အပြင်းအထန် တုံ့ပြန်ခြင်း
Vol. 2 Ch. 28
~ဖုန်းမိသားစု ခန်းမဆောင်။
အဖြစ်အပျက်ကို ကြားသိပြီးနောက် ဖုန်းကျိန့်ရှုံးနှင့် အကြီးအကဲများအားလုံး တရားကျင့်နေရာမှ ထွက်လာခဲ့ကြသည်။
“မော့ခွန်း… ဒီလူကတော့ တော်တော်မြန်တာပဲ။”
ဖုန်းကျိန့်ရှုံး၏ မျက်နှာမှာ ခက်ထန်နေပြီး ဤသည်မှာ မော့မိသားစုက နောက်ကွယ်မှ ကြိုးကိုင်ကြံစည်ခြင်းဖြစ်ကြောင်း ခိုင်ခိုင်မာမာ စွပ်စွဲလိုက်တော့သည်။
“ကောက်ကျစ်ပြီး စဉ်းလဲတဲ့ကောင်… ဒီလို ယုတ်ညံ့တဲ့နည်းလမ်းမျိုးကို သုံးရဲတယ်…”
ဖုန်းချန်ယန်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး လက်ဖက်ရည်ခွက်ကို လက်ဖြင့် ဖျစ်ညှစ်လိုက်ရာ ‘ခွမ်း’ ခနဲ ကြေမွသွားတော့၏။
ထိုအခိုက်တွင် ခန်းမအပြင်ဘက်မှ ဖုန်းဝူချန်၏ ခပ်ဟဟရယ်သံလေး ထွက်ပေါ်လာပြီးနောက် သူသည် အထဲသို့ လျှောက်လှမ်းဝင်လာခဲ့သည်။
“ ဖေဖေ… ပထမအဆင့် ယွမ်တန်ဘုံကို တက်လှမ်းနိုင်သွားတာကို ဂုဏ်ပြုပါတယ်။ အကြီးအကဲချုပ်လည်း အဆင့်နှစ် ဆေးပညာရှင် ဖြစ်သွားတာကို ဂုဏ်ပြုပါတယ်…”
“ချန်အာ… ဒီလိုအချိန်ကြီးမှာတောင် မင်းက ဒါတွေပြောဖို့ စိတ်ရှိသေးတယ်လား။”
ရှောင်ချင်းချင်းက စိတ်အလိုမကျစွာ ဆိုလိုက်၏။ သူမ၏မျက်နှာမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
“အခြေအနေကို ကျွန်တော်ကြားပြီးပါပြီ။ ဖြစ်လာမှတော့ ရှောင်လွှဲလို့မရတော့ဘူးလေ… တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ဖို့ပဲ ရှိတော့တာပေါ့…”
ဖုန်းဝူချန်က အကောင်းမြင်စိတ်ရှိနေပြီး စိုးစဉ်းမျှပင် စိုးရိမ်နေပုံမရချေ။
“အား…”
ဖုန်းကျိန့်ရှုံးက စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်သည်။
“ဖုန်းအစ်ကို… မော့မိသားစုက ဒီလိုလုပ်တာ ရှင့်ကို ပစ်မှတ်ထားတာ ဖြစ်နိုင်တယ်… ပြီးတော့ ရှင့်နဲ့အတူ ဖုန်းမိသားစုကိုပါ ရှင်းပစ်ချင်နေတာ… ရှင့်အင်အားကြီးလာပြီး သူတို့ကို ခြိမ်းခြောက်လာမှာကို စိုးရိမ်နေကြတာ…”
လင်ရှောင်ရှောင်က ဖုန်းဝူချန်အား တိုးတိုးကပ်၍ မှတ်ချက်ပေးလာသည်။
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်သော်လည်း ဘာမှပြန်မပြောခဲ့ပေ။
