← Chapters

နဂါးနတ်ဘုရား၏ စွမ်းအား

Vol. 2 Ch. 23

နဂါးနတ်ဘုရား၏ စွမ်းအား

Vol. 2 Ch. 23

~သူ၏ကျင့်ကြံမှုအရှိန်ကို မြှင့်တင်ရန်အတွက် ဖုန်းဝူချန်သည် သက်တန့်ရောင်ဆေးရည် ပုလင်းပေါင်း ဒါဇင်များစွာကို ရေချိုးစည်ပိုင်းထဲသို့ တစ်ပြိုင်နက်တည်း လောင်းထည့်လိုက်ပြီး စည်ပိုင်းထဲ၌ပင် တန်း၍ ကျင့်ကြံလေတော့သည်။

ဩဇာအာဏာကြီးမားလှသော အထွတ်အထိပ်နဂါးနတ်ဘုရားသိုင်းနည်းစနစ်သည် ဖုန်းဝူချန်၏ ကျင့်ကြံမှုကို အထောက်အကူပြုရန် ဝိညာဉ်အရည်နှင့် ဝိညာဉ်စွမ်းအင်တို့ကို လောဘတကြီး စုပ်ယူနေတော့၏။

အခန်းအတွင်း၌ သိပ်သည်းလှသော ဝိညာဉ်စွမ်းအင်များကို သာမန်မျက်စိဖြင့်ပင် မြင်နိုင်ပြီး ဖုန်းဝူချန်ထံသို့ အရှိန်ပြင်းစွာ စီးဝင်နေကြသည်။

“ဖုန်းအစ်ကို့ရဲ့ ကျင့်စဉ်က သိပ်ကို အရှိန်အဝါကြီးတာပဲ…။ ကျင့်ကြံတဲ့အရှိန်က မယုံနိုင်လောက်အောင် မြန်တယ်…။ ဒီလိုမျိုး ကျွန်မတစ်ခါမှ မမြင်ဖူးဘူး…။ နောက်ထပ်ရက်အနည်းငယ်ကြာရင် သူ ချီသန့်စင်ခြင်းဘုံကို ခြေချနိုင်လောက်ပြီ…”

လင်ရှောင်ရှောင်သည် အခန်းအပြင်ဘက်မှနေ၍ ဖုန်းဝူချန်ကို ပြတင်းပေါက်မှတစ်ဆင့် မှတ်ချက်ပြုလိုက်ရင်း သူမ၏ လှပသောမျက်ဝန်းများထဲတွင် အံ့အားသင့်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။

မျက်မှောင်အနည်းငယ်ကြုတ်လျက် လင်ရှောင်ရှောင်က စိတ်ထဲမှ ခန့်မှန်းလိုက်သည်။

‘ဖုန်းအစ်ကိုက ရှေးဟောင်းအမွေအနှစ်တစ်ခုခုကိုများ ရရှိထားတာလား…’

လင်ရှောင်ရှောင်၏ ခန့်မှန်းချက်အရ သူမသည် ဖုန်းဝူချန်၏ နောက်ကွယ်တွင် ဆရာတစ်ဦးရှိသည်ဟု မယုံကြည်လှပါ။

ရှိခဲ့လျှင်ပင် ထိုသို့သော ဩဇာအာဏာ ကြီးမားသည့် ကျင့်စဉ်တစ်ခုကို ချီးမြှင့်ပေးလိမ့်မည် မဟုတ်ပေ။

…

သို့သော် လင်ရှောင်ရှောင် မသိခဲ့သောအရာမှာ ဖုန်းဝူချန်သည် နတ်ဆိုးနဂါးနတ်ဘုရား၏ မှတ်ဉာဏ်များနှင့် အတွေ့အကြုံများကို အမှန်တကယ်ပင် ရရှိထားခဲ့ခြင်း ဖြစ်သည်။

‘ဘယ်လိုပဲဖြစ်ဖြစ် ဒါက ဖုန်းအစ်ကို့အတွက် ကောင်းတဲ့အရာပဲ…။ ချီသန့်စင်ခြင်းဘုံကို အဆင့်ချိုးဖြတ်တက်ရောက်ပြီးသွားရင် ဖုန်းအစ်ကို့ရဲ့ သွေးမျိုးဆက်ကလည်း တဖြည်းဖြည်း နိုးထလာသင့်ပြီ…’

လင်ရှောင်ရှောင်သည် သူမ၏လှပသော မျက်နှာကလေးပေါ်တွင် ချိုမြိန်သောအပြုံးတစ်ခု ပေါ်လာသည်အထိ စိတ်ထဲမှ တီးတိုးရေရွတ်လိုက်ပြီးနောက် နောက်ဆုံးတွင် ထွက်ခွာသွားလေသည်။

“ဒီကောင်မလေး…”

