နဂါးနတ်ဘုရား၏ အသက်ရှုငွေ့
Vol. 2 Ch. 24
~“မီးဓာတ်အစစ်အမှန်ချီ…။ တကယ် အသက်ဝင်လာပြီ…”
သူ၏လက်ဖဝါးပေါ်မှ စိမ်းပြာရောင်မီးတောက်များကို စိုက်ကြည့်ရင်း ဖုန်းဝူချန်သည် အံ့အားသင့်လွန်း၍ စကားပင်မပြောနိုင်တော့ဘဲ သူ၏နှလုံးသားထဲတွင် ဝမ်းမြောက်မှုလှိုင်းလုံးကြီးတစ်ခု တိုးတက်လာခဲ့သည်။
“ဝိုး…။ တကယ် အလုပ်ဖြစ်သွားတယ်…”
လင်ရှောင်ရှောင်သည် အလွန်အမင်း စိတ်လှုပ်ရှားနေ၏။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”
ဖုန်းဝူချန်သည် အလွန်ပင် နားမလည်နိုင်ဖြစ်နေသည်။ ဤဓာတ်သဘာဝကင်းမဲ့သော အစစ်အမှန်ချီသည် လူတစ်ယောက်၏ စိတ်ဆန္ဒဖြင့်သာ ပုံသဏ္ဌာန်ပြောင်းသွားနိုင်သည်တဲ့လား။
လင်ရှောင်ရှောင်ထံသို့ သံသယအကြည့်ဖြင့် ကြည့်လိုက်ရင်း ဖုန်းဝူချန်က မေးမြန်းလိုက်သည်။
“ရှောင်ရှောင်… မင်းရဲ့စိတ်ဆန္ဒကိုသုံးပြီး လှုံ့ဆော်ရမယ်ဆိုတာ ဘယ်လိုသိတာလဲ…။ ဒီအစစ်အမှန်ချီက တကယ်တော့ ဘာကြီးလဲ…။ ပြီးတော့ မင်း ရှေးဟောင်းကျမ်းစာတွေထဲမှာ ဒီအကြောင်းကို ဘယ်မှာဖတ်ဖူးတာလဲ…”
ဖုန်းဝူချန်ကို ပို၍နားမလည်နိုင်ဖြစ်စေသည်မှာ နတ်ဆိုးနဂါးနတ်ဘုရား၏ မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားသည့်တိုင် ဤအရာသည် မည်သို့သော အစစ်အမှန်ချီ အမျိုးအစားဖြစ်သည်ကို သူ မသိခဲ့ခြင်းပင်။ သို့ဖြစ်လျှင် လင်ရှောင်ရှောင်ကဲ့သို့ ကောင်မလေးတစ်ယောက်က ဘယ်သို့ဘယ်ပုံ သိနိုင်ပါမည်နည်း။
ဖုန်းဝူချန်၌ နတ်ဆိုးနဂါးနတ်ဘုရား၏ မှတ်ဉာဏ်များရှိပြီး သတ်မှတ်ချက် အရဆိုလျှင် နဂါးနတ်ဘုရား၏ အသက်ရှုငွေ့အကြောင်းကို သိသင့်သည်။
သို့သော်ငြားလည်း နတ်ဆိုးနဂါးနတ်ဘုရား၏ ပြန်လည်အမှတ်ရမှုများထဲတွင် နဂါးနတ်ဘုရား၏ အသက်ရှုငွေ့အကြောင်း မှတ်ဉာဏ်တစ်စိုးတစ်စိမျှ မရှိခဲ့ပေ။
…
“ဖုန်းအစ်ကို… ရှေးဟောင်းကျမ်းစာတွေအရဆိုရင် ဒီစိမ်းပြာရောင်အစစ်အမှန်ချီက နဂါးမျိုးနွယ်စုရဲ့ နဂါးနတ်ဘုရားအသက်ရှုငွေ့ပဲ…။ နဂါးနတ်ဘုရားအသက်ရှုငွေ့က လူတစ်ယောက်ရဲ့စိတ်ဆန္ဒကိုသုံးပြီး ဘယ်ဓာတ်သဘာဝအစစ်အမှန်ချီကိုမဆို အသက်သွင်းနိုင်တယ်…။ အသေးစိတ်ကိုတော့ ကျွန်မကိုယ်တိုင်လည်း မသိဘူး…။ အရင်ကတော့ ဒါက ဒဏ္ဍာရီ တစ်ခုပဲလို့ ထင်ခဲ့တာ…။ ဖေဖေကလည်း ကျွန်မကို ဒီအကြောင်း သိပ်အများကြီး
မပြောပြခဲ့ဘူး…။ ဒါပေမယ့် ဒါက အမှန်ပဲဖြစ်မယ် ထင်ပါတယ်…”
လင်ရှောင်ရှောင်က ဖုန်းဝူချန် သူမ၏ မျိုးရိုးအကြောင်းကို ထပ်မံ
