← Chapters

တစ်မြို့လုံး ပွက်လောရိုက်သွားခြင်း

Vol. 2 Ch. 30

တစ်မြို့လုံး ပွက်လောရိုက်သွားခြင်း

Vol. 2 Ch. 30

~ထိုထူးဆန်းသော အဖြစ်အပျက်များကြောင့် ပြိုင်ဘက်ကင်းမြို့မှ လူအများမှာ စိုးရိမ်ပူပန်လျက်ရှိသည်။ လူအများစုက မိမိတို့ဘာသာ ထင်ကြေးအမျိုးမျိုး ပေးနေကြပြီး အချို့ကမူ အခြားမြို့များမှ စွမ်းအားရှင်များက နောက်ကွယ်မှနေ၍ ဒုက္ခပေးနေခြင်း ဖြစ်သည်ဟုပင် ယုံကြည်နေကြ၏။

ဤသည်မှာ ဖုန်းမိသားစု သို့မဟုတ် လင်းမိသားစု၏ လက်ချက် မဖြစ်နိုင်ပေ။ ယန်မိသားစုနှင့် မော့မိသားစု နှစ်ဖက်လုံးမှ အစောင့်များ အသတ်ခံခဲ့ရသည်ကို ကြည့်ခြင်းအားဖြင့် ထိုမိသားစုများ၏ လက်ချက်လည်း မဖြစ်နိုင်ချေ။

မထွက်ခွာမီတွင် ဖုန်းကျိန့်ရှုံးနှင့် သူ၏အဖွဲ့သည် လင်းမိသားစုအား ကာကွယ်ရေးကို ပိုမိုအားကောင်းအောင် ပြုလုပ်ရန် အထူးမှာကြားခဲ့ပြီး ဤကိစ္စနှင့်ပတ်သက်၍ ၎င်းတို့ကိုယ်တိုင်လည်း လျှို့ဝှက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

“ဖေဖေ ဖုန်းဝူချန်က ချီသန့်စင်ခြင်းအဆင့် တတိယအလွှာမှာ ရှိနေပုံပဲ။ ဒါမှမဟုတ် ကျွန်တော် မျက်စိမှားသွားတာလား”

ဖုန်းကျိန့်ရှုံးနှင့် အခြားသူများ ထွက်ခွာသွားပြီးမှသာ လင်းထျန်းလီသည် ဤအချက်ကို နောက်ဆုံးတွင် သတိပြုမိတော့သည်။

“ချီသန့်စင်ခြင်းအဆင့် တတိယအလွှာ”

လင်းထျန်းရှင်းနှင့် အခြားသူများ၏ မျက်နှာများမှာ ချက်ချင်းပင် သိသိသာသာ ပျက်သွားကြသည်။

လင်းမိသားစုသည် အထိအခိုက် အသေအပျောက် များပြားခဲ့သဖြင့် သူတို့၏စိတ်များသည် ထိုထူးဆန်းသော အဖြစ်အပျက်များအပေါ်တွင်သာ အာရုံစိုက်နေခဲ့ကြသည်။ အမှန်စင်စစ် မည်သူမျှ ဖုန်းဝူချန်၏ ကျင့်ကြံမှုအဆင့်ကို ယခုလေးတင် သိပ်ပြီးအာရုံမစိုက်မိခဲ့ကြပေ။

လင်းထျန်းလီက ခေါင်းညိတ်ကာ ဆိုသည်။

“ဟုတ်သင့်တယ် သူက ချီသန့်စင်ခြင်းအဆင့် တတိယအလွှာမှာပဲ။ ဒါပေမဲ့ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဖုန်းဝူချန်က လွန်ခဲ့တဲ့လဝက်ကမှ ပထမအလွှာမှာပဲ ရှိသေးတာလေ။ သူက ဘယ်လိုလုပ် ရုတ်တရက် တတိယအလွှာကို ရောက်သွားရတာလဲ”

“လဝက်အတွင်းမှာ အလွှာနှစ်ခု တက်သွားတာလား…”

လင်းထျန်းရှင်းမှာ အလွန်တုန်လှုပ်သွားသဖြင့် ခဏတာ မှင်သက်သွားလေသည်။

“ဖုန်းမိသားစုက ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်တစ်ယောက်ကို မွေးထုတ်လိုက်နိုင်ပြီ။ ဒီအဘိုးကြီး တစ်ခါမှ ဒီလိုကြောက်စရာကောင်းတဲ့ ကျင့်ကြံမှုအရှိန်မျိုးနဲ့ လူကို မမြင်ဖူး မကြားဖူးဘူး” ဟု လင်းမိသားစု၏ အကြီးအကဲက အံ့ဩတကြီး ချီးကျူးလိုက်သည်။