လင်ရှောင်ရှောင် ထွက်သွားသည်နှင့် ကျင့်ကြံနေဆဲဖြစ်သော ဖုန်းဝူချန်သည် သူ၏နှုတ်ခမ်းထောင့်တွင် ခပ်ယဲ့ယဲ့အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ လင်ရှောင်ရှောင် ပြတင်းပေါက်အပြင်ဘက်မှ ကြည့်နေသည်ကို သူသိရှိနေသည်မှာ ထင်ရှားလှ၏။

လင်ရှောင်ရှောင်သည် ထက်ထက်မြက်မြက်ရှိပြီး လိမ္မာပါးနပ်သူဖြစ်ပါသည်။

သူတို့အတူတကွရှိနေခဲ့သော အချိန်များအတွင်း ဖုန်းဝူချန်သည် သူမအပေါ်ထားရှိသော သတိကြီးမှုကို လျှော့ချခဲ့ပြီး သူမအပေါ် သံယောဇဉ်တွယ်လာခဲ့သည်။ အနည်းဆုံးတော့ လင်ရှောင်ရှောင်ကို သဘောမကျစရာဟု မမြင်တော့ပေ။

အချိန်သည် တရိပ်ရိပ်ကုန်လွန်သွားပြီး သုံးရက်အကြာတွင် ဆေးဖော်စပ်ခြင်းကို အပြင်းအထန်လုပ်ဆောင်နေခဲ့သော ဖုန်းချန်ယန်သည် နောက်ဆုံးတွင် ရတနာ ခုနစ်ပါး ချီစုစည်း‌အမှုန့်အား အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။ သို့သော် အရည်အသွေးမှာတော့ နိမ့်ကျနေ၏။

ဟုတ်ပါသည်။ အရည်အသွေးနိမ့်ကျခြင်းက ဖုန်းချန်ယန်၏ ဝမ်းမြောက်မှုကို မထိခိုက်စေခဲ့ပေ။ ပိုမိုလေ့ကျင့်ပြီး အကျွမ်းတဝင်ဖြစ်လာသည်နှင့်အမျှ အရည်အသွေးသည်လည်း သူ့အလိုလို တိုးတက်လာမည်သာ။

ရတနာ ခုနစ်ပါး ချီစုစည်း‌အမှုန့်

အောင်မြင်သွားသည်နှင့် ဖုန်းကျိန့်ရှုံးနှင့် အခြားအဆင့်မြင့်ပုဂ္ဂိုလ်များမှာ စိတ်လှုပ်ရှားစွာဖြင့် ဖုန်းယွမ်ကို ချက်ချင်းစမ်းသပ်ကျင့်ကြံစေသည်။

မစမ်းခင်အထိ မသိခဲ့သော်လည်း တစ်ကြိမ်စမ်းသပ်လိုက်သည်နှင့် ဖုန်းယွမ်သည် အံ့အားသင့်လွန်း၍ မှင်တက်သွားခဲ့သည်။ အကြောင်းမှာ ကျင့်ကြံနှုန်းသည် ပုံမှန်ထက် နှစ်ဆပိုမြန်နေသောကြောင့်ပင်။ အကယ်၍ အမှုန့်၏ အရည်အသွေးသာ ပိုမြင့်မားခဲ့လျှင် ကျင့်ကြံနှုန်းသည် ပို၍ပင် မြန်ဆန်ပေဦးမည်။

ဖုန်းမိသားစုတစ်ခုလုံးသည် ဝမ်းမြောက်ဝမ်းသာဖြစ်သွားကြပြီး အားလုံးက ဖုန်းချန်ယန်ကို ဆေးများပိုမိုဖော်စပ်ပေးရန် စိတ်အားထက်သန်စွာ မျှော်လင့်နေကြသည်။ ဤနည်းအတိုင်းသာဆိုလျှင် ဖုန်းမိသားစု၏ အင်အားကြီးထွားလာမှုသည် အချိန်ကာလတစ်ခုသာ ဖြစ်ပေတော့မည်။

ဆေး၏ ကြောက်မက်ဖွယ်ကောင်းသော အာနိသင်များကို သိရှိပြီးနောက် ဖုန်းချန်ယန်သည် စိတ်အားထက်သန်မှုအပြည့်ဖြင့် ချက်ချင်းပင် သူ၏အခန်းထဲတွင် သော့ခတ်ပိတ်ကာ ဆေးဆက်လက်ဖော်စပ်လေတော့သည်။

ရတနာ ခုနစ်ပါး ချီစုစည်း‌အမှုန့်

ဖော်စပ်ရန်အတွက် ဖုန်းချန်ယန်သည် ဆေးပညာဆုံးဖြတ်ချက်ကျမ်းကိုပင် မကျင့်ကြံတော့ဘဲ သူ၏အင်အားအပြည့်အစုံကို ထိုအလုပ်အတွက်သာ မြှုပ်နှံထားလိုက်သည်။

တစ်ချိန်တည်းမှာပင် ရက်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေခဲ့သော ဖုန်းဝူချန်သည် ရတနာ ခုနစ်ပါး ချီစုစည်း‌အမှုန့်