“ညီလေးသုံး… ပြိုင်ဘက်ကင်းမြို့က လူအများစုက အခု ငါတို့ဖုန်းမိသားစုကို သံသယဝင်နေကြပြီ။ မော့မိသားစုကလည်း ယန်မိသားစုကို အသုံးချပြီး ငါတို့အင်အားကို လျှော့ချချင်နေမှာပဲ… ပြီးရင် ငါတို့ကို လာတိုက်မှာပဲ။ မင်းမှာ အကြံဉာဏ်များ ရှိလား။”
ဖုန်းယွမ်က စိုးရိမ်တကြီး မေးလိုက်ခြင်းပါ။
ဖုန်းဝူချန်က ခေါင်းခါပြရင်း
“မရှိဘူး။”
“ဖုန်းကျိန့်ရှုံး… ခွေးမသား… ငါ့ဆီ ထွက်ခဲ့စမ်း။”
ထိုအခိုက်အတန့်၌
ယန်ချင်းယွင်၏ ဒေါသတကြီး ဟိန်းဟောက်သံသည် ဖုန်းမိသားစုစံအိမ်တစ်ခုလုံးကို ရုတ်တရက် ပဲ့တင်ထပ်သွား၏။ သူ၏အသံတွင် အားကောင်းသော စစ်မှန်ချီများ ပါဝင်နေသဖြင့် ဖုန်းမိသားစုတစ်ဝှမ်းလုံးတွင် ဟိန်းထွက်နေတော့သည်။
“လာရမယ့်အရာကတော့ လာမှာပဲ…”
ဖုန်းကျိန့်ရှုံးက ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ပြီး အပြင်သို့ ဦးဆောင်ထွက်ခွာသွားရာ ဖုန်းမိသားစု၏ အကြီးတန်းအဖွဲ့ဝင်များက နောက်မှ လိုက်ပါသွားကြသည်။
ဖုန်းမိသားစု၏ ပင်မတံခါးရှေ့တွင် အလောင်းတစ်ဆယ့်သုံးလောင်းကို အဝတ်ဖြူများဖြင့် ဖုံးအုပ်ကာ ချထားလေသည်။
ယန်မိသားစုဝင် ရာပေါင်းများစွာက ဖုန်းမိသားစု၏ ဝင်ပေါက်ကို ပိတ်ဆို့ထားပြီး ဖုန်းမိသားစုဝင်များ ထွက်လာရန် အော်ဟစ်ဆူပူနေကြ၏။
အနီးအနားရှိ အိမ်များအတွင်းမှ သတ္တိကောင်းသော ပရိသတ်အချို့က အခြေအနေကို ချောင်းကြည့်နေကြသော်လည်း မည်သူမျှ စကားတစ်ခွန်း မဟရဲကြပေ။
ဖုန်းကျိန့်ရှုံးနှင့် ဖုန်းမိသားစု၏ အဆင့်မြင့်အဖွဲ့ဝင်များ ထွက်လာသောအခါ ယန်မိသားစုမှ လူအုပ်ကြီးသည် တိတ်ဆိတ်သွားကြသော်လည်း သူတို့၏မျက်လုံးများမှာမူ ရက်စက်ကြမ်းကြုတ်မှုနှင့် သတ်ဖြတ်လိုသောစိတ်များဖြင့် ပြည့်နှက်နေဆဲပင်။
“ဖုန်းကျိန့်ရှုံး… ဒီနေ့ ခင်ဗျားဆီက ကျေနပ်လောက်တဲ့ ရှင်းပြချက်တစ်ခု မရရင် ကျုပ် ယန်မိသားစုက ခင်ဗျားတို့ကို သေတလင်းဝင်တိုက်ပြီး ချေမှုန်းပစ်မယ်။”
ယန်ချင်းယွင်က ဖုန်းကျိန့်ရှုံးကို ဒေါသတကြီး လက်ညှိုးထိုးကာ ဟိန်းဟောက်လိုက်သည်။ သူ၏မျက်လုံးများမှာ သွေးကြောများဖြင့် နီရဲနေ၏။
ဖုန်းကျိန့်ရှုံးက မျက်မှောင်အနည်းငယ်ကြုတ်ကာ လေးနက်စွာ ဆိုသည်။
“ယန်အကြီးအကဲ… သူတို့သေဆုံးမှုက ကျုပ်ဖုန်းမိသားစုနဲ့ ဘာမှမဆိုင်ဘူး။ ခင်ဗျားမှာ သက်သေမရှိဘဲနဲ့ ကျုပ်ဖုန်းမိသားစုကို လာပြီး မစွပ်စွဲနဲ့။”
