူး…။ ဒါပေမဲ့ ဖုန်းဝူချန်ကတော့ သေချာပေါက် တတ်နိုင်တာပေါ့…။ အဲ့ဒီကောင်လေးက သိပ်ကို လျှို့ဝှက်
ဆန်းကြယ်လွန်းတာ…”
…
ဖုန်းမိသားစုသို့ ပြန်ရောက်သောအခါ အကြွေးကိစ္စသည် ဖုန်းကျိန့်ရှုံးနှင့် ရှောင်ချင်းချင်းကို အလွန်အမင်း သောကရောက်စေခဲ့သည်။
ဘာကြောင့်လဲ။
…ဖုန်းမိသားစုတစ်ခုလုံးကို ရောင်းစားလျှင်ပင် ထိုအကြွေးကို ကျေအောင်ဆပ်နိုင်မည် မဟုတ်သောကြောင့်ပင်။
ကံကောင်းစွာပင် ယူဝမ်ရှုံးသည် ဖုန်းဝူချန်ကို လိုအပ်နေသေးသဖြင့် အကြွေးလာတောင်းလိမ့်မည် မဟုတ်သေးချေ။
ဖုန်းယွမ်က အားမလိုအားမရဖြင့် ပြောလိုက်သည်က..
“ညီလေး သုံး … မင်းကွာ… အရမ်း ပိန်းတာပဲ…။ အဲ့ဒီမြေခွေးအိုကြီး မော့ခွန်းက တမင်ဈေးတင်နေတာ သိသာနေတာကို…။ မင်း သူနဲ့ လိုက်မပြိုင်ရမယ့်ဟာကို…”
ယခုတော့ နောင်တရချင်လည်း အချိန်နှောင်းသွားခဲ့ပြီ။
ခပ်ယဲ့ယဲ့ပြုံးရင်း ဖုန်းဝူချန်သည် စကားတစ်ခွန်းမှမဆိုဘဲ အကျပ်အတည်းဖြစ်နေသည့် အရိပ်အယောင်တစ်စက်မှ မပြခဲ့ပေ။
ရှောင်ချင်းချင်း၏ မျက်နှာမှာ စိုးရိမ်ပူပန်နေပြီး သူမ၏ စကားများတွင် အပြစ်တင်လိုသော အရိပ်အယောင်များ ပါနေသည်။
“၇.၆ သန်းနော်…။ မေမေတို့ ဖုန်းမိသားစုက အဲ့ဒီလောက် ပမာဏကို ဘယ်က တူးယူရမှာလဲ…”
“ အဒေါ် ရှောင် စိတ်မပူပါနဲ့…။ ဖုန်းအစ်ကို့မှာ နည်းလမ်းရှိမှာပါ…”
လင်ရှောင်ရှောင်က ပြုံးပြရင်း အားပေးလိုက်သည်။
“ဟူး…”
ရှောင်ချင်းချင်းသည် ဝေဝါးစွာ သက်ပြင်းချလိုက်မိ သည်။ယခုအချိန်တွင် သူမဘာပြောပြော အချိန်နှောင်းသွားပြီဖြစ်ကြောင်း သိလိုက်ရပါသည်။
ဖုန်းကျိန့်ရှုံးကမူ ခပ်အေးအေးပြုံးကာ..