အောင်မြင်စွာ ဖော်စပ်ပြီးစီးသည်နှင့် ချီသန့်စင်ခြင်းဘုံ၏ ပထမ အလွှာသို့ အဆင့်ချိုးဖြတ်တက်ရောက်သွားခဲ့သည်။

သူ၏ကျင့်ကြံမှုသည် တစ်ဟုန်ထိုးတိုးတက်သွားပြီး ချီပင်လယ်ထဲတွင် အစစ်အမှန်ချီများ စုစည်းမိသွားသည်။ ဖုန်းဝူချန်သည် ချက်ချင်းပင် သူ၏ခွန်အား အဆပေါင်းများစွာ ပိုမိုသန်မာလာသည်ကို ခံစားလိုက်ရ၏။ ထို မှန်းဆ မရနိုင်သော စိတ်လှုပ်ရှားမှုက ဖုန်းဝူချန်ကို အလွန်အမင်း စိတ်လှုပ်ရှားစေခဲ့သည်။

“ငါထင်ထားတဲ့အတိုင်းပဲ…။ ဝိညာဉ်အရည်တွေကိုတော့ တော်တော်ဖြုန်းတီးလိုက်တာပဲ…”

ဖုန်းဝူချန်က စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။ ဝိညာဉ်အရည်များ ဖြုန်းတီးမိသည့်အတွက် နောင်တရနေသော်လည်း ၎င်းက သူ၏ကျင့်ကြံမှုကို အရှိန်မြှင့်ပေးခဲ့သည် မဟုတ်ပါလား။

“အစစ်အမှန်ချီ စုစည်းပြီးပြီဆိုတော့ အနက်ရောင်သံမဏိကို မီးလျှံဓားထဲ ပေါင်းစပ်ထည့်သွင်းလို့ရပြီ…။ နတ်ဆိုးနဂါးနတ်ဘုရားရဲ့ ကြီးမားတဲ့ လက်နက် သန့်စင်ပညာနဲ့ဆိုရင် ဒါက ပြဿနာတစ်စက်မှ မရှိဘူး…”

ဖုန်းဝူချန်က တကိုယ်တည်း ကြည်လင်စွာ ခပ်ဟဟရယ်လိုက်သည်။

ထိုသို့ဖြင့် ဖုန်းဝူချန်သည် မျက်လုံးများကို မှိတ်ကာ သူ၏အစစ်အမှန်ချီ၏ ဓာတ်သဘာဝများကို စစ်ဆေးကြည့်လိုက်၏။

ချီသန့်စင်ခြင်းဘုံကို အဆင့်ချိုးဖြတ်တက်ရောက်ပြီးပါက အစစ်အမှန်ချီ ဓာတ်သဘာဝတစ်ခုကို နားလည်သဘောပေါက်ခြင်းသည် ပုံမှန်ပင်ဖြစ်သည်။ နှစ်ခုနားလည်လျှင် ကံကောင်းခြင်း သို့မဟုတ် ပါရမီမြင့်မားခြင်းကို ပြဆိုနိုင်သည်။

သုံးခုထက်ပို၍ နားလည်သဘောပေါက်နိုင်လျှင်မူ ပါရမီရှင်တစ်ဦး၏ အမှတ်အသားပင် ဖြစ်တော့သည်။

ဥပမာအားဖြင့် မော့လင်အာသည် သူမ၏ အဆင့်ခြောက်သိုင်းဝိညာဉ်ပါရမီဖြင့် အစစ်အမှန်ချီဓာတ်သဘာဝ နှစ်မျိုးကိုသာ နားလည်သဘောပေါက်ခဲ့ပြီး ဟွမ်ဖူချင်းနှင့် တူညီလေသည်။

အင်ပါယာတစ်ခုလုံး၏ မျိုးဆက်သစ်များထဲတွင် တော်ဝင်မိသားစုမှ ပါရမီရှင်မင်းသားတစ်ပါးတည်းသာ အစစ်အမှန်ချီဓာတ်သဘာဝ သုံးမျိုးကို နားလည်သဘောပေါက်ခဲ့ပြီး အင်ပါယာ၏ နံပါတ်တစ်ပါရမီရှင်အဖြစ် ချီးကျူးခံခဲ့ရကာ မည်သူမျှ သူ့ကိုမကျော်လွန်နိုင်ခဲ့ပေ။

ဖုန်းဝူချန်သည် သူ၏အဆင့်နှစ်သိုင်းဝိညာဉ်က မည်သည့်အစစ်အမှန်ချီ

ဓာတ်သဘာဝများကို နားလည်သဘောပေါက်မည်ကို အလွန်သိချင်နေမိသည်။

သို့သော် စစ်ဆေးကြည့်ရှုပြီး သူ၏အစစ်အမှန်ချီကို စုစည်းရန်ကြိုးစားသောအခါ ဖုန်းဝူချန်ကို တုန်လှုပ်စေခဲ့သည်မှာ သူသည် လုံးဝဓာတ်သဘာဝမရှိသော အစစ်အမှန်ချီကို စုစည်းမိခဲ့ခြင်းပင်။