“ခင်ဗျားတို့ ဖုန်းမိသားစုနဲ့ မဆိုင်ဘူး ဟုတ်လား။ ဘာလဲ… လူသတ်ပြီးတော့ အခု ဝန်ခံဖို့ သူရဲဘောကြောင်နေတာလား။ စကားတစ်ခွန်းတည်းနဲ့ ဒီကိစ္စကနေ လက်ဆေးပစ်လို့ရမယ် ထင်နေတာလား။”
ယန်ချင်းယွင်က ဒေါသတကြီး အော်ဟစ်လိုက်ရာ ပို၍ပို၍ စိတ်လှုပ်ရှားလာတော့သည်။
ဖုန်းကျိန့်ရှုံး၏ မျက်နှာအမူအရာမှာ မပြောင်းလဲဘဲ လေသံခပ်မာမာဖြင့် ဆို၏။
“ယန်အကြီးအကဲ… ကျုပ် ဖုန်းကျိန့်ရှုံးက ခင်ဗျားတို့ ယန်မိသားစုကို ချေမှုန်းချင်ရင် ဒီလို ယုတ်ညံ့တဲ့ နည်းလမ်းမျိုးကို ဘယ်တော့မှ သုံးမှာမဟုတ်ဘူး။ ပြီးတော့ ခင်ဗျားတို့ ယန်မိသားစုရဲ့ အစောင့် ဒါဇင်လောက်ကို ဘာလို့ သတ်ရမှာလဲ။ ခင်ဗျားတို့ ယန်မိသားစုရဲ့ ပစ္စည်းတွေကို ခိုးဖို့လား။ ကျုပ်ဖုန်းမိသားစုက အဲ့ဒီရွှေဒင်္ဂါးတွေကို မမက်ဘူး။ ဒါက တခြားတစ်ယောက်ယောက်က ကျုပ်ဖုန်းမိသားစုကို ပရိယာယ်ဆင်ဖို့ ကြိုးစားနေတာ ယန်အကြီးအကဲအနေနဲ့ တခြားသူတွေရဲ့ အသုံးချတာကို မခံရဖို့ မျှော်လင့်တယ်။”
“တော်စမ်းပါ… စကားကို ရှည်မနေနဲ့။ ပြိုင်ဘက်ကင်းမြို့တစ်ခုလုံးမှာ မင်းတို့ ဖုန်းမိသားစုကလွဲရင် ဘယ်သူရှိသေးလို့လဲ။”
ယန်ချင်းယွင်က ဒေါသတကြီး ဟောက်လိုက်သည်။
ယန်မိသားစုသည် လင်းမိသားစုနှင့် မည်သည့်အခါကမှ ရန်မဖြစ်ခဲ့သလို မော့မိသားစုကိုလည်း အပြစ်ပြုခြင်းမရှိ။ ဖုန်းမိသားစုနှင့်သာ လုံးဝ အဆင်မပြေဖြစ်ခဲ့ကြသည်သာ။
ယန်ချင်းယွင်မှာ ဒီကိစ္စ ဖုန်းမိသားစု၏ လက်ချက်ဖြစ်ကြောင်း လုံးဝသေချာနေတော့သည်။
“မော့ခွန်း လူယုတ်မာ… ငါသူ့ကို ဒီအတိုင်း လွှတ် မပေးဘူးး။”
ဖုန်းချန်ယန်၏ မျက်နှာသည် မည်းမှောင်သွားလေ၏။
“ယန်ချင်းယွင်… ငါသာ မင်းတို့ယန်မိသားစုကို ချေမှုန်းချင်ရင် အချိန်မရွေး လုပ်လို့ရတယ်။ မင်းတို့ရဲ့ အစောင့်တစ်ဆယ့်သုံးယောက်ကို သတ်နေစရာမလိုဘူး။”
ဖုန်းကျိန့်ရှုံးက ဟိန်းဟောက်လိုက်ရာ အားကောင်းသော အရှိန်အဝါတစ်ခုသည် သူ့ထံမှ ထွက်ပေါ်လာလေသည်။
“ပထမ အလွှာ ယွမ်တန်ဘုံ။”
အားကောင်းသော အရှိန်အဝါကို ခံစားမိလိုက်ရသဖြင့် လူတိုင်း အံ့အားသင့်ကာ တုန်လှုပ်သွားကြ၏။
ယန်မိသားစုဝင်များပင်လျှင် ဖုန်းကျိန့်ရှုံး၏ အရှိန်အဝါကြောင့် ကြောက်လန့်သွားကြသည်။ သူတို့သည် ချက်ချင်း တိတ်ဆိတ်သွားကြပြီး ယန်ချင်းယွင်ကိုယ်တိုင်ပင် မှင်သက်သွားလေသည်။