“မိန်းမ… မီးလျှံဓားနဲ့ ချင်းယွမ်ဆေးလုံးလို ရတနာတွေရလိုက်တာက ငါတို့ဖုန်းမိသားစုကို ပိုပြီးအင်အားကြီးလာစေနိုင်တယ်လေ…။ ဘာလို့ သက်ပြင်းတွေချပြီး ညည်းတွားနေရတာလဲကွယ့်…”
မျိုးနွယ်စုခေါင်းဆောင် တစ်ဦးအနေဖြင့် ဖုန်းကျိန့်ရှုံးက အကောင်းမြင်တတ်သူ ဖြစ်ပြီး အရာရာကို တည်ငြိမ်စွာ ရင်ဆိုင်လေသည်။
“ဝူချန်… မင်းကြီးပြင်းလာတာကို ငါ ကြည့်လာတာ… မင်းရဲ့စိတ်နေစိတ်ထားကို ကောင်းကောင်းသိတယ်…။ မင်းမှာသာ အစီအစဉ်မရှိရင် ဒီလိုဘယ်တော့မှ လုပ်မှာမဟုတ်ဘူး ဟုတ်တယ်မလား…”
ဖုန်းချန်ယန်က ဖုန်းဝူချန်ကို လေးနက်သောအမူအရာဖြင့် ဆိုလိုက်သည်။
“ကျွန်တော့်ကို စုတ်တံ တစ်ချောင်းလောက် ပေးပါ…”
ဖုန်းဝူချန်က ခပ်ဖွဖွပြုံးရင်း ဆို၏။
အစေခံလေးရှောင်လန်သည် စုတ်တံနှင့် ဝါးချပ်ပြားများကို အလျင်အမြန် သယ်ချလာခဲ့ပြီး ဖုန်းကျိန့်ရှုံးနှင့် အခြားသူများမှာမူ ဖုန်းဝူချန်ကို သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်နေကြသည်။
ဒီလိုအချိန်ကြီးမှာ ချန်အာက စာလုံးလှရေးဖို့ ဒါမှမဟုတ် ပန်းချီဆွဲဖို့ စိတ်ပါနေတယ်တဲ့လား…။
သူ ဒီလိုအနုပညာတွေ လုပ်တာကို တစ်ခါမှ မမြင်ဖူးပါဘူး…။ သူ ဘာလုပ်ဖို့ ကြံနေတာလဲ…။
ဖုန်းကျိန့်ရှုံး၊ ရှောင်ချင်းချင်းနှင့် ဖုန်းချန်ယန်တို့သည် ဘာတွေဖြစ်နေသည်ကို ကြည့်ရန် ဝိုင်းအုံလာကြသည်။
ထိုအခိုက်အတန့်မှာ ဖုန်းဝူချန်သည် စုတ်တံကို ကောက်ကိုင်ကာ ဝါးချပ်ပြားပေါ်တွင် ခပ်သော့သော့ ရေးချလိုက်၏။ သူ၏စုတ်ချက်များမှာ ပြတ်သားပြီး အားနှင့်ပြည့်ကာ တစ်ချက်တည်းနှင့် အပြီးသတ်ရေးချလိုက်သည်။
အစပိုင်းတွင် ဖုန်းဝူချန် ဘာရေးနေသည်ကို သူတို့မသိကြသော်လည်း ပထမဆုံးစာလုံးအနည်းငယ်ကို မြင်ပြီးနောက် သူတို့၏မျက်နှာအမူအရာများမှာ သိသိသာသာပြောင်းလဲသွားပြီး မှင်တက်သွားကြတော့သည်။
“ဒါ… ဒါက…”
ဖုန်းချန်ယန်သည် အားလုံးထဲတွင် အံ့ဩတုန်လှုပ်ဆုံးဖြစ်ပြီး သူ၏
မျက်နှာက ကြောက်ရွံ့ရိုသေမှုများဖြင့် ပြည့်နှက်လာသည်။ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး မျက်လုံးများမှာ ပြူးထွက်မတတ်ပင်။
