မော့ခွန်းအား အင်အားသုံး၍ တားဆီးခြင်း
Vol. 2 Ch. 29
~ဖုန်းကျိန့်ရှုံးသည် စကားတစ်ခွန်းကို ခက်ထန်စွာ ချန်ထားခဲ့ပြီး ဖုန်းချန်ယန်နှင့်အတူ လင်းမိသားစုထံသို့ အရှိန်ပြင်းစွာ ထွက်ခွာသွားတော့သည်။
ဖုန်းကျိန့်ရှုံးသည် ယန်ချင်းယွင်နှင့် အခြားသူများက ဖုန်းမိသားစုဝင်များကို တကယ်တမ်း တိုက်ခိုက်ရဲမည်ကို စိုးရိမ်ခြင်းမရှိပေ။ အကြောင်းမူကား သူပြသလိုက်သည့် ဩဇာအာဏာပြင်းသော အရှိန်အဝါက သူတို့ကို ထိတ်လန့်စေခဲ့ပြီး ဖြစ်သည်။
ဖုန်းကျိန့်ရှုံးသည် ယွမ်တန်ဘုံသို့ ရောက်ရှိပြီးသား စွမ်းအားရှင်တစ်ဦး ဖြစ်နေပြီ။ ယန်ချင်းယွင် မကြောက်လျှင်တောင်မှ ယန်မိသားစုအတွက် ထည့်သွင်းစဉ်းစားရပေဦးမည်။ အကယ်၍ သူသာ ဖုန်းကျိန့်ရှုံးကို တကယ် ဒေါသထွက်စေခဲ့ပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များမှာ စဉ်းစား၍ပင် မရနိုင်ဘဲ ယန်ချင်းယွင် ရင်ဆိုင်နိုင်မည့် အရာလည်း မဟုတ်ပေ။
“ရှောင်ရှောင် ..တို့လည်း သွားကြည့်ရအောင်” ဟု ဖုန်းဝူချန်က ဆိုလိုက်သည်။
ထို့နောက် သူတို့နှစ်ဦးသည် လျင်မြန်စွာ နောက်မှ လိုက်ပါသွားကြ၏။
“ချန်အာ သတိထားပါ”
ရှောင်ချင်းချင်းက သူတို့ကို တားဆီးလိုသော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ သူမသည် သတိပေးစကားတစ်ခွန်းကိုသာ ကျယ်လောင်စွာ အော်ဟစ်နိုင်ခဲ့တော့သည်။
“သွားကြစို့” ဟု ဒဏ်ရာရနေသော ယန်ချင်းယွင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူတို့သည် တကယ်တမ်းတွင် တိုက်ခိုက်ရန် မဝံ့ရဲကြတော့ပေ။
လင်းမိသားစု စံအိမ်အတွင်း၌ မော့ခွန်းသည် မော့မိသားစုမှ ကျွမ်းကျင်သူ အများအပြားကို ဦးဆောင်ကာ အထဲသို့ ဝင်ရောက်ပြီး ဖြစ်သည်။ သူသည် မလိုအပ်သော စကားများကို ပြောမနေတော့။
ပြင်းထန်သော တိုက်ပွဲတစ်ခုသည် လင်းမိသားစု၌ စတင်နေခဲ့ပြီ ဖြစ်၏။ မော့မိသားစု၏ ကျွမ်းကျင်သူများမှာ အရေအတွက် များပြားပြီး လင်းမိသားစုထက် သိသိသာသာ အင်အားကြီးမားသည်။
လင်းမိသားစု၏ ခေါင်းဆောင် လင်းထျန်းရှင်းမှာ မော့ခွန်း၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိပြီး ဖြစ်သည်။ အကြီးအကဲများနှင့် လင်းမိသားစု ကျွမ်းကျင်သူများမှာလည်း အနည်းနှင့်အများ ဒဏ်ရာအသီးသီး ရရှိခဲ့ကြပြီး အခြားအစောင့်များမှာ သေဆုံးသူ သေဆုံး ဒဏ်ရာရသူ ရနှင့် ဖြစ်နေကြလေသည်။
လင်းထျန်းရှင်းနှင့် လင်းမိသားစု အကြီးအကဲများက အသက်ကို ပမာမထားဘဲ ခုခံနေကြသော်လည်း သူတို့ ကြာကြာခံနိုင်မည် မဟုတ်ဟု ခန့်မှန်းရသည်။