၎င်းသည် မည်သည့်ဓာတ်သဘာဝမှ ကင်းစင်သော သန့်စင်သည့် အစစ်အမှန်ချီပုံစံတစ်မျိုးဖြစ်ပြီး ဖုန်းဝူချန်သည် မည်သည့်ဓာတ်သဘာဝအစစ်အမှန်ချီကိုမှ နားလည်သဘောပေါက်နိုင်ခြင်းမရှိဟု အဓိပ္ပာယ်ရလေသည်။

သို့သော် ဤစိမ်းပြာရောင်အစစ်အမှန်ချီသည် အတော်လေးထူးဆန်းပုံရ၏။ အခြားသူများ၏ ချောမွေ့စွာစီးဆင်းနေသော အစစ်အမှန်ချီနှင့်မတူ။

ဖုန်းဝူချန်၏ အစစ်အမှန်ချီသည် နတ်သူငယ်တစ်ပါးကဲ့သို့ လှုပ်ရှားနေပြီး အဆက်မပြတ် ခုန်ပေါက်ကာ အခြားသူများအားလုံးနှင့် ကွဲပြားနေသည်။

“မဖြစ်နိုင်တာ…။ ဓာတ်သဘာဝတစ်ခုတောင် မရှိဘူး ဟုတ်လား…”

ဖုန်းဝူချန်သည် ယုံကြည်နိုင်စွမ်းမရှိတော့ပေ။

တစ်ဖန်ပြန်လည်

စစ်ဆေးကြည့်သောအခါ ဖုန်းဝူချန်သည် သူ မည်သည့်

အစစ်အမှန်ချီဓာတ်သဘာဝကိုမှ နားလည်သဘောပေါက်နိုင်ခြင်း

မရှိသည်ကို ယုံကြည်နိုင်ဆဲပင်။

သူ၏အစစ်အမှန်ချီကို စုစည်းလိုက်ရာ ဖုန်းဝူချန်၏ လက်ဖဝါးတွင် သန့်စင်သော အစစ်အမှန်ချီ၏ ခပ်ဖျော့ဖျော့ စိမ်းပြာရောင် အလင်း တစ်ခု ပေါ်ထွက်လာခဲ့သည်။ ၎င်းတွင် အခြား မည်သည့် ဓာတ်သဘာဝမှ လုံးဝ မပါဝင်ပေ။

“ဒါက ဘယ်လို စွကျိုးနည်းရတာလဲ…။ သာမန်လူတွေတောင် အနည်းဆုံး ဓာတ်သဘာဝတစ်ခုကို နားလည်နိုင်တယ်…။ အဆင့်တစ် သိုင်းဝိညာဉ်ပါရမီတောင်မှ ခံစားသိနိုင်တယ်…။ ဒါဖြင့် ငါက ဘာလို့မရတာလဲ…”

ဖုန်းဝူချန်သည် စဉ်းစားလေလေ ပို၍ထူးဆန်းလာလေပင်။ နတ်ဆိုးနဂါးနတ်ဘုရား၏ မှတ်ဉာဏ်များရှိနေသည့်တိုင် သူ နားမလည်နိုင်ခဲ့ပေ။

နတ်ဆိုးနဂါးနတ်ဘုရားသည် အစစ်အမှန်ချီကို နားမလည်နိုင်သည့်အဖြစ်မျိုး တစ်ခါမှမကြုံဖူးခဲ့သလို သူ၏မှတ်ဉာဏ်များထဲတွင်ပင် ထိုအကြောင်းကို ဖော်ပြထားခြင်းမရှိခဲ့။

စဉ်းစားလေလေ နားမလည်နိုင်ဖြစ်လေလေ၊ ရင်ထဲတွင် အမည်မဖော်နိုင်သော ဒေါသမီးတစ်ခု တောက်လောင်လာတော့သည်။

“ချီးပဲ…။ ဘယ်လိုလုပ် ဒီလို ဖြစ်ရသလဲ…”

ဖုန်းဝူချန်က ကြိမ်းမောင်းလိုက်ပြီး သူ၏ မျက်နှာမှာ အလွန်တရာ ရှုံ့မဲ့သွားခဲ့သည်။

မည်သည့် အစစ်အမှန်ချီ ဓာတ်သဘာဝကိုမှ နားမလည်နိုင်ခြင်း ဆိုသည်မှာ သူ၌ မီးဓာတ်ပင် မရှိဟု အဓိပ္ပာယ်ရပြီး နတ်ဆိုးနဂါးနတ်ဘုရား၏ ဆေးပညာနှင့် လက်နက်သန့်စင် ကျွမ်းကျင်မှုများကို အသုံးမဝင်စေတော့ပေ။ တိုက်ကြီးတစ်ခွင်တွင် ကြောက်ရွံ့ရိုသေစေခဲ့သော ထိုဒဏ္ဍာရီလာ နတ်ဘုရား