အိမ်များထဲတွင် ပုန်းနေသော ပရိသတ်များမှာလည်း အလွန်အမင်း တုန်လှုပ်သွားကြပြီး မည်သူမျှ ဖုန်းကျိန့်ရှုံးက ယွမ်တန်ဘုံသို့ တက်လှမ်းနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
“အံ့ဩစရာပဲ… အကြီးအကဲချုပ်က ယွမ်တန်ဘုံကို တက်လှမ်းနိုင်သွားပြီ။ ဒါ ချင်းယွမ်ဆေးလုံးရဲ့ အစွမ်းပဲ ဖြစ်ရမယ်။”
“ဖုန်းမိသားစု အကြီးအကဲချုပ်က မော့မိသားစု အကြီးအကဲချုပ်ထက်စောပြီး ယွမ်တန်ဘုံကို ရောက်သွားတာပဲ။”
“မဟုတ်ဘူး… ချင်းယွမ်ဆေးလုံးက ကျင့်ကြံမှုအရှိန်ကိုပဲ မြှင့်တင်ပေးတာ။ လဝက်ပဲ ရှိသေးတာ… အကြီးအကဲချုပ်က ယွမ်တန်ဘုံကို ဒီလောက်မြန်မြန် ဘယ်လိုလုပ် တက်လှမ်းနိုင်မှာလဲ။”
လူတိုင်းမှာ အလွန်တုန်လှုပ်စွာဖြင့် ဆွေးနွေးနေကြတော့သည်။
“ဖုန်းကျိန့်ရှုံး… မင်းက တော်တော်လွန်တာပဲ။ မင်း ယွမ်တန်ဘုံကို တက်လှမ်းနိုင်သွားတာနဲ့ပဲ မင်းသားကို ငါ့ယန်မိသားစုရဲ့ အစောင့်တွေကို သတ်ပြီး လက်စားချေခိုင်းတယ်ပေါ့လေ။”
ယန်ချင်းယွင်မှာ ပို၍ပို၍ ဒေါသထွက်လာလေသည်။
“မင်း။”
ဖုန်းကျိန့်ရှုံးမှာ ဒေါသထွက်သွားပြီး ယန်ချင်းယွင်ကို စိတ်ထဲမှ သောက်ငတုံးဟု ကျိန်ဆဲလိုက်သည်။
“ ဖေဖေ။”
ဖုန်းဝူချန်က ဖုန်းကျိန့်ရှုံးကို လျင်မြန်စွာ လှမ်းခေါ်လိုက်ပြီးနောက် ယန်ချင်းယွင်ကို အေးစက်စွာ မေးလိုက်၏။
“ယန်ချင်းယွင်… ခင်ဗျားတို့ ယန်မိသားစုက ကျုပ်တို့ဖုန်းမိသားစုက ခင်ဗျားတို့ အစောင့တစ်ဆယ့်သုံးယောက်ကို သတ်တယ်လို့ပဲ အခိုင်အမာ ပြောနေမှတော့ ခင်ဗျားတို့ ဘာလုပ်ချင်လဲ။ ကျုပ်တို့ဖုန်းမိသားစုနဲ့ သေတပန်သက်တဆုံး တိုက်ပွဲဝင်ချင်လို့လား။”
ခေတ္တရပ်ပြီးနောက် ဖုန်းဝူချန်က ထပ်မံ၍ မဲ့ပြုံးပြုံးကာ ဆိုသည်။
“ဒါပေမဲ့ တစ်ခုတော့ ရှင်းရှင်းပြောထားမယ်… တိုက်ပွဲစတာနဲ့ ခင်ဗျားတို့ ယန်မိသားစုက အကြာကြီးခံနိုင်မှာ မဟုတ်ဘူး။”
“ တောက်… ကောင်စုတ်လေး။”
ယန်ချင်းယွင်သည် ဒေါသဖြင့် တဆတ်ဆတ်တုန်နေပြီး ဖုန်းဝူချန်ကို ဒေါသတကြီး စိုက်ကြည့်နေကာ သူ၏လက်သီးများကို လက်သည်းများက အသားထဲစိုက်ဝင်သည်အထိ တင်းတင်းဆုပ်ထားလေသည်။
“ဖုန်းဝူချန်က အလွန်မာနကြီးပြီး ဩဇာအပြည့်ဖြင့် မဲ့ပြုံးပြုံးကာ
ယန်ချင်းယွင်… သေသေချာချာ စဉ်းစား။”
ထိုစဉ်..