လင်းမိသားစုမှ လူများမှာ ထိတ်လန့်တုန်လှုပ်နေကြပြီး မည်သူမျှ မိမိတို့မိသားစုအပေါ် ဤသို့သော ဘေးအန္တရာယ် ကျရောက်လာမည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
“မော့ခွန်း မင်းတို့က ငါတို့မျိုးနွယ်ကို နောက်ဆုံးတစ်ယောက်အထိ မျိုးဖြုတ်ပစ်မလို့လား” ဟု လင်းထျန်းရှင်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
လင်းမိသားစုဝင် အများအပြား သေဆုံးနေသည်ကို မြင်ရသဖြင့် သူသည် ဒေါသအထွတ်အထိပ် ရောက်နေလေပြီ။
“ဟွန့် ငါတို့မော့မိသားစုရဲ့ အစောင့်တွေကို သတ်တာက ငါတို့မော့မိသားစုကို အလေးမထားတာနဲ့ အတူတူပဲ” ဟု အကြီးအကဲ မော့ယွမ်ခုံးက ခက်ထန်စွာ ဆိုသည်။
ထိုအခါ လင်းထျန်းရှင်းက ခက်ထန်သော မျက်နှာဖြင့် ဒေါသတကြီး တုံ့ပြန်လိုက်၏။
“မော့မိသားစု အစောင့်တွေကို သတ်တာ ငါတို့လင်းမိသားစု လုံးဝမဟုတ်ဘူး။ မင်းတို့မှာ ဘာသက်သေရှိလဲ။ လူတစ်ယောက်ရဲ့ စကားတစ်ခွန်းတည်းနဲ့ ငါတို့လင်းမိသားစုလို့ ဘယ်လိုလုပ် ကောက်ချက်ချနိုင်ရတာလဲ။ မင်းတို့ရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲ”
အကြီးအကဲတစ်ဦးကလည်း ဒေါသတကြီး ထောက်ပြလိုက်သည်။
“တစ်စုံတစ်ယောက်က မင်းတို့မော့မိသားစုက ငါတို့လင်းမိသားစုရဲ့ ရွှေဒင်္ဂါးပြား ငါးသန်းတန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေကို လက်ဝါးကြီးအုပ်လိုက်တယ်လို့ ပြောရင် ငါတို့က အဲ့ဒါ မင်းတို့မော့မိသားစု လုပ်တာပဲလို့ ပြောလို့ရမလား”
“သေခါနီးအထိ ခေါင်းမာနေတုန်းပဲ”
မော့ခွန်းက အေးစက်စွာ ကဲ့ရဲ့လိုက်သည်။ သူ၏စိတ်ထဲတွင် လင်းမိသားစုကို ချေမှုန်းရန် ဆုံးဖြတ်ထားပြီး ဖြစ်၏။
“ယန်မိသားစုရဲ့ အစောင့်တစ်ဆယ့်သုံးယောက် အသတ်ခံရတော့ သူတို့က ဖုန်းမိသားစုလက်ချက်လို့ အခိုင်အမာ ပြောနေကြတာ။ မင်းတို့မော့မိသားစု အစောင့်တွေ အသတ်ခံရတော့ မင်းတို့က ငါတို့လင်းမိသားစု လက်ချက်လို့ အခိုင်အမာ ပြောနေပြန်ရော။ မင်းတို့မော့မိသားစုနဲ့ ယန်မိသားစု ပူးပေါင်းကြံစည်နေတာ ဖြစ်နိုင်တယ်။ ငါတို့လင်းမိသားစုရော ဖုန်းမိသားစုကိုပါ မျိုးဖြုတ်ပစ်ချင်နေတာ” လင်းထျန်းရှင်းက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
“ဘန်း”
ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုတွင် လင်းထျန်းရှင်းသည် လွင့်စင်သွားခဲ့သည်။ သူသည် အသွင်ပြောင်းခြင်းအဆင့် နဝမအလွှာ အထွတ်အထိပ်တွင်ရှိသော မော့ခွန်း၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။