စုံစမ်းမေးမြန်းခြင်းမှ ရှောင်ရှားရန် တမင်တကာပင် အချက်အလက်များစွာကို မပြောပြဘဲ ပြုံးရင်းဆိုလိုက်သည်။
“နဂါးနတ်ဘုရားအသက်ရှုငွေ့…”
ဖုန်းဝူချန်က မျက်မှောင်အနည်းငယ်ကြုတ်ကာ တွေးလိုက်သည်။
‘ငါ့ခန္ဓာကိုယ်ထဲက နဂါးနတ်ဘုရားစွမ်းအားက အခုမှ နိုးထလာတာ…။ အခု နဂါးနတ်ဘုရားအသက်ရှုငွေ့လည်း ရှိနေပြန်ပြီ…။ ဒါ ဘာတွေဖြစ်နေတာလဲ…။ ဒါကသာ နတ်ဆိုးနဂါးနတ်ဘုရားနဲ့ ဆက်စပ်နေတယ်ဆိုရင် ဘာလို့ နဂါးနတ်ဘုရားအသက်ရှုငွေ့အကြောင်း မှတ်ဉာဏ်မရှိရတာလဲ…’
သူ၏နားမလည်နိုင်မှုများအပြင် ဖုန်းဝူချန်သည် လင်ရှောင်ရှောင်၏ နောက်ခံအကြောင်းအရင်းကို ပို၍ပင် သိချင်လာခဲ့တော့သည်။
သာမန်လူများသည် နဂါးမျိုးနွယ်စု၏ ကိစ္စရပ်များကို သေချာပေါက် သိရှိမည်မဟုတ်ပေ။ သူတို့အကြောင်းကို မှတ်တမ်းတင်ထားသော ရှေးဟောင်းကျမ်းစာများကို ပိုင်ဆိုင်ထားဖို့ဆိုလျှင်တော့ ထိုသူများသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဝေးကွာသော မျိုးနွယ်စု သို့မဟုတ် အဆင့်မြင့်တန်ခိုးကြီးအင်အားစုတစ်ခုခုမှ ဖြစ်ရပေမည်။
နတ်ဆိုးနဂါးနတ်ဘုရား၏ မှတ်ဉာဏ်နှင့် အတွေ့အကြုံများဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ သူတို့၏တည်ရှိမှုကို ဖုန်းဝူချန်ထံမှ ဖုံးကွယ်နိုင်မည်မဟုတ်ပေ။ သို့သော် လင်ရှောင်ရှောင်ကမူ သူမ၏မူလအရှိန်အဝါကို ဖုံးကွယ်ထားနိုင်ပြီး ဖုန်းဝူချန်အတွက် ခွဲခြားသိမြင်ရန် မဖြစ်နိုင်အောင် ပြုလုပ်ထားသည်။
ဤအချက်က လင်ရှောင်ရှောင်၏ မျိုးရိုးသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းပြီး အနည်းဆုံးတော့ ဖုန်းဝူချန် စိတ်ကူးထားသည်ထက် မနိမ့်ကျကြောင်း ညွှန်ပြနေ၏။
“ဖုန်းအစ်ကို… တခြားဓာတ်သဘာဝအစစ်အမှန်ချီတွေကို အသက်သွင်းကြည့်ပါဦး…”
လင်ရှောင်ရှောင်က ရယ်မောရင်း အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလဲလိုက်သည်။
ဖုန်းဝူချန်က ခေါင်းညိတ်ကာ မျက်လုံးများကိုမှိတ်ပြီး တစ်ဖန်ပြန်လည်ကြိုးစားလိုက်သည်။
ရေခဲဓာတ်ကို စိတ်ထဲ၌တွေးတောရင်း ဖုန်းဝူချန်သည် ရေခဲဓာတ်အစစ်အမှန်ချီကို လျင်မြန်စွာ အသက်သွင်းလိုက်ရာ သူ၏လက်ဖဝါးသည် ဩဇာအာဏာကြီးမားသော အေးစက်သည့်အရှိန်အဝါဖြင့် ဖုံးလွှမ်းသွားတော့သည်။
ထို့နောက် ရေဓာတ်၊ မြေဓာတ်၊ သစ်သားဓာတ်၊ မိုးကြိုးဓာတ်နှင့် လေဓာတ်တို့ကို တစ်ခုပြီးတစ်ခု စမ်းသပ်ကြည့်လိုက်သည်။ ဖုန်းဝူချန် မည်သည့်ဓာတ်သဘာဝကို လိုချင်သည်ဖြစ်စေ သူ၏စိတ်ဆန္ဒဖြင့် အသက်သွင်းနိုင်ခဲ့သည်။