“အကြီးအကဲ… ဒုက္ခပဲ…ပြသနာ တက်ပါပြီ။”
ထိုစဉ် ဖုန်းမိသားစု အစောင့်တစ်ဦး သုတ်သီးသုတ်ပျာ ပြန်ရောက်လာသည်။
“ဘာဖြစ်တာလဲ။”
ဖုန်းကျိန့်ရှုံးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“အကြီးအကဲချုပ်… မော့မိသားစုကလည်း မနေ့ညက အစောင့်ကိုးယောက် လုပ်ကြံခံရပါတယ်…။ လင်းမိသားစုရဲ့ လက်ချက်လို့ တစ်စုံတစ်ယောက်က တွေ့လိုက်တယ်တဲ့။ မော့မိသားစု အကြီးအကဲက မော့မိသားစုရဲ့ ကျွမ်းကျင်သူတွေကို ဦးဆောင်ပြီး လင်းမိသားစုဆီ သွားနေပါပြီ။”
အစောင့်က အရေးတကြီး သတင်းပို့သည်။
ထိုစကားကိုကြားသော် ဖုန်းကျိန့်ရှုံး၏ မျက်နှာမှာ သိသိသာသာ ပျက်သွားသည်။
“ဘာ…။”
“ဒုက္ခပဲ။”
ဖုန်းဝူချန် မျက်မှောင်ကြုတ်လိုက်၏။
လင်းမိသားစု၏ အင်အားမှာ ယန်မိသားစုနှင့် အတူတူပင်ဖြစ်ပြီး မော့မိသားစု၏ ပြိုင်ဘက် မဟုတ်ချေ။ အကယ်၍ မော့မိသားစုသာ ကြားဝင်လာပါက လင်းမိသားစုသည် ပျက်စီးခြင်းနှင့် ရင်ဆိုင်ရမည်မှာ မလွဲဧကန်ပင်။
ဖုန်းဝူချန်မှာ အလွန်စိုးရိမ်သွား၏။ လင်းယိုသည် ပြိုင်ဘက်ကင်းမြို့တွင် သူ၏ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သည်။ အကယ်၍ လင်းမိသားစုသာ တစ်ခုခုဖြစ်သွားပါက လင်းယိုသည် ဘယ်တော့မှ နာလန်ထူနိုင်တော့မည် မဟုတ်ပေ။
နှစ်ပေါင်းများစွာ လင်းမိသားစုသည် ဖုန်းမိသားစုနှင့် နက်ရှိုင်းသော ဆက်ဆံရေးရှိသောကြောင့်သာ ဘေးမသီရန်မခဘဲ ရှိနေခဲ့ခြင်းဖြစ်သည်။ မိသားစုနှစ်ခု ပူးပေါင်းထားသဖြင့် မည်သူမျှ သူတို့ကို မထိရဲခဲ့ပေ။
သို့သော် ယခုအခါ ဖုန်းမိသားစုမှာ ယန်မိသားစု၏ အဟန့်အတားခံနေရသဖြင့် အကယ်၍ မော့မိသားစုသာ လှုပ်ရှားလာပါက ဘေးအန္တရာယ် ဆိုက်ရောက်တော့မည်ဖြစ်သည်။
“ဖုန်းအစ်ကို… ဒီကိစ္စက ကျွန်မတို့ထင်သလောက် မရိုးရှင်းဘူးထင်တယ်။”
လင်ရှောင်ရှောင်က မျက်မှောင်ကြုတ်ကာ တွေးတွေးဆဆလေး ပြောလာသည်။
“မော့မိသားစု မဟုတ်နိုင်ဘူးလား။ ဒါဆို ဘယ်သူဖြစ်နိုင်မလဲ။ ဘယ်သူက နောက်ကွယ်ကနေ ကြိုးကိုင်နေတာလဲ။”
ဖုန်းဝူချန်က မျက်မှောင်ကြုတ်ကာ သူ့ကိုယ်သူ တိုးတိုးရေရွတ်လိုက်ပြီး အကြောင်းရင်းကို ယခုအချိန်တွင် မစဉ်းစားတတ်တော့ချေ။
တစ်နေ့တည်းမှာပင် ယန်မိသားစုက ဖုန်းမိသားစုကို လက်စားချေရန်လာပြီး မော့မိသားစုက လင်းမိသားစုကို သွားတိုက်သည်။ ဤသို့သော တိုက်ဆိုင်မှုမျိုး ဖြစ်နိုင်ပါ့မလား။
“ဖုန်းကျိန့်ရှုံး… မင်း ဘာပြောစရာ ရှိသေးလဲ။ မင်းတို့ဖုန်းမိသားစုက လင်းမိသားစုနဲ့ လျှို့ဝှက်ပူးပေါင်းနေခဲ့တာပဲ။ မော့မိသားစုရဲ့ အစောင့်တွေကိုတောင် သတ်ရဲတယ်ပေါ့လေ။ မင်း ယွမ်တန်ဘုံကို တက်လှမ်းနိုင်သွားတာနဲ့ပဲ မင်းကို ဘယ်သူမှ မနိုင်တော့ဘူးလို့ မထင်လိုက်နဲ့။”