အဆင့်အတန်းရှိ ကျွမ်းကျင်မှုများမှာ အလဟဿဖြစ်သွား ခဲ့လေပြီ။

ဖုန်းဝူချန်သည် နတ်ဆိုးနဂါးနတ်ဘုရား ချန်ရစ်ခဲ့သော ကြောက်မက်ဖွယ်ကောင်းသည့် ဆေးပညာနှင့် လက်နက် သန့်စင်ပညာများကို အားကိုးကာ သူ၏တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ရန် မျှော်လင့်ခဲ့သလို အစွမ်းထက်နတ်ဘုရားလက်နက်များကို ဖန်တီးရန်လည်း မျှော်လင့်ခဲ့သည်။

သို့သော် ယခုမူ ထိုအရာအားလုံးမှာ ကြေမွပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။

“ဝုန်း…”

ဒေါသတကြီးဖြင့် ဖုန်းဝူချန်သည် အခန်းထဲမှ စားပွဲခုံကို သူ၏လက်သီးဖြင့် အားကုန်ထိုးချလိုက်သည်။

အသံတစ်ချက်မြည်ဟည်းသွားပြီး

စားပွဲခုံသည် ပြင်းထန်ပြီး အရှိန်အဝါကြီးမားသော စွမ်းအားတစ်ခုကြောင့် အမှုန့်အဖြစ်သို့ ကြေမွသွားခဲ့သည်။

“ဒါ…”

ဤမြင်ကွင်းကိုမြင်ရသောအခါ ဖုန်းဝူချန်သည် မှင်တက်သွား၏။

တုန်လှုပ်စွာဖြင့် ဖုန်းဝူချန်သည် အမှုန့်အဖြစ်သို့ ကြေမွသွားသော စားပွဲခုံကို စိုက်ကြည့်နေမိပြီး အချိန်အတော်ကြာသည့်တိုင် သတိပြန်မဝင်နိုင်ခဲ့ပေ။

ဒါ ဘယ်လိုစွမ်းအားမျိုးလဲ…။ ချီသန့်စင်ခြင်းဘုံ ပထမအလွှာ၏ စွမ်းအားသည် စားပွဲခုံတစ်လုံးကို ချေမွနိုင်သော်လည်း ၎င်းကို အမှုန့်အဖြစ်သို့ ပြောင်းလဲပစ်နိုင်ပါမည်လော။

“ခုနက အဲ့ဒီစွမ်းအားက ဘာလဲ…။ ဘာလို့ နတ်ဆိုးနဂါးရဲ့ နဂါးနတ်ဘုရားစွမ်းအားနဲ့ နည်းနည်းဆင်သလို ခံစားရတာလဲ…”

ဖုန်းဝူချန်က အလွန်အမင်းအံ့အားသင့်သော မျက်နှာဖြင့် ရေရွတ်လိုက်သော်လည်း သူသေချာမသိခဲ့ပေ။

ဒေါသတကြီးဖြင့် ဖုန်းဝူချန်သည် လက်သီးတစ်ချက်ပစ်သွင်းလိုက်ရာ ထိုသို့သော ကြောက်မက်ဖွယ်စွမ်းအားကို မမျှော်လင့်ထားခဲ့သဖြင့် ထိုအခိုက်အတန့်တွင် ဒါက မည်သို့သော စွမ်းအားမျိုးဖြစ်သည်ကို သူ မခံစားမိလိုက်ပေ။

သို့သော် ခန္ဓာကိုယ်အတွင်း၌ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု စတင်ဖြစ်ပေါ်လာနေသည်မှာတော့ သေချာသည်။

တစ်ချိန်တည်းမှာပင် လင်ရှောင်ရှောင်၏ အခန်းထဲ၌ ဖုန်းဝူချန် ထိုလက်သီးကို ပစ်သွင်းလိုက်သည်နှင့် ကျင့်ကြံနေသော လင်ရှောင်ရှောင်သည် ရုတ်တရက် သူမ၏လှပသောမျက်လုံးများကို ဖွင့်လိုက်သည်။

“နဂါးနတ်ဘုရားရဲ့ စွမ်းအား…”

လင်ရှောင်ရှောင်က အာမေဋိတ်ပြုလိုက်ပြီး သူမ၏မျက်လုံးများသည် ချက်ချင်းပင် ဖုန်းဝူချန်ရှိရာသို့ လှည့်သွားကာ အံ့အားသင့်စွာ ပြုံးလိုက်သည်။

“ဖုန်းအစ်ကို့ရဲ့ နဂါးနတ်ဘုရားစွမ်းအား နိုးထလာပြီ…”