မော့ခွန်း၏ အသံမှာ ရေခဲတမျှ အေးစက်နေသည်။
“ယန်မိသားစု ကိစ္စကိုတော့ ငါမသိဘူး။ ဒါပေမဲ့ မင်းတို့လင်းမိသားစုက ငါ့မော့မိသားစု အစောင့်တွေကို သတ်ခဲ့တာကတော့ မင်းတို့ သေကိုသေရမယ်”
“အဆင့်မြင့် အဝါရောင်အဆင့် သိုင်းပညာ။ လေပြင်းတိုက်ခတ် လက်ဝါး”
မော့ခွန်းက မာန်သွင်းလိုက်ရာ သူ၏အားကောင်းသော လေဓာတ်စွမ်းအင်သည် ရှေ့သို့ တိုးထွက်သွားပြီး လေထဲမှနေ၍ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
အဖြူရောင်စွမ်းအင် လက်ဝါးပုံရိပ်တစ်ခု တည့်တည့် ပျံသန်းထွက်သွား၏။ ထိုပြင်းထန်သော အရှိန်အဟုန်ဖြင့် အကယ်၍ ထိမှန်သွားပါက လင်းထျန်းရှင်းသည် ပြင်းထန်စွာ ဒဏ်ရာရမည်မှာ သေချာသည်။
“အဆင့်မြင့် အဝါရောင်အဆင့် သိုင်းပညာ။ နက်နဲရေခဲ လက်သီး”
လင်းထျန်းရှင်းသည် ကိုယ်ကို မနည်းထိန်းလိုက်ပြီးနောက် သူ၏စစ်မှန်ချီကို လျင်မြန်စွာ လှုံ့ဆော်ကာ သိုင်းပညာကို အသက်သွင်းလိုက်သည်။
“ဘုန်း”
“ပလပ်”
အားကောင်းသော စွမ်းအင်နှစ်ခု ထိခတ်မိရာမှ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။ ဒဏ်ရာရနေသော လင်းထျန်းရှင်းသည် နောက်တစ်ကြိမ် သွေးအန်ချရပြီး သူ၏ခန္ဓာကိုယ်မှာ လွင့်စင်သွားကာ လင်းမိသားစု ခန်းမဆောင်၏ ဝင်ပေါက်တိုင်နှင့် ပြင်းထန်စွာ ဆောင့်မိလေသည်။
“ အဖေ ”
“အကြီးအကဲ”
လင်းမိသားစုဝင်များမှာ တုန်လှုပ်ခြောက်ခြားသွားကြသော်လည်း သူ့ကို သွားရောက်ဖေးမရန် မအားလပ်နိုင်ခဲ့ကြ။
“မော့ခွန်း၊ မင်း ငါ့အဖေကို သတ်ရဲသတ်ကြည့်၊ ငါ မင်းကို မျိုးဆက်ပြတ်သွားအောင် ငါလုပ်ပစ်မယ်”
လင်းထျန်းရှင်း၏ သားအကြီးဆုံး လင်းထျန်းလီက ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
“ဟွန့်၊ ဒါဆိုရင်တော့ မင်းတို့လင်းမိသားစုကို ငါ အပြတ်ရှင်းပစ်မယ်။ လင်းထျန်းရှင်း၊ သေဖို့သာ ပြင်ထား”
မော့ခွန်းက ရက်စက်စွာ ဟိန်းဟောက်လိုက်ရာ သူ၏မျက်လုံးများထဲမှ သတ်ဖြတ်လိုသောစိတ်သည် ရုတ်တရက် နှစ်ဆတိုးလာ၏။
မော့ခွန်းသည် လင်းထျန်းရှင်းကို သတ်ရန် အခွင့်အရေးကို လက်လွတ်မခံဘဲ ပြင်းထန်စွာ ပြေးဝင်သွားသည်။
“မော့ခွန်း၊ ရပ်လိုက်စမ်း”
မော့ခွန်း လှုပ်ရှားလိုက်သည်နှင့် ဩဇာအာဏာနှင့် ဒေါသတို့ဖြင့် ပြည့်နှက်နေသော အသံတစ်သံနှင့်အတူ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခု ပျံ့နှံ့လာခဲ့သည်။