ယန်ရှန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ယန်ရှန်း… မင်းပါးစပ်က သွေးတွေလျှောက်မအန်နဲ့။”
ဖုန်းယွင်ရှန်က ဒေါသတကြီး ပြန်အော်ဟစ်လိုက်ရာ သူ၏မျက်နှာမှာ ဒေါသဖြင့် ရှုံ့မဲ့နေလေသည်။
သူ၏ အိုမင်းသော မျက်လုံးများကို ကျဉ်းမြောင်းစေရင်း ယန်ရှန်းက ဒေါသတကြီး အော်ဟစ်သည်။
“သွေးအန်တာ ဟုတ်လား။ ဟွန့်… ဖုန်းကျိန့်ရှုံး ယွမ်တန်ဘုံကို တက်လှမ်းသွားတော့ ပြိုင်ဘက်ကင်းမြို့မှာ ဘယ်သူက သူ့ကို ယှဉ်နိုင်မှာလဲ။ ဖုန်းကျိန့်ရှုံးက ဖုန်းမိသားစုရဲ့ အထွတ်အထိပ်ဖြစ်တည်မှုကို သေချာစေဖို့ တခြားမိသားစုတွေကို ရှင်းပစ်ချင်နေတာ ထင်ရှားနေတာပဲ။ မော့မိသားစု အကြီးအကဲက ယွမ်တန်ဘုံကို မတက်လှမ်းနိုင်သေးဘူး မဟုတ်လား။ ဒါက မင်းတို့ ဖုန်းမိသားစုအတွက် အကောင်းဆုံးအခွင့်အရေးပဲ မဟုတ်ဘူးလား။”
“ဖုန်းကျိန့်ရှုံး… မင်းက တကယ့်ကို တိရစ္ဆာန်ပဲ…။ လင်းမိသားစုကိုတောင် မချန်ဘူး…။ မော့မိသားစုရဲ့ အစောင့်တွေကို သတ်ပြီး လင်းမိသားစုကို အပြစ်လွှဲချတယ်။ မင်းက မော့မိသားစုရဲ့ လက်ကိုသုံးပြီး လင်းမိသားစုကို ရှင်းပစ်ချင်နေတာ။”
“ဟုတ်တယ်… ကိုယ့်အင်အားကို အားကိုးပြီး တခြားမိသားစုတွေကို ချေမှုန်းဖို့ ကြိုးစားနေတာ။”
“ငါတို့ သူ့ကို ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ဘူး…။ ဖုန်းမိသားစုကို ချမ်းသာ မပေးနဲ့။”
ယန်မိသားစုမှ လူများက တညီတညွတ်တည်း ဟိန်းဟောက်ကြပြီး သူတို့၏ ရန်လိုမှုအားလုံးကို ဖုန်းမိသားစုထံသို့ ဦးတည်လိုက်ကြသည်။
“ယောကျ်ား… ဘယ်လိုလုပ်ကြမလဲ။”
ရှောင်ချင်းချင်းက စိုးရိမ်တကြီး မေးလိုက်သည်။
“မော့မိသားစုရဲ့ အစောင့်တွေလည်း အသတ်ခံရတယ်ဆိုတော့… ဒီမှာ ဘာတွေဖြစ်နေတာလဲ။ တခြားတစ်ယောက်ယောက်များ ဖြစ်နိုင်မလား။”
ဖုန်းကျိန့်ရှုံးကမူ မျက်မှောင်ကြုတ်ကာ လျှို့ဝှက်စွာ တွေးတောနေသည်။
“ဖုန်းကျိန့်ရှုံး… မင်းက ငါ့ယန်မိသားစုကို ရှင်းပြချက်မပေးဘူးဆိုရင် သေတဲ့အထိ တိုက်ပွဲဝင်ရရင်တောင် မင်းတို့ ဖုန်းမိသားစုကို ဒီအတိုင်း အလွတ်ပေးဖို့ မမျှော်လင့်နဲ့”
ယန်ချင်းယွင်က ဒေါသတကြီး အော်ဟစ်လိုက်ရာ သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် ပြည့်လျှံနေသည်။
“ယန်ချင်းယွင်… မင်း ထွက်မသွားရင် မင်းကိုငါသတ်မယ်။”
ဖုန်းကျိန့်ရှုံးက ဒေါသဖြင့် အော်ဟစ်လိုက်ပြီး သူ၏အကြည့်မှာ ရက်စက်ကြမ်းကြုတ်ကာ အေးစက်သော သတ်ဖြတ်ခြင်းအရှိန်အဝါသည် လေထုထဲသို့ ပျံ့နှံ့သွားတော့သည်။