ပြိုင်ဘက်ကင်းမြို့မှ အသုံးမကျသော သိုင်းဝိညာဉ်ဟု သတ်မှတ်ခံထားရသော ဖုန်းဝူချန်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြိုင်ဘက်ကင်းသော ပါရမီရှင်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားနိုင်မည်ဟု မည်သူက ထင်ထားမည်နည်း။

“တကယ်ကို မယုံနိုင်စရာပဲ”

လင်းထျန်းရှင်းသည် သူ၏တုန်လှုပ်မှုမှ ပြန်လည်နာလန်ထူလာပြီးနောက် ဤစကားလုံးများကိုသာ သုံး၍ ဖော်ပြနိုင်ခဲ့တော့သည်။

“အကြီးအကဲ.. အကြီးအကဲ”

ထိုစဉ် အစောင့်တစ်ဦး အပြေးအလွှား ဝင်လာခဲ့သည်။

“ဘာကိစ္စလဲ” ဟု လင်းထျန်းရှင်းက မေးလိုက်သည်။

“အကြီးအကဲ သခင်လေးဖုန်းက သူ မထွက်ခွာခင်မှာ ဒီသတ္တမ အဆင့် ချီစုစည်းဆေးမှုန့် ဆယ်ထုပ်ကို ခင်ဗျားဆီ ပေးခိုင်းလိုက်ပါတယ်”

အစောင့်က သူကိုင်ဆောင်ထားသော ဆေးမှုန့်ထုပ်များကို လျင်မြန်စွာ

တရိုတသေ ကမ်းပေးလိုက်သည်။

“သတ္တမ အဆင့် ချီစုစည်း ဆေးမှုန့်”

လင်းထျန်းရှင်းနှင့် အကြီးအကဲတို့သည် နားမလည်နိုင်သော အကြည့်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့သည် ဤဆေးမှုန့်အမျိုးအစားနှင့် မရင်းနှီးကြပေ။

“ဟုတ်ကဲ့ သခင်လေးဖုန်းက ပြောပါတယ် ဒါက ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေကို သူတို့ရဲ့ ကျင့်ကြံမှုအရှိန်ကို တိုးမြှင့်ပေးနိုင်ပြီး ချီတိုးပွားဆေးမှုန့်ထက် ဆယ်ဆမက ပိုပြင်းပါတယ်တဲ့” ဟု အစောင့်က ရိုသေစွာ ဆိုသည်။

“ဆယ်ဆမက ပိုပြင်းတယ်”

လင်းထျန်းရှင်းသည် ဆက်လက် ထိုင်မနေနိုင်တော့ဘဲ တုန်လှုပ်စွာဖြင့် မတ်တပ်ထရပ်လိုက်သည်။

အကြီးအကဲနှင့် လင်းထျန်းလီ အပါအဝင် အခြားသူများအားလုံးမှာ မျက်လုံးများ ပြူးကျယ်သွားကြသည်။ သူတို့ နားကြားမှားသွားသလား။ တကယ်ပင် ဤမျှအစွမ်းထက်သော ဆေးမှုန့်မျိုး ရှိသလော။

လင်းထျန်းရှင်းသည် ဆေးမှုန့်ကို လျင်မြန်စွာ လှမ်းယူလိုက်ပြီး မေးလိုက်သည်။

“ဒါကို အကြီးအကဲဖုန်းက ဖော်စပ်ခဲ့တာလား။ ငါ ဘာလို့ ဒီသတ္တမ အဆင့် ချီစုစည်းဆေးမှုန့်ကြောင်း အရင်က မကြားဖူးခဲ့ရတာလဲ”

အစောင့်က ခေါင်းခါပြရင်း ဆိုသည်။

“သခင်လေးဖုန်းက မပြောသွားပါဘူး”

“ထျန်းလီ ဆေးမှုန့်တွေကို အမြန်ဆုံး ဖြန့်ဝေလိုက်ပြီး လင်းရှို့ယာနဲ့ တခြားသူတွေကို ချက်ချင်း ကျင့်ကြံခိုင်းလိုက်” ဟု လင်းထျန်းရှင်းက အလျင်အမြန် ညွှန်ကြားလိုက်ပြီး ဆေးမှုန့်ကို လင်းထျန်းလီထံသို့ ပေးလိုက်သည်။

“ဒါက တကယ်ပဲ ဆယ်ဆ အစွမ်းထက်ရဲ့လား”

လင်းထျန်းလီသည် ဒါကို မယုံကြည်နိုင်သေးသော်လည်း ဖုန်းဝူချန်၏ ကျင့်ကြံမှုအဆင့် လျင်မြန်စွာ တိုးတက်လာပုံကို ပြန်လည်သတိရမိသော် သူသည် စိတ်လှုပ်ရှားလာတော့သည်။