ဤသည်မှာ နဂါးနတ်ဘုရားအသက်ရှုငွေ့၏ ကြောက်မက်ဖွယ်ကောင်းသော သဘာဝပင်တည်း။ သူအလိုရှိသော မည်သည့်ဓာတ်သဘာဝကိုမဆို သူရရှိနိုင်လေသည်။
ဤအရာက သိုင်းပညာ၏ အခြေပြု ဓာတ်သဘာဝ မည်သို့ပင်ဖြစ်စေ ဖုန်းဝူချန်သည် လုံးဝကန့်သတ်ချက် မရှိဘဲ လေ့ကျင့်နိုင်သည်ဟုလည်း အဓိပ္ပာယ်ရပါသည်။
ဤအရာက ဖုန်းဝူချန်သည် ဆေးပညာနှင့် နတ်ဘုရားလက်နက်များ၊ ပစ္စည်းများကို ဖန်တီးနိုင်သည်ဟုလည်း ဆိုလိုနေပြန်သည်။
“ဘာဆိုဘာမှန်း မသိအောင် ကြောက်ဖို့ ကောင်းတဲ့ နဂါးနတ်ဘုရားအသက်ရှုငွေ့ပဲ…”
ဖုန်းဝူချန်သည် သူ၏လက်ဖဝါးပေါ်မှ စိမ်းပြာရောင်မီးတောက်ကို ဝမ်းမြောက်ဝမ်းသာစွာဖြင့် ကြည့်လိုက်သည်။
‘ထူးဆန်းလိုက်တာ…။ ဖုန်းအစ်ကိုက နဂါးနတ်ဘုရားစွမ်းအားကို နိုးထပြီးနေပြီ…။ ဒဏ္ဍာရီလာ နဂါးနတ်ဘုရားအသက်ရှုငွေ့ကိုတောင် ပိုင်ဆိုင်နေပြီ…။ ဒါဖြင့် ဘာလို့ သူ့ရဲ့သွေးမျိုးဆက်က မနိုးထသေးပါလိမ့်…’
လင်ရှောင်ရှောင်က စိတ်ထဲမှ အံ့ဩနေမိသည်။
စိတ်ထဲ နားမလည်နိုင်မှုများ ရှိနေသော်လည်း လင်ရှောင်ရှောင်သည် ထိုအကြောင်းကို ထုတ်မပြောခဲ့ပေ။
“ရှောင်ရှောင်… သွားကြစို့…။ ငါတို့ သွားစရာနေရာတစ်ခုရှိတယ်…”
ဖုန်းဝူချန်က ပျော်ရွှင်စွာဆိုရင်း လင်ရှောင်ရှောင်၏ ကျောက်စိမ်းလို ကြည်လင်သော လက်ကိုဆွဲကာ တံခါးအပြင်ဘက်သို့ ဦးတည်လိုက်သည်။
ဖုန်းဝူချန်၏ အပြုအမူသည် ပေါ့ပေါ့ပါးပါးနိုင်ပုံရသော်လည်း လင်ရှောင်ရှောင်၏ လှပသောမျက်နှာသည် ချက်ချင်းပင် နီရဲသွားတော့သည်။ သူမ အနည်းငယ်ရှက်နေသော်လည်း ငြင်းဆန်ခြင်းမပြုဘဲ သူတို့ ဘယ်သွားနေသည်ကိုမမေးဘဲ ဖုန်းဝူချန်၏ နောက်မှ နာခံစွာ လိုက်ပါသွားသည်။
အကြောင်းမှာ ဖုန်းဝူချန် ဘယ်သွားသွား သူမ လိုက်ပါမည် ဖြစ်သောကြောင့်ပင်။
သူတို့ ခြံရှေ့မှ ဖြတ်သွားစဉ် ရှောင်ချင်းချင်းက မြင်ဖြစ်အောင် မြင်လိုက်သည်။
သူမသည် အမြန်ပင် ဘေးတစ်ဖက်သို့ ပုန်းကွယ်လိုက်ပြီး ရယ်မောရင်း တီးတိုးရေရွတ်လိုက်သည်။
“ချန်အာ… အားတင်းထား…။ အရင် ကြိုးစား၊ နောက်မှ အကြောင်းကြား…။ မေမေ မင်းကို ထောက်ခံတယ် ကွယ့်…”
ခန်းမဆောင်ထဲမှ ထွက်လာသော ဖုန်းကျိန့်ရှုံးသည် ရှောင်ချင်းချင်း ပုန်းလျှိုးကွယ်လျှိုးလုပ်နေသည်ကိုမြင်တော့ မနေနိုင်ဘဲ မေးလိုက်သည်။
“မိန်းမရေ… ဘာလုပ်နေတာလဲ…”
“ရှူး.တိုးတိုး…”