ဝမ်းသာအားရဖြင့် လင်ရှောင်ရှောင်သည် အခန်းထဲမှ အမြန်ပြေးထွက်ကာ ဖုန်းဝူချန်ရှိရာသို့ ပြေးသွားတော့သည်။

အခန်းထဲတွင် ဖုန်းဝူချန်သည် တုန်လှုပ်နေဆဲဖြစ်သော်လည်း ထိုအခိုက်အတန့်တွင် သူ၏နှလုံးသားထဲ၌ ဝမ်းမြောက်မှုများ စတင်တိုးတက်လာခဲ့သည်။

“ဘာဆိုဘာမှန်းမသိအောင် ပြင်းထန်တဲ့ စွမ်းအားပဲ…။ မဟုတ်ဘူး… ငါချက်ချင်းရှာရမယ်…”

ဝမ်းမြောက်ဝမ်းသာဖြစ်နေသော ဖုန်းဝူချန်သည် တစ်ဖန်ပြန်လည် မျက်လုံးများကို မှိတ်လိုက်၏။ သူသည် ဤလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို အမြန်ဆုံးရှာဖွေရမည်။

ချီသန့်စင်ခြင်းဘုံမှ တစ်စုံတစ်ယောက်သည် အမှန်တကယ်တော့ သူတို့၏ ကိုယ်ပိုင်အခြေအနေကို အတွင်းအားဖြင့် မစစ်ဆေးနိုင်ပေ။ သို့သော် ဖုန်းဝူချန်သည် နတ်ဆိုးနဂါးနတ်ဘုရား၏ မှတ်ဉာဏ်နှင့် အတွေ့အကြုံများဖြင့် စစ်ဆေးရန်နည်းလမ်းများ ရှိနေခဲ့သည်။

သူ၏ခြေလက်အင်္ဂါများနှင့် အရိုးများကို စစ်ဆေးကြည့်ရာ ဘာမှမတွေ့သဖြင့် ထိုနေရာများကို ပယ်ဖျက်လိုက်နိုင်သည်။

သူ၏သွေးကြောများနှင့် သွေးမျိုးဆက်အားလုံးကို စစ်ဆေးကြည့်ရာတွင်လည်း မူမမှန်မှုတစ်စုံတစ်ရာ မတွေ့ရှိခဲ့ပေ။

သူ၏ဒန်တျန်နေရာတွင် အပေါ်နှင့် အလယ်ဒန်တျန်နှစ်ခုလုံး၌ ထူးခြားမှုတစ်စုံတစ်ရာ မတွေ့ရှိခဲ့။

နောက်ဆုံးတွင် အောက်ဒန်တျန်၊ အစစ်အမှန်ချီသိုလှောင်ရာ ချီပင်လယ်၌ ဖုန်းဝူချန်သည် နောက်ဆုံးတွင် ပုံမှန်မဟုတ်သောအရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

ချီပင်လယ်ထဲတွင် ထူးဆန်းစွာ စိမ်းပြာရောင်ဖြစ်နေသော အစစ်အမှန်ချီအပြင် ချီပင်လယ်၏ အလယ်ဗဟိုတွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်တစ်ခု မျောလွင့်နေပြီး ခပ်ဖျော့ဖျော့ရွှေရောင်အလင်းကို ထုတ်လွှတ်နေသည်။

“ငါထင်တာမှန်နေတာပဲ…။ ဒါက နဂါးနတ်ဘုရားရဲ့ စွမ်းအားပဲ…။ နဂါးနတ်ဘုရားစွမ်းအားက အခုမှနိုးထလာတာဆိုတော့ သူ့ရဲ့အရှိန်အဝါက နတ်ဆိုးနဂါးနတ်ဘုရားရဲ့ အားကောင်းတဲ့ နဂါးနတ်ဘုရားစွမ်းအားနဲ့ ကွာခြားနေတာပဲ…”

ဖုန်းဝူချန်၏ မျက်နှာပေါ်တွင် ဝမ်းမြောက်မှုများ ပေါ်ထွက်လာပြီး သူသည် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။

ဤဖျော့တော့သော ရွှေရောင် လျှို့ဝှက်ဆန်းကြယ်

စွမ်းအားသည် အသစ် နိုးထလာသော နဂါးနတ်ဘုရားစွမ်းအား ဖြစ်ပြီး ယခင်က ဖုန်းဝူချန်၏ ခန္ဓာကိုယ် မျက်နှာပြင်မှ ထွက်ပေါ်လာခဲ့သော ခပ်ဖျော့ဖျော့ရွှေရောင်စွမ်းအားနှင့် တစ်ထပ်တည်းတူညီလေသည်။

သို့သော် ဖုန်းဝူချန်ကို နားမလည်နိုင်ဖြစ်စေသည်မှာ နဂါးနတ်ဘုရားစွမ်းအားသည် သူ့အတွင်း၌ ဘယ်သို့ဘယ်ပုံ နိုးထလာနိုင်သနည်း။ ၎င်းသည်လည်း နတ်ဆိုးနဂါးနတ်ဘုရားနှင့် ဆက်စပ်နေနိုင်ပါသလော။