ဆယ်ဆ အစွမ်းထက်ခြင်း ရှိမရှိကိုတော့ စမ်းကြည့်မှသာ သိနိုင်ပေမည်။

ဖုန်းမိသားစု စံအိမ်သို့ ပြန်ရောက်သောအခါ ဖုန်းကျိန့်ရှုံးသည်လည်း ဤကိစ္စကို စုံစမ်းစစ်ဆေးရန် အမိန့်ထုတ်ပြန်ခဲ့သည်။

နောက်ကွယ်မှ ကြိုးကိုင်ကြံစည်သူကို ရှာမတွေ့ပါက သူတို့သည် တစ်နေ့မျှပင် ငြိမ်းချမ်းမှု ရရှိတော့မည် မဟုတ်ပေ။

“အကြီးအကဲ ဒဏ်ရာကို စစ်ဆေးပြီးပါပြီ။ ဒါက သာမန်ဒဏ်ရာတစ်ခုပါပဲ။ ဘယ်သူ့လက်ချက်လဲဆိုတာ ပြောဖို့ နည်းလမ်းမရှိပါဘူး” ဟု ဖုန်းယွင်ရှန်က ဖုန်းမိသားစု ခန်းမဆောင်တွင် လေးနက်စွာ အသိပေးလာသည်။

ဖုန်းကျိန့်ရှုံးက သက်ပြင်းတစ်ချက်ချရင်း

“လူသတ်သမားက သူ့အလုပ်မှာ သတိထားနိုင်လွန်းတယ်။ သူက သူ့နည်းလမ်းတွေကို ဘယ်လိုလုပ် အလွယ်တကူ သိနိုင်အောင် ထားခဲ့မှာလဲ”

ထိုအခါ ဖုန်းချန်ယန်က ခေါင်းခါပြရင်း

“တရားခံကို ထပ်ပြီး လူမသတ်မချင်း ရှာတွေ့ဖို့ ခက်ခဲလိမ့်မယ်လို့ ငါစိုးရိမ်တယ်။ ဒါမှ ငါတို့အတွက် သဲလွန်စအချို့ ရနိုင်မှာ။ ဒါပေမဲ့ အခြေအနေတွေ ဒီလောက်ထိ ဖြစ်ပျက်သွားမှတော့ တရားခံရဲ့ ရည်မှန်းချက်တွေ ပြည့်စုံသွားလောက်ပြီ။ သူ နောက်တစ်ခါ ပြန်ပေါ်လာတော့မှာ မဟုတ်ဘူး”

“ကာကွယ်ရေးကို အားကောင်းအောင် အမိန့်ထုတ်ပြန်ထားလိုက်။ ဘာမဆို ဖြစ်နိုင်တာပဲ။ ကျုပ်လည်း ယွမ်တန်ဘုံရဲ့ နယ်ပယ်ကို အမြန်ဆုံး ခိုင်မာအောင် လုပ်ထားဖို့ လိုတယ်”

ဖုန်းကျိန့်ရှုံးသည် နောက်ကွယ်မှ ကြံစည်နေသူက ဖုန်းမိသားစုကိုလည်း ပစ်မှတ်ထားလာမည်ကို စိုးရိမ်နေသည်။

ဖုန်းကျိန့်ရှုံး ထွက်ခွာသွားပြီးနောက် ဖုန်းချန်ယန်သည်လည်း ရတနာ ခုနစ်ပါး ချီစုစည်း‌အမှုန့်ကို ဖော်စပ်ရန် ပြန်သွားခဲ့ပြီး အခြားသူများမှာမူ မိမိတို့၏ ကျင့်ကြံမှုများသို့ ပြန်သွားကြသည်။

“ဖုန်းအစ်ကို.. ဘယ်သူဖြစ်နိုင်မယ်လို့ ထင်လဲ” လင်ရှောင်ရှောင်က သူမ၏ အခန်းသို့ အပြန်လမ်းတွင် မေးလိုက်သည်။

“ပြောရခက်တယ်။ အစကတော့ မော့မိသားစုက ငါတို့ကို ပရိယာယ်ဆင်တယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ အခု သူတို့ဆီက လူလည်း သေသွားတော့ ငါလည်း မသေချာတော့ဘူး။ သတင်းပေးတဲ့သူက ဘယ်သူလဲဆိုတာ မော့မိသားစုပဲ သိမှာ။ အဲ့ဒီလူကိုသာ ရှာတွေ့နိုင်ရင် အမှန်တရား ပေါ်လာနိုင်တယ်” ဟု ဖုန်းဝူချန်က ခေါင်းခါပြရင်း ပြန် ပြောလိုက်သည်။

ထိုအခါ လင်ရှောင်ရှောင်က ပြုံးရင်း

“အစ်ကိုဖုန်းက ဒီကိစ္စရဲ့ နောက်ကွယ်ကလူကို သေချာပေါက် ရှာတွေ့နိုင်မယ်လို့ ကျွန်မယုံကြည်တယ်”