ဖုန်းဝူချန်သည် စာရေးပြီးနောက် ပြုံးကာ ပြောလိုက်၏။
“အဖြေက ဒါပဲ…”
ဖုန်းကျိန့်ရှုံးနှင့် အခြားသူများသည် ဖုန်းဝူချန်၏ အသံကို မကြားဘိသကဲ့သို့ တုန်လှုပ်စွာဖြင့် ဝါးချပ်ပြားကိုသာ ဆက်လက်စိုက်ကြည့်နေကြပြီး မည်သို့မျှ တုံ့ပြန်နိုင်ခြင်းမရှိသေးပေ။
လင်ရှောင်ရှောင်ပင်လျှင် ယခုအခါ အံ့အားသင့်သော အမူအရာဖြစ်နေလေပြီ။
“ရတနာ ခုနစ်ပါး ချီစုစည်းအမှုန့်…”
အချိန်အတော်ကြာပြီးနောက် ဖုန်းချန်ယန်သည် ပထမဆုံးပြန်လည်သတိဝင်လာသူဖြစ်ပြီး ထိန်းမနိုင်သိမ်းမရ အာမေဋိတ်သံပြုလိုက်မိသည်။
“ဝူချန်… ဒါ… ဒါက ဆေးညွှန်းလား…”
ဖုန်းကျိန့်ရှုံးက တုန်လှုပ်စွာ မေးလိုက်သည်။
ဟုတ်ပါသည်။
ဖုန်းဝူချန် ဝါးချပ်ပြားပေါ်တွင် ရေးထားသည်မှာ ရတနာ ခုနစ်ပါး ချီစုစည်းအမှုန့်အတွက် ဆေးညွှန်းဖြစ်ပြီး လိုအပ်သောဆေးပင်များနှင့် ၎င်းတို့၏ ပမာဏများကို အလွန်တိကျစွာ အသေးစိတ်ဖော်ပြထားသည်။
ဖုန်းဝူချန်က ပြုံးရင်း ရှင်းပြလိုက်လေ၏။
“မှန်တယ်… ဒါဆေးညွှန်းပဲ…။ ရတနာ ခုနစ်ပါး ချီစုစည်းအမှုန့်ပါ၊ ဒီဆေးမှုန့်က ချီသန့်စင်ခြင်းဘုံကလူတွေကို ကျင့်ကြံနှုန်း တိုးမြှင့်ပေးနိုင်ပါတယ်…။ ပြီးတော့ သူ့ရဲ့အာနိသင်က အကြီးအကဲချုပ် ဖော်စပ်တဲ့ ချီတိုးဆေးအမှုန့်ထက် ဆယ်ဆမက ပိုပြင်းတယ်…”
“ဘာ…။ ဆယ်ဆမက ပိုပြင်းတယ်…”
ဖုန်းချန်ယန်သည် အံ့ဩလွန်း၍ သူ၏မေးရိုးပင် ပြုတ်ကျမတတ် ဖြစ်သွားသည်။
“ချန်အာ… သားက ဒါကို လုပ်ဇာတ်ခင်းနေတာလား…။ သားက ဆေးပညာရှင်မှ မဟုတ်တာ… ဘယ်လိုလုပ် ဆေးညွှန်းရှိနိုင်မှာလဲ…”
ရှောင်ချင်းချင်းက ဖုန်းဝူချန်သည် သူတို့ကိုလှည့်စားရန် လုပ်ကြံ ပြောနေသည်ဟု ခံစားရသဖြင့် မယုံသင်္ကာဖြင့် မေးလိုက်သည်။
ပိုမိုနီးကပ်စွာ ကြည့်ရှုပြီးနောက် ဖုန်းချန်ယန်သည် ပို၍ပင် အံ့အားသင့်သွားသည်။
“ဒါ လုပ်ဇာတ်ခင်းနေတာမဟုတ်ဘူး…။ ကောင်းကင်ဘုံရေ… ဒီဆေးညွှန်းက ပြီးပြည့်စုံလွန်းပါလား…။ ဆေးပင်တစ်မျိုးချင်းစီရဲ့ ပမာဏက မယုံနိုင်လောက်အောင် တိကျပြီး ဒီဆေးပင်တွေကလည်း တော်တော်လေး အတွေ့ရများတာကိုး…။ ငါ ဘယ်လိုလုပ် ဒါကို တစ်ခါမှ မစဉ်းစားမိခဲ့ပါလိမ့်…”