“ယွမ်တန်ဘုံ။ ဖုန်းကျိန့်ရှုံး ယွမ်တန်ဘုံကို တက်လှမ်းနိုင်သွားပြီ”
ထိုကြောက်မက်ဖွယ်ရာ အရှိန်အဝါကို ခံစားမိသော် မော့ခွန်း၏ မျက်နှာမှာ သိသိသာသာ ပျက်သွားပြီး သူ၏နှလုံးသားသည် တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
“ဖုန်းကျိန့်ရှုံး”
မော့ယွမ်ခုံး၏ မျက်နှာမှာလည်း သိသိသာသာ ပြောင်းလဲသွားပြီး သူက ထိတ်လန့်တကြား ကြွေးကြော်လိုက်သည်။
“သူက တကယ်ပဲ ယွမ်တန်ဘုံကို တက်လှမ်းနိုင်သွားပြီ။ အခုတော့ တို့တွေ ဒုက္ခရောက်ပြီ”
“ဖုန်းမိသားစု အကြီးအကဲ ရောက်လာပြီ”
ဆန့်ကျင်ဘက်အားဖြင့် လင်းမိသားစုမှ လူများမှာမူ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသည်။ ဖုန်းကျိန့်ရှုံးသည် သူတို့၏ အသက်ကယ်ရှင် ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိ။
“မဟုတ်ဘူး၊ ဒီအခွင့်အရေးကို ငါတို့ လက်လွတ်ခံလို့မဖြစ်ဘူး”
မော့ခွန်းက အံကို ကြိတ်ပြီး သူ၏မျက်လုံးများထဲမှ ရက်စက်မှုများမှာ ပိုမိုပြင်းထန်လာ၏။
မော့ခွန်း၏ အရှိန်သည် လျော့ကျသွားမည့်အစား ပိုမိုတိုးမြင့်လာသည်။ သူသည် ဖုန်းကျိန့်ရှုံး မရောက်လာမီ လင်းထျန်းရှင်းကို သတ်လိုသည်။
“ လူ ယုတ် မာ...ကောင်၊ မော့ခွန်း၊ မင်း သေချင်နေတာပဲ”
ဖုန်းကျိန့်ရှုံးက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏စစ်မှန်ချီကို အစွမ်းကုန် ထုတ်ဖော်လိုက်ရာ သူ၏အရှိန်သည် ထိုးတက်သွားပြီး သူ၏ပုံသဏ္ဌာန်မှာ အနက်ရောင်အရိပ်အသွင် ပြောင်းလဲကာ ရှေ့သို့ လျင်မြန်စွာ ပြေးဝင်သွားသည်။
“မကောင်းတော့ဘူး”
ဖုန်းကျိန့်ရှုံး၏ အံ့ဩဖွယ်အရှိန်ကို ခံစားမိသော် မော့ခွန်း၏မျက်နှာမှာ နောက်တစ်ကြိမ် ပျက်သွားပြန်သည်။
“ဘုန်း”
“ဝှစ်..”
ဖုန်းကျိန့်ရှုံးသည် လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီးနောက် လင်းထျန်းရှင်းရှေ့တွင် ပေါ်လာခဲ့သည်။ သူက မော့ခွန်းကို လက်ဝါးတစ်ချက်ဖြင့် ဦးဆောင် ရင်ဆိုင်လိုက်၏။
ကျယ်လောင်သော အသံတစ်ချက်နှင့်အတူ မော့ခွန်းသည် နီရဲသော သွေးများ အန်ထုတ်လိုက်ရပြီး ဆယ်မီတာကျော် လွင့်စင်သွားကာ လင်းမိသားစု စံအိမ် အုတ် တံတိုင်းနှင့် ဆောင့်မိလေသည်။
ကြောက်မက်ဖွယ်ရာ စွမ်းအားကြောင့် တံတိုင်းတွင် အက်ရာများ ပေါ်ထွက်လာခဲ့သည်။
“အကြီးအကဲ”
မော့ယွမ်ခုံးနှင့် အခြားမော့မိသားစု ကျွမ်းကျင်သူများမှာ ထိတ်လန့်တကြား ဖြစ်သွားကြ၏။
“တော်တော်အားကောင်းတာပဲ”