ဟု ပြောလိုက်တော့သည်။

“သွားကြစို့ ကျင့်ကြံဖို့ ပြန်ကြရအောင်။ မင်းလည်း ချီသန့်စင်ခြင်းအဆင့် သတ္တမအလွှာကို တက်လှမ်းဖို့ နီးနေပြီ။ မင်းသာ ကျင့်ကြံမှုအပေါ် အာရုံစိုက်ထားရင် အစောကြီးကတည်းက တက်လှမ်းနိုင်နေလောက်ပြီ”

ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

သူသည် နောက်ကွယ်မှ ရန်သူက နောက်တစ်ကြိမ် လှုပ်ရှားလာမည်ကို စိုးရိမ်မနေပါချေ။

လင်ရှောင်ရှောင်က သာယာစွာ ရယ်မောလိုက်ပြီး စကားဆက်မပြောတော့ပေ။

လင်ရှောင်ရှောင်၏ ကြောက်မက်ဖွယ်ကောင်းသော ပါရမီဖြင့် သူမသည် ယခုအချိန်တွင် ချီသန့်စင်ခြင်းအဆင့် သတ္တမအလွှာသို့ တက်လှမ်းပြီး ဖြစ်သင့်သည်။

တစ်လကျော် ကြာသည်အထိ အဆင့်မတက်သေးခြင်းမှာ လင်ရှောင်ရှောင်သည် သူမ၏ ကျင့်ကြံမှုအပေါ် သိပ်ပြီး အာရုံမစိုက်ထားကြောင်း ပြသနေသည်ပင်။

—----------

မော့မိသားစု ခန်းမဆောင်။

မော့ခွန်းနှင့် အကြီးအကဲတို့၏ မျက်နှာအမူအရာများမှာ အလွန်ပင် မည်းနှောင်နေသည်။ ရှားပါးသော အခွင့်အရေးတစ်ခုကို ဖြုန်းတီးလိုက်ရသည်။

လင်းမိသားစုကို မချေမှုန်းနိုင်ခဲ့ရုံသာမက ဖုန်းကျိန့်ရှုံး၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့ကြပြီး ဒေါသဖြင့် သွေးများပင် အန်ထွက်လုနီးပါး ဖြစ်ခဲ့ရသည်။

“ဖုန်းကျိန့်ရှုံး .. ယွမ်တန်ဘုံကို တက်လှမ်းနိုင်သွားပြီးနောက်မှာ သူက ငါတို့မော့မိသားစုကို လုံးဝ အလေးမထားတော့တာပဲ”

မော့ယွမ်ခုံးက ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်သည် အခန်းထဲတွင် ပျံ့နှံ့နေသဖြင့် ခန်းမဆောင်ထဲမှ အခြားသူများမှာ ကြောက်လန့်တကြား လုံးဝတိတ်ဆိတ်နေကြတော့သည်။

“ချင်းယွမ်ဆေးလုံး တစ်လုံးတည်းနဲ့ သူက ယွမ်တန်ဘုံကို တက်လှမ်းသွားနိုင်ခဲ့တယ်” မော့ခွန်းက အေးစက်စွာ ပြောပြသည်။

ပြင်းထန်သော ဒေါသသည် သူ၏မျက်လုံးများထဲမှ မီးတောက် လုနီးပါး ဖြစ်နေသည်။

မော့ခွန်းသည် ခွန်အားပိုင်းတွင် ဖုန်းကျိန့်ရှုံးထက် အမြဲတမ်း သာလွန်ခဲ့သော်လည်း ယခုအခါတွင်မူ ဖုန်းကျိန့်ရှုံးက သူ့ကို ကျော်တက်သွားခဲ့ပြီ ဖြစ်သည်။ သူသည် ချင်းယွမ်ဆေးလုံး တစ်လုံးတည်းဖြင့် ဖုန်းကျိန့်ရှုံးက လဝက်အတွင်း ယွမ်တန်ဘုံသို့ တက်လှမ်းနိုင်ခဲ့သည်ကို ယုံကြည်ရန် ငြင်းဆန်နေသည်။

မော့ခွန်းက ရက်စက်စွာ ဟိန်းဟောက်လိုက်သည်။

“ဖုန်းကျိန့်ရှုံး ငါ့ရဲ့အစီအစဉ်ကြီးကို ဖျက်ဆီးရဲတယ်ပေါ့လေ။ ငါ မင်းကို အလွတ်မပေးဘူး” မော့ယွမ်ခုံးက ဆိုသည်။

“ဖုန်းကျိန့်ရှုံးက လင်းမိသားစုကို ကြာကြာကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ မကြာခင်ဖြစ်ဖြစ် နောက်ကျဖြစ်ဖြစ် ငါတို့ သူတို့ကို ရှင်းပစ်မှာပဲ”