“ဟယ်…။ လုပ်ဇာတ်မဟုတ်ဘူး ဟုတ်လား…”
ရှောင်ချင်းချင်းနှင့် အခြားသူများသည် တစ်ဖန်ပြန်လည် တုန်လှုပ်သွားကြပြန်သည်။
ဒါက ဘယ်လို အံံဖွယ်သရဲ ဖြစ်နေတာလဲ…။ ချန်အာက အဲ့ဒီဆေးညွှန်းကို ဘယ်ကရလာတာလဲ…။ ပြီးတော့ သူက စာတစ်လုံးမှ မကျန်ဘဲ အဲ့ဒီလောက် ရှင်းရှင်းလင်းလင်းကြီး မှတ်မိနေတယ်တဲ့လား…။
လွန်ခဲ့သောတစ်လအတွင်း ဖုန်းဝူချန်၏ အံ့ဩဖွယ်စွမ်းဆောင်ရည်များကို ပြန်စဉ်းစားမိသည့်အခါ ဖုန်းကျိန့်ရှုံးသည် ပို၍ပို၍ စိတ်မအေးနိုင်ဖြစ်လာပြီး အလောတကြီး မေးမြန်းလိုက်သည်။
“ချန်အာ… ငါ့ကို အမှန်အတိုင်းဖြေ…။ မင်း အဲ့ဒီဆေးနည်းကို ဘယ်ကရလာတာလဲ…။ ပြီးတော့ အဲ့ဒီမှော်ဆန်တဲ့ သိုင်းနည်းစနစ်တွေရော… မင်း ဘယ်လို ရခဲ့တာလဲ…။ ဒါတွေ အားလုံးက ဘာတွေလဲ…”
ဤအခြေအနေတွင် အမှန်တရားကို ဆက်လက်ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့ပေ။
ဖုန်းဝူချန်က ခပ်ပြုံးပြုံးဖြင့် ဖွင့်ဟလိုက်၏။
“ဖေဖေ… တကယ်တော့ လွန်ခဲ့တဲ့တစ်လက ကျွန်တော် ဆရာတစ်ယောက်နဲ့တွေ့ခဲ့တယ်…။ သူက ကျွန်တော့်မှာ ဆေးပညာအတွက် ထူးချွန်တဲ့ပါရမီရှိတယ်လို့ပြောပြီး ကျွန်တော့်ကို သူ့တပည့်အဖြစ် လက်ခံခဲ့တာပါ…။ အဲ့ဒီအံ့ဩဖွယ်နည်းစနစ်တွေကို သင်ပေးပြီး ကျွန်တော့်ရဲ့ကျင့်ကြံမှုကို လမ်းညွှန်ပေးခဲ့တယ်…။ ဆေးညွှန်းကလည်း သူ့ဆီက ရလာတာပါပဲ…”
“ဆရာ…။ မင်းကို တပည့်အဖြစ် လက်ခံတယ် ဟုတ်လား…”
ဖုန်းကျိန့်ရှုံးအပါအဝင် လူတိုင်းသည် အလွန်တရာ အံ့ဩသွားကြသည်။
“ဟုတ်တယ်…။ သူက ဆေးပညာရှင်တစ်ယောက်ပဲ…။ ပြီးတော့ အရမ်းလည်း အစွမ်းထက်တယ်…။ ကောင်းကင်ကိုပျံတက်ပြီး မြေကြီးထဲတိုးဝင်နိုင်တဲ့အထိပဲ…”
ဖုန်းဝူချန်က သူပြောနေရင်း အသေးစိတ်အချက်အလက်များကို လုပ်ကြံထည့်သွင်းကာ ခေါင်းညိတ်လိုက်သည်။
“ဒါဆို မင်းဆရာ အခုဘယ်မှာလဲ…။ အဲ့ဒီလောက်အရေးကြီးတဲ့ကိစ္စကို မင်းက ဘာလို့ငါတို့ကို မပြောရတာလဲ…။ ငါတို့ မင်းဆရာကို လျစ်လျူရှုလို့ မဖြစ်ဘူး…”