မော့ခွန်းက မျက်မှောင်ကြုတ်ကာ စိတ်ထဲမှ တွေးလိုက်ပြီး ဖုန်းကျိန့်ရှုံးကို မကျေမချမ်း စိုက်ကြည့်နေသည်။
သူသည် ဖုန်းကျိန့်ရှုံး ဒီလောက် မြန်ဆန်စွာ ယွမ်တန်ဘုံသို့ တက်လှမ်းနိုင်လိမ့်မည်ဟု မည်သည့်အခါကမှ မမျှော်လင့်ထားခဲ့မိ။
“အဘိုးကြီးလင်း .. ရရဲ့လား”
ဖုန်းကျိန့်ရှုံးသည် မော့ခွန်းကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ ပြင်းထန်စွာ ဒဏ်ရာရနေသော လင်းထျန်းရှင်းကို ခြေထောက်ပေါ် ပြန်ရပ်နိုင်ရန် လျင်မြန်စွာ ကူညီပေးလိုက်သည်။
လင်းထျန်းရှင်းက အားနည်းစွာ ခေါင်းခါပြသည်။
“ကျွန်တော် အဆင်ပြေပါတယ်၊ အစ်ကိုဖုန်း ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်”
“အားလုံး ရပ်လိုက်ကြ”
ဖုန်းကျိန့်ရှုံးက ဒေါသတကြီး အော်ဟစ်လိုက်ရာ သူ၏ပြင်းထန်သော အရှိန်အဝါသည် ပျံ့နှံ့ထွက်သွားပြီး မော့မိသားစု ကျွမ်းကျင်သူများကို ကြောက်လန့်တကြား နောက်ဆုတ်သွားစေသည်။
“ဖုန်းကျိန့်ရှုံး၊ ခင်ဗျားက မော့မိသားစုကိစ္စကို ဝင်စွက်ဖက်နေတာလား”
မော့ခွန်းက ဖုန်းကျိန့်ရှုံးကို ဒေါသတကြီး စိုက်ကြည့်ကာ မေးလိုက်သည်။
“ဖုန်းမိသားစုမှာ အဲ့ဒီလိုရည်ရွယ်ချက် မရှိပါဘူး။ အကြီးအကဲမော့ အထင်လွဲနေတာပါ။ ကျုပ်တို့က သူငယ်ချင်းတစ်ယောက်ကို ကယ်တင်ဖို့ ရောက်လာတာပါ” ဟု ဖုန်းချန်ယန်က ရှေ့သို့တိုးလာရင်း ဖြည်းညင်းစွာ ဆိုသည်။
“ဟွန့်၊ သူငယ်ချင်းကို ကယ်တာ။ ဟုတ်လား။ လင်းမိသားစုက ငါ့မော့မိသားစု အစောင့်တွေကို သတ်ခဲ့တယ်။ လင်းမိသားစုက သေကိုသေရမယ်” ဟု မော့ခွန်းက ရက်စက်စွာ ဆိုလိုက်သည်။
ဖုန်းကျိန့်ရှုံး ပေါ်လာသည့်အတွက် သူ၏နာကြည်းမှုမှာ ပိုမိုဆိုးရွားလာခဲ့သည်။
လင်းထျန်းရှင်းသည် သူ၏လက်ချက်ဖြင့် သေခါနီးဆဲဆဲ ဖြစ်နေချိန်တွင် ဖုန်းကျိန့်ရှုံးက မမျှော်လင့်ဘဲ ကြားဝင်ခဲ့သည်။
လင်းထျန်းရှင်းအား ကုသဆေး တိုက်ကျွေးပြီးနောက် ဖုန်းကျိန့်ရှုံး၏ အကြည့်သည် နောက်ဆုံးတွင် မော့ခွန်းထံသို့ ရောက်သွားပြီး သူက လေးနက်စွာ ဆို၏။
“မော့ခွန်း၊ မင်းမှာ သက်သေမရှိဘဲနဲ့ လင်းမိသားစု လက်ချက်ဆိုတာ သေချာနေတာပဲ။ တကယ်လို့ မဟုတ်ခဲ့ရင် မင်းတို့မော့မိသားစုက သူတို့ကို မတရားစွပ်စွဲတာ မဖြစ်ဘူးလား”
“သက်သေခံချက် တစ်ခုတည်းကို ယုံတာလား။ တကယ်လို့ အဲ့ဒီလိုသာဆိုရင် မင်းက တော်တော် ဦးနှောက်မရှိတဲ့ အကြီးအကဲပဲ မဟုတ်ဘူးလား” ဟု ဖုန်းကျိန့်ရှုံးက ထပ်လောင်းပြောဆိုလိုက်သည်။