ရှောင်ချင်းချင်းက အလျင်အမြန်ပင် တိတ်တိတ်နေရန် အမူအရာပြလိုက်ပြီး ဖုန်းကျိန့်ရှုံးကို မျက်စောင်းထိုးကာ စကားမပြောရန် အချက်ပြလိုက်သည်။
ဖုန်းကျိန့်ရှုံးသည် လုံးဝနားမလည်နိုင်ဖြစ်နေသော်လည်း ရှောင်ချင်းချင်း၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ ဖုန်းဝူချန်က လင်ရှောင်ရှောင်ကို ဦးဆောင်ခေါ်သွားသည်ကို တွေ့လိုက်ရသည်။
“အပိုတွေလုပ်ပြီး ပွဲဆူနေတာပဲ…”
ဖုန်းကျိန့်ရှုံးက မျက်လုံးလှန်မတတ်ဖြစ်သွားသည်။
“ရှင်ကမှ ပွဲဆူနေတာ…။ ချန်အာက အတည်တွဲတော့မှာ…။ ရှင့် အလုပ်မဟုတ်တာ ဝင်မရှုပ်စမ်းနဲ့…”
ရှောင်ချင်းချင်းက ရဲရဲတင်းတင်းပြန်ပြောပြီး ဖုန်းကျိန့်ရှုံးကို တစ်ချက်ထပ်၍ မျက်စောင်းထိုးလိုက်သည်။
“ငါကတော့ ဂရုမစိုက်နိုင်ဘူး…”
ဖုန်းကျိန့်ရှုံးက စိတ်တိုတိုဖြင့် ပြန်ပြောရင်း ခန်းမဆောင်ထဲသို့ ပြန်ဝင်ရန်လှည့်လိုက်သည်။ သို့သော် သူရပ်တန့်သွားပြီး ဖုန်းဝူချန်ထံသို့ လျင်မြန်စွာ လှမ်းကြည့်လိုက်သည်။ သူသည် တုန်လှုပ်စွာဖြင့် ဆို၏။
“ချီသန့်စင်ခြင်းဘုံ ပထမအလွှာ…။ ချန်အာ အဆင့်ချိုးဖြတ်တက်ရောက်သွားပြီ…”
“ချီသန့်စင်ခြင်းဘုံ ပထမအလွှာ……”
ရှောင်ချင်းချင်းသည် ထိုအချိန်အထိ သတိမထားမိခဲ့သဖြင့် အံ့အားသင့်သွားသည်။
စေ့စေ့စပ်စပ် တစ်ချက် ကြည့်လိုက်ပြီးနောက် သူမသည် ဖုန်းဝူချန်၏ ပတ်လည်မှ ဝေ့ဝဲနေသည့် အစစ်အမှန်ချီမျှင်တန်းများကို အမှန်တကယ်ပင် ခံစားမိလိုက်သည်။
“ချန်အာ တကယ်ပဲ အဆင့်တက်သွားတာပဲ…။ သုံးရက်လေးအတွင်းမှာ…။ ဘယ်လိုတောင် မြန်ဆန်တဲ့ ကျင့်ကြံနှုန်းလဲ…”
ရှောင်ချင်းချင်း၏ မျက်နှာသည် တုန်လှုပ်မှုဖြင့် ဖြူရော်သွားပြီး ယုံကြည်နိုင်စွမ်းမရှိတော့ပေ။
“ချန်အာ့ရဲ့ဆရာက သူ့ကို ဘယ်လိုဆေးမျိုးများ ပေးလိုက်ပါလိမ့်…။ သူ့ကျင့်ကြံမှုက မြန်လွန်းနေတယ်…”
ဖုန်းကျိန့်ရှုံးသည် အမှန်တကယ်ပင် သိချင်နေပြီး ဖုန်းဝူချန်၏ ဆရာသည် မည်သို့သော ကျွမ်းကျင်ပညာရှင်မျိုးဖြစ်သည်ကို ပို၍ပင် သိချင်နေမိသည်။
“ဒါက ကောင်းတဲ့ ကိစ္စပဲ…။ ချန်အာသာ အားကောင်းတဲ့ ကျင့်ကြံသူ
တစ်ယောက်ဖြစ်လာရင် ငါတို့ဖုန်းမိသားစုက မျိုးနွယ်စုကြီးတစ်ခု ဖြစ်လာနိုင်ပြီ…”
ရှောင်ချင်းချင်းက သူမ၏စိတ်ထဲတွင် မိသားစုကြီး တစ်ခု၏ ခမ်းနားထည်ဝါမှုကို ပုံဖော်ရင်း ပျော်ရွှင်စွာဆိုသည်။
“မိန်းမ… ဒီည ငါတို့လည်း အောင်ပွဲခံတဲ့အနေနဲ့ အတည်တစ်ခုခုလုပ်ကြရင် မကောင်းဘူးလား…”