ဖုန်းကျိန့်ရှုံးက ထိုကဲ့သို့သော ဆရာတစ်ဦးကို ပေါ့ပေါ့ဆဆ ဆက်ဆံ၍ မဖြစ်သည်ကို သိသဖြင့် အလျင်အမြန် စုံစမ်းလိုက်သည်။
ဖုန်းကျိန့်ရှုံး၏ စိုးရိမ်တကြီးအမူအရာကို ကြည့်ရင်း ဖုန်းဝူချန်သည် စိတ်ထဲမှ ကြိတ်ခွီမိသော်လည်း အပြင်တွင်မူ ဤသို့ဆို၏။
“ဖေဖေ… ကျွန်တော့်ဆရာက ထင်ပေါ်ရတာ မကြိုက်ဘူး… ပြီးတော့ စိတ်ဆတ်တယ်…။ အဲ့ဒါကြောင့် မဖြစ်မနေလိုအပ်တာမျိုးမရှိရင် ကျွန်တော် ထုတ်မပြောဘူးလို့ တွေးထားတာ…”
“ဟုတ်ပေသားပဲ…။ အဆင့်မြင့်ဆေးပညာရှင်တွေရဲ့ စိတ်နေစိတ်ထားက တော်တော်လေး ထူးဆန်းကြတာ…။ မင်းရဲ့ကျင့်ကြံမှု ဒီလောက်မြန်မြန်တိုးတက်လာတာ မဆန်းတော့ဘူး…။ ဒီလိုဂုဏ်သရေရှိပုဂ္ဂိုလ်က လမ်းညွှန်ပေးနေမှတော့ အရာအားလုံးက အဓိပ္ပာယ်ရှိသွားပါပြီ…”
ဖုန်းချန်ယန်က ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံလေသည်။
“ဒါ သိပ်ကောင်းတာပဲ…။ ချန်အာ့မှာ ဒီလောက်အဆင့်မြင့်တဲ့ဆရာတစ်ယောက်ရှိလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ…”
ရှောင်ချင်းချင်းက ဖုန်းဝူချန်၏ အနာဂတ်သည် အတိုင်းအဆမရှိတော့ဟု ဆိုလိုရင်း ဝမ်းသာအားရ ပြောလိုက်သည်။
ဝါးချပ်ပြားကို ဖုန်းချန်ယန်ထံ ပေးအပ်ရင်း ဖုန်းဝူချန်က ဆက်ပြောသည်။
“အကြီးအကဲချုပ်… ကျွန်တော့်ဆရာပြောတာက တိုက်ကြီးတစ်ခုလုံးမှာ ရတနာ ခုနစ်ပါး ချီစုစည်းအမှုန့်ကို ဘယ်သူမှဖော်စပ်နည်း မသိဘူးတဲ့…။ အလွတ်ကျက်မှတ်ပြီးရင် ဖျက်ဆီးလိုက်ပါ…။ ဒီဆေးနည်းနဲ့ဆို ကျွန်တော်တို့ဖုန်းမိသားစု မကြာခင် အင်အားကြီးလာတော့မှာပဲ…။ ပြီးတော့ ဝမ်ပေါင်ကုန်တိုက်ကအကြွေးကိုလည်း အချိန်တိုအတွင်း ပြန်ဆပ်ဖို့ ရောင်းလို့ ရပါသေးတယ်…”
စကားဆုံးသည်နှင့် ဖုန်းဝူချန်သည် စာရေးစုတ်တံကိုကောက်ကိုင်ကာ ဝါးချပ်ပြားပေါ်တွင် မဆိုင်းမတွ လျင်မြန်စွာ ရေးခြစ်ချလိုက်ပြန်သည်။
“ဒါ…ဒါက… ဆေးပညာဆုံးဖြတ်ချက်ကျမ်း…”
ဖုန်းချန်ယန်က သူ၏တစ်ကိုယ်လုံး တုန်လှုပ်ခြောက်ခြားစွာဖြင့် အသက်ရှူရပ်မတတ် အော်လိုက်သည်။
သူတို့မှာ ဆေးပညာဆုံးဖြတ်ချက်ကျမ်း ရှိတယ်တဲ့လား…။