မော့ခွန်း၏ မျက်နှာသည် ဒေါသဖြင့် တဆတ်ဆတ်တုန်လာ၏။ ဖုန်းကျိန့်ရှုံးနှင့် ဖုန်းချန်ယန်တို့ ရောက်ရှိလာကတည်းက ယန်ချင်းယွင်နှင့် အခြားသူများ ရှုံးနိမ့်သွားပြီဟု သူ ခန့်မှန်းပြီးသား ဖြစ်သည်။
ယန်ချင်းယွင်ကို ထားလိုက်ဦး၊ မော့ခွန်းကိုယ်တိုင်ပင် ဖုန်းကျိန့်ရှုံး၏ ပြိုင်ဘက်မဟုတ်ခဲ့။
မော့ယွမ်ခုံးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ဖုန်းကျိန့်ရှုံး၊ မင်း ယွမ်တန်ဘုံကို တက်လှမ်းနိုင်သွားတာနဲ့ပဲ မင်းကိုယ်မင်း ရှုံးပွဲမရှိ ထင်မနေနဲ့။ မော့မိသားစုကိစ္စတွေက မင်းနဲ့ ဘာမှမဆိုင်ဘူး” ထိုစကားကိုကြားသော် ဖုန်းကျိန့်ရှုံး၏ မျက်နှာအမူအရာမှာ မပြောင်းလဲဘဲ အေးစက်စွာ တုံ့ပြန်လိုက်သည်။
“ဟွမ်ဖူမိသားစုက မင်းတို့မော့မိသားစုကို ကျောထောက်နောက်ခံ ပေးထားတာ ငါသိတယ်။ ဒါပေမဲ့ လင်းယိုက ထျန်းယန်အကယ်ဒမီမှာ ရှိနေသေးတယ်ဆိုတာ မမေ့နဲ့။ ဒါတင်မကဘူး၊ ငါ့သား ချန်အာက ကျောင်းအုပ်ကြီးကိုယ်တိုင် စာရင်းသွင်းထားတဲ့ ဂုဏ်ထူးဆောင်ကျောင်းသားပဲ။ ဟွမ်ဖူမိသားစုက အင်အားကြီးရင်တောင် အကယ်ဒမီကိုတော့ မျက်နှာသာပေးကောင်း ပေးပါလိမ့်မယ်”
“ဂုဏ်ထူးဆောင်ကျောင်းသား”
မော့ယွမ်ခုံး၏အိုမင်းသော မျက်နှာကြီးမှာ ထိတ်လန့်သွားပြီး အခြားသူများအားလုံးမှာလည်း အလားတူ အံ့အားသင့်သွားကြသည်။ အကြောင်းမှာ မည်သူမျှ ဤကိစ္စကို မကြားဖူးခဲ့သောကြောင့် ဖြစ်သည်။
ဖုန်းကျိန့်ရှုံးက မဲ့ပြုံးပြုံးလိုက်သည်။
“အကြီးအကဲမော့၊ ခင်ဗျား သွားလို့ရပြီ။ ကျုပ်ဖုန်းကျိန့်ရှုံးက ခင်ဗျားတို့ မော့မိသားစုအပေါ် ရန်လိုစိတ်မရှိပါဘူး။ ဒါပေမဲ့ ဒုက္ခကို ရှောင်ဖယ်မယ့် လူစားမျိုးလည်း မဟုတ်ဘူး။ လင်းမိသားစုရဲ့ ကိစ္စတွေကို ကျုပ် တာဝန်ယူမယ်”
“ဖုန်းကျိန့်ရှုံး၊ မင်း ဒါကို နောင်တရစေရမယ်”
မော့ခွန်းက ခက်ထန်စွာ ခြိမ်းခြောက်ပြီး ထိုစကားများ ချန်ထားခဲ့ကာ လှည့်ထွက်သွားသည်။ မော့မိသားစုမှ ကျန်လူများကလည်း သူ့နောက်သို့ လိုက်ပါသွားကြ၏။
ဖုန်းကျိန့်ရှုံး ယွမ်တန်ဘုံသို့ တက်လှမ်းသွားသဖြင့် သူတို့တွင် လင်းမိသားစုကို ချေမှုန်းရန် အခွင့်အရေး မရှိတော့ချေ။ နေနေခြင်းထက် ဒဏ်ရာများကို ကုသရန် ထွက်သွားခြင်းက ပိုကောင်းသည်။
“မင်းရဲ့နောင်တကို ငါစောင့်နေမယ်” ဟု ဖုန်းကျိန့်ရှုံးက မညှာမတာ ပြန်လည် ချေပလိုက်သည်။
အခြေအနေများ ဤအဆင့်သို့ ရောက်ရှိလာမှတော့ ဖုန်းကျိန့်ရှုံးသည် မော့မိသားစုကို မျက်နှာသာပေးရန် မလိုအပ်တော့၊ အထူးသဖြင့် သူ ယွမ်တန်ဘုံသို့ တက်လှမ်းပြီးဖြစ်၍ သူတို့ကို မကြောက်သောကြောင့် ဖြစ်သည်။