“ဖုန်းအစ်ကို…”

တံခါးအပြင်ဘက်မှ လင်ရှောင်ရှောင်၏ ဝမ်းမြောက်သောအသံ ထွက်ပေါ်လာသည်။

ဖုန်းဝူချန် ပြန်ဖြေရန်မစောင့်ဘဲ လင်ရှောင်ရှောင်သည် တံခါးကိုတွန်းဖွင့်ကာ ဝင်လာခဲ့ပြီးဖြစ်သည်။

စွဲမက်ဖွယ်လှပသောအပြုံးဖြင့် လင်ရှောင်ရှောင်က ပျော်ရွှင်စွာ ဆို၏။

“ဂုဏ်ယူပါတယ် ဖုန်းအစ်ကို…။ ချီသန့်စင်ခြင်းဘုံ ပထမအလွှာကို အဆင့်ချိုးဖြတ်တက်ရောက်နိုင်သွားတဲ့အတွက်…”

“မင်းကတော့ အမြဲတမ်း အရင်သိနေတာပဲ…”

ဖုန်းဝူချန်က လင်ရှောင်ရှောင်၏ အာရုံခံနိုင်စွမ်းအားကောင်းမှုကို တိတ်တဆိတ်လေးစားရင်း ခပ်ယဲ့ယဲ့ပြုံးကာ ဆိုလိုက်သည်။

လင်ရှောင်ရှောင်က ချိုမြိန်စွာပြုံးရင်း မေးလိုက်သည်။

“ဖုန်းအစ်ကို… အစ်ကို့ရဲ့အစစ်အမှန်ချီက ဘယ်လိုဓာတ်သဘာဝမျိုးကို နားလည်သဘောပေါက်သွားလဲ…”

ဤစကားကိုကြားသော် ဖုန်းဝူချန်သည် ပခုံးတွန့်ကာ ခပ်ယဲ့ယဲ့ပြုံးရင်း ပြန်ဖြေသည်။

“ငါ့အစစ်အမှန်ချီမှာ ဘာဓာတ်သဘာဝမှမရှိဘူး…။ ဘာတွေဖြစ်နေမှန်းကို မသိတော့ဘူး…”

“ဟယ်…။ အစစ်အမှန်ချီ ဓာတ်သဘာဝမရှိဘူး ဟုတ်လား…”

လင်ရှောင်ရှောင်သည် အံ့အားသင့်စွာဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားသည်။

လင်ရှောင်ရှောင်၏ အံ့အားသင့်နေပုံကိုမြင်ရသဖြင့် ဖုန်းဝူချန်သည် စိမ်းပြာရောင်အစစ်အမှန်ချီကို ထုတ်ဖော်ပြကာ အရှုံးပေးဟန်ဖြင့် ဆို၏။

“ကြည့်…။ ဒါက သန့်စင်တဲ့အစစ်အမှန်ချီသက်သက်ပဲ…။ ဘာဓာတ်သဘာဝမှ မပါဘူး…”

သူသည် မတော်တဆ နဂါးနတ်ဘုရားစွမ်းအားကို နိုးထစေခဲ့သော်လည်း ဖုန်းဝူချန်သည် သူ၏အစစ်အမှန်ချီ၌ ဓာတ်သဘာဝမရှိသည့်အတွက် အနည်းငယ်စိတ်ပျက်နေဆဲပင်။

စိမ်းပြာရောင်အစစ်အမှန်ချီကို ကြည့်ရင်း လင်ရှောင်ရှောင်သည် မျက်မှောင်အနည်းငယ်ကြုတ်ကာ ဆို၏။

“ဖုန်းအစ်ကို… အစ်ကို့ရဲ့အစစ်အမှန်ချီက သိပ်ထူးဆန်းတယ်…”

“ထူးဆန်းတယ်…”

ဖုန်းဝူချန်သည် အံ့အားသင့်သွားပြီး မေးလိုက်သည်။

“ဘယ်လိုထူးဆန်းလို့လဲ…။ ရှောင်ရှောင်… မင်း ဘာသတိထားမိလို့လဲ…”

“ကျွန်မလည်းမသိဘူး…။ ထူးဆန်းတယ်လို့ ခံစားမိရုံပဲ…”

လင်ရှောင်ရှောင်က ခေါင်းခါလိုက်သော်လည်း သူမ၏စိတ်ထဲတွင်မူ အံ့အားသင့်နေခဲ့သည်။

‘ဖုန်းအစ်ကို့ရဲ့ အစစ်အမှန်ချီက နဂါးနတ်ဘုရားရဲ့ အသက်ရှုငွေ့ပဲ…။ ဖေဖေပြောဖူးတယ်… နဂါးနတ်ဘုရားရဲ့ အသက်ရှုငွေ့က ရှေးခေတ်က ရှေးဟောင်းနဂါးနတ်ဘုရားတွေပဲ ပိုင်ဆိုင်တဲ့ အထွတ်အထိပ်