ဖုန်းကျိန့်ရှုံးနှင့် အခြားသူများမှာ ဝမ်းသာလွန်း၍ နေရာတွင်ပင် ခုန်ပေါက်မတတ်ဖြစ်သွားကြသည်။
“အကြီးအကဲချုပ်… ဒါက ကျွန်တော့်ဆရာထားခဲ့တဲ့ ဆေးပညာဆုံးဖြတ်ချက်ကျမ်းပဲ…။ ဒါကိုသာ လေ့ကျင့်မယ်ဆိုရင် မကြာခင် ခင်ဗျားက အဆင့်နှစ်ဆေးပညာရှင်
ဖြစ်လာမှာပဲ…။ ပြီးတော့ ကျွန်တော့်ဆရာက ဒီကျမ်းက အကြီးအကဲချုပ်ကို အဆင့်ခြောက်အထိ ရောက်အောင်ကူညီပေးနိုင်တယ်လို့လည်း ပြောတယ်…။ အလွတ်ကျက်ပြီးရင် ဖျက်ဆီးဖို့ မမေ့ပါနဲ့…”
ဖုန်းဝူချန်က ပြုံးရင်းဆိုသည်။
“အဆင့်ခြောက် ဆေးပညာရှင်…”
ထိုအတွေးသက်သက်ကပင် ဖုန်းကျိန့်ရှုံးနှင့် အခြားသူများကို တစ်ကိုယ်လုံး တုန်ယင်သွားစေသည်။
အဆင့်ခြောက် ဆေးပညာရှင်တစ်ဦး၏ ရာထူးသည် အလွန်တရာ လေးစားကြည်ညိုဖွယ်ကောင်းပြီး ယန်ဟော် အင်ပါယာတစ်ခုလုံးတွင် တစ်ယောက်မှမရှိချေ။
တိုက်ကြီးပေါ်တွင်ပင် သူတို့သည် ကြောက်ရွံ့ရိုသေရသော ပုဂ္ဂိုလ်များဖြစ်ကြသည်။
“သိပ်ကောင်းတယ်… သိပ်ကောင်းတယ်…”
ဖုန်းချန်ယန်သည် အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ဝမ်းမြောက်ဝမ်းသာ ပြုံးရွှင်နေတော့သည်။
“ကောင်းကင်ဘုံက ငါတို့ဖုန်းမိသားစုကို ကြီးပွားစေချင်နေပုံပဲ…”
ဒုတိယအကြီးအကဲ ဖုန်းယွင်ရှန်က သူ၏အိုမင်းသောမျက်လုံးများတွင် စိတ်လှုပ်ရှားမှုဖြင့် အရောင်တောက်နေရင်း ဆိုလိုက်သည်။
“ချန်အာ… မင်း ဝမ်ပေါင်ကုန်တိုက်ကရခဲ့တဲ့ ရောင်းချခွင့်က ရတနာ ခုနစ်ပါး ချီစုစည်းအမှုန့်ကို ရောင်းဖို့စီစဉ်ထားလို့လား…”
ဖုန်းကျိန့်ရှုံးက ခန့်မှန်းလိုက်သည်။
“မှန်ပါတယ်…။ ပြိုင်ဘက်ကင်းမြို့က လူတိုင်းဝယ်လို့ရတယ်…။ ဒါပေမဲ့ ယန်မိသားစုနဲ့ မော့မိသားစုတော့ မရဘူး…။ ဒါပေမဲ့ အခုက အချိန်မကျသေးပါဘူး…”
ထိုသို့ ဖုန်းဝူချန်က ပေါ့ပေါ့ပါးပါးပင် တုံ့ပြန်လိုက်သည်။
“သိပ်ကောင်းတယ်…။ မင်းက တကယ်ပဲ ငါ ဖုန်းကျိန့်ရှုံးရဲ့သားပဲ…။ ဟားဟား…။ ငါတို့ဖုန်းမိသားစု ကြီးပွားတော့မှာပဲ…”
ဖုန်းကျိန့်ရှုံးက ဝမ်းမြောက်စွာဖြင့် အားရပါးရ ရယ်မောလိုက်သည်။