လင်းမိသားစုစံအိမ်မှ ထွက်ခွာလာသော မော့မိသားစုသည် ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့နှင့် တွေ့ဆုံသော်လည်း မော့ခွန်းသည် တိုက်ခိုက်ရန် မဝံ့ရဲဘဲ ဖုန်းဝူချန်ကို စိုက်ကြည့်ရုံသာ ကြည့်ပြီး ထွက်ခွာသွားသည်။
“ဖေဖေ အချိန်မီ ရောက်လာပုံပဲ”
ဖုန်းဝူချန်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သူသည် မော့မိသားစုဝင်များကို လျစ်လျူရှုကာ လင်ရှောင်ရှောင်နှင့်အတူ လင်းမိသားစုစံအိမ်ထဲသို့ ဝင်ရောက်သွား၏။
ဖုန်းဝူချန် လင်းမိသားစုစံအိမ်ထဲ ဝင်ရောက်ပြီး အသတ်ခံထားရသော အစောင့် ဒါဇင်ပေါင်းများစွာနှင့် ဒဏ်ရာရနေသော ဒါဇင်ပေါင်းများစွာကို မြင်လိုက်ရသည့်အခိုက် သူ၏မျက်နှာသည် ချက်ချင်း ရေခဲတမျှ အေးစက်သွားတော့သည်။
“ဦးလေးလင်း၊ အကြီးအကဲတို့၊ အားလုံး အဆင်ပြေရဲ့လား” ဟု ဖုန်းဝူချန်က စိုးရိမ်တကြီး မေးလိုက်သည်။
“ငါတို့က ရပါတယ်၊ ဒဏ်ရရသူတွေကိုသာ ဂရုစိုက်ပါ”
လင်းထျန်းရှင်းက ပြုံးကာ လက်ခါပြလိုက်ပြီး ဖုန်းကျိန့်ရှုံး အချိန်မီ ရောက်လာသည့်အတွက် လျှို့ဝှက်စွာ စိတ်သက်သာရာ ရသွားသည်။
မဟုတ်လျှင် လင်းမိသားစုသည် တကယ်ပင် ပျက်စီးသွားပေလိမ့်မည်။
“မော့မိသားစုက တော်တော်လွန်တာပဲ။ သူတို့ ငါတို့လင်းမိသားစုက လူအများကြီးကို သတ်သွားတယ်။ ဒီကိစ္စကို ငါ ဒီအတိုင်း လွှတ်ထားမှာမဟုတ်ဘူး” ဟု လင်းမိသားစု အကြီးအကဲတစ်ဦးက ဒေါသတကြီး ကြုံးဝါးလိုက်သည်။
ဖုန်းကျိန့်ရှုံးက လေးနက်စွာ သတိပေးလိုက်သည်။
“အကြီးအကဲ၊ မဆင်မခြင် မလုပ်ပါနဲ့။ မော့မိသားစု နောက်ကွယ်မှာ ဟွမ်ဖူမိသားစု ရှိတယ်။ သူတို့မှာ ထျန်းယွင်ဂိုဏ်းက တပည့်ဖြစ်တဲ့ ပါရမီရှင်တစ်ယောက် ရှိတယ်လို့ ကျွန်တော် ကြားဖူးတယ်။ ကိစ္စတွေ ပိုဆိုးသွားရင် ငါတို့မိသားစုနှစ်ခုလုံးအတွက် အကျိုးရှိမှာ မဟုတ်ဘူး”ဤသည်မှာ သူ၏ အကြီးမားဆုံး စိုးရိမ်မှုပင် ဖြစ်သည်။
ဟွမ်ဖူမိသားစုက ထျန်းယန်အကယ်ဒမီကို မျက်နှာသာ ပေးရလျှင်တောင် ထျန်းယွင်ဂိုဏ်းကမူ ပေးချင်မှ ပေးပေလိမ့်မည်။
လင်းထျန်းရှင်းက တွေးဆလိုက်၏။
“ယိုအာကိုတော့ ဒီအကြောင်း မကြားစေရဘူး။ သူ့ကျင့်ကြံမှုကို အနှောင့်အယှက် ဖြစ်စေနိုင်တယ်”
ဖုန်းကျိန့်ရှုံးက လင်းထျန်းရှင်းကို ခန်းမထဲသို့ ကူညီခေါ်ဆောင်သွားပြီး လင်းအစောင့်များက ရှင်းလင်းရေးစတင်ကာ ဒဏ်ရာရသူများကို ကုသရန် ခေါ်ဆောင်သွားကြသည်။
“အစ်ကိုဖုန်း၊ ယန်မိသားစု ကိစ္စကို ဖြေရှင်းပြီးပြီလား” ဟု လင်းထျန်းရှင်းက ခန်းမအတွင်းမှ မေးလိုက်သည်။
ဖုန်းကျိန့်ရှုံးက ခေါင်းညိတ်ကာ အဖြစ်အပျက်များကို ပြန်ပြောပြလိုက်သည်။ ထိုအခါမှ လင်းထျန်းရှင်းနှင့် အခြားသူများ စိတ်သက်သာရာ ရသွားကြတော့သည်။
“တစ်ညတည်းနဲ့ ပြိုင်ဘက်ကင်းမြို့မှာ ဒီလောက်အများကြီး ဖြစ်ပျက်သွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ဒါပေမဲ့ ဒါတွေအားလုံးက တိုက်ဆိုင်မှုသက်သက် ဖြစ်ဖို့ သိပ်ကို သံသယဖြစ်စရာ ကောင်းလွန်းတယ်။ တစ်စုံတစ်ယောက်က နောက်ကွယ်ကနေ ကစားနေတာ ဖြစ်ရမယ်” ဟု လင်းထျန်းရှင်းက မျက်မှောင်ကြုတ်ကာ မှတ်ချက်ချသည်။
“ဟုတ်တယ်၊ ဒါပေမဲ့ ဘယ်သူလဲဆိုတာ အခုထိ ငါတို့မသိသေးဘူး။ တစ်ညတည်းနဲ့ တိတ်တဆိတ် ယန်မိသားစု အစောင့် တစ်ဆယ့်သုံးယောက် အသတ်ခံရတယ်။ မော့မိသားစု အစောင့် ကိုးယောက် သေဆုံးခဲ့တယ်။ တစ်စုံတစ်ယောက်က မိသားစုကြီးလေးခုကြား တိုက်ပွဲဖြစ်အောင် သွေးထိုးလှုံ့ဆော်ချင်နေတာ သေချာတယ်” ဟု ဖုန်းကျိန့်ရှုံးက စိတ်ပျက်စွာ ဆိုသည်။
“ ပြိုင်ဘက်ကင်းမြို့မှာ တခြားဘယ်သူက ဒီစွမ်းရည် ရှိသေးလို့လဲ” ဟု ဖုန်းဝူချန်က မေးလိုက်သည်။
လင်းထျန်းရှင်းက မျက်မှောင်အနည်းငယ်ကြုတ်ကာ ဆို၏။
“မိသားစုကြီးလေးခုကလွဲရင် ဝမ်ပေါင်ကုန်တိုက်ပဲ ဒီစွမ်းရည်ရှိတယ်။ ယွီဝမ်ရှုံးက ပထမအဆင့် ဆေးပညာရှင် ကုန်တိုက်ပိုင်ရှင်အနေနဲ့ ကျွမ်းကျင်သူတွေ အများကြီး သိတယ်”
“ယွီဝမ်ရှုံး မဖြစ်နိုင်ဘူး။ အတိတ်က သူနဲ့ငါ့ဖုန်းမိသားစုကြား ပဋိပက္ခတချို့ ရှိခဲ့ပေမယ့် ငါ သူ့စရိုက်ကို သိတယ်။ သူက ဒီလိုယုတ်ညံ့ပြီး အရှက်မရှိတဲ့အလုပ်မျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး”
ဖုန်းကျိန့်ရှုံးက ခေါင်းခါကာ ယွီဝမ်ရှုံးအပေါ် သူ၏ယုံကြည်မှုကို ဖော်ပြလိုက်သည်။
လှုပ်ရှားနိုင်ခြေရှိသည့် တစ်ဦးတည်းသောသူကို ဖယ်ထုတ်လိုက်ပြီးနောက် နောက်ကွယ်မှ ကြံစည်နေသူမှာ မည်သူဖြစ်မည်နည်း။
ဖုန်းကျိန့်ရှုံးနှင့် အခြားသူများမှာ မည်သို့မျှ စဉ်းစား၍ မရနိုင်ခဲ့ကြ။
..ယွီဝမ်ရှုံးကတော့ မလုပ်ရဲလောက်ဘူး။ ဒါပေမဲ့ သူကလွဲရင် ဘယ်သူဖြစ်နိုင်ဦးမှာလဲ။ ပြီးတော့ လင်းမိသားစုက သူတို့အစောင့်တွေကို သတ်တယ်လို့ မော့မိသားစုကို ဘယ်သူက သတင်းပေးခဲ့တာလဲ။ သတင်းပေးတဲ့သူက နောက်ကွယ်က ကြိုးကိုင်သူ ဖြစ်နိုင်မလား ..
ဖုန်းဝူချန်က စိတ်ထဲမှ စဉ်းစား သုံးသပ်နေမိသည်။