အစစ်အမှန်ယွမ်ဖြစ်တယ်…။ သာမန်ဓာတ်သဘာဝအစစ်အမှန်ချီထက် အများကြီးပိုကြောက်ဖို့ကောင်းပြီး နဂါးနတ်ဘုရားခန္ဓာကိုယ်ရှိတဲ့သူတွေပဲ ပိုင်ဆိုင်နိုင်တဲ့ စွမ်းအားဖြစ်ရမယ်…။ ဖုန်းအစ်ကိုက နဂါးနတ်ဘုရားခန္ဓာကိုယ် ဖြစ်နိုင်မလား…’

ဒါက စဉ်းစားလေလေ လင်ရှောင်ရှောင်အတွက် ပို၍ ဖြစ်နိုင်ခြေရှိလာလေပင်။

‘ဒီလို မဖြစ်နိုင်ဘူး…။ နဂါးမျိုးနွယ်စုတစ်ခုလုံးမှာ နဂါးနတ်ဘုရားခန္ဓာကိုယ် မရှိဘူး…။ ဖုန်းအစ်ကိုက ဘယ်လိုလုပ် နဂါးနတ်ဘုရားခန္ဓာကိုယ် ဖြစ်နိုင်မှာလဲ…’

လင်ရှောင်ရှောင်က စိတ်ထဲမှ သံသယဖြင့် ခေါင်းခါလိုက်သည်။

လင်ရှောင်ရှောင်၏ မျက်နှာအမူအရာ ပြောင်းလဲမှုများကို မြင်ရသဖြင့် ဖုန်းဝူချန်က နားမလည်သော အကြည့်ဖြင့် မေးလိုက်သည်။

“ရှောင်ရှောင်… ဘာဖြစ်လို့လဲ…။ မင်း စိတ်ထဲမှာ တစ်ခုခုရှိနေလို့လား…”

“အမ်…”

လင်ရှောင်ရှောင်သည် အံ့အားသင့်သွားပြီး အလျင်အမြန် လက်ကို ခါယမ်းကာ ဆို၏။

“မဟုတ်ပါဘူး… မဟုတ်ပါဘူး…။ ကျွန်မက ဖုန်းအစ်ကို့ရဲ့ အစစ်အမှန်ချီကို သိချင်လို့ပါ…”

“အာ… ထားလိုက်ပါတော့… ထားလိုက်ပါတော့…။ ဓာတ်သဘာဝ မရှိလည်း ကိစ္စမရှိပါဘူး…”

ဖုန်းဝူချန်က သက်ပြင်းချလိုက်သည်။ သူ ဤသို့ ပြောနေသော်လည်း သူ၏

နှလုံးသားထဲတွင်တော့ စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေဆဲပင်။

“ဖုန်းအစ်ကို… ကျွန်မ ရှေးဟောင်းကျမ်း တစ်စောင်မှာ ဖတ်ဖူးတာကို သတိရတယ်…။ အစ်ကို့ရဲ့စိတ်ကိုသုံးပြီး ဓာတ်သဘာဝအစစ်အမှန်ချီကို ထုတ်ကြည့်ပါလား…။ ဓာတ်သဘာဝအစစ်အမှန်ချီကို ဖော်ထုတ်နိုင်မလား ကြည့်ကြည့်လေ နော်…”

လင်ရှောင်ရှောင်က အလျင်အမြန် အကြံပေးလိုက်သည်။

“စိတ်နဲ့ထိန်းချုပ်တာ…”

ဖုန်းဝူချန်သည် တစ်ခဏမျှ ကြောင်သွားပြီး လင်ရှောင်ရှောင်ပြောသည်မှာ အဓိပ္ပာယ်ရှိသည်ဟု တွေးလိုက်မိသည်။ နတ်ဆိုးနဂါးနတ်ဘုရား၏ မှတ်ဉာဏ်နှင့် အတွေ့အကြုံများဖြင့် သူသည်လည်း ဤအစစ်အမှန်ချီသည် သာမန်မဟုတ်ကြောင်း ခံစားမိသည်။

ဖုန်းဝူချန် အလိုချင်ဆုံးမှာ မီးဓာတ်အစစ်အမှန်ချီ ဖြစ်သည်။

မျက်လုံးများကို မှိတ်ကာ သူသည် ‘မီးဓာတ်’ ဟု တိတ်တဆိတ်တွေးလိုက်ပြီး သူ၏စိတ်ထဲတွင် မီးဓာတ်ဖြင့် ပြည့်နှက်သွားသည်။

“ဝုန်း…”

နောက်တစ်စက္ကန့်တွင် ဖုန်းဝူချန်၏ လက်ဖဝါးမှ စိမ်းပြာရောင်မီးလျှံတစ်စသည် အသံတစ်ချက်နှင့်အတူ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာတော့သည်။

All Chapters