ရတနာ ခုနစ်ပါး ချီစုစည်းအမှုန့်အား
အမြောက်အမြား ရောင်းချပြီးသည်နှင့် ရွှေဒင်္ဂါးသန်း အနည်းငယ်မျှသည် အဘယ်မှာ ငွေကြေးဟု ခေါ်ထိုက်ပါမည်နည်း။
ပြီးတော့ တိုက်ကြီး တစ်ခုလုံးတွင် ဖုန်းမိသားစု တစ်ခုတည်းသာ ဤဆေးနည်းကို ပိုင်ဆိုင်သည်…။ တစ်ဦးတည်း မူပိုင် ဆေးနည်းပင်တည်း။
၎င်းသည် ချီသန့်စင်ခြင်းဘုံမှ ကျင့်ကြံသူများကို ကျင့်ကြံနှုန်း တိုးမြှင့်ပေးရုံသာ ဖြစ်သော်လည်း ဝယ်လိုအား အလွန်မြင့်မားမှာ သေချာသည်။
တိုက်ကြီးတွင် အင်အားကြီးသူများ မရှားပါးသလို ချီသန့်စင်ခြင်းဘုံမှ ကျင့်ကြံသူများလည်း မရှားပါးချေ။ ဆန့်ကျင်ဘက်အားဖြင့် သူတို့သည် ရေတွက်၍ပင် မကုန်နိုင်အောင် များပြားလှသည်။
ရတနာ ခုနစ်ပါး ချီစုစည်းအမှုန့်
ဈေးကွက်တွင် ရရှိနိုင်သည်နှင့်တစ်ပြိုင်နက် ဖုန်းမိသားစု တဟုန်ထိုးထိုးတက်ရမည့် အချိန်ပင်ဖြစ်တော့မည်။
“ခစ်ခစ်၊ အစ်ကိုကြီးဖုန်း… အစ်ကိုက ဒါတွေအားလုံးကို အစကတည်းက စီစဉ်ထားပုံပဲ…”
လင်ရှောင်ရှောင်က ဖုန်းဝူချန်၏ နားနားကပ်ကာ ခပ်တိုးတိုးရယ်ရင်း တီးတိုးဆိုသည်။
ဖုန်းဝူချန်က ခပ်ပြုံးပြုံးသာနေပြီး တိတ်ဆိတ်စွာ နေလိုက်သည်။
ဖုန်းကျိန့်ရှုံးက သူ၏စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်အောင် စိတ်လှုပ်ရှားလွန်းစွာဖြင့် မှာကြားလိုက်သည်။
“ချန်အာ… ဒီလိုအဆင့်မြင့်ဆရာတစ်ယောက်နဲ့တွေ့ရတာ ရှားလှတယ်၊ မင်း စိတ်နှစ်ပြီးလေ့ကျင့်ရမယ်… မင်းဆရာကို စိတ်မပျက်စေနဲ့…”
ဖုန်းကျိန့်ရှုံး၏ တိုက်တွန်းမှုမရှိလျှင်ပင် သူကြိုးစားလေ့ကျင့်မည်ပင်။
“စိတ်မပူပါနဲ့ ဖေဖေ…”
ဖုန်းဝူချန်က ပြုံးရင်းပြန်ဖြေသည်။
ချီသန့်စင်ခြင်းဘုံသို့ ခြေချနိုင်မှသာ သူသည် တကယ့်သိုင်းပညာရှင်တစ်ဦးဖြစ်လာမည်ဖြစ်ပြီး ချီသန့်စင်ခြင်းဘုံအတွင်း၌သာ ဓာတ်သဘာဝ အစစ်အမှန်ချီကို နားလည်သဘောပေါက်ရန် အခွင့်အရေးရှိနိုင်မည် ဖြစ်သည်။
သူ၏မိသားစု အလွန်ပျော်ရွှင်နေသည်ကိုမြင်ရသဖြင့် ဖုန်းဝူချန်ကိုယ်တိုင်လည်း အလွန်ကျေနပ်နေမိသည်။
ဘာပဲဖြစ်ဖြစ် ဘဝမှာ ပျော်ရွှင်နေရခြင်းက တခြားအရာအားလုံးထက် ပိုကောင်းသည် မဟုတ်ပါလား။