ဖုန်းကျိန့်ရှုံးက ရှောင်ချင်းချင်းကို စပ်ဖြီးဖြီးအပြုံးဖြင့် ကြည့်ရင်း စနောက်ကာ မေးလိုက်သည်။
“အဘိုးကြီး ညစ်ပတ်…”
ရှောင်ချင်းချင်း၏ မျက်နှာသည် နီရဲသွားပြီး ဖုန်းကျိန့်ရှုံးကို မျက်စောင်းခဲလိုက်တော့သည်။
…
ပြိုင်ဘက်ကင်းမြို့၏ လမ်းမများပေါ်တွင် ဖုန်းဝူချန်သည် လင်ရှောင်ရှောင်၏ ကျောက်စိမ်းကဲ့သို့သော လက်ကို ကိုင်ထားလေသည်။
ရုပ်ရည် ချောမောသော လူငယ်လေးနှင့် ခမ်းနားသော အလှပိုင်ရှင် မိန်းမလှလေးတို့ အတူတကွ ရှိနေခြင်းသည် အားလုံး၏ မနာလိုမှုကို ဖြစ်စေခဲ့သည်။
“သခင်လေးဖုန်း…”
လမ်းပေါ်မှ လူများသည် သူ့ကို လေးစားစွာ နှုတ်ဆက်ကြပြီး တစ်ချိန်တည်းတွင် လင်ရှောင်ရှောင်၏ အလှနှင့် ကျက်သရေကိုလည်း အံ့ဩချီးကျူးနေကြတော့သည်။
ဖုန်းဝူချန်သည် သူ၏ခန္ဓာကိုယ်သန့်စင်ခြင်းဘုံ အဌမ အလွှာဖြင့် ချီသန့်စင်ခြင်းဘုံမှ ယန်ထျန်းကို အနိုင်ယူခဲ့ခြင်းဖြင့် ပြိုင်ဘက်ကင်းမြို့ကို တုန်လှုပ်စေခဲ့ပြီးဖြစ်သည်။
ထို့နောက် သူသည် အကယ်ဒမီမှ အကြီးအကဲစု၏ အအေးဓာတ်စွမ်းအင်ကို ဖယ်ရှားပေးခဲ့ပြီး နောက်ပိုင်းတွင် ဝမ်ပေါင်ကုန်တိုက်၌ပင် အကြွေးတင်ခဲ့သည်။
ဤအထင်ကြီးဖွယ် ကောင်းသော လုပ်ရပ်များက သူ့ကို ပြိုင်ဘက်ကင်းမြို့မှ လူတိုင်း၏ လေးစားအားကျမှုကို ရရှိစေခဲ့သည်။
လင်ရှောင်ရှောင်ကို ကျေးဇူးတင်ကြောင်းပြသရန် ဖုန်းဝူချန်သည် လှပသော ခရမ်းရောင်ဆံထိုးတစ်ခုကို အထူးတလည်ဝယ်ယူကာ သူမအား လက်ဆောင်ပေးခဲ့ရာ ကောင်မလေးမှာ အလွန် ပျော်သွားတော့သည်။
“ရှောင်ရှောင်… မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်တဲ့အနေနဲ့ ငါမင်းအတွက် လက်ရာမြောက်တဲ့ ဆံထိုးတစ်ခုကို ဖန်တီးပေးမယ်…”
ဖုန်းဝူချန်က ပျော်ရွှင်စွာ ရယ်မောရင်း ဆို၏။
“ကျေးဇူးတင်ပါတယ် ဖုန်းအစ်ကို…”
လင်ရှောင်ရှောင်က ဖုန်းဝူချန်၏ လက်မောင်းကိုတွဲခိုရင်း အလွန်တရာ ဝမ်းမြောက်စွာ ဆိုလိုက်သည်။
လင်ရှောင်ရှောင်သည် ဖုန်းဝူချန် အမှန်တကယ် ဆံထိုးတစ်ခုကို ဖန်တီးနိုင်၊ မနိုင်ကို မမေးခဲ့ပေ။
သူတို့ လျှောက်လာရင်း ဖုန်းဝူချန်သည် လင်ရှောင်ရှောင်ကို သူ၏မိသားစုပိုင် ဘယ ဆေးဆိုင်သို့ ခေါ်ဆောင်သွားသည်။
“တတိယသခင်လေး… ဘာအကြောင်းရှိလို့ ကြွလာတာပါလဲ…”
ဖုန်းမိသားစုအစောင့်များ၏ ခေါင်းဆောင် ပိုင်ယွင်ချီသည် ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်ကို မြင်သောအခါ ဖော်ရွေစွာ ပြုံးရင်း မေးလိုက်သည်။