“မော့ယွီ ဆေးလုံးတွေ ဘယ်လိုအခြေအနေရှိပြီလဲ”

သူ၏အကြည့်ကို မော့ယွီထံသို့ စူးစိုက်ရင်း မော့ခွန်းက မေးလိုက်သည်။

“အကြီးအကဲ ဟွာယွမ်ဆေးလုံးတွေကို ဖော်စပ်ပြီးပါပြီ။ ကျွန်တော်တို့ မော့မိသားစုဆီ လာနေပါပြီ။ သုံးရက်အတွင်း ရောက်လာသင့်ပါတယ်”

“အရမ်းကောင်းတယ်”

မော့ခွန်း၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူ၏အကြည့်မှာ ရေခဲတမျှ အေးစက်နေကာ မဲ့ပြုံးပြုံးရင်း ဆိုသည်။

“ဖုန်းကျိန့်ရှုံး၊ မင်းရဲ့တရားစီရင်မယ့်နေ့က မကြာခင် ရောက်လာတော့မှာပါ”

မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးရက် ကုန်လွန်သွားခဲ့ပြီး ပြိုင်ဘက်ကင်းမြို့မှာ အတော်လေး တည်ငြိမ်နေခဲ့သည်။ ဖုန်မှုန့်များ ငြိမ်သက်သွားပြီး နောက်ကွယ်မှ ကြိုးကိုင်သူသည် လှုပ်ရှားရန် ရည်ရွယ်ချက် မရှိတော့ပုံရသည်။ တဖြည်းဖြည်းနှင့် လူတိုင်း စိတ်သက်သာရာ ရလာကြသည်။

မကြာသေးမီကမှ တည်ငြိမ်သွားသော ပြိုင်ဘက်ကင်းမြို့သည် ပေါက်ကွဲစေတတ်သော သတင်းတစ်ပုဒ်ကြောင့် နောက်တစ်ကြိမ် တုန်လှုပ်သွားပြန်သည်။

ဝမ်ပေါင်ကုန်တိုက်သည် ရတနာ ခုနစ်ပါး ချီစုစည်း‌အမှုန့်ဟုခေါ်သော အစွမ်းထက် ဆေးမှုန့်တစ်မျိုးကို မကြာမီ စတင်ရောင်းချတော့မည် ဖြစ်ပြီး ၎င်းသည် ချီသန့်စင်ခြင်းအဆင့်ရှိသူများအား ချီတိုးပွားဆေးမှုန့်နှင့် နှိုင်းယှဉ်ပါက ကျင့်ကြံမှုအရှိန်ကို ဆယ်ဆမက တိုးမြှင့်ပေးနိုင်သည်ဟု ဆိုသည်။

ဤသတင်းသည် ပြိုင်ဘက်ကင်းမြို့တစ်မြို့လုံးကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။

ဝမ်ပေါင်ကုန်တိုက်သည် ပြိုင်ဘက်ကင်းမြို့မှ လူများဖြင့် ပြည့်နှက်သွားလုနီးပါး ဖြစ်ခဲ့ပြီး လူများသည် နေ့စဉ်နှင့်အမျှ မည်သည့်အချိန်တွင် ရောင်းချမည်လဲ၊ အမှန်တကယ် ပြောသလောက် အစွမ်းထက်သလားဟု စုံစမ်းမေးမြန်းနေကြသည်။

ဖုန်းမိသားစုမှလွဲ၍ အဓိကမိသားစုကြီးများအားလုံးမှာ တုန်လှုပ်သွားကြပြီး ဤသတင်းကို အလွန်အလေးအနက် ထားကြသည်။

လင်းမိသားစု၏ ဩဇာရှိ အဖွဲ့ဝင်များမှာလည်း အလားတူ အံ့ဩတုန်လှုပ်ပြီး နားမလည်နိုင် ဖြစ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ဤသတင်းမတိုင်မီကပင် ဖုန်းဝူချန်က သူတို့ကို ရတနာ ခုနစ်ပါး ချီစုစည်း‌အမှုန့် ဆယ်ထုပ် ပေးခဲ့ပြီး ရက်အနည်းငယ်အတွင်းမှာပင် ဝမ်ပေါင်ကုန်တိုက်မှ ဤဆေးမှုန့်ကို ရောင်းချမည့်သတင်း ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။

သူတို့ကို နားမလည်နိုင် ဖြစ်စေသည်မှာ ရတနာ ခုနစ်ပါး ချီစုစည်း‌အမှုန့်အား ယွီဝမ်ရှုံးက ဖော်စပ်ခဲ့သလား သို့မဟုတ် ဖုန်းချန်ယန်က ပြုလုပ်ခဲ့သလားဟူ၍ ဖြစ်သည်။ အကယ်၍ ယွီဝမ်ရှုံးက ပြုလုပ်ခဲ့ပါက ဖုန်းဝူချန်က အဘယ်ကြောင့် ၎င်းကို ပိုင်ဆိုင်နေရသနည်း။