‘ငါ မကြာခင် ချီသန့်စင်ခြင်းဘုံကို အဆင့်ချိုးဖြတ်တက်ရောက်ဖို့ လိုအပ်နေပုံပဲ…။ အစစ်အမှန်ချီမရှိဘဲနဲ့ သိပ်အဆင်မပြေဘူး…’
ဖုန်းဝူချန်က သူ့ဘာသာသူ တွေးတောနေမိသည်။
“ရတနာ ခုနစ်ပါး ချီစုစည်းအမှုန့်ကို
အမြန်ဆုံးဖော်စပ်ရမယ်…။ ဒါပေမဲ့ စည်းစိမ်ဥစ္စာကိုတော့ ထုတ်မကြွားသင့်ဘူး…။ မဟုတ်ရင် ဖုန်းမိသားစုကို ဒုက္ခရောက်စေလိမ့်မယ်…။ အခုလောလောဆယ်တော့ ဒီအမှုန့်ကို မရောင်းသေးတာ ပိုကောင်းတယ်…”
ဖုန်းချန်ယန်က ထပြောလိုက်သည်။
“ဟုတ်တယ်…”
ဖုန်းကျိန့်ရှုံးက လေးနက်စွာခေါင်းညိတ်ပြီး တင်းကြပ်စွာထပ်ပြောသည်။
“သတ္တမ အဆင့် ချီစုစည်း
အမှုန့်ကိစ္စကို ဘယ်သူမှထုတ်မပြောရဘူး…။ မဟုတ်ရင် ငါတို့မိသားစုရဲ့စည်းကမ်းနဲ့ ရင်ဆိုင်ရလိမ့်မယ်…”
သတ္တမ အဆင့် ချီစုစည်း အမှုန့်သည် အဆင့်နိမ့်အမှုန့် တစ်ခုဖြစ်သော်လည်း ပြိုင်ဘက်ကင်းမြို့အတွက်မူ မုချမသွေ ရတနာတစ်ပါးပင် ဖြစ်၏။ အင်ပါယာအတွက်ပင်လျှင် ၎င်းသည် အလွန်တရာ အဖိုးတန်သည်ဟု ယူဆရမည်။
ဖုန်းဝူချန် ယခင်ကပြောခဲ့သလိုပင် တိုက်ကြီး တစ်ခုလုံးတွင် မည်သူတစ်ဦးတစ်ယောက်မှ ၎င်းကို မဖော်စပ်နိုင်ပေ။
ရတနာ ခုနစ်ပါး ချီစုစည်းအမှုန့်က
သာမန်ချီတိုးဆေးအမှုန့်များထက် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်၏။ ၎င်းကိုသောက်သုံးသော ချီသန့်စင်ခြင်းဘုံမှ ကျင့်ကြံသူများ၏ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံနှုန်းကို စိတ်ကူးကြည့်ရုံသာ တတ်နိုင်တော့သည်။
အချိန်တန်သည့်အခါ မည်မျှလောက်သောလူတို့သည် ၎င်းအတွက် ရူးသွပ်သွားကြမည်ကို မည်သူသိနိုင်မည်နည်း။
ဖုန်းဝူချန်အတွက်မူ သူ၏ခရီးသည် ရတနာ ခုနစ်ပါး ချီစုစည်းအမှုန့်
ဖြင့် အမှန်တကယ် စတင်ခဲ့လေပြီ။
နတ်ဆိုးနဂါးနတ်ဘုရား၏ မှတ်ဉာဏ်များနှင့် ကျယ်ပြန့်သော အတွေ့အကြုံများသည် ဖုန်းဝူချန်မှတစ်ဆင့် တဖြည်းဖြည်း ထွက်ပေါ်လာမည်ဖြစ်ပြီး ရတနာ ခုနစ်ပါး ချီစုစည်းအမှုန့်ဟူသည်က
ရေခဲတောင်ကြီး၏ ထိပ်ဖျားလေးမျှသာ ဖြစ်လေသည်။