ပိုင်ယွင်ချီသည် ဖုန်းမိသားစုအစောင့်များ၏ အကြီးအကဲဖြစ်၏။ သူ၏ကျင့်ကြံမှုသည် ချီသန့်စင်ခြင်းဘုံ ဆဌမအလွှာ ရောက်ရှိနေပြီဖြစ်ကာ အဆင့်ချိုးဖြတ်တက်ရောက်ရန် အရိပ်အယောင်များပင် ပြနေပြီဖြစ်သည်။
ဖုန်းဝူချန်က ခပ်ဖွဖွပြုံးရင်း ပြန်ဖြေသည်။
“ကျွန်တော် ဆေးပင်တချို့ လာယူတာပါ…”
“အကြီးအကဲချုပ်အတွက် ဆေးမှုန့်ပြင်ဆင်ဖို့လား…”
ပိုင်ယွင်ချီက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ ရတနာ ခုနစ်ပါး ချီစုစည်းအမှုန့်
ှုအမှုန့် အောင်မြင်မှုအကြောင်းကို ဖုန်းမိသားစုမှ လူတိုင်းသိနှင့်ပြီးဖြစ်ကာ အားလုံးက ၎င်းကို မျှော်လင့်နေကြသည်။
“ဒီဝါးချပ်ပြားပေါ်မှာ စာရင်းလုပ်ထားတဲ့ ဆေးပင်တွေကို ကျွန်တော့်ကိုပေးပါ…”
ဖုန်းဝူချန်က ၎င်းကို လှမ်းပေးရင်း ဆိုလိုက်သည်။
“ဟုတ်ကဲ့…။ ခဏစောင့်ပါ တတိယသခင်လေးခင်ဗျာ…”
ပိုင်ယွင်ချီက နောက်ထပ်မေးခွန်းများ မမေးတော့ဘဲ အလျင်အမြန်ပင် ဆေးပင်များ ယူပေးရန် ထွက်သွားသည်။
“ဖုန်းအစ်ကို… အစ်ကို ဆေးပညာလေ့ကျင့်တော့မလို့လား…”
လင်ရှောင်ရှောင်က တီးတိုးလေး မေးလိုက်သည်။
“အင်း…”
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်သည်။ ယခု သူသည် ချီသန့်စင်ခြင်းဘုံသို့ ခြေချခဲ့ပြီဖြစ်ပြီး မီးဓာတ်ကို ပိုင်ဆိုင်ထားသည့်အတွက် ကျင့်ကြံမှု မြှင့်တင်ရန် ဆေးလုံးများ စတင်ဖော်စပ်ရန် စီစဉ်ထားပါသည်။
“ဖုန်းအစ်ကို့မှာ အားကောင်းတဲ့ ဝိညာဉ်စွမ်းအားရှိတာပဲ…။ တကယ်ပဲ ဆေးပညာရှင် တစ်ယောက် ဖြစ်လာနိုင်ပါတယ်…”
လင်ရှောင်ရှောင်က ချီးကျူးလိုက်သည်။
လင်ရှောင်ရှောင်က ဖုန်းဝူချန်၌ အားကောင်းသော ဝိညာဉ်စွမ်းအားရှိသည်ကို ဘယ်သို့ဘယ်ပုံ သိသည်နှင့်ပတ်သက်၍ ဖုန်းဝူချန်က လုံးဝ မအံ့ဩတော့ပေ။
ထိုကောင်မလေး မမြင်နိုင်သောအရာဟူ၍ မရှိသကဲ့သို့ပင်။
သို့နှင့် ဆေးပင်များကို လျင်မြန်စွာ ပြင်ဆင်ပြီးစီးခဲ့ပါသည်။ ၎င်းတို့ကို လက်ခံရရှိပြီးနောက် ဖုန်းဝူချန်သည် လင်ရှောင်ရှောင်နှင့်အတူ ဝမ်ပေါင်ကုန်တိုက်သို့ သွားရောက်ခဲ့သည်။
—-----
ကျန်းဟန်သည် ဖုန်းဝူချန် ရောက်ရှိလာသည်နှင့် ပျာပျာသလဲ ဆက်ဆံပြီး မပေါ့ဆရဲရှာပေ။
“အိမ်တော်ထိန်းကျန်း… ဝမ်ပေါင်ကုန်တိုက်မှာ မီးဓာတ်မှော်သားရဲ အမြုတေ ရှိသလား…”
ဖုန်းဝူချန်က တည့်တိုးပင် မေးလိုက်သည်။
“မီးဓာတ်မှော်သားရဲ အမြုတေ …”