ရတနာ ခုနစ်ပါး ချီစုစည်း‌အမှုန့်၏ ဆွဲဆောင်မှုမှာ အလွန်ပြင်းထန်သဖြင့် မိသားစုခေါင်းဆောင်နှစ်ဦးဖြစ်သော မော့ခွန်းနှင့် ယန်ချင်းယွင်တို့သည် ကိုယ်တိုင်ကိုယ်ကျ လာရောက်စုံစမ်းမေးမြန်းကြသည်။

သို့သော် ယွီဝမ်ရှုံးမှာ ပါးစပ်ပိတ်နေပြီး ရောင်းချမည့်နေ့အထိ ဘာမှမပြောခဲ့ပေ။ ဈေးနှုန်းကိုပင် မဖော်ပြခဲ့သဖြင့် သူတို့ကို အလွန်ပင် စိတ်မရှည် ဖြစ်စေခဲ့သည်။

အကယ်၍ ရတနာ ခုနစ်ပါး ချီစုစည်း‌အမှုန့်သည် ဝမ်ပေါင်ကုန်တိုက်မှ ကောလာဟလများအတိုင်း အစွမ်းထက်ပါက သူတို့မိသားစုများ၏ တိုးတက်မှုမှာ မေးခွန်းထုတ်စရာ မရှိတော့ပေ။

မိသားစုတစ်စု၏ တိုးတက်မှုသည် အဓိကအားဖြင့် ၎င်း၏ မျိုးဆက်သစ်များအပေါ် မူတည်သည်။ မျိုးဆက်သစ်များ ပိုမိုအားကောင်းလာပြီး အဟောင်းကို ကျော်လွန်ကာ အသစ်ဖြစ်လာပါက မိသားစု၏ အင်အားမှာ သဘာဝအတိုင်း တိုးတက်လာမည် ဖြစ်သည်။

သတင်းသည် ပြိုင်ဘက်ကင်းမြို့မှ ပျံ့နှံ့သွားခဲ့ပြီး ဤသတင်းကို ကြားသိရသောအခါ ပတ်ဝန်းကျင်မြို့များမှ လူများနှင့် မိသားစုများသည် ၎င်း၏စစ်မှန်မှုကို စစ်ဆေးရန် ပြိုင်ဘက်ကင်းမြို့သို့ အလုအယက် လာရောက်ကြသည်။

ဝမ်ပေါင်ကုန်တိုက်၏ အလယ်တွင် ကျန်းဟန်မှာ အလုပ်များဖြင့် ပိနေခဲ့သည်။ ကျယ်ဝန်းသော ခန်းမဆောင်ကြီးသည် လူများဖြင့် ပြည့်လျှံနေခဲ့သည်။

“ဖုန်းချန်ယန်ရဲ့ ဆေးဖော်စပ်ပညာက ပိုပြီးတိုးတက်လာပြီ။ ငါ တကယ်ပဲ ရှုံးသွားပြီ။ ရတနာ ခုနစ်ပါး ချီစုစည်း‌အမှုန့်လို အစွမ်းထက်ပြီး မကြားဖူးတဲ့ ဆေးမှုန့်မျိုးကို ဖော်စပ်နိုင်တာ တကယ်ပဲ လေးစားစရာပဲ။ ဒါပေမဲ့ ဆေးမှုန့်ရဲ့ အရည်အသွေးက တော်တော်လေး ကွာခြားနေတာကို ကြည့်ရင် ဒါကို လူတစ်ယောက်တည်း ဖော်စပ်ခဲ့တာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်တယ်” ဟု ယွီဝမ်ရှုံးက စိတ်ထဲမှ နားမလည်နိုင်စွာ တွေးတောနေသည်။

ဖုန်းမိသားစုမှ လူများကို တစ်ယောက်ပြီးတစ်ယောက် ဖယ်ထုတ်ပြီးနောက် သူသည် အများဆုံး သံသယဖြစ်ဖွယ်ကောင်းသူမှာ လျှို့ဝှက်ဆန်းကြယ်သော ဖုန်းဝူချန် ဖြစ်သည်ကို တွေ့ရှိခဲ့သည်။

ဖုန်းဝူချန်သည် ဆေးပညာရှင်တစ်ဦးဖြစ်ပြီး ဖုန်းချန်ယန်ထက် များစွာအရည်အသွေးမြင့်မားသော ဆေးမှုန့်များကို ဖန်တီးခဲ့သည်ကို ထည့်သွင်းစဉ်းစားသော် ယွီဝမ်ရှုံးမှာ တုန်လှုပ်သွားခဲ့သည်။