လင်းမိသားစု အရေးကြီးနေသည့် အခြေအနေတွင် ဖုန်းကျိန့်ရှုံး၌ ယန်ချင်းယွင်နှင့် အချိန်ဖြုန်းနေရန် အချိန်မရှိချေ။ အကယ်၍ သူ မကြာမီ မထွက်ခွာပါက လင်းမိသားစုသည် ပြင်းထန်သော အထိအခိုက်များ ခံစားရပေလိမ့်မည်။
“အကြီးအကဲ… လင်းမိသားစုဆီ လိုက်ခဲ့။ ကျန်တဲ့လူတွေ ဒီမှာပဲနေခဲ့ကြ။”
ဖုန်းကျိန့်ရှုံးက ဒေါသတကြီး အော်ခေါ်လိုက်ပြီး ထွက်ခွာရန် ပြင်ဆင်လိုက်တော့သည်။
“
ဖုန်းကျိန့်ရှုံး ထွက်ခွာတော့မည်ကို မြင်သော် ယန်ချင်းယွင်က ချက်ချင်းပင် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ဖုန်းကျိန့်ရှုံး… မင်းထွက်သွားရဲထွက်သွားကြည့်စမ်း… မင်းတို့ဖုန်းမိသားစုထဲက လူတစ်ယောက်မကျန်အောင် ငါသတ်ပစ်မယ်။”
“မင်း ငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့လေ…။ သေချင်နေတာပဲ။”
ဖုန်းကျိန့်ရှုံးက ဒေါသတကြီး ပြန်ဟောက်လိုက်ပြီး ယွမ်တန်ဘုံ၏ ကြောက်မက်ဖွယ်စွမ်းအားသည် သူ၏ကိုယ်ထဲမှ ပေါက်ကွဲထွက်လာကာ ယန်ချင်းယွင်ထံသို့ လျင်မြန်စွာ ပြေးဝင်သွားတော့သည်။
ဖုန်းကျိန့်ရှုံး အမှန်တကယ် ဒေါသထွက်သွားပြီ ဖြစ်၏။
“ငါ ဖုန်းကျိန့်ရှုံးက အမြဲတမ်း ဖြောင့်မတ်တည်ကြည်တယ်… ဘယ်တော့မှ နောက်ကွယ်ကနေ မလုပ်ဘူး။ မင်းတို့ ယန်မိသားစုထဲက လူတစ်ယောက်သေတာက ဖုန်းမိသားစုနဲ့ ဘာမှမဆိုင်ဘူး။ မင်းသာ သေချင်နေတယ်ဆိုရင် အခုပဲ ငါ အလိုလိုက်ပေးလိုက်မယ်။”
ဖုန်းကျိန့်ရှုံးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သနားညှာတာမှုမရှိဘဲ လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။
ဖုန်းကျိန့်ရှုံး၏ ဩဇာအာဏာကြီးမားပုံကို ဖုန်းဝူချန်အပါအဝင် ဖုန်းမိသားစုမှ လူတိုင်း ပထမဆုံးအကြိမ် တွေ့မြင်လိုက်ရခြင်း ဖြစ်သည်။
ဖုန်းကျိန့်ရှုံးထံမှ ကြီးမားသော စွမ်းအားများ ပေါက်ကွဲထွက်လာပြီး လေပြင်းများ ဝယတဝီဝီ တိုက်ခတ်လာကာ မြေပြင်မှ ဖုန်မှုန့်အများအပြားကို လွင့်စင်စေပြီး သူ၏တည်ရှိမှုမှာ ခြိမ်းခြောက်ဖွယ်ရာကောင်းကာ အရှိန်အဝါ ကြီးမားလှပေသည်။
ယန်ချင်းယွင်မှာ အတော် ကြောက်လန့်သွားပြီး အနည်းငယ် နောင်တရမိသော်လည်း ဒုတိယအကြိမ် စဉ်းစားရန် အချိန်မရှိတော့ဘဲ သူ၏ စစ်မှန်ယွမ်အားလုံးကို လျင်မြန်စွာ စုစည်းလိုက်ရသည်။
“အကြီးအကဲ… သတိထား။”
ယန်ရှန်း၏ မျက်နှာမှာ သိသိသာသာ ပျက်သွားပြီး ရှေ့သို့ လျင်မြန်စွာ ပြေးတက်ကာ လက်ဝါးနှစ်ဖက်လုံးကို တွန်းထုတ်လိုက်သည်။
“ဘုန်း။”
“ဝှစ်…ဝီး။”
ဖုန်းကျိန့်ရှုံးက သနားညှာတာမှုမရှိဘဲ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံနှင့်အတူ သူ၏ ဖိနှိပ်လွှမ်းမိုးသော စွမ်းအားကြောင့် ယန်ရှန်းနှင့် ယန်ချင်းယွင်တို့ သွေးများအန်ထွက်လာပြီး လူနှစ်ယောက်လုံး မရှုမလှ ဒဏ်ရာရကာ လွင့်စင်သွားကြတော့၏။