ကျန်းဟန်သည် တစ်ခဏမျှ ကြောင်သွားပြီးနောက် မေးလိုက်သည်။
“သခင်လေးဖုန်း… ဘယ်အဆင့်မှော်သားရဲ အမြုတေ လိုချင်တာလဲဆိုတာ ကျွန်တော်သိခွင့်ရှိမလား…”
မှော်သားရဲ အမြုတေများသည် မှော်သားရဲတောင်တန်းများသို့ သွားရောက်ကာ ထိုသတ္တဝါများကို သတ်ဖြတ်သော စွန့်စားသူများထံမှ ရရှိနိုင်သည့် မှော်သားရဲများ၏ အနှစ်သာရပင် ဖြစ်သည်။ ထိုအအမြုတေများကို လူသားများ၏ အသက် အနှစ်သာရကဲ့သို့ပင် ကျင့်ကြံရန် အသုံးပြုနိုင်သည်။
“ဝမ်ပေါင်ကုန်တိုက်မှာ ရှိတဲ့ အမြင့်ဆုံး အဆင့် ဘာပဲဖြစ်ဖြစ် ကျွန်တော် ယူမယ်…”
ဖုန်းဝူချန်က ပြုံးလိုက်သည်။
“ခဏစောင့်ပါ သခင်လေးဖုန်း…။ ကျွန်တော် သွားစစ်ဆေးလိုက်ပါ့မယ်…”
ကျန်းဟန်က ခေါင်းညိတ်လိုက်သည်။
စောင့်ဆိုင်းနေစဉ် ဖုန်းဝူချန်သည် နောက်ခန်းမသို့သွားရောက်ပြီး ယူဝမ်ရှုံးထံမှ မီးအဆိပ်ကို တတိယအကြိမ်မြောက် ထုတ်ပေးကာ သူ့ကို မီးအဆိပ်မှ လုံးဝကင်းစင်စေခဲ့သည်။
ယူဝမ်ရှုံးသည် ဤအတွက် အလွန်တရာ ကျေးဇူးတင်နေခဲ့၏။
“သခင်လေးဖုန်း… ခင်ဗျား ချီသန့်စင်ခြင်းဘုံကို အဆင့်ချိုးဖြတ်တက်ရောက်သွားပြီလား…”
ယူဝမ်ရှုံးက သူ၏မျက်နှာ အနည်းငယ်တောင့်တင်းသွားသည်အထိ တုန်လှုပ်ကျေးဇူးတင်စွာဖြင့် မေးလိုက်သည်။
“အခုလေးတင်ပဲ အဆင့်တက်သွားတာပါ…”
ဖုန်းဝူချန်က ဖုံးကွယ်မထားဘဲ ဖြေကြားလိုက်သည်။
“သခင်လေးဖုန်းက ပါရမီရှင်ထဲက ပါရမီရှင်ပါပဲ…။ ဒီလို ခမ်းနားလွန်းတဲ့ ကျင့်ကြံနှုန်းနဲ့ဆိုရင် အင်ပါယာရဲ့ နံပါတ်တစ်ပါရမီရှင်တောင်မှ ခင်ဗျားကို မယှဉ်နိုင်လောက်ဘူး…”
ယူဝမ်ရှုံးက အာမေဋိတ်ပြုလိုက်လေသည်။ တကယ်ပဲ သူသည် မြှောက်ပင့်ပြောဆိုနေခြင်း မဟုတ်ပေ။
“ကုန်တိုက်ပိုင်ရှင်ယွီက နောက်နေတာပါ…။ ကျွန်တော်က အင်ပါယာရဲ့ နံပါတ်တစ်ပါရမီရှင်နဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာလဲ…”
ဟု ဖုန်းဝူချန်က ကျိုးနွံစွာပြုံးရင်း ပြန်ဖြေသည်။
‘ယန်ဟော်အင်ပါယာရဲ့ ပထမဆုံးပါရမီရှင်ဖြစ်ရတာ ဘာများခြားနားလို့လဲ…။ ဖုန်းအစ်ကို့ရဲ့ သွေးမျိုးဆက်သာ နိုးထလာရင် ကောင်းကင်ဝိညာဉ်တိုက်ကြီးတစ်ခုလုံးရဲ့ နံပါတ်တစ်ပါရမီရှင်ကိုတောင် ကျော်လွန်သွားမှာ…’
ထိုသို့ လင်ရှောင်ရှောင်က တိတ်တဆိတ်တွေးနေမိသည်။
“အဟားဟား၊ သခင်လေးဖုန်းက သိပ်ကျိုးနွံတာပဲ…”
ယူဝမ်ရှုံးက ရယ်မောလိုက်ပြီး ယခင်က သူကိုယ်တိုင် တောင်းပန်ခဲ့သည့်အတွက် တိတ်တဆိတ် စိတ်သက်သာရာရသွားသည်။ ဤသို့သော ကြောက်မက်ဖွယ်