“ဖုန်းဝူချန်က ဆေးပညာရှင်တစ်ယောက် ဖြစ်နိုင်မလား။ ဒါက မဖြစ်နိုင်လောက်ဘူး။ ငါ သူ့ဆီကနေ ဘယ်တုန်းကမှ ဝိညာဉ်စွမ်းအင်ကို မခံစားမိခဲ့ဖူးဘူး” ယွီဝမ်ရှုံး မသေမချာ ဖြစ်နေသည်။

အကယ်၍ ဖုန်းဝူချန်သာ ဆေးပညာရှင်တစ်ဦးဖြစ်ပါက ၎င်းသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းမည် မဟုတ်လော။ သူ ထုတ်လုပ်သော ရတနာ ခုနစ်ပါး ချီစုစည်း‌အမှုန့်များက ဒုတိယတန်းစား ဆေးပညာရှင်တစ်ဦး ပြုလုပ်သည်ထက်ပင် အရည်အသွေး ပိုမိုမြင့်မားနေသည်။

ယွီဝမ်ရှုံးသည် ဤအကြောင်းကို တွေးလေလေ ပို၍မဖြစ်နိုင်ဟု ထင်လာလေလေ ဖြစ်ပြီး ၎င်းသည် မဖြစ်နိုင်ဟုပင် ယူဆမိတော့သည်။

ခန်းမဆောင်ကြီးထဲမှ စည်ကားနေသော လူအုပ်ကြီးကို ကြည့်ရင်း ယွီဝမ်ရှုံးသည် ဝင်မစွက်ဖက်ဘဲ လှည့်ထွက်သွားပြီး ရတနာ ခုနစ်ပါး ချီစုစည်း‌အမှုန့်အား ဆက်လက်လေ့လာရန် ပြန်သွားခဲ့သည်။

ရက်များ ကုန်လွန်သွားပြီး ပဉ္စမနေ့တွင် ပြိုင်ဘက်ကင်းမြို့မှ လူများသည် နောက်ဆုံးတွင် ရတနာ ခုနစ်ပါး ချီစုစည်း‌အမှုန့်ရောင်းချမည့်နေ့ကို သိရှိသွားကြသည်။

ထိုနေ့တွင် ဝမ်ပေါင်ကုန်တိုက်၏ ဝင်ပေါက်သည် လူအုပ်များဖြင့် ပြည့်ကျပ်နေလေ၏။ လမ်းသုံးလမ်းမှာ လူများဖြင့် ပြည့်လျှံနေကာ နဂါးရှည်သုံးကောင်နှင့် တူနေပြီး အလွန်ပင် ဆူညံကာ အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။

“ကုန်တိုက်ပိုင်ရှင်ယွီ ရတနာ ခုနစ်ပါး ချီစုစည်း‌အမှုန့် တစ်ထုပ်ကို ရွှေဒင်္ဂါး ဘယ်လောက်လဲ”

“ချီတိုးပွားဆေးမှုန့် တစ်ထုပ်ကို ရွှေဒင်္ဂါး သုံးထောင် ကုန်ကျတယ်။ ရတနာ ခုနစ်ပါး ချီစုစည်း‌အမှုန့်က ဒီလောက်အစွမ်းထက်နေမှတော့ ရွှေဒင်္ဂါး တစ်သောင်းအထက် ကုန်ကျမှာ မဟုတ်ဘူး မဟုတ်လား”

“ရတနာ ခုနစ်ပါး ချီစုစည်း‌အမှုန့်က တကယ်ပဲ ချီတိုးပွားဆေးမှုန့်ထက် ဆယ်ဆ ပိုအစွမ်းထက်တာလား”

လူအုပ်ထဲတွင် မရေမတွက်နိုင်သော လူများသည် တူညီသော မေးခွန်းများကို အကြိမ်ကြိမ်အခါခါ မေးနေကြပြီး အများစုမှာ ရတနာ ခုနစ်ပါး ချီစုစည်း‌အမှုန့်၏ အစွမ်းနှင့် ဈေးနှုန်းကို အများဆုံး စိတ်ဝင်စားနေကြသည်။

၎င်း၏အစွမ်းနှင့် ပတ်သက်၍မူ လူများသည် အပေါ်ယံမျှသာ သိကြပြီး အသေးစိတ်ကိုမူ ရှင်းရှင်းလင်းလင်း မသိကြပေ။

ဈေးနှုန်းနှင့် ပတ်သက်၍မူ အကယ်၍ ဈေးကြီးလွန်းပါက လူအများအပြားကို စိတ်ပျက်စေမည်မှာ သံသယဖြစ်ဖွယ်မရှိ။ ချီတိုးပွားဆေးမှုန့်သည် အစွမ်းအသင့်အတင့်သာရှိပြီး တစ်ထုပ်လျှင် ရွှေဒင်္ဂါး သုံးထောင် ကုန်ကျနေပြီ ဖြစ်ရာ ပြိုင်ဘက်ကင်းမြို့မှ လူများမှာ မနည်းတတ်နိုင်ကြပေ။