ဤသို့သော ပြတ်သားသည့် လုပ်ရပ်ကြောင့် ယန်မိသားစုဝင်အားလုံး တိတ်ဆိတ်သွားကြပြီး သူတို့၏မျက်နှာများမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေတော့သည်။
ဒေါသထွက်နေသော ဖုန်းကျိန့်ရှုံးသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အားကြီးလှပေသည်။
“မြင်လား… ငါဖုန်းကျိန့်ရှုံးသာ မင်းတို့ယန်မိသားစုကို ချေမှုန်းချင်ရင် လက်တစ်ဖက်လှန်လိုက်သလို လွယ်လွယ်လေးပဲ…။ ဘာလို့ မင်းတို့ယန်မိသားစုရဲ့ အစောင့်တွေကို သတ်နေရမှာလဲ။ တကယ့်ကို သောက်အဓိပ္ပာယ်မဲ့””
ဖုန်းကျိန့်ရှုံးက ဒေါသတကြီး အော်ဟစ်လိုက်ရာ သူ၏စကားလုံးတိုင်းတွင် ဩဇာအာဏာများ ပါဝင်နေသည်။
လက်ဝါးတစ်ချက်ဖြင့် ဖုန်းကျိန့်ရှုံးသည် ယန်ချင်းယွင်နှင့် ယန်ရှန်းကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပြီး စစ်မှန်သော စွမ်းအားရှင်တစ်ဦး၏ ဂုဏ်သိက္ခာကို အပြည့်အဝ ဖော်ကျူးကာ ဖုန်းမိသားစုမှ လူတိုင်း၏ စိတ်လှုပ်ရှားမှုနှင့် လေးစားမှုကို နှိုးဆွပေးလိုက်သည်။
“ ဖေဖေက တကယ်ကို အားကြီးတာပဲ။”
ဖုန်းယွမ်နှင့် ဖုန်းကျန့်တို့က မျက်နှာများတွင် ပျော်ရွှင်မှုများဖြင့် အော်ဟစ်လိုက်ကြသည်။
ဖုန်းဝူချန်က ပြုံးရင်း တိုးတိုးလေး ဆိုသည်။
“ဟုတ်တယ် ၊ဖေဖေက တကယ်ပဲ ဩဇာအာဏာကြီးတာပဲ။”
ယန်မိသားစုမှ လူများကို စူးစူးဝါးဝါ တစ်ချက်ကြည့်ရင်း ဖုန်းကျိန့်ရှုံးက အော်ဟစ်လိုက်သည်။
“ငါ ဖုန်းကျိန့်ရှုံးမှာ ဆင်ခြင်တတ်တဲ့ အသိစိတ်ရှိတယ်။ ဒီနေ့ မင်းတို့လုပ်ရပ်တွေကို ငါ လျစ်လျူရှုလိုက်မယ်။ ဒါပေမဲ့ တစ်စုံတစ်ယောက်က ငါ့လမ်းကို ပိတ်ဆို့ရဲရင်… သေ ရ မယ်။”
ထိုစကားများဖြင့် ဖုန်းကျိန့်ရှုံးသည် တစ်လှမ်းချင်း ရှေ့သို့ လျှောက်သွားသည်။ ကြောက်လန့်နေသော ယန်မိသားစုမှ လူများက သူ့အတွက် လမ်းဖယ်ပေးကြပြီး သူ၏လမ်းကို ပိတ်ဆို့ရန် မဝံ့ရဲသလို စကားတစ်ခွန်းမျှလည်း မဟရဲကြပေ။
ခပ်လှမ်းလှမ်း လျှောက်သွားပြီးနောက် ဖုန်းကျိန့်ရှုံးက ရပ်တန့်ကာ ယန်ချင်းယွင်ကို လှည့်ကြည့်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ယန်ချင်းယွင်… ငါ့ဖုန်းမိသားစုထဲက တစ်ယောက်ယောက်ရဲ့ ဆံပင်တစ်မျှင်တောင် ထိခိုက်ခဲ့ရင် မင်းတို့ယန်မိသားစုကို မြေလှန်ပစ်မယ်…။ မင်းတို့ယန်မိသားစုကို ပြိုင်ဘက်ကင်းမြို့ကနေ လုံးဝပျောက်ကွယ်သွားအောင် ငါလုပ်ပြမယ်။”
ဒေါသထွက်နေသော ဖုန်းကျိန့်ရှုံးကို မည်သူမျှ မဆွရဲကြပေ။ အထူးသဖြင့် သူသည် ပြိုင်ဘက်ကင်းမြို့၏ နံပါတ်တစ် ကျွမ်းကျင်သူ ဖြစ်နေဆဲ ဖြစ်သောကြောင့်ပင်။