ပါရမီရှင် တစ်ဦးနှင့် ရန်သူဖြစ်ရခြင်းသည် သေလမ်းရှာခြင်းပင် ဖြစ်ပေလိမ့်မည်။
“သခင်လေးဖုန်း… ကျွန်တော်တို့ရဲ့ မှော်သားရဲ အမြုတေ အားလုံးကို ရှာဖွေကြည့်ပြီးပါပြီ…။ ကျွန်တော်တို့မှာရှိတဲ့ အမြင့်ဆုံးအဆင့် မီးဓာတ်မှော်သားရဲ အမြုတေက ဒုတိယအဆင့်ပဲ ရှိပါတယ်…”
ကျန်းဟန်က နဖူးမှ ချွေးများကိုသုတ်ရင်း လာရောက်ပြောကြားသည်။
“မီးဓာတ်မှော်သားရဲအမြုတေ…”
ယူဝမ်ရှုံးက သိလိုစိတ်ကို ထုတ်မေးလိုက်သည်။
“သခင်လေးဖုန်း… ခင်ဗျား မီးဓာတ်အစစ်အမှန်ချီကို နားလည်သဘောပေါက်သွားပြီလား…။ ဒီအမြုတေကို ကျင့်ကြံဖို့သုံးမလို့လား…”
ဖုန်းဝူချန်က ခေါင်းခါကာ ဆို၏။
“ကျွန်တော် မှော်သားရဲ အမြုတေကို မီးလျှံဓားထဲ ပေါင်းစပ်ထည့်သွင်းမလို့…။ ဒီလိုလုပ်လိုက်ရင် မီးလျှံဓားရဲ့စွမ်းအားက အများကြီးပိုကောင်းလာလိမ့်မယ်…။ အနက်ရောင်သံမဏိကိုပါ ပေါင်းစပ်ထည့်လိုက်ရင် ပိုပြီးတောင် သန်မာလာဦးမှာ…”
“မှော်သားရဲ အမြုတေကို မီးလျှံဓားထဲ ထည့်သွင်းမယ်…။ အဲ့ဒါက လက်နက် ပညာရှင်တစ်ယောက်ပဲ လုပ်နိုင်တာမဟုတ်ဘူးလား…။ ပြိုင်ဘက်ကင်းမြို့မှာ လက်နက် ပညာရှင်ရှိလို့လား…”
ယူဝမ်ရှုံးသည် အလွန်တရာ နားမလည်နိုင်ဖြစ်နေသည်။
ပြိုင်ဘက်ကင်းမြို့တွင် လက်နက် ပညာရှင်တစ်ယောက်မှ မရှိပေ။ သူတို့သည် ဆေးပညာရှင်များထက်ပင် ရှားပါးသေးသည်။
မှော်သားရဲ အမြုတေကို မီးလျှံဓားထဲ ထည့်သွင်းခြင်းကို ထား၍ အနက်ရောင်သံမဏိကို ဓားထဲသို့ ပေါင်းစပ်ထည့်သွင်းရန်ပင် လက်နက် ပညာရှင်မရှိဘဲ ခက်ခဲလှသည်။
“မီးဓာတ်မှော်သားရဲ အမြုတေကိုလည်း အကြွေးထဲမှာပဲ ထည့်ထားလိုက်ပါ…။ လအနည်းငယ်အတွင်း ကျန်တာတွေနဲ့အတူ ပြန်ဆပ်ပါ့မယ်…”
ဖုန်းဝူချန်က ခပ်ဖွဖွပြုံးရင်းဆိုကာ ယူဝမ်ရှုံး၏ မေးခွန်းကို အဖြေမပေးဘဲ ဝမ်ပေါင်ကုန်တိုက်မှ လင်ရှောင်ရှောင်နှင့်အတူ ထွက်ခွာသွား တော့သည်။
ယူဝမ်ရှုံးသည် အခြားတစ်ခုခု မေးချင်သေးသော်လည်း စကားလုံးများသည် သူ၏နှုတ်ခမ်းဖျားတွင်ပင် ပျောက်ဆုံးသွားခဲ့သည်။
“ကုန်တိုက်ပိုင်ရှင်… သခင်လေးဖုန်းက လက်နက် ပညာရှင်တစ်ယောက်များ ဖြစ်နေမလား နော်…”
ကျန်းဟန်က သူ၏
ကိုယ်ပိုင်ခန့်မှန်းချက်ကိုပင် ယုံကြည်ရန်ခက်ခဲနေသော်လည်း ထင်ကြေးပေးလိုက်သည်။
ယူဝမ်ရှုံး၏ မျက်နှာအမူအရာသည် လေးနက်နေ၏။ သူ တိတ်ဆိတ်စွာ နေလိုက်ပြီး ဖုန်းဝူချန်သည် သူထင်ထားသည်ထက် ပို၍ပင် လျှို့ဝှက်ဆန်းကြယ်ကြောင်း ခံစားလိုက်ရပေသည်။