အကယ်၍ ရတနာ ခုနစ်ပါး ချီစုစည်း‌အမှုန့်သာ ဈေးကြီးလွန်းပါက လူအများအပြား တတ်နိုင်မည် မဟုတ်ပေ။

ဝမ်ပေါင်ကုန်တိုက်၏ ကျယ်ဝန်းသော ခန်းမဆောင်ကြီးအတွင်း၌ စိတ်လှုပ်ရှားနေသော လူအုပ်ကြီးကို ကြည့်ရင်း ယွီဝမ်ရှုံးက ပျော်ရွှင်စွာ ပြုံးကာ ဆိုသည်။

“အားလုံးပဲ ကျေးဇူးပြုပြီး တိတ်တိတ်နေပေးကြပါ။ ခင်ဗျားတို့အားလုံး ရတနာ ခုနစ်ပါး ချီစုစည်း‌အမှုန့်ကို အလွန်တန်ဖိုးထားကြတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ရနိုင်တဲ့ အရေအတွက်က မများပါဘူး။ ဒါကြောင့် လူတိုင်း ဝယ်ယူနိုင်မှာ မဟုတ်ပါဘူး။ သူ့ရဲ့အစွမ်းနဲ့ ပတ်သက်လို့တော့ ချီတိုးပွားဆေးမှုန့်ထက် ဆယ်ဆ ပိုပြီးအစွမ်းထက်တယ်ဆိုတာ အမှန်ပါပဲ။ ကျွန်တော် အသက်နဲ့ အာမခံပါတယ်”

“ကုန်တိုက်ပိုင်ရှင်ယွီ ရတနာ ခုနစ်ပါး ချီစုစည်း‌အမှုန့် တစ်ထုပ်ကို ဘယ်လောက်လဲ။ ငါ့မော့မိသားစုက ဈေးနှစ်ဆနဲ့ အားလုံးကို ယူမယ်”

မော့ခွန်းသည် ပထမဆုံး စကားပြောသူဖြစ်ပြီး စတော့တစ်ခုလုံးကို ဝယ်ယူရန် ကမ်းလှမ်းခဲ့သည်။

“ကုန်တိုက်ပိုင်ရှင်ယွီ ကျွန်တော်လည်း ဈေးနှစ်ဆ ပေးပါ့မယ်။ ကျွန်တော် အထုပ်နှစ်ဆယ်ပဲ လိုချင်ပါတယ်” ဟု ယန်ချင်းယွင်က ချက်ချင်း လိုက်ပြောသည်။

သူသည် မော့မိသားစုက အားလုံးကို လုယူသွားမည်ကို စိုးရိမ်နေသည်။

“ခင်ဗျားတို့နှစ်ယောက်က အားလုံးကို ဝယ်သွားရင် ငါတို့က ဘာလုပ်ရမှာလဲ”

“ဟုတ်တယ် ကုန်တိုက်ပိုင်ရှင်ယွီ ငါတို့လည်း ဝယ်ချင်တယ်။ ခင်ဗျား သူတို့ဆီကို အားလုံး ရောင်းလို့မဖြစ်ဘူး”

မော့ခွန်းနှင့် ယန်ချင်းယွင်တို့ စကားပြောလိုက်သည်နှင့် နေရာတစ်ခုလုံး နောက်တစ်ကြိမ် ပွက်လောရိုက်သွားပြန်သည်။ ရတနာ ခုနစ်ပါး ချီစုစည်း‌အမှုန့်အတွက် လူတိုင်း သတ္တိတွေ ရှိလာကြသည်။

ယွီဝမ်ရှုံးက တိတ်ဆိတ်ရန် အမူအရာပြပြီး ခပ်ဖျော့ဖျော့ပြုံးကာ ဆိုသည်။

“အကြီးအကဲမော့ အကြီးအကဲယန် ခင်ဗျားတို့ ကြားရရင် စိတ်ပျက်သွားနိုင်ပါတယ်။ ရတနာ ခုနစ်ပါး ချီစုစည်း‌အမှုန့်ကို ကျွန်တော်ကိုယ်တိုင် ဖော်စပ်ခဲ့တာ မဟုတ်ဘဲ ဖုန်းမိသားစုရဲ့ အကြီးအကဲချုပ်က ဖော်စပ်ခဲ့တာပါ။ ဖုန်းမိသားစုရဲ့ တတိယသခင်လေးက ပြောပါတယ် ခင်ဗျားတို့ မိသားစုနှစ်ခုကလွဲရင် တခြားဘယ်သူမဆို ဝယ်ယူခွင့်ရှိပါတယ်တဲ့”

